Sunday, January 1, 2017

“ကျွန်တော်သာ Gay တစ်ယောက် ဖြစ်ခဲ့ရင်”


(ဖတ်ရန်ကြာချိန် ၂မိနစ်)

ဟိုနေ့က အဖွဲ့အစည်းရဲ့ လူငယ် Volunteer တွေအတွက်ပေးတဲ့ သင်တန်းမှာ သူငယ်ချင်းတစ်ယောက် ပြောနေတာလေးကို နားထောင်ရင်း တွေးနေမိတယ်။ အရင်ကလည်း ကြားဖူးပြီးသားအကြောင်းအရာ ဖြစ်ပေမယ့် ခုမှ သေသေချာချာ စဉ်းစားမိတာ။

Gender လို့ခေါ်တဲ့ ကျားမရေးရာကိစ္စအကြောင်း သူဆွေးနွေးရင်းနဲ့ ပြလိုက်တဲ့ဓါတ်ပုံလေးပါ။ ကျွန်တော်တို့တွေက သာမန်အားဖြင့် ယောကျာ်းလား၊ မိန်းမလား၊ ဒါမှမဟုတ် ယောကျာ်းလျာလား၊ မိန်းမလျာလား၊ ဒီလိုပဲ အပေါ်ယံလောက် ဆုံးဖြတ်တတ်ကြတယ်။ ယောကျာ်းဖြစ်ပေမယ့် နွဲ့နေတယ်၊ အလှအပကြိုက်နေတယ်ဆို ဒါ အခြောက်ပေါ့၊ မိန်းကလေးဖြစ်ပြီး ယောကျာ်းလေးလို ၀တ်စားထားတယ်၊ ယောကျာ်းလေးလို ပြောတယ်ဆိုတယ်ဆိုရင် ဒါ ယောကျာ်းလျာပေါ့။

အဲဒီမှာ ထူးဆန်းလာတာက ဘာလဲဆိုတော့ တစ်သက်လုံး ယောကျာ်းလိုနေလာတယ်၊ မိန်းမလည်းရှိတယ်၊ ကလေးတွေလည်း ရနေပြီ၊ စီးပွါးရေးလည်း အကုန်အခြေတကျနဲ့ အဆင်ပြေနေကာမှ လိင်တူဆက်ဆံရတာကို ပိုခုံမင်တယ် ဆိုပြီး အိမ်ထောင်အပျက်ခံပြီး လိင်တူဆက်ဆံသူအဖြစ် လူသိရှင်ကြား ခံယူသွားတဲ့သူတွေ တွေ့လာတယ်။ နိုင်ငံခြားမှာဆိုလည်း ဘောလုံးသမား ဘယ်သူက သူဟာ လိင်တူဆက်ဆံသူဖြစ်ကြောင်း ၀န်ခံလိုက်တယ်ဆိုတာမျိုး ဖတ်လာရတယ်။ သူတို့ဆို ဘယ်လိုလုပ် ကနွဲ့ကလျ ဖြစ်နေမတုန်း။ ကိုယ့်ထက်တောင် သန်မာပြီး ထွားကျိုင်းနေသေးတယ်။ တချို့ကျတော့လည်း ရည်းစားကောင်မလေးလည်းရှိတယ်၊ ယောကျာ်းချင်းလည်း ဆက်ဆံတယ်။ သူတို့ကျတော့ရော ဘယ်လိုတွေလဲ နားလည်ရခက်ခဲ့တယ်။

အမှန်တော့ လူတစ်ယောက်ကို ယောကျာ်းရယ် မိန်းမရယ် ယောကျာ်းလျာ မိန်းမလျာရယ်လို့ပဲ ခွဲပြောလို့မရဘူး။ ကဏ္ဍ(၄)ခုနဲ့ ပြောရမယ်။
အဲဒီ(၄)ခုက ဘာတွေလဲဆိုတော့
၁။ မွေးရာပါ သဘာဝလိင် (Biological sex) ဒါက လိင်အင်္ဂါနေရာနဲ့ ဆိုင်တယ်
၂။ လက်ခံထားမှု (Gender identity) ဦးနှောက်နဲ့ဆိုင်တယ်
၃။ ဖော်ပြမှု (Gender expression) အပြင်ပန်းသွင်ပြင်နဲ့ ဆိုင်တယ်
၎။ တပ်မက်မှု (Sexual orientation) နှလုံးသားနဲ့ ဆိုင်တယ်။
ပုံမှာလည်း ကြည့်လို့ရပါတယ်။

မွေးရာပါ သဘာဝလိင်အရ ယောကျာ်းလား၊ မိန်းမလား၊ လိင်အင်္ဂါ၂မျိုးလုံး ပါသူလား။

သူ့ကိုယ်သူလက်ခံထားမှုအရ သူဟာ ယောကျာ်းလို့ ခံယူထားသလား၊ မိန်းမလို့ ခံယူထားသလား။ ဘယ်လိုခံယူထားရမှန်း မသိတဲ့သူကိုတော့ genderqueer လို့ခေါ်တယ်။

အပြင်ပန်းသဏ္ဍန်ကိုဖော်ပြထားမှုအရ ယောကျာ်းအဖြစ်နဲ့လား၊ မိန်းမအဖြစ်နဲ့လား၊ ယောကျာ်းလိုလို မိန်းမလိုလိုလား။

လိင်စိတ်တိမ်းညွှတ်မှုအရ ဆန့်ကျင်ဘက်ကို တပ်မက်လား၊ လိင်တူကို တပ်မက်လား၊ ဒါမှမဟုတ် ၂ခုလုံးလား။

ဒါမျိုးကဏ္ဍတစ်ခုချင်းစီအလိုက် သတ်မှတ်လို့ရပါတယ်။

ဥပမာဆိုပါတော့။
မွေးတုန်းက ယောကျာ်းလေးအဖြစ် မွေးလာတယ်၊ သူ့မှာပါတာ ယောကျာ်းအင်္ဂါ။ ယောကျာ်းလို့ပဲ ခံယူတယ်၊ ယောကျာ်းလိုပဲ ၀တ်စားဆင်ယင်တယ်။ ကြည့်လိုက်ရင် ယောကျာ်းအတိုင်းပဲ။ ဒါပေမယ့် လိင်တူဆက်ဆံရတာကို တပ်မက်တယ်။
ခုနကပြောတဲ့ ဘောလုံးသမားလိုမျိုး ကျားကျားလျားလျားလည်း ရှိနိုင်သလို ယောကျာ်းလို့တော့ သိနိုင်ပေမယ့် သေချာကြည့်ရင် အလှတွေသိပ်ပြင်ထားတာမျိုးတွေလည်း ရှိနိုင်တယ်။ သူတို့ကိုကျ မကြီးဖြိုး တို့ဘာတို့ သွားခေါ်လို့မရဘူး
သူ့ကို Male, man, masculine, homosexual လို့ သတ်မှတ်တယ်၊ လူတစ်ယောက်ကို ဖော်ပြနေတဲ့ အဲဒီလို info graphic မျိုးကို အခေါ်အဝေါ်အရတော့ Genderbread လို့ ခေါ်ပါတယ်။

မွေးတုန်းက ယောကျာ်းလေး၊ ဒါပေမယ့် မိန်းကလေးလို့ ခံယူတယ်၊ မိန်းကလေးလိုပဲ ၀တ်ဆင်တယ်၊ ပြောတယ်ဆိုတယ် သုံးနှုံးတယ်၊ လိင်တူဆက်ဆံရတာကို တပ်မက်တယ်။ (အခြောက်ဆိုပြီး လူတွေသိကြတဲ့အုပ်စုတွေ)
သူတို့ကို ပြောဆိုတဲ့အခါ မိန်းကလေးကို ပြောသလိုပဲ ပြောရတယ်။ ညီလေး တို့ ကိုဘယ်သူဘယ်ဝါ တို့ သွားခေါ်ရင် စိတ်ဆိုးတတ်တယ်။ တချို့ဆိုလည်း မိန်းကလေးတွေတောင် အရှုံးပေးရလောက်အောင်ကို လှတယ်။
(သူ့ရဲ့ Genderbread ကျ Male, woman, feminine, homosexual)

ဒီလိုပဲ မိန်းကလေးတစ်ယောက်၊ မိန်းကလေးလို့ပဲ ခံယူတယ်၊ မိန်းကလေးလိုပဲ နေတယ်ထိုင်တယ်၊ ကြိုက်တော့ လိင်တူအချင်းချင်း ကြိုက်တယ် ဆိုတာမျိုးတွေလည်း ရှိတယ်။
(Female, woman, feminine, homosexual)

ဒါကြောင့် ယောကျာ်းလျာ၊ မိန်းမလျာဆိုတာထက် သူဟာ မွေးရာပါလိင်အရ ဘာ၊ ခံယူထားမှုအရ ဘာ၊ ဖော်ပြထားမှုအရ ဘာ၊ လိင်စိတ်တိမ်းညွှတ်မှုအရ ဘာ ဆိုတာမျိုး ခွဲပြီးမြင်တတ်ရင် သူတို့ကိုနားလည်ဖို့ ပိုလွယ်လိမ့်မယ်။

ထပ်ပြီး စဉ်းစားမိတာလေးတွေ ရှိလာတယ်။ သူတို့နေရာမှာ ငါသာဆိုရင်ပေါ့။

ယောကျာ်းအဖြစ် မွေးလာသူတစ်ယောက်ဟာ Gender identity အရ မိန်းမလို့ခံယူမယ်၊ Expression အရ မိန်းမလိုပဲ ၀တ်စားဆင်ယင်မယ်ဆိုပါတော့။ ဒါပေမယ့် လိင်ပြောင်းဖို့ဆိုတာကျ အင်မတန်ခက်တယ်။ အိမ်သာဝင်ရင်လည်း ယောကျာ်းအိမ်သာပဲ သူဝင်ရမယ်။ သူမမြင်ချင်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို မြင်နေတွေ့နေရမယ်။ ယောကျာ်းလျာဆိုလည်း ဒီလိုပဲ၊ သူ့မလိုချင်တဲ့ ရင်သားတွေ၊ တင်ပါးတွေကို စွန့်ပစ်လို့ရရင် စွန့်ပစ်ချင်နေလိမ့်မယ်။ ပိန်ချင်တဲ့သူတစ်ယောက်ဟာ မှန်ကြည့်တိုင်း သူ့ရဲ့ ထွက်နေတဲ့ဗိုက်ကို မြင်ရတဲ့အခါ စိတ်ပျက်ရသလို၊ ထိခိုက်မှုတခုခု၊ မတော်တဆမှုတခုခုကြောင့် မျက်နှာမှာ အမာရွတ်ဖြစ်ကျန်ခဲ့တဲ့သူတစ်ယောက် ကိုယ့်မျက်နှာကိုယ် မှန်မှာမြင်တိုင်း အားငယ်ရသလို ဖြစ်နေလိမ့်မယ်။ သူတို့က အဲဒီထက်တောင် ပိုဦးမလားပဲ။ ဘာလို့ဆိုတော့ ပြင်ဖို့တအားခက်တာကိုး။

Sexual orientation လို့ခေါ်တဲ့ လိင်စိတ်တိမ်းညွှတ်မှုဆိုတာကလည်း လုပ်ယူလို့ရတာ မဟုတ်ဘူး။ ဒါကြောင့် မိဘက ဘယ်လိုဖိအားပေးပေး၊ ဆူဆူဆဲဆဲ၊ ပတ်ဝန်းကျင်က ဘယ်လောက်ကဲ့ရဲ့ကဲ့ရဲ့၊ ပြောင်းသွားဖို့ ခက်တယ်။ အရမ်းကို ဖိအားပေးလွန်းလို့ ထိန်းချုပ်ထားရရင်တောင် အချိန်တစ်ခုရောက်တဲ့အခါ ပွင့်ထွက်လာမှာပဲ။ ကိုယ့်သားဟာ ယောကျာ်းလေးချင်း ချစ်ကြိုက်တဲ့သူ ဖြစ်နေတဲ့အခါ၊ ကိုယ့်သမီးဟာ မိန်းကလေးချင်း တပ်မက်သူ ဖြစ်နေတဲ့အခါ ဘာလုပ်ကြမှာလဲ။ မိဘတွေအနေနဲ့ ကိုယ်ဘယ်လိုအတင်းအကြပ်လုပ်လို့မှ ပြောင်းလဲသွားမှာ မဟုတ်ဘဲ လမ်းမှားကိုတောင် ပိုလို့ရောက်စေလိမ့်ဦးမယ် ဆိုတာကို သဘောပေါက်ထားစေချင်တယ်။ ကိုယ်သာဆိုလည်း တစ်လောကလုံး ကဲ့ရဲ့နေကြရင်တောင် ကိုယ့်မိသားစုက နားလည်ပေးတာ၊ ဖေးမပေးတာလေးတော့ လိုချင်မိမှာအမှန်ပဲ။

လိင်တူချင်းစုံမက်သူတစ်ယောက်ဟာ ပါရမီထူးတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်၊ အလှဖန်တီးရှင်တစ်ယောက်၊ အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်၊ မိသားစုကို၊ လောကကို အကျိုးပြုနိုင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ လိင်တူချင်း ချစ်တဲ့စိတ်လေးတစ်ခုကြောင့် မိသားစုကနေ စွန့်ပစ်လိုက်တာမျိုး၊ လူ့အသိုင်းအ၀ိုင်းက ကဲ့ရဲ့ပြစ်တင်ကြတာမျိုးဟာ အလားအလာရှိတဲ့ လူငယ်တစ်ယောက်ကို အညွှန့်ချိုးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် လိင်တူချင်း တပ်မက်ကြသူတွေကို တန်ဖိုးမရှိတော့တဲ့သူတွေအဖြစ် မမြင်မိကြဖို့ လိုပါတယ်။

တကယ့်အဖြစ်အပျက်တွေလည်း ရှိတာပဲ။ ကိုယ့်သားက အခြောက်ဖြစ်နေလို့ မိသားစုက အိမ်ပေါ်ကနှင်ချ၊ လမ်းမပေါ်ရောက်၊ ခပ်ရှင်းရှင်းပြောရရင် ပြည့်တန်ဆာဖြစ်၊ ရောဂါတွေရပြီး ဒုက္ခဖြစ်ကြရသူတွေ ရှိသလို၊ အိမ်ကဆူဆဲကြိမ်းမောင်းခဲ့ပေမယ့် ခုတော့ သူ့အလှပြင်ဆိုင်ရဲ့ ၀င်ငွေနဲ့ တစ်မိသားစုလုံးကို တင်ကျွေးထားနိုင်တယ် ဆိုတဲ့သူတွေလည်း ရှိပါတယ်။

ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှ ပုံမှန်လို့ ထင်နေကြတဲ့အချိန်မှာ၊ လူများစုကလည်း ဒီလိုဖြစ်နေကြတဲ့အချိန်မှာ သူတို့တွေကို သာမန်လူတွေအဖြစ် လက်ခံပေးကြဖို့၊ ခွဲခြားဆက်ဆံမှု မပြုကြဖို့ ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ဆီတင်မကပါဘူး၊ ကမ္ဘာမှာလည်း ငြင်းခုန်ကြဆဲ ကိစ္စတစ်ခုပါ။

စိတ်ကူးကြည့်ပါ။

ကိုယ်က မိန်းမဘ၀ကို မြတ်နိုးတဲ့သူတစ်ယောက်။ နောက်နေ့မနက် မိုးလင်းလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးလှပတဲ့၊ ကိုယ်သိပ်သဘောကျတဲ့ ရင်သားတွေ တင်ပါးတွေမရှိတော့ဘူး၊ အဲဒီအစား ရင်ဘတ်တွေ ခြေသလုံးတွေ ပါးတွေမှာ အမွှေးအမျှင်တွေ ထွက်လာမယ်၊ ယောကျာ်းလိင်အင်္ဂါကြီးလည်း ရှိလာမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။

ယောကျာ်း။ ဆန့်ကျင်ဘက်လိင်ကိုပဲ စိတ်ဝင်စားတယ်။ အဲဒီမှာ ယောကျာ်းတစ်ယောက်က ကိုယ့်ကို အဓမ္မလာကျင့်တဲ့အခါ၊ ဒါမှမဟုတ် အိမ်က အတင်းအကြပ်စီစဉ်လို့ ယောကျာ်းတစ်ယောက်ကို လက်ထပ်ရတော့မယ်ဆိုတဲ့အခါ၊ လိင်တူချင်းချစ်ကြိုက်ဖို့ အတင်းအကြပ် ဖိအားပေးခံရတဲ့အခါ ဘယ်လိုနေမလဲ။

စဉ်းစားကြည့်ပါ။ Gender identity တို့ sexual orientation တို့ရဲ့ သဘောသဘာဝကို ပိုသဘောပေါက်လာလိမ့်မယ်။ အဲဒီလိုပဲ LGBT လို့ခေါ်တဲ့ Lesbian, Gay, Bisexual, Transgender တို့ရဲ့ ခံစားချက်ကိုလည်း အရင်ထက်ပို နားလည်လာပါလိမ့်မယ်။

ဒေါက်တာဖြိုးသီဟ
၂၁.၁၂.၂၀၁၆

(မှတ်ချက် - Genderbread ဆိုတာကို အဆင့်ဆင့် update လုပ်လာတာ Version 3 အထိ ထွက်နေပါပြီ။ နောက်ဆုံး version မှာတော့ Sexual orientation နေရာမှာ Sexually attracted to နဲ့ Romantically attracted to ဆိုပြီး ၂မျိုးထပ်ခွဲလိုက်ပါတယ်။ ဒီပို့စ်မှာတော့ အရမ်းရှုပ်သွားမှာစိုးလို့ Version 1 ကိုပဲ အခြေခံထားပါတယ်။ စိတ်ဝင်စားရင် လေ့လာကြည့်လို့ http://guidetogender.com/ လင်ခ့်ကိုလည်း ဝင်ကြည့်စေချင်ပါတယ်)

No comments: