Wednesday, August 23, 2017

" ဂွမ်း "


သူ့ပါးပြင်ပေါ်က နို့ရည် အစက်အပြောက်များကို ရေမြုတ် အနုစားလေးဖြင့် ခပ်ဖွဖွ ပွတ်ရင်းညီညာစေရန် ညှိလိုက်သည် ။နုမွတ်ဝင်းထွတ်သွားသော မျက်နှာပြင်ကိုကြည့်ပြီး သူသဘောကျစွာ တစ်ချက်ပြုံးရင်း လေတစ်ချက် ချွန်လိုက်မိသည် ။ ပါးပြင်ပေါ် loose ပေါင်ဒါ ပုတ်ပြီး ပါးရိုးတွေထင်းစေရန် အညိုရင့်ပေါင်ဒါကိုမသိမသာထပ် ပြီးနောက် နှာတံလေးဖော်လိုက်တော့ မှန်ထဲကသူ့ရုပ်က ထူးခြားစွာတောက်ပလာလေသည် ။မျက်ခုံးထူထဲထဲတွေကိုပိုမိုနက်မှောင်စေရန် မက်စ်ကာရာဖြင့် အသာအယာ တို့ပြီး နှုတ်ခမ်းကို လိမ္မော်ရောင်ပါးပါးဆိုးကာ ဆံပင်ကိုစပရေးဖျန်းပုံသွင်းနေတုန်း အမေ့အသံကို နောက်ဘက်မှကြားလိုက်တာမို့ လန့်ပြီး လက်ထဲကိုင်ထားသော ဘီးက လွတ်ကျသွားလေသည် ။

"လန့်လိုက်တာ မေမေရယ် "

"နင်အခုထက်ထိမပြီးသေးဘူးလား  ကြာလှပြီ ။နင့်အဖေအော်နေပြီ အိမ်ရှေ့မှာ "

"ပြီးပါပြီ မေမေရယ် အခုဘဲသွားတော့မှာ "

"အေး မသွားလည်းဘဏ်ကပိတ်တော့မှာ ဒီနေ့ပိုက်ဆံထုတ်မရရင် နင်နဲ့ငါ အတွေ့ဘဲ "

သူ အမေ့ကို စိတ်ကောက်သညိ့ဟန်ဖြင့်ခြေထောကိဆောင့်ပြီးထွက်လာပြီးမှ အပြီးသတ် မှန်မကြည့်ရသေးတာကိုသတိရပြီး တစ်ခေါက်ပြန်ကြည့်လိုက်သေးသည် ။ အလုံးစုံကျေနပ်ပြီဆိုမှ လေကလေးချွန် ဖင်ကလေးရမ်းကာဖြင့် အိမ်ရှေ့ကိုထွက်လာခဲ့သည် ။ ကားရှေ့မှာ ပြီး ဒရိုက်ဘာ ဦးကြည်နှင့်စကားပြောနေသောအဖေက သူ့ကိုမြင်သည်နှင့်

"ဟေ့ကောင် မင်းဘယ်လိုတွေလုပ်လာတာလည်း သိုက်စိုး"

"ဗျာ အဖေ့ ကျွန်တော်ဘာလုပ်လို့လည်း "

သူ့ရင်ခေါင်းထဲကထွက်လာသော ယောင်္ကျားသံကြီးကို သူ့ဘာသာပြန်လန့်သွားသော်လည်း မျက်နှာပေးကိုတော့ အူလည်လည်ပုံဖမ်းရင်း ခပ်တည်တည်ပြန်မေးလိုက်သည် ။အဖေက တောက်တစ်ချက်ခေါက်ရင်း ကားထဲဝင်ထိုင်ကာ ကားတံခါးကိုဆောင့်ပြီးပိတ်လိုက်သည် ။ သူအဖေ့ဘေးနားမှာ ကုတ်ကုတ်လေးဝင်ထိုင်တာနှင့်ကားက မောင်းထွက်သွားသည် ။

"ရော့ ဟေ့ကောင် "

အဖေ့လက်ထဲက တစ်ရူးစကိုသူကြည့်ပြီး အဖေ့ကို နားမလည်စွာ တစ်ချက်ကြည့်လိုက်တော့ အဖေ့အသံကဒေါသတကြီးဖြင့်

"သုတ်စမ်း မင့်မျက်ခွက်က မိတ်ကပ်တွေကို "

"ဟာ သားမလိမ်းပါဘူးဗျာ အဖေကလည်း "

သူ့အသံကြီးကို ဒုတိယအကြိမ် သူပြန်လန့်မိပြန်သည် ။

"အေးမလိမ်းဘူးဟုတ်လား မင်းမျက်နှာကိုမင်းမှန်ထဲပြန်ကြည့်ဦး ရေနစ်သေထားတဲ့မသာလို ဖြူဖွေးနေပြီကွ"

မျက်စောင်းထိုးပစ်ချင်စိတ်ကို သူမနည်းဖျောက်လိုက်ပြီး တစ်ရှုးစကိုယူကာ အဖေ စိတ်ကျေနပ်စေရန် သို့သော် အွန်ထားသောမိတ်ကပ်လည်းမပျက်စေရန် အသာအယာ တို့ပြီး သုတ်လိုက်သည် ။ အဖေကအနည်းငယ်ကျေနပ်သွားဟန်ဖြင့်

"မိဘက တစ်ဦးတည်းသောသားလေးဆိုပြီး အများကြီးမျှော်လင့်ထားတာ ဂျယ်လိုလို မတ်လိုလို မလုပ်နဲ့ ထင်အောင့်သားအခြောက် ဆိုပြီးလူကြားထဲ အရှက်ကွဲ ခံမှာမဟုတ်ဘူး စစ်တပ်ထဲ ပို့ပစ်လိုက်မှာ ဘာမှတ်နေတုန်း "

"အမလေး ပို့ပေါ့ စစ်တပ်ထဲမှာ အစင်အတောင့်လေးတွေမှ တပုံကြီးရယ် ။စစ်ထဲပို့လို့ကတော့ ကိုယ်ကသာ ကျန်ခဲ့မှာ ကျန်တဲ့တပ်ဖွဲ့တဖွဲ့လုံး သူ့ကြောက်လို့ပြေးတာနဲ့ အကုန် တပ်ပြေးတွေဖြစ်ကုန်မှာ မြင်ယောင်သေး ခစ်ခစ် "

သူ့စိတ်ထဲက ပြန်ပြောရင်း မျက်နှာက မျက်နှာပိုးမသေဘဲ ရီမိလိုက်မလိုဖြစ်ပြီး မှ ချက်ချင်းပြန်တည်လိုက်ပြီး

"ဟုတ်ကဲ့ပါ အဖေ သားအခြောက်မဖြစ်စေရပါဘူး "

သူ့ရဲ့ယောင်္ကျားအသံကို ကြားပြီး အဖေက သဘောတကျပြုံးကာ သူ့ပခုံးကိုဖက်ရင်း

"အေး အဲ့လိုဖြစ်နေရမယ်ကွ ဒါမှငါ့သား "

"ဟွန့် "ကနဲ့ ညည်းညူမိသည် ။ သူ့အဖြစ်ကို ဟိုကောင်မ မိဆွေ တို့သိလို့ကတော့ ရီလိုက်မည့်ဖြစ်ခြင်း ။ ဘဝကလည်း ဆိုးချက်ဟယ် ခြောက်တာတောင်မှ ခိုးခြောက်ရသည့် ဘဝ ။
အဖေရယ် ။နားလည်ပေးချလိုက်ပါ ။ မိတ်ကပ်မလိမ်းတဲ့ယောင်္ကျားဆိုတာ တရာမှာ ဆယ်ယောက်တောင်မပြည့်တော့ပါဘူး ....ဟွန့် ။

ကားက ရွှေဘုံသာလမ်းထဲက ကမ္ဘောဇဘဏ်ရှေ့မှာ ထိုးရပ်သွားသည် ။ အဖေက သူ့လက်ထဲ ပိုက်ဆံ သုံးသောင်းထည့်ပေးရင်း

"ပြန်လာရင် သဘက်ခါသွားမယ့် မင်္ဂလာဆောင်အတွက် လက်ဖွဲ့ တစ်ခုခု စီစဉ်ပြီး ဝယ်လာလိုက် "

"ဟုတ် "

သူကားပေါ်မှ အင်မတန် ကျားလျားစွာ ဆင်းလိုက်သည် ။ ကားကလျောကနဲ သူ့ရှေ့ကထွက်သွားမှ တစ်ဖက်ကားလမ်းကို မယ်စကြာဝဠာကဲ့သို့လျှောက်ရင်း မျက်လုံးတို့ကို ဝေ့ကနဲ အလုပ်ပေးလိုက်သည် ။ "အိုက်စ် " ဟိုကောင်လေး ချောလိုက်တာ စင်လိုက်တာ ။ သူ့မျက်လုံးရဲ့ အကြည့်ကို သိသွားသောကောင်လေးက တံတွေးကိုပျစ်ကနဲထွေးရင်း ဟိုဖကိလှည့်သွားတာမို့ သူ ထောင်းကနဲဒေါသထွက်သွားသည် ။

ကျန်းး။ ရိုင်းလိုက်တာ ဆိုတာ ။ ကြည့်တာဘဲ သူ့အသားပဲ့ပါတာကျနေတာဘဲ သေနာကောင် ဟွန်း ။တပဲခြောက်ပြားတန်ရုပ်ကိုများ တွန့်တိုနေလိုက်တာ ။ သေရင် မီးရှို့မှာပဲ ။ ချစ်လွန်းလို့မြေမြှုတ်လည်း တီကောင်နဲ့ ငါ့ရှဥ့်ပဲစားမှာ အကောင်စုတ်ရေ ။

သူပွစိပွစိပြောရင်း ဘဏ်ထဲ ဝင်လာကာ ငွေထုတ်နေတုန်း ဖုန်းလာတာမို့ ဘောင်းဘီအိတ်ထဲက ထုတ်ကာ

"ဟဲ့ မသော်မော် တွေ ငါဘဏ်ရောက်နေတာကြာ လှပြီ "

သူ့အသံပြဲပြဲကို ဘေးကလူက အံ့သြစွာကြည့်နေတာမို့ သူပြုံးပြလိုက်ပြီး အသံကိုလျော့ချလိုက်သည် ။

"အေး အေး ငါးမိနစ်ဆိုရောက်ပြီ ။ဟဲ့ ငါ စူပါဝမ်းမှာ လက်ဖွဲဝယ်ရဦးမှာ ။ အော် ကောင်မတွေ လင်တရူးမနေနဲ့ဟဲ့ စိတ်ပျက်စရာ "

"......""

"အေးတတ်တာ မွချိ "

သူဖုန်းကို ပြွတ်ကနဲနမ်းလိုက်စဉ် သူ့အားဝိုင်းကြည့်နေသော လူတွေကြောင့် ဝိုင်းထားသောနှုတ်ခမ်းကို ချက်ချင်း ပြင်ရင်း ထုတ်ပြီးသားငွေကိုအိတ်ထဲထည့်ကာ မှတ်ပုံတင်နှင့်ဘဏ်စာအုပ်ကိုသိမ်းပြီး အပြင်ထွက် ဟိုသည်ကြည့်ပြီး မိဆွေတို့အုပ်စုကို ရှာလိုက်သည် ။ မတွေ့တော့မှ ဂျေဒိုးနတ်ဆိုင်ဘက်ကို လျှောက်ရင်း ဖုန်းဆက်ကြည့်တော့ ဆိုင်ထဲရောက်နေပြီဆိုသဖြင့် အထဲသို့ဝင်လိုက်သည် ။

"ဟဲ့ မိစိုး ငါတို့ဒီမှာ "

အနောက်ဘက်မှာထိုင်နေသော မိဆွေ မိဝေ နှင့် မိသီ တို့ကအော်ရင်း လက်လှမ်းပြသဖြင့် သူ့နှုတ်မှ "အိုက်စ်" ကနဲအော်ကာ လက်ဖဝါးခြင်း ပြေးရိုက်လိုက်ကြသည်။ သူတို့အုပ်စုရဲ့ ဆူညံပွက်လောရိုက်သံကို နားဆူသော လူတွေက မသိမသာမျက်စောင်း ထိုးကြသော်လည်း သူတို့အုပ်စုကတော့ ခပ်ပြောင်ပြောင်ပင်။ ဝင်္ငလာသမျှကောင်ချောလေးတွေကို ငမ်း ။ဘေးကပါလာသော ငံပြာရည်မကို ရစရာမရှိအောင် ချိုးဖဲ့ ကဲ့ရဲ့နေတုန်း ဖုန်းသံ တတူတူက မြည်လာတာမို့

"ဟဲ့ ..ပါးစပ်ပိတ် ..ပါး စပ်ပိတ်ကြစမ်းး -ာသယ်တွေ ..ငါ့အဖေဖုန်းဟဲ့ "

တဟီးဟီးတဟားဟားသံတွေ တိကနဲ ရပ်ကာ ငြိမ်သွားသည် ။ သူဖုန်းကိုဖွင့်လိုက်ပြီး

"ဟုတ်ကဲ့ .,"

"..."

"ဝယ်ပြီးပြီ အဖေ ..သားပြန်လာတော့မှာ .,"

သူ့ရဲ့ တမင်လုပ်ယူထားသော အာလုပ်သံကြီးကို မိသီတို့ တခွိခွိ ရီနေကြတာမို့  သူအသံတိတ်ဆဲလိုက်ပြီး ဖုန်းချလိုက်သည် ။

"ဟဲ့ ..ငါပြန်တော့မယ် .."

"ဟဲ့ ချက်ချင်းဘဲ ..ဘာဖြစ်ပြန်ပြီလဲ ..နင်ချိန်းလို့လာတာကို ..အဲ့ဒါဆို နင့်အိမ်လိုက်ခဲ့မယ် "

"အမလေး ..မကျေနပ်ရင် စိတ်ကျေနပ်အောင် ပါးသာ ဝိုင်းချသွားကြပါဟယ်.. နင်တို့ အိမ်လိုက်ရင် ငါ့အဖေက ငါ့ကိုသတ်မှာပေါ့ဟဲ့ .."

"သတ်စရာလားဟဲ့ နင့်အဖေသေချာနားမလည်လို့ ..သားမွေးပြီးသမက်ရတာ ပိုတောင် ကျေနပ်သင့်သေးတယ်"

မိသီက ထက်ထက်မိုးဦးသံဖြင့် ခပ်ချွဲချွဲ ဝင်ပြောလိုက်တာကြောင့် ဝါးကနဲ ရီလိုက်ပြီး

"ကဲပါ ..ထကြပါဟယ် ..စူပါဝမ်းသွားရအောင် "

သူတို့အုပ်စု စူပါဝမ်းသို့ ချီတက်ပြီး ဟီးဟီးဟားဟား လုပ်ကြပြန်သည် ။ ထမင်းပေါင်းအိုးတစ်လုံးဝယ်ဖို့အရေး အိ အ ဂျိ ဂျ လုပ်ရင်း တဟီးဟီးတဟားဟား လုပ်နေသော သူတို့ အုပ်စုကို တချို့က ပြုံးကြသည် ။ တချို့က မဲ့တဲ့တဲ့ လုပ်ကြပေမယ့် ဘယ်သူကမှတော့ မပြောကြ ။ပြောရင်လည်း အုပ်စုတောင့်သော သူတို့ရဲ့ ဝုန်းခြင်း (ရန်လုပ်ခြင်း) ခံရမှာ စိုးရိမ်ကြလို့ နေပေလိမ့်မည် ။
ဝယ်ခြမ်းပြီးတော့ စိတ်အဆာပြေ အဖြစ် ဟိုဖက်ခြမ်းက စကော့ဈေးဘက်ကူးကာ ဈေးပတ်သလိုဖြင့် ဈေးဝယ်လာသော ကောင်ချောလေးများကို အားပါးတရ ငမ်းပြီး မှ လူစုခွဲကာ ပြန်ဖို့ ပြင်ကြသည် ။

"ဟဲ့ ... ကားသမားကို အစင်လေး ရွေးပြီး ဌားကြရအောင် "

မိဝေက တစ်စခန်းထကာ ရွသည်ကို အားလုံးက ဝမ်းသာအားရ ထောက်ခံပြီး လာသမျှကားတွေကို မတားသေးဘဲ ကားမောင်းသူနေရာကို ပြူးပြဲကြည့်ပြီးမှ တား ၊ အကယ်၍ ထင်သလို မချောရင် ပေါက်ကရဈေးတွေ ပေး ပြီး ဈေးမတည့်အောင် လုပ်ရင်း ဟီးဟီးဟားဟား သဘော ကျနေကြသည် ။မိသီတို့ အုပ်စုလိုက် ကားရသွားပြီးမှ သူနှင့် မိဝေ ကားငှားဖို့ ပြင်ရသည် ။

"ဟဲ့ .. ငါတို့လည်း စင် (ချော)တာလေး ရွေးဌားရအောင် "

"ရွမနေနဲ့ ကမ ၊ ညည်းက စပ်စလူးထပြီး လမ်းမှာ ဆင်းသွားမှာ ။ငါက တယောက်ထဲပြန်ရမှာ ပိုက်ဆံတွေနဲ့ "

"နင့်ကို အရင်ပို့ပြီးမှ ငါပြန်မှာပေါ့ဟဲ့ ..ကိုယ့်သူငယ်ချင်းကို ဒီတိုင်း ကျီးထိုးခွေးစားလွှတ်စရာလား ။ ငါသိပါတယ် "

 အစိုး မျက်လုံးပြူးပါးစပ်ပြဲသွားသည် ။ သူငယ်ချင်းဖြစ်သူရဲ့ လင်တရူး ခင်မြဦး ချက်များ သာကေတ မြခွာညို အထိ လိုက်ပို့ပြီးမှ ပုစွန်တောင်ကိုပြန်လာမယ်ဆိုပါ့လား ။
 ကားတစ်စီးလာနေတာ မြင်သောကြောင့် သူ လက်ပြကာ တားမည်ပြင်နေတုန်း မိဝေက သူ့လက်ကို ဇတ်ကနဲ ပုတ်ချလိုက်ပြီး

"နင့်လင်က ထိပ်ပြောင်နေတာ မမြင်ဘူးလား ။ ငါတောင် မီးပွိုင့်ကသူ့ကားလွတ်လာကတည်းကမြင်ရတယ် "

"ဟဲ့ သူ့ဘာသူပြောင်တာ ငါ့အလုပ်လား "

"တော်တော့ ကောင်မစုတ် ငါ့ဘာသာပဲ ဌားတော့မယ် ။ တလမ်းလုံး သူနဲ့သွားရမှာဟဲ့ ။ရုပ်ဆိုးပန်းဆိုးဆို ပျင်းစရာကြီး ။ ခပ်ချောချော ခပ်ငယ်ငယ်လေးဆိုတော့ သူနဲ့ အီစီကလီလုပ်ရင်း သွားရတော့ ကားပိတ်လို့ကြာလည်း အကုသိုလ်မများဘူးပေါ့ မသော်မော်ရဲ့ ။ ညည်းကို နိဗ္ဗာန်ချော့ခေါ်နေတာ ၊အသာတကြည်နေစမ်း ကမစုတ် "

အစိုး ပါးစပ်ပိတ်ထားလိုက်ပြီး မသိမသာနောက်ဆုတ်နေလိုက်တော့သည် ။ မိဝေကတော့ နေပူကြဲထဲ ဇွဲနပဲကြီးစွာ ကားတားလိုက် ၊သူမကျေနပ်ရင် မတော်မတည့်ဈေးတွေပြောလိုက်နှင့် ရှုပ်ယှက်ခတ်လို့ နေလေသည်။

"ဟဲ့ ..မိဝေ ။ နင်ဒီဘဝ ကားရဦးမှာလား "

"ဘာဖြစ်နေတာလည်း ..ကိုယ့်ဘာကိုယ် အသာနေစမ်း "

"လက်လဲတားမနေနဲ့တော့ကောင်မရေ .. နင့်မျက်နှာပေါ်ကမိတ်ကပ်အဆီပြန်နေတာ ကျောက်တိုင်ကိုထုံးသုတ်ထားသလို ဖွေးပြောင်နေပြီ ။ ဟိုးးးးးဆေးရုံကြီးရှေ့ကတည်းက ကားသမားက မြင်တယ် "

"-ျာသယ် မ ၊ နင့်ကို အခြောက်စစ်စစ်ဖြစ်အောင်နေလှန်းထားတာ သိလား "

"......"

သူ ညစ်စုတ်စွာ ဆဲတာကို မိဝေက အပြုံးမပျက်ခံယူသည် ။ သူနောက်နည်းနည်းဆုတ်ပြီး ဖေ့ဘုတ်ဖွင့်ကာ ဟိုသည်ကြည့်နေတုန်း

"ဟဲ့ ... ကဘေကဘာ ခြောက်မရေ ။ ကားရပြီ ကြွပါရှင် "

သူ့ကိုအော်ရင်းကားခေါင်းခန်းကို ဦးထားသော မိဝေအကြောကို သူမျက်စောင်းထိုးကာ တုန့်ပြန်ရင်း ကားနောက်ခန်းထဲ ဝင်ထိုင်လိုက်သည် ။ မိဝေမျက်နှာက ပျော်မဆုံးတပြုံးပြုံး ။ သူရွေးထားသောကားသမားလေးကလည်း ဘေးတိုက်ကြည့်တောင် အတော်ချောပါသည် ။

"ဆယ်ဖီ ရိုက်ရအောင် ..နင်ကားသမားမောင်လေး နောက်ကိုသွား မိစိုး "

" အမလေးးး လျှော့ခြောက်ပါကောင်မရယ် ။နေပြင်းရတဲ့အထဲ ကားပါ မီးထတောက်နေပါ့မယ် ...."

သူမကျေမချမ်းပြောရင်း ဟိုဖက်ကိုတိုးပေးလိုက်သည် ။ အရှေ့ကနေ မိဝေ တချပ်ချပ်ရိုက်ပေမယ့် သူ့ပုံ တပုံမှ မပါ ။ ကားသမားလေးကို မပါ ပါအောင် ရိုက်နေတာ သိပေမယ့် သူပြောမနေတော့ ။

" ဉာဏ်တွေ ဆင်တာဆင်တာ ဆိုတာ နော် ..။ မပြောသေးဘူး ကောင်မ "

သူ့အသံကြောင် ကားသမားကောင်လေးက မသိမသာပြုံးသည် ။မိဝေကတော့ ခပ်တည်တည်ပင်

"ဟယ် ၊ဘယ်သူလည်းဟဲ့ "

"ခင်ယုမေလေ ၊ ခင်ယုမေ .... လင်မှုတွေပွေနေတာ "

"တင်..."

"ကားသမားလေးလေ ...ချောလိုက်တာဟယ် ...ခစ်ခစ် ။ နင်တို့သရေကျအောင် ပုံပို့ပေးလိုက်တယ် "

Messenger ကနေမက်ဆေ့ဝင်သံကြောင့်ဖုန်းထဲကို ငုံ့ကြည့်တော့ သူတို့ သူငယ်ချင်းတွေ အကုန်စုလုပ်ထားသော group chat ထဲ မိဝေက ပုံပို့ထားပြီး ဟိုဖက်ကားနဲ့ပါသွားတဲ့ ဟာမတွေ စပ်စလူးထနေကြတာမို့ သူလည်းမိဝေ ရွသမျှထသမျှကို ဖောက်သယ်ချရင်း စခွီထနေတုန်း ဖုန်းမြည်သံထွက်လာတာမို့ ခေါင်းမော့ကြည့်လိုက်တော့ ကားသမားလေးရဲ့ဖုန်း ။

"ကိုင်လိုက်လေ "

"ရတယ် ..."

"ကိုင်လိုက်ပါ ... တို့ကို အားမနာနဲ့ "

သူ မိဝေကို မျက်စောင်းချည့်ဆောင့်ထိုးမိသည် ။ အရာရာပါတဲ့ဟာမ ။

"ဟော ... ဖုန်းက မြည်နေပြန်ပြီ ။ ယူ့ အကိုထင်တယ် ..အရေးကြီးလို့လည်းမသိဘူး "

"ဟဲ့ ..နင့်အရာပါလား "

"ကိုကို တဲ့ ... သေရေးရှင်ရေးဆို သွားကူလို့ရတာပေါ့ "

"အော် ပရဟိတစိတ်အပြည့်ရှိတယ်နော် .. ယောင်္ကျားတွေပဲ ရွေးကယ်တာဆို "

သူတို့ အချင်းချင်းဝုန်းနေတုန်း ကောင်လေးက နားငြီးလို့ထင့် ။ ဖုန်းကို ကောက်ကိုင်ပြီး ဟလို ထူးလိုက်တာကြောင့် သူနှင့်မိဝေ ပါးစပ်ပိတ်ငြိမ်နေလိုက်ရသည် ။ ကားသမားအသံက မပွင့်တပွင့် ။ တဖက်ကပြသနာတခုကို ပြောနေသလို ထင်သည် ။ ဒီဖက်ကနားထောင်နေမှန်းသိလို့ထင်သည် ။  မဟုတ်ဘူးဟုဖြေရှင်းသံကိုသာကြားရပေမယ့် နောက်ဆုံး  ပြောနေရာမှာ စိတ်တိုစွာအော်လိုက်တာမို့ သူနှင့် မိဝေ  လန့်တုန်သွားလေသည်  ။

@@@@

မိဝေ မျက်နှာကို သူပြုံးပြီးကြည့်နေရာမှ တဟားဟား အော်ရီလိုက်သည် ။ မိဝေလည်း ပထမ က အီလည်လည် ဖြစ်နေပေမယ့် သူရီတော့ မနေနိုင်ပဲ လိုက်ရီတော့သည် ။

"ဟဲ့ ...ဘယ်လို ... နင့်ကို ဘယ်လို ပြောသွားတာ ၊ဟားးဟားးး "

"မသာမ ..ရီမနေနဲ့ .. ၊ စိတ်တိုနေတာနော် "

"ငါ ဟိုကောင်မတွေကို ဖုန်းဆက်ပြောဦးမယ် "

"ဟဲ့ ...မပြောနဲ့ ..ရှက်စရာကြီး ...၊ ငါ သူ့အသံကြီး နားထဲက မထွက်ဘူးဟယ် ..."

"ဘယ်လို ပြောသွားတာ "

" ကျမ ကားမောင်းနေတယ် မအားဘူးးးတဲ့ ။ ဘယ်လို အသံကြီးလည်းဟယ် ။ သူ့ကိုလေ ငါ့ထက်ခြောက်နေမယ်လို့ ထင်ကို မထင်ထားမိဘူး ဟယ် ။ မှန်နန်းဆောင် ဗုံးကွဲတာပါအေ "

"ဟားးဟားးးဟားးး ဂွမ်းတာပါအေ ...ဂွမ်းတာပါ "

အညို

Credit: အညိုရဲ့ Page