Friday, November 17, 2017

Transgender Day of Remembrance (TDoR)


ယခုလာမယ့် နိုဝင်ဘာ (၂၀) ရက်နေ့ဟာ လူသားသမိုင်းတလျှောက် ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်စော်ကားမှုတွေကြောင့် မကြွေသင့်ဘဲ ကြွေလွင့်သွားခဲ့ကြရတဲ့ Transgender တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ပြုလုပ်တဲ့ Transgender Day of Remembrance (TDoR) နေ့လေး ဖြစ်ပါတယ်။

ကျွနိုပ်တို့အနေနဲ့ နိုဝင်ဘာ (၂၀) ရက် ရောက်တိုင်း ခွဲခြားဆက်ဆံ၊ ညှင်းပမ်းနှိပ်စက်၊ အနိုင်ကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ Transgender တွေကို အောက်မေ့သတိရတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် လူသားသမိုင်းရဲ့ အနာဂတ်မှာ အလားတူ အဖြစ်အပျက်မျိုးတွေ နောက်ထပ်မဖြစ်ပေါ်ရအောင် ပညာပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ဒီအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ပြုလုပ်မယ့် TDoR အခမ်အနားကိုလည်း တတ်စွမ်းသမျှ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ကြားအပ်ပါတယ်။

ဒီနှစ်မှာ ပြုလုပ်မယ့် TDoR အခမ်းအနားပွဲရဲ့ ဆောင်ပုဒ်ကတော့ "မတူကွဲပြား အမုန်းမပွား အကြမ်းဖက်မှု လျော့ချဖို့ အားလုံးပါဝင်ဆောင်ရွက်စို့" ဆိုတဲ့ ဆောင်ပုဒ်လေး ဖြစ်ပါတယ်။

နေ့ရက် - ၂၀ရက်နေ့ နိုဝင်ဘာလ ၂၀၁၇ခုနှစ်
အချိန် - ညနေ ၆း၀၀ မှ ၇း၃၀ ထိ
နေရာ - စိမ်းလန်းစိုပြေ (ကမာရွတ်မြို့နယ်)


Transgender Day of Remembrance (TDoR) တီဒေါ ဆိုတာ ဘာလဲ။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူများ (Transgender: ကျား၊ မ) အတွက် အမှတ်တရနေ့ (တီဒေါ) ဆိုတာဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို မုန်းတီးတဲ့ သူတွေ ရဲ့ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတစ်လွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။

အမှတ်တရနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ရောက်တိုင်း ကမ္ဘာတလွှားမှာရှိတဲ့ လိင်တူချင်းချစ်သူတွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာသူတွေက အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပကြတာဖြစ်ပါတယ်။

ဒီလို ကျင်းပလာခဲ့ကြတာဟာ ဒီနှစ်နဲ့ဆို ၁၈ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

ဘာကြောင့် နိုဝင်ဘာ ၂၀ ရက်ကို တီဒေါနေ့အဖြစ် သတ်မှတ်ရတာလဲ။

လူ့သမိုင်းတလျောက်မှာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို ကွပ်မျက်သတ်ဖြတ်လာခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက သဘာဝတရားအတိုင်း ဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုလိုပဲလစ်လျူရှုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ အမေရိကန်နိုင်ငံ မက်ဆက်ချူးဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူ ရီတာဟက်စတာ(Rita Hester) ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အချိန်ကနေစပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ လိင်တူချင်းချစ်သူများ အခွင့်အရေး အတွက် လှုပ်ရှားဆောင်ရွက်နေသူတွေက ဒီလိုအဖြစ်အပျက်တွေ အနာဂတ်မှာ ဆက်လက်မဖြစ်ဖို့ရည်ရွယ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ရောက်တိုင်း ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြု ကြရာက ဒီအမှတ်တရနေ့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာ အ၀ှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဒီအထိမ်းအမှတ်နေ့ကို အမှတ်တရ ကျင်းပပြုလုပ်လျက် ရှိနေကြပြီဖြစ်ပါတယ်။

Transgender တွေဘယ်လိုညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပါသလဲ။

ဆန့်ကျင်ဘက်လို ပြောင်းလဲခံယူနေထိုင်တဲ့သူတွေဟာ အခြားသာမာန်လူတွေ သတ်ဖြတ်ခံရတာထက် ဆိုးရွားတဲ့ နည်းလမ်းမျိုးပေါင်းစုံနဲ့ အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနည်းလမ်းတွေကတော့ နောက်ကျောကနေ ဓါးနဲ့အကြိမ်ကြိမ်ထိုးခံရခြင်း၊ လည်လှီးခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ စံပြအနေနဲ့ ကာလီဘိုင်ကဲ့သို့သော လက်နက်များဖြင့် အပြစ်သတ်ခံရခြင်း၊ သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်သတ်ခံရခြင်း၊ ဘေ့စ်ဘောလက်ကိုင်တုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်သတ်ဖြတ်ခံရခြင်း၊ ကားနဲ့ဒရွတ်တိုက်ဆွဲ၍သတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း အစရှိတဲ့ နည်းလမ်းတွေဟာ ဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်တဲ့သူတွေ ဒီကနေ့ တွေ့ကြုံခံစားနေရတဲ့ အန္တရာယ်တွေထဲကအနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။

TDoR နေ့ကိုဘယ်လိုကျင်းပကြလဲ။

နိုင်ငံတကာမှာ TDoR နေ့ရောက်ရင် သေဆုံးသွားခဲ့တဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဖယောင်းတိုင်ဆီမီးထွန်းညှီပြီး အသိအမှတ်ပြု ကျင်းပလေ့ရှိကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ကောင်းမှုကုသိုလ်ပြု အမျှဝေမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ပါရစေ။

More Info: Color Rainbow 

မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၈ မြို့တွင် Transgender Day of Remembrance (TDoR) အခမ်းအနားကျင်းပမည်။
------------------------
အကြမ်းဖက်ခံရပီး သေဆုံးသွားကြသော ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူများကို အောက်မေ့သတိရခြင်း အခမ်းအနား ( တီဒေါ) ကို တစ် ကမ္ဘာလုံးက နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကျင်းပကြမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် ၁၈ နှစ်မြောက်ဖြစ်ပြီး မြန်မာမှာဆိုရင် ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ အောက်ပါ မြို့ ၁၈ မြို့မှာ မီးထွန်းဆုတောင်းပွဲများကျင်းပမှာဖြစ်လို့ အချိန် နေရာ တို့ကိုဖော်ပြပီးဖိတ်ကြားအပ်ပါတယ်ရှင်။

ကျင်းပမည့်နေ့ရက် -၂၀ရက် နိုဝင်ဘာ ၂၀၁၇

၁)ရန်ကုန်မြို့ - စိမ်းလန်းစိုပြေ - ညနေ ၆:၀၀-၇:၃၀

၂)မန္တလေးမြို့ - YI LINK hotel( 22*84) - ညနေ ၄-၇

၃) မလိုင်မြို့- ရွှေမောဌောဘုရားရင်ပြင် - ညနေ ၄-၆

၎)အေးသာယာ- ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း(နာရီစဉ်အနီး) - ညနေ ၄-၇

၅)ကလေးမြို့ - သိမ့် ခန်းမ - ညနေ ၅နာရီ

၆) မိုးကောင်းမြို့ - အမြဲစိမ်းချစ်သူများရုံး - နံနက် ၁၀ နာရီ

၇)ပဲခူမြို့ - အနောက်ရွှေနံသာဘုန်းကြီးကျောင်း၊ အလင်းပြ ဓမ္မာရုံ၊ ကျွန်းသာယာရပ်ကွက် - ညနေ ၆-၈

၈)လားရှိုး - ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီ၊ မင်္ဂလာထီးတော်တင် ရင်ပြင်ကွင်း၊ ရပ်ကွက် (၁) - ညနေ ၄-၆

၉)ပုသိမ်မြို့ - ဂရုဏာစင်တာ -  ညနေ ၅-၇

၁၀)မြင်းခြံမြို့ - ရတနာ့ဗိမာန်ကျောင်း၊ မဟာဝါဋ္ဌုကာရာမ၊ အမှတ်  (၁၀) ၊ ရတနာသိင်္ဂိလမ်း - ညနေ ၆-၉

၁၁)ရွှေဘိုမြို့ - မြို့ထောင့်စေတီ - ညနေ ၅-၇

၁၂)ပခုက္ကူမြို့ - နိဗ္ဗာန်တောင်ကျောင်း - ညနေ ၆-၇

၁၃) မြိတ်မြို့ - စေတနာခန်းမ (တိုင်းမွေးမြူရေးခြံရှေ့)၊ ကျားတွင်းအနီး၊ ကလွင်ရပ်- ညနေ ၅-၈

၁၄) မုံရွာမြို့ - ရွှေတာင်ဦးစေတီ - ညနေ ၆-၇

၁၅) ပြည်မြို့ - ဗိုလ်ချုပ်ကျောက်ရုပ်- ညနေ ၅-၇

၁၆) ထားဝယ်မြို့ - ဆိပ်ကမ်းသာခန်းမ (၂)၊ကမ်းနားလမ်း - ညနေ ၅-၉

၁၇) မော်လမြိုင်မြို့ - ဦးဇိနဘုရား - ညနေ ၆-၇

၁၈) ကျိုက်ထိုမြို့ - ကျိုက်ပေါလောဘုရား ၊ သံသရာအေးစေတီရင်ပြင် - ညနေ ၆-၇

Credit: ရှင်းသန့် 

No comments: