Sunday, January 7, 2018

သက်တံ့ရောင် အဆိပ်

[Colour Rainbow မဂ္ဂဇင်းကကြီးမှူးကျင်းပတဲ့
ဝဿန် LGBT ရသစာပေပြိုင်ပွဲမှာ ဒုတိယဆုရဝတ္ထုတို ဖြစ်​ပါတယ်​]


               
"ကျွီ"
ဘရိတ်အုပ်သံနှင့်အတူ ဖြူလွှလွှ အဝတ်တွေ စီးနှောင်ထားတဲ့ ဝါညက်ညက် အရာဝတ္ထုလေး ကျွန်တော့် မျက်စိရှေ့မှာပဲ မြှောက်တက် လွှင့်စင်သွားတယ်။

"ဝုန်း"
ပြန်အကျမှာတော့ အကုန်လုံးနီးပါး အနီရောင်တွေ စွန်းပေနေတယ်။ ဒါတင် ဘယ်ကမလဲ အနီရောင်တွေ ကတ္တရာ လမ်းပေါ်မှာ အိုင်ထွန်း သွားသေးတယ်။ တစ်ချို့သော အစိတ်အပိုင်းတွေက တဆတ်ဆတ်တုန်နေတယ်။ ဟော ငြိမ်သွားပြန်ပြီ။ ဟာ လူအုပ်ကြီး ဝိုင်းလာတယ်။ သူတို့တွေ ကိုင်တွယ် စမ်းသပ်နေကြတယ်။

"အသက်မရှိတော့ဘူး။"

ဟော သူ သေသွားပြီတဲ့။ သူ့မျက်လုံးတွေက ဖွင့်လျက် ကျွန်တော်ကို ကြည့်နေတုန်းပဲလေ။  ခုဏလေးတင် ကျွန်တော့်ကားလေးပေါ်မှာ သူနဲ့ ကျွန်တော် စကားတွေ ပြောနေကြတာပါ။ သူကကျွန်တော်ကို ချစ်တယ်လို့တောင် ပြောခဲ့သေးတယ်။

"ကျွန်တော်မြင်လိုက်တာက အဲဒီ ကောင်လေးက ကားရှေ့ကို ပြေးဝင်သွားတာဗျ။"

သူက ကားရှေ့ကို ပြေးဝင်လိုက်တာတဲ့။ ဘုရားရေ ကျွန်တော် မှားသွားပြီလား။ ဟော သူ့မျက်လုံးတွေ ပွင့်နေသလိုပဲ။ စကားတွေလည်း ပြောနေတယ်။ သူ မသေဘူးလား။

"အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူးဆိုပေမယ့် လောကမှာ သေတာထက် ဆိုးတဲ့အရာတွေ အများကြီးရှိတယ်။ ညီ့အပြစ်က အသက်ထက်ပိုပေးဆပ်ဖို့ မတန်လို့ သေခြင်းတရားကို ညီကိုယ်တိုင် ရွေးချယ်နိုင်ပြီ။ လိင်တူတွေရဲ့ အချစ်ကို ကစားတဲ့ဦး၊ လိင်တူတွေရဲ့ဘဝကို ဖျက်ဆီးတဲ့ဦးက သက်တန့်ရောင် အဆိပ်သင့်လိမ့်မယ်။ ဦးက သေတာထက်ဆိုးတဲ့ အဖြစ်နဲ့အတူ တစ်သက်လုံး နောင်တနဲ့ အသက်ရှင်ရမယ်။"

"အား။ မဟုတ်ဘူး။ ညီ့ကို ကျွန်တော်မသတ်ဘူး"

                  ************

ကျွန်တော် အိပ်မက်က လန့်နိုးလာတယ်။ ဘုရားရေ။ သေတာထက် ဆိုးတဲ့ အဖြစ်တဲ့။ နောင်တနဲ့ အသက်ရှင်ရမယ်တဲ့။ ဒီညလည်း ပြန်အိပ်လို့မရဘဲ မိုးလင်းတော့မှာပဲလား။

 ================================

                             အခန်း (  ၁  )

"ဦး မချစ်တော့ဘူးဆိုရင် ညီ ကိုယ့်ကိုယ်ကို သတ်သေမှာ။"

"ညီ မင်းမှာ အရှက်မရှိဘူးလား။ မင်း လူစကား နားမလည်ဘူးလား။"

ကျွန်တော် သူ့ကို လမ်းခွဲဖို့ စကားပြောပေမယ့် သူကတော့ လွယ်လွယ်နဲ့ လက်လျော့မယ့်ပုံ မရှိဘူး။ ကျွန်တော် အကြမ်းနည်း သုံးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဘာ အရှက်မရှိဘူး ဟုတ်လား။ ညီ့ဘဝ ဘာဖြစ်သွားပြီလဲ ဆိုတာ ဦး သိပြီးသားပဲ။ ဒီလောကထဲကို ဦးပဲ ခေါ်လာခဲ့တာလေ။ ကိုယ့်ကိုယ်ကို လိင်တူ ချစ်သူဆိုတာ လက်ခံလိုက်လို့ မိဘတွေရဲ့ ဥက္ခောကိုလည်း ရလိုက်ပြီ။ သူငယ်ချင်းတွေက ပစ်ပယ်းထားကြပြီ။ ဒိတ်ဒိတ်ကြဲ သူဌေးတစ်ယောက်ရဲ့သားက တစ်ခြားယောက်ျားတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းမယား တစ်ယောက်ဆိုတာ ပတ်ဝန်းကျင်ကလည်း သိထားပြီးပြီ။ အကုန်လုံးရဲ့ တံတွေးခွက်ထဲမှာ ပက်လက်ရော မှောက်ရက်ပါ မျောနေတာ ခင်ဗျားကြီးသိလား။ ဒီထက်ရှက်ဖို့ အရှက်လည်း မရှိတော့ဘူး။ ဒီထက်ပျက်ဖို့ ဘဝလည်း မကျန်တော့ဘူး။"

အခြေအနေက မလှတော့ဘူး။ သူက ပိုကြမ်းနေပါလား။ ကျွန်တော် လမ်းဘေးမှာ ကားရပ်လိုက်တယ်။

"ဘဝမှာ အချစ်ထက် အရေးကြီးတာ အများကြီးပါ ညီ။ အချစ်ရှုံးတာဟာ ဘဝရှုံးတာ မဟုတ်ပါဘူး။ ညီက ငယ်ပါသေးတယ်။ ဦးထက် သာတာတွေ့မှာပါ။"

"အချစ်ထက် အရေးကြီးတာ အများကြီးပဲ အချစ်ရှုံးတာ ဘဝရှုံးတာ မဟုတ်ဘူး ဟုတ်လားဦး။ ဦးက ပါးစပ်နဲ့ ပြောပြီး ခဏတွဲခဲ့ပေမယ့် ညီရဲ့ လူပျိုဘဝနဲ့ ယောက်ျားခန္ဓာကိုယ်၊ ညီရဲ့ အရှက်သိက္ခာ၊ ညီရဲ့ အသည်းနှလုံး ဘာတစ်ခုမှ အစားပြန်မရနိုင်ဘူးလေ။ အဲဒီအချစ်ထက်အရေးကြီးတာတွေ အချစ်နဲ့ အကုန်ပါသွားပြီဗျ။ ထပ်ပြီး မရှက်တမ်းပြောရရင် ဦးကို အရမ်းချစ်တယ်။ ညီ့နှလုံးသားကရော အသွေးအသား ခန္ဓာကိုယ်ကပါ ဦးကို စက္ကန့်မလပ် လိုအပ်နေတယ်။ ဦးမရှိရင် ညီသေလိမ့်မယ်။"

"ဦးမှာရော ဟိုမိုလောကမှာပါ အချစ်ဆိုတာ မရှိဘူး။ ညီနဲ့ တွဲရတာ ငြီးငွေ့သွားပြီ။ ဦးကို နောက်ထပ် မဆက်သွယ်ပါနဲ့။ အခု ဦး နောက်တစ်ယောက်နဲ့ တွဲနေပြီ။ ကားပေါ်က ဆင်းတော့။"

"ဦး ညီတကယ် သတ်သေမှာနော်။ မလုပ်ရဲဘူး မထင်နဲ့။"

 "သေရဲရင် သေလေ။"

သူ ကျွန်တော်ကို စူးစူးနက်နက် ကြည့်လိုက်တယ်။ အဆက်မပြတ် လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းပွတ်လိုက်တယ်။

"ဦး ရက်စက်တယ်။ ဦးကို မုန်းချင်ပေမယ့် မုန်းလို့မရတဲ့ ညီ့စိတ်ကို ညီမုန်းတယ်။ ညီ့ကိုညီ ရွှံတယ်။ ဒါပေမယ့် ညီ ဆုတောင်းတယ်။ ဦးဝဋ် မလည်ပါစေနဲ့။"

သူ ကားပေါ်ကနေ ကမူးရှူးတိုး ပြေးထွက်သွားတယ်။ ကျွန်တော် ရင်ထဲ  ထိတ်ခနဲ ပူသွား မိတယ်။ ကျွန်တော် တားဖို့ ကြိုးစားပေမယ့် အရာရာ နောက်ကျ သွားပြီ။ ကားဘရိတ်အုတ်သံ၊ လဲပြိုသံနဲ့အတူ ကျွန်တော် သိလိုက်ရတာက သူ သေပြီတဲ့။

ရင်ထဲက ပူတာလား၊ နေက ပူတာလား မသိ။ ကျွန်တော် မွန်းကျပ်ပြီး ချွေးစေးတွေ ကျလာတယ်။ ကားပေါ်က ဆင်းသွားရင် ကောင်းမလား။ ဟာ ကျွန်တော့်ကြောင့် သူ သေတာ လူတွေ သိကုန်မှာပေါ့။ ကျွန်တော် ဘာလုပ်ရမလဲ။ မဟုတ်ဘူး။ ကျွန်တော် အဲလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ကျွန်တော် ကစားခဲ့တာ သူရဲ့ အချစ်နဲ့ အသွေးအသားဆိုပေမယ့် သူပေးလိုက်တာက အသက်တစ်ချောင်းတဲ့။

================================

                             အခန်း ( ၂ )

"ညီလည်း ဦးကို ချစ်တယ်။"

ဘုရားရေ ညီတဲ့။ ကျောချမ်းလာပြီး ကြက်သီးတွေ ဖျန်းခနဲ ထသွားတယ်။ ကျွန်တော်နဲ့ တွေ့ရင် သားတို့ ညေးတို့သာ သုံးလေ့ရှိကြတယ်။ အသက်အရွယ်က ကွာတာကိုး။ ခုတော့ ညီနဲ့ ဦးတဲ့။ ကျွန်တော့်ကို အမြဲ အိမ်မက်ထဲမှာ ခြောက်လန့် နေတဲ့ ညီနဲ့မှ  လာဆင်တူ နေရလား။ ဘာပဲဖြစ်ဖြစ် သူရဲ့ နုပျိုမှုက ကျွန်တော့်ကို အချိန် တစ်ခု အထိတော့ ဖမ်းစားထားနိုင်မှာတော့ သေချာတယ်။ တစ်လတောင် မကြာလိုက်ဘဲ ဖေ့ဘွတ် (facebook) ပေါ်ကတွေ့ပြီး
ဖေ့ဘွတ်ကနေ သူ့ဆီက အဖြေရပြီလေ။

" ညေးက ဘာလို့ ကိုယ့်ကိုယ်ကို ညီလို့ ပြောတာလဲ။ အရင်က ညေးလို့ ပြောနေကြမဟုတ်လား။"

"ဦး မကြိုက်လို့လားဟင်။ ညီလို့ပဲ အိမ်ကအစ်ကိုတွေခေါ်တယ်။ ညီလို့ အခေါ်ခံရတာ နွေးထွေးမှုတွေ ရလိုက်တယ်လို့ ခံစားရသလိုပဲ။ ပြီးတော့ ဦးနဲ့ အသက်သိပ်ကွာသလို မခံစားရတော့ဘူးလေ။"

ဘုရား။ အရင် ညီ တုန်းကလဲ ဒီလိုပဲ ပြောခဲ့တာပဲ။ ကျွန်တော် သူ့ကို ပိုပြီး စိတ်ဝင်စားလာတယ်။ ကျွန်တော့်ကို ကွက်ကွက်လေး ပြတဲ့ နှုတ်ခမ်းတွေက သေသွားတဲ့သားရဲ့ နှုတ်ခမ်းလေးတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကလည်း သူ့ကို ပိုစိတ်ဝင်းစားစေတဲ့ အကြောင်းအရာတစ်ခုပင်။ ဒါပေမယ့် သူ့မျက်လုံးတွေက
ညီ့ထက် ပိုလှတယ်။ သူ့အကောင့်မှာ တင်ထားတဲ့ မျက်နှာကို စတစ်ကာနဲ့ အုပ်ထားတဲ့ ခန္ဓာကိုယ်ကလည်း sexy ကျလွန်းတယ်။

"ကဲ ညေးကြိုက်သလိုပဲ ခေါ်မယ်လေ။ ညီ့ကို ဦးလည်း ချစ်တယ်။ ညီရယ် ညီရဲ့ တစ်ကိုယ်လုံးပုံလေးပြပါလား။ ခုထိ မျက်လုံးနဲ့ နှုတ်ခမ်းလေးပဲ မြင်ရသေးတယ်။"

" ဦးကို ညီတစ်ခု ကတိပေးနိုင်တာက သားက လုံးဝရုပ်မဆိုးဘူး။ ဖက်တီးပုပ်လည်း မဟုတ်သလို ပိန်ချိလိန်ချိလည်း မဟုတ်ပါဘူး ဦးရဲ့။ မစိုးရိမ်ပါနဲ့။ အာ ညီ့ wallထဲမှာ တင်ထားတယ်လေ။"

ဟာ သေတော့မှာပဲ။ ပြောပုံက ဆင်ပြန်ပြီ။ ကျွန်တော်  ညီ့ကို သတိရလာတာနဲ့အမျှ ရင်ထဲမှာ စစ်ခနဲ။ စူးခနဲ ဖြစ်လာတယ်။ သူဟာ ကျွန်တော်ကို တစ်သက်လုံးများ လွှမ်းမိုးနေတော့မှာလား။ ကျွန်တော့်ကို ကလဲ့စားချေဖို့ ညီ့မှာ အမြွာ ညီအစ်ကိုတွေများ ရှိနေသလား။ ဒါပေမယ့် သူက အရင်ညီထက် ပိုကဲပြီး ပိုရဲတင်းနေတယ်။

"ကဲ စိတ်ဆိုး နေတာာလား။ ဘာမှ ပြန်မပြောတော့ဘူးပေါ့။ ဟို ဦးဖုန်းထဲကနေ ညီ့ပုံကို တစ်ယောက်ယောက်တွေ့လို့ကို မဖြစ်လို့ပါ။ ဒီလိုလုပ်မယ်လေ။ ခဏစောင့် မျက်နှာတော့ ဝါးထားမယ် အပြင်ရောက်မှကြည့် ဟုတ်ပြီလား။"

ကျွန်တော် စဉ်းစားနေလို့ စာရိုက်မပို့ဖြစ်တာကို သူက စိတ်ဆိုးသွားတယ်လို့ ထင်နေတယ်။ ဟာ အဆင်ပြေချင်တော့လည်း ဘာမှ လုပ်စရာတောင် မလိုပါလား။ သူက တော်တော်ဖြူစင်တာလား။ စိတ်လွယ်တာလား။ ဒီလိုပုံနဲ့ဆို ခက်တော့မယ်။ ကျွန်တော်ကလည်း စားနေကျ ကြောင်ပါးဆိုတော့…။

ခဏကြာတော့ အချက်ပေးသံနဲ့အတူ ချက်ဘောက် (chat  box) လေးထဲကနေ သူရဲ့ မျက်နှာကို ဖျက်ထားတဲ့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ တစ်ကိုယ်လုံးပုံလေး ပေါ်လာတယ်။  ဘုရားရေ။ ရင်အုပ်က အမွှေးနုနုတွေ နို့အုံ ဖောင်းဖောင်းလေးတွေ အသားအရည်တွေကစ ညီနဲ့တူနေပါလား။ တော်သေးတယ်။ သူက ညီ့ထက် နည်းနည်း ပိုပြည့်ပြီး အရပ်ပိုရှည်နေလို့။

"ညီနဲ့ အပြင်မှာတွေ့ချင်တယ်။"

"ခဏနေပါဦး။ တွေ့ဖို့က ညီနဲ့ဦးတို့က ဒီညမှ ချစ်သူဖြစ်တာလေ။ ပြီးတော့ ညီ့အဖေသိရင် ညီ့ကို သတ်မှာ။ ဘယ်မှာ သွားတွေ့ရမှန်းလည်း မသိဘူး။ ပြီးတော့ ညီက ရည်းစားမထားဖူးဘူး။ ပြီးတော့ ဟီး…… ရှက်တယ်ဗျ။"

ညီသေသွားထဲက ကျွန်တော် ဒီကိစ္စကို ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် သိမကြာခင် ပိုးက ပြန်ထလာချင်တယ်။ သေသွားတဲ့ ဇနီးချော မေ့နေရာမှာ ဘယ်သူမှ အစားမထိုးချင်တာရော၊ အစတည်းက လိင်တူစိတ်ဝင်းစားတာရော၊ သားနဲ့ သမီးကို မိထွေး မရစေချင်တာရောကြောင့် အတည်မတွဲဘဲ အသက်ငယ်ငယ် မနူးမနပ်ကောင်းလးတွေကိုသာ အပျော်တွဲ နေခဲ့တာ သေသွားတဲ့ညီ့ကြောင့် နောင်တတော့ရမိသား။

ဒါပေမယ့် နိုင်ငံပေါင်းများစွာကို လှည့်ပတ်သွားကာ စီးပွားရေးကို သိမ်းကျုံးလုပ်နေတဲ့အတွက် တစ်လမှ တစ်ခေါက်တောင် မပြန်ဖြစ်တဲ့ ကျွန်တော့်အတွက် သာယာမှုထွက်ပေါက်က သူတို့ပါပဲ။ လိင်တူ ဆက်ဆံတာကိုလည်း ပိုပြီး တပ်မက်လာသလို လိင်တူ ဆက်ဆံတာဟာ လိင်ကွဲနဲ့ ဆက်ဆံတာလောက် အန္တရာယ်မရှိဘူးလေ။ ယောက်ျားငယ်ငယ်လေးတွေ့ရင် ခြေတော်တင်ချင်တဲ့စိတ်က ထိန်းမရချင်။ ခု လက်ရှိတွဲနေတဲ့ ဝေယံ့ကို ခေါက်ထားလိုက်ချင်ပြီ။
                   
**************

"ဦး ယံ့ဆီကို ဘယ်သူတွေ လွတ်လိုက်တာလဲ။ ဦးလာမှာဆို။"

အင်း ဝေယံပြဿနာတော့ ဒီနေ့အဆုံးသတ်တော့မယ်။ မင်း ဘာတတ်နိုင်မလဲ။ မင်းငယ်ပါသေးတယ် ချာတိတ်ရာ။ ဘဲနှစ်ပွေနဲ့ နှပ်လိုက်ဦး။

"မလာချင်ပါဘူးဆိုတာကို မင်း အတင်းခေါ်တော့ လာချင်တဲ့သူကို ပို့ပေးတာလေ။ အဆင်မပြေဘူးလား။ ဘာလဲ နှစ်ယောက်က နည်းလို့လား။ အာသာမပြေလောက်ဘူးလား။"

ဒါက လမ်းမခွဲချင်တဲ့သကို လမ်းခွဲလာအောင် လုပ်တဲ့နည်း တစ်နည်းပေါ့။ ကျွန်တော့်လူနှစ်ယောက်က ဝေယံကို ကျွန်တော်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ မကျန်အောင်တောင်းလိမ့်မယ်။ ဘယ်သူ့မှ ပြန်မပြောအောင် နှုတ်ပိတ်လိမ့်မယ်။ သူတို့ သဘောကျတော့ ကင်မရာနဲ့ မှတ်တမ်းတင်ပြီး ဝေယံ့ကို အဓမ္မကျင့်ချင် ကျင့်ကြလိမ့်မယ်။

" ဦး ရက်စက်တယ်။ ယံ့ သိက္ခာကိုလည်း စော်ကားတယ်။ ဦးကို အရှက်ခွဲပြမယ်။"

"မင်းလို ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့သူက သိက္ခာဆိုတဲ့စကားကို သုံးသင့်လား။ အဲလို အစော်ကားခံရတာထက် ကောင်းအောင်ရော မင်းနေခဲ့လား။ ဘာ ငါ့ကို အရှက်ခွဲမယ် ဟုတ်လား။ မင်းအဆင့် မင်းမသိရင်လုပ်လေ။ အဲဒီ တိုက်ခန်းကနေ ခွေးတစ်ကောင်လို မောင်းထုတ်ခံရမယ်။ ကျေးဇူးရှင်ကို ပြန်မကိုက်ရဘူးကွ။"

"ကိုယ့်ကိုယ်ကို တန်ဖိုးမထားနိုင်အောင် ဦးပဲ ဖျားယောင်းခဲ့တာ။ အယုံသွင်း စည်းရုံးခဲ့တာ မဟုတ်လား။ ယံက သိက္ခာဆိုတဲ့ စကားနဲ့ မတန်ဘူးဆိုရင် ဦးနဲ့ ပိုလို့တောင် မတန်ဘူး။ တန်ဖိုးမရှိတဲ့ လူနဲ့ ပတ်သက်တာလည်း တန်ဖိုးမရှိတဲ့ ယောက်ျားပဲ။ ဒီထက် ရိုင်းရိုင်းပြောလိုက်မယ်။ ယံကခွေးဆို  ဦးနဲ့ ယံက ခွေးဇာတ်ခင်းပြီးပြီ။ ဦးကသာ ခွေးထက် မိုက်တဲ့လူ ပိုးစိုးပက်စက်  ဝဋ်လည်ပါစေ။ အား…မလုပ်ကြပါနဲ့ဗျာ။ ဦး ခင်ဗျားလူတွေကို ပြန်ခေါ်ပေး။ အား………"

ဝေယံရဲ့ စူးစူးဝါး ညည်းညူ အော်ဟစ်သံကြောင့် ကျွန်တော် ဖုန်းချပစ်လိုက်တယ်။ ဘာ ဝဋ်လည်မယ် ဟုတ်လား။ ဟားဟား။ သွေးရူးသွေးတမ်း လျှောက်ပြောနေတယ်။ ဘယ်လို လည်မလဲ။ စောင့်ကြည့်နေလိုက်။ မင်းသာ ခုအခြေအနေကို ခံနိုင်ရည်ရှိပါစေ။

=================================

                               အခန်း (  ၃  )

"ဦးမှာ ချစ်သူရှိလားဟင်။"

ခက်ပြီ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို ချစ်သူရှိလား မေးရလောက်အောင် သူကနုံရလား။ နုံချင်ယောင်ဆောင်တာလား။ အွန်လိုင်းပေါ်မှာမို့လို့သာ အပြင်မှာဆို နားရင်း အုပ်မိမလားပဲ။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ အဖြေရတာ။ သူဟာ ကျွန်တော့်အတွေ့အကြုံအရ ငယ်ရွယ်ချောမောပြီး လွယ်တယ်ဆိုတာ သေချာတဲ့အတွက် အလှဆုံး မုသားကို သုံးလိုက်တယ်။

"ဦးက မုဆိုးဖိုပါ ညီ။ မိဘ သဘောတူတဲ့ မိန်းမနဲ့ အိမ်ထောင်ကျပြီး ဆယ်နှစ်လောက်ကြာတော့ ဆုံးသွားတယ်။ အချစ်ဆိုတာ ဘာမှန်း နားမလည်တာရယ် ယောက်ျားလေးတွေကိုပဲ ချစ်တတ်တာရယ်ကြောင့် နောက်အိမ်ထောင်မပြုဘဲ နေနေတာ။"

"ဦးက လူပျို မဟုတ်ဘူးပေါ့နော်။"

သြော် အဖြေမပေးခင် လူပျို ဟုတ်မဟုတ်မေးပါလား။ အခုခေတ်မှာ လိင်တူချစ်သူရော လိင်ကွဲတွေပါ လွယ်လွယ်နဲ့ ချစ်သူထားကြတယ်။ အိမ်ထောင်သည်ကလည်း မထိန်းတောင် သူတို့ဘက်က ကိုယ့်ချစ်သူဟာ အိမ်ထောင်သည်လား လူပျို အပျိုလား ကြည့်သင့်တယ်။ သူတို့မှာ ထိန်းသိမ်းသင့်တယ်ဆိုတဲ့အရာတွေ ပျောက်ဆုံးကုန်ပြီလား တော်တော်ခက်ပါလား။

"ညေးအဲ ညီရယ်။ ဦးကို လူပျိုမဟုတ်လို့ စိတ်ပျက်သွားပြီလား။ မချစ်တော့ဘူးလား။"

"အာဗျာ ပေါက်ပေါက်ရှာရှာ။ အဲလို မုဆိုးဖို တစ်ခုလပ် လေးဆယ်ကျော် ယောက်ျားတွေကမှ ကာမ ကြမ်းကျေတာ။ အပြောအဆို ညက်တယ်။ အပြုအစု အယုအယ တော်တာတဲ့။ ဦးကို ပိုချစ်သွားပြီ။"

ဘုရား ဘုရား။ ရိုးရိုးသားသား ဘာမှ မသိဘဲ ပြောတာလား။ ဒါမှမဟုတ် ဒီလိုစကားတွေက သူတို့ ပြောနေကျ စကားတွေလား။ ဘယ်လို မိဘက မွေးပြီး ဘယ်လိုတွေ သွန်သင်ထားပါလိမ့်။ ဒီလိုကောင်းလေးကို ကျွန်တော် တန်ဖိုးမထားတာတော့ ကျွန်တော့်အပြစ် ဖြစ်မယ် မထင်ဘူး။ အင်းလေ အခုခေတ် ဟိုမိုတွေက sexကို ရှေ့တန်းတင်ကြတာပဲလေ။ ဒါက အထူးအဆန်းမှ မဟုတ်တာ။ ကျွန်တော်ဆို grindrက တစ်ခါပြောဖူးရုံနဲ့တောင် အခေါက်ပေါင်းမနည်းအောက် dating လုပ်ခဲ့တာပဲ။

"ညီ့သူငယ်ချင်းရဲ့ ဘဲက လေးဆယ်ကျော် တစ်ခုလပ်ပဲ။ သူပြောပြတဲ့ သူ့ဘဲ အကြောင်းကြားပြီး ညီက အားကျနေတာ။ ဒါပေမယ့် ညီက ချစ်သူ တစ်ခါမှ ထားဖူးဘူးနော်။ ဟိုမိုတွေအကြောင်းလည်း  သိပ်မသိဘူး။"

သူက မအေနဲ့ မနေရသလို ဖအေလည်း ရှိပုံမရဘူးထင်တယ်။ အဖေရှိတယ်လို့တော့ ပြောဖူးသလားပဲ။ ဒါဆိုရင် ရိုင်းရိုင်းပြောရရင် မိမဆုံးမ ဖမဆုံးမ ကလေးမျိုးပဲပေါ့။ အပေါင်းအသင်းကောင်းလည်း မရှိလောက်ဘူး ထင်တယ်။

"သားး ဦးတို့ တွေ့ရအောင်ကွာ။"

"ဟဲ လုံးဝ မဖြစ်ဘူးနော်။ ဒီတစ်မြို့လုံးက ဖေဖေ့ ခြေရာတွေ ဖေဖေ့ အသိတွေချည်းပဲ။ လူမြင်လို့လည်း လုံးဝ မဖြစ်ဘူး။"

"ဒါဆို လူရှင်းတဲ့ တည်းခိုခန်းတစ်ခုခုမှာ အေးအေးဆေးဆေး တွေ့ကြမယ်။ လမ်းဘေးနဲ့နီးတာဆို ဆင်းလိုက်တာနဲ့ တည်းခိုခန်းထဲ ရောက်ရော။ လူတွေ မမြင်တော့ဘူးပေါ့။"

ကျွန်တော်ဆင်တဲ့ အကွက်ထဲဝင်ဖို့အတွက် ကောင်လေးရဲ့ မိုက်မဲမှု များများလိုအပ်တယ်။ ကောင်လေး ကျွန်တော် လိုချင်သလောက် မိုက်မဲပါစေ။ ဟော သူဘက်က စာပြန်ပို့ပြီ။

"အင်းမဆိုးဘူးနော်။ ဟီးရင်ခုန်စရာကြီး။ ကဲ ဒါဆို တွေ့ပြီကွာ မနက်ဖြန်။ ဒါနဲ့ ညီ့ကို ဦးက ဘာလုပ်ဦးမှာလဲ။"

"ဟေး ဒါမှ ညီကွ။ ချစ်ဖို့ကောင်းလိုက်တဲ့ ညီကွာ။ အရမ်းချစ်တယ် မွမွ။ အရာရာ ညီ့သဘောပါဗျာ။ တွေ့ပြီး ဖက်နမ်း၊ မျက်နှာလေးကို ကြည့်ပြီးတူတူအိပ်ရရင် တော်ပါပြီ။"

"ဟင့်အင်း ရဘူးဗျာ။ ………"

အဲဒီညက ကျွန်တော်တို့ရဲ့ အဝတ်မဲ့အောက်ပိုင်းပုံတွေ အပြန်အလှန်ပို့ကြတယ်။ အပြင်မှာ ချစ်တင်းနှောသလို sex  chatting လုပ် ကြတယ်။ သူက ကျွန်တော့်အတွက် လိင်ဖြေဖျော်ဖြေဖို့လောက်ပဲ တန်ဖိုးထားစရာကောင်းတဲ့ ခပ်ရွရွ ချာတိတ်လေးပေါ့။ သူရဲ့နုပျိုမှုကတော့ မက်လောက်စရာပါပဲ။
အဲဒီအချိန်မှာတော့ သူက ငါးမျှားချိတ်မမြင်တဲ့ ငါးလို့ ကျွန်တော် တွေးနေမိတယ်။ တကယ်တော့ ကျွန်တော်က ငါးစာကိုသာ အသာပြင်းပြင်း ဟပ်ချင်နေတဲ့ ငါးဖြစ်နေတယ် ဆိုတာ……။

                         *************

"ရင်ခုန်လိုက်တိုင်း…ငါရင်ခုန်တိုင်း…ငါ နင်အနား…အမြဲရှိချင်ပြီ……"

အိပ်ခါနီး ဖုန်းသံလေး ကြားလိုက်တော့ ကြည်နူးမှုလေးတွေ ပျောက်ချင်ချင်။ ဟာ အမေခေါ်တာပါလား။ ဘာတွေ မိန့်ခွန်းချွေ ဦးမှာပါလိမ့်။

"ဟဲလို အမေ"

"ဟဲ့ မဟာ နင့်မှာ အမေနဲ့ သားသမီးတွေ ရှိနေသေးတယ်ဆိုတာရော မှတ်မိသေးရဲ့လား။"

အမေတို့အဲဒါတွေခက်တာ။ အမြဲ ပွစိပွစိနဲ့။ ဒါကြောင့် အိမ်မပြန်ချင်တာလည်းပါတယ်။ မေဆုံးပြီးတည်းက အိမ်သိပ်မကပ်ပေမယ့် အမေရယ၊် သားနဲ့သမီးရယ်ကို  မပူမပင်ရအောင် ထားနေတာပါပဲ။

"အမေကလည်း သားက မအားလို့ပါ။ အမေ ဘာလိုလို့လဲ။"

"ဟဲ့ မအားရအောင် နင်က ၂၄ နာရီ အလုပ်လုပ်နေတာလား။ ငါမပြောချင်ဘူး။ စီးပွားရေး အရေခြုံပြီး နင်ခြေရှုပ်နေတာ ငါမသိဘူး မထင်နဲ့။ ပြီးတော့ ဘာလိုလို့လဲ ဟုတ်လား။ နင်က ငွေရှာပေးနေရုံနဲ့ သားသမီးတာဝန်၊ မိဘတာဝန် ကျေပြီထင်နေလား။ နင့်ကလေးတွေအတွက် ဂရုစိုက်မှုတို့ မေတ္တာတရားတို့ လိုအပ်မယ်ဆိုတာ နင်မသိဘူးလား။"

"အမေကလည်းဗျာ။ အမေရှိတာပဲ။ အမေ ဂရုစိုက်နေတာပဲ။"

"ဟဲ့တူမလား။ ကလေးတွေက နင့်မိန်းမသေတည်းက မအေရော ဖအေပါ သေသလို ခံစားနေရတယ် ဆိုတာ နင်သိလား။ ထပ်ပြောလိုက်မယ်။ အခု နင့်သားက လူပျို အရွယ်ရောက်နေပြီ။  နင့်သားကလည်း အိုး ငါပြောမထွက်သလို နားလည်း မလည်ချင်ဘူး။ ငါက အကုန်လိုက်မကြည့်နိုင်သလို အကုန်လည်း မသိနိုင်ဘူး တစ်ခုခုဖြစ်မှ နောင်တမရနဲ့။ နင်ရော အခု ဘယ်ကောင်မလေးနဲ့ ရှုပ်နေပြီလဲ။ မိန်းမယူဆိုတော့ မယူဘူး။ နင်ရှုပ်ထားတာတွေ နင့်သမီးကို  ဝဋ်မလည်စေနဲ့။"

အမေပြောတာလည်း ဟုတ်ပါတယ်လေ။ "မေ့ကိုလွမ်းလို့ အိမ်ပြန်မလာချင်ဘူး။ မေ့နေရာမှာ ဘယ်သူမှ အစားမထိုးနိုင်ဘူး။  မိန်းမယူရင် တစ်ယောက်တည်းရမယ်။ မယူဘဲနေရင် အများကြီးရတယ်။" ဒီလိုစကားတွေဟာ ဆင်ခြေကောင်းမဟုတ်ခဲ့မှန်း ကျွန်တော်လည်း သိတာပဲလေ။ ကျွန်တော် လိင်တူချင်း ပိုတပ်မက်ပြီးတဲ့အတွက် အိမ်ထောင်မပြုချင်တာရော၊ အများဆုံးတွဲဖြစ်နေတာ ယောက်ျားလေးတွေနဲ့ ဆိုတာ အမေနဲ့ သားသမီးတွေ သိသွားမှာ စိုးလို့ အိမ်မပြန်ဖြစ်တာလဲ ပါတယ်။ အင်း ဟိုမိုတစ်ယောက် ဖြစ်လာရင် မိသားစု ပတ်ဝန်းကျင်နဲ့ ကင်းကွာလာတတ်တာ ထုံးစံလိုပါပဲ။

"နင့်အပြစ်တွေ တော်တော်များနေပြီ။ မကောင်းမှု များများလုပ်လေ ကြီးကြီးမားမား ဒုက္ခတွေ့လေပဲ ဆိုတာ မမေ့နဲ့။ "

အပြစ်တွေ တော်တော် များနေပြီတဲ့။ သမီးက လမ်းထိပ်က ကလေကချေတစ်ယောက်နဲ့ ဘာလိုလို၊ ကျွန်တော့်ရဲ့သားအကြောင်း ပြောမထွက်သလို နားမလည်ဘူးဆိုတဲ့စကားက ကျွန်တော့်ကို အချက်ပေးနေတယ်။ ကျွန်တော် ဖျက်ခဲ့တဲ့ ဘဝတွေရဲ့ ခြောက်လှန့်မှု၊ ညီ့မျက်လုံးတွေရဲ့ ခြောက်လှန့်မှုရယ်၊ သားကရော အမေ နားမလည်တဲ့ ကျွန်တော်လို လိင်တူဖြစ်နေမလား။ သားသာ gay ဖြစ်ပြီး ကျွန်တော့်လို သူများ သားပျိုသမီးပျိုကို ဖျက်ဆီးတဲ့လူနဲ့သာတွေ့ရင်ဆိုတဲ့ အတွေးတွေရဲ့ ခြောက်လှန့်မှုရယ်ကြောင့် ဒီည ကျွန်တော် အိပ်ပျော်နိုင်မယ် မထင်တော့ဘူး။ အိပ်ပျော်တဲ့အချိန်မှာတော့ အသက်ဝင်နေတဲ့ သက်တန့်တစ်စင်းက ကျွန်တော့်နှလုံးသား တစ်စွတ်စွတ်ထိုးစိုက်လို့နေတယ်။

================================

                               နိဂုံး
                              ***

တည်းခိုခန်း တံခါးလေးကို စေ့ရုံ စေ့ထားပြီး ညီတစ်ဖြစ်လဲ ညေးကို စောင့်နေမိတယ်။ ဒီလို အချိန်တိုင်း ညီ့ရဲ့ မျက်လုံးတွေကို ကျွန်တော် သတိရနေတတ်တယ်။ အိပ်မက်ထဲကလို ခဏခဏ စကားတွေ ပြောနေတတ်တယ်။

ဒီနေ့ဟာ ညေးနဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ အလျောက် သာယာစရာတွေပဲ ဖြစ်လာမှာပါ။ ညီရေ ညေးရဲ့မျက်လုံး လှလှလေးတွေ၊ မေ့မရတဲ့ညီနဲ့တူတဲ့ နှုတ်ခမ်းလေးတွေ၊ ညီနဲ့ ဆင်တူတဲ့ ပြောဆို မူကျင့်ပုံလေးတွေ၊ နုပျိုမှုတွေကို ရင်ခုန်ပါရစေဦး။ ခဏလောက်တော့ ညီ့ရဲ့ မျက်လုံးတွေကို မှိတ်ထားပေးပါနော်။ ကျွန်တော့်စိတ်ထဲက ဝေးဝေးနေပေးပါဦးနော်။

"ဒေါက်။ ဒေါက်။"

ဖြစ်ပျက်သမျှကို မှတ်တမ်းယူပြီး ပြန်အရသာခံဖို့ တစ်ခြားသူငယ်ချင်းတွေကို မျှဝေဖို့ ကင်မရာကို ချိန်ရင်း ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ခုန်သွားတယ်။ အသံက ကျွန်တော့် ရင်ဘတ်ကို လာခေါက်သလိုပါပဲ။ ကျွန်တော် ခါတိုင်းထက် ပိုစိတ်လှုပ်ရှားနေတယ်။ တစ်ခုခုကို စိုးထိတ်လာသလိုပဲ။

"ဒေါက်။ ဒေါက်။"

ကျွန်တော် ကြယ်သီးတွေ ဖြုတ်ပြီး ရင်ဘတ်ကားကားကို လှစ်ဟ ထားလိုက်တယ်။ ခါးပတ်အရှေ့ပိုင်းကို ခါးပတ်အိမ်ကနေ ဆွဲဖြုတ်ပြီး အပြင်ကို အစွန်းနှစ်ဖက် ထုတ်ထားလိုက်တယ်။ ခါးကို မတ်နေစေပြီး အင်္ကျီကို ဆွဲဆန့်လိုက်တယ်။ အကျီင်္ချွတ်ပြီး အောက်ခံဘောင်းဘီလေးနဲ့ပဲဆို ညေးကို ပိုစိတ်လှုပ်ရှားစေမလား။ ဟာမလိုပါဘူးလေ။ တံခါးနောက်က ပုန်းပြီး ညေးဝင်လာတာနဲ့ ပွေ့ဖက်ပြီး နှုတ်ခမ်းကို နမ်းရှိုက်ဖို့ ပြင်လိုက်တယ်။ အဆင်ပြေပြီ ဆိုတော့ တံခါးကို ဖွင့်ပေးလိုက်တယ်။

ဝင်လာတဲ့ညေးကို ရုတ်တရက်ဆွဲဖက်ပစ်ပြီး ငုံ့ထားတဲ့ မျက်နှာကို ဆွဲမော့ပြီး နမ်းရှိုက်ဖို့ ကြိုးစားလိုက်တယ်။ ဘုရးရေ။ အဖြူရောင် ဝတ်စုံ။ ဝါညက်ညက် အသား၊ လှပသေသပ်တဲ့ နှုတ်ခမ်းတွေ။ တော်တော့်ကို ရင်းနှီးတဲ့ မျက်နှာ။ ဒါ ဘယ်လို ကံတရားက ပေးတဲ့ ဆိုးရွားတဲ့ တိုက်ဆိုင်မှုလဲ။

"ဖေ……"

ကျွန်တော် ဘာမှ မပြောနိုင်ခင် သူ ပြေးထွက်သွာတယ်။ ဖျတ်ခနဲ မြင်လိုက်ချိန်မှာ သေသေချာချာတွေ့လိုက်တာ ထိတ်လန့်ခြင်း၊ ယူကြုံးမရခြင်း၊ ဝမ်းနည်းခြင်းတို့ ပြည့်နက်နေတဲ့ ကျွန်တော့်သားအရင်းရဲ့ မျက်လုံးတွေပါပဲ။ မိနစ်ပိုင်းလေးပဲ ကြာလိုက်တယ်။

အခန်းတံခါးဆွဲဖွင့်ပြီး လူရှင်းတဲ့ တည်းခိုခန်းကနေ သားနောက်ကို လိုက်သွားမိတယ်။ သားက ကမူးရှူးတိုးနဲ့ ထွက်ပြေးပြီး လမ်းရဲ့ တစ်ဘက်ကို ကူးသွားတယ်။

"ကျွှီ"
"ဝုန်း"

ကျွန်တော် ဘယ်သူမှ မမြင်အောင် ကားပေါ်ကို အမြန်ပြေးတက်ပြီး ကြည့်လိုက်ချိန်မှာ သားက မမြင်တာလား တမင်တကာလား မသိဘဲ ကားတစ်စီးရှေ့ကို ပြေးဝင်သွားတယ်။ အိုး သားရဲ့ အဖြူရောင်အဝတ်စုံ ဝတ်ထားတဲ့ ခန္ဓာကိုယ်လေး မြှောက်တက်သွားတယ်။ ပြန်အကျမှာတော့ အနီရောင်တွေ စွန်းပေပြီး အနီရည်တွေ အိုင်ထွန်းလို့လာတယ်။ ယောင်ရမ်းအော်မိပြီးတာရော ရှိုက်ငိုမိတာကိုပါ လူသိမှာ စိုးတာနဲ့ ပါးစပ်ထဲကို လက်ကိုင်ပဝါ ထိုးထည့်ထားလိုက်တယ်။  သားရယ် အဖြစ်ဆိုးလိုက်တာကွာ။
မိမဆုံးမ ဖမဆုံးမလို့ ကျွန်တော်ထင်ခဲ့တဲ့ညေး၊ ညစ်ညမ်းပုံတွေပို့ ညစ်ညမ်းစကားတွေ ပြောတဲ့အပြင်  ကျွန်တော် တန်ဖိုးမထားဘဲ တည်းခိုခန်းခေါ်ပြီး ကင်မရာနဲ့ မှတ်တမ်းတင် ဖျက်ဆီးဖို့ ကြိုးစားမိတဲ့ညေးက ကျွန်တော့် သားအရင်းတဲ့။ ကျွန်တော်က ဘယ်လို အဖေမျိုးလဲ။

ကျွန်တော် သားလို့ တမ်းတမ်းတတ အော်ဟစ် ခေါ်ချင်မိတယ်။ ဒါပေမယ့် သူများတွေ ကြားလို့ မဖြစ်သလို ကျွန်တော် ကိုယ်တိုင်လည်း ပြန်မကြားရဲဘူး။ အဲဒီလို  ခေါ်ခွင့်မရှိသလို ခေါ်ဖို့လည်း မထိုက်တန်ဘူးလေး။ သွေးက စကားပြောနိုင်လောက်အောင် ရမ္မက်ကြီးတဲ့ကျွန်တော်၊ သွေးက စကားမပြောနိုင်လောက်အောင် အပြစ်ကြီးတဲ့ ကျွန်တော်။ ဒိထက်ဆိုးတဲ့ အဖြစ် လောကမှာရှိမယ်တောင် မထင်တော့ဘူး။

လူတွေ သားအနားကို ဝိုင်းအုံလာတော့ ကွယ်ပျောက်သွားတဲ့ သားရဲ့မျက်နှာကို ကျွန်တော် နှမျော တသစွာ ကြည့်နေမိတယ်။ တစ်ယောက်တစ်ပေါက် ပြောနေတဲ့ အထဲက လူတိုင်းကြားနိုင်လောက်တဲ့ပီပီသသ ကြားရတဲ့ စကားနှစ်ခွန်းရှိတယ်။ ဘုရားရေ ဦးမင်းမဟာက သားနဲ့ တည်းခိုခန်းမှာ ချိန်းတွေ့တယ်လို့ လူတွေ ထင်သွားရင် ဘယ်လိုလုပ်မလဲ။

"ကောင်လေးက မဟာကုမ္ပဏီပိုင်ရှင် ဦးမင်းမဟာရဲ့သားပဲ"

"ဟာ ဟုတ်လား။ ဦးမင်းမဟာက ဒီဘေးက ကျွန်တော်တို့ တည်းခန်းထဲမှာ ရှိနေတုန်းပဲ။ ခုသွားခေါ်လိုက်မယ်။

နားထဲမှာတော့ ညီ့ရဲ့အသံ၊ ဝေယံ့အသံ၊ မေမေ့ရဲ့ အသံ တွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာ သွေးအိုင်ထဲ လဲနေတဲ့ ညီကတစ်လှည့် သားကတစ်လှည့် နေရာယူနေတယ်။ ကျွန်တော်ဟာ ယောက်ျားမပီသသော ယောက်ျား၊ လူမပီသတဲ့လူ၊ ဖအေမပီသတဲ့ ဖအေပါ။

"အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူးဆိုပေမယ့် လောကမှာ သေတာထက် ဆိုးတဲ့အရာတွေ အများကြီးရှိတယ်။ ညီ့အပြစ်က အသက်ထက်ပိုပေးဆပ်ဖို့ မတန်လို့ သေခြင်းတရားကို ညီကိုယ်တိုင် ရွေးချယ်နိုင်ပြီ။ လိင်တူတွေရဲ့ အချစ်ကို ကစားတဲ့ဦး၊ လိင်တူတွေရဲ့ဘဝကို ဖျက်ဆီးတဲ့ဦးက သက်တံ့ရောင် အဆိပ်သင့်လိမ့်မယ်။ ဦးက သေတာထက်ဆိုးတဲ့ အဖြစ်နဲ့အတူ တစ်သက်လုံး နောင်တနဲ့ အသက်ရှင်ရမယ်။"

"ကိုယ့်ကိုယ်ကို တန်ဖိုးမထားနိုင်အောင် ဦးပဲ ဖျားယောင်းခဲ့တာ။ အယုံသွင်း စည်းရုံးခဲ့တာ မဟုတ်လား။ ယံသိက္ခာဆိုတဲ့ စကားနဲ့
မတန်ဘူးဆိုရင် ဦးနဲ့ ပိုလို့တောင် မတန်ဘူး။ တန်ဖိုးမရှိတဲ့ လူနဲ့ ပတ်သက်တာလည်း တန်ဖိုးမရှိတဲ့ ယောက်ျားပဲ။ ဒီထက် ရိုင်းရိုင်းပြောလိုက်မယ်။ ယံကခွေးဆို  ဦးနဲ့ ယံက ခွေးဇာတ်ခင်းပြီးပြီ။ ဦးကမှ ခွေးထက်မိုက်တဲ့လူ။ ပိုးစိုးပက်စက်  ဝဋ်လည်ပါစေ။"

"နင့်အပြစ်တွေ တော်တော်များနေပြီ။ မကောင်းမှု များများလုပ်လေ ကြီးကြီးမားမား ဒုက္ခတွေ့လေပဲ ဆိုတာ မမေ့နဲ့။"

အိုး အကုန်လုံးရဲ့ စကားသံတွေ ကျွန်တော့်နားထဲ ပဲ့တင်ထပ်လို့နေတယ်။ ပွင့်လင်းခွင့်မရတဲ့ လိင်တူ ချစ်သူတွေအတွက် အွန်းလိုင်းဟာ အကောင်းဆုံး ဆက်သွယ်ရေး တစ်ခုဖြစ်ပေမယ့် တကယ်တော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးဆိုတာကို မမြင်တတ်ကြပါဘူး။ သားလို ဖေ့ဘွတ်ရဲ့ သားကောင် ဖြစ်နေတဲ့ လိင်တူလူငယ်မျိုး၊ ကျွန်တော်လို လူယုတ်မာတွေရဲ့ သားကောင် ဖြစ်နေတဲ့ လိင်တူလူငယ်မျိုး ဘယ်သူမှ ထပ်မဖြစ်ပါစေနဲ့။ ကျွန်တော် နောင်တရပါပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်က ဖိနှိပ်ကြတဲ့ လိင်တူချစ်သူတွေကို အထင်သေးဖျက်ဆီးတတ်တဲ့ ကျွန်တော်ရဲ့ အပြစ်တွေက အသက်နဲ့ ဆပ်ရင်တောင် ကျေနိုင်စရာမရှိပါဘူး။ အဲဒီနောင်တတွေ၊ ယုတ်မာခဲ့မှုတွေ၊ အကုသိုလ် အကျိုးဆက်တွေကို ဘယ်လိုများ ဆက်ပြီး သည်းခံရပါ့မလဲ။ ကျွန်တော့်ကြောင့် ကွဲခဲ့တဲ့ နှလုံးသားတွေ၊ ပျက်ခဲ့တဲ့ ဘဝတွေ၊ စတေးခဲ့တဲ့ အသက်တွေထဲမှာ ကျွန်တော့်သား အရင်းပါ ပါတယ်ဆိုတာ လူတွေသာ သိသွားခဲ့ရင်၊ ကျွန်တော်က လိင်တူချစ်သူပေါင်းများစွာနဲ့ သားအရင်းဖြစ်သူကို ………။
                                           Written by သက်တန့်ချစ်သူ



(ကျနော် Alex Aung အနေနဲ့ လျှပ်စစ်မီးမရသေးသော ကျေးရွာ တစ်ခုကို ရောက်နေတာ တစ်နှစ်ကျော်ပြီဖြစ်သလို စာရေးဖို့ အခွင့်​အ​ရေး မရသောကြောင့် စာအသစ်တွေ မရေး မတင်ဖြစ်တာပါ။ ဖတ်လို့အဆင်ပြေမယ့် သူများရေးထားတာရယ် ကျနော်ရေးသောအဟောင်းလေးတွေ ဆောင်းပါးတွေကို Share နေရတဲ့အတွက် တောင်းပန်ပါတယ်။) 

1 comment:

Unknown said...

I loved it. Thanks!!