Tuesday, September 18, 2018

“လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (STDs)"



ဒီတစ်ပတ်မှာတော့ ညေးတို့သိထားသင့်တဲ့ ကာလသားရောဂါတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ မကြာခဏလည်း လာလာမေးကြတယ်၊ ကျွန်တော့်လိင်တံမှာ ဘာဖြစ်လို့၊ ဘယ်လိုအရည်တွေ ထွက်လို့ စသဖြင့်ပေါ့။ အဲဒီလိုလာမေးတဲ့ ညီငယ်အားလုံးဟာလည်း အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့ကြတာကို တွေ့ရတယ်။ အကြောင်းကြောင်းတွေကြောင့်ပေါ့၊ ကောင်မလေးက လန်းတော့ မရှိလောက်ဘူးထင်လို့ တို့၊ တအားစိတ်တွေ ပြင်းပြနေလို့ တို့၊ ကွန်ဒုံးအဆင်သင့်မပါလို့၊ မသုံးတတ်လို့ ပေါက်သွားလို့ တို့ စတဲ့ အကြောင်းရင်းမျိုးစုံနဲ့ ဒီလိုဆက်ဆံမိသွားတတ်တယ်။ ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် သေချာတာကတော့ ရောဂါပိုး ကူးစက်သွားနိုင်တယ် ဆိုတာပါပဲ။ ဒါကြောင့် ညေးတို့အနေနဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဖြစ်အောင် ဒီဆောင်းပါးလေးကတစ်ဆင့် ပြောပြလိုပါတယ်။

၁။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဆိုတာ ဘာတွေလဲ

HIV ပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ဂနို၊ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့ စတဲ့ ရောဂါတွေကို ပြောတာပါ။ အဲဒီရောဂါတွေက သွေးနဲ့ထိတွေ့ရင်း ကူးတာ၊ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားဆီ ကူးတာတွေ ရှိပေမယ့် များသောအားဖြင့်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တယ်။ ဒါကြောင့်မို့ လိင်မှုကိစ္စ ဆင်ခြင်စောင့်ထိန်းတာ၊ တကယ်လို့ အကြောင်းကြောင့် ပျော်မိပါးမိမယ်ဆိုလည်း ကွန်ဒုံးသုံးတာမျိုး လုပ်ဖို့လိုမယ်။

၂။ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ

လိင်အင်္ဂါ အနာပေါက်ခြင်းလိင်တံထိပ်မှ ပြည်ထွက်ခြင်း၊ အဖြူရည်ကျခြင်းဆီးသွားလျှင် နာကျင်ခြင်းကြွက်နို့ပေါက်ခြင်းပေါင်ခြံအကြိတ်ထွက်ခြင်း စတဲ့ပုံစံတွေနဲ့ ပြတတ်တယ်၊ ယောကျာ်းလေးတွေမှာဆိုရင်ပေါ့။ များသောအားဖြင့် ညီလေးတို့ယောကျာ်းတွေမှာက ပိုးကူးစက်ခံလိုက်ရရင် ရောဂါလက္ခဏာ ပြတာများတယ်။ ဒါကြောင့် ဖြစ်လာရင် အမြန်ဆုံးကုသမှု ခံယူလိုက်ဖို့တော့ လိုမယ်။

၃။ ဘယ်နေရာတွေမှာ ကုသလို့ရသလဲ

မြို့နယ်ဆေးရုံတွေမှာ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ ရှိသလို NGO ဆေးခန်းတွေလည်း ရှိပါတယ်။ အဲဒီမှာ သွားရောက်ကုသမှု ခံယူလို့ရပါတယ်။ ပိုးသတ်ဆေးပေးမယ်၊ လိုအပ်ရင် ညီလေးတို့ကောင်မလေးကိုပါ ကုဖို့လိုကောင်းလိုလိမ့်မယ်။ ဘာလို့ဆိုတော့ ညီတို့ဆီမှာ ကူးလာရင် သူတို့ဆီလည်း ရောက်သွားမှာပဲ၊ အတူနေဖြစ်ကြတယ်ဆိုရင်ပေါ့၊ များသောအားဖြင့် မိန်းကလေးတွေဆီမှာ ကာလသားပိုးကူးစက်ခံရတဲ့ အဓိကအကြောင်းက သူတို့ကောင်လေးတွေ၊ အိမ်ထောင်ဖက်တွေဆီကပဲ။ ဆေးကုသမှုအပြင် ကွန်ဒုံးတွေလည်း ပေးမယ်၊ သုံးပုံသုံးနည်း မသိရင်လည်း သင်ပေးတယ်၊ လိုအပ်ရင် သွေးစစ်ပေးတယ်၊ နှစ်သိမ့်ဆွေးနွေးမှုတွေလည်း လုပ်ပေးပါတယ်။ ဒါကြောင့်မို့ ဆေးမြီးတိုတွေသောက်၊ ဟိုလူ့မေး ဒီလူ့မေး လုပ်နေမယ့်အစား စနစ်တကျ ကုပေးနိုင်တဲ့နေရာတွေမှာ သွားပြတာ ပိုကောင်းပါတယ်။

၎။ ကုလို့မရတဲ့ရောဂါ (သို့မဟုတ်) အေအိုင်ဒီအက်စ်

လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုးပြန်ခွဲလို့ရသေးတယ်။ ကုလို့ရတဲ့ ရောဂါနဲ့ ကုလို့မရတဲ့ ရောဂါ။ ကုလို့မရဘူးဆိုတာကတော့ HIV ပိုးကို ပြောတာပါ။ ဒီပိုးကို ထိန်းထားလို့ရတဲ့ဆေးတွေ ပေါ်နေပြီ၊ ဒီပိုးကူးစက်ခံလိုက်ရလည်း လူ့သက်တမ်းစေ့ နေလို့ရနေပြီ ဆိုပေမယ့် အရှင်းပျောက်အောင်တော့ ကုလို့မရသေးပါဘူး။

ပိုးဝင်သွားရင် ဒီပိုးက လူခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ဖျက်ပါတယ်။ ဒီအခါ လူက တဖြည်းဖြည်း ခုခံအားကျဆင်းလာမယ်။ ခဏခဏဖျားမယ်၊ ၀မ်းလျှောမယ်၊ ပိန်သွားမယ်၊ အစားအသောက် ပျက်လာမယ်၊ ဒီလိုလက္ခဏာတွေ ပေါ်လာမယ်။ ဒါဆိုရင်တော့ AIDS အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်ပါတယ်။

အဲဒီအဆင့် မရောက်ခင် သိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အဲဒါ သွေးစစ်ဆေးခြင်းပါ။ သွေးစစ်တာနဲ့ ပတ်သက်လို့ တော်တော်များများ မသိကြသေးတာတစ်ခုကတော့ စိတ်အပူလွန်ပြီး ချက်ချင်းသွေးစစ်ကြတာပါပဲ။ HIV ပိုးကို စစ်လို့ မပေါ်နိုင်သေးတဲ့အချိန်မှာ သွားစစ်တော့ ပိုးမရှိဘူးဆိုတဲ့ အဖြေမျိုးပဲ ရမှာပေါ့။ ဒါက တကယ်မကူးစက်သွားတာလည်း ဖြစ်နိုင်သလို၊ ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။ မကူးစက်သွားရင်က ပြဿနာမရှိပေမယ့် ကူးစက်ခံလိုက်ရပြီး မပေါ်သေးတာကို မရှိဘူးလို့ အထင်မှားသွားရင်တော့ ပြဿနာကြီးပါတယ်။ ကိုယ့်ဆီကနေ တခြားလူတွေဆီ သွေးကတစ်ဆင့်၊ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်သွားနိုင်လို့ပါ။ ဒါကြောင့်မို့ အကာအကွယ်မဲ့ ဆက်ဆံပြီး အနည်းဆုံး(၃)လကြာတော့မှ သွေးစစ်ဆေးကြည့်သင့်ပါတယ်။

စစ်ဆေးတဲ့အခါမှာ ကျွမ်းကျင်သူနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူပြီးမှ စစ်နိုင်တယ်ဆို အကောင်းဆုံးပါပဲ။ ကောင်းကောင်းဆွေးနွေးမှု မခံယူဘဲ သွေးစစ်လိုက်ရင် ပိုးတကယ်ရှိနေတာ သိလိုက်ရတဲ့အခါ တအားစိတ်ဓါတ်ကျသွားနိုင်တယ်။ ဒါကြောင့် ဆွေးနွေးမှုခံယူပြီးမှ စစ်ဆေးပါ။ တကယ်လို့ ပိုးမရှိပါဘူးလို့ အဖြေထွက်ရင်လည်း ဆွေးနွေးမှုလုပ်ထားတဲ့သူက နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမလဲ သိသွားတယ်၊ အပြုအမူတွေ ပြောင်းလဲနိုင်သွားမယ်။ ဒါကြောင့်မို့ စစ်ဆေးမှုမပြုခင် စနစ်တကျ နှစ်သိမ့်ဆွေးနွေးမှုခံယူဖို့ သိပ်အရေးကြီးပါတယ်။

၅။ ဒီရောဂါတွေ မကူးအောင် ဘယ်လိုကာကွယ်မလဲ

ဒီအပိုင်းကတော့ ညီလေးတို့ကို အသိစေချင်ဆုံးအပိုင်း ဖြစ်ပါတယ်။ ဖြစ်မှကုမယ့်အစား မဖြစ်ခင်ကတည်းက ကာကွယ်နိုင်ရင် သိပ်ကောင်းတာပေါ့။ တကယ်ဆို ဖြစ်လာရင် ညီတို့လည်း ဆေးမကုချင်ပါဘူး၊ ဘာလို့ဆိုတော့ ရှက်တာကိုး။ အဲဒီတော့ နောက်ဆက်တွဲပြဿနာတွေ တက်လာတယ်၊ ကိုယ့်မိန်းကလေး၊ ကိုယ့်အိမ်ထောင်ဖက်ဆီလည်း ကူးသွားမယ်။ ဒါကြောင့် သေချာလေး စနစ်တကျ ကာကွယ်စေချင်ပါတယ်။

တကယ်တော့ ဒီရောဂါတွေ ကူးစက်မခံရအောင် အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက လိင်ကိစ္စတွေ မလုပ်ဖို့ပါ။ အထူးသဖြင့် ပြည့်တန်ဆာတွေနဲ့ ပျော်ပါးမိတာမျိုး မလုပ်ရင် ဒီရောဂါတွေလည်း မကူးနိုင်တော့ပါဘူး။

ဒါပေမယ့်လည်း ခက်တော့ခက်တာပေါ့လေ။ အရွယ်ရောက်လာရင် လိင်ကိစ္စ ဆိုတာက ရှိလာတာကိုး။ အဲဒီလို ရှိလာမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ဘယ်တော့မှ မလုပ်မိဖို့တော့ သတိထားရပါလိမ့်မယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း၊ ဘယ်သူနဲ့ပဲဖြစ်ပါစေ၊ ဘယ်လောက်လန်းနေ လှနေပါစေ၊ ကွန်ဒုံးသုံးပါ။

ကိုယ်က ဒီလိုမထင်ရင် မထင်သလို ဖြစ်သွားတတ်တယ်ဆို ပိုလို့တောင် အိတ်ထဲမှာ ဆောင်ထားသင့်တယ်။ ဒါကို ၀ယ်ရမှာလည်း မရှက်နဲ့။ ပုထုဇဉ်လူသားမှန်ရင် လိင်ကိစ္စ ဆိုတာရှိတယ်။ ဒီတော့ မရှက်နဲ့။ ကိုယ့်ကျန်းမာရေးအတွက် ၀ယ်ရတယ်လို့ သဘောထား။ မိန်းကလေးတွေ လစဉ်သုံးပစ္စည်း ၀ယ်သလိုပေါ့ကွာ။ ရှက်လွန်းသပ ဆိုလည်း အွန်လိုင်းကနေ လှမ်းမှာဝယ်။

ဒီကွန်ဒုံးက ဘယ်လောက်တောင် အကျိုးကျေးဇူးရှိလဲဆို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် ကိုယ်ဝန်ရမှာကိုလည်း စိုးရိမ်စရာ မလိုဘူး။ ဒါကြောင့် အပြင်က မိန်းကလေးနဲ့ နေမိလည်း သုံး။ ကိုယ့်ကောင်မလေးနဲ့များ နေဖြစ်ခဲ့ရင်လည်း သုံး။ လိင်ဆက်ဆံတိုင်းမှာ သုံး။ အဲဒါ အကောင်းဆုံးပဲ။ အသုံးပြုရတာလည်း လွယ်လွယ်လေး။ အဓိက မှတ်ဖို့ကတော့ စပြီး အတူနေကတည်းက စွပ်၊ ပြီးခါနီးမှ စွပ်မယ်မလုပ်နဲ့။ နောက် စိတ်အပူလွန်ပြီးလည်း နှစ်ထပ်မစွပ်နဲ့။ အဲဒါက ကွန်ဒုံးပိုပေါက်တတ်တယ်။

အဲဒီလို အကာအကွယ်သုံးပါဆို ညေးတို့မှာလည်း အခက်အခဲလေးတွေ ရှိတယ်။ တစ်ခါတစ်လေမှာ ဘယ်လိုကြုံရနိုင်လဲဆို စိတ်က တအားပြင်းထန်နေပြီ၊ မိန်းကလေးကလည်း ရှိနေတယ်၊ ဒီကွန်ဒုံးသာ မရှိတာ။ ညကလည်း ညဖက်၊ ၀ယ်လို့မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲ။ အစ်ကိုပြောပြီးသား။ တစ်ခါတည်းပါ လို့ ဘယ်တော့မှ မတွေးလိုက်နဲ့။ စိတ်ကလည်း တအားပြင်းထန်နေတယ်ဆို ထိုးသွင်းဆက်ဆံခြင်း မဟုတ်တဲ့ တခြားနည်းတွေရှိတယ်။ လက်နဲ့လုပ်တာ၊ ရင်သားနဲ့လုပ်တာ၊ ဒီနည်းတွေနဲ့ အစားထိုးထွက်ပေါက်ပေးလိုက်။

နောက်တစ်ခု ညီလေးတို့အများစု ပြောတတ်တာ ရှိသေး။ ဘာတဲ့ အလွှာပါးပေမယ့် ကမ္ဘာခြားသတဲ့။ ပိုးမကူးစက်အောင် တစ်ယောက်နဲ့တစ်ယောက် မထိတွေ့ဖို့ ကြားခံအနေနဲ့ သုံးရတာမို့ တိုက်ရိုက်တော့ ထိတွေ့နေမှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ရော ကိုယ့်အဖော်အတွက်ပါ ကျေနပ်မှုကို အပြည့်အ၀ရလိမ့်မယ်။ နောက်ပိုင်း ကွန်ဒုံးတွေဆို တော်တော်လေးကိုမှ ပါးလာပြီမို့ ကျေနပ်မှုကို ဘာမှမထိခိုက်တော့ဘူးလို့တောင် ဆိုလာကြပါတယ်။


ဒါကြောင့်မို့ အနှစ်ပြန်ချုပ်ရရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဟာ အတော်လေး တွေ့ရများနေသလို၊ နောက်ဆက်တွဲပြဿနာလည်း ကြီးပါတယ်။ ဒီအတွက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးပါ။ ကာကွယ်ဖို့ကတော့ နံပါတ်တစ် လိင်မှုကိစ္စကို စောင့်ထိန်းပါ၊ နံပါတ်နှစ် ဆက်ဆံမိတိုင်း ကွန်ဒုံးသုံးပါ၊ နံပါတ်သုံး မတော်တဆ အကာအကွယ်မဲ့ ဆက်ဆံမိခဲ့ရင်လည်း ဆေးကုသမှု ခံယူပါ၊ သွေးစစ်ဆေးပါ။

(ဒေါက်တာ ဖြိုးသီဟ)

No comments: