Sunday, October 15, 2023

ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်




 (Aye Thi Mon မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon မှ ရေးသားသည်။ )

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။


ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ……..

အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ


လိင်တံ

ကပ္ပာယ်အိတ် နဲ့

ဝှေးစေ့

ဆီးကျိတ်တို့ ပါဝင်နေပါတယ်။




ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား …….


အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား ထိခိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဥပမာ – ကုတ်ခြစ်မိတာ၊ ပွန်းရှတာ၊ ပြတ်ရှတာ၊ ဓာတ်မတည့်တာကြောင့် နီမြန်းရောင်ရမ်းတာမျိုးတွေပါ။


ဘယ်လိုအခြေအနေတွေက ထိခိုက်ဒဏ်ရာ ရစေနိုင်တာလဲ


အခုလို အခြေအနေတွေက ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။


အားကစားလုပ်တာ [တောင်တက် စက်ဘီးနင်းတာ၊ ဘောလုံးကန်တာ၊ ဘေ့စ်ဘော ကစားတာ]

ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ

လိမ့်ကျတာ

လိင်ဆက်ဆံတာတွေကြောင့် ထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။


အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော် အခုလို သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ အိမ်တွင်းကုထုံးတွေက နာကျင်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး မပြင်းထန်တဲ့ ထိခိုက်မှုတွေကို အနာကျက်သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။


အနားယူပါ 

သက်သောင့်သက်သာ နားနေပြီး ထိခိုက်တဲ့နေရာကို ထပ်မံ ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ထိုက်သင့်တဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်ပြီး နားနားနေနေ နေပါ။ လှုပ်လှုပ်ရှားရှား လုပ်တာမျိုး မလုပ်ပါနဲ့။


ရေခဲကပ်ပါ

ရေခဲကပ်တာက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်မိပြီဆိုရင် ရောင်ရမ်းတာကို လျော့ကျစေဖို့ မြန်နိုင်သမျှ မြန်မြန် ရေခဲဝတ် ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိ ကပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ် နဲ့ အထက် ကပ်ပေးလို့ ရပါတယ်။


ရေခံဝတ် ကပ်တဲ့အခါ အရေပြား နဲ့ ရေခံအိတ်ကြားမှာ အဝတ်စ သန့်သန့် ခပ်ပါးပါးတစ်ခု ထားပေးပါ။ ၂ ရက် ၃ ရက်လောက်အထိ ကပ်ပေးပါ။ အရောင်ကျသွားပြီဆိုရင် ၄ ရက်မြောက်လောက်မှာ ရေနွေးဝတ် ကပ်ပေးပါ။


လေဝင်လေထွက် ကောင်းအောင် ဝတ်ဆင်ပါ

ဖွားဖက်တော်ကို ထပ်မံ ထိခိုက်မိတာမျိုး မဖြစ်စေဖို့အတွက် ပွပွချောင်ချောင် ဘောင်းဘီတို ဝတ်ဆင်ပါ။ တင်းကြပ်တဲ့ အတွင်းခံတွေကို ဝတ်တာမျိုး မလုပ်ပါနဲ့။ ထိခိုက်မှု လုံးဝ သက်သာသွားမှ အတွင်းခံကို ဝတ်ဆင်ပါ။


ဒီလို အခြေအနေဆိုရင် ဆရာဝန် ပြပါ

ကပ္ပာယ်အိတ်မှာ ထိခိုက်မိတာက သွေးမတိတ်တမ်း ထွက်နေမယ်။ ထိခိုက်မှုကြောင့် သတိလစ်သလို ဖြစ်မယ်။ အားနည်းမယ်။ နာကျင်နေမယ်။ မတ်တတ်ရပ်ဖို့တောင် ခက်တဲ့ အနေအထားမျိုးဖြစ်စေတဲ့ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်မယ်ဆိုရင် အရေးပေါ်ပြုစုကုသနည်း လုပ်ဆောင်ပြီး နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်လို့ ကုသမှု ခံယူဖို့ လိုပါမယ်။


အရေပြားက ပွင့်သွားတာ၊ ပေါက်ပြဲသွားတာမျိုး ဖြစ်ပြီး ချုပ်ဖို့လိုမယ်ဆိုရင်

အရေပြားက ပြတ်ရှမိတာဖြစ်ပြီး မေးခိုင်ကာကွယ်ဆေး ထိုးမထားဘူးဆိုရင်

ကပ္ပာယ်အိတ်က ရောင်ရမ်းနာကျင်နေမယ်ဆိုရင်

နာကျင်ပြီး ဆီးသွားရခက်နေမယ်ဆိုရင်

ဆီးသွားတဲ့အခါ သွေးပါနေမယ်ဆိုရင်

အကိုက်အခဲပျောက်ဆေး သောက်ထားပေးမယ့် ဆေးသောက်ပြီး ၂ နာရီ ကြာတဲ့အထိ နာကျင်တာ မသက်သာဘူးဆိုရင်

အသက် ၁ နှစ်အောက် ကလေး ဖြစ်နေမယ်ဆိုရင် တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။




ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာရနိုင်လား

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား ထိခိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။

No comments: