Saturday, January 13, 2024

လှည်းဘီး ☮☸☢☣

 လှည်းဘီး




(အလှဖန်တီးရှင် တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေး ကိုးကားရေးထားတာပါ)


အိမ်ပေါ်လှမ်းအတက် အမေက ကျွန်မဝယ်ပေးထားတဲ့ဖုန်းအသစ်ကလေးနဲ့ video call ခေါ်စကားပြောနေသည်။


"ရန်ကုန်ရောက်ဝင်လည်ပါအေ ကျုပ် ထမင်းကောင်းကောင်းကျွေးနိုင်ပါတယ်အေ့ အိမ်လဲပြန်ဆောက်ထားလို့ အကျယ်ကြီးပါတော် ညည်းကို အိမ်က ကားနဲ့ ဘုရားစုံလဲပို့ချင်သေးတာ ....ဟော့ ဒီမှာကြည့် ဟော့ဒီမှာကြည့် တွေ့လား ကျုပ်အိမ်....ရောက်အောင်သာ လာခဲ့...…"


အမေက ပြောရုံတင်မဟုတ် သူ့အိမ်ကို လှည့်ပတ် ပြနေသေးသည်။

တစ်ဘက်က ဘယ်သူမှန်းမသိပေမယ့်.....


"ဟုတ်ပတော် သန်းသန်းတို့ ကြီးပွားနေပါလား သီတင်းကျွတ်တော့ ရန်ကုန်လာဖို့ ရှိတယ်အေ့ လာရင်ညည်းဆီ လာတည်းမယ် မတွေ့ရတာလည်းကြာပြီဆိုတော့ ရင်ဖွင့် အုန်းမယ်အေ ...."

"အေးပါ ရောက်အောင်သာလာခဲ့ ကျုပ်ကအရင်လို ကုန်စိမ်းမရောင်းတော့ဘူးအေ့ "

"အေးပါအေ ညည်းသား က အလုပ်ကောင်းတယ်လား...."


"အမေ ကျွန်မ ကို လှမ်းကြည့်လိုက်သေးသည်"


"ကောင်းတယ်အေ့ တစ်လ ကို သိန်း နှစ်ဆယ်ဆိုလဲဟုတ်တယ် သိန်း သုံးဆယ်ဆိုလဲဟုတ်တယ်အေ့....."


ကျွန်မ မျက်မှောက်ကုပ်အမေ့ကိုကြည့်လိုက်သည်။

အမေက ဖုန်းကင်မရာခပ်စောင်းစောင်းမှာ လည်ပင်းက ‌ဆွဲကြိုးလေးတောင် စွဲတည့် လိုက်သေးသည်။

ဘာဖြစ်ဖြစ် အမေဘယ်လိုကြွားပါစေ ကျွန်မပျော်တယ်လေ.....


အမေကြွားတယ်ဆိုပေမယ့် တစ်ကယ်လဲ ကြွားနိုင်နေပြီလေ။ ကြွားရလောက်အောင်လဲ ကျွန်မရဲ့ တစ်ဦးတည်းသော အမေ့ကို လိုလေသေးမရှိပေးထား ဆင်ထားပေးတာလေ။


"အမေ မုန့်ဖိုးပေး...."

အမေက ပလတ်စတစ်ခြင်းတောင်းအဟောင်းလေးထဲကတစ်ရာတန်တစ်ရွက်ကို ကောက်ယူပေးသည်။တစ်ရာတန်လဲဖြစ်သေးဟောင်းနွမ်းရိနေ လိုက်တာများ ကျွန်တော်ဖင်တစ်ပြန်ခေါင်းတစ်ပြန်ကြည့်ရင်း နှုတ်ခမ်းလေးထော် အိတ်ကပ်ထဲထည့်လှည့်ထွက်လာခဲ့သည်။


အသက်ဆယ့်ငါးနှစ်ခန့်ကျွန်တော့်နာမည်က နေမင်း အတန်းပညာ ရှစ်တန်း။

မဖြူမညိုအသားအရေ နဲ့ ကနွဲ့ကလျ လေးပြောတတ်ဆိုတတ် လို့ မကြားတကြားရော ကြားအောင်ရော အမေ့ကုန်စိမ်းဆိုင်နားက ဈေးသည်တွေက အခြောက်လို့ ပြောဆိုတတ်ပါတယ်။

ထိုအခါ ကျွန်တော်က မျက်ဆောင်းအကြီကြီးထိုးချလိုက်တတ်ပါတယ်။


အမေက နန္ဒဝန်ဈေးထဲက ကုန်စိမ်းတန်းမှာ ကုန်စိမ်းရောင်းတဲ့ မုဆိုးမတစ်ဦးပါ။တစ်ဦးတည်းသောသား ကျွန်တော်က အမေပြောနေကြစကားနဲ့ဆို....

"သူ့ဟာသူ ခြောက်ခြောက် စိုစို ငါ့အတွက်တော့ကူဖော် လောင်ဖက်ရတယ် လိမ္မာတယ်ပြောရမှာပေါ့အေ သူ့စိတ်ကြိုက်သူဖြစ် သူစိတ်ချမ်းသာပြီးတာဘဲ ကိုယ့်ဒုက္ခမပေးရင် နေချင်သလိုသာနေပါစေ"

နားလည်ပေးသလား ချစ်လို့ပြောသလား ဘယ်ဟာမှန်လဲကျွန်တော်သေချာမသိခဲ့ပါ။


နည်းတယ်များတယ်မပြောလိုသော်လည်း ကျွန်တော်မုန့်ဖိုးတောင်းတိုင်းပေးတဲ့အပြင် ကျွန်တော် ကြိုက်တဲ့မုန့်လေးတွေဈေးရောင်းပြန်ဝယ်လာတတ်သေးတယ်။ဒါ့ကြောင့်လဲ မုန့်ဖိုး ငါးရာပေးပါ တစ်ထောင်ပေးပါ ကျွန်တော်သိတတ်ထဲက မတောင်းပါဘူး။


အမေ့မှာ နေ့သွင်းဆိုတာရယ်....

လပေး ဆိုတာရယ်.....

အိမ်လခရယ်....

ပေးနေရတာတွေ ကျွန်တော်သိတယ်လေ....

"သားအမိနှစ်ယောက်ထဲဘဲကွယ် ချက်မနေတော့ပါဘူး ..."

ဆိုပြီး ထမင်းပေါင်းအိုး အဟောင်းလေးနဲ့တည်ထားသော ထမင်းကို ဈေးရှေ့ ညနေစောင်းထွက်တဲ့ လမ်းဘေးထမင်းဆိုင်က ဟင်းလေးတွေ ဝယ်လာပြီးမျှစားတာများပါတယ်။


ဒါပေမယ့် အမေက ကျွန်တော့်ကို နှစ်စဉ်ကျောင်းထားပေးသလို ကျူရှင်တောင်ထားပေးပါသေးတယ်။ဒီလိုထားပေးလို့ အမေ အရောင်းအဝယ်ကောင်းတယ် မထင်ပါနဲ့ မကြာမကြာပြုတ်တဲ့ အရင်းတွေက မတ်တိုး နဲ့ ပြန်ပြန် ထုတ်ရင်းရတာကျွန်တော်သိနေတယ်လေ.....


"ဒီနှစ်ဆယ်တန်းနော်သား တစ်နှစ်ထဲအောင်အောင်လုပ် ပါကွယ် ဘယ်ကျူရှင်တက်မလဲ..."

ကိုးတန်းအောင်စာရင်းကြည့်ပြီးအောင်တယ်အမေ ဆိုတော့ အမေပြောတဲ့စကားပေါ့။

"နှစ်ဝက်လောက်မှ မလိုက်နိုင်တဲ့ ဘာသာ တက်မယ်အမေ...."


လိုက်နိုင်မလားလို့ရယ် အမေကုန်မှာစိုးတာရယ်ကြောင့်ကျွန်တော်ပြောလိုက်တာဖြစ်သည်။


"အေးပါ ဒီနှစ်တော့ ဈေးကြို လာလာစောင့်မနေနဲ့ အိမ်မှာဘဲစာကျက် ဆိုင်လဲ လာလာမထိုင်နဲ့ စာကို အချိန်ပေးကျက် ဟိုဘက်လမ်းက အခြောက်မ ဆိုင်ချည်ဘဲလဲ သွားသွားမနေနဲ့...."


ကျွန်တော်အသက်ဆယ့်ခွန် ကျော် မှာ အတန်းပညာဆယ်တန်းစတတ်ရပေမယ့် မသိမသာ ခြောက်တာရယ် ရွယ်တူကောင်လေးတွေ ရင်ခုန်တာရယ်က တက္ကသိုလ်နီးပါ ရောက်နေပါပြီ။

ဒါကလဲ အညှီရှိရာ ယင်အုံ ဆိုသလို အိမ်ရဲ့ တစ်ဘက်လမ်းက မိန်းမလျှာ အနှင်း ရဲ့ အလှပြင်ဆိုင်ကကျွန်တော် စိတ်ပျော်ရာ အိုအေစစ်လေးဖြစ်နေတာ အမေသိနေခဲ့သည်။


မိန်းမပုံ အနှင်းက ကျွန်တော့်ထက် ဆယ်နှစ်ကျော်ကြီးသလို အပြောကြမ်းတယ် စိတ်ရင်းကောင်းတယ် သူကိုယ်တိုင်က မြို့ထဲက မိတ်ကပ်ဆရာနာမည်ကြီးရဲ့ တပည့်အရင်းလေ။


ကျွန်တော့်ကို စိတ်ကြည်ရင် သမီးလို့ခေါ်သလို စိတ်မလိုရင် ဟဲ့ကောင်မ လို့ ခေါ်ပြီး အလှပြင်ရင်းမိတ်ကပ်လိမ်းရင်း ခေါ်တတ်ပါတယ်။

မွေးရာပါ အခြောက်စိတ်ဆိုတော့လဲ ဆံပင်သွားညှပ်ရင်းခင်သွားရာက အနှင်းဆိုင်ဓာတ်ကျ လင်ကြောင်းသားကြောင်းလေး နားထောင်ရတာကိုဘဲ ကြည်နူးကျေနပ်နေရတာလေ။


ဘာဖြစ်ဖြစ် ကျွန်တော်က အိမ်ရောက်ရင်စာကိုလုပ်တယ် ကျောင်းမှန်မှန်တက်တယ်။အမေ မနက်စောစော ကုန်စိမ်းဈေးကြို စောင့်ပီးဆိုင်ခင်းပေးတယ် ပြီးမှ မုန့်ဖိုးယူ ကျောင်းတက်တာ။ အချိန်ရတာနဲ့ အနှင်း ဆိုင်ရောက်တာ အမေသိသလို ကျောင်းက အတန်းဖော် ယောင်္ကျားလေး တိုင်းကျွန်တော့်ကို အခြောက်ဆိုတာသိနေပါပြီ။ ကျွန်တော်ကတော့ ကျွန်တော့်ဖြစ်တည်မှု့ကို မပြုပြင်ယူဘူး နေတတ်သလို နေလာသလိုဘဲ ဘယ်သူ ဘာပြောပြော နှုတ်ဆိတ် နေတတ်လာတယ်။


ခံယူချက်က ကိုယ့်စိတ်နဲ့ ကိုယ် ခြောက်တာလေ ဘယ်သူ့ကိုမှ စိတ်အနှောက်အယှက်မပေးသလို ဘယ်သူ့ အပေါ်မှ မယုတ်မာဘူး။

အမေလက်ခံသလို ကျွန်တော်လဲ စိတ်ကျေနပ်တယ်လေ။


ဆယ်တန်းနှစ်မှာလဲ အတန်းဖော်တော်တော်များများက ကျောင်းခေါ်ချိန်ပြည့်သလောက်တက်ပြီးအပြင်ကျူရှင်တွေတက်သလို ဆရာ/ ဆရာမ တွေကလဲ စာသိပ်မသင်ကြဘူး။

စာတွေက ကျွန်တော့်အတွက်ခက်လာသလို မလိုက်နိုင်ဖြစ်လာတယ်။

အမေကဆိုင်အတွက် နေ့ပြန်ထုတ်တယ်ပြောသံကြားတိုင်း ကျူရှင်တက်ချင်တယ်လို့ကျွန်တော် ပြောမထွက်ခဲ့ဘူး။

အဲ့ဒီကာလမှာ ကျွန်တော် အနှင်းအလှပြင်ဆိုင်မှာ ဆံပင်ညှပ်တာ ကောက်တာဖျောင့်တာ မိတ်ကပ်လိမ်းတာလေးတွေ မတောက်တစ်ခေါက် လိုက်ကူနေတတ်သလို ဆိုင်ကို မကြာမကြာလာတတ်တဲ့ ရပ်ကွက်ထဲ သုံးလုံးထီရောင်းတဲ့ နောင်နောင်ဆိုတဲ့ ကျွန်တော့်ထက်တစ်နှစ်ကျော်ကြီးသူ နဲ့ ချစ်သူမကျ သူငယ်ချင်းမကျအဆင့်ရောက်နေခဲ့တယ်။ နောင်နောင်က မျက်ခုံးထူထူ အသားဖြူဖြူ နှာတံပေါ်ပေါ်  အတော်ချောတာ။


ဆယ်တန်းစာမေးပွဲကြီးဖြေဖို့ သုံးလလောက်အလိုမှာ အမေက မိုးမိ တုတ်ကွေးဖြစ်အိပ်ယာထဲက မထနိုင်ချိန်တစ်ရက်.....


"ဟဲ့ သန်းသန်း ..သန်းသန်း ရှိလားဟဲ့...."

အမေက....

"အော် သူငယ်ချင်း လာ လာ ငါဖျားနေလို့...."


အဲ့လိုပြောပီးကျွန်တော့်ကို လှမ်းကြည့်လို့

ကျွန်တော်က အိမ်ရှေ့မှ အခန်းထဲဝင်သွားလိုက်သည်။


"နင်ဖျားတာ သတင်းမေးလာတာမဟုတ်ဘူး နင်ယူထားတာ သုံးလရှိပြီလေ အတိုးလဲ မမှန် အရင်းလဲမဆပ် ဆိုင်လာတော့လဲ ဆိုင်ကမထွက် ဘာလုပ်မှာလဲပြော...."

"အေးပါ ခင်ခင်ရယ် နင်ကလဲ ငါဈေးထွက်ရင်ဖဲ့ဆပ်မှာပါ အိမ်လခ လဲပေးလိုက်ရသေးတယ် နင်နဲ့ ငါက ငယ်သူငယ်ချင်းတွေပြောမနာ ဆိုမနာဘဲဟယ် ငါမလိမ်ပါဘူး ဒီတစ်လတော့သီးခံပါအုန်း"


"ဟဲ့ ငွေနဲ့ ပတ်သက်လာတိုင်း ငယ်သူငယ်ချင်းတွေ ပြောမနာ ဆိုမနာတွေပြောမနေပါနဲ့အေ ညည်းပြောတုန်းက တစ်လလေ ခု သုံးလပြည့်ပြီ ငါ့ပိုက်ဆံ ပြန်လိုချင်တယ်အေ...."


"ပေးပါ့မယ်အေ ငါ့အကြောင်းလဲ နင်သိတဲ့ အတိုင်းဘဲ မုဆိုးမပါအေ ညည်းလို လင် လုပ်စာက ရှိတာမှ မဟုတ်တာ သားကလဲ ဒီနှစ်ဆယ်တန်း ကျောင်းတက်နေရတာ...."

"အမလေးအေ လင်လုပ်စာ ထည့်ပြောမနေပါနဲ့ ငါ့ယောက်ကျား နောက်လ နယ်ပြောင်းရင် ငါတို့ လိုက်သွားမှာ အဆုံးမခံနိုင်ဘူး လာလဲ မတောင်းနိုင်ဘူး ညည်းသားက ဆယ်တန်းအောင်လဲ လစာ ဘယ်လောက်ရမှာမို့လဲ လူကောင်ကြီး ကြီးနေမှ အေ အလုပ်လေးဘာလေး ရှာလုပ်ခိုင်းပါလား ခုခေတ်က ညည်းမုဆိုးမ ကုန်စိမ်းရောင်းတာ နဲ့ စုမိစောင်းမိပါ့မလား မွေးထားတာ ယောင်္ကျားလေး ဘဲအေ ခိုင်းပေါ့...."


"အဒေါ်  အမေယူထားတာ ဘယ်လောက်လဲ"


ကျွန်တော်အခန်းထဲက ထွက်မေးလိုက်သည်။

အမေပြောပြောနေသံတော့ကြားမိနေတဲ့ ခင်ခင်ဆိုတဲ့ ငယ်သူငယ်ချင်းက အစိုးရအရာရှိ နဲ့ ညား ကြီးပွားနေတယ်ဆိုတာ ခုမှ မြင်ဘူးသည်။

ကျွန်တော့်ကို မျက်လုံးလှန်ကြည့်ပီး။


"ငါးသောင်း အတိုးနဲ့ ဆို ခြောက်သောင်းခွဲ"


"လကုန် အကုန်ပေးမယ် ခုတော့ ပြန်တော့အဒေါ်..."


"အောင်မယ် ငါ့ နှင်ထုတ်စရာမလိုပါဘူး ပြန်မယ် ပြန်မယ်...ဟဲ့ သန်းသန်း ကြားတယ်နော် ညည်းသားပြောတာ လကုန် အကုန်လိုချင်တယ်....."


အမေက ကျွန်တော့်ကို ကြည့်ပြီး....

"နေမင်းရယ် လကုန် ငါခြောက်သောင်းခွဲ ဘယ်လိုရှာဆပ်မလဲ သူက အမြှောက်ကြိုက် အချော့ကြိုက်ဟဲ့ မြှောက်ပင့်ပြောလိုက်ရင် ရွေ့သွားမှာ အဲ့တော့မှ ခွဲဆပ်နိုင်မှာပေါ့ ငါသူ့အကြောင်းကောင်းကောင်းသိတာပေါ့ နင်ဝင်ပြောလိုက်မှ ငါ အခက်တွေ့ပြီ...."


အမေကတော့ သူ့သူငယ်ချင်းအကြောင်းသူအသိဆုံးဖြစ်မှာပေါ့။

ကျွန်တော်ကတော့ ကိုယ့်စကား နဲ့ ကိုယ် အခက်ကြုံရပြီ။ဘယ်လိုဘဲဖြစ်ဖြစ်လေ ငယ်သူငယ်ချင်းဆိုတဲ့ သံယောဇဉ်လေးထားသင့်တာပေါ့ ခုတော့ ငွေနဲ့ ပတ်သက်လာရင် အားမနာတမ်းတောင်းတတ်သူတွေ ကျွန်တော် စိတ်နာတယ်။

ဘယ်သူက အကြောင်းမဲ့ လိုချင်မှာလဲ အခက်အခဲရှိလို့ပေါ့။

နောက်ဆုံး အတွေးတစ်ခုက အမေပြောသလို သူများပိုက်ဆံယူပြီး ပြန်ပေးရမှာဘဲပေါ့.....


"မျက်နှာလဲ မကောင်းပါလား နေမင်း...."

နောင်နောင်က အနှင်း ဆိုင်ရောက်တော့မေးသည်။

"ကောင်းပါတယ် စိတ်ညစ်လို့...."

"ဘာလို့စိတ်ညစ်တာလဲ...."

"လကုန်ရင် အမေပေးရမဲ့ အကြွေး ခြောက်သောင်းခွဲဆပ်ရမယ် အဲ့တာ အလုပ်လေး တစ်ခုခု လုပ်ချင်တယ်..."

"အော်....တစ်လခြောက်သောင်းရတဲ့ အလုပ်ရှိမလားနေမင်းရ ....ငါချဲ နှစ်ကွက်ထိုးထားတယ် ပေါက်ရင်ပေးမယ်...."

ကျွန်တော် နှုတ်ခမ်းမဲ့ ပြီး အပိုတွေ ဆိုတာမျိုး လုပ်ပြလိုက်သည်။


အနှင်းက ကျွန်တော်ပြောတာကြားသွားပုံရသည်။

"ဟဲ့ နေမင်းမ ငါ့ဆရာဆိုင်မှာ လုပ်မလား တစ်လသုံးသောင်းရမယ် သူရှုတင်တွေ လိမ်းတာ မင်္ဂလာဆောင်တွေလိမ်းတာ လိုက်ရမယ် ဆိုင်မှာလဲကူပေါ့ ငါ့လူရှာခိုင်းထားလို့...."

ကျွန်တော် တွေးကြည့်တော့ အဆင်ပြေမည်မထင် အမေတစ်ယောက်ထဲ ပညာရေးကလဲ ဆယ်တန်း မဖြစ်နိုင်ပါဘူးလေ လို့တွေးရင်း ငြိမ်နေလိုက်သည်။


အနှင်းဆိုင်မှာ ခနသာ နေပြီး ကျွန်တော် ဈေးထဲ အမေ့ဆိုင်ထွက်လာခဲ့သည်။

အမေက လက်ကောက်တွေ အများကြီးဝတ်ထားသော အမျိုးသမီးကြီး နှင့် စကားရပ်ပြောနေရာမှ ထိုအမျိုးသမီးပေးသော ငွေ တစ်ထပ်ကို အပေါ်အင်းကျီလေးမ အတွင်းခံ အိတ်ထဲ ထိုးထည့်လိုက်သည်။

ဖရိုဖရဲ ကျိုးတို ကျဲတဲ အမျိုးအမည်မစုံလင်တဲ့ အမေ့ဈေးဗန်းလေး ကျွန်တော်ကြည့်ရင်းမျက်ရည်ဝဲလာသည်။

အမေနေ့ပြန်လား လတိုး လား မတ်တိုး လား ချေးလိုက်ပြန်သည်။


"အော် သား ဘာလို့ ဈေးလာတာလဲ အိမ်မှာစာကျက်တာမဟုတ်ဘူး...."

ကျွန်တော် အမေ့ကိုကြည့်ပီးပြန်တော့မယ်အမေ လိုနှုတ်ဆက် ပြန်လာခဲ့သည်။

အိမ်ပြန်စာကျက်တာအကောင်းဆုံးပေါ့။

ညနေလေးနာရီထိုးလောက် အနှင်းဆိုင်ဘက် ထပ်ရောက်ပြန်သည်။

"ဟဲ့ နေမင်းမ ညည်းလင်ချဲပေါက်လို့ ညည်းကိုမေးနေတယ်...."

အနှင်းက ဆိုင်ဝ ရောက်တာနဲ့ တစ်လုံးတစ်ခဲပြောသည်။

"ဟယ် ဘယ်သူလဲ နောင်နောင်လား...."

"နောင်နောင်ပေါ့ ညည်းက ဘယ်လင်ရှိသေးလို့လဲ"

ပျော်တာရယ် အခုလို နောင်နောင်နှင့် ပေးစားအပြောခံရတာရယ် စိတ်ထဲက ကြိတ်ကျေနပ်တတ်သူက ကျွန်တော်လေ...

မကြာခင် နောင်နောင်က ခေါက်ဆွဲကြော်ထုတ်တွေ အအေးပုလင်းတွေဆွဲ ဆိုင်ထဲဝင်လာသည်။


"နောင်နောင် ချဲပေါက်တယ်ဆို...."

"ဟုတ်တယ် ငါးရာဖိုး နှစ်သိန်းကျော်ရတယ်...ရော့ နေမင်း ငါကတိတည်တယ်နော်..."

အားလုံးရှေ့မှာ နောင်နောင်က ကျွန်တော့်လက်ထဲ ငွေ ခြောက်သောင်းငါးထောင် ပေးသည်။

"ဟယ် ကြည့်စမ်း မယားကို ရက်ရက်ရောရောအမ်းချလိုက်တာ နောင်နောင်တို့က...."

"မနက်က ကျွန်တော် နေမင်းကို ကတိပေးထားလို့ပါ အချင်းချင်းတွေ ဒုက္ခရောက်တာကူညီရမှာပေါ့ ဗျာ...."

နောင်နောင့်ကို ကျေးဇူးတင်ပါတယ်ဟု လှိုက်လှိုက်လှဲလှဲပြောလိုက်သည်။

"ကဲကဲ....အနှင်း ဘာလုပ်မှာလဲ သောက်ဖို့ ပါလာပီနော်....လမ်းထိပ်က အသုတ်စုံလေးတွေ ထပ်ဝယ်လိုက်မယ်...."

နောက်ဆုံး အနှင်းက ဆိုင်စောစောပိတ် အခြောက်မ တစ်သိုက်နှင့်  အရက်ဝိုင်းဖွဲ့ဖြစ်တော့သည်။

ပထမဆုံး သောက်ဖူးသော အရက်မို့ ကျွန်တော် ချာချာလည်မူးသည်။


ရီဝေဝေ သတိမလွတ်သော်လည်း အလှပြင်ဆိုင်အနောက်က အနှင်းအိပ်သော အခန်းထဲ နောင်နောင်တွဲခေါ် ရာပါလာခဲ့ပြီး ကျွန်တော်၏ မိန်းမလျှာ ဘဝ ကို နောင်နောင့်ထံ ကြည်ကြည်ဖြူဖြူ ပထမဦးဆုံး ပေးဆပ်လိုက်သည်။


နာကျင်တာ ပူလောင်တာစပ်ဖျင်းတာတွေ ပေါင်းစပ်၍ လူပျိုရည်ပျက်ခဲ့သည်။

ကျွန်တော့်ဘဝ မှာ အချစ်ဦဖြစ်သူ အချစ်ဆုံးဖြစ်ခဲ့သည်။


"သား နေမင်း အမေစိတ်ပူနေတာကွယ် ဘယ်တွေသွား နေတာလဲ....ဟင်...အရက်တွေသောက်လာတာလား...."

စိုးရိမ်စိတ်တွေရောပြွမ်းရင်း အမေက အရက်နံ့ရ၍မေးလေသည်။

"ရော့အမေ....အမေ့ငယ်သူငယ်ချင်းကိုဆပ်လိုက်တော့....."

အမေ မေးတာမဖြေဘဲ ကျွန်တော်က ငွေခြောက်သောင်းခွဲ ထုတ်ပေးလိုက်တော့....

"သား...မင်း...မင်း ဒီငွေဘယ်ကရသလဲ ဘယ်လိုရသလဲ မဟုတ်တာတွေ လုပ်လာတာတော့မဟုတ်ပါဘူးနော်...."

ထိတ်လန့်စွာ မေးရင်းအမေမျက်ရည်ဝဲ လာသည်။

"စိတ်မပူပါနဲ့ အမေ သားသူငယ်ချင်းက သားခက်ခဲတာပြောပြလို့ ကူညီတာပါ..."


ငါးလခန့်ကြာပီးနောက်.....

"အမေ သား စာမေးပွဲကျတယ်...."

အမေက အံ့ဩချင်းအလျှင်းမရှိဘဲ....

"စာတွေက ခက်တာအမေသိပါတယ် မေ့အပြစ်ပါ အမေမှသားကို ကျူရှင်မထားပေးနိုင်တာ..."

ကျွန်တော့်ကို စာမကြိုးစားလေချင်းဟု အပြစ်မတင်ဘဲ ‌အမေက ကျူရှင်မထားနိုင်လို့ဟု သူ့ကိုယ်သူ အပြစ်ဖို့ မှ ကျွန်တော်အမေ့ကို ဖက်ငိုလိုက်မိတော့သည်။


"ဟဲ့ သန်းသန်း ဘယ်ကပြန်လာကြတာလဲ..."

အမေ နဲ့ ကျွန်တော် ဈေးသိမ်းပြန်လာပြီး လမ်းထိပ်အရောက် အမေ့ငယ်သူငယ်ချင်းခင်ခင်နဲ့တွေလေသည်။

"ဈေးကဟဲ့ နင်ရန်ကုန်လာလည်တာလား..."

"ဟုတ်တယ် မနက်ဖြန်ပြန်မှာဟဲ့ ..."

"အော် အိမ်‌လာလည်အုန်းလေ... "

"အောင်မလေး နင့်အိမ် လက်နှစ်လုံး ကိုခေါ်နေသေးတယ် ဘာကျွေးမှာမို့လဲ ငါက အစားကြီးတာနင်သိတယ်မဟုတ်လား...ဟ ဟား ဟား...စတာပါ အဟုတ်ထင်မနေနဲ့ ဒါနဲ့ နင့်သားဆယ်တန်းမဟုတ်လား....ဒီနေ့အောင်စာရင်းထွက်တယ်လေ အောင်လား...."


သူဘဲပြော သူဘဲမေးရင်း ကျွန်တော့်ဘက်လှည့်လာသည်။

"ငါလဲကျူရှင်မထားနိုင်တော့ ဒီနှစ်ကျတယ် နောက်နှစ်ပြန်ဖြေခိုင်းရမှာပေါ့...."

"သန်းသန်းရယ် ကျူရှင်မထားလဲ ‌ကြိုးစားရင် အောင်ပါတယ်အေ မအေက ကုန်စိမ်းရောင်းရတာ ကြိုးစားရမှာပေါ့ ကျောင်းထုတ် အလုပ်သာလုပ်ခိုင်းလိုက်ပါအေ...အိမ်ကသမီးက နောက်နှစ်ဆယ်တန်းလေ ဂုဏ်ထူး ငါးခုမှန်းထားတယ်တဲ့တော်ရေ...အဲလိုထူးချွန်မှ တစ်လ ဆယ်သိန်းအထက်ရှာနိုင်မှာလေ..."


"အမေ သား ပြန်နှင့် မယ်နော်...."

ကျွန်တော်ဆက်ပြောရင် သေချာပေါက်ရန်ဖြစ်လိမ့်မည်။

အမေပြန်လာတော့ ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်ချင်ကြောင်း အတိုက်အခံပြောရသည်။ ခွင့်မပြုလိုဘဲ ကျွန်တော့်ဆုံးဖြတ်ချက်အရ ကျောင်းနားခဲ့သည်။ထိုနောက်ပိုင်း အနှင်းရဲ့ အဆက်အသွယ်နဲ့ သူ့ဆရာ ထံ အလုပ်ရခဲ့သည်။


နေမင်းမှ မင်းမင်းအဖြစ် မိန်းမလျှာဘဝလေးကိုစတင်ဖြတ်သန်းချိန်ကာလ အတွင်း ကျွန်တော့်ရဲ့ အချစ်ဦးအချစ်ဆုံး နောင်နောင် နှင့် မတွေ့ဖြစ်တာများသလို ကင်းကင်းကွာကွာလဲရှိနေခဲ့သည်။

အချစ်ကို ဦးစားမပေးနိုင်သလို တံငါနားနီး တံငါဘဝအတွက် မိတ်ကပ်ဆံပင် ပညာကို ကျွန်တော်ကြိုးစားသင်ယူရင်း ပွဲတိုင်းမပါမဖြစ်သော မင်းမင်းမ ဖြစ်လာသည်။


ဆရာဖြစ်သူမြှောက်စားချင်းတွေပါသလို ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှု့ကြောင့် ဆရာနှင့်တွဲ၍ အောင်မြင်သော အလှဖန်တီးရှင် မင်းမင်းဖြစ်လာသလို ကျွန်တော်မှ ကျွန်မ အပြောလေးကို သဘောကျခဲ့သည်။


ပါတိတ်ဝမ်းဆက်ကလေးတွေ ဂါဝန်ပွဲထိုင်လေးတွေအတွက် ကျွန်မ ကိုယ်ခန္တာ အချိုးအစားတွေကို ထိန်းသိမ်းပြုပြင်ရင်း မိန်းမလျှာ ဘဝကို တိတိကျကျ ခံယူလိုက်သည်။


ဝင်ငွေကောင်လာတယ်လို့ဆိုရမည့်အချိန် အမေ ကုန်စိမ်းရောင်းနားနေခဲ့ပြီ။

ငှားနေတဲ့ အိမ်လေးအပြင် ဘေးက ဆယ်ပေမြေပိုလေးပါဝယ်ပြီး ဆယ်နှစ်ကာလအတွင်း တိုက်တစ်လုံးဆောက်နိုင်ခဲ့သည်။

ယခုစီးနေသော နောက်ဆုံးပေါ်ကားသစ်ကြီးကို အရစ်ကျဝယ်နိုင်ခဲ့ပြီ။


အမေလှူချင်တာလှူ။သုံးချင်တာသုံး စားချင်တာစား အမေ့အကြိုက် လက်ဖျားငွေသီးစေခဲ့သည်။

ကျွန်မအမေ အတွက် လူတန်းစေ့ ဆင်မြန်းနိုင်ခဲ့ပြီ။ကျွန်မကျေနပ်ပေသည်။


"ဟယ် သန်းသန်း သူက ဘယ်သူလဲ...."

ကျွန်မ အိမ်ပေါ်တက်လိုက်ပြီး စလင်းဘက်အိတ်ကို စာပွဲပေါ် လှမ်းတင်လိုက်သည်နှင့် မျက်လုံးအဝိုင်းသား ကြည့်မေးလိုက်တဲ့ အမေ့ငယ်သူငယ်ချင်းဆိုသူ ဒေါ်ခင်ခင်ကို ကျွန်မရဲ့ ကျောထိ ရှည်သော ဆံပင်ပျော့ပျော့တွေ သပ်တင်ရင်း ဆိုဖာဆက်တီမှာထိုင် ခြေထောက် တစ်ဖက် ချိတ်လိုက်သည်။


"မမှတ်မိဘူးလား ဒေါ်ခင်ခင် ရှင်ကကျောင်းထုတ် အလုပ်သာ လုပ်ခိုင်းလိုက်ဆိုလို ကျွန်မလဲ ကျောင်းထွက် အလုပ်လုပ်လိုက်တာ ခု ရှင်မြင်တဲ့ အတိုင်းဘဲလေ ကဲ အခု ရှင်ပြောခဲ့ဘူးတဲ့ လက်နှစ်လုံးအိမ်မဟုတ်တာ မြင်ပါတယ်နော်...


ငယ်သူငယ်ချင်းမျက်နှာမှမထောက် အကြွေးငါးသောင်းကို အတိုးပါရောတောင်းလို့ ကျွန်မ ဆပ်ပေးခဲ့ရဘူးတယ်နော် ချေးပေးလို့ ကျေးဇူးတင်ပါတယ် ရှင့်စကားတွေကြောင့်ဘဲကျွန်မ အမေဖြစ်စေချင်တဲ့ ပညာတတ်မဖြစ်ခဲ့ပေမယ့် ရှင်ပြောသလို အလုပ်လုပ်ရင်းချမ်းသာအောင်တော့ လုပ်နိုင်ခဲ့တယ် ဒါရှင့်ကျေးဇူးမကင်းပါဘူး အဲ့ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီညစာ ဘယ်ဟိုတယ်မှာစားချင်လဲ ပြောပါ အားမနာပါနဲ့ စကားမစပ်ရှင့်သမီးရော ဆယ်တန်းဂုဏ်ထူး ဘယ်နှစ်ခုပါသလဲ တစ်လ လစာ ဘယ်လောက်ရသလဲပြောပါအုန်း....."


ကျွန်မ ဒေါ်ခင်ခင်ကို ခြေထောက်ချိတ်မပျက် ရေပက်မဝင် ပြောရင်း မေးလိုက်သည်။


မျက်စိပျက်မျက်နှာပျက်နှင့် ဒေါ်ခင်ခင်က...

"ရပါတယ် မစားတော့ပါဘူး သမီးက အခု နယ်မှာဘဲကျောင်းဆရာမလုပ်နေပါတယ်...သန်းသန်း ငါပြန်တော့မယ်..."


"ဟယ် ခင်ခင်ရယ် ပြန်မလို့လား အိမ်မှာအိပ်မယ်ဆို...."


"ပြန်ချင်ပြန်ပါစေ အမေ သမီးတို့ တာဝန်ကျေပီဘဲ ကြည့်ရတာ Aircon နဲ့ မအိပ်တတ်လို့နေမှာပေါ့ ကျောင်းဆရာမလစာ အရာရှိ အငြိမ်းစားလစာက တစ်လ ဆယ်သိန်းမကျော်လောက်ပါဘူး အိပ်ချင်ရင်တော့ နောက်ဆုံးအနေနဲ့ အိပ်သွားနော် နောက်ဘယ်တော့မှ ကျွန်မအိမ်အလည်မလာပါနဲ့ အမေ့ငယ်သူငယ်ချင်း ပီသသူဘဲ လက်ခံမှာမို့ပါ...."


ကျွန်မပြောပီး စလင်းဘတ်အိတ်ကောက်လွယ် အိမ်ပေါ်တက်လာခဲ့သည်။


အမေကတော့ အားတုံ့ အားနား နှင့် ဒေါ်ခင်ခင် ဘေးကျန်ခဲ့သည်။


ကျွန်မတွေးမိသည်။


နိမ့်ပါးတဲ့ သူတွေကိုနှိမ့်ချတတ်တဲ့စိတ်မျိုး ကျွန်မမှာ မရှိခဲ့သော်လည်း လှည်းတစ်စီးရဲ့ လှည်းဘီးလို ‌အောက်ချေမြေကြီးထိရောက်သလို အပေါ် လှည်းနှင့်လဲ ထိတတ်တဲ့ သဘောတရားတွေကို ကျွန်မအသိပေးလိုက်တာဖြစ်သည်။


      ပြီးပါပြီ။


ရေးသားသူ - သုတလုင် 

No comments: