Monday, January 1, 2024

ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

 ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။





(Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Dr. Htet Htet Zaw Win မှ ရေးသားသည်။)


ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

ပြောင်းဆွဲနည်း ဆိုတာ အမျိုးသားတွေ လိင်တံကြီးအောင်၊ ထောင်မတ်အောင် သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ လိင်တံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုးသားတွေက ပြောင်းဆွဲတဲ့ နည်းကိုလည်း သုံးလေ့ရှိပါတယ်။ ဒါက တကယ်ပဲ လိင်တံကို ကြီးစေမှာလား။


ပြောင်းဆွဲနည်း ဆိုတာ ဘာလဲ။

ပြောင်းဆွဲနည်းဆိုတာ ပြွန်ပုံစံ အချောင်းကို လိင်တံမှာ စွပ်ပြီး လေစုပ်တာ ဖြစ်ပါတယ်။ လေစုပ်အားနဲ့ သွေးတွေကို လိင်တံထဲ စီးဆင်းစေတာပါ။ အရင်တုန်းကတော့ လက်ညှစ်ပြွန်လေးတွေ ရှိပြီး နောက်ပိုင်း တိုးတက်လာတော့ ဘက်ထရီနဲ့ စက်တွေ ပေါ်လာပါပြီ။ Penis pump လို့ ခေါ်ကြပါတယ်။


ပြောင်းဆွဲနည်း က လိင်တံကို ကြီးစေသလား။

ပြောင်းဆွဲတာကို လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမှာ သုံးလေ့ရှိပါတယ်။ ဆေးပညာအရကို သုံးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက လေစုပ်အားနဲ့ သွေးတွေ လိင်တံထဲကို ရောက်စေပြီး ထောင်မတ်စေတာ ဖြစ်ပါတယ်။ ထောင်ရုံပဲ ထောင်ပဲ ကြီးစေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထောင်နေတဲ့ လိင်တံက သာမန်အချိန်ထက် အရွယ်လည်း ကြီးနေတာကြောင့် လိင်တံကြီးနည်းဆိုပြီး သုံးနေကြတာ ဖြစ်ပါတယ်။


တကယ်တော့ သူက ‘ကြီး’ စေတာ မဟုတ်ပါဘူး။ ‘ထောင်’ စေတာ ဖြစ်ပါတယ်။


ပြောင်းဆွဲနည်းကို ဘယ်သူတွေ သုံးသင့်သလဲ။

ပန်းသေပန်းညှိုးပြဿနာက ဆီးကျိတ်ခွဲစိတ်ထားတဲ့သူတွေ၊ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ လူလတ်ပိုင်းအရွယ်တချို့မှာလည်း တွေ့ရပါတယ်။ ပန်းသေပန်းညှိုးကို ကုသတဲ့အခါ ဆေးဝါးတွေ၊ လိင်တံထဲမြှုပ်ရတဲ့ ဆေးတွေ၊ လိင်တံထိုးဆေးတွေ၊ ခွဲစိတ်ပြီး လိင်တံထဲ ပစ္စည်းထည့်တာတွေ စတဲ့နည်းလမ်းတွေ သုံးလေ့ရှိပါတယ်။


ပြောင်းဆွဲနည်းက ဒီနည်းလမ်းတွေ မသုံးချင်တဲ့အခါ၊ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတဲ့အခါ၊ ကိုယ်နဲ့ မသင့်တော်တဲ့အခါ သုံးလို့ရပါတယ်။


ပြောင်းဆွဲနည်းရဲ့ ကောင်းကျိုးတွေက

ပြောင်းဆွဲနည်းတွေက တကယ်ထိရောက်ပါတယ်။

မှန်မှန်ကန်ကန် သုံးမယ်ဆိုရင် အမျိုးသားအများစုမှာ အတူနေနိုင်လောက်အောင် ထောင်မတ်စေနိုင်ပါတယ်။


အန္တရာယ်နည်းပါတယ်။

တခြားပန်းသေပန်းညှိုးကုထုံးတွေနဲ့ ယှဉ်ရင် ဒါက ဘေးထွက်ဆိုးကျိုးနည်းပါတယ်။


တခြားကုထုံးတွေနဲ့ တွဲပြီး အသုံးပြုနိုင်ပါတယ်။

ပန်းသေပန်းညှိုးအတွက် ကုသမှုခံယူနေစဉ်မှာ အတူနေနိုင်အောင် ပြောင်းဆွဲနည်းကို အသုံးပြုနိုင်ပါတယ်။


တချို့ ခွဲစိတ်မှုတွေ လုပ်ပြီးချိန်မှာ လိင်တံထောင်မတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဆီးကျိတ်ခွဲစိတ်ပြီးတဲ့အခါ၊ ဆီးကျိတ်ကင်ဆာအတွက် ရောင်ခြည်ပြပြီးတဲ့အခါ လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ဒီလိုကုသမှုတွေ ခံယူအပြီးမှာ ပြောင်းဆွဲပေးတာက လိင်တံထောင်မတ်နိုင်အောင် ကူညီပေးနိုင်မှာပါ။


ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။


လိင်တံကြီးအောင် ပြောင်းဆွဲနည်းကို သုံးကြတယ်။ ဒါက အန္တရာယ်ရှိသလား။

ပြောင်းတွေက ပန်းသေပန်းညှိုးရောဂါရှိသူတွေအတွက် အဓိက ထုတ်ထားတာ ဖြစ်ပါတယ်။ တချို့သော အမျိုးသားတွေက လိင်တံကြီးချိန်၊ ရှည်စေချင်တာကြောင့် သုံးကြတာလည်း ရှိပါတယ်။ ဒီလိုသုံးတဲ့အခါ သိထားရမှာက


ပြောင်းဆွဲနည်းက လိင်တံကို ရေရှည်ကြီးစေ၊ ရှည်စေတာမျိုး မဖြစ်စေပါဘူး။


သူ့ရဲ့ အာနိသင်က ၁၀မိနစ် ၁၅မိနစ်လောက်ပဲ ခံတာပါ။ လိင်တံစွပ်ကွင်းတွေ သုံးပြီး ကြာကြာထောင်မတ်အောင် လုပ်ပေးလို့ ရပေမယ့် ဒါကလည်း ယာယီပါပဲ။ ရေရှည်ခံမှာ မဟုတ်ပါဘူး။ ပုံမှန် ပြောင်းဆွဲရင် နောက်ပိုင်းကျ လိင်တံကြီးလာမယ်။ ရှည်လာမယ်ဆိုတာက မဟုတ်ပါဘူး။




မှန်မှန်ကန်ကန် မသုံးတတ်ရင် ထိခိုက်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။

လေနဲ့ စုပ်တာဖြစ်တဲ့အတွက် အခန့်မသင့်ရင် လိင်တံမှာ ဒဏ်ရာရတတ်ပါတယ်။ ဥပမာ


-သွေးကြောလေးတွေပေါက်ပြီး လိင်တံမှာ အနီစက်လေးတွေ ထွက်တာ


-လိင်တံ ထုံတာ၊ အေးတာ၊ ပြာနှမ်းလာတာ


-နာပြီး ပွန်းပဲ့တာ


–သုက်လွှတ်ရင် နာတာ


-သုက်ကျန်သလို ခံစားရတာ စတာတွေ ဖြစ်နိုင်ပါတယ်။


ဒါကြောင့် သွေးကျဲဆေးတွေ သောက်နေရပြီး သွေးထွက်နိုင်ခြေရှိတဲ့ အမျိုးသားတွေ၊ သွေးရောဂါရှိတဲ့ အမျိုးသားတွေ မသုံးသင့်ပါဘူး။ သာမန်လူတွေကတော့ ပြောင်းဆွဲရင်း ဒီလိုလက္ခဏာတွေ ခံစားရရင် ရက်ပိုင်းလောက် ပြောင်းဆွဲတာကို နားထားသင့်ပါတယ်။ ထောင်ချင်ဇောနဲ့ စုပ်အားပြင်းပြင်း သုံးတာကို ဆင်ခြင်သင့်ပါတယ်။


လိင်ပိုင်းဆိုင်ရာ ပြဿနာလေးတွေလည်း ကြုံတတ်ပါတယ်။

ပြောင်းဆွဲပြီး ထောင်မတ်တာက သဘာဝအတိုင်း ထောင်မတ်တာထက်စာရင် ခံစားချက်ကွာပါတယ်။ လိင်တံအခြေမှာ မာနေတာမျိုး မရှိတဲ့အတွက် အတူနေရင် လိင်တံလည်ထွက်တာ၊ ချော်ထွက်တာတွေ ဖြစ်တတ်ပါတယ်။


စစသုံးသုံးချင်းဆို နေသားမကျဘဲ ကသိကအောက်ဖြစ်တာတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖော်ကိုပါ ကြိုရှင်းပြထားဖို့ လိုပါတယ်။


ပြောင်းတွေကို ဘယ်လိုသုံးမလဲ။

ပြောင်းတွေကို စနစ်တကျ သုံးတတ်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် ဖြည်းဖြည်းစမ်းကြည့်ပါ။




အရင်ဆုံး ချောဆီကို လိင်တံမှာ လိမ်းပါ။ ဒါမှ ပြောင်းနဲ့ လိင်တံနဲ့ ပွတ်တိုက်မှု နည်းမှာပါ။ ဆီးခုံးမွေးတွေလည်း လိုအပ်ရင် ရိတ်ထားပါ။ အမွေးညပ်တတ်ပါတယ်။

ပြောင်းကို လိင်တံမှာ စွပ်ပါ။ ပစ္စည်းတစ်ခုနဲ့ တစ်ခု ကွာတာကြောင့် အညွှန်းကို သေချာဖတ်ပါ။

စညှစ်ပါ။ ဒီနေရာမှာ တချို့ပြောင်းတွေက လက်နဲ့ ညှစ်ရပါတယ်။ တချို့က ဘက်ထရီနဲ့ဆိုတော့ အလိုအလျောက် ညှစ်ပေးပါတယ်။ ပြောင်းထဲမှာ လိင်တံ သေချာနေရာကျပြီဆိုမှ စညှစ်ပါ။

ညှစ်တာက စက္ကန့် ၃၀နဲ့ ၃မိနစ်ကြား ကြာတတ်ပါတယ်။ မိမိခံနိုင်ရုံ၊ အတူနေဖို့ ထောင်မတ်ရုံလောက်သာ ညှစ်ပါ။ ညှစ်ရင်း နာလာရင် ရပ်လိုက်ပါ။ အလွန်အကျွံညှစ်ရင် အပေါ်မှာ ပြောခဲ့တဲ့ ဒဏ်ရာတွေ ရနိုင်ပါတယ်။

ပြီးရင် အသာအယာ ပြန်ချွတ်ပါ။ တချို့ပြောင်းတွေမှာ အဆို့ရှင်လေးတွေ ပါတတ်ပါတယ်။ အညွှန်းသေချာဖတ်ပါ။ အတင်းဆွဲမဖြုတ်ပါနဲ့။

ကြာကြာထောင်မတ်လိုရင် လိင်တံစွပ်ကွင်းကို စွပ်ထားနိုင်ပါတယ်။

ပြီးရင် အတူနေလို့ ရပါပြီ။


ပြောင်းဆွဲနည်းနဲ့ လိင်တံ ရှည်စေမလား

ပြောင်းဆွဲနည်းက လိင်တံကို ယာယီပဲ ထောင်မတ်စေတာပါ။

လိင်တံထောင်မတ်တဲ့အတွက် ကြီးစေ၊ ရှည်စေတယ်လို့ ထင်ကြတာပါ။

ပြောင်းပုံမှန်ဆွဲလို့လည်း လိင်တံရှည်လာမှာ မဟုတ်ပါဘူး။

အတူနေတုန်း အဆင်ပြေစေဖို့ ခဏတဖြုတ်တော့ အသုံးပြုနိုင်ပါတယ်။

ပြောင်းဆွဲတဲ့အခါ ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

No comments: