(Htet Htet Zaw Win မှ ရေးသားပါသည်။)
စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။
လိင်ဆက်ဆံရင် ဝိတ်ကျ သလား
သုတေသနတွေက ဘာပြောလဲ
လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။
ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို ၄.၂ ကယ်လိုရီနှုန်း)နဲ့ အမျိုးသမီးတွေက ၆၉ ကယ်လိုရီ (တစ်မိနစ်ကို ၃.၁ ကယ်လိုရီနှုန်း) လောင်ကျွမ်းတာကို တွေ့ရပါတယ်။
ဒီလူတွေကိုပဲ ပြေးစက်ပေါ်မှာ အသင့်အတင့်ပြင်းအားနဲ့ နာရီဝက်လောက် ပြေးခိုင်းတဲ့အခါမှာတော့ အမျိုးသားတွေက ၂၇၆ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက ၂၁၃ ကယ်လိုရီ လောင်ကျွမ်းပါတယ်။
နောက်ထပ်တစ်ခုကတော့ New England Journal of Medicineကပါ။ သူ့ရဲ့ လေ့လာချက်မှာတော့ ၁၅၄ပေါင် ရှိတဲ့ အမျိုးသားက လှုံ့ဆော်ရာကနေ ပြီးမြောက်သည်အထိကို တစ်မိနစ် ၃.၅ ကယ်လိုရီနှုန်း (တစ်နာရီကို ၂၁၀ ကယ်လိုရီနှုန်း)နဲ့ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။
၂၁၀ ကယ်လိုရီလောင်ကျွမ်းဖို့ လမ်းလျှောက်မယ်ဆိုရင် တစ်နာရီကို ၂.၅မိုင်နှုန်းနဲ့ လျှောက်ရင်ရပါပြီ။ တစ်ခုရှိတာက အမျိုးသားတွေအနေနဲ့ အသက် ၃၀ကျော်လောက် ဖြစ်လာပြီဆိုရင် ပြီးမြောက်ဖို့ မီးကုန်ယမ်းကုန် ဆက်ဆံတာက (နှိုးဆွတာနဲ့ ပုံမှန်ဆက်ဆံတာမပါ) ၆မိနစ်လောက်ပဲ ရှိတာကြောင့် တကယ်တမ်းမှာ ၂၁ကယ်လိုရီလောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် လောင်ကျွမ်းမှာ ဖြစ်ပါတယ်။
ဆိုလိုတာက လိင်ဆက်ဆံရင် ကယ်လိုရီလောင်ကျွမ်းတာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်သလောက်တော့ မများဘူးဆိုတာပါပဲ။
လိင်ဆက်ဆံတဲ့အခါ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေဖို့
ပုံမှန်ဆက်ဆံတာထက် ကယ်လိုရီပိုလောင်ချင်တယ်ဆိုရင်တော့ -
ကြာကြာ ဆက်ဆံပါ။
ဒါကတော့ ရှင်းပါတယ်။ များများလောင်ကျွမ်းချင်ရင် ကြာကြာဆက်ဆံရမှာပါ။ ဒါပေမဲ့ သတိထားရမှာက ကိုယ်နဲ့ ကိုယ့်အဖော် ခံနိုင်ရည်ရှိတာထက် မကျော်လွန်ဖို့ပဲ ဖြစ်ပါတယ်။
ဆက်ဆံတဲ့ အနေအထားတွေ ပြောင်းကြည့်ပါ။
ခန္ဓာကိုယ်ကို ပိုပြီး အားစိုက်ရစေတဲ့ ပုံစံတွေ ပြောင်းကြည့်ပါ။ ကယ်လိုရီလောင်ကျွမ်းမှုက ကျား/မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ့်ရဲ့ metabolismပေါ် မူတည်တယ်ဆိုပေမယ့် အားပိုစိုက်ရရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်းနိုင်ပါတယ်။
ဥပမာ missionary positionနဲ့ နေတဲ့အခါ အမျိုးသားက ပေါင် ၁၉၀၊ အမျိုးသမီးက ပေါင် ၁၄၀ ဖြစ်မယ်ဆိုရင် ၁၀မိနစ် အတွင်းမှာ အမျိုးသမီးက ၁၄ ကယ်လိုရီပဲ လောင်ပေမယ့် အမျိုးသားကတော့ ၄၇ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အနေအထားတစ်ခုတည်းမှာတောင် အားပိုစိုက်ရတဲ့သူက ကယ်လိုရီ ပိုလောင်ပါတယ်။
မတ်တပ်ရပ်ပြီး ဆက်ဆံတယ်ဆိုရင်လည်း ၁၀မိနစ်ကို အမျိုးသမီးက ၃၀ ကယ်လိုရီလောင်တဲ့အချိန်မှာ အမျိုးသားက ၅၁ ကယ်လိုရီ လောင်ကျွမ်းပြီးပါပြီ။
ချီပြီး ဆက်ဆံတယ်ဆိုရင်လည်း အလေးမတာနဲ့ အလားတူလို့ ၁၀မိနစ်ကို အမျိုးသားက ၆၅ ကယ်လိုရီ၊ အမျိုးသမီးက ၄၀ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။
လိင်ဆက်ဆံရင် ဝိတ်ကျ သလား
ဒီအဖြေအတွက် ရှင်းပြရရင် လိင်ဆက်ဆံတာက ကယ်လိုရီလောင်ပါတယ်။ ဒါပေမဲ့ သိသိသာသာ ဝိတ်ကျရလောက်အောင်တော့ မဟုတ်ပါဘူး။ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ တစ်ခုလောက်ပဲ ဖြစ်ပါတယ်။
တကယ်ပဲ ဝိတ်ကျချင်ရင်တော့ လေ့ကျင်ခန်း သေချာလုပ်ပြီး အစားအသောက်ကို တွက်ချက် စားသောက်ရမှာပါ။ လိင်ဆက်ဆံတာက ကယ်လိုရီလောင်စေပေမယ့် ဒါက လေ့ကျင့်ခန်း လုပ်တာကို အစားထိုးဖို့တော့ မဟုတ်ပါဘူး။
***Hello ဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။
No comments:
Post a Comment