Saturday, October 1, 2016
အမျိုးသား လိင်မှုဘ၀ စွမ်းဆောင်ရည်အပေါ် အကြီးမားဆုံး ထိုးနှက်ချက် ၁၀ ခု
အမျိုးသား လိင်မှုဘ၀ စွမ်းဆောင်ရည်အပေါ် အကြီးမားဆုံး ထိုးနှက်ချက် ၁၀ ခု
----------------------------------------------------------------------
(mmdailynews)
အမျိုးသား သဘာဝ ဆုတ်ယုတ်ကျဆင်းလာခြင်း ဖြစ်တဲ့ ပန်းသေပန်းညှိုး ရောဂါဟာ လူမှုကျန်းမာရေး ပြဿနာ (Social Health Problem) အကြီးစားတစ်ခု ဖြစ်တယ် ဆိုတာ အားလုံး အသိပါ။ အမျိုးသားတစ်ယောက်ဟာ ဒီအနေအထားကို အိုမင်းမစွမ်း ဖြစ်လာတဲ့ တစ်နေ့မှာ ရောက်ရှိမှာ ဖြစ်ပေမယ့် အရွယ်ကောင်းတုန်းမှာ ခံစားရရင် အရမ်းဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု ဖြစ်လာမယ် ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ဖြစ်စေတဲ့ အဓိက အချက်က ဆယ်ချက် ရှိတယ်လို့ ကျန်းမာရေးသုတေသီများက စမ်းသပ်လေ့လာ တွေ့ရှိထားပါတယ်။ ဒီအချက်တွေကို ရှောင်ကြဉ် ပြုပြင်ဖွယ် တင်ပြပေးလိုက်ပါတယ်။
(၁) စိတ်ဓာတ်ကျဆင်းခြင်း
သဘာဝအရ ဦးနှောက်ဟာ လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု ဖြစ်ပေါ်စေတဲ့ နေရာဖြစ်ပါတယ်။ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဓာတုပစ္စည်းတွေဟာ လိင်မှုဆန္ဒ နိုးကြွမှုကို ပိတ်ပင်ပြီး ပန်းညှိုးရောဂါ ဖြစ်စေပါတယ်။ ရေရှည် စိတ်ဓာတ်ကျ ရောဂါမှာသာမက ခဏတဖြုတ် စိတ်ဓာတ်ကျရင်တောင် ဒီလို အာနိသင်မျိုး ရှိပါတယ်။ ပိုဆိုးတဲ့ အချက်က စိတ်ကျရောဂါကို ကုသတဲ့ ဆေးဝါးတွေထဲ အများစုကလည်း ပန်းသေပန်းညှိုးရောဂါဖြစ်ဖို့ အားပေးပါတယ်။ ဒါကြောင့် အမျိုးသားသဘာဝကို ကျဆင်းစေတဲ့အထဲမှာ အကြီးဆုံး အချက်က စိတ်ဓာတ်ကျဆင်းခြင်း ပါပဲ။ စိတ်ဓာတ်ကျဆင်းနေတဲ့ အမျိုးသားတစ်ယောက်ဟာ ကျန်းမာရေးရှုထောင့်တစ်ခုတည်းက ကြည့်ရင်တောင် ပန်းသေပန်းညှိုး၊ နှလုံးသွေးကြောပိတ်၊ အ၀လွန် စတဲ့ရောဂါတွေနဲ့ ဆက်စပ်နေလို့ စိတ်ဓာတ်အလွန်အမင်း ကျဆင်းတတ်တဲ့ အကျင့်၊ ရေရှည်ဖြစ်နေတတ်တဲ့ အကျင့်တွေကို ပြုပြင်သင့်ပါတယ်။
(၂) အရက်
အနည်းအကျဉ်းလောက် သောက်ရင် စွမ်းဆောင်ရည် ကြာမြင့်စေတယ် ဆိုပေမယ့် အမူးအရမ်းလွန်အောင် သောက်ရင် စိတ်ကျေနပ်မှု အပြည့်အ၀ မရတတ်သလို ယာယီ ပန်းညှိုးသွားတတ်ပါတယ်။ ဒါ့အပြင် အရက်ဟာ ရေရှည်မှာ သွေးကြောတွေကို ထိခိုက်ခြင်း၊ အသည်းကို ထိခိုက်ကာ ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏ ကျဆင်းစေခြင်း စတဲ့ အချက်တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်ဖို့ ဦးတည်သွားစေပါတယ်။ လေ့လာမှု တစ်ခုအရ အရက်အလွန်အကျွံ သောက်သူတွေဟာ ပန်းသေပန်းညှိုး ဖြစ်ကြပြီး တစ်နေ့ကို နှစ်ပက်ပဲ သောက်တဲ့ အမျိုးသားတွေကျတော့ ဒီရောဂါနဲ့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေပါသတဲ့။
(အရက်တွေထက် ၀ိုင်နီတွေက ဒီအာနိသင် ပိုရှိပါတယ်။ ၀ိုင်နီဟာ အမျိုးသားရော အမျိုးသမီးပါ နှလုံးသွေးကြောပိတ်ရောဂါတွေကို ကာကွယ်နိုင်တဲ့ အာနိသင် ရှိပါတယ်။ အရက်သောက်ကြပါလို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ သောက်ကြမယ်ဆိုရင်တော့ ၀ိုင်နီသောက်ပါလို့ ဆိုလိုတာပါ။ ကျန်းမာရေးအတွက် အကျိုးရှိဖို့ အမျိုးသား နှစ်ပက်၊ အမျိုးသမီး တစ်ပက်ထက် မကျော်လွန်ရပါဘူး)
(၃) ဆေးဝါးများ ပုံမှန်စွဲသောက် နေရခြင်း
သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဖက်နာရောဂါ တို့လို နာတာရှည် နာကျင်ကိုက်ခဲမှုရောဂါများ၊ စိတ်ကျရောဂါ စတဲ့ ရောဂါတွေမှာ သောက်ရတဲ့ ဆေးတွေက ရေရှည် စွဲသောက်ရင် ပန်းသေပန်းညှိုး ဖြစ်စေတဲ့ အာနိသင် ရှိကြပါတယ်။ ဒါကြောင့် ဒီဆေးတွေ စွဲသောက်နေရင်း အမျိုးသားတစ်ယောက်ဟာ အိမ်ထောင်ရေးမှာ ထိခိုက်မှု ရှိလာရင် ဆေးအမျိုးအစား ပြောင်းဖို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
အထက်ပါဆေးတွေ အပြင် အမ်ဖက်တမင်း ကဲ့သို့ စိတ်ကြွရူးသွပ်ဆေးများဟာ ပန်းသေပန်းညှိုး နဲ့ အခြား မျိုးဆက်ပွား ကျန်းမာရေး ပြဿနာတွေ ၊ အခက်အခဲတွေ တွေ့ရတတ်လေ့ ရှိပါတယ်။ ခဏတာလက်တည့်စမ်း သုံးစွဲသူတွေဟာ စွမ်းဆောင်ရည် မြင့်မားလာသလိုလို ခံစားရလေ့ ရှိလို့ ဒီဆေးတွေဟာ အန္တရာယ်မရှိဘူးလို့ လူငယ်အချို့က အမှတ်မှားနေကြပါတယ်။ ရေရှည်မှာ ပြဿနာမျိုးစုံ ကြုံရမှာမို့ စိတ်ကြွရူးသွပ်ဆေးပြားများကို ကိုယ့်အသိနဲ့ကိုယ် ရှောင်ကြသင့်ပါတယ်။
(၄) စိတ်ဖိစီးမှု
မိသားစုအရေးနဲ့ အလုပ်ကိစ္စတွေ ကြားမှာ ဗျာများနေသူဟာ လိင်မှုကိစ္စမှာ အနည်းနဲ့ အများ ကျဆင်းပါတယ်။ အလုပ်ပိသူတွေဟာ အိပ်ရေးမ၀ကြတဲ့ရက် များမယ်၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း၊ အားကစားတွေ လုပ်ဖို့ အချိန် မပေးနိုင်ဘူး၊ တွေ့ကရာ အဆင်သင့်အစာတွေ စားမယ်ဆိုရင် ကြာလာတာနဲ့အမျှ လိင်မှုဘ၀ နိမ့်ပါးခြင်းနဲ့ ကြုံလာရတတ်တာ များပါတယ်လို့ ပညာရှင်များက တွေ့ရှိထားပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု အာရုံတွေ များတဲ့သူဟာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ရအောင်ယူပြီး အိပ်ရေး တတ်နိုင်သမျှ ၀အောင်အိပ်မယ် ဆိုရင် ဒီပြဿနာမျိုးတွေ နည်းသွားမှာပါ။
(၅) ဒေါသ
ဒေါသဖြစ်ရင် မျက်နှာတွေ နီလာကာ သွေးဖိအားတက်လာပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းစေတဲ့ အာနိသင်တော့ မရှိပါဘူး။ ဒေါသကြောင့် ထွက်တဲ့ ဟော်မုန်းများဟာ လိင်စိတ်ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကို လွှမ်းမိုးတားဆီးတဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ဒေါသစိတ်က ရင်ထဲမှာ ကိန်းအောင်းနေရင် သင့်ရဲ့အဖော်နဲ့ နေတဲ့အခါမှာ ဒီဒေါသဟာ သူမနဲ့ မဆိုင်သော်ငြားလည်း ကြီးစွာ အနှောင့်အယှက် ဖြစ်စေပါတယ်။ မျိုသိပ်ထားတဲ့ ဒေါသတွေက ဒီလို အာနိသင် ပိုရှိလို့ ပွင့်ပွင့်လင်းလင်း သမားတွေက ပန်းသေပန်းညှိုး ဖြစ်တာ ပိုနည်းတယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။
(၆) သောက
ငါတော့ အိပ်ရာထဲမှာ စွမ်းဆောင်နိုင်ပါ့မလား၊ အရင်တခါလိုပဲ တလွဲတချော်တွေ ဖြစ်ဦးမလား ဆိုတဲ့ စိတ်က အတော်လေး ဆိုးပါတယ်။ အဲလို စိုးရိမ်နေလို့ကို အာရုံစူးစိုက်နိုင်စွမ်း ထပ်ကျပြီး ထပ်စိတ်ညစ်ရဦးမှာပါ။ ဒီလို သောကအပြင် လူမှုဘ၀ထဲက သောကတွေကလည်း အိမ်ထောင်ရေး သုခကို ကြီးစွာသော ထိုးနှက်တိုက်ခိုက်ချက် ဖြစ်စေပါတယ်။
(၇) သက်လတ်ပိုင်း အ၀လွန်လာခြင်း
အချို့အမျိုးသားတွေဟာ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက် စတာတွေကြောင့် အသက် ၃၅ နှစ် နောက်ပိုင်းမှာ ကိုယ်အလေးချိန် မြန်မြန်ဆန်ဆန် တိုးလာတတ်ကြပါတယ်။ အဲလိုဖြစ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည် ကျေနပ်မှု (self-esteem) နဲ့ လိင်မှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ အ၀လွန်တဲ့ အမျိုးသားတွေဟာ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်း ကျလာလို့ ကျားသဘာဝတောင့်တင်းမှုရော ဆန္ဒပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အ၀လွန်ရင် သွေးတိုးရောဂါ နောက်ကလိုက်လာပါတယ်။ သွေးတိုးရောဂါကြောင့် သွေးကြောနံရုံတွေ ထိခိုက်ပြီး မာခဲလာမယ်၊ လိင်အင်္ဂါကို သွားတဲ့ သွေးကြောတွေ ကျဉ်းပြီး ပန်းသေပန်းညှိုး ဖြစ်စေပါတယ်။
(၈) မိမိကိုယ်ကို ရုပ်ပိုင်းဆိုင်ရာ ခံယူထင်မြင်မှု
သင့်ကိုယ်သင် မှန်ထဲမှာ ပြန်ကြည့်တိုင်း မြင်ရတဲ့ သင့်ရဲ့ ရုပ်ရည်၊ အ၀တ်အစားဆံပင်စတဲ့ စတိုင်တွေကို သင်ကိုယ်တိုင်ကတောင် သဘောမကျဘူး ဖြစ်နေရင် သင့်ရဲ့ ပါတနာကလည်း ဒီလိုပဲ မြင်ဖို့ သေချာသလောက်ရှိပါတယ်။ ကိုယ့်ရဲ့ အသွင်အပြင်ဟာ ဆွဲဆောင်မှု မရှိဘူးလို့ သင်တွေ့မြင်နေရရင် ယုံကြည်မှုတွေ လျော့ပါးကာ အမှတ်(၆)မှာ ပြောခဲ့တဲ့ သောကမျိုးနဲ့ ကြုံတွေ့ရမှာ သေချာပါတယ်။ ဒါ့အပြင် အချစ်နဲ့ စပ်လျဉ်းတဲ့ အိမ်ထောင်ရေးမျိုးမှာတောင် သင်က ဆွဲဆောင်မှု မရှိရင် တစ်ဖက်သားရဲ့ စိတ်ပါလက်ပါ ရှိမှုကို လျော့စေပြီး ဒါကို သင်က တဖန်ပြန်ခံစားမိပြန်တော့ သောကသံသရာလည်ကာ နောက်ဆုံး အာရုံစူးစိုက်လို့ မရတော့ဘဲ ပန်းညှိုးရောဂါ ဖြစ်လာတတ်တဲ့အထိ ဒီကိစ္စဟာ ကြီးကျယ်ပါတယ်။
မွေးရာပါ ရုပ်ရည်ဟာ ပြင်ရခက်ပေမယ့် ဆံပင်ပုံစံကနေ စလို့ မျက်နှာ၊ အ၀တ်အစား၊ ကိုယ်နံ့ စတာတွေက ဆွဲဆောင်မှုရှိအောင် ပြင်ဖို့ အရမ်းမခဲယဉ်းပါဘူး။ ငွေကုန်ကြေးကျ မများဘဲနဲ့ ဖက်ရှင်ကျအောင် ယောက်ျားပီပီသသ ဆွဲဆောင်မှုရှိအောင် (sexy ဖြစ်အောင်) လုပ်ယူလို့ ရပါတယ်။ ဒါဆိုရင် အထက်ပါ ပြဿနာတွေကို ဖြေရှင်းကျော်လွှားနိုင်လာမှာပါ။
(၉) ကာမစိတ်နည်းပါးကျဆင်းခြင်း
ဒါဟာ ပန်းသေပန်းညှိုးရောဂါနဲ့ မတူဘူးလားလို့ မေးရင် မတူပါဘူးလို့ပဲ ဖြေရပါမယ်။ တစ်ခါတစ်လေ ဘာအကြောင်းမှု မရှိဘဲ ဒီစိတ်တွေ ကျနေတာကို လူတိုင်း ခံစားဖူးကြမှာပါ။ စိတ်ကျရည် စွမ်းဆောင်ရည်ပါ ကျပါတယ်။ တစ်ခါတစ်လေကျ တက်လာပေမယ့် ကြာကြာမခံဘဲ ပြန်ကျသွားတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ့်ကိုယ်ကို ယုံကြည် ကျေနပ်မှု (self-esteem) ကျဆင်းလာခြင်း၊ ကြီးမားတဲ့ စိတ်ဖိစီးမှု၊ ရောဂါအချို့မှာ သောက်ရတဲ့ ဆေးဝါး တွေဟာ စိတ်ပါဝင်စားမှုကို တားဆီးထားလို့ ဖြစ်ရတာ များပါတယ်။ ဗိုက်တာမင်နဲ့ သတ္တုဓာတ်အချို့ ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဗိုက်တာမင် B အုပ်စု၊ ဗိုက်တာမင် E နဲ့ ဇင့်ချို့တဲ့မှုတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကို အစားအစာနဲ့ ပြုပြင်ချင်ရင် ငါးများ၊ ထောပတ်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး စတဲ့ အသီးများ၊ ဥများ၊ မုန်လာဥ၀ါ၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီးအဆန်များ စတာတွေ စားပြီး ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။
(၁၀) ကျန်းမာရေး
ဆီးချိုနဲ့ သွေးတိုးရောဂါများဟာ သွေးလှည့်ပတ်မှု ထိခိုက်ခြင်း၊ အာရုံကြောများရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းတွေနဲ့ ဆက်စပ်လို့ ဒီရောဂါ ရှိသူများဟာ ပန်းသေပန်းညှိုး ရောဂါ ခံစားရလေ့ ရှိပါတယ်။ ခါးရိုးဆစ် ဒဏ်ရာ ရဖူးသူတွေဟာလည်း ကျားအင်္ဂါ တောင့်တင်းစေဖို့ လိုအပ်တဲ့ လှုံ့ဆော်မှုတွေ ကျောရိုး အာရုံကြောမကြီး ကနေ မရတော့တဲ့ အတွက် လုံးဝ ပန်းသေသွားတတ်ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါတစ်ခုခုရှိလို့ ခွဲစိတ်မှု လုပ်ရရင် သက်ဆိုင်ရာ အာရုံကြောတွေ ထိတတ်ပြီး ခွဲစိတ်မှု အပြီးမှာ ပြဿနာ တက်ပါတယ်။ ဒီလို ကျန်းမာရေး အခြေအနေတွေကို ပျောက်ကင်း သက်သာအောင် ကုသဖို့ ဆရာဝန်ပြသရမှာပဲ ဖြစ်ပါတယ်။
ဒီနောက်ဆုံးအချက် နံပါတ်(၁၀) ကတော့ ကျွန်တော်တို့ဘက်က လုပ်နိုင်တာ နည်းပါမယ်။ ဒါပေမဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါအတွက်ကော သွေးလှည့်ပတ်မှု အတွက်ပါ ကိုယ်လက်လှုပ်ရှားမှု စနစ်တကျ မှန်မှန် ပြုလုပ်ခြင်းဟာ ဒီရောဂါတွေကို ငြိမ်သက်နေအောင် ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ကို ဝေးဝေး ရှောင်ကြဉ်မယ်၊ စွဲနေရင် ဖြတ်မယ်ဆိုရင် တန်ဖိုးရှိတဲ့ စွမ်းဆောင်ရည်မြင့် အမျိုးသားဘ၀ကို တန်ဖိုးထားရာ ရောက်မှာ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါဟာ စောစော ကုရင် နောက်ဆက်တွဲ ပြဿနာတွေ မများတော့ဘဲ မြန်မြန် သက်သာတတ်သလို အချိန်တွေ ဆွဲနေရင် ဒါမှမဟုတ် မိမိသဘောနဲ့ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ ကြိတ်ကုနေလို့ ကြာလာရင် ကုရခက်တဲ့ အနေအထား ရှိတာမို့ လက်တွေ့ကြုံရရင် ရှက်ရွံ့မနေဘဲ၊ အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ ကုသပါလို့ အကြံပြုလိုက်ပါတယ်။
Credit: mmdailynews
Monday, September 26, 2016
Figuring Out If You Are Gay ✌
ကိုယ့်ကိုယ်ကိုယ် ဂေးဟုတ်မဟုတ် ဖော်ထုတ်ဆန်းစစ်ပါ (Figuring Out If You Are Gay)
(၁) ကိုယ်ဖွင့်ဆိုထားတဲ့ လိင်တူစွဲလမ်းမှုအဓိပ္ပာယ်ကို သေသေချာချာရှင်းလင်းအောင်လုပ်ပါ။ လူတစ်ယောက်ကို ဂေးဖြစ်စေတယ်လို့ အတွေး တွေးထင်မိစေတဲ့ ကွဲပြားခြားနားသော နည်းလမ်းများစွာရှိနေလို့ဖြစ်ပါတယ်။ အခြားသောသူများက လူတစ်ယောက်ရဲ့ ဖိုမလက္ခဏာ လိင်မှုကိစ္စဆိုတာ အဆိုပါလူရဲ့ ၀မ်းတွင်းပါ လိင် သို့မဟုတ် အခြားတစ်မျိုးမျိုးအပေါ် ညွှန်းဆိုပြီး ဘယ်လိုပဲ ချေပသည် ဖြစ်ပါစေ လူအချို့က လူတစ်ယောက်၏ ဖိုမလက္ခဏာကို ဆုံးဖြတ်ရာမှာ အဆိုပါလူ ဘယ်သူနဲ့အိပ်ခဲ့တယ်ဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်တယ်လို့ ထောက်ခံပြောဆိုကြပါလိမ့်မယ်။ အနည်းစုသော လူများကတော့ လူတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှု၊ ဖိုမလက္ခဏာ၊ လိင်မှုကိစ္စဆိုတာ အဆိုပါလူရဲ့ နေထိုင်ဖြတ်သန်းခဲ့ရသော လူမှုဝန်းကျင်က လမ်းကြောင်းပေးမှုကြောင့်သော် လည်းကောင်း၊  ဖိအားပေးမှုကြောင့်သော်လည်းကောင်း ဖြစ်တည်နိုင်တယ်လို့ ယုံကြည်နေကြတုန်းပါ။ မိမိ ဖွင့်ဆိုထင်မြင်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အမြင်ရှင်းစေတဲ့ အကြောင်းအရာလို့ ဘယ်လိုပဲ စာဖတ်သူအနေနဲ့ ယုံကြည်ထားသည်ဖြစ်ပါစေ လိင်စိတ်တိမ်းညွှတ်မှုအဓိပ္ပာယ်ဟာ နည်းနည်းတော့ ခုခံပြောဆိုလို့ရနေရဆဲ အကြောင်းအရာဖြစ်ပါတယ်။
Heterosexual (Straight): လိင်မတူသူနဲ့သာ ကာမဆက်ဆံလိုသောသူ (heterosexual) တစ်ယောက်ဆိုပါလျှင် အဆိုပါလူဟာ မိမိနဲ့ ဆန့်ကျင်ဘက်လိင်အုပ်စုဝင်များရဲ့ စွဲဆောင်မှုအပေါ်မှာသာ သာယာပြီး လိင်တူအုပ်စုအပေါ် လိင်စိတ်ခံစားမှု သို့မဟုတ် ချစ်မြတ်နိုးမှု ခံစားချက် မရှိတတ်ပါဘူး။
Bisexual (Bi): လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုနှစ်သက်သူ (besexual) ဆိုပါလျှင် လိင်/ဖိုမ တစ်မျိုးသက်သက်ထက်ပိုမိုပြီး လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု သို့မဟုတ် ချစ်ခင်မြတ်နိုးမှုရှိနေသူလို့ ဆိုလိုနိုင်ပါတယ်။
Bi-curious: စူးစမ်းလေ့လာဆဲ (curious) အဆင့်ရှိသူတစ်ယောက်လို့ပြောလို့ရမယ့်လူမျိုးကတော့ လိင်တူ၊လိင်ကွဲ နှစ်မျိုးစလုံးနဲ့ အတွေ့အကြုံ ကောင်းကောင်းမရှိတာကြောင့် မိမိအနေနဲ့ ဘယ်ဘက်ကို လိင်စိတ်တိမ်းညွှတ်သလဲ လိင်စိတ်ခံစားမှုဘယ်လိုမျိုးလဲ ဆုံးဖြတ်လို့မရသူမျိုးဖြစ်ပါတယ်။
Homosexual (Gay): လိင်တူကိုသာစိတ်ဝင်စားသူ (homosexual) လို့အဓိပ္ပာယ်ဖွင့်ဆိုလို့ရမယ့်သူမျိုးကတော့ မိမိနဲ့ အမျိုးတူ/လိင်တူ အုပ်စုအပေါ်မှာသာ စိတ်ဝင်စားခဲ့ပြီး ဆန့်ကျင်ဘက်လိင်အပေါ်မှာ လိင်စိတ်သော်လည်းကောင်း ချစ်ခင်မြတ်နိုးစိတ်သော်လည်းကောင်း ကင်းရှင်းသော သူဖြစ်ပါတယ်။
Pansexual: အကုန်စိတ်ဝင်စားသူ (pansexual) တစ်ယောက်ဆိုတာကတော့ ဖိုမ အကုန်စိတ်ဝင်စားသူလို့ပြောရပါမယ်။
Pansexual တွေဟာ အမျိုးသားများ၊ အမျိုးသမီးများ၊ ပြီးတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်နှစ်သက်သူများအပေါ် စိတ်ဝင်စားနှစ်သက်တယ် ဆိုတာရဲ့ အပြင်ဘက်ရောက်ပါတယ်။ အရပ်စကားနဲ့ပြောရရင် ဘာလာလာ ဂိမ်း(Gain) တယ်ဆိုတဲ့သူမျိုးလို့ဆိုနိုင်ပါတယ်။ အချို့သော Pan တွေဟာ ‘gender blind’ သို့မဟုတ် တစ်ဖက်သားရဲ့ လိင်ဝိသေသ/ဖိုမလက္ခဏာအပေါ် သတ်မှတ်ချက်မရှိဘဲ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားတတ် ကြပါတယ်။ လတ်တလော လိင်အမျိုးအစားတစ်ခုကို အကြိုက်နှစ်သက်ဆုံးဖြစ်နေတတ်သော်လည်း ဘယ်လို ယောက်ျား၊မိန်းမဖြစ်တည်မှကြိုက်နှစ်သက်ပါတယ်ဆိုတာမျိုး သေချာတဲ့စိတ်ပိုင်းဖြတ် စွဲလမ်းမှုမရှိကြပါဘူး။ (ဥပမာ - တွေ့ကြုံဆုံတွေ့မှု အရပဲဖြစ်ဖြစ်၊ ယောက်ျားခြင်းကိုသာ စွဲလမ်းနှစ်သက်နေသူတစ်ယောက်ဖြစ်နေပေမယ့် အခြားသော လိင်ဝိသေသမရွေးလူအစုံကို စိတ်ဝင်စားတာအတူတူပဲဆိုတဲ့ လူမျိုးဖြစ်ပါတယ်။)
Asexual (Ace): လိင်မှုကင်းမဲ့သော(Asexual) လူတစ်ယောက်ဖြစ်ပါတယ်လို့ အဓိပ္ပာယ်ဖွင့်နိုင်တဲ့လူမျိုးကတော့ မိမိအပြင် အခြားသော သူများအပေါ် လိင်စိတ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားခြင်းလည်းမရှိ လိင်ကိစ္စပတ်သက်ဆက်နွယ်ဖို့လည်းမကြိုးစားတတ်သောသူဖြစ်ပါတယ်။
(၂) မိမိငယ်စဉ်ကနေ အခုထိပြီးဆုံးခဲ့သော ဆန့်ကျင်ဘက်လိင်များနဲ့ ချစ်ဇာတ်လမ်းတွေကို ပြန်လည်စဉ်းစားသုံးသပ်ကြည့်ပါ။ ဆန့်ကျင်ဘက် လိင်တစ်ဦးတစ်ယောက်က စာဖတ်သူကို နမ်းရှိုက်ချိန်မှာ ဘယ်လိုများခံစားခဲ့ရပါသလဲ? လှပတက်ကြွသော ဆန့်ကျင်ဘက် လိင်တွေအပေါ် အမြဲလိုလို crush နေခဲ့ဖူးပါသလား? တကယ်လို့များ စာဖတ်သူအနေနဲ့ ဆန့်ကျင်ဘက်လိင်တွေနဲ့ ဇာတ်လမ်းတွေရှိခဲ့ချိန်တုန်းက လိင်ကိစ္စ သို့မဟုတ် ချစ်မှုရေးရာတွေ အမှတ်မထင် ဘောင်ကျော်ခဲ့ဖူးတယ်ဆိုရင် အဆိုပါအဖြစ်အပျက် တွေ ကာလလွန်ပြီးဆုံးခဲ့ သော်လည်းရင်ခုန်နေရတုန်းပဲ စိတ်လှုပ်ရှားနေဆဲပဲဆိုပါက စာဖတ်သူက straight တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သူပါပဲ။ ဒါမှမဟုတ် စာဖတ်သူဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးနှစ်သက်သူ(bi) တစ်ယောက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
(၃) နောက်တစ်ခါ စာဖတ်သူနဲ့အမျိုးတူ လိင်တူတစ်ယောက်ယောက်နဲ့ပတ်သက်ပြီး ရရှိခဲ့ဖူးမယ့် ချစ်ခင်နှစ်သက်မှုအတွေ့အကြုံတွေ သို့မဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ဆန်းစစ်သုံးသပ်ကြည့်ပါဦး။ ကဲ ဘယ်လိုလူမျိုးတွေအပေါ် crush ခဲ့မိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ၀န်ခံဖို့ စာဖတ်သူအနေနဲ့ကြောက်ရွံ့နေသလား? စာဖတ်သူဟာ လိင်တူအုပ်စုဝင်တစ်ဦးတစ်ယောက်ကို လိင်မှုကိစ္စ ၊ လိင်စိတ်တစ်ခုခုနဲ့ စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ဖူးသလားဗျ? စာဖတ်သူစိတ်ဝင်စားမယ် ကြိုက်နှစ်သက်မယ်လို့ထင်ခဲ့တဲ့ ဖိုမတစ်ဦးဦးကို အမှန်တကယ် ပြောင်းလဲမှုမရှိ စိတ်မ၀င်စားခဲ့ဘူးဆိုတာ တွေ့ရှိခဲ့ဖူးပါသလား? စာဖတ်သူ စိတ်ကူးယဉ်ခဲ့တဲ့ လိင်တူတစ်ဦးတစ်ယောက် နဲ့ ချစ်ဇာတ်လမ်းတွေအတွေ့အကြုံရှိခဲ့ရတယ် ပြီးဆုံးသွားသော်လည်း စိတ်လှုပ်ရှားရင်ခုန်နေတုန်းပဲဆိုပါလျှင် စာဖတ်သူဟာ လိင်တူ(gay) သို့မဟုတ် လိင်တူလိင်ကွဲနှစ်မျိုးကြိုက်နှစ်သက်သူ (bi) တစ်ယောက်ဖြစ်ဖို့ အခွင့်ကောင်းတစ်ခုရသူလို့ဆိုရပါမယ်။
(၄) မကြာသေးခင်က စာဖတ်သူ ခင်မင်ကျွမ်းဝင်ခဲ့သော သူငယ်ချင်းများနဲ့ ပေါင်းသင်းဆက်ဆံချိန်မှာ ပြုမူနေမိသော အမူအကျင့်များကို ဆန်းစစ်ပါ။ စာဖတ်သူရဲ့ အချစ်စိတ် သို့မဟုတ် လိင်စိတ်ဆန္ဓ ခံစားမှုများဟာ လိင်တူအုပ်စုဖြစ်သော သူငယ်ချင်းများ သို့မဟုတ် ခင်မင် ကျွမ်းဝင်မိသူများအပေါ် တရစ်ဝဲ၀ဲဖြစ်နေတယ်လို့ စာဖတ်သူသေချာစေ့ငုချိန်မှာ ရှာဖွေတွေ့ရှိမိပါသလား? လိင်စိတ်အတွေးတစ်ခုဟာ စာဖတ်သူကို ဂေးဖြစ်အောင် အလိုအလျောက်မပြုလုပ်နိုင်ဘူးဆိုတာ မှတ်ထားရပါမယ်။ လိင်တူအုပ်စုဝင်တွေအကြောင်း စိတ်ကူးအတွေး ပေါ်တယ် ပြုလုပ်မိတယ်ဆိုတာ တစ်ခုခုအဓိပ္ပာယ်ရောက်ပါတယ်။
Females: အမျိုးသမီးများအနေနဲ့ ကိုယ့်အချစ်ဆုံးအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်အပေါ် အမြဲလိုလို ပုံမှန်ထက်ပိုတဲ့ မူပိုင်စီးထား လိုစိတ် ခံစားခဲ့ရပါသလား? အဆိုပါသူငယ်ချင်းကို ဘယ်သူ့ကိုမှမပေး စာဖတ်သူရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ပဲ ဖြစ်စေ ချင်နေခဲ့သလား? ဒါမှမဟုတ် အဲ့ဒီသူငယ်ချင်းမှာ ယောက်ျားလေးချစ်သူတစ်ယောက်ရှိနေခဲ့တဲ့အပေါ် မနာလိုဝတ်တိုစိတ်ဝင်နေ မိခဲ့သလား? စိတ်လှုပ်ရှားရင်ခုန် ဖွယ်ကောင်းလောက်အောင် စွဲဆောင်မှုရှိတဲ့ အ၀တ်မပါသော မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံ တစ်ပုံကိုကြည့်မိချိန် စိတ်လှုပ်ရှားရင်ခုန်တာမျိုးဖြစ်ဖူးလား? ‘အို…သူက တော်တော်လှတယ်နော်’ ဆိုတဲ့ ယေဘုယျ အာရုံခံစားမှု သက်သက်မဟုတ်ဘဲ ‘၀ိုး…ငါသူ့ကိုလိုချင်တယ်’ ဆိုတဲ့ တကယ့်အာရုံခံစားမှုမျိုး ခံစားရတယ်လို့ စာဖတ်သူဆန်းစစ်မိပါသလား။
Males: စာဖတ်သူအနေနဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကို ကလိထိုးကစားတာမျိုး လုံးထွေးနေထိုင်လို့ရတဲ့ ရင်းနီးပတ်သက်မှု ရှိပါ သလား။ သူ့ကို သာမန် ဖြတ်သန်းဖြတ်လာစိတ်ဝင်စားမှုမျိုးသာ ခံစားချက်ရှိသလား။ အဆိုပါသူငယ်ချင်းဟာ gym ကစားဖော် သူငယ်ချင်း ဖြစ်တယ်ဆိုပါစို့ အ၀တ်လဲခန်းထဲဝယ် အ၀တ်လဲဖို့ သူ့တီရှပ်ကို ခေါင်းပေါ်ကနေမချွတ်နေချိန် တကိုယ်လုံးလွှမ်းကြည့်မိပြီး ရင်တွေ တဆတ်ဆတ်ခုန်မိခဲ့ပါသလား။
(၅) စာဖတ်သူကို ဘယ်လိုလူက စိတ်လှုပ်ရှားထကြွစေသလဲ စစ်ဆေးပါ။ ဒီနေရာမှာ ကျနော်တို့ပြောတာက လိင်ပိုင်းဆိုင်ရာနှိုးဆော် ထကြွ စေမှုအကြောင်းဖြစ်ပါတယ်။ စာဖတ်သူအတွက် ဘယ်လိုလူ ဘယ်လိုဟာက လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုဖြစ်စေတယ်ဆိုတဲ့ ထင်မြင်ခဲ့တဲ့ ကြိုတင်မှန်းဆထားတဲ့ အယူအဆများကို ဖျောက်ဖျက်ပစ်ဖို့ကြိုးစားပါ။ စွဲဆောင်မှုရှိသော အ၀တ်မဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဓာတ်ပုံ၊ ပြီးတော့ အ၀တ်မဲ့အမျိုးသားတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံကိုယူလိုက်ပါ။ ဘယ်ဓာတ်ပုံက စာဖတ်သူကို လိင်ပိုင်ဆိုင်ရာနိုးကြွမှုဖြစ်စေပါသလဲ? တကယ်လို့ အခြားတစ်ခုခု?
Alex Aung (26 Sep 2016)
To be continued…….
 Ref: https://m.wikihow.com/Know-if-You-Are-Gay
Wednesday, September 21, 2016
ဂေးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဂေးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
--------------------------------------
နုနုရည် (အင်းဝ)
ချယ်တို့က ‘ဂျယ်’ ဆိုတော့၊ မိန်းမလျှာဆိုတော့ အဲ...အဲ…ရိုင်းရိုင်းခေါ်ရင် အခြောက်မ၊ ဂျီမတွေဆိုတော့ ကိုယ့်စကားကိုယ် အထင်အမြင် သေးချင်ကြတယ်။ စကားပေါ့၊ စကားပို၊ စကားလျှံ ထင်ကြတယ်၊ ဖိနပ်ကြားက နတ်စကားထွက်မလားပေါ့…ဒီလို…သူတို့က။
  ပြောပါစေ…ပြောပါစေ…ထင်ပါစေ…။ တနေ့တော့ ဂျီမ စေတနာကို သိလာမှာပါ။ ဘယ်သူက ဘာတွေထင်လည်း ဂရုမစိုက်သေးဘူး။ ဂျီမဘ၀ကို ပြောင်ပြောင်တင်းတင်း ခံယူလိုက်ပြီးကတည်းက ချယ် တို့ (အချစ်ဝတ္ထုတွေထဲက ခပ်တည်တည် ဇာတ်လိုက်မ လေသံနဲ့ ပြောရရင်) “ချယ်တို့ ဘာကိုမှဂရုမစိုက်ပြီ၊ သေမှာမကြောက်လို့ ပေတရာ လျှောက်နေတာ…၊ ဘယ်အရာကို ချယ်ဂရုစိုက်ရမည်နည်း။ ချယ် ဂရုမစိုက်လိုပြီ…။      
ချယ် သိပ်နားလည်သည်ပေါ့…။ လေးငါးတန်းမျှသာတတ်တဲ့ ပညာမဲ့မှ မဟုတ်ဘဲ။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ သိပ်နားလည်သည်ပေါ့။
     ဒီဘ၀ ဂျီမဖြစ်ရတာဟာ ဟိုအရင်ဘ၀က သူများသားမယားကို စော်ကားပစ်မှားခဲ့လို့ဆိုတဲ့ ဗုဒ္ဓတရားတော်အလိုအရလည်း ချယ်သိတယ်။ သိပ္ပံနည်းကျကျ လေ့လာပြီး စိတ်ပညာရှင်တွေက ပြောတဲ့ (Homo Dysfunction) ဟိုမုန်း ပြောင်းလဲတဲ့ ရောဂါ၊ ဟိုမုန်း ကမောက်ကမ ဖြစ်တဲ့ရောဂါဆိုတာကိုလည်း ချယ် သိတယ်။      
ရောဂါပဲဖြစ်ဖြစ်၊ ၀ဋ်ခံရတာပဲဖြစ်ဖြစ် ဂျီမဘ၀ဟာ မကောင်းဘူးဆိုတာလည်း ချယ်သိတာပါပဲ။ ကိုယ့်ကိုမြင်သူတိုင်းက ရယ်စရာ သတ္တ၀ါတယောက်လို သဘောထားကြတယ်။ တချို့ကလည်း ရွံစရာ သတ္တ၀ါတယောက်လို ကြည့်ကြတယ်။ ကိုယ်ပြောတဲ့စကားကို ဘယ်သူမှ မလေးစား ချင်ဘူး။ အထင်သေးကြတယ်။ ယောက်ျားတန်မဲ့နဲ့ ရေသာခိုအချောင်လိုက်နေကြတယ်လို့ ထင်ကြတယ်။ ခုဆို ပိုဆိုးသေး၊ ဘတ်စ်ကားပေါ်မှာ ချယ်တို့နဲ့ လူတွေက တွဲမထိုင်ချင်ကြတော့ဘူး။ အေအိုင်ဒီအက်စ် ရောဂါပိုး ဖြန့်ဝေသူလို့ ထင်ကြပြန်တယ်။ ကဲ…စဉ်းစား…ဂျီမ၊ အခြောက်မ ဖြစ်ရတဲ့ဘ၀ ဘယ်မှာကောင်းလို့လဲ။ ဘယ်သူဖြစ်ချင် မလဲ။ တကယ်ပါ ချယ်လည်း ဖြစ်ချင်ပါ့မလား၊ ချယ်မဖြစ်လိုပါ …။ ချယ် မဖြစ်လိုတာ သေချာပါသည်ကွယ်…။      
ချယ် ရောဂါစတာ ငါးနှစ်သမီး။ အဲ…ငါးနှစ်သားလောက်ကပေါ့။ ချယ့်ဒက်ဒီက အစိုးရအရာရှိတယောက်၊ မာမီက ဟိုစပ်စပ် ဒီစပ်စပ် ပွဲစားမပေါ့။ ချယ်က အကြီးဆုံးသား သြရဿ၊ သားကြီး သြရဿအခြောက်ဖြစ်တာလေ ကောင်းကြရော။ ချယ်တို့အိမ်က ဂျယ်လီ…ဂျယ်လီနဲ့ ချစ်စနိုးခေါ်ကြတယ်လေ။ ယောက်ျားနာမည် မှည့်ထားတာက တော့ ‘အောင်ပြည်စိုး’ တဲ့။ ထားလိုက်ပါတော့ ဒါက တကပ်။ ရုပ်ရှင်စကားနဲ့ ပြောတာလေ… ကပ် ချိန်းလိုက်ဦးမယ်။      
အဲ…ငါးနှစ်သားလောက်မှာ ချယ်ဆိုတဲ့ ဂျီမပေါက်စလေးက၊ မာမီ့မိတ်ကပ်တွေ၊ နှုပ်ခမ်းနီတွေ ယူလိမ်း၊ ယူဆိုး၊ ပြီးတော့ မာမီ့ထမီကြီး ၀တ်ပြီး တိုက်ခန်းဝရန်တာမှာ ဆယ့်နှစ်ရာသီ ကနေတာပဲ။ ကိုယ့်ဖာသာကိုယ် ဘာဖြစ်မှန်းလည်းဘယ်သိမလဲ။ အဲဒါ လမ်းပေါ်က ရှောက်သီးဆေးပြားရောင်းတဲ့ အချောက်မကြီးတွေက မြင်တော့ ‘သမီးလေး…သမီးလေး…’ နဲ့ လှမ်းလှမ်းခေါ်ကြတယ်။ ဇာတ်သွင်းတာလေ…၊ အချောက်မကြီးတွေလုပ်ပုံ လုပ်စရာလား…။      
ချယ်ကတော့ အဲလိုခေါ်ရင် ရှက်ရှက်ပြီး အိမ်ထဲဝင်ပြေးတာပဲ။ ချယ် အဲလို ကကနေတာကို အစကတော့ ဒယ်ဒီရော၊မာမီရော ကလေးပဲဆိုပြီး ကြည့်နေသေးတယ်။ ဆယ်နှစ်သားကျော်လာတော့ ဒယ်ဒီတို့ မာမီတို့ လန့်လာပြီ ဘောင်းဘီရှည်မချွတ်တမ်းဝတ်ပြီး ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဂျယ်လီကလေ…၊ ဂျယ်လီကလေ…နဲ့ပြောရာကနေ ချယ်က…ချယ်က…နဲ့ဖြစ်လာပြီလေ။ ကျောင်းစာအုပ်အဖုံးမှာလည်း ‘ပန်းချယ်ရီမမ’ တဲ့ နာမည်တွေပြောင်းလို့...။ အဲတင် ဒယ်ဒီက အိမ်ရှေ့ဝရန်တာမှာ ကြိုးနဲ့တုတ်တော့တာပဲ။ ပြီးတော့ ကြိမ်လုံးနဲ့ ‘ဟေ့ကောင်…မင်း…မိန်းမ လား…၊ ယောက်ျား လား…ပြောစမ်း’ ဆိုပြီး ‘ရွှမ်း’ ဆိုတချက်ချ။ ချယ်က ကျောလေးကော့ပြီး ‘အမယ်လေး…မိန်းမပါဒယ်ဒီရဲ့...’ ဆိုပြီး အော်တာပဲ။  
   ဒယ်ဒီကလည်း “ယောက်ျားပါ” လို့ မပြောမချင်း ချတယ်။ ဘယ်ခံနိုင်မလဲ ကြာတော့ လက်မြှောက် ဒူးထောက် အညံ့ခံလိုက်ရတာပေါ့။ သဲ့သဲ့မျှသော လေသံလေးနဲ့... ‘ယောက်ျားပါ ဒက်ဒီရယ်’ လို့သာ ပြောလိုက်ရတယ်။           နောက်နေ့ကစပြီး ဒယ်ဒီ အမိန့်အတိုင်း ယောက်ျားလေးလို ပုဆိုးဝတ်ရတယ်။ ရှပ်အင်္ကျီဝတ်ရတယ်။ မိန်းကလေးတွေနဲ့ မကစားရဘူး။ ညနေတိုင်း ဒယ်ဒီနဲ့ လက်သီးထိုးရတယ်။ ချယ် ကြိုးစားပြီး စိတ်ကိုပြောင်းပါတယ်။ ဒယ်ဒီကို ကြောက်လည်း ကြောက်တယ်။ မာမီကိုလည်း သနားပါတယ်။
          ချယ် ခုနှစ်တန်းလောက်မှာ တော်တော် ဟုတ်သွားသေးတယ်။ ယောက်ျားလေးလို ပြန်ဖြစ်သွားတယ်။ တခါတလေ ပေါ်လာတဲ့ ကနွဲ့ကလျ နေချင်စိတ်တွေကိုလည်း အတင်း မောင်းထုတ်ပစ်တာကိုး။ ဒါပေမယ့် ဒယ်ဒီတို့ အမှားကြောင့် ချယ်ဒုက္ခရောက်သွားပါတယ်။ ဒယ်ဒီပေါ့၊ ချယ်ပိုပြီး ယောက်ျားပီသအောင် ယောက်ျားလေး၊ မိန်းကလေး ရောနေတဲ့ကျောင်းကနေ ယောက်ျားလေးကျောင်းကို ပြောင်းပစ်တယ်လေ။ ပြောင်းစရာလား…။ သူက ထင်တာလေ…။ ထင်တာ…။ ယောက်ျားလေးတွေချည်းဆိုတော့ ယောက်ျားပိုဖြစ်မယ် ထင်တာ။ ဖြစ်လိမ့်မယ်… ဖြစ်လိမ့်မယ်…။ အရွယ်လေးက ဆယ့်လေး၊ ဆယ့်ငါး၊ စိတ်ကစားတဲ့အရွယ်။ ပြီးတော့… စိတ်ကလေး မခိုင့်တခိုင်ကို အတင်း ကျားကန်ခိုင်းထားရပါတယ်ဆိုမှ အထာကျွမ်းနေတဲ့ ကျောင်းသားဆိုးတွေက ချောင်တွေမှာ အတင်းလိုက်လိုက် ဖက်နမ်းတော့ သွားရော…။ ‘အောင်ပြည်စိုး’ ကနေ ‘ပန်းချယ်ရီမမ’ ပြန်ဖြစ်ရော…။
    မပြောနဲ့တော့... ကျောင်းမှာတော့ ချယ်ရီတို့က စူပါစတားပေါ့။ တနေ့တနေ့ စာအစောင် နှစ်ဆယ်လောက်ရတယ်။ အကုန်လုံး ကြီးကြီးမာစတာ့ သားတွေချည်းပဲ။ ဒါပေမယ့် ပြန်မကြိုက်ပါဘူး။ “ပညာသင်နေတုန်း အချစ်ရေးကို မစဉ်းစားသေးဘူး…” လို့ စဉ်းစားရင်း ရှေ့ဆုံးကထည့် စဉ်းစားပါ့မယ် လို့ စာပြန်လိုက်တာပေါ့…။
          ဒက်ဒီတို့ မာမီတို့ မသိအောင် မုန့်ဖိုးစုပြီး မိတ်ကပ်၊ နှုတ်ခမ်းနီဝယ်၊ ကျောင်းမုန့်ဆိုင်က အဒေါ်ကြီးဆီမှာ အပ်ထားရတယ်။ ကျောင်းစောစော လာပြီး မုန့်ဆိုင်အကွယ်မှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီ ပါးပါးဆိုးပြီးမှ အတန်းထဲဝင်တာ၊ ချယ်တို့များ အတန်းထဲ ၀င်လာပြီးလားဆိုမှဖြင့် လက်ခေါက်မှုတ်သံ၊ လေချွန်သံတွေမှ ဆူညံလို့။  “ချယ်လေးရေ…ချစ်ချစ်” နဲ့ အသံမစဲဘဲ။ ကြည်နူးရတာများ မပြောနဲ့တော့။ တကယ်ပြောတာ။ မိန်းမအစစ်တွေလိုပဲ ကြည်နူးသာယာတာ၊ ချယ် ‘စပိမတွေ’ ကိုမေးကြည့်ဖူးတယ်။ စပိမဆိုတာ မိန်းမအစစ်ကို ခေါ်တာလေ။ ခုဆို ‘စပိမ’ လို့ မခေါ်တော့ဘူး။  ‘ငံပြာရည်’ လို့ခေါ်တယ်။ ထားပါတော့ ဒါကတကပ်။
    အဲဒီ့စပိမတွေက ပြောတယ် သူတို့လည်း ယောက်ျားလေးတွေက ကိုယ့်ကိုလှတယ်ပြောရင်၊ ချစ်တယ်ပြောရင် ကြည်နူးသာယာတာပဲတဲ့။ အဲဒီခံစားမှုဟာ တမျိုးဘဲတဲ့၊ ကိုယ်ကချစ်နေတဲ့သူဆို ပိုတောင်ခံစားရသေးသတဲ့။ အဲဒီခံစားမှုဟာလည်း ဘာနဲ့မှမတူဘူးတဲ့။ သိပ်မှန်တာပေါ့ကွယ်။ အချစ်ရဲ့ ခံစားမှုကို ချယ်တို့လည်း ခံစားခဲ့ဖူးသည်ပေါ့။ ရင်ထဲက အသည်းနှလုံး ပေါက်ခုန်ထွက်မတတ် တဆတ်ဆတ် တုန်ယင်မောဟိုက်လာစေအောင် စွမ်းဆောင်နိုင်စေတာလည်း အချစ်၊ ကမ္ဘာလောကကြီး တခုလုံးကျွမ်းထိုး မှောက်ခုံဖြစ်အောင် စွမ်းဆောင်နိုင်တာလည်း အချစ်ပေါ့။ ပန်းမမချယ်ရီ တယောက် အချစ်၏ ကျေးကျွန်ဘ၀ အကြိမ်ကြိမ် ရောက်ဖူးသည်ပေါ့ကွယ်။ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးသည်ပေါ့ကွယ်…။
  ဒါပေမယ့် ချယ် အချစ်ဦးကို တက္ကသိုလ်ရောက်မှ စတွေ့တာပါ။ ဆယ်တန်းမှာ တယောက်တွေ့သေးတယ်။ ဒါပေမယ့်… ချယ် မျိုသိပ်လိုက်ပါတယ်။            ဘာကြောင့်လည်းဆို ကိုးတန်းနှစ်မှာ ချယ့် အမူအရာတွေကို အိမ်က ပြန်ရိပ်မိပြီး တိုက်ဝရန်တာ လူမြင်ကွင်းမှာ ဒယ်ဒီက ပုဆိုးချွတ် ရိုက်တယ်ရယ်လို့။ ရိုက်စရာလား…။ အပျိုဖားဖားကြီးကို လုံးချည်ချွတ် ရိုက်တယ်ရယ်လို့။ ရှက်လိုက်တာ။ ဒယ်ဒီရဲ့ ကြိမ်ဒဏ်ရာတွေကတောင် ချယ့်အရှက်ကို မဖုံးလွှမ်းနိုင်ဘူး။ ငိုနေတဲ့ မာမီ့ကိုသနားပြီး ဒယ်ဒီကို ဒုတိယအကြိမ်မြောက် ပြောရပြန်တယ်။ ‘ကျနော် ယောက်ျားပါခင်ဗျ၊ အောင်ပြည်စိုးပါခင်ဗျ…’ လို့ ဆယ်ကြိမ် ပြောရပြန်တယ်။           အဲဒီတခါ ချယ် တော်တော်စိတ်ညစ်သွားတယ်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတယ်။ ချယ် စာတွေလည်း တော်တော်ဖတ်နေပြီဆိုတော့  သိလည်း သိနေပြီလေ။ ရခဲလှတဲ့ ယောက်ျားဘ၀ကို ချယ် တကယ်လိုချင်ပါတယ်။ ရနေလျက်သားနဲ့ ချယ်မလိုချင်နေတာက ချယ့် အမှား၊ ချယ်ညံ့လို့ဆိုပြီး ချယ်ကြိုးစားပြန်တယ်။
           ချယ် ဘာလုပ်တယ်မှတ်လဲ…။ အောင်ပြည်စိုး၊ လူချောလေး၊ အမိုက်အခိုက်လေး အောင်ပြည်စိုးအဖြစ်နဲ့ ကောင်မလေးတွေကို လျှောက်လိုက်တယ်။ သိတယ် မဟုတ်လား… ဒီက အရပ် ထောင်ထောင်မောင်းမောင်း ဖြူဖြူဖွေးဖွေးနဲ့ မျက်လုံးကောင်း၊ မျက်ခုံးကောင်းရယ်။ နေအောင်ရယ်၊ ကျော်သူရယ်၊ ရန်အောင်ရယ်၊ ပေါင်းထားတဲ့ရုပ်မျိုး။ စဉ်းစားကြည့်…။ စပိမတွေ၊ ငံပြာရည်တွေ ဘယ်လောက် ခိုက်လိုက် ကြိုက်လိုက်မလဲ…။
  တလလောက် စပိမချောချောလေးတွေနောက်ကို လိုက်တာ စွံရော၊ စပိမလေးတယောက်နဲ့။ ချောချောလေးပါပဲ။ နာမည်တောင် မေ့နေပါပြီ။ သူ့ကိုချစ်ဖို့ အောင်ပြည်စိုးခမျာ အတော်လေး ကြိုးစားကြည့်ပါတယ်။
 သမီးရည်းစားတို့ ဘာသာဘာဝ အင်းလျား ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ လျှောက်သွား ချိန်းတွေ့။ ဘယ်လိုမှ မကြည်နူးဘူးရှင်… ကဲ…။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ရုပ်ရှင်ရုံနောက်ဆုံးတန်းဝင်ကြည့် ပစ်တယ်။ ပြောဦးမယ် ရုပ်ရှင်ပြတာနဲ့ သူက ကိုယ့်ပခုံးကို နွဲ့မှီလာတယ်။ ကိုယ့်လက်ကို ကိုင်လာတယ်။ မီးရောင်မှိန်လဲ့လဲ့မှာ ချစ်သူနှစ်ဦး ဘယ်လောက်ကြည်နူးဖို့ ကောင်းလဲ။ တခါတည်း စိတ်တွေ မွန်းကျပ်ပြီး ချွေးတွေပြန်လာတယ်။ ရုပ်ရှင်ရုံထဲကနေ ထွက်ပြေးချင်လာတယ်။ မိန်းမချင်းလိုပဲ ချယ့် စိတ်ထဲမှာ ခံစားလာရတယ်။ ခက်တာက ကိုယ်နွဲ့မှီချင်နေတာက ကိုယ့်ရှေ့ တခုံကျော်မှာလေ။ ရုံထဲဝင်ကတည်းက မြင်လိုက်ပြီးပြီ။ မျက်လုံးချင်းဆုံလိုက်ပြီးလို့ ဒိတ်ကနဲတောင် ခုန်သွားခဲ့ပြီးပြီ။ သူကကိုယ့်လို ဂျင်းပင် နဲ့ တီရှပ်နဲ့ ပါပဲ။ ဒါပေမယ့် သူက ယောက်ျားစစ်၊ ကိုယ်က ကျားယောင်ဆောင်ထားတဲ့ ကျားအတုကိုး…။
     အဲဒီစပိမနဲ့ ရုပ်ရှင်ရုံကအပြန် လမ်းခွဲကြတာပဲ။ ဟုတ်တယ် ချယ်ဘယ်လိုမှ သူ့ကို ချစ်လို့မှမရတာ။ ညီမလိုပဲ ခင်တယ်။ ညီအမချင်းတွေလိုပဲ သဘောထားလို့ရမယ်။ သူကတော့…ချယ်က အသဲစား ဘုရင်ကြီးတဲ့။ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ကိုစိမ်းပင်ကြီးတဲ့…။ ခက်လိုက်တာများဆိုတာ စိတ်ကိုမရှည်ဘူး။ အော်လိုက်ချင်ပါတယ်… “ငါချစ်တာက ခန္ဓာသုခ…” လို့။ ဟုတ်တယ်။
    သနားတော့ သနားပါတယ်။ သူ့ခမျာ ကိုယ့်ကို ချစ်သက်လက်ဆောင်တွေ ဘာတွေပေးလို့။ ပေးတာက ယောပုဆိုး အဆင်လှလှလေး။ အဲ…ကိုယ်လိုချင်နေတာက…ဟော့ရှော့ ဇာအင်္ကျီလက်ပွ အတွန့်နဲ့ ကြိုးသိုင်းဒေါက်ဖိနပ်။ မခက်ဘူးလား…။
    အချစ်ဦးလေးနဲ့က တက္ကသိုလ်မှာ တွေ့မယ့်သာတွေ့တာပါ။ တက္ကသိုလ်လေးနှစ် တလျှောက်လုံး ချယ် ယောက်ျားပုံဖမ်းပြီး သိုသိုသိပ်သိပ် နေခဲ့ပါတယ်။ အောင်ပြည်စိုး ဘ၀နဲ့ဘဲ နေခဲ့ပါတယ်။ အချစ်ဦးကို အဝေး ကနေ ကျိတ်ချစ်ခဲ့တာပါ။ သူက ချယ်တို့ မေဂျာကင်း ပေါ့။ အလှဘုရင်မောင့်ကို မိန်းကလေးတိုင်း ချစ်ချင်ကြမှာပါ။ မောင်က ဂျင်းပင်နဲ့စပို့ရှပ်ကို အမြဲဝတ်တတ်ပြီး မော်တော်ဆိုင်ကယ်လေးနဲ့။ တခါတလေကျ ကားအဖြူလေးနဲ့။ မောင်ဟာ ဆင်စွယ်နန်းပေါ်က မင်းသားလေးတပါးပါ။ ချယ်နဲ့ ကွာဝေးလွန်းပါတယ်။
           မောင်ထိုင်တတ်တဲ့ အတန်းနောက်မှာထိုင်ပြီး မောင့်ကိုယ်သင်းရနံ့ကိုပဲ မသိမသာ နမ်းရှုံ့ရတယ်။ မောင် ကျောင်းလာတာကို စောင့်ကြည့်ရတယ်။ ကင်တီးမှာ မောင့်စားပွဲကပ်လျက်ကို ထိုင်စားပြီး စိတ်ကူးနဲ့ လက်ဆုံစားရတယ်။ ဒါလောက်ပါပဲ။ ချယ် ဒီထက်မပိုခဲ့ပါဘူး။ အဝေးကပဲ ချစ်ခဲ့ပါတယ်။
  နောက်ဆုံးနှစ်မှာ မောင်အတွဲရသွားတော့…အို…ချယ် အသဲကွဲခဲ့ရတယ်။ ဖျပ်ဖျပ်လူးနေအောင် ခံစားခဲ့ရတယ်။ ဟိုစပိမရဲ့ဝဋ်ချယ် ကောင်းကောင်းလည်ပြီပေါ့။ အသည်းကွဲဝေဒနာကို ချယ် တော်တော်ကျက်အောင် ကုလိုက်ရတယ်။ ကျောင်းပိတ်ရက်မှာ ဂျီမ သူငယ်ချင်းတယောက်ရဲ့ အလှပြင်ဆိုင်ကိုသွားပြီး မိတ်ကပ် ဆံပင် သင်လိုက်တယ်။
ချယ်ငယ်ငယ်လေးကတည်းက အဲဒီမိတ်ကပ်ဆံပင် ကိစ္စကို အရမ်းစိတ်ဝင်စားတယ်လေ။ ဒါတောင် အဲဒီဆိုင်က ဂျီမတွေက ကိုယ်က ယောက်ျားပုံဆိုတော့ ပထမစိတ်ဝင်စားကြသေးတယ်။ ဂျီမကို စိတ်ဝင်စားတဲ့ အမိုက်အခိုက် ကောင်လေးဆိုပြီးပေါ့။ နောက်မှ ဂျီပုန်းမမှန်း သိသွားကြပြီး အဖုံးကိုပွင့်အောင် သင်းတို့ပဲ လုပ်လိုက်တာလေ။
  ကျောင်းပြီးတာနဲ့ ချယ် ဆုံးဖြတ်လိုက်တော့တယ်။ ချယ်…ပြောင်ပြောင်တင်းတင်းပဲ ဂျီမဘ၀ကို ခံယူလိုက်တော့မယ်…။ ဟုတ်တယ်လေ…ချယ် ကိုယ့်ကိုယ်ကိုသိပြီ။ ချယ် ဘယ်လိုမှ ယောက်ျား မဖြစ်နိုင်တော့ဘူး။ ချယ် ကိုယ့်ကိုယ်ကို အမျိုးမျိုး ကြိုးစားကြည့် ပြီးပါပြီ။ ချယ်ဟာ မိန်းမပဲ။ ချယ့်စိတ်က မိန်းမပဲ။ ချယ် မိန်းမလိုပဲနေချင်တယ်။ မိန်းမတယောက်အနေနဲ့ပဲ ဘ၀ကို ဖြတ်သန်းချင်တယ်။ စိတ်မချမ်းမသာနဲ့ ဟန်ဆောင်နေရတဲ့ဘ၀မှာ ချယ်မနေပါရစေနဲ့။ ချယ့်မှာ သတ္တိရှိပါတယ်။ အခြောက်မ ဂျီမတယောက်အနေနဲ့ ဘ၀ကိုရင်ဆိုင်ဖို့ သတ္တိရှိပါတယ်။ ဖြစ်လာသမျှကို ချယ် ရင်ဆိုင်မယ်။ “လောကကို မျက်နှာအသစ်နဲ့ ရင်ဆိုင်တော့မယ်ဟဲ့” ဆိုပြီး ဆုံးဖြတ်ပြီးတဲ့ နောက်တနေ့မနက်မှာပဲ ခြေသလုံးမွှေးတွေ အကုန်ရိတ်၊ ထမီကို ၀တ်ချလိုက်တယ်။
     ဂျီမဘ၀နဲ့ ချယ် လောကကြီးထဲမှာ စတင်လှုပ်ရှားလိုက်တာနဲ့ ပထမဆုံး ချယ် အိမ်ပေါ်က ဆင်းခဲ့ရတယ်ရှင်…။ ဂျီမသူငယ်ချင်း တယောက်နဲ့ ချယ် သွားနေတယ်။ ချယ် ဆံပင်အငှားညှပ်ပြီး အသက်မွေးဝမ်းကျောင်းတယ်၊ စိတ်ချမ်းသာ လိုက်တာ။ ချယ် မိန်းမ တယောက်လို နေလို့ရပြီ၊ လွတ်လပ်စွာနေလို့ရပြီ။ ဒါပေမယ့် ထင်သလို မနေပါဘူး။ အဆင့်အတန်းမြင့်မြင့် သပ်သပ်ရပ်ရပ်နဲ့ ဂုဏ်သရေရှိ ကတော်မတွေလိုပဲ နေပါတယ်။
  ကိုယ် လမ်းထွက်လို့လမ်းမှာ ပြုံးစိပြုံးစိ ကြည့်ကြပြီ၊ ရတယ်ရှင်…ကြည့်ပါ…။ စိတ်မဆိုးတတ်ပါဘူး။ အသားလည်းပဲ့မပါပါဘူး ‘မမ သိပ်လှတာပဲ၊ ညီမ သိပ်မိတာပဲ’ ပြောပါရှင်…ရပါတယ်…ကျေးဇူးတင်ပါတယ်…လို့တောင် ချယ်ပြန်ပြောလိုက်ပါတယ်၊ အဲ…အဲလိုမဟုတ်ဘဲနဲ့ “ဘာပုံကြီးတုန်း ဂန်ဒူးမ အရှက်မရှိဘူးလား…ဘာလား” နဲ့တော့ မရိုင်းနဲ့ ချယ့် အကြောင်းကောင်းကောင်း သိသွားမယ်။ ပိုက်ဆံအိတ်ထဲမှာ အမြဲထက်မြက်နေတဲ့ ဆံပင်ညှပ်တဲ့ ကပ်ကြေး အမြဲတမ်းပါတယ်။ ချယ့်ကို ထမင်းလည်းကျွေးသော စော်ကားမော်ကား လုပ်သူတွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးသော သက်တော်စောင့် ကတ်ကြေးကလေးပေါ့ရှင်…။
   ချယ် ဒုတိယအချစ်နဲ့တွေ့တဲ့ကောင်လေးဟာ ဒီကတ်ကြေးလေးက အောင်သွယ်တော်လေးပေါ့။ ချယ်က သူ့ကို ‘ချာတိတ်’ လို့ပဲခေါ်တယ်။ ချယ့်ထက် ငယ်တယ်။ ဆယ်တန်းကျောင်းသားလေး။ နုနုကလေးနဲ့ ချောချောကလေး။ သူက ချယ် တို့ဆိုင်မှာ ဆံပင်လာလာညှပ်တယ်။ ပြီးတော့ ချယ်ညှပ်ပေးတာကိုမှ သဘောကျတယ်။ ချယ် ညှပ်ပေးမှ ဆိုပြီး လာကြတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် အဲဒါတွေထဲမှာ ချယ် ကလည်း သူ့ကိုမှ ချစ်မိသည်။ မြင်မြင်ချင်းပင် စွဲလမ်းမိပါသည်ဖြစ်တာ။ ကဲ…ဟုတ်ပြီ။ စွဲလမ်းတာကတော့ ဟုတ်ပြီ။ ကိုယ်ချစ်နေတာ သူသိအောင် သူကကိုယ့်ကိုပြန်ချစ်အောင် ချယ်စွမ်းဆောင်စမ်း။ ဂျီမတို့ တတ်အပ်တဲ့ အဌာရသတွေနဲ့ ကြံစမ်း…ကြံစမ်းပေါ့။
   ချယ်တို့ဘ၀ဟာ အောက်ကျ နောက်ကျ နိုင်လှပါတယ်။ မိန်းမအစစ်တယောက် အနေနဲ့ တောင်ကိုယ်က တဖက်သက်ကြိုက်မိရင် ယောက်ျားလေးကို စဖို့ ခက်ပါဘိသနဲ့။ ဂျီမ တယောက်အနေနဲ့ဆိုရင်တော့ တွေးသာကြည့်တော့…။ ချယ့်မှာလေ…အနူးညံ့အသိမ်မွေ့ဆုံးနည်းတွေနဲ့ ချာတိတ် သဘောကျလာအောင် ကြိုးစားလိုက်ရတာ။ ဆံပင်လေးကို ကတ်ကြေးလေးနဲ့ တယုတယညှပ်ပေးရင်း၊ ကတ်ကြေးလေးအကြောင်း ပြောပြလိုပြောပြရ၊ ချာတိတ် မျက်နှာပေါ်က မရှိတဲ့ ဆံပင်မွှေးလေးတွေကို သေသေချာချာ ကောက်ပေးလိုကောက်ပေးရနဲ့။ ချာတိတ်ကအိနြေ္ဒရှင်မပုံစံကို ကြိုက်တတ်တယ်ဆိုတော့လည်း နေပြလိုက်ရတာ အိနြေ္ဒရှင်မပုံစံ၊ ကျစ်ဆံမြီး အရှည်ကြီးထားပြီး ရင်ဖုံးနဲ့ ချိတ်ထမီတောင် ၀တ်နေလိုက်ချင်သေးတယ်။ ချာတိတ်ကြိုက်သလို ချယ် နေမယ်။ ချယ် ချာတိတ်ကို တကယ်ချစ်နေမိပြီကိုး…။
  ချယ်နဲ့ ချာတိတ် ချစ်သွားကြတော့ ချာတိတ်ကလေ ချယ့်ဆီလိုက်နေတယ်။ ချယ့်သူငယ်ချင်း အိမ်မှာပေါ့၊ ဂျီမသူငယ်ချင်းက ကိုယ်ချင်းစာရှာပါတယ်။ သူလည်း ချစ်ဖူးသူ၊ ရူးဖူးသူကိုး။
  ချာတိတ် ချယ့်ဆီလာနေတဲ့ ရက်တွေဟာ ချယ့်အဖို့ ဘယ်လိုမှ မေ့မရတဲ့ ရက်တွေရယ်ပါ။ မနက် လင်းရင် ချာတိတ်အတွက် မျက်နှာသစ်ရေအဆင်သင့်၊ သွားတိုက်တံလေးပေါ်မှာ ဆေးလေး ညှစ်လို့၊ မျက်နှာသုတ်ပ၀ါလေး ပုခုံးတင်ပြီး ချာတိတ် မျက်နှာသစ်နေတာကို စောင့်ကြည့်ရတာ ဘယ်လိုကြည်နူးမှန်း မသိဘူး။ ချာတိတ် မနိုးခင် အိနြေ္ဒရှင်မ ဈေးလည်းသွားပြီးပြီ၊ ချာတိတ် ကြိုက်တတ်တာလေးတွေ ချက်မယ်၊ ထမင်းလက်ဆုံစားမယ်၊ ချာတိတ် သတင်းစာဖတ်၊ စာအုပ် ဖတ်နေတဲ့နားမှာ ကြမ်းတိုက်ရတာ၊ ဘုရားပန်းလဲရတာ ဘယ်လို အရသာရှိမှန်းမသိဘူး။ သာယာတဲ့ အိမ်ထောင်ရှင် မိန်းမတယောက်ရဲ့ ခံစားမှုမျိုးကို အပြည့်အ၀ ခံစားရတယ်ကွယ်။ တချိန်တည်းမှာပဲ ချယ် သိနေတာက ဒီကြည်နူးချမ်းမြေ့စရာ ရက်လေးတွေဟာ ခဏပဲ ဆိုတာ ချယ် သိနေတယ်လေ။ ဒီရက်ကလေးတွေဟာ မကြာခင် ပျောက်ဆုံးရတော့မှာကို ချယ်သိနေတယ်။ ချယ်တို့ဟာ မိန်းမအစစ်မှ မဟုတ်တာဘဲ။ ဒါပေမယ့် ချယ်တို့ရင်ထဲမှာ သားကိုသခင်၊ လင်ကို ဘုရားဆိုတဲ့ မိန်းမမျိုးစိတ် အပြည့်ရှိနေတယ်။ ဒါကို ဘယ်ယောက်ျားမှ မယုံကြပါဘူး။ အလေးအနက် မထားကြပါဘူး။ ဘယ်လောက်များ ကြေကွဲဝမ်းနည်းဖို့ ကောင်းလိုက်ပါသလဲ…။
  ချယ်သိပ်ကြောက်တဲ့ အချိန်ဟာ မကြာလှပါဘူး ခြောက်လလောက်အတွင်းမှာ ရောက်ရှိလာခဲ့တာပဲ။ သူတို့ ယောက်ျားတွေကတော့ လွယ်လိုက်တာ။ ချာတိတ် သူ့အိမ် ခဏဆို ပြန်သွားပြီး တပတ်လောက်ကြာမှ ချယ်တို့ဘေးအိမ်က ဖုန်းကို လှမ်းဆက်ပြောတယ်လေ။ ချယ့်ဆီ သူပြန်လာလို့ မရတော့ဘူးတဲ့၊ သူ့အမေက ချယ့်ဆီ ပြန်မသွားရဘူးဆိုပြီး ငွေတထောင် မုန့်ဖိုးပေးတယ်တဲ့လေ။ ကြည့်ပါဦး ချယ်နဲ့ငွေတထောင် လဲလိုက်တာပေါ့။ လဲစရာလား…။ အမယ်လေး- ဖုန်းဆက်ပြီးအပြန် ထမင်းစားပွဲပေါ် မှောက်ငိုချပစ်လိုက်တာ မျက်ရည်တွေ လက်ခုပ်နဲ့သပ်ချပစ်ရတယ်။ ပူဆွေးသောကတွေ ရောက်ပြီး အချစ်အတွက် လေလွင့်နေတာ တော်တော်ကြာတယ်။
          ‘မေ့ကွက်ကိုရှာ’ မာမာအေး အခွေလေးကိုင်ပြီး ကက်ဆက်ကောင်းကောင်းရှိတဲ့ ဂျီမသူငယ်ချင်းတယောက် အိမ်သွားသွားပြီး ငိုရတယ်။ နောက်ခံပလေးဘက်နဲ့ မင်းသမီးလွမ်းခန်းပေါ့။ ဘာဆေးမှ ကူစရာ မလိုဘဲ မျက်ရည်အစစ် တောက်ကနဲ တောက်ကနဲနေအောင် ကျတယ်။
  အချစ်ကံ ခေလိုက်ပုံများတော့ လွမ်းစရာလေးတွေ အရမ်းတိုက်ဆိုင်ပြီး သိပ်ငိုချင်တဲ့အခါမျိုး ဖီလင်တွေစုပြီး တိတ်ခွေလေးကိုကိုင်ပြေးသွား၊ တခါတည်း ဟိုအိမ်မှာ တံခါးကြီးက သော့ခတ်လို့။ ဒီကကောင်မမှာ ဖီလင်တွေ အီလည်လည်ကြီးနဲ့ ဘာလုပ်လိုက်ရမှန်းမသိဘူး။ ပန်းမမချယ်ရီရဲ့ ဖြစ်အင်ကို မြင်လှည့်စေချင်ပါတယ် ချာတိတ်ရယ်…။ ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်မနေလိုတော့ဘဲ အချစ်အတွက် ဂျူးလိယက်ဆန်မလို့တောင် စိတ်ကူးမိတယ်။ အဲဒီအခါ ကျ ချာတိတ်က ရိုမီယိုလို ချယ့်ဆီပြေးလာမလား။ ချယ့်နောက် လိုက်သေလိမ့်မလား။ ချယ် သိပါတယ်။ မသေပါဘူး။ ပြေးလာမှာလည်း မဟုတ်ပါဘူး။ ဘယ်သူကလည်း အချစ်အတွက် အသက်အသေခံတဲ့ ဂျီမတယောက်ကို သနားမှာလဲ။ သနားစရာလား…။ ဒီတော့ ငြိမ်ငြိမ်နေ၊ ဂျီမတိုင်း ခံစားဖူးတဲ့ဝေဒနာကို အချိန် ဆိုတဲ့ သမားတော်ကြီးနဲ့ကု…။ ဒါပဲ။
 အချစ်ဇာတာ စန်းလာဘ်ညှိုးမှိန်နေချိန်မှာပဲ ချယ့်ရဲ့ အလုပ်ဇာတာစန်းလာဘ်က တက်လာခဲ့တယ်လေ။ ဗွီဒီယိုလောကထဲ ခြေချဝင်ရောက်ရတော့မယ် ကပ်ပေါ့။
           ဆိုင်မှာ ဆံပင်လာလာညှပ်နေကျ ချောချော စပိမ တယောက်က ဗွီဒီယိုမင်းသမီးလုပ်မလို့တဲ့။ သူ့ကို မိတ်ကပ်ဆံပင် ချယ်  လုပ်ပေးပါတဲ့။ တကားကို ဘယ်လောက်ယူမလဲတဲ့။
           သူငယ်ချင်းဂျီမနဲ့ ခေါင်းချင်းရိုက်ရတော့တာပေါ့။ လုပ်ပါဟဲ့ သူငယ်ချင်းမရဲ့...၊ လုပ်ပါဟဲ့…၊ စုံစမ်းစမ်း…။ ဗွီဒီယိုဆိုတဲ့အကြောင်း။ အဲဒီတုန်းက ဗွီဒီယိုခေတ်ဦးလေ။ ခုလောက် အုန်းအုန်းကြွက်ကြွက် မညံသေးဘူးကိုး။ ရုပ်ရှင်၊ မိတ်ကပ် ဆံပင်လောက်ပဲကိုယ်ကသိတာ။ ပြီးတော့ ရုပ်ရှင်၊ မိတ်ကပ် ဆံပင်မှာ ကိုယ့်အနေနဲ့ တိုးဖို့ဆိုတာ မလွယ်တော့ အေးအေးပဲ အလှူမင်္ဂလာ ဆောင်ဝိုင်း ၀င်မယ်လို့ ဒုန်းဒုန်းချထားတာ။ ခုလိုဆိုပြန်တော့ ရုပ်ရှင် မိတ်ကပ်လိုင်း ၀င်ကြည့်ရသေးတာပေါ့ဆိုပြီး ရုပ်ရှင်မိတ်ကပ်ဘုရားတွေဆီ သွားပြီး ဆည်းပူး နည်းနာယူရသေးတယ်။ ကိုယ့်မာမီဆန်တို့၊ မာမီစိုးတို့ဆိုတာ မိတ်ကပ်ဆန်နီ၊ မိတ်ကပ်မာမီစိုးတို့ဆိုပြီး နာမည်တလုံးနဲ့နေတာတွေ။ ဘုရင်မကြီးတွေ။ သူတို့ကလည်း လုပ်ကြည့်ပေါ့တဲ့။ “ ဟဲ့…ငါတို့တုန်းကဆို နင်တို့လို လွယ်တယ်မထင်နဲ့။ ရုပ်ရှင်မိတ်ကပ်လေး လိမ်းရပါ့မယ်အကြောင်း ဒါရိုက်တာကိုကပ်ရ၊ မင်းသမီးကိုကပ်ရ၊ ရှူတင်က မနက်အစောကြီး ထွက်မှာ၊ ကိုယ့်အိမ်က ဝေးတော့ ညကတည်းက ဒါရိုက်တာ့အိမ် သွားအိပ်ပြီး၊ လိုက်ရတာ လိမ်းချင်လွန်းလို့၊ မင်းသမီးမတွေကလည်း သောက်ကဲပါလိုက်တဲ့အမျိုး ခေါင်းကိုင်ရင် ဖြည်းဖြည်းကိုင် မျက်ခုံးမွှေးဆွဲတာကဘယ်လိုကြီးနဲ့ ဟုတ်ကဲ့ အစ်မ ဟုတ်ကဲ့ အစ်မနဲ့ သည်းခံပြီး လုပ်ခဲ့ရတာ” တဲ့။
  မာမီတို့ပြောတာ မှန်ပါတယ်။ ကိုယ်လုပ်ကြည့်တော့ အတွေ့အကြုံလည်းရ၊ နာမည်လည်း ရ၊ ပိုက်ဆံလည်း ရတာပေါ့။ ဆိုင်က ဂျီမသူငယ်ချင်းဆီက လက်ခစားရတဲ့ ပိုက်ဆံက ချယ့်အတွက် ဘယ် မည်မည်ရရဟုတ်မလဲ။ ထားလိုက်ပါတော့ တကပ်။
          ဟိုမင်းသမီးနဲ့ ဈေးစကားပြောကြတော့ တကားတထောင်နဲ့တည့်တယ်။ သူစွံလို့ နာမည်ကြီး မင်းသမီးဖြစ်ရင် တိုးပေးမယ်ပေါ့။ ဟုတ်ပြီပေါ့။
          ပြောဦးမယ်…။ ကိုယ်နာမည်ရအောင်ပေါ့… မိတ်ကပ်ပစ္စည်းကတော့ အကောင်းစားတွေ သုံးမယ်ဆိုပြီး လျှောက်ဝယ် အရင်းထောင်တာ ငွေတထောင် ကျော်ကျော်ချောရော၊ မင်းသမီးဆီက ရသေးတာမဟုတ်ဘူး။ ကိုယ်စုထားတာလေးနဲ့ ဂျီမသူငယ်ချင်းဆီက ချေးဝယ်တာ။
 ကဲလေ…ကုန်ချင်ကုန် ကိုယ့်တက်လမ်းအတွက်ပဲဆိုပြီး ပြင်တုန်းဆင်တုန်း…ဒယ်ဒီ အလုပ်ပြုတ်တယ်ဆိုတဲ့သတင်း ကြားရတော့တာပဲ။ မာမီကလည်း နေမကောင်းဘူးတဲ့။ ဘယ့်နှယ်လုပ်မလဲ။ ကိုယ်က အကြီးဆုံးသား။ ချယ့်အောက်မှာ သုံးယောက်ရှိသေးတယ်။ ကျောင်း တပိုင်းတစတွေနဲ့ချည်းပဲ။ ချယ် အိမ်ပြန်လာခဲ့တာပေါ့။ ဒယ်ဒီရော မာမီရော မျက်ရည်တွေကျလို့။ စိတ်ဓါတ်တွေလည်း ကျလို့။ ကဲ…ဘာမှ စိတ်ဓါတ်ကျစရာမလိုဘူး ဒယ်ဒီ။ ကိုယ်တယောက်တည်း မဟုတ်ဘူး။ အများ။ ဒယ်ဒီ လုပ်ရဲရင် ခံရဲရမယ်။ ဒယ်ဒီတာဝန်ကျေတယ်။ မာမီလည်း မငိုနဲ့။ ချယ် လုပ်ကျွေးမယ်။ ဒယ်ဒီတို့ ဘာမှမပူနဲ့လို့ ကိုယ့်မိဘကို အားပေးရတာပေါ့။
           ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ ပူလို့။ ဗွီဒီယို မိတ်ကပ်လိုင်းမှာ ၀င်ဆံ့ပါ့မလား။ ကိုယ့်မင်းသမီး အောင်မြင်ပါ့မလား။ သူ မအောင်မြင်ရင် ငါ့ ဘယ်သူက ငှားပါ့မလဲ။ ဆိုင်လက်ခစား ဆံပင်ညှပ်ခနဲ့ကတော့ ဘယ့်နှယ်လုပ်မိသားစု စားလောက်ပါ့မလဲနဲ့ ပူလိုက်ရတာ…တော်ပါသေးရဲ့ …တော်ပါသေးရဲ့...ပန်းချယ်ရီမမ စန်းထဖို့ ချိန်တန်ပြီခေတ်ကိုရောက်လို့...။
           ကိုယ့် မင်းသမီးကလည်း အောင်မြင်၊ ဗွီဒီယိုခေတ် အုန်းအုန်းထတဲ့အချိန်လည်း ရောက်လာနဲ့ မိတ်ကပ် ‘ချယ်’ ဆိုတဲ့ နာမည်လေး ထွက်သွားတယ်။ ပိုက်ဆံလည်း တထောင့်ငါးရာထိ ရလာတယ်။ ကားရိုက်ရက်တွေကလည်း ဆက်လို့။ မရောက်ဖူးတဲ့ မြို့တွေလည်း အကုန်ရောက်၊ ပျော်လို့၊ ချစ်သူအသစ်တွေလည်းတွေ့၊ စန်းက အကုန်ထတာအကုန်။ ဒါပေမယ့် ချယ် တခါသေဖူး လို့ ပျဉ်ဘိုး၊ ဂူဘိုး နာလည်ခဲ့ပြီ။ ရူးခဲ့ မူးခဲ့ ဖူးပြီ။ တော်ပြီကွယ် ‘ချယ်’ အရူးချစ် မချစ်တော့ဘူး။ ဘီလူးချစ်ပဲချစ်တော့မယ်။ ချစ်ပြီးရင် သွား…။ ကိုယ်ပစ်လိုက်တဲ့ ခုံဖိနပ်စုတ်၊ ဘယ်ခွေးဝဲစားမ ချီချီပေါ့လို့ သဘောထားလိုက်…။ ဒါပဲ။
    ချယ်ရဲ့ ရွှေရောင်လက်တွေတလက်လက် ဖြစ်စပြုလာတာကို ဒယ်ဒီကလည်း မြင်လာတယ်နဲ့တူပါရဲ့။ အမယ်…ချယ့်လက်တွေကို ကြည့်ပြီး မချီးမွမ်းစဖူး ချီးမွမ်းလို့။ “မင်းလက်တွေ ငါ အခုမှ သေချာကြည့်မိတယ်။ တယ်လှတဲ့ လက်တွေပါလား…” တဲ့။ ဒယ်ဒီက…ဒယ်ဒီက…။ ပြောလိုက်ရတယ် “ ဒယ်ဒီတင်မဟုတ်ဘူး၊ လူတကာကပြောတာ” လို့ပြီးတော့ပြောရသေးတယ် “ဒီမှာဒယ်ဒီ” လို့ “အခုတော့ ချယ် အဖိုးတန်မှန်းသိပြီမို့လား၊ နှစ်မျိုး အားကိုးရတယ် မဟုတ်လားဟင်။ ချက်ရမလား ပြုပ်ရမလား။ လျှော်ဖွတ် မီးပူတိုက်ရမလား။ အိနြေ္ဒရှင် ဗိုင်းကောင်းကျောက်ဖိ မလေးလိုလည်း ရတယ်၊ အပြင်ကိစ္စ၀ိစ္စ ယောက်ျားလေးလိုနေရာမျိုးတွေ သွားရမလား၊ ပြောရဆိုရမလား ရတယ်။ ဒီလို နှစ်မျိုးအားထားရတဲ့ သားသမီးမျိုး ရတာ ဒယ်ဒီ တကယ်ကံကောင်းတယ်မှတ်ပါ…” လို့။                                                              
နုနုရည် (အင်းဝ)
“မင်းသားသုံးသိန်း။ မင်းသမီးတသိန်း။  လူကြမ်းတရာ” ၀တ္တုမှ ကောက်နှုတ်ချက်  ဖြစ်ပါသည်။
Credit : http://www.colorsrainbow.com
Tuesday, September 20, 2016
သတ္တုကြိုးတစ်မျှင်...နူးညံ့ခိုင်မြဲစွာ
မြို့ ကလေးက အရမ်းကို အေးချမ်းတိတ်ဆိတ်နေတယ်။ ကျွန်တော့်ကို မေမေ မွေးခဲ့တုန်းက ဒီလို ဆောင်းနံနက်ခင်း နှင်းဖွဲဖွဲကျနေတဲ့ အချိန် ဒီမြို့ ကလေးရဲ့ တိုက်နယ်ဆေးရုံလေးမှာပေါ့။ မေမေဟာ သူတစ်ယောက်တည်းရဲ့ အားနဲ့  ကျွန်တော့်ကို လူ့ လောကကြီးထဲ ခေါ်ဆောင်လာခဲ့သူပါ။ ကျွန်တော့်ကို ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကိုတောင် ဖေဖေ့ဆီ မေမေကြေးနန်းနဲ့ လှမ်းပြောခိုင်းခဲ့ရတာ..။ ဒါကို မသိခင် ၁ ပတ်ကလေးကတင် ဖေဖေရှေ့ တန်းစစ်မြေပြင်ကို ထွက်သွား ခဲ့ရတာတဲ့လေ။ မေမေက ဒီအကြောင်းတွေကို ကျွန်တော် သိတတ်တဲ့ အရွယ်မှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းက မေမေ့ ပါးပြင်မှာ မျက်ရည်စတွေ စိုစွတ်နေပေမယ့် မေမေရဲ့ မျက်ဝန်းတွေက အရမ်းကို အရောင်ကင်းမဲ့ စွာ တည်ငြိမ်နေခဲ့ တာကို ကျွန်တော် သတိထားမိခဲ့တာပေါ့။ မေမေက အဲဒီကတည်းက စိတ်ဓါတ်သိပ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက် အဖြစ်၊ ကျွန်တော့်အတွက် စံပြမိခင်တစ်ယောက်အဖြစ်၊ ကျွန်တော်လေးစား အားကိုးရတဲ့ မိခင်တစ်ယောက် အဖြစ် အဲဒီမြို့ ကလေးမှာ ရှင်သန်ရစ်နေခဲ့တယ်။
ခုတော့ မေမေ အငြိမ်းစားယူပြီး နောက် အဲဒီမြို့ ကလေးမှာပဲ ဘော်ဒါဆောင်တစ်ခုကို ကိုယ်တိုင်အုပ်ချုပ်ရင်း သူနှစ်သက်တဲ့ စာသင်ကြားခြင်းအလုပ်ကို လုပ်နေတုန်း။ ကျွန်တော်ကလည်း မေမေ့သွေးတွေနဲ့ လူဖြစ်လာပြီး မေမေလို့ ပဲ ဆရာအလုပ်ကို ရွေးချယ်ခဲ့တယ်။ မေမေကတော့ ကျွန်တော် ၁၀ တန်းအောင်တုန်းက စစ်တက္ကသိုလ် တက်ချင်လား သား လို့ မေးဖူးတာ တစ်ခုလောက်သာ ဖေဖေနဲ့ ပတ်သတ်တဲ့ မေမေရဲ့ မေးခွန်းအဖြစ် ကျွန်တော် မှတ်မိနေသေးတယ်။ ဟင့်အင်းမေမေ ဆိုတာထက်ပိုပြီး ကျွန်တော် ဘာမှပို မပြောဖြစ်ခဲ့ဘူး။ ဘ၀ခရီးမှာ အတိတ်ကို အမြဲတမ်းသယ်ဆောင်မသွားဖို့ မေမေ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ဆုံးမခဲ့ဖူးတာပဲ။ ကျွန်တော်ဟာ မေမေလိုပဲ စိတ်ဓါတ်ခိုင်မာတဲ့ သားတစ်ယောက်ဖြစ်စေရမယ်လို့ မေမေ တီးတိုးရေရွတ်ပြီး ကျွန်တော့်ရဲ့ စိတ်ဓါတ်ခွန်အားတွေကိုလည်း မေမေပဲ ဖန်ဆင်းပေးခဲ့တာ မဟုတ်လား။
ကျွန်တော့် အိမ်ကလေးဆီကို လမ်းလျှောက်ပြန်နေတဲ့ အချိန်လေးမှာ အတွေးတွေဝင်နေတာနဲ့ သူ့ ကိုတောင် မေ့သွားခဲ့တယ်။ မနက် ၅ နာရီလောက်ကို မြို့ ကလေးရဲ့ အ၀င် ဘီအိုစီ ဂိတ်ဟောင်းမှာ ကျွန်တော်တို့ ဆင်းပြီး လမ်းလျှောက်လာခဲ့ကြတာ။ အိမ်ကို နည်းနည်းတော့ လှမ်းပေမယ့် မေမေ့ ကို လာမကြိုဖို့ ကျွန်တော်ပြောထားခဲ့တာ။ ကျွန်တော်   မေမေ့ဆီကို   ပြန်လာတိုင်း   မြို့ ကလေးရဲ့   လမ်းမတန်းကို ဖြတ်ပြိးတော့ ကျွန်တော့်အိမ်ကလေးဆီကို လမ်းလျှောက်သွားရတာကို အရမ်းနှစ်သက်ခဲ့တာ။
" ဦးငယ်....မရောက်သေးဘူးလားဗျ။ ကျွန်တော် မောနေပြီ။ ချမ်းလည်း အရမ်းချမ်းနေပြီ။ ဦးငယ် အိတ်ကြီးကလည်း လေးတယ်" ဟုတ်သားပဲ ကျွန်တော်ကသာ အတွေးတွေနဲ့ ကိုယ့်မြို့ ကလေးကို ပြန်လာရလို့ တက်ကြွပြီး ရှေ့ ကနေ လျှောက်နေလိုက်တာ သူ့ ကို ကြည့်မိတော့ ကျွန်တော့် ခရီးဆောင် အိတ်ကြီးက တစ်ဖက်၊ သူ့ အ၀တ်အစား ကျောပိုးအိတ်ကြီးကိုလည်း လွယ်ပြီး မေမေတို့ အတွက် ၀ယ်လာတဲ့ J Donus မုန့် တွေထည့်ထားတဲ့ လက်ဆွဲအိတ်ကြီးက တစ်ဖက်နဲ့ မျက်နှာက အတော်လေးရှုံ့ တွလို့ နေပါတယ်။ တောင်ပေါ်ဆောင်းရဲ့ အအေးကိုလည်း တခါမှ မထိတွေ့ ဖူးတော့ မေးက တဂတ်ဂတ်ရိုက်နေတယ်။ ကျွန်တော် အတော်လေးရယ်ချင်သွားတယ်။ သူ့ လက်ထဲက အိတ်တွေအကုန်လုံး ယူသယ်ပြီးတာတောင်မှ သူ့ ခြေလှမ်းတွေက တုံ့ နှေးနေတုန်း။
"လာပါကွာ ရောက်တော့မှာပါကွ။ မြေနီလမ်းကလေးကို လှမ်းမြင်နေရပြီ။ လာ.....လေကို တ၀ကြီးရှုကြည့်စမ်းကွာ... ဒီလိုမျိုး မင်းတို့ ရဲ့ မဟာ ရန်ကုန်မြို့ ကြီးမှာ ဘယ်တော့မှ မရနိုင်ဘူးကွ။ ဘယ်လောက် လတ်ဆတ်သန့် ရှင်းလိုက်သလဲ လို့ ။ " ပြောပြော ဆိုဆို မျက်နှာကို မော့ပြီး အေးစိမ့်နေတဲ့ လေတွေကို အဆုတ်ထဲ ရောက်သွားတဲ့ အထိ တ၀ကြီးရှုသွင်း လိုက်တယ်။ သူကလည်း ကျွန်တော်လုပ်သလို လိုက်လုပ်ပါတယ်။ ပြီးတော့ အနည်းငယ် လန်းဆန်းတက်ကြွလာပုံနဲ့  ကျွန်တော့်နောက်ကို အပြေးလိုက်လာခဲ့တယ်။ အိမ်ရောက်တော့ အိမ်ရှေ့ အ၀င်က ခွာညိုပန်းရုံလေး အောက်က ခုံတန်းရှည်လေးမှာ မေမေထိုင်စောင့်နေပါတယ်။ မေမေ က ကျွန်တော့်ကို တွေ့ တော့ လှမ်းပြုံးပြတယ်။ မေမေအပြုံးက အမြဲ အေးချမ်းတယ်။ ဒါပေမယ့် ဘယ်လောက်ပျော်စရာရှိရှိ မေမေ အားရပါးရ ရယ်လိုက်တယ်လို့ မတွေ့ ဖူးဘူး။ မေမေက အရာရာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အိနြေ္ဒကြီးစွာနေတတ်ပေမယ့် ကျွန်တော်မေမေ့ မျက်လုံးတွေကို ဖတ်တတ်ပါတယ်။ မေမေ့ နုတ်ခမ်းက အပြုံးထက် မေမေ့ မျက်ဝန်းက အပြုံးကို သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် သိပ်သိတာပေါ့ ။ ကထိက ရာထူးတက်ပြီးကတည်းက မေမေ့ဆီပြန်မရောက်ဖြစ်တာ မေမေ ကျွန်တော့်ကို ဘယ်လောက်ထိ လွမ်းနေမလဲ ကျွန်တော်သိတာပေါ့လေ။ အိမ်ထဲရောက်တော့ အတော်လေး နွေးထွေးသွားတယ်။ မီးလင်းဖိုလေးက မီးခိုးနံ့ လေးတွေက ကျွန်တော့်ငယ်ဘ၀ကို ပြန်လွမ်းဆွတ်မိအောင်  လာရောက်လှုံ့ ဆော်နေကြတယ်။ မေမေက သူ့ တပည့်မလေး တစ်ယောက်ကို နွားနို့ ယူလာပေးဖို့ ပြောလိုက်တယ်။ ခဏနေတော့ နွားနို့ ပူပူလေး နှစ်ခွက်ယူပြီး အဲဒီမိန်းကလေး ပြန်ထွက်လာတယ်။ ကျွန်တော် သူ့ မျက်နှာကို ခုမှ သတိထားပြီးကြည့်မိတော့တယ်။
" ညို မဟုတ်လား" သူ့ အပြုံးကို မြင်လိုက်တော့ မှ သူ့ ငယ်ရုပ်ကလေးက ပိုပေါ်လာတယ်။ ဟုတ်ပါတယ် ညိုလေးသွယ် ပါလေ။ ဒီမိန်းကလေး ဒီအရွယ်တောင်ရောက်နေပြီပဲ။ ကျွန်တော် သိခဲ့တဲ့ ညိုက ၁၀ တန်းတုန်းက ကျွန်တော်စာသင်ပေး နေတဲ့ ချာတိတ်မလေး။ သနပ်ခါးပါးကွက်ကလေးနဲ့ ဆံပင်တိုကလေးနဲ့ ကလေးမလေးပဲ။ သူ ၁၀တန်းအောင်ပြီး မန္တလေး မှာ ဆေးကျောင်းတက်ဖို့ သွားလိုက်တယ် ဆိုကတည်းက ကျွန်တော်နဲ့ ပြန်မဆုံဖြစ်ကြတာ။
" သား..ညိုက ခု တောင်ကြီး စ၀်စံထွန်းဆေးရုံ မှာ တာဝန်ကျတယ်လေ။ အားလပ်ရပ်ဆို ပြန်လာပြီး မေမေနဲ့ အဖော်လာ လုပ်ပေးတယ် သားရဲ့ ...သားညီမလေးက ဆရာဝန်မကြီးဆိုတော့ မေမေ့ ကျန်းမာရေး အတွက် အားကိုးနေရတာပေါ့ " မေမေက ညို့ ရဲ့ ညိုစိမ့်စိမ့် မျက်နှာကလေးကို မော့ကြည့်ုပြီး ကျွန်တော့်ကို ပြောပြနေတယ်။ အို ဟုတ်သားပဲ ခုမှာ ကျွန်တော်လည်း သူ နဲ့ မေမေတို့ ကို မိတ်ဆက်ပေးဖို့ သတိရတော့တယ်။
"မေမေ...မိတ်ဆက်ပေးရဦးမယ်...ဒါသားရဲ့ တပည့်လေးလို့ ပြောလို့ လည်းရတယ်။ ဒဿနိက ဘာသာသင်တဲ့ ကျူတာ တစ်ယောက်ပဲ မေမေ။ သားတို့ အဆောင်မှာ အခန်းဖော်ပေါ့ ။ နောက်တစ်ယောက်ကတော့ သူ့ နယ်ပြန်သွားလို့ မလိုက် လာနိုင်ဘူး။ ခန့် ညီကတော့ မိဘတွေကတော့ အမေရိကားမှာ မေမေရေ။ သူက လိုက်သွားလို့ လဲမရတော့ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်နေတာ။ အဆောင်မှာပဲ လာနေတယ်လေ။ ညို သူ့ နာမည်က ခန့် ညီမောင်  တဲ့ " ညို က သူ့ ကို ကြည့်ပြီး ခေါင်းကလေး ညိတ်လို့ ပြုံးပြလိုယ်တယ်။
" အော် သားမိဘတွေက ပြန်မလာကြဘူးလားကွယ်။ မိဘတွေ သက်ရှိထင်ရှားရှိနေရက်နဲ့ ဘာလို့ တကွဲတပြားဖြစ်နေကြရ တာလည်းသားရယ်။ အန်တီ စိတ်မကောင်းပါဘူး " မေမေက တွေးတွေးဆဆပြောတယ်။ အမေတစ်ခု သားတစ်ခု နဲ့ မိသားစုတစ်ခု ဖြစ်နေရတဲ့ ကျွန်တော်တို့ အနေအထားကို မေမေတန်ဖိုးထားသလို မိသားစုဆိုတဲ့ နွေးထွေးမှုကို မေမေက အပြည့်အ၀ ကျွန်တော့်ကို မပေးနိုင်ခဲ့ဘူးလို့ တခါတခါ ပြောတတ်ပြန်တယ်။ ဒါပေမယ့် ဖခင်တစ်ယောက်မရှိပဲ ကျွန်တော့်ကို သားကောင်းတစ်ယောက်ဖြစ်စေဖို့ မေမေကြိုးစားခဲ့ တယ် ဆိုတဲ့ စကားကို ကျွန်တော် အသိဆုံးပါမေမေ ရယ်။ သူကလည်း မေမေ့ အမေးကို ဘာမှပြန်မဖြေပဲ နွားနို့ ခွက်ကိုသာ ငုံ့ ကြည့်နေတဲ့ သူ့ မျက်နှာကို ကျွန်တော်ရော မေမေပါ စိတ်မကောင်းစွာနဲ့ ကြည့်နေမိတယ်။ " ကိုမောင် က ဒသနိက ဘာသာရပ်ကို သင်တာဆိုတော့ ညို့ အတွက် ၀မ်းသာစရာပဲ။ ညိုက စိတ်ပညာကို သိပ်စိတ်ဝင်စားတာ။ ကိုမောင့်ကို ညို မေးခွန်းတွေ အများကြီးမေးမယ်နော် " ညိုက ကလေးတုန်းက အတိုင်း မပြောင်းလဲပါဘူး။ ရိုးသားပွင့်လင်းတယ်။ သွက်လက်ချက်ချာတယ်။ ပြီးတော့ ညိုဟာ သိပ်မိန်းကလေး မဆန်လှဘူးလို့ ကျွန်တော်ထင်တယ်။ ညို့ စကားကြောင့် ကျွန်တော်တို့ စကားဝိုင်းလေး ပြန်လည် အသက်ဝင်လာတယ်။ မေမေ က ကျွန်တော်ပြန်ရောက်တုန်း ပဉ္စင်းတက်ဖို့ မေမေစီစဉ်ထားတဲ့ အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ပြောပြနေချိန်မှာ ညိုနဲ့ ခန့် ညီတို့ နှစ်ယောက်လည်း စကားတွေဖောင်ဖွဲ့ နေလေရဲ့ ။
ခုလို ကျွန်တော့် မိသားစုလေးနဲ့ သူ ရင်းနှီးကျွမ်းဝင်သွားဖို့ ဆိုတာ အစကတည်းက ကျွန်တော် သံသယ မရှိခဲ့ပါဘူးလေ။ ခန့် ညီမောင်  ဆိုတာ ကျောင်းမှာလည်း Public Relationship Officer တာဝန်ကို အများရဲ့ မဲဆန္ဒနဲ့ နေရာ ရခဲ့တဲ့ သူပဲ။ သူက ဘယ်သူနဲ့ မဆို လိုက်လျော ညီထွေနေတတ်တယ်။ ဖြူဖွေးနေတဲ့ သူ့ အသားအရောင်နဲ့ အနည်းငယ် ရစ်ခွေနေတဲ့ သူ့ ဆံပင်တွေ၊ နောက် သူ့ ရဲ့ စူးရှတဲ့ မျက်လုံးတွေက သူ့ ကို ချစ်သူခင်သူပေါများအောင် စွမ်းဆောင်ပေးနေလေရဲ့ ။ ညိုနဲ့ စကားပြောနေရင်း ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး လှမ်းပြုံးပြတယ်။ သူလည်း ပျော်နေတဲ့ပုံပဲ။ တစ်ည လုံးကားစီးလာရပေမယ့် ကျွန်တော် ပြန်မအိပ်နေချင်ဘူး။ အချိန်အတော်ကြာမှာ ပြန်ရောက်ရှိလာခဲ့ရတဲ့ ကျွန်တော့်မြို့ ကလေးမှာ ကျွန်တော်နဲ့ အတူ ကြီးပြင်းလာခဲ့ရတဲ့ သက်ရှိသက်မဲ့ အရာတွေ အကုန်လုံးကို ကျွန်တော် သိပ်တွေ့ ချင်နေတယ်။ ငယ်ငယ်ကလေးဘ၀က မေမေ့လက်ကိုဆွဲပြီး သွားခဲ့ရတဲ့ ကုန်းမြင့်ပေါ်က အထက်တန်းကျောင်းလေး ဘာတွေ ပြောင်းလဲ နေလဲ၊ သူငယ်ချင်းတွေ ဘယ်သူတွေ အိမ်ထောင်ကျလို့ ဘယ်သူတွေ ဘာတာဝန်ထမ်းရွက်နေကြပြီလဲ၊ ကျွန်တော်စားနေကျ တို့ ဟူးနွေး ဆိုင်ကလေးရော ဘာတွေ ပြောင်းလဲသွားလည်း အရာရာသိချင်စိတ်တွေနဲ့ မေမေသိမ်းထားပေးတဲ့ စက်ဘီးကလေးကို ယူပြီး ကျွန်တော် မြို့ တစ်ပတ် ပတ်ဖို့ ထွက်လာခဲ့တယ်။ ညီခန့် တစ်ယောက်ကတော့ မေမေပြင်ပေးထားတဲ့ ရေနွေးအိတ် အိပ်ယာထဲ တိုးဝင်ခွေနေပြီမလို့ တစ်ယောက်တည်းပဲ ထွက်လာခဲ့တော့တယ်။
ကျွန်တော့်မှာ မြို့ ကလေးကို ပြောပြဖို့ စကားတွေ အများကြီးရှိနေတယ်လေ။ ကျွန်တော်ငယ်ငယ်လေး ကတည်းက အဲဒီတောင်ကုန်းထိပ်ကလေးပေါ်တက်ပြီး ထင်ရှူးပင်ကြီးတွေ ကြားမှာ ထိုင်လို့ မြို့ ကလေးကို ရင်ဖွင့်ခဲ့ရတာ။ မြို့ ကလေးဟာ ကျွန်တော့်အကြောင်းတွေ ကျွန်တော့်ခံစားချက်တွေကို အလုံးစုံသိတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သက်မဲ့ အဖော်ပေါ့။ မြို့ ကလေးဟာ ကျွန်တော့်ကို နားလည်တယ်။ ထင်းရှူးပင်ကြီးတွေဟာ အမြဲတမ်းကျွန်တော့်ကို နှစ်သိမ့်အားပေးခဲ့တယ်။ ကျွန်တော်ဟာ သူတို့ ဆီရောက်သွားခဲ့ရင်တော့ အမြဲတမ်း ခံစားချက်တွေ နဲ့ လူငယ်လေးတစ်ယောက်အဖြစ်ပေါ့။ ခုလည်း ကျွန်တော် အဲဒီတောင်ကုန်းလေးဆီကို ပထမဆုံး ဦးတည်လိုက်တယ်။ မြို့ ကလေးရေ မင်းကို ငါ့ ဘ၀အစိတ်အပိုင်းတွေ အကြောင်း  ရင်ဖွင့်ဖို့ ရှိတယ်ကွာ။
ဒီနေ့ ညစာကို မေမေက ငါးထမင်းနယ် လုပ်ကျွေးပါတယ်။ ရန်ကုန်မြို့ မှာလည်း ရှမ်းရိုးရာ စားသောက်ဆိုင်တွေ အများကြီး၊ ဒါပေမယ့် ကိုယ့်ဒေသက လက်ရာ မေမေ့ လက်ရာကိုတော့ ဘယ်လိုမှ မမှီခဲ့တာပါလေ။ မေမေက ငါးထမင်းကို ငါးဖိမ်းဆိုတဲ့ ငါးနဲ့ ရှမ်းဆန်နဲ့ ရောပြီး ကြေနေအောင်ချေ၊ အလုံးကလေးတွေ လုပ်ပြီး ပန်းကန်ပြားထဲမှာ ငရုတ်သီးကြော်ရဲရဲလေး နှစ်တောင့် ၊ ဂျူးမြစ်ကလေးတွေ ဖြူဖြူဖွေးဖွေးနဲ့ ဆတ်သားခြောက်ဆီဆမ်းလေး ကို သူ့ နေရာနဲ့ သူတင်ထားပေမယ့် သိပ်အနုပညာ ဆန်တယ်လို့ ကျွန်တော်က ပြောဖူးတယ်။ ညိုက မေမေ့ ကို ကူညီပြီး မီးဖိုထဲမှာ လုပ်ကိုင်ပေးနေတယ်ထင်ပါရဲ့ ။ ညို့ အသံ စာစာကလေးကို တစ်ချက်တစ်ချက် လှမ်းကြားနေရတယ်။ ခန့် ညီ တစ်ယောက်ကတော့ ကျွန်တော် အမြဲ ကြွားထားတဲ့ မေမေ့လက်ရာက ကျွန်တော်ကြွားတာထက်ကို ပိုကောင်းကြောင်း ပြောရင်း အားရပါးရစားနေတယ်။ ပဲပုတ်ထောင်း ဆီစမ်းထားတာတွေကို ဇွန်းနဲ့ တစ်ခပ်ကြီး စားလိုက်ပြီး ရှုးရှုးရှားရှားဖြစ်နေတာကို မေမေက ကြည့်ုပြီး သဘောကျနေတယ်။
" သားဆရာ က အစပ်သိပ်ကြိုက်တာ သားရဲ့ ။ ပဲပုတ်ထောင်းဆို သူ့ မှာ ငရုတ်သီးပါပြီးပေမယ့် ထပ်ထည့်ပြီး ထောင်းပေးရ တယ် သားရဲ့ " ညိုက ကော်ဖီမှုန့် ကို ကျနေအောင်နှပ်ပြီး နို့ မလိုင်လေး ခပ်ထားတဲ့ ကော်ဖီပူလေးလာချပေးရင်း ရေတစ်ခွက်ခပ်ပြီး ခန့် ညီမောင်ကို လှမ်းပေးလိုက်တယ်။ ညိုနဲ့ မေမေပါ အတူတူ ညစာဝင်စားကြတယ်။ ညဖက်မှာ ကျွန်တော်က စောစာအိပ်ယာဝင်ဖြစ်ပေမယ့် ညို၊ မေမေ နဲ့  ခန့် ညီ တို့ ကတော့ စကားကောင်း ကျန်ရစ်ပါတယ်။ ကလောမြို့ ဆောင်းညရဲ့ အအေးက ကျွန်တော့်အိပ်မက်တွေထဲထိ စိမ့်ဝင်လာခဲ့တယ်။ ကျွန်တော့် နုတ်ခမ်းမှာ နွေးထွေးတဲ့ အထိအတွေ့ တစ်ခုကို ကျွန်တော် ခံစားလိုက်ရတယ်။ ကျွန်တော် အိပ်မက်မက်နေတာနေမှာပါလေ။ အနွေးဓါတ်ကလေးက နုတ်ခမ်းဝကနေတစ်ဆင့် ရင်ဘတ်ကြီးထဲထိ စီးဝင်သွားသလို....ကျွန်တော့် အိပ်မက်ထဲမှာ ကျွန်တော်ဟာ လိပ်ပြာတစ်ကောင်အဖြစ် အဲဒီပန်းခင်းကြီးထဲမှာ ပျံဝဲလို့ ။ လေတစ်ချက်ဝှေ့ လိုက်တိုင်း ကျွန်တော့် ရင်တွေ မြှောက်မြှောက်တက်သွားတယ်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်တဲ့ ။ ဒါပေမယ့် ကျွန်တော့် ရင်ဘတ်ကြီး နွေးနေတယ်။ အဲဒီ အထိအတွေ့ လေးက နွေးနေတယ်။ အိပ်မက်ကလေးက လည်း နွေးနေတယ်။
ညက အတော်လေး အိပ်မောကျသွားလိုက်တာ မျက်နှာသစ်ဖို့ အိမ်အောက်ကို ဆင်းလာတော့ မေမေက စာသင်ခန်းထဲ ၀င်နေပြီ။ ကျွန်တော် မျက်နှာသစ်ပြီး Breakfast စားဖို့ ထမင်းစားဆောင်ထဲ ၀င်လိုက်တော့ စားပွဲပေါ်မှာ ပေါင်မုန့့်မီးကင် ကြက်ဥချောင်းကြော်နဲ့ နွားနို့ တစ်ခွက်ကို တွေ့ ရတယ်။ ပြင်ထားပေးတာ မကြာသေးလို့ နွေးနေဆဲ ပေါင်မုန့် နဲ့ နွားနို့ ကို ကျွန်တော်စားလိုက်တယ်။ ကျွန်တော့်အတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ မနက်စာပေါ့။ ရန်ကုန်မှာတော့ ခန့် ညီ က ကျွန်တော့် စိတ်ကြိုက် ပြင်ဆင်ပေးတတ်တယ်။။ ကျွန်တော်က နွားနို့ အစစ်မဟုတ်ရင် မသောက်ချင်ဘူးလို့ ပြောတော့ " ဦးငယ်....မြို့ ရောက်ရင် မြို့ လိုပဲ ကျင့်ရမှာပေါ့ ။ ကျွန်တော်လည်း နွားနို့ အစစ်လိုက်ရှာရလို့ နို့ ကုလားတွေနဲ့ ရန်ဖြစ်ရပေါင်း များပြီ။ ဒါပဲ သောက်ဗျာ " လို့ ပြန်ပြောတတ်တယ်။ ဒါပေမယ့် သူ နွားနို့ အစစ်ရအောင် လိုက်ရှာထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ တစ်ခါတစ်ခါ သူ့ ကို ကလေးတစ်ယောက်လို စနောက်ရတာကို သဘောကျလို့ ဒီလိုပဲ ကျွန်တော် ပြသနာရှာတိုင်း သူက ကျွန်တော့်ကို ဆရာပြန်ပြန်လုပ်တယ်။ နွားနို့ ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့ချလိုက်တယ်။ နွားနို့ စစ်ရင် သိပ်မွှေးတာဗျ။
 " သား အိပ်ရေးဝရဲ့ လား။ မေမေက သားကို နှိုးဦးမလို့ ပဲ။ ခန့် ညီ တို့ ညိုတို့ က သားအိပ်ရေးဝအောင် အိပ်ပါစေ ဆိုပြီး မနှိုးခိုင်းလို့ ။ "
" သူ တို့ တွေရောမေမေ...သားမတွေ့ ပါလား။ ဈေးသွားလိုက်ကြတာလေး မေမေ"
" ဈေးနေ့ က မနက်ဖြန်မှ သားရဲ့ ။ ညိုက တောင်ပေါ်ကျောင်းသွားမယ်ဆိုပြီး ခန့် ညီကို ခေါ်သွားတယ်။ သားနိုးရင် လိုက်လာခဲ့ပါတဲ့"
" ဟုတ်ကဲ့ မေမေ။ သားလိုက်သွားလိုက်မယ်လေ။ ဆရာတော်ကိုလည်း ၀င်ကန်တော့လိုက်မယ်နော် မေမေ"
" အေးအေး သားသွားရင် သင်္ကန်း ပရိက္ခာတွေ ယူသွားချေလေ။ ဆရာတော်ကို သေချာလျှောက်ခဲ့နော်။ အော်...နောက်ပြီးတော့ သားရေ....ခန့် ညီက သူလည်း သင်္ကန်းစီးမယ်လို့ မေမေ့ကို ပြောလို့ မေမေ မနက်ကပဲ တစ်စုံ ထပ်ပြင်ထားလိုက်တယ်။ အဆင်သင့်လည်း ရှိနေတာနဲ့ ။ သားအဲဒါပါ ယူသွားပြီး ဆရာတော်ကို လျှောက်လိုက်ဦးနော်။ ဒုလ္လဘ တစ်ဦးတိုးမယ်လို့ " မေမေက တက်တက်ကြွကြွ ပြောလည်းပြော သင်္ကန်းပရိက္ခရာတွေလည်း ဘီရိုထဲကနေ သွားထုတ်ပေးနေပါတယ်။ ကျွန်တော်ကတော့ ခန့် ညီ ဘယ်လို စိတ်ကူးပေါက်ပြီး ဒီအစီအစဉ်ဖြစ်သွားလဲလို့ တွေးနေမိတယ်။
 " သား ခု လာမယ့် ဇန်န၀ါရီဆို ၃၇ ပြည့်ပြီနော်။ သားအသက်လည်း ငယ်တော့တာ မဟုတ်ဘူးရယ်။ မေမေ သားကို ညိုနဲ့ နေရာချထားပေးချင်တယ်....သားစဉ်းစားဖို့ မေမေပြောတာပါ။ မေမေကတော့ သားသည် မိခင်တစ်ယောက်အနေနဲ့  ညို့ ကို သဘောကျမိတယ်....မေမေ့စိတ်ကူးကို သားကို ပထမဆုံးပြောပြတာပါ...သားလက်ခံတော့မှ မေမေ ညို့ ကို ပြောမယ်...သားတို့ နှစ်ဦးလုံးက ကိုယ့်စိတ်နဲ့ ကိုယ် လက်ခံတယ်လို့ ဆုံးဖြတ်တာကို မေမေလိုလားပါတယ်...မေမေ့  အနေနဲ့ သားကို မေမေစီစဉ်တဲ့အတိုင်းလက်ခံရမယ်လို့ မဆိုဘူးနော်.... သားမှာ ချစ်ခင်နှစ်သက်နေရတဲ့ သူ ရှိနှင့်ပြီးသားဆိုလည်း မေမေ့ကို ပြောနိုင်တယ်...ဟုတ်လား" ခဏနေက လန်းဆန်းမှုတွေအကုန်လုံးက လေပြင်းနဲ့ အတူပါသွားတဲ့ သစ်ရွက်ငယ်လေးတွေလို ကျွန်တော့်ရင်ထဲ အတော်လေး ရှုတ်ထွေးသွားတယ်။ မေမေရဲ့ ဒီလို စိတ်ကူးကို ကျွန်တော် တစ်ခါမှ ကြိုမတွေးမိခဲ့တာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိတယ်။ ကျွန်တော် အိမ်ထောင်ပြုဖို့ ဆိုတာကို တွေးမိဖို့ မေ့နေခဲ့တာလေ။ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးတဲ့ အခြေအနေတစ်ခု အတွက် အဖြေ ကျွန်တော့်မှာ အဆင်သင့်မရှိနေခဲ့ဘူး။ တစ်ခါမှ မလေ့လာဘူးတဲ့ ပုစ္တာတစ်ပုဒ်ကို စာမေးပွဲ ခန်းထဲမှာ ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်လို  ကျွန်တော် ဇော်ချွေးတွေပါ ပြန်လာခဲ့တယ်။
မေမေ့ အကြောင်းကိုလည်း ကျွန်တော်သိတယ်။ မေမေ့ကို ကျွန်တော့်အနေနဲ့ ဘယ်လို အဖြေပဲ ပေးပေး ခိုင်မာတဲ့ အကြောင်းပြချက် ပါရမယ်လေ။ အကြောင်းတရား တွေ ၊ အကျိုးတရားတွေဆိုတာ မေမေ ကျွန်တော့်ကို သင်ပြခဲ့ဖူးတာပေါ့။ ဒီအတွက် ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူးလို့ မေမေ့ကို ဘယ်လိုမှ ပြောလို့ မရဘူးဆိုတာ ကျွန်တော်သိနေတယ်။ မြို့ ကလေးရေ....မေမေက မေးနေပြီကွယ်။ ငါ့မှာ ချစ်ခင်မြတ်နိုးရမယ့်သူ ရှိရင်ပြောပါတဲ့ ။ ငါ့ကိုယ်စား မင်းသာပြောပြပေးနိုင်မယ်ဆို ငါမင်းကို သိပ်အားကိုးမိမှာပဲ မြို့ ကလေးရေ...မေမေ မသိထားတဲ့ ငါ့အကြောင်းတွေကို သိတာဆိုလို့ မြို့ ကလေး မင်းပဲ ရှိတာလေ။ " ဟိုဘက်က အခက်ကလေး ချိုးလိုက် ကိုမောင်...အင်းဟုတ်တယ် ဟုတ်တယ်။ အဲဒီ အခက်ကလေး အရိုးရှည်လေးပါအောင် ချိုးပါ ကိုမောင်ရေ...ဆရာတော်ကျောင်းက ဘုရားပန်းအိုးတွေက အရိုးတို ရင် ထိုးလို့ အဆင်မပြေဘူး ကိုမောင်ရဲ့ " ညို့ အသံ။
တောင်ပေါ်ကျောင်းကို တက်ရတဲ့ လှေကားထစ် အရှည်ကြီးကို တစ်ထစ်ချင်း တက်နေရင်း ကြားလိုက်ရတဲ့ ညို့ အသံ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ချယ်ရီပင်ကြီးအောက်မှာ ညိုတစ်ယောက် အပေါ်မော့ကြည့်ပြီး အော်ပြောနေတာ။ ကျွန်တော် အပင်ပေါ်ကို ကပြာကယာကြည့်လိုက်မိတယ်။ ခန့် ညီမောင်ပါ။ ရန်ကုန်သား ဘယ်တုန်းက မှ သစ်ပင်ပေါ်တက် ဖို့ စိတ်တောင်မကူးမိတဲ့ သူက ခုတော့ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီကို ဒူးအထိခေါက်တင်လို့ ချယ်ရီပင်ပေါ်မှာ။ သူရော ညိုပါ ပျော်ရွှင်နေပုံရတယ်။ အစကတော့ ကျွန်တော် သူတို့ ကို ဆူလိုက်ဦးမလို့ ပဲ။ ညိုရော ခန့် ညီပါ ကျွန်တော့်ထက် ၈ နှစ်လောက် ငယ်ကြတယ်။ သူတို့ က အခုမှ တကယ့်ကို လူငယ်လေးတွေပါ။ သူ့ တို့ ဆီက အပျော်တွေက ကျွန်တော့် စိတ်ထဲ ချက်ချင်းကူးစက်သွားလိုက်တာ ခနနေက စိတ်ပူမိတာကိုတောင် မေ့သွားမိတယ်။
" ဦးငယ် ဦးငယ် လာလာ......ချယ်ရီပင်ပေါ်လာခဲ့ " ခန့် ညီက ကလေးတစ်ယောက်လို လှမ်းအော်နေတယ်။ ညိုကလည်း ကျွန်တော့်ကို လှမ်းပြုံးပြတယ်။ ညိုက ခန့် ညီနဲ့ ဆို ပွင့်ပွင့်လင်းလင်း လွတ်လပ်ပေါ့ပေါးနေပေမယ့် ကျွန်တော်ကို မြင်တိုင်း အိနြေ္ဒကို ထိန်းပုံရတယ်။ သူ့ အသွင်က ချက်ချင်း တည်ငြိမ်သွားတယ်။ ခုန က ညို့ ရဲ့ ကလေးဆန်တဲ့ အပြုအမူလေးက ခုတော့ ပညာတတ် ဆရာဝန်မကြီး တစ်ယောက် တည်ငြိမ် ရင့်ကျက်နေတဲ့ မိန်းမသား တစ်ယောက်ပုံ ကို ကူးပြောင်းသွား တယ်။ ညို့ အပြုံးက လှပါတယ်။ မေမေ့ အပြုံးလိုပဲ အေးချမ်းတယ်။ နောက် ညိုရဲ့ မျက်ဝန်းညိုညိုလေးတွေကလည်း အရမ်းကို အေးမြပါတယ်။ ကျွန်တော်ဟာ ယောက်ကျားသား တစ်ယောက်အနေနဲ့ ညို့ လို မိန်းမချောလေးကို ဘာမှ ငြင်းစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အချစ်...ကျွန်တော် ညို့ ကို ချစ်သလား။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိ တယ်။ သိပ်တွေးယူစရာကို မလိုလိုက်ပါဘူး။ ကျွန်တော့် အတွက် အဖြေကို ကျွန်တော့်် စိတ်တွေက ချက်ချင်းအဖြေပေးပါ တယ်။ ညို့ ကို ငယ်ငယ်ကလေးထဲက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ညီမလေးတစ်ယောက်ဆိုတဲ့ သံယောဇဉ်မျိုးထက် မပိုပဲ ကျွန်တော် ချစ်ပါတယ်။
" အား...............ဦးငယ်ရေ............လုပ်ပါဦး " ကျွန်တော် သူတို့ နားမရောက်ခင်ပဲ ခန့် ညီ ချယ်ရီပင်ပေါ်ကနေ ပြုတ်ကျတာပါ။ သူ့ ရဲ အသံကြားတာနဲ့ ကျွန်တော် လှေကားထစ်တွေကို နှစ်ထစ် သုံးထစ်ကျော်တက်သွားလိုက်တယ်။ ခန် ညီရဲ့ မျက်နှာတစ်ခုလုံး နာကျင်လို့ ရှုံတွနေတာကို အတိုင်းသားတွေ့ နေရတယ်။ ကျွန်တော့် လက်မောင်းကို အတင်းဖြစ် ညှစ်ထားတယ်။ ကျွန်တော် သူ့ ခြေထောက်ကို အသာမပြီး ကြည့်လိုက်တယ်။ အဆစ်လွဲသွားတယ်ထင်ပါတယ်။
" အဆစ်လွဲသွားတာ မဟုတ်လား ညို " ညို့ ကိုမေးရင်း လှည့်ကြည့်လိုက်တော့ ညို့ မျက်ဝန်းမှာ မျက်ရည်စတွေ။
" ညို့ ကြောင့်ဖြစ်တာ...ညို့ ကြောင့်ဖြစ်တာ "
" ဟဲ့ ကောင်မလေး ကြောင်မနေနဲ့ လူနာကို အရင်ကြည့်ပေးဦး။ ဘာဖြစ်တာလဲလို့ ။ ဒီဆရာဝန်မကို အားကိုးရင်တော့ မင်းခြေထောက် အလားအလာမကောင်းဘူး ခန့် ညီ" ကျွန်တော်စပြောပြောလိုက်ပေမယ့် ညိုကတော့ တကယ်တုန်လှုပ်နေပုံ၇တယ်။ ကျွန်တော့်စကားဆုံးတော့မှ သူ ခန့် ညီဘေးမှာ ထိုင်ချပြီး ခြေထောက်ကို သေချာ စစ်ဆေးကြည့်နေတယ်။
" ကိုမောင် ညို့ ကြောင့်ဖြစ်ရတာ...အဲဒီချယ်ရီပင်ပေါ် ညိုရယ်လေ...အတင်းတက်ခူးခိုင်းတာ..." ပါးစပ်ကလည်းပြောရင်း လက်ကလည်း ခြေထောက်အနေအထားကို ပြုပြင်ယူနေပါတယ်။
ကျွန်တော် ညို့ မျက်နှာလေးကို သေချာကြည့်လိုက်မိတယ်။ ညို့ မျက်နှာလေးပေါ်မှာ စိတ်မကောင်းဖြစ်နေတာထက် ပိုတဲ့ ခံစားချက် တစ်စုံတစ်ရာကို ကျွန်တော် သတိထားမိလိုက်သလို။ ခန့် ညီ ခြေထောက်က ခေါက်ရုံခေါက်သွားတာပါ။ ညိုကတော့ သူ့ ကြောင့်ဖြစ်ပါတယ် ဆိုပြီး အတော်လေး ဂရုစိုက်ရှာတယ်။ ဆေးက အစ အချိန်နဲ့ ကိုယ်တိုင်တိုက်တယ်။ ခန့် ညီကတော့ ခြေထောက်နာပြီးကတည်း က အပြင်မထွက်တော့ပဲ အိမ်ထဲမှာပဲ။ ကျွန်တော်က အပြင်သွားဦးမယ်လို့  ပြောရင် သူ့ ကိုယ်သူ စိတ်ပျက်နေတဲ့ ပုံနဲ့ " ကျွန်တော်လည်း လိုက်ချင်တယ်။ ကျွန်တော့် လည်း လိုက်မယ် " ဆိုပြီး ခပ်တည်တည်နဲ့ ပြောပါတယ်။ ခန့် ညီရဲ့ ကလေးဆန်တဲ့ အပြုအမူတွေကိုကျွန်တော်က ကျင့်သားရနေပေမယ့် မေမေကတော့ နဲနဲ မကြိုက်ချင်တဲ့ ပုံပဲ။ ခန့် ညီက ကျွန်တော့်ကို တွယ်ကပ်နေတာကိုရော ညိုနဲ့ ခန့် ညီ သိပ်ရင်းနှီးနေ တာကိုရော မေမေသတိထားမိပုံပဲ။ မေမေက သိပ်အကင်းပါးတယ်။ ကျွန်တော် နဲ့ ညို့ ကိစ္စလည်း ရှိနေတာ့ မေမေ ကျွန်တော်တို့ ကိုလည်း တစေ့တစောင်း အကဲခတ်ပုံရတယ်။ ဒါပေမယ့် မေမေက ဘယ်တော့မှ သူ့ ခံစားချက်နဲ့ ဆုံးဖြတ် တတ်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျွန်တော့် ခံစားချက်ကို မေးပြီးမှ လမ်းကြောင်းကို တည့်ပေးသင့်ရင် တည့်ပေးတတ်တဲ့ သူပါ။ ဒီအတွက် ကျွန်တော့်အနေနဲ့ မေမေ့ ကိုကြောက်ရတယ် ဆိုတာမျိုး မရှိခဲ့ဖူးဘူး။
ကျွန်တော့် ခံစားချက်တွေကို လည်း အမြဲ ပွင့်လင်းစွာ ပြောနိုင်မယ့် မေမေ့ကို ကျွန်တော်က လေးစားချစ်ခင်စိတ်နဲ့ ပဲ ကျွန်တော်တို့ သားအမိကြား အပြန်အလှန် နားလည်မှုတွေ တည်ဆောက်ထားခဲ့တာပါ။ ဒါပေမယ့် ညို့ ကိစ္စအတွက် အဖြေတစ်ခုနဲ့ အတူ ဖြေရှင်းချက် တစ်ခုကို ပြောပြဖို့ တော့ ကျွန်တော် အသေအချာ စဉ်းစားနေရတယ်။ " မေမေ့ ကို ဘယ်လို စကားလုံးတွေနဲ့ ငါ ရင်ဖွင့်ရပါ့မလဲလေ" ည ၁၁ နာရီလောက်ကြီး  မေမေ ခြေသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ကျွန်တော် လန့် ဖြတ်ပြီး သူ့ ကို ကျွန်တော့် ရင်ခွင်ထဲကနေ ဆွဲထုတ်ပလိုက်တယ်။ ကျွန်တော် အတော်လေး တုန်လှုပ်နေပါတယ်။ မေမေများ အခန်းထဲ ၀င်လာခဲ့ရင် ဟိုဘက်အခြမ်းက လွတ်နေတဲ့ ကုတင်တစ်လုံး အတွက် မေးခွန်းတွေ ရှိလာတော့မှာလေ။ ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော် မေမေ့ ကို ဘယ်လိုရှင်းပြရမလဲ။
အိုး.............ကျွန်တော့်ရင်ခုန်သံကို ကျွန်တော် ပြန်ကြားနေရတယ်။ တကယ်တော့ မေမေ အခန်းထဲ ၀င်မလာခဲ့ပါဘူး။ သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်ပြီး အိပ်ပျော်နေတဲ့ ခန့် ညီရဲ့ မျက်နှာလေးကို ကြည့်မိလိုက်တယ်။ နံဖူးပေါ်ခွေကျနေတဲ့ ဆံနွယ်လေးတွေကို အသာအယာ ပင့်တင်ပြီး သူ့ နဖူးကို ဖွဖွလေး နမ်းလိုက်တယ်။ ဘယ်လို ဘ၀ တွေများလည်း ကောင်ကလေးရယ်။ ငါက ဘာလို့ များ မင်းကိုမှ တွယ်တာ မြတ်နိုးမိရတာလဲ။ မင်းကရော ဘာလို့ ငါ့ကိုမှ သံယောဇဉ်ကြိုးတွေ လာချည်နှောင်ရတာလည်းကွာ။ ချစ်ခြင်းမေတ္တာက ဘာလို့ ငါတို့ နှစ်ဦးကိုမှာ လာရောက်ဖွဲ့ နှေုာင်ရ တာလဲလေ။
ကောင်ကလေးရေ လောကကြီးကိုသာ ညာလို့ ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ငါတို့ တွေ ညာလို့ မရဘူးလေ။ နောက်ပြီးတော့ ငါမေမေ့ကိုလည်း မညာချင်ဘူးကွာ။ အာရုဏ်မလင်းခင်ကတည်းက ကျွန်တော် စက်ဘီးကလေးကို ထုတ်ပြီး တောင်ကုန်းလေးပေါ်ကို ထွက်လာခဲ့လိုက်တယ်။ မြို့ ကလေးကို ကျွန်တော် နောက်ဆုံးအနေနဲ့ ရင်ဖွင့်ရဦးမယ်။ ထင်းရှူးပင်ကြီးတွေဆီက ခွန်အားသတ္တိတွေကို ယူပြီး မြို့ ကလေးကို လူ့ အသိုင်းအ၀ိုင်းကြီးက လက်မခံနိုင်တဲ့ ၊ ပုံမှန်မဟုတ်ဖြစ်တည်လာတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ အနှောင်အဖွဲ့ လေးအကြောင်း ကို မေမေ့ကို မပြောပြခင် မြို့ ကလေးနဲ့ ပြောပြီး အင်အားတွေ မွေးယူရဦးမယ်။ မြို့ ကလေးရေ....အဲဒီ သတ္တုကြိုးမျှင်လေး ဘယ်လောက်ခိုင်မြဲနေပြီလဲ ဆိုတာ မင်းတစ်ယောက်တည်းပဲ သိတာပါကွာ။ မေမေ့ကို ဖွင့်ပြောပြဖို့ ငါ့ကို ခွန်အားတွေ ပေးလှည့်ပါ။ ငါ ညို့ ကို လည်း မနာကျင်စေချင်ဘူး။ ခန့် ညီကိုလည်း မစွန့် လွှတ်နိုင်ဘူး။ မေမေ့ ကိုလည်း မညာချင်ဘူးကွာ။
 မြို့ ကလေးရေ ဒီစကားတွေဟာ မင်းဆီမှာ နောက်ဆုံးအနေနဲ့ ငါရင်ဖွင့်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ငါ့အတွက် ခွန်အားတွေ.....မေမေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ စိတ်ဓါတ်ခိုင်မာမှုတွေ နဲ့ ......................။
နှင်းစက်တွေက ကျွန်တော့မျက်နှာကို လာရောက်ထိခတ်တယ်။ ထင်းရှူးနံသင်းနေတဲ့ လေနုအေးကို တ၀ကြီးရှိုက်သွင်း လိုက်တယ်။ သဘာဝတရားကြီးက နားလည်မှုတွေ ၊အေးချမ်းမှုတွေ နဲ့ အတူ ကျွန်တော့်ရင်ထဲထိ  စီးဝင်သွား ပါတယ်................။
အမွန် 
၎/၇ /၂၀၁၂ _ ၅ နာရီ ၈ မိနစ် 
Sunday, September 11, 2016
လိင်အမြတ်ထုတ်မှု ခံစားရသူတစ်ယောက်အကြောင်း
လိင်ကိစ္စ ၊လိင်စိတ်ဆန္ဒ ၊လိင်သာယာမှုရှာခြင်း ၊လိင်အာရုံခံစားမှုတွေမှာ စည်းဘောင်မထား စည်းလွတ်ဝါးလွတ်နေကြခြင်း စတဲ့ စကားလုံးတွေရဲ့အဓိပ္ပာယ်ဟာ တစ်ခါတလေတော့ အချို့သောလူငယ်များရဲ့ လိင်စိတ်ကို လမ်းကြောင်းပြောင်း သွားစေသလို ဘ၀အချို့ကိုလည်း ရိုက်ချိုးလိုက်သလိုဖြစ်သွားစေတတ်တယ်ဆိုတာ ကျွန်တော်တို့ နည်းနည်းတော့ ကိုယ့်စိတ်ကိုယ်ကိုယ် ဆန်းစစ် ဝေဖန်သုံးသပ်ကြည့်သင့်ပါတယ်။
လူဆိုတာ တိရစ္ဆာန်ထက်သာတဲ့အချက်က စဉ်းစားတွေးခေါ်တတ်ခြင်းလို့ ကျနော်ထင်ပါတယ်။ အိပ်၊ စား ၊ကာမ သုံးမျိုးပဲ အလေးပေးနေတယ်ဆိုပါက တိရိစ္ဆာန်နဲ့ ဘာများထူးပါဦးမလဲလေ။ လိင်တူခြင်းကြိုက်နှစ်သက်သူဖြစ်ဖို့ လိုင်းသွင်းလို့ရ သလား ဇာတ်သွင်းလို့မရဘူးလား စစ်တမ်းတွေလည်းမဖတ်ဖူးတော့ သေချာမသိပေမဲ့ ခဏခဏနဲ့ ယဉ်ပါးလာတဲ့အခါ တစ်မျိုးတစ်မည်တော့ စိတ်ခံစားချက် အပြုအမူတွေပြောင်းလာမယ်လို့တော့ ထင်တာပါပဲ။
နှစ်ဦးနှစ်ဖက် သဘောမတူညီဘဲ မိမိကြောင့်ဖြစ်ရတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတော့ ကျနော့်အနေနဲ့ဆိုရင် မရိုက်ကူးချင်ပါဘူး။ သူငယ်ချင်းတို့ရဲ့ စိတ်ဆန္ဒကရော ဘယ်လိုရှိသလဲဗျ။ အောက်မှာတော့ ဖတ်မိလိုက်ရတဲ့ ဆောင်းပါးတစ်ခုကို ဝေငှလိုက်ပါတယ်။ ဖတ်ပြီးရင် အမြင်လေးတွေ ဝေငှကြပါဦးလို့။
 Gay ဇာတ်သွင်းပြီး စော်ကားခဲ့သူ လူယုတ်မာတစ်ဦးကြောင့် ဘ၀ပျက်ခဲ့ရသော လူငယ်လေးတစ်ယောက်၏ ခံစားချက်
လူ့ဘ၀မှာလည်းအမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။ လာပြန်ပြီ တစ်ယောက်…။
ဝင်ခွင့်ပြုပါ ဆရာ…
အော်…
ဟုတ်ကဲ့ ၀င်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။ ဆေးခန်းထဲ ၀င်လာသူမှာ
အသက် ၂၀ ၀န်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး တစ်ယောက်။
ဒါပေမယ့် သူမျက်နှာမှာ စိုးရိမ်စိတ်တွေ ညှိုးငယ် သိမ်ငယ်နေတဲ့ အရိပ်ရောင်တွေတော့ သန်းနေပါတယ်။
သူက
ထိုင်ခုံမှာ ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်…။ ပြီးမှ သူက သူ့ကို အချိန်နည်းနည်း ပေးပါလို့ တောင်းဆိုပါ တယ်….။ ဆေးခန်းကလည်း လူနာ ရှင်းနေတော့ ဆရာဝန်လည်း ခေါင်းညိမ့်ပြီးသူပြောတာကို နားထောင်ပေးဖို့ အသင့် ပြင်လိုက်ပါတယ်….။
ကျနော်က
ကိုမျိုးပါ ဆရာ။ အခု အသက် ၂၁ နှစ်ပါ။ ရေကြောင်းတက္ကသိုလ် တက်နေပါတယ်။ ကျောင်းပြီးလို့သင်္ဘောတက်မယ်လုပ်မှ အခုဆေးက မအောင်ဘူး ဆရာရယ် ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး။ အိမ်ကိုလည်းမပြောရဲဘူး ဖြစ်နေတယ်။
သူ့မျက်နှာတစ်ခုလုံး ညှိုးကျ သွားပါတယ် …။ မျက်ရည်တွေလည်း မျက်ဝန်းထဲအပြည့်…။ ကျနော်က အရင်ကတည်းက
ဘ၀ဆုံးပြီးသားပါ ဆရာ။ သူပြောတာကို ဆရာဝန် နားမလည်လိုက်ပါ။
ကျနော်က ဘ၀ပေး ကံမကောင်းခဲ့ဘူး ဆရာ…။ ကျနော်က ယောက်ျားစင်စစ်ကနေ ယောက်ျားချင်း ကြိုက်တဲ့သူ(ဂေး)
ဖြစ်နေတယ်လေ…. ဂေးတွေရဲ့ အကြောင်းတွေကို သိနေပြီးသားဖြစ်တဲ့ ဒေါက်တာ မင်းနိုင် အတွက်တော့ဘာမှ မမှုတော့ပါ… ခေါင်းညိမ့်ပြီးသာ ဆက်နားထောင် နေခဲ့ပါတယ်။
ကျနော့်တို့မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။… ဖေ့ဖေ့သူငယ်ချင်းပါ။ သူက ဖေဖေနဲ့
အသက် အတူတူ ပါပဲ။ စီးပွားရေး သမားပါ၊ ဖေဖေတို့နဲ့ အလုပ်အတူတူ လုပ်ကြရင်း မိသားစုနဲ့
အရမ်းကို ရင်းနှီး သွားတာပါ….။ သူက လူပျိုကြီးပါ။ သူက ကျနော်တို့အိမ်ကို အမြဲ ၀င်ထွက်နေကျပါ…၊
အိမ်ကလည်း သူ့ကို အပြင်လူလို့ မသတ်မှတ်ဘူးလေ… ဆွေမျိုးရင်းချာလိုပဲ သဘောထားပါတယ်…။
သူကလည်း ကျနော်တို့ မောင်နှမတွေကို ဦးလေးအရင်းတွေ နီးပါး ကောင်းရှာပါတယ်။ ဒါပေမယ့်
သူမှာ ရှိတဲ့ လူမသိတဲ့ အကျင့်ဆိုးကိုတော့ ကျနော်ကလွဲပြီး ဘယ်သူမှ မသိဘူးလေ။ သူက ကျနော့်ကို
ဂေးဇာတ် သွင်းခဲ့တဲ့သူပါ။
ကျနော် ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ဘာသာ ပါတယ်လေ။ အောင်စာရင်းထွက်တဲ့ နေ့က သူက ကျနော့်ကို
ဆုချမယ်ဆိုပြီး မြို့ထဲက ဒဂုံစင်တာကို ခေါ်သွားပါတယ်…။ MK က Arrow ရှပ်တစ်ထည် ၀ယ်ပေးပါတယ်။.ပြီးတော့
Mr. Guiter မှာ ညစာ လိုက်ကျွေးပါတယ်…။ ပြီးမှ ပြန်ကြမယ်ပေါ့။ သူက သူ့ကားနဲ့ဆိုတော့အိမ်ကလည်း စိတ်ချတယ်လေ။ အရင်ကလည်း ဒီလိုပဲ သွားနေကျဆိုတော့ ဘာမှ မပြောဘူးလေ။ ကျနော့်ကိုလည်းအောင်စာရင်း ထွက်တဲ့နေ့ဆိုတော့ အိမ်ကဘာမှ မပြောဘူးလေ။ လျှောက်လည်ချင်လဲ လည်ပါစေပေါ့။ညစာ စားပြီးတော့ သူက ကျနော့်ကို အိမ်ပြန်မပို့ပေးပဲ သူ့အိမ်ကို ခဏ၀င်ဖို့ ခေါ်ပါတယ်။
အရင်တည်းက သူ့အိမ်ကို သွားနေကြဆိုတော့ ကျနော်လည်း လိုက်သွား ခဲ့ပါတယ်။ သူ့အမေနဲ့က ကျနော်က
မြေးအဖွားလို ဖြစ်နေတာကိုး….။ အဖွားက အသက် ၇၀ ကျော်နေပြီ နားမကောင်းဘူးလေ။ သူ့အိမ်ရောက်တော့
ည ၉ နာရီလောက် ရှိပြီဗျ…။ သူက ကျနော့်ကို ကိုကာကိုလာ တိုက်တယ်…။ ရေငတ်နေတော့ ကျနော့်လည်း
အကုန် သောက်လဲတာပေါ့….။ ပြီးတော့ အရမ်း အိပ်ချင်လာပြီး ဘာမှမသိတော့ဘူး ဆရာ….။
ည၁၂ နာရီလောက်မှ ကျနော့် မျက်လုံး ပြန်ဖွင့် လာနိုင်တယ်လေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
ကျနော်က သူ့အခန်းထဲမှာ ရောက်နေတယ်လေ…။ ပြီးတော့ ကန်တော့ပါစေရဲ့ ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့
နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ….
ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့်
ဘ၀တစ်ခုလုံး မိုးမှောင် ကျခဲ့တဲ့ နေ့ပေါ့ ဆရာ….။ ကျနော့်မှာ ၁၀ တန်းအောင်လို့ ပျော်လို့တောင်
မ၀သေးပါဘူး…. ငိုချလိုက်ပါတယ်… လောကကြီးကို လုံးဝ စိတ်ကုန်ခဲ့ပါတယ် ဆရာ…..။
သူကခဏကြာတော့ အခန်းထဲကိုဝင်လာပြီး မသိသလိုနဲ့ နေပါတယ်…။ ကျနော်လည်း သူ့ကို အရမ်းမုန်းတီးနေတော့
ဘာစကားမှ မပြောချင်ဘူးလေ… ဒါနဲ့ ကျနော် သူ့ကို အိပ်ပြန်ပို့ပေးဖို့ ပြောခဲ့ပါတယ်… သူက
ကြည်ကြည်ဖြူဖြူပဲ ပြန်လိုက်ပို့ ပေးပါတယ်…။
သူပေးခဲ့တဲ့အင်္ကျီကိုလည်း ကျနော်လုံးဝ မယူခဲ့ပါဘူး။ အဲဒီညက ကျနော် အိမ်ပြန်ရောက်တော့ ကျနော့်ကိုယ်
ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ….
။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က
ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။ ကျနော့်ဘ၀ ပျက်ခဲ့တာကို
ဘယ်သူကမှ မသိကြတာလေ ဆရာ……. ကျနော် ဘယ်သူ့ကို သွားတိုင် ပြောရမှာလဲ ဆရာ… ပြီးတော့ အဲလိုထုတ်ပြောဖို့
ကျနော့မှာ လုံးဝ ပြောမထွက် ဘူးလေ….။ အဲဒီလူကြီးကိုလည်း သတ်ချင်နေတယ်….။ အဲဒီရက်ကတော့
တော်တော်လေး သေလုမြောပါး ခံစားခဲ့ရတယ် ဆရာ….။
နောက် ကျနော် ကျောင်းတက်ခဲ့ပါတယ်…။ ကျောင်းတက်နေတုန်း ဖေဖေက မန္တလေးမှာ ကားအက်ဆီးဒန့်နဲ့ ဆေးရုံတက်လိုက်ရတယ်လေ… မိသားစုတွေက ဖေဖေ့ကို သွားကြည့် ကြတယ်လေ..။ ကျနော်က စာမေးပွဲရှိလို့ မလိုက်သွားရဘူး။ဒါကိုမေမေက ကျနော့ကို စိတ်မချလို့ဆိုပြီး အဲဒီဦးလေးကို အိမ်မှာ လာအိပ်ဖို့ ပြောခဲ့တယ်လေ….။
အစကတော့ ကျနော်က မသိခဲ့ပါဘူး…။ ကျောင်းကပြန်လာမှ ဧည့်ခန်းထဲမှာ သူအကြာကြီး နေတာကို သတိထား မိသွားတာပါ။
တစ်အိမ်လုံးမှာလဲထမင်းချက်ပေးတဲ့ အမကြီးရယ် ကျနော်ရယ် အဲဒီဦးလေးရယ်ပဲ ရှိတာလေ။ သူက ညအထိ မပြန်တော့မှ
သူဒီမှာ ညအိမ်တော့မယ် ဆိုတာကို သိလိုက်ရတာပါ၊ ကျနော့ အတွက်တော့ ငရဲကျနေ သလိုပဲလေ…။
ကျနော်က တံခါးကို လော့ချပြီး စာကျက် နေခဲ့ပါတယ်….။ ည ၁၁ နာရီလောက်မှာ ကျနော် အိပ်ယာဝင်ခဲ့
ပါတယ်…။ ည ၂ နာရီလောက် တရေးလဲနိုးရော အဲဒီဦးလေးကြီးက ကျနော့် အိပ်ယာထဲ ရောက်နေတယ်လေ…..
ပြီးတော့ ကျနော့်ကိုလည်း သူထပ်စော်ကား ထားပြန်တယ်လေ…. ကျနော့်အတွက်တော့ ပြေးလို့ မလွတ်တော့ဘူးလေ။
မေမေက သူ့ကို အိမ်က သော့တွေ အကုန်ပေးခဲ့တာကိုး…။
သူကကျနော့ကို တကယ်ချစ်ပါတယ်တဲ့..။ ကျနော့ကိုလည်း မိဘတွေကို မပြောပါနဲ့တဲ့။ အမျိုးမျိုး
ပြောတယ်လေ။ ပြီးတော့ ကျနော့်ကို သူက လက်ထပ်မယ်တောင် ပြောသေးတယ်။ ကျနော်က ဒါမျိုးတွေကို
တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး…။ နောက်တော့သူက ယောင်္ကျားချင်း မဖွယ်မရာ လုပ်နေတဲ့ ပုံတွေနဲ့
ဗွီဒီယိုတွေကို ကျနော့်ကို ပြတယ်လေ….။ သူက ပြောသေးတယ် ဒါက ခေတ်မီတဲ့ နိုင်ငံတွေမှာပဲ
ရှိတာတဲ့။
ကျနော်အကြိမ်ကြိမ် ငြင်းပါတယ်… ဒါပေမယ့် မရခဲ့ဘူးလေ.. ပိုဆိုးတာက ဖေဖေ့အက်ဆီးဒန့်မှာ အိမ်က
ငွေတော်တော် ကုန်သွားတယ်လေ။ နောက်ဆုံး ကျနော့ ကျောင်းစရိတ်တောင် အိမ်က မတတ်နိုင်တော့ဘူး။
အဲဒီမှာ သူက ကျနော့်ကို နေ့တိုင်းကျောင်းကို သူ့ကားနဲ့ လိုက်ပို့ ပေးတယ်လေ။ အိမ်က မထောက်ပံ့
နိုင်တာကိုလည်း သူက သိနေတယ်လေ…. မေမေတို့နဲ့က လူရင်းတွေ ဖြစ်နေတာကိုး။ သူက ကျနော် ကျောင်းမုန့်ဖိုးလည်း
ပေးတယ်။ လိုတဲ့ စာအုပ်တွေ စာရွက်စာတမ်း တွေကိုလည်း ၀ယ်ပေးတယ်လေ… ဒီလိုနဲ့ ကျနော် ပထမနှစ်
အောင်ခဲ့တာပါ။ ဒုတိယနှစ်မှာ ဖေဖေ ဆုံးသွားပါတယ်။ အရင် ကားအက်ဆီးဒန့် ပြီးတည်းက ဖေဖေ့
ကျန်းမာရေးက မကောင်းပါဘူး၊ ဖေဖေဆုံးတော့ သူကပဲ ကျနော်တို့ မိသားစုကို ထောက်ပံ့ ခဲ့တယ်လေ။
ဒီတော့ သူလိုချင်တာကို ကျနော်က ကိုယ်နဲ့ရင်းပြီး ပေးခဲ့ရတယ်ဆရာ။
ဒီလိုမျိုးတွေကိုအရမ်းမုန်းပေမယ့် မိသားစုကို ထောက်ပံ့နေတဲ့ သူ့အလိုကို ကျနော် လိုက်ခဲ့ ရတယ်လေ။ သူတောင်းဆိုလာတိုင်းကျနော် မညင်းသာ ခဲ့ပါဘူး။ သူအိမ်ကိုလည်း သွားဖြစ်တယ်။ သူ့အိမ်မှာက သူ့အတွက် လွတ်လပ်တယ်လေ…..အဖွားကလည်း အသက်ကြီး နားကလေး ဆိုတော့ သူ့အကြိုက်ပဲလေ။ နောက်ဆုံးတော့ ကျနော့်ကိုယ်ကျနော်ဂေးအဖြစ် ခံယူလိုက်မိပါတယ်။
ကျနော်လူပျိုစဖြစ်တည်းက ဒီလိုအဖြစ်မျိုးတွေကို တစ်ခါမှ မတွေးထားမိပါဘူး။ ထင်လည်း မထင်ထား
ခဲ့ဘူးလေ။ ကျနော့်စိတ်ကိုလည်း ကျနော် ပြန်မေးကြည့် မိတယ်လေ။ ငါတကယ် ဒီလို ဂေးဖြစ်သွားပြီလား
ဆိုပြီးတော့. ကျနော် တတိယနှစ်မှာ ရည်းစာထားဖို့ ကြိုးစားပါတယ်။ ကောင်မလေး တစ်ယောက်ကို
လိုက်ခဲ့ပါတယ်။ ၂ လလောက် ကြာတော့ ချစ်သူတွေ ဖြစ်သွား ခဲ့ပါတယ်။ ကျနော် ကျနော့ချစ်သူကို
ချစ်လို့တော့ ရတယ်ဆရာ….။ ဟိုလိုမျိုးတော့ ဘယ်လိုမှ တွေးလို့ကို မရဘူး….။ သူ့ဘက်က အခွင့်ရေးတွေ
ပေးခဲ့တာတောင် ကျနော့် ဘက်က စိတ်လုံးဝ မလာခဲ့ဘူးလေ။ အဲဒီမှာ ကျနော့်ကိုကျနော် နားလည်ခဲ့ပါတယ်…
ကျနော့်ကို ကျနော် ဂေးလို့ ခံယူခဲ့ပါတယ်။ ကောင်မလေးကိုလည်း အဆက်ဖြတ်ခဲ့ ပါတယ်။ အဲဒီ
ဦးလေးကြီးနဲ့ပဲ နှစ်ပါးသွား နေခဲ့တယ် ဆရာ။ ဒါပေမယ့် အဲဒီဦးလေးကြီးက နှစ်ဖက်ချွန်လေ..
မိန်းမလည်း ပွေတယ်…. မော်ဒယ် ငယ်ငယ် လေးတွေနဲ့လည်း တွဲတယ်လေ…။ တစ်ခါတစ်လေ သူ့အခန်းကိုပါ
ခေါ်လာတယ်….
ကျနော့်ကျောင်းပြီးတော့ သူက ကျနော့်ကို သင်္ဘောတင်ပေးမလို့ Agent နဲ့ ချိတ်ပေးပါတယ်။ ပြီးမှ ဆေးစစ်တာပါ
ဆရာ…။ အခုတော့ ကျနော့် ဘ၀က နှစ်ခါနာပဲလေ….. မေမေ့ကိုလည်း မပြောပြရဲဘူး။ ဆရာ… မေမေက
နှလုံးရောဂါသည်လေ…. ကျနော့်မှာ ညီမလေးလည်း ရှိသေးတယ်လေ…။ ကျနော်က ညီမလေးအပေါ် တာဝန်ရှိတယ်လေ…။
ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော့် ဘ၀ကို မေမေနဲ့ ညီမလေးအတွက်ပဲလို့ သတ်မှတ် ထားခဲ့တာပါ။
ဒီဦးလေးကိုလည်း မိသားစုကို ထောက်ပံ့ထားတဲ့ မျက်နှာနဲ့ သူ့လိုအင်ကို ဖြည့်ပေး နေခဲ့တာပါ။
ကျနော့် သူ့ကိုတော့ ပြောပြ ထားပါတယ်…။ သူ့က အစကတော့ အကြောက်အကန် ငြင်းပါတယ်။ သူက သန့်တယ်
ဘယ်သူနဲ့မှ မရှုပ်ဘူး ပေါ့လေ။ ကျနော်ကသာ တခြားလူတွေနဲ့ လိုက်ရှုပ်လို့ HIV ကူးတယ် ပေါ့လေ။
ကျနော် သူ့ကို သွေးစစ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက မစစ်ခဲ့ဘူးလေ။ နောက်ဆုံး
အတင်းအကြပ် ပြောမှ စစ်တော့ သူ့မှာလည်း HIV ပိုး ရှိနေတယ်လေ….။ ဒီတော့မှ ကျနော်လည်း
သူ့ဆီက ကူးတယ် ဆိုတာကို သိလိုက်ရတာပါ။
သူကတော့ကျနော့် တစ်ဘ၀လုံးကို အညွှန့် ချိုးရုံသာမက ကျနော့် နာမည်ကိုပါ အမည်းစက် ထက်တွေ ဆင့်နေအောင်
လုပ်ခဲ့တယ်လေ။ ကျနော် ဘာဆက်လုပ်သင့်လဲ ဆိုတာကို အကြံပေးပါဦး ဆရာ……။
အားကိုးတကြီးစိတ်နဲ့သူ့မျက်လုံးတွေက ဆရာဝန်ကို တောင်းပန် နေရှာလေရဲ့။ ဆရာဝန်လည်း ဖြစ်သင့်တာတွေ… လုပ်သင့်တာတွေကိုတစ်ခုချင်း ပြောနေလေရဲ့…။
ဆရာဝန်ရဲ့အသုံးတော်ဖြစ်တဲ့ ကျုပ် ဘောလ်ပင်ခမျာမှာတော့ ရင်ထဲ မချိသာဘူးလေ..
ဒီလိုလူငယ်လေးတွေ ဒီလိုဘ၀ကိုရောက်အောင် လုပ်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ? ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဒီလို လူငယ်လေးတွေကို ဘယ်သူက ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလဲ?
သူတို့ ဒီဘ၀မျိုး မရောက်ခင်မှာ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပေးမယ့် နားတွေရော လောကကြီးမှာ
အဆင်သင့် ရှိနေပြီလား?
သူတို့ကို ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ပေးမယ့် ဥပဒေတွေရော ရှိနေပြီလား?
ဒီလို ကလေးသူငယ်ကို အဓမ္မ ပြုကျင့်တာတွေကိုရော ဘယ်သူတွေက ဆန့်ကျင် တိုက်ဖျက်ပြီး ကလေး
သူငယ်တွေရဲ့ အခွင့်ရေးအတွက် တိုက်ပွဲဝင် ပေးကြမှာလဲ?
ကျနော်မောင်ဘောလ်ပင်ဒီလိုတွေးနေတုန်းမှာပဲ ဆရာဝန်က ကျနော့် ခေါင်းကို အဖုံးနဲ့ စွပ်ပြီး ကျနော့်ကို စာအုပ်ကြားထဲ
ညှပ်ထားခဲ့ပြီး ဆေးခန်းသိမ်းလိုက်ပါတယ်။
Credit: လမင်းကို
Tuesday, August 30, 2016
ကိုယ့်ကိုယ်ကိုယ် ဂေးဖြစ်မှန်းဘယ်လိုသိနိုင်မလဲ? (Part I)
How to Know if You Are Gay
ကိုယ့်ကိုယ်ကို ဘာဆိုတာ သေသေချာချာဆန်းစစ်ဆုံးဖြတ်နိုင်သော်လည်း ကိုယ်ပတ်သက်တွေ့ကြုံမိတဲ့ အတွေ့အကြုံများအရ ကိုယ့်လိင်ကိစ္စတိမ်းညွှတ်မှုကဘာဆိုတာ ပတ်ဝန်းကျင်နဲ့အသားမကျ ဆုံးဖြတ်ရခက်နေနိုင်ပါတယ်။ ကိုယ်ထင်မြင်သိရှိမိတဲ့ သတ်မှတ်ချက် များအရပေါ့လေ။ ဒီနေရာမှာ စမ်းသပ်စစ်ဆေးတဲ့မေးခွန်းတွေထုတ်ပြီး ခေါင်းမရှုပ်စေချင်သလို  စာဖတ်သူရဲ့ အတိတ်သမိုင်းနဲ့ ခံစားချက်တွေ ကို ယုံကြည်အားအထားရဆုံး နည်းလမ်းတွေနဲ့တန်းမညှိချင်ပေမဲ့ ဘယ်လိုတွေးတောဆန်းစစ်ကြံဆလို့ရတယ်ဆိုတာကိုတော့ပြောပြချင်ပါ တယ်။ အောက်မှာရေးပြသွားမှာတွေကတော့ စာဖတ်သူရဲ့လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ပုံဖမ်းလို့ရအောင် အကူအညီပေးမယ့် သတင်းအချက် အလက်အချို့ဖြစ်ပါမယ်။
ခြွင်းချက်။ ။ လိင်တူကြိုက်အမျိုးသား(gay)၊ လိင်တူကြိုက်အမျိုးသမီး(Lesbian) ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးကြိုက်နှစ်သက်သူ (bisexual) ၊ လိင်ဝိသေသမရွေးကြိုက်နှစ်သက်သူ (pansexual) သို့မဟုတ် အခြားအမျိုးအစားပုံစံအခြေအနေများ ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့ လိင်တူခြင်းလိင်ပိုင်းဆိုင်ရာတပ်မက်မှုမျိုးရှိသူ (homosexuality) နဲ့ လိင်တူလိင်ကွဲနှစ်မျိုးလုံးကို တပ်မက်စိတ်ရှိသူ (bisexuality) ပုံစံအစုံရဲ့ သဘောသဘာဝတွေကိုပြောပြပြီး နည်းပေးလမ်းပြပါမယ်။
ဒါလေးတွေလုပ်ရုံနဲ့ လိင်တူကြိုက်အမျိုးသား သို့မဟုတ် လိင်တူကြိုက်အမျိုးသမီးလို့မဆိုနိုင်ပါ 
(Things That Don't Mean You're Gay or Lesbian)
(၁) အမျိုးသားတစ်ယောက် ဒါမှမဟုတ် အမျိုးတူလူတစ်ယောက်ယောက်အကြောင်း စိတ်ကူးယဉ်အိပ်မက်မက်နေမိရုံ လေထဲတိုက်အိမ် ဆောက်နေရုံနဲ့ စာဖတ်သူဟာ လိင်တူကြိုက် ဂေးတစ်ယောက်ဖြစ်နေတယ်လို့ မဆိုလိုကြောင်းသဘောပေါက်ထားရပါမယ်။ လိင်ကွဲကြိုက် နှစ်သက်သူတွေဟာလည်း မကြာခဏဆိုသလို “လိင်တူ စိတ်ကူးယဉ်မှုတွေ” ရှိတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လိင်တူခြင်း အတွေ့အကြုံယူမိတဲ့ ထူးဆန်းသောအိပ်မက်တစ်ခုမက်မိတာမျိုး သို့မဟုတ် အမျိုးသားတစ်ယောက်ဟာ အ၀တ်လဲခန်းထဲမယ် အခြား အမျိုးသားတစ်ယောက်ကို အနမ်းပေးရရင်ဘယ်လိုနေမလဲ သိချင်စိတ်ဝင်မိတာမျိုးတွေပေါ့။ စိတ်ကူးယဉ်မိနေခြင်း သို့မဟုတ် စိတ်ကူးနဲ့ရူး နေမိခြင်း ဘာပဲဖြစ်ဖြစ် အဆိုပါအကြောင်းအရာတွေဟာ စိတ်ကူးတွေကိုကျော်လွန်ပြီး လက်တွေ့ဖြစ်လာမယ့်အချက်တွေလို့မဆိုနိုင်ပါဘူး။
ဘယ်လိုပြောရမလဲ လိင်တူအုပ်စုတစ်ခုမှာ အများအားဖြင့် သြဇာအာဏာလွှမ်းနိုင်တဲ့သူတစ်ယောက်ယောက်အကြောင်းကို အခြားအုပ်စုဝင် တွေက အမြဲလိုလို လေထဲတိုက်အိမ်ဆောက်စိတ်ကူးယဉ် အားကျနေတတ်ကြတာသဘာဝဆိုပေမဲ့ စာဖတ်သူအနေနဲ့ မျိုးတူလိင်တူ တစ်ယောက်ယောက်အကြောင်း မကြာခဏဆိုသလို စိတ်ထဲပေါ်လာတတ် စိတ်ကူးယဉ်သာယာတတ်နေပြီဆိုပါလျှင် မိမိရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို ဆန်းစစ်ဖို့သင့်ပါတယ်။ ကိုယ့်လို လိင်တူအုပ်စုအ၀န်းအ၀ိုင်းအကြောင်းကိုပဲ စိတ်ကူးယဉ်သာယာနေတတ်ပြီး လိင်ကွဲ အုပ်စုအကြောင်း စိတ်ကူးသာယာမှု နည်းတယ် သို့မဟုတ် စဉ်းကိုမစဉ်းစားဘူးဆိုပါက ဆန့်ကျင်ဘက်လိင်ရော လိင်တူနဲ့ရော အတွေ့အကြုံစမ်းသပ်မှုရှာကြံဖို့ နည်းလမ်းတစ်ခုခုသုံးဖို့ဆုံးဖြတ်ကြည့်ပါလားကိုယ်ဟာဘာလဲဆိုတာသိဖို့လေ။
စာဖတ်သူအနေနဲ့ မိမိဟာဘာဆိုတာသေချာဖို့ အသေအချာစမ်းသပ်ကြည့်မှဖြစ်မယ်လို့တော့ မမှတ်ထားသင့်ဘူးနော်။
(၂) လိင်တူတစ်ယောက်နဲ့ အမှတ်မထင်လိင်သာယာမှုတစ်ခုခုပြုလုပ်မိခဲ့တယ်ဆိုတိုင်း စာဖတ်သူဟာ ဂေးဖြစ်တယ်လို့မဆိုနိုင်ကြောင်း နားလည်ဖို့လိုပါတယ်။ စီးကရက်တစ်လိပ်ကို တစ်ကြိမ်လောက်ဖွာနေခဲ့သူကို ဆေးလိပ်သောက်သူတစ်ယောက်လို့အဓိပ္ပာယ်ဖွင့်လို့ မရဘူးလေ။ အိုး…လူတွေအတော်များများပြောတတ်ကြတာက စီးကရက်တစ်လိပ်ကို တစ်ကြိမ်တခါဖွာမိရုံနဲ့ဆေးလိပ်သောက်သူတစ်ယောက် ဖြစ်သွားမှာတဲ့။ စီးကရက်တစ်ချက်ဖွာရုံနဲ့ ဆေးလိပ်သောက်သူ ကြိုက်နှစ်သက်သူဖြစ်သွားမယ်ပေါ့။ သူတို့ပြောနေတာတွေကို နားထောင်မနေ ပါနဲ့။ ဆေးလိပ်သောက်သူတစ်ယောက်၊ လိင်တူကြိုက်သူတစ်ယောက် သို့မဟုတ် လိင်ကွဲကိုနှစ်သက်သူတစ်ယောက်ရဲ့ဖြစ်တည်မှုသမိုင်း အား ဘယ်ဟာတွေကလုပ်ပေးတယ်ဆိုတာ သေချာတဲ့နည်းလမ်းတစ်ခုရှိနေခဲ့ပါသလား။ ထားပါဦး အဲ့ဒီဖြစ်တည်မှုသမိုင်းကရော စာဖတ်သူ အနာဂတ်ကိုဟောကိန်းထုတ်နိုင်တဲ့အရာတွေဟုတ်လို့လား။
နားလည်ထားရမှာက တစ်ခါတလေ စာဖတ်သူဟာကြားအခြေအနေမှာရောက်နေနိုင်ပါတယ်။ လိင်ကွဲတွေနဲ့ နှစ်ပေါင်းများစွာ မမျှော်လင့်ဘဲ ပတ်သက်မှုတွေ တိုက်ဆိုင်မှုတွေရှိခဲ့သာယာခဲ့တဲ့ လူအများစုဟာ များမကြာခင်မှာဘဲ လိင်တူကြိုက်နှစ်သူများဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ တယ်ဆိုရင် အံသြနေမလားဗျ။ လိင်ကွဲတွေကိုပဲကြိုက်နှစ်သက်သူအများစုဟာလည်း လိင်တူအမျိုးသား သို့မဟုတ် အမျိုးသမီးများနှင့် ပတ်သက်ဆက်နွယ်ကာ သိချင်စူးစမ်းစိတ် ဒါမှမဟုတ် စွဲလမ်းမှုတွေရဲ့အခြေအနေကို ဆန်းစစ်ဖူးခဲ့တယ်လို့ပြောနိုင်ပါသေးတယ်။ တစ်ညတာ ပတ်သက်မှုဟာ စာဖတ်သူရဲ့ လိင်စိတ်တိမ်းညွှတ်မှု ဘာလို့သက်သေခံလို့မရပါဘူး။
ထို့အတူပါပဲ စာဖတ်သူကိုယ်တိုင်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုဟာ အကန့်အကန့်ရှိသော ဦးနှောက်ကို မီးခလုပ်တစ်ခုဖွင့်ပိတ်လိုက်သလို အရာရာမှာ ဘယ်လိုခံစားကြိုက်နှစ်သက်နေမှုအပါအ၀င် ပြောင်းလဲမသွားစေဘူးဆိုတာသိထားရပါမယ်။ စာဖတ်သူက ပြောင်းလဲဖို့ ကြိုးစား ကောင်းကြိုးစားမိခဲ့ပေမယ့် သိပ်ပြီးအောင်မြင်ပြီးမြောက်တဲ့ အခွင့်အလမ်းမဟုတ်ခဲ့ဘူး မဟုတ်လား။ လိင်တူကြိုက်နှစ်သက်သူဆိုတာ ဘယ်လို လိင်ကွဲကိုပဲကြိုက်နှစ်သက်သူဆိုတာ ဘယ်လိုဆိုတဲ့ ဖော်ထုတ်နိုင်မှု ဥပဒေတွေ သတ်မှတ်ချက်တွေက ခိုင်မြဲနေတယ်လို့ အာမခံ မပေးနိုင်ဘူးလေ။ လိင်မှုကိစ္စဆိုတာ ပျော်ရည်တစ်ခုလိုပါပဲ ဆန့်ကျင်ဘက်လိင်အဖြစ်ပြောင်းလဲထားသူ (Transgender) တွေကိုယ်တိုင် ကိုက မိမိဟာ လိင်တူကိုပဲကြိုက်နှစ်သက်သူဖြစ်ကြောင်း ဂေးဖြစ်ကြောင်း အစဦးတွေ့ရှိခဲ့ကြတယ်လို့ပြောရပါမယ်။
တကယ်လို့ စာဖတ်သူဟာ မိမိလိုပဲလိင်တူတစ်ယောက်နဲ့ အမှတ်မထင် လိင်ပိုင်းဆိုင်ရာတစ်ခုခုပတ်သက်ခဲ့ပြီးနောက် စိုးရိမ်သောကတွေ သို့မဟုတ် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး နေမထိထိုင်မသာ ခံစားနေရတယ်ဆိုပါက သေချာသလောက်ကတော့ သူတို့ဟာ စာဖတ်သူအတွက် လူမှန်နေရာမှန် မဟုတ်နိုင်ပါဘူး။ ဒီလူဟာ ငါ့အတွက် လူမှန်မဟုတ်လောက်ဘူးဆိုပြီး စာဖတ်သူသိမြင်ထားတဲ့ အချက်အလက်များနဲ့ တွေး ဆချိန်ရွယ်ကာ မိမိလိင်စိတ်တိမ်းညွှတ်မှုကိစ္စကို ကျင်လည်ရာပတ်ဝန်းကျင်နဲ့ အသားတကျဖြစ်အောင်လုပ်ခြင်း ခြုံငုံသုံးသပ်ခြင်း၊ ငြင်း ဆန်ဖို့လုပ်ဆောင်ခြင်းတွေကိုအလောသုံးဆယ်မလုပ်ဖို့အရေးကြီးပါတယ်။ အချိန်နည်းနည်းယူဖို့လိုပါတယ်။
(၃) တစ်စုံတစ်ယောက်ရဲ့ လိင်ပြောင်းလဲထားသူ (transsexual) သို့မဟုတ် ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲနေထိုင်သူ(trangender) ဖြစ်နေခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ထားရပါမယ်။ ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူများဟာ လိင်တူကြိုက် နှစ်သက်သူ (homosexuals)များထက် ပိုမိုသေးငယ်တဲ့အုပ်စုလေးတစ်ခုအသွင်ဆောင်ပါတယ်။ လူအများစုဟာ သူတို့တွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထားတွေ ပြီးတော့ နားလည်ပေးရန်ခက်ခဲခြင်းတွေ ရှိနေတတ်ပါတယ်။
စာဖတ်သူတို့တွေဟာ များသောအားဖြင့် ဆန့်ကျင်ဘက်လိင်အသွင်းပြောင်းလဲဝတ်ဆင်ထားသောအမျိုးသမီး (အမျိုးသားတစ်ယောက်အဖြစ် မွေးဖွားလာသူ) တစ်ယောက်ရဲ့ အတွေ့အကြုံအချို့ကို ကြားဖူးကောင်းကြားဖူးမယ် သို့မဟုတ် သူတို့တွေနဲ့စကားပြောဆိုဆက်ဆံဖူးပါလိမ့် မယ်။ Trans အမျိုးသမီးတွေဟာလည်း မြင်ဖူးတွေ့ဖူးနေကြအခြားသော အမျိုးသမီးများအတိုင်းပါပဲ။ စာဖတ်သူဟာ အမျိုးသားတစ်ယောက် ဖြစ်ပြီး Trans အမျိုးသမီးတစ်ယောက်အပေါ်စွဲလမ်းချစ်ခင်မိတယ်ဆိုတာနဲ့ ဂေးတစ်ယောက်လို့ မဆိုလိုနိုင်ပါဘူး။ အမှန်ပြောရရင် စာဖတ်သူ အနေနဲ့ တွေ့ဆုံသဘောကျမိသူဟာ trans အမျိုးသမီးတစ်ယောက်လို့ သိချင်မှသိမှာကိုး။ Trans လူအများစုဟာ သူတို့ဖြစ်ချင်တဲ့ ပုံပန်း သွင်ပြင်အတိုင်းဖြစ်ဖို့ ဖြတ်သန်းဆဲကြားကာလအခြေအနေတစ်ရပ် ကြားလူ (cisgender)ပုံစံအနေအထားမှာ စာရေးသူတို့တွေ့မြင်ကြရတာ များမယ်နဲ့တူတယ်။ အဲ အရပ်စကားနဲ့ပြောရရင် မိန်းမပုံစင်စစ်မဖြစ်သေးသော ယောက်ျားပုံလည်းမပျောက်သေးသော လူတစ်ယောက်ပုံစံ မျိုးပေါ့နော်။
အခြားတစ်ဘက်ကပြောရရင် စာဖတ်သူအနေနဲ့ အမျိုးသားဗီဇလက္ခဏာမပျောက်ပျက်သေးသော အမျိုးသမီးတစ်ယောက်အပေါ် စွဲလမ်းစိတ် ၀င်နေကြောင်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မိခဲ့မယ်ဆိုရင်တော့ စာဖတ်သူရဲ့လိင်ပိုင်းဆိုင်ရာကိစ္စမှာ အဓိပ္ပာယ်တစ်ခုခုဖွင့်ဆိုနေပြီဖြစ်ကြောင်း ပြောနိုင်ပါတယ်။ အဲ့ဒါက အမျိုးသားတစ်ယောက်ကို လိင်တူခြင်းသဘောကျနှစ်သက်သူ (homosexual) ဒါမှမဟုတ် လိင်တူလိင်ကွဲ နှစ်မျိုး စလုံးကိုနှစ်သက်သူ (bisexual) ဖြစ်လာအောင် လမ်းကြောင်းပေးနေတဲ့အချက်အလက်တွေလို့ မဆိုနိုင်ပါဘူး။ စာဖတ်သူဟာ လိင်တူလိင်ကွဲ မရွေးနှစ်သက်တတ်သူ (polysexual or pansexual) ဖြစ်နေနိုင်တာပါပဲ။ စာဖတ်သူအနေနဲ့ လိင်စိတ်တိမ်းညွှတ်မှုကိစ္စကို သုတေသနလုပ် ဆန်းစစ်ကြည့် ပြီးပြီလား? ဖိုမလက္ခဏာ နှင့် လိင်ဝိသေသအထောက်အထားများ တစ်ရာကျော်ရှိနေပါတယ်။ အခုအခြေအနေအချိန်အခါမှာ စာဖတ်သူအနေနဲ့ ခေါင်းရှုပ်စိတ်ရှုပ်နေခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သင်ကြားလေ့လာလိုက်ပါဦး။
ယောက်ျားဆန်ခြင်း မိန်းမဆန်ခြင်းနှစ်ခုကြား ကွဲပြားခြားနားချက်တွေကို စိတ်ထဲမှာပဲထားပါ။ အထူးသဖြင့် ယောက်ျားဖြစ်မှု မိန်းမဖြစ်မှု လိင်ဝိသေသရဲ့ ထင်ရှားသောအမူအကျင့်များကိုပေါ့။ လိင်ဝိသေသလက္ခဏာဆိုတာ တော်တော့်ကို ရှုပ်ထွေးပွေလီလွန်းပါတယ်။ စာဖတ်သူ ဟာ ယောက်ျားပိုဆန်တဲ့အမျိုးသမီး သို့မဟုတ် မိန်းမပိုဆန်နေတဲ့ယောက်ျားနဲ့ တူနေခဲ့တယ်ဆိုရင်လည်း အဲ့သည့်အကြောင်းအရာက စာဖတ်သူရဲ့ လိင်ပိုင်းဆိုင်ရာတက်မက်မှု ရည်ညွှန်းချက်အဖြစ် သေချာပေါက် အဓိပ္ပာယ်ဖွင့်ဆိုလို့မရပါဘူး။  တကယ်တန်းတော့ ယောက်ျား ဖြစ်မှု မိန်းမဖြစ်မှု လိင်တစ်မျိုးမျိုးနဲ့ အစဉ်အလာအားဖြင့်သော်လည်းကောင်း ဒါမှမဟုတ် ဇီဝဗေဒနည်းအားဖြင့်လည်းကောင်း သိသာထင်ရှားမှု တစ်ခုခုကြောင့် စွဲလမ်းတွယ်ငြိမှုတစ်ခုဖြစ်နိုင်တယ်ဆိုသော်လည်း အရပ်ခပ်မြင့်မြင့် မေးရိုးကားကားအမျိုးသမီးထွားထွားတွေ ရှိလာနေသလို ဆံပင်ရှည်ရှည် နုနုညံ့ညံ့နေတတ်သော အမျိုးသားများလည်းရှိနေတတ်တဲ့အတွက် ဘယ်လိုများဆုံးဖြတ်ကြမလဲ။
စာဖတ်သူ/စာဖတ်သူတို့ကို ဆန့်ကျင်ဘက်လိင်အဖြစ်ခွဲစိတ်ပြုပြင်ဖို့ဆုံးဖြတ်ထားပါတယ်လို့ ၀န်ခံထားသူ Trans တစ်ယောက်ဖြင့် လိင်မတူပေါင်းသင်းဆက်ဆံရေးတစ်ရပ် (heterosexual relationship)အနေနဲ့ထူထောင်ထားမိတယ်ဆိုလျှင်လည်း စာဖတ်သူဟာ ဂေးဖြစ်တယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့ ခွဲစိတ်ပြောင်းလဲနေတဲ့ ဖြစ်စဉ်တလျှောက်မှာလည်း သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ တွယ်ငြိ စွဲလမ်းမှု ရှိနေဆဲ သို့မဟုတ် မရှိတော့ဘဲ အတူတကွနေထိုင်ဖြစ်ခဲ့သည်ဆိုပါလျှင်တော့ စာဖတ်သူဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုချစ်ခင်နှစ်သက် တတ်သူဖြစ်နေမလား(bisexual) ဖော်ထုတ်သင့်တယ်လို့ ဆိုလိုပါတယ်။ ချစ်ခင်စွဲလမ်းတွယ်ငြိမှုဟာ လိင်ပိုင်းဆိုင်ရာတွယ်ငြိမှုနဲ့ ထပ်တူမတူညီပါဘူး။ ချစ်ခင်စွဲလမ်းတွယ်ငြိမှုဆိုတာက လိင်ခွဲစိတ်ပြောင်းလဲလိုက်သည်ဖြစ်ပါစေ လိင်ခွဲစိတ်မပြောင်းလဲသည်ဖြစ်စေ ဆက်လက်ချစ်ခင်စွဲလမ်းနေမှု ဖြစ်ပြီး ခွဲစိတ်တာ မခွဲစိတ်တာနဲ့မဆိုင်ပါဘူး။ စာဖတ်သူအနေနဲ့ ချစ်ခင်နှစ်သက်တဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ရပ်ထူထောင်ထားသူကို လိင်ပြောင်းလဲခွဲစိတ်မှုမလုပ်စေချင်ပေမဲ့ အဆိုပါလူက ခွဲစိတ်ပြောင်းလဲခဲ့တယ်ဆိုပါလျှင် ဆက်လက်အတူ နေထိုင်ပြီး ချစ်ခင်သွားဖို့ဆိုတာ ပြောဖို့ တော်တော်ခက်ပါတယ်။
(၄) ဆန့်ကျင်ဘက်လိင်ကို မကြိုက်နှစ်သက်တတ်ဘူးဆိုတာနဲ့ စာဖတ်သူဟာ လိင်တူကြိုက်နှစ်သက်သူမဟုတ်ကြောင်းကိုလည်း နားလည် ထားရပါမယ်။ စာဖတ်သူအနေဖြင့် တစ်စုံတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာတွယ်ငြိစွဲလမ်းမှု အတွေ့အကြုံမရှိသူ သို့မဟုတ် လိင်ကိစ္စ အပေါ်စိတ်ဝင်စားမှုလုံးဝမရှိသူ လိင်မှုကင်းသောသူ (asexual – ace) တစ်ယောက်ဖြစ်နေနိုင်ပါတယ်။ စိတ်ကူးယဉ်ဆန် စွဲလမ်းတွယ်ငြိမှု ဆိုတဲ့ အရှိန်အ၀ါလည်းမရှိဘူး သို့မဟုတ် ဒိတ်တင်လုပ်တာကို စိတ်ဝင်စားခြင်း သို့မဟုတ် အခြားအကြောင်းအရာများနဲ့ဘောင်ခတ်ထား ခြင်းလည်း မရှိဘူးပေါ့။
Alex Aung (29 August 2016)
To be continued…….
 Ref: https://m.wikihow.com/Know-if-You-Are-Gay
Thursday, August 18, 2016
အော်လန်ဒိုဂေး ကလပ်က သေနတ်သံများ
အော်လန်ဒိုဂေး ကလပ်က သေနတ်သံများ
---------------------------------------------
 (၁)
ယောက်ျားက ယောက်ျားလိုပဲနေရမလား
မိန်းမက မိန်းမလိုပဲနေရမလား
မြန်မာက မြန်မာလိုပဲနေရမလား
တရုတ်က တရုတ်လိုပဲနေရမလား
ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာလိုပဲနေရမလား
ခရစ်ယာန်က ခရစ်ယာန်လိုပဲနေရမလား။
မေးခွန်းအားလုံးကိုချုပ်လိုက်ရင်
မေးခွန်းတစ်ခုပဲရလိမ့်မယ်
လူဟာ ကိုယ့်ကန့်သတ်မှုနယ်ပယ်ထဲမှာပဲ
တစ်သက်တာ ရှင်သန်သွားသင့်သလားဆိုတာပဲ။
နေနိုင်ရင် သင့်မြတ်ပါတယ်
ဒါပေမဲ့ လူဟာ
ကိုယ့်အသိုင်းအ၀ိုင်းရဲ့စံချိန်စံညွှန်းထဲမှာသာ
ဘ၀ရဲ့အဓိပ္ပာယ်ကို ရှာသင့်သလားဆိုတာ
တွေးခေါ်ရလိမ့်မယ်။
 (၂)
လူ့ဘ၀တိုတိုလေးမှာ
ဂျပန်တစ်ယောက်က ဘရာဇီးတစ်ယောက်လို နေချင်ပါတယ်ဆိုရင် သူ့ကိုဘာပြောမလဲ
အော်လံဒိုက သေနတ်သမားကတော့
ယောက်ျားဖြစ်လျက် မိန်းမစိတ်ရှိသူတွေကိုပစ်သတ်လိုက်ပြီ
သေဆုံး ၄၉၊ ဒဏ်ရာရ ၅၃ ပါတဲ့ အမေရိကန်မှာ။
 (၃)
ကျွန်တော်က ယောက်ျားတစ်ယောက်
တစ်ဘ၀လုံးယောက်ျားစိတ်နဲ့နေဖို့ ဆုံးဖြတ်ထားပြီးသားပါ
သို့သော် တချို့သောယောက်ျားတွေကဖြင့်
မိန်းမဆန်ချင်ကြပြန်တယ်
အတိတ်ကံကြောင့် မိန်းမဘ၀ကိုတွေးကြတယ်
ပတ်ဝန်းကျင်ကြောင့် မိန်းမဘ၀ကိုတွေးကြတယ်
စီးပွားရေးကြောင့် မိန်းမဘ၀ကိုတွေးကြတယ်
ထိုနည်းတူ အကြောင်းကြောင်းကြောင့်
မိန်းမတချို့လည်း ယောက်ျားဘ၀ကိုတွေးကြပြန်တယ်။
ကမ္ဘာပေါ်မှာ
ဂေးလူတန်းစားဆိုတာ
ခေတ်အဆက်ဆက်ရှိခဲ့တယ်
အခုလည်းရှိ နောင်လည်းရှိမယ်
ကိုယ်က ယောက်ျားမို့
ဂေးတွေကို မောင်းပြန်သေနတ်နဲ့ပစ်ရမှာလားဗျာ
အော်လန်ဒိုမှာတော့ ပစ်ထည့်လိုက်ပြီ။
 (၄)
ကျွန်တော် ပြောကြည့်မယ်
ဂေးတွေက အကြမ်းဖက်အဖွဲ့မထောင်ဘူး
ဂေးတွေက ဟီရိုရှီးမားကိုဗုံးမကြဲဘူး
ဂေးတွေက လေယာဉ်ပြန်ပေးမဆွဲဘူး
ဂေးတွေက ဘိန်းစစ်ပွဲမနွှဲဘူး
ဂေးတွေက အစိုးရလုပ်ပြီး ပြည်သူကိုမလိမ်ဘူး
ဂေးတွေက လူ့သမိုင်းကိုအကျည်းမတန်စေခဲ့ဘူး
ဂေးတွေက ဗုဒ္ဓ၊ ယေရှု၊ အလ်္လာတို့ကိုမဆန့်ကျင်ခဲ့ဘူး။
ဂေးကြောင့်ဖြစ်တဲ့ စစ်ပွဲမရှိပါဘူး
ဂေးတွေကလေ အခြောက်တွေကလေ
အမွှေးရနံ့တော့ကြိုက်တယ်
မိတ်ကပ်ကြိုက်တယ် အရောင်နုနုကြိုက်တယ်
နွဲ့တယ် ဆွဲဆောင်တယ်
ခြေသည်းလက်သည်းဆိုးတယ်
လိင်တူချစ်တယ်
ကျွန်တော်သိတဲ့ဂေးတွေက
ကျွန်တော့်စီးပွားရေး တုတ်နဲ့မထိုးပါဘူး
ဦးနှောက်က လွတ်လပ်စွာကိုးကွယ်ခွင့်ရှိရင်
နှလုံးသားက လွတ်လပ်စွာချစ်မြတ်နိုးခွင့်ရှိသင့်ပေတယ်။
 (၅)
လူဟာ
ကိုယ်ချင်းစာတရား ရှိဖို့လိုတယ်
အများအကျိုးဆောင်တတ်ဖို့လိုတယ်
ကိုယ့်ကြောင့်သူတစ်ပါး ဒုက္ခမရောက်ဖို့လိုတယ်
လူဟာ လူပါပဲ (ရုပ်၊ နာမ်အစုအဝေးပါပဲ)
ဆန့်ကျင်ဘက်လိင်ကို ချစ်တာလည်းလူပါပဲ
လိင်တူချစ်တာလည်း လူပါပဲ
ကျား ပီသချင်ရင်လုပ်ပါ
မ ပီသချင်ရင်လုပ်ပါ
သို့သော်အရေးကြီးဆုံးက
လူပီသဖို့ စိတ်ကိုဖွင့်ပြီးတွေးခေါ်တတ်ရမယ်။
စိတ်နဲ့ ခန္ဓာဆိုတာ အမြဲထပ်တူကျမယ်လို့
လူတိုင်းစာချုပ် ချုပ်ထားလို့လား(ဖြေကြည့်ပါဦး)
လူကတရုတ် စိတ်ကမြန်မာဖြစ်ချင်ဖြစ်မယ်
လူကမူဆလင် စိတ်ကဗုဒ္ဓဘာသာဖြစ်ချင်ဖြစ်မယ်
လူကယောက်ျား စိတ်ကမိန်းမဖြစ်ချင်ဖြစ်မယ်
လူတစ်ယောက်ချင်းရဲ့ ကိုယ်ပိုင်အဘိဓမ္မာကို
စာနာမှု မထားနိုင်ဘူးဆိုရင်ဖြင့်
သင်လည်း
အော်လန်ဒိုသေနတ်သမားပဲလို့ ပြောချင်လို့
အမုန်းခံရေးလိုက်ပါပြီ။  ။
    စုမောင်မောင်
Note:ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် (၂၈) သြဂုတ်လ ၂၀၁၆ ထုတ်မှ ကဗျာဆရာစုမောင်မောင်၏ ကဗျာကို ဖော်ပြပေးပါလိုက်ပါတယ်။