Tuesday, August 25, 2009

No Regret Part V

အပြာရောင်မီးလုံးလေး ခပ်မှိန်မှိန်လင်းနေတာ ကဗျာဆန်လိုက်တာ။ သီချင်းသံလေးကလည်း ကြည်နူးဖို့အကောင်းသား။ စားသောက်ဆိုင်တွေမှာ သီချင်းဖွင့်ထားရင် စားသူတွေအနေနဲ့ အစားကိုပိုစားမိစေသတဲ့။ဂီတမှာ မျောပါသွားရင်းစားမှန်း မသိစားမိနေတာမျိုးလေ။

ဒီအချိန်....ဒီအချိန်ဆိုရင် သူအိမ်ပြန်ရောက်ပြီလား ရုံးမှာပဲ အလုပ်လုပ်နေတုန်းလား။


နို့နည်းနည်းပိုပြီးပါတဲ့ ခပ်ချိုချိုကော်ဖီမျိုးကို ကျွန်တော်အစတုန်းက သိပ်မကြိုက်ခဲ့ပါ။ ကော်ဖီဆိုတာက နည်းနည်းခါးမှ ကော်ဖီအရသာ ဆိုတာ ပီပြင်မှာ မဟုတ်ဘူးလား။ ကော်ဖီတစ်ခွက်ရဲ့ခါးသက်မှုကို ကျွန်တော်သဘောကျတယ်။ အစားအစာမှာတော့ ပုဇွန်တင်ပူရာကို ကျွန်တော် တော်တော်ကြိုက်တယ်။ သူကတော့ဆူရှီလို အရသာကိုပိုကြိုက်တယ်။


သူ့အတွက်ဝယ်သွားဦးမှပါ။ ရုံးကပြန်လာရင်မောနေလို့ သူဘာမှချက်ပြုတ်နိုင်မယ် မထင်ပါဘူးလေ။
နောက်ဆုံးတစ်ခုကို စားသောက် ကော်ဖီခွက်ကလက်ကျန်လေးအဆုံးသတ်ပြီး ဖူဂျီကဖေးကနေထွက်ခဲ့လိုက်ပါတယ်။ ရွှေအိုရောင်ည နေခင်းဟာ တစ်မျိုးတစ်ဖုံတော့ ရင်ခုန်ဖို့ကောင်းသား။ လမ်းမကြီးတလျှောက် လူတွေကိုယ်စီကိုယ်စီသွားလာ လှုပ်ရှားနေကြတာ အိမ်ပြန်လမ်းကိုမရောက်တော့မှာကျနေတာ။
တွေ့နေကျ ကျွန်တော်လာနေကျအချိန်လေးရောက်ရင် ခြေလှမ်းတွေက ကိုကြီးရှိရာကို လှမ်းမိနေတာပါ။ သူလည်းပဲကျွန်တော့်ကိုမျှော်နေမယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။

" ချစ်သူ ဘေးနားမှာနေတဲ့ခဏ နူးညံ့နွေးထွေးသလို
အကြည့်လေးများထဲ တင်းထားမယ် တို့စိတ်ကူးတွေ
အခိုးအငွေ့ဖြစ်ကာရယ် နှလုံးသားဟာ ပန်းလိုကြွေကျတယ်။"

သီချင်းလေးခပ်တိုးတိုးညည်းရင်း တိုက်ခန်းလှေကားတွေကို ခပ်သွက်သွက်တက်လာရင်း ရင်တွေများတောင်ခုန်မိပါရဲ့။
'တီး.....တောင်....တီးတောင်' ဖျပ်ကနဲတံခါးပွင့်လာတော့ ၀မ်းသာအားရအတွင်းကိုဝင်မယ်ပြင်ပြီးခါမှ ကိုကြီးမဟုတ်ဘဲ ကောင်မလေးတစ်ယောက်။သူမ ဘယ်သူလည်း...။

"စတီဗင် မရောက်သေးပါဘူး။"
"ခင်ဗျာ။က ဘယ်သူလည်း။"
"မင်းကရော ဘယ်သူလည်း။"

အဲဒီကောင်မလေးက ဘယ်သူလည်း။ အထက်တန်းလွှာကဖြစ်မယ်ထင်ပါရဲ့ သန့်စင်လှပနေလိုက်တာ ဖူးနုနေတာ။ စတိဗ်နဲ့ဘယ်လိုများပတ်သက်သလည်း။ မေးခွန်းအများကြီးကို တိတ်တဆိတ် ရင်တွင်းမှာမေးနေမိခဲ့ပါရော။ သူမ.....သူမဟာ....။
ပူပန်စိတ် ရှုပ်ထွေးမိတဲ့စိတ်တွေနဲ့ ပြန်လာဖြစ်တာများ မြေညီထပ်ကိုဘယ်လိုရောက်လာမှန်းသတိမထားမိအောင်ပါပဲ။
အချစ်ဆိုတာ စိုးရိမ်ပူပန်စိတ်တွေကို ဖြစ်ထွန်းစေသလား။ ခံစားမှုကိုရော ပေးစွမ်းတာအချစ်ပဲလား။ ဆွေးမြေ့မှုကိုတော့မပေးပါနဲ့ အချစ်ဆိုတဲ့ တစ်စုံတစ်ရာရယ်။အချစ်ဆိုတာ.......။

လူတွေသွားလာလှုပ်ရှားနေတဲ့ လူတွေကြားထဲဖြတ်သန်းလာရင်း ပလက်ဖောင်းတစ်ခုပေါ်အရောက်မှာ အဲဒီကောင်မလေးပေးလိုက်တဲ့ ဖောင်းကြွစာလုံးများနဲ့ ကဒ်ဖြူဖြူလေးကိုဖွင့်ဟ ကြည့်မိတော့....ဟား......စတိဗ်ရယ် ၊ နွေးနွေးဆိုတဲ့ကောင်မလေးရယ် စေ့စပ်ကြောင်း လမ်းမယ့် ဖိတ်စာလေးပါလား။ ပိုင်ဆိုင်ခွင့်မရနိုင်သေးတဲ့ နေရာလေးကို ဆုံးရှုံးတော့မယ်ပေါ့။
အိပ်ခန်းထဲရောက်တော့လည်း အထီးကျန်ဆန်နေသလို ခံစားရမိသလိုလိုပဲ။ အရင်ကလည်း တစ်ယောက်တည်းနေခဲ့ရတာပါပဲ။ ဒါပေမဲ့ အခုတော့ တစ်ယောက်တည်းမနေတတ်တော့ဘူး ထင်ပါရဲ့။

ခါတိုင်းအချိန်မှာ လေတဖျပ်ဖျပ်တိုက်ခတ်နေတဲ့ ပြတင်းကလိုက်ကာစလည်း လေအနော့မှာမလွင့်နိုင်တော့သလို ဖွင့်နေကျ တီဗီကလည်း တိတ်ဆိတ်လို့။ ခုတင်ပေါ်က မွေ့ယာပေါ်မှာ ခြေကားယားလက်ကားယားနဲ့ မှောက်ပြီးငြိမ်သက်နေမိတာ အချိန်အတန်ကြာပါရဲ့လေ။ အစားအသောက်စားချင်စိတ်လည်း သိပ်မရှိတော့သလိုပါပဲ။

ပတ်ဝန်းကျင်ကအသံတွေကနေ ဝေးရာကိုခဏပြေးဖို့ နားမှာတပ်ထားတဲ့ နားကြပ်လေးကိုအသာဖြုတ်ရင်း တံခါးမကြီးကို အသာ လှမ်းသွားတာ တံခါးခေါက်သံက မ၀ံ့မရဲဖြစ်နေသလိုပါပဲ အားပျော့လိုက်တာ။ ဘယ်သူများပါလိမ့်...။

"ကျွီ.."
"It's hurt!"

စတိဗ်....ကိုကြီး...မောင်းတင်ထားတဲ့ ကျွန်တော့်စိတ်တွေအဝေးပြေးသွားပြီ။ မြှောက်ပြသော သွေးယိုထွက်နေတဲ့သူ့လက်တစ်ဖက်ကို အသာလှမ်းကိုင် လိုက်ရင်း အခန်းထဲကိုခေါ်လာ ပြီးတော့ ရှေးဦးသူနာပြု သေတ္တာလေးထဲက ပတ်တီးကိုထုတ်ကာ အသာအယာ သန့်ရှင်းပေးရင်း ဖွဖွ ငြင်သာစည်းပေးနေရပါပကော။

"မင်း...မင်းငါ့ကို Playful လုပ်ခဲ့တဲ့သူလို့ထင်နေတယ်၊ဟုတ်တယ်မဟုတ်လား။"
"Disgusting, Yes"
"ငါ အစပြုကတည်းက Disgusting ဖြစ်နေခဲ့ရတာလေ။"
တုန့်ရပ်သွားတဲ့ပတ်တီးစည်းနေတာကနေ ငြိမ်သက်သွားမိရင်း သူ့မျက်နှာကို အသာမော့ကြည့်လိုက်တော့ ကျွန်တော့်ကို ခပ်တွေတွေစိုက်ကြည့်နေတဲ့သူ့မျက်ဝန်းမှာ မျက်ရည်သီသီဝေ့နေတာ။

"ဒါပေမဲ့ မင်းကို ငါ..ငါချစ်တယ်" အသံတိတ်မျက်ဝန်းများနဲ့ စကားဆိုရင်း အတန်ကြာနှုတ်ဆိတ်သွားတာ မိနစ်များစွာပါ။
ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကို သူ့ဘေးမှာ အသာရွေ့လိုက်ရင်း 'ဒါဆို..ဒါဆို ကျွန်တော်တို့ relationship ကဘာလည်းဗျာ။' စကားလေးများပြန်ပါဦး။ ဒီလိုတော့ဖြင့်တိတ်ဆိတ်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်မနေပါနဲ့ တစ်ခုခုဖြေပါဗျာ။
"ကျွန်တော်က ပညာတတ်မဟုတ်လို့လား၊ ကျွန်တော်စာကြိုးစားသင်ပါ့မယ်။"
"ကျွန်တော်က ညစ်နွမ်းနေလို့လား၊ ကိုကြီး....ကိုကြီးအတွက်ဆို ယုံကြည်စွာနဲ့သီးသန့်ရှိရစေပါ့မယ်။"
"ဒါမှမဟုတ် ကျွန်တော်က ဆင်းရဲလို့များလား။ ကျွန်တော်အလုပ်ကောင်းကောင်းကြိုးစားပါ့မယ်ဗျာ။ ကိုကြီး...။"

သူ မျက်ရည်ဝေ့နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်းထရပ်ကာ တိုက်ခန်းလှေကားရှိရာဦးတည်သွားပါပြီ။ ကျွန်တော်မတားမိဘူး။ တားပိုင်ခွင့်မရှိဘူးဆိုပေမဲ့ ဟစ်အော်ခေါ်ပြီး တားလိုက်ချင်ပါရဲ့။
ကျွန်တော့်ဘ၀ထဲက လှမ်းထွက်သွားမယ့်ခြေလှမ်း တွေမဖြစ်ပါစေ နဲ့.....ကို...ကြီး။

"What it us?" "What am I to you?"

ကိုယ့်စိတ်ခံစားမှုတွေကို အစွမ်းကုန်ဖောက်ထုတ်ပစ်ဖို့ ရှင်းရှင်းပြောရရင် အားရပါးရငိုကြွေးဖို့ ဟိုး...လှမ်းမြင်နေရတဲ့ အားကစားကွင်းထဲ ပြေး...အပြေးသွားရင်း ဒူးထောက်ထိုင်ချ ငိုကြွေးမိပါတယ်။ ယောက်ျားလေးဆိုတာ မငိုရဘူးတဲ့ ကိုကြီးကပြောခဲ့တယ်။ ညီ....ညီဆိုတဲ့ ကျွန်တော် လူသားဆန်ပါရစေ ကိုကြီးရယ်။

ခပ်မှောင်မှောင် ပလက်ဖောင်းမီးတွေကလည်း ပိုမိုမှောင်နေသလား၊ ပြီးတော့သွားလာလှုပ်ရှားမှုများလှတဲ့မြို့ပြက လမ်းတွေကလည်း တိတ်ဆိတ်လှပါလား။ နာရီကိုတစ်ချက်ကြည့်မိတော့မှ သန်းခေါင်ယံရောက်နေမှန်းသိတော့တယ်။
အဲဒီည တိုက်ခန်းလှေကားက ခြေသံတဒေါက်ဒေါက်နဲ့ အချိန်အတော်ကြာကြားရတဲ့ခြေသံဟာ ကျွန်တော့်ခြေသံပဲဖြစ်ခဲ့ပါတယ်။ လေးကန်စွာနဲ့ အိမ်အပြန်ခြေလှမ်းတွေ...။

x x x

အပေါ်ကိုလည်းမတက်ရဲ .....နွေးနွေးဆိုတဲ့ကောင်မလေးနဲ့တိုးနေမှဖြင့်။
အတော်တော့ခက်သားပဲ။ လူတစ်ချို့ကကျွန်တော့်မျက်ဝန်းတွေကို စပ်စုသွားလေရဲ့။မျက်ခွံတွေရဲပြီး မို့နေသမို့လေ။ အသားဖြူဖြူကောင်ကလေး မျက်ဝန်းတွေက ငိုထားသလား ဘာကြောင့်လည်းပေါ့။
တွေ့လည်းတွေ့ချင်ပါတယ် ကိုကြီး။ ဒါပေမဲ့....

"ခဏလေး ခဏလေးပဲ ခေါ်မှာပါ။ ကိုကြီးမကိုင်ပါစေနဲ့ မကိုင်ပါစေနဲ့။" ကိုကြီးအောက်ကိုဆင်းလာမည့်အချိန်ထိ စောင့်နေပါ့မယ်ဗျာ။”
"ကျွတ်.....ဖုန်းက၀င်လာသေးတယ်။" ကိုကြီးကိုခေါ်နေပါတယ်ဆိုမှလေ။ "ဗျာ.......ဟုတ်ကဲ့ ကျွန်တော် ကျွန်တော်အဲဒီဌာနကို အရောက်လာခဲ့ပါ့မယ်။ ကျေးဇူး ကျေးဇူးပါခင့်ဗျာ့။" ကမ္ဘာကြီးလည်သွားသလား မသိ။ရင်ထဲမှာ တစ်ခုခုဆုံးရှုံးသွားသလိုပဲ။
မြို့စွန်က ကန်သာယာနားက လမ်းလည်ပလက်ဖောင်းမှာ ကားဖြူလေးတစ်စီး တိမ်းမှောက်သွားပါသတဲ့။ အဲဒီကားထဲက မောင်းသူကတော့ ပွဲချင်းပြီးဖြစ်သွားပါတယ်ဆိုပဲ။ ပြီးတော့ သူ့ရင်ဘတ်ထဲက လိပ်စာကဒ်က ကျွန်တော့်လိပ်စာကဒ်ဖြစ်နေသမို့ ဖုန်းဆက်ခေါ်လိုက်ရကြောင်း အကြောင်းကြားလာပါတယ်။

သီဟ.......ကားဖြူကြီးကိုမောင်းပြီး မြို့ကြီးကိုပတ်မယ့် သီဟရယ်။ သွေးသံရဲရဲနဲ့ဖြစ်နေမယ့် မင်းခန္ဓာကိုယ်ကို ငါ...ငါမြင်ရတော့မှာပါလား။
မီးခိုးခေါင်းတိုင်ကတစ်ဆင့် လွင့်မျောသွားတဲ့ မီးခို့ငွေ့တွေနဲ့အတူ သီဟရဲ့ ၀ိဥာဉ်တွေမျောလွင့်ပါသွားပြီ....လေတွေထဲကို မျောလွင့်ပါသွားပြီထင်ပါရဲ့။ မြို့အစွန်ကျနေတဲ့နေရာဖြစ်တဲ့ သုဿန်က သဂြိုဟ်ဌာနမှာ အရိုးအိုးဖြူဖြူကို ယူဆောင်လာရင်း ကားရှိရာကိုပြန်ခဲ့တာ ကားနားမှာ သူရကဒေါပွရင်း စောင့်နေပါရဲ့။ သူဘာကြောင့်ဒေါပွနေသလည်း ဆိုတာကိုတော့ ခံစားနားလည်မိ ပါတယ်။

စိတ်ထဲကခံစားမှုကို အပြင်ထုတ်ပြီးမပြတတ်တဲ့ကျွန်တော့်လို မဟုတ်တဲ့ သူရကတော့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေလို နေထိုင်ခဲ့ကြရတဲ့ သီဟရယ် ကျွန်တော့်အကြောင်းရယ်ကို ဂဃနဏ သိနေသူမို့ ပြီးတော့ သူ့မှာလည်းသူ့ဇာတ်ကြောင်းနဲ့သူ အစကတည်းကပေါက်ကွဲနေတာ။ အခုတော့ သူတစ်စုံတစ်ယောက်ကိုများတွေ့ရင် အသေသတ်တော့မလားဘဲ။

"Fuck! ငါတို့ဟာလူတွေမဟုတ်ကြဘူးလား။ ဒီလိုပဲအဆုံးသတ်ကြရသလား။ တောက်..."
ဒေါမာန်အပြည့်နဲ့ကားနားအမြန်သွားရင်း ကျွန်တော့်ကိုစောင့်နေတယ် အသင့်ပေါ့။ အပေါ်ယံအသွင်အပြင်က ကြမ်းတမ်းနေပေမဲ့ ညီအစ်ကိုအပေါင်းအသင်းစိတ်အပြည့်ရှိတဲ့သူရရယ် မင်းကိုကျေးဇူးတင်ပါတယ်။

"မြို့ထဲပြန်မောင်းတော့ သူရ...သူငယ်ချင်း"
တရှိန်ထိုးမောင်းလာတဲ့ ကားနောက်ခန်းမှာ ကျွန်တော်ထိုင်နေရင်း တံခါးမှတစ်ဆင့် အရိုးမှုန်လေးတွေကိုကြဲချနေမိပါတယ်။ လေအယူမှာ လွင့်မျောပြီး ဝေ့၀ဲသွားတဲ့ အမှုန်လေးတွေနဲ့ အတူ မင်းလွတ်လပ်ငြိမ်းချမ်းပါစေ ကွာ။ သီဟ.....သီဟရယ်။ အေးငြိမ်းရာမှာ နားခိုနိုင်စေဖို့ ဆုတောင်းပေးပါတယ်ကွာ...။

ကျွန်တော့်မျက်ဝန်းတွေက မျက်ရည်တွေ တွေတွေစီးဆင်းနေတယ် ဘယ်လိုမှမထိန်းထားနိုင်တော့ဘူး ရင်ဘတ်ထဲက တလှိုက်လှိုက်ကိုခံစားရပြီး ငိုကြွေးမိတော့တာ။ ဒါကိုသူရက ဂရုဏာ ဒေါသောနဲ့ ဘုကြည့်ကြည့်နေမှန်းသိပေမဲ့ မတတ်နိုင်ပါ။

"Stop crying."
" ခွေးမသား ကားကိုကောင်းကောင်းမမောင်းတတ်ဘူးလား။ "
"တရားမမျှတတဲ့ လောကကြီးကွာ...။
သီဟကို ကားဝယ်ပေးတဲ့သူ့လူက ရဲအရာရှိဟုတ်တယ်မဟုတ်လား။ အဲဒီကောင်ကို လုံးဝမကျေနပ်ဘူး။"
"ငါ ညမွှေးပန်းမှာ ပြန်အလုပ်လုပ်မယ်။"
"ဘာ.....မင်းဘာကြောင့် ညမွှေးပန်းကိုပြန်လာမှာလည်း။ ဘာကြောင့်..."
သူရလည်းဆက်မမေး ကျွန်တော်လည်းဆက်မဖြေမိဘဲ ရုတ်တရက်နှစ်ဦးသားစကားတွေ မဆိုဖြစ်ရင်း ကားဆက်မောင်းလာကြတာ တိတ်ဆိတ်လို့ပါ။ မြို့ထဲလာတဲ့လမ်းကလည်း ရှည်လျား လွန်းလို့ မောင်းတာများနှေးနေရော့သလား။စိတ်တွေက လေအလျင်လို လွင့်နေမိလို့များလား။

သူရအနေနဲ့ အံသြသွားသလား ကျွန်တော့်စကားကို။ အရာရာအဆင်ပြေနေပြီလို့ သူမှတ်ထင်ထားတဲ့ ကျွန်တော့် အခြေအနေမှာ ပြန်လာမယ်လို့ ပြောတဲ့အတွက်လေ။ အခုခိုလှုံရာမဲ့တော့မည့်ကျွန်တော့်အတွက် အသင့်တော်ဆုံးဟာ ဒီနေရာပဲမဟုတ်လား။ ခိုနားစရာမရှိသူများအတွက် အသင့်တော်ဆုံးပါပဲလေ။ အသင့်တော်ဆုံးနေရာလို့ပဲဆိုပါရစေ။

"သွေးစုပ်ဖုပ်ကောင်တွေ.......မင်းစိတ်ရော ကိုယ်ရောနှစ်ပြီးပေးရလိုက်အောင် မင်းခံစားနေတာ အရူးလား။ ဘယ်လောက် ဟောင်းနွမ်းနေတဲ့ အချစ်ဇာတ်လမ်းကြီးလဲကွာ။"
"ကြည့်နေ အဲဒီကောင် လက်ထပ်ပြီးရင်လည်း မင်းဆီပြန်လာလိမ့်မယ် တောင်းပန်တိုးလျှိုးပြီးတော့။"
"အဲဒီလို မပြောပါနဲ့ကွာ။"

ကျွန်တော့်စကားကိုကြားတော့ သူရ မျက်လုံးပြူးနဲလှည့်ကြည့်ရင်း ကျွန်တော့်အပေါ်လည်းသူ ဒေါဖောင်းသွားပြန်တယ်။ ဒီအချိန်မှာ ဘာတွေဖြစ်နေတယ် ဘာတွေခံစားရတယ်ဆိုတာ ကိုယ်လည်းခံစာမိနေတဲ့အချိန်ပါကွာ။ မင်းမသိသေးတာတွေအများကြီးရှိပါသေးတယ် သူငယ်ချင်းရယ်။

"မင်းကိုချနင်းသွားတာလေ သောက်ရူးရဲ့။ သီဟဘာဖြစ်သွားတယ်ဆိုတာ မင်းမမြင်ဘူးလား။ငါ့အဖြစ်ကိုလည်း မင်းသိတာပဲ သောက်ကောင်မက ပစ္စည်းဥစ္စာပြည့်စုံသွားတာ့ ငါ့လိုကောင်မျိုး လက်မထပ်နိုင်ပါဘူးတဲ့။ လူတောမတိုးနိုင်ပါဘူးတဲ့ အဲဒါမင်းသိတယ်မလား။ ရိုက်နှက်ပစ်လိုက်ရင် ငွေတွေအတောင့်လိုက် သူ့ဗိုက်ထဲကထွက်လာမှာ။ အခုတော့ပြေးပြီလေ။"
"မင်းမသိဘူးလား သွေးစုပ်ဖုပ်ကောင်တွေကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ။ သူတို့နှလုံးသားကို သပ်လျှိုရိုက်ပြီးအဆုံးသတ်ပစ်ရမယ်။
မင်းနဲ့ ငါနဲ့လုပ်နိုင်ပါတယ်ကွာ။"
"ကားရပ်လိုက်တော့"
"မင်းလုပ်ချင်တယ်လို့သာပြော ငါလုပ်ပေးနိုင်တယ်...."
ဘယ်သူတွေဘာပြောပြော အမှန်တရားတစ်ခုဖြစ်တည်လာခြင်းကို ကျွန်တော်လက်မခံနိုင်သေးပါ။ သူကျွန်တော့်အပေါ်ဘယ်လို သဘောထားသွားသလည်း မစုံစမ်းချင်ပါ။ သူ့အပေါ်အပြစ်တင်စကားတောင် ......လက်မခံနိုင်.....ပါ။

ကားကိုရပ်ရင်း စိတ်ပျက်လက်ပျက်ကျန်ခဲ့တဲ့သူ့ကို ဘာမှမပြောဘဲ ကျွန်တော့်ဘာသာ ပလက်ဖောင်းတလျှောက် သီဟကိုရင်ထဲပိုက် လို့ပြန်လာဖြစ်ပါတယ်။ ဒေါမာန်အပြည့်နဲ့ သူရ သူနဲ့သဘောမညီသလို ထွက်ခွာသွားတဲ့ကျွန်တော့်ကို ထားခဲ့ရင်း ကားအပြင်းမောင်း ထွက်သွားပါတော့တယ်။
ကျွန်တော်...ကျွန်တော်ကိုရော ဒီလိုအဆုံးသတ်မှုမျိုးအဖြစ်မခံဘူးမဟုတ်လား ကိုကြီး။ ဟုတ်တယ်မဟုတ်လား.... ဟင်။

x x x

မဟူရာရောင် မည်းနက်တောက်ပြောင်နေတဲ့ မြွေတစ်ကောင်လိုရှည်လျားလှတဲ့လမ်းမကြီး ကားမီးနီနီတွေက နဂါးငွေ့တန်းတစ်ခုအသွင်ကိုဖြစ်လို့။ လမ်းမကြီးဘေး ပလက်ဖောင်းတစ်လျှောက် တဒေါက်ဒေါက်လျှောက်လာတဲ့ ကျွန်တော့်ခြေလှမ်းတွေကတော့ လေးကန်နေဆဲ အတွေးဆန်နေဆဲ။

ရင်ခွင်ထဲကအေးဆက်ဆက် အရိုးအိုးဖြူဖြူလေးကို ငုံကြည့်ရင်း သီဟအတွက်ဝမ်းနည်းမိပြန်ရော။ ချစ်တဲ့သူနဲ့အတူနေချင်တယ် ချစ်တဲ့သူ သူချစ်တဲ့သူက ဘယ်သူများပါလိမ့်။ ဘာပဲဖြစ်ဖြစ် သူပျော်ရွှင်စွာနေသွားချင်မှာပဲ။
'သီဟ......ငါဘာကြောင့်များ ဒီလောကကို ဦးဆောင်ခေါ်ခဲ့မိသလည်း။'
'မင်းမှာ ငါ့လိုပဲ ရွေးချယ်ခွင့်မရှိခဲ့ဘူး။မှန်တယ်မဟုတ်လား သူငယ်ချင်း။'
'ဒီမြို့တော်ကြီးမှာ ငါတို့ဘယ်သူ့ကိုမှ မယုံဖြစ်ကြဘူး။ မယုံကြည်ခဲ့ကြဘူး။'
'ချစ်ခြင်းတရားကိုရော....ငါတို့'

ခြေလှမ်းများစွာကိုလှမ်းရင် အိမ်ကိုရောက်မှန်းမသိရောက်လာကာ အိပ်ယာထက်ကိုလည်း အသိမဲ့စွာလှဲလျောင်းငြိမ်သက်ခဲ့ရတာ ....မွန်းကြပ်နေတဲ့ ညတစ်ည....ဖြစ်ခဲ့....။ ခံစားတတ်သူမှသာ ခံစားရတာများလား၊ မခံစားတတ်သူများအတွက်ရော ဘယ်လိုများပါလိမ့်။
မနက်ခင်း နေရောင်ခြည်လေးတွေ ကျဆင်းလာတဲ့ ပြတင်းတံခါးက တစ်ဆင့်ကောင်းကင်ပြင်ကျယ်ကိုမော့ကြည့်မိတော့ မိုးလင်းသွားပြီပဲ။ မနက်အိပ်ယာထမယ် အလုပ်သွားမယ် ညအိမ်ပြန်အိပ်မယ် လူတွေဟာ နေ့တွေ လတွေ နှစ်တွေ ဖြတ်သန်းနေကြတာ ကျွန်တော်လည်းပဲ ကာလအတော်ကြာပြီ။ ဒီနေ့မနက်ခင်းလေးဟာတော့ ကွက်လပ်တွေများနေသလိုခံစားမိပါတယ်။

ရေစက်အချို့ တင်နေတဲ့ကြည့်မှန်ကတစ်ဆင့် ထူးထူးဆန်းဆန်းမြင်ရတာကတော့ နာကျင်တဲ့ခံစားမှုတွေ ရောစပ်နေတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်နေတဲ့ ကျွန်တော့် ပုံရိပ်ကိုပါပဲ။ နာကျင်မှုအပြည့်နဲ့အပြုံးတစ်ခု ကျွန်တော်ဘယ်လိုဖန်ဆင်းမိပါလိမ့်။
ဘောင်းဘီ၊ အောက်ခံအင်္ကျီတွေ ၀တ်အပြီးအပေါ်ကုတ်အင်္ကျီကို ကြယ်သီးများတပ်နေစဉ်မှာတော့ ဒီလိုဝတ်စုံကို ကြောင်တောင်တောင် ကိုင်ကြည့်ရင်း ငေးကြည့်နေတတ်တဲ့ သီဟရဲ့ပုံသဏ္ဍာန်ကို ပြန်လည်မြင်ယောင်မိရင်း မျက်ရည်များတောင်ဝဲမိပါတယ်။
ဟူး.....သွားတော့....သွားတော့ အတွေးတွေ။

ခြေထောက်တွေရဲ့သယ်ဆောင်ရာအတိုင်း ခပ်သွက်သွက်လှမ်းလာရင် မြို့လည်ကောင်ရောက်လာတော့ ကျွန်တော့်ခြေထောက်တွေဟာ ကိုကြီးရဲ့ ရုံးခန်းကို ဦးတည်နေမှန်း သတိကပ်ပါတော့တယ်။ ဟုတ်တယ်...သူ့ကိုသွားတွေ့သင့်တယ်။မေးမြန်းသင့်တယ်။ကိုယ့်ဘာသာ အကျဉ်းကျမနေသင့်ဘူးလေ။

တဖြည်းဖြည်းမြင့်တက်လာတဲ့ နံပါတ်တွေနဲ့အတူ တစ်ထပ်ပြီးတစ်ထပ်မြင့်တက်လာတဲ့ ဓာတ်လှေကားကတစ်ဆင့် ကျွန်တော့် စိတ်တွေဟာ ပြန်လည်မြင့်မားလာရသလိုပဲ။ ကိုကြီးကိုတွေ့ရတော့မှာမို့ထင်ပါရဲ့။
ရုံးခန်းထဲမှာလည်း ၀န်ထမ်းတွေမရှိဘူး။ ကိုကြီးအခန်းဖက်ကိုရှာကြည့်တော့လည်း သူမရှိပြန်ဘူး။ အစည်းဝေးခန်းမဘက်မှာရော.....တံခါး မကြီးပွင့်လာမှုနဲ့အတူ ၀န်ထမ်းအချို့ရော ကိုကြီးပြောပြတဲ့ ဒယ်ဒီမာမီတို့တွေပါ ထွက်လာတာကိုမြင်ရပါတယ်။

"လက်ထပ်စာချုပ်ကိုပါစီစဉ်ပေးရမယ်ဗျ။ ဒါမှလက်ထပ်ပွဲဆိုတာ တရားဝင်တာ။"
"မင်္ဂလာပွဲကိုဘယ်တော့လောက်ကျင်းပဖြစ်မလည်း။"
"ဖြစ်နိုင်သမျှမြန်မြန်ပေါ့ဗျာ။သားက အရွယ်ရောက်နေပြီမို့လား။"

ကျွန်တော့်ဘေးကဖြတ်လျှောက်သွားရင်း စကားဆိုနေကြတာ ကျွန်တော့်ကိုတောင် တိုက်မသွားကြတာကံကောင်းပါပဲ။ ခပ်လှမ်းလှမ်းမှာ သူတို့စုံတွဲကို မြင်လိုက်ရချိန်မတော့ ကျွန်တော့်ရင်ထဲ စို့တက်လာသလိုဖြစ်လာရပါပြီ။ တကယ်ပဲ....တကယ်ပါပဲလား။
"အစ်ကို....ကားအတွက်ရောစီစဉ်ပြီးပြီလားဟင်"
"ညီမတို့မင်္ဂလာပွဲကျင်းပမယ့်နေရာကိုတော့ မာမီနဲ့တိုင်ပင်ပြီးစီစဉ်လိုက်မယ်နော်။"

'............................'
'..............................'
ခပ်တုန့်တုန့်ခြေလှမ်းတစ်ချို့နဲ့အတူ စတိဗ် ကျွန်တော်ရှိရာကိုတောင် သတိမထားဘဲ နွေးနွေးနဲ့အတူ လှမ်းလျောက်သွားတာ။ မသက်ဆိုင်သူတစ်ယောက်လို သူစိမ်းတစ်ယောက်ကို မြင်ရသလိုမျိုးတစ်ချက်သာကြည့်ပြီး လှမ်းထွက်သွားတာလေ သူ....သူ ရက်စက်လိုက်တာဗျာ။

"ကိုကြီး...."
နှုတ်ကရုတ်တရက်ခေါ်မိလိုက်ပေမယ့် သူကတော့ကြားဟန်မတူ။ ဆက်လျှောက်သွားဆဲ ဆက်လျှောက်သွားဆဲလေ တူယှဉ်မောင်နှံတွဲ၍ ကျွန်တော့်မြင်ကွင်းနဲ့ ဝေးရာကို...။
အမှန်တရားက တစ်ဖြည်းဖြည်းရောက်လာပြီ။ ကျွန်တော် ကျွန်တော်ကတော့ ငြင်းဆန်မိနေဆဲ။ ငြင်းနေဆဲ......ပါပဲ။

x x x

အား....နာလိုက်တာ လက်ကပိုပြီးနာကျင်လာသလိုပါပဲ။ ဒယ်ဒီရုံးခန်းထဲကနေ ပြောစကားတွေ စကားနဲ့ဆုံးမတဲ့ ဒယ်ဒီ့စကားလုံး တွေအောက်မှာ နစ်မြုပ်ပြီး ကျွန်တော် ပြန်လာခဲ့ရတယ်။ ဘာဖြစ်လည်း ဒယ်ဒီ ယောက်ျားလေးနှစ်ယောက်ကရော ချစ်ခွင့်မရှိတော့ ဘူးလား။ လောကမှာ လူ လူချင်းချစ်တဲ့ကိစ္စမှာ အမှားတွေပါနေရင်တောင်အပြစ်လို့မထင်မှတ်ခဲ့တဲ့ကျွန်တော့်ကို ဒယ်ဒီက ရွှံ့ရုပ် မဖြစ်ခဲ့လို့ စိတ်ဆိုးခဲ့သလား။

လိုရာပုံသွင်းခံခဲ့ရတာ ငယ်ငယ်လေးကတည်းကဆိုရင်မှန်နိုင်ပေမဲ့ ကျွန်တော်အရွယ်ရောက်ပြီလေ။ ကိုယ့်ဘ၀ကို ကိုယ်ပိုင်ဆိုင်ခွင့် ရှိတယ်လို့ကျွန်တော်ထင်တာပဲဗျာ။ အလုပ်လုပ်ကိုင်ရာမှာ ကျွန်တော် ချို့ယွင်းချက်ရှိသလား၊ ပညာရေးကရော ထိပ်တန်းလေ၊ ပေါင်းသင်းဆက်ဆံရေးကရော စတားပါပဲဗျာ။ နှလုံးသားရေးရာမှာတော့ ကျွန်တော်ကြိုက်တာဆုံးဖြတ်ခွင့်ပေးပါ။

ဓာတ်လှေကားကနေ အထွက် စိတ်ပေါက်ပေါက်နဲ့ ကားမောင်းထွက်ခဲ့တာ ဆွေမင်းလေးနဲ့ သွားခဲ့တဲ့ ကမ်းခြေဆီကိုရောက်ခဲ့ပြန်ပေါ့။ တစ်ဦးထဲမျောချင်ရာမျော စိတ်တွေလွင့်နေရင်း ကမ်းခြေတစ်လျှောက် ပျော်မြူးနေကြတဲ့သူတွေကို တွေ့ရတာရင်ထဲတစ်မျိုးပါ။ လေတွေ တဖြူးဖြူးတိုက်ခတ်နေတဲ့ကမ်းခြေမှာ ကျွန်တော့်ပခုံးလေးကိုမှီပြီးစကားတွတ်ထိုးခဲ့တဲ့ အချိန်လေးကို သတိရတယ်။ လက်ခြင်းယှက် လို့လမ်းလျှောက်ခဲ့ချိန်လေးကိုရော...။

ညနေလေးစောင်းလို့ လက်ကအနာကိုက်လာတော့မှ မြို့ထဲကိုပြန်လည်မောင်းထွက်လာခဲ့ရပြန်တယ်။ အိမ်ကိုပြန်ရမှာလား....ညမွှေးပန်း ကိုရော မသွားဘူး ဆွေမင်းမှမရှိတာပဲ။ ဟိုဟိုဒီဒီ တွေးမိနေပေမဲ့ နောက်ဆုံးတော့ ဆွေမင်းရဲ့တိုက်ခန်းဆီကိုသာ ဦးတည်မိခဲ့ပါတယ်။
"ဒေါက်....ဒေါက်"
အချိန်တော်တော်ကြာတဲ့အထိ အခန်းထဲကရွေ့လျားသံမကြားရဘူး။ ချစ်ညီလေး ကိုယ့်ကိုများ အလိုမရှိတော့တာလား။ မင်း....မင်း လေးသာ ကိုယ့်စိတ်ဖြေရာ ဦးတည်ရာဆိုတာ မင်းယုံကြည် တယ်မို့လား။ .....တစ်စက္ကန့်.....နှစ်စက္ကန့်.......သုံးစက္ကန့်..... ယိုင်နဲ့နဲ့ ခြေသံတွေနဲ့အတူ တံခါးကို အသာလှစ်ဟလာတယ်။ ဖြူဖျော့နေတဲ့မျက်နှာလေး တံခါးဝမှတစ်ဆင့်မြင်လိုက်ရတာ မျက်ခွံများတောင် နီရဲလို့။

နာကျင်နေတဲ့ လက်ကလေးကိုမြှောက်ပြလိုက်တဲ့အချိန်မှာတော့ တစ်ခုခုပြောဖို့ဟန်ပြင်နေတဲ့သူ့နှုတ်ဖျားက စကားသံထွက်မလာဘဲ ကျွန်တော့်လက်ကိုသာ အသာအယာဆွဲကိုင်လို့ စိုးရိမ်တကြီးဖြစ်သွားပြန်တော့ စိတ်ထဲကစိုးရိမ်စိတ်လေး အဝေးပြေးထွက် သွားပြန် ပါရော။ ဟင်း......။

ပတ်တီးဖြူဖြူလေးကို တစ်စတစ်စစီးနှောင်ပေးရင် ကောင်ငယ်လေးမျက်ဝန်းမှာ မျက်ရည်ကြည်တွေဝေ့လာတာကိုမြင်ရတော့ ကျွန်တော်လည်း ခံစားချက်တွေမြင့်လာရတာပါပဲ။ သူ့ဘက်ကဘာတွေခံစားနေရလည်း မခွဲနိုင်တာတော့သေချာပါတယ်။ ကိုယ်လည်းမခွဲနိုင် မခွဲနိုင်ပါဘူးကွာ...။
"............................."
".................................."
"..................................."
"...................................."
ဘာမှမပြောချင်တော့ပါဘူး။ မင်းပြောတာတွေတစ်ခုမှ ကိုယ့်ရင်ထဲမှာမရှိခဲ့ဘူး။ မင်းမျက်နှာကိုမြင်နေရယုံတောင် ကျေနပ်တတ်ခဲ့တာ မင်းသိမလား။ ကိုယ့်မိသားစုရဲ့အနေအထား ကိုယ့်ဘ၀ကို မင်းနည်းနည်းတော့ရိပ်မိကောင်း ရိပ်မိမယ်။ ဒါပေမဲ့ကွာ မိဘတွေရဲ့ ချစ်ခြင်း ကိုနည်းနည်းတော့ငဲ့ရဦးမယ်လေ။ ဟုတ်တယ်မဟုတ်လား...။

ဟင်း....ရင်ဖွင့်နေတဲ့ သူ့ခံစားမှုတွေကို နားထောင်သူသက်သက်သာဖြစ်နေခဲ့တဲ့ကျွန်တော် သူ့ကိုဘာမှပြန်မပြောဖြစ်ခဲ့ဘူး။ နောက်ဆုံး...ဘယ်လိုမှတားဆီးမရတော့ဘူး အဆုံးစွန်ထိပေါက်ကွဲတော့ မယ့် ခံစားမှုတွေဖြစ်တည်လာချိန်မှာတော့ ထရပ်ပြီး အခန်းထဲကနေ တလှမ်းခြင်းထွက်ခွာလာရပါတယ်။
နေရစ်ခဲ့ဦးတော့ ကောင်လေးရယ်...။

အခု...အခုမှအလုံးကြီးကျသွားတဲ့ပုံစမျိုးနဲ့ မာမီတို့မျက်နှာကိုမြင်ရပြန်တော့ နည်းနည်းလေးကျေနပ်မိသလိုလို။ ဒါပေမဲ့လူဆိုတာ အတ္တစိတ်ကလေးရှိတယ်ဆိုတာတော့အမှန် ကျွန်တော့်ချစ်အတ္တလေးအတွက် စဉ်းစားမိချိန်မှာတော့ ဘယ်ဘက်ရင်အုံထဲက တဆစ်ဆစ်ပါ။ နွေးနွေးကရော တကယ်ပဲကျွန်တော့်အကြောင်းမသိတာလား တကယ့်ကိုပဲ ကိုယ့်ကို ချစ်ခင်နှစ်သက်တာလား ဒါမှမဟုတ် ကျွန်တော့်လိုပဲ မိဘတွေအတွက် သက်ပြင်းတစ်ခုချလိုက်ခြင်းလား။

လက်ထဲကဖုန်းရော အိမ်ကဖုန်းရောမအားနိုင်ကြပါဘူး။ မင်္ဂလာသတင်းမေးသူ စုံစမ်းသူများရဲ့ဖုန်းတွေ မိတ်ဆွေသင်္ဂဟတွေရဲ့ ဖုန်းတွေ လာလိုက်ကြတာ မအားပါဘူး။ ကျွန်တော်ကတော့ အင်း...အင်းပါပဲ။ သတို့သားတစ်ယောက်ရဲ့ ပျော်ရွှင်တက်ကြွမှုဆိုတာ ကျွန်တော့်မှာမရှိတာ သူတို့အတွက်ထူးဆန်းသလား ဟား...........ဟား။

မနက်ခင်း.......မိသားစုစုံညီ ရုံးချုပ်ကိုအတူလာဖြစ်ခဲ့ကြတယ်။ ဆောင်းဦးလေပြေနဲ့အတူ သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကျနေတာ စိမ်းစိုနေတဲ့သစ်ပင်အစား နီစွေးစွေးအရောင် သစ်ပင်တို့ကို မြင်နေရတာ။ ကောင်းကင်ကြီးရယ် နီစွေးနေတဲ့သစ်ပင်အိုအား တဖန်စိမ်းစို ရအောင် အကြင်နာလေးများ ဆွတ်ဖြန်းပေးပါ စိုစွတ်ပါရစေလားဗျာ...။

ကွန်ကရက်ကျူလေးရှင်းလုပ်ကြတဲ့ အစည်းအဝေးလာ လူကြီးမင်းများကတော့ ၀မ်းသာအယ်လဲဖြစ်နေကြလေရဲ့။ မင်္ဂလာကိတ်စအတွက် အမျိုးမျိုးသော အကြံဥာဏ်ကောင်းတွေ ပေးနေကြတာ ၀မ်းသာသူမာမီတို့အတွက်ကတော့ တပြုံးပြုံး။

သစ်သီးချိုတွေကိုစားသုံးနေကြတဲ့လူတွေအကြားမှာ ချိုမြိန်တယ်ဆိုတဲ့အသီးကိုစားပြီး သွားမှာအချဉ်အရသာခံစားနေရ သူတစ်ဦးအဖြစ် ကျွန်တော်ခံစားနေရပါတယ်။ အစီအစဉ်တွေလုပ်ကြ လုပ်ငန်းရေးရာတွေဆွေးနွေးကြနဲ့ဒီနေ့တော်တော်စည်ကားနေကြပါရဲ့။

"အကို ကျွန်မတို့မင်္ဂလာပွဲမှာ မောင်လေးကို သတို့သားအရံလုပ်ခိုင်းမယ်နော်"
".............."
"ရွှေဝါရောင် ဂါဝန်လေးနဲ့ မာမီပေးထားတဲ့ ရွှေရောင်ပုလဲနားဆွဲလေးကိုဝတ်ရင်ဘယ်လိုလည်း။"
"............."
အစည်းအဝေးခန်းမတံခါးကိုအဖွင့် ကျွန်တော့်ရင်တွေ ဒုတ်ခနဲခုန်သွားရပါတယ်။ ညှိုးနွမ်းနေတဲ့ မျက်နှာလေးနဲ့ ဆွေမင်းကို မလှမ်းမကမ်း မှာ မြင်လိုက်ရတာကြောင့်။ ဒီလိုအချိန် ဒီလိုနေရာမှာ သူ့ကိုဘာများပြောရမှာပါလိမ့်။ နှုတ်ခမ်းများကအလို လိုတိတ်ဆိတ် သွားကြတာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ တုံ့ဆိုင်းကုန်တာ တပြိုင်နက်တည်းဖြစ်တည်သွားတာဟာ ကျွန်တော့် အဖြစ်တွေပါ။ နွေးနွေးက ကျွန်တော့်ဘေးမှာစကားတပြောပြောနဲ့လိုက်ပါလာနေတာ.....ဟင့်အင်.....မင်းနဲ့ငါမသိဘူး။

ငိုမဲ့မဲ့ဖြစ်သွားတဲ့မျက်ဝန်းဟာလည်း ငါနဲ့မဆိုင်ဘူး၊ လှမ်းခေါ်ဖို့ကြိုးစားနေတဲ့ မင်းနှုတ်ခမ်းရဲ့ လှုပ်ခတ်မှုဟာလည်း ငါမကြားဘူး။ "ကိုကြီး" ဘယ်သူ့ကိုမင်းခေါ်တာလည်း။

နွေးနွေးပြောနေတဲ့ စကားတွေကိုအာရုံစိုက်ဖို့ကြိုးစားရင်း ကားပါကင်ရှိရာကိုလှမ်းလာခဲ့ကြပါတယ်။ နိမ့်ကနဲဖြစ်သွားတဲ့ ဓာတ်လှေကားရဲ့ လှုပ်ရှားမှုက ရင်ထဲသိမ့်ကနဲဖြစ်သွားရပေါ့။ ဘေးချင်းယှဉ်စီးလာတဲ့ နွေးနွေးမျက်ဝန်းကို ကြည့်လိုက်မိတော့ သူမမျက်ဝန်းတွေက တစ်စုံတစ်ခုကိုသိနေသလို ပြီးတော့ အဖြေသိချင်နေတဲ့ပုံဟန်တွေကိုမြင်လိုက်ရတာ ကျွန်တော် အံ့သြသွားရပြီ။

'အစည်းအဝေးခန်းမ အပြင်မှာကျန်ခဲ့တဲ့တစ်ယောက်ကဘယ်သူလည်းအစ်ကို'
'သူဟာ အစ်ကို့ကိုရင်းရင်းနှီးနှီးသိနေသလိုပဲ'
'ကျွန်မနဲ့....ကျွန်မနဲ့ လက်ထပ်ဖို့ဆိုတာ အစ်ကို တကယ်မှ ၀မ်းသာရဲ့လား။'
'သူဟာ.....ငါ့ရင်ထဲက ချစ်ခဲ့ရသူတစ်ယောက်'
' မာမီနဲ့ မင်းစိတ်ချမ်းသာရင် ပြီး.......'
'ဖျန်း'
'သိပ်အတ္တမကြီးပါနဲ့ ချစ်တယ်ဆိုတာ ချစ်တယ်ဆိုတာ လက်ထပ်တာ တစ်ခုတည်းနဲ့ဖြစ်တည်သွားတယ်လို့ ကျွန်မထင်နေတယ်များထင်သလား။'
'အစ်ကို သိပ်ပြီးတစ်ကိုယ်ကောင်းမဆန်သင့်ဘူး သူ့အပေါ်မှာရော ကျွန်မအပေါ်မှာကော'
'ကျေးဇူး'
အောက်ဆုံးထပ်ကိုမရောက်ခင်မှာပဲ ကျွန်တော့်ဘ၀ဟာ လွတ်လပ်သွားသလို ခံစားလိုက်ရပြီ။ ကျေးဇူးတင်ပါတယ်နွေးနွေး။ ကျွန်တော်ဘယ်လိုမှ ဟန်မဆောင်နိုင်စွာ အပေါ်ထပ်ရုံးခန်းရှိရာကို အမြန်ပြန်ပြေးလာမိတယ်။ ကောင်ကလေး ခါတိုင်းလို နားနေခန်းတစ်ခုမှာထိုင်နေလောက်တယ်။ ဘယ်မှာလည်း......မတွေ့ပါလား.....ဒီအခန်းမှာရော....မရှိ....အား....။

ကားကိုခပ်သွက်သွက်မောင်းပြီး ဆွေမင်းအိမ်ကို အရောက်သွားပြန်တော့ တံခါးကသော့ခတ်ထားပြန်တယ်။ ကိုယ်ရင်တွေပူလာ ပြီကွာ....မင်းကိုယ့်ကို စိတ်နာသွားသလား....တကယ်ပဲ မင်းကိုယ့်ကို စွန့်ခွာသွားပြီလား။ အိမ်လှေကားကခပ်ဖြေးဖြေးဆင်းလာလို့ လှမ်းမြင်နေရတဲ့ ပန်းခြံထောင့်က အုတ်နံရံဘက်ကို ရုတ်တရက်ကြည့်မိတော့ တစ်စုံတစ်ယောက်များရှိနေသလား။ စိတ်အထင်ပဲ ဖြစ်မှာပါ။ ဒီအချိန်ဆိုလူတွေအားလုံး အလုပ်မှာရှိမယ် ဘယ်သူက အားအားယားယား အနားယူနေနိုင်မှာလည်း။

'တီ.....တီ'
'ညီ မင်းဘယ်မှာလည်း မင်းဘယ်မှာလည်းကွာ'
'မဟုတ်ဘူး....မဟုတ်ဘူး ကိုယ်မင်းနဲ့ဘယ်လိုမှမခွဲနိုင်ဘူး။'
'အင်း.....ကုမ္ပဏီရုံးခန်းက ကားပါကင်မှာပဲ ဟုတ်လား.....ကိုယ်အခုလာခဲ့မယ်'
'ညီ ဘယ်မှမသွားပါဘူး မသွားဘူးလို့ကိုယ့်ကို ကတိပေးစမ်း။'

လက်ထဲက ဖုန်းရဲ့မည်သံနဲ့အတူ ကျွန်တော့်စိတ်တွေအခုန်မြန်လာတယ် သူ...သူကျွန်တော့်ကိုမခွဲနိုင်ပါဘူး။ နားလည်ပေးမယ် နားလည်ပေးမှာပါ။

မီးပွိုင့်ကလည်း အခုချိန်မှလာပြီးကျပ်နေရ သေးတယ်။ မီးအစိမ်းရောင်ပြလည်းပြရော ကားကိုလျောကနဲ လျောကနဲမောင်းထွက်လာလိုက်တာ ဘေးဘီကိုတောင် မကြည့်မိတော့တဲ့အထိပါ။ ဒီအချိန်မှာ သူနဲ့တွေ့ဖို့ကိစ္စကလွဲလို့ ဘာကများအရေးကြီးမှာလည်း။

လူနေအိမ်ခန်းတွေက ကားတွေကလွဲလို့ ကားပါကင်မှာကားတော်တော်များများမရှိတော့ပါဘူး။ သူဘယ်နားမှာ များလည်း......သူ့ကား လည်းမတွေ့မိပါလား။

ပိုင်ဆိုင်ပြီးသောအရာတစ်ခုကို အခန်းထဲ ထည့်ထားခဲ့ပြီး အခုလိုချင်တဲ့အချိန်မှာ ရှာဖွေမရသူရဲ့ စိတ်မျိုးခံစားရတာ မောတယ်။ 'ကိုကြီး'
ဟော ဟိုးပန်းခုံတွေဘက်ကခေါ်သံကြားတယ်။ ကောင်လေးအဲဒီမှာထိုင်နေတာနေမှာ။ ကျွန်တော်ခြေလှမ်းတွေဟာ မာရသွန်ပါပဲ။ ဟင်...မရှိပါလား။ တစ်ဖက်ပန်းခုံကိုလှမ်းငဲ့ကြည့်တော့ အို...သူဟိုမှာပဲ တိုင်လုံးကိုမှီပြီးရပ်နေတယ်။

'ညီ..'
'ဒုတ်..'
ကျွန်တော့်အာရုံတွေ အသိစိတ်တွေအမှောင်....အမှောင်ကမ္ဘာထဲ...ဟိုးအဝေး.....


to be continued..

1 comment:

ecodown said...

OK baby u contentious try i encourage friend