Wednesday, May 19, 2010

Bunny's Ko Ko (Ending)

၂၀၀၈ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ကောင်းကင်ကြီးတစ်ခုလုံးလည်း အုံ့မှိုင်းနေတယ်။ မိုးများရွာမလားမသိဘူး။ ဆုံနေကြ Moon Bakery ဆိုင်လေးရဲ့အပေါ်ထပ်မှာစောင့်နေမိပါတယ်။ ဘာလို့လည်းမသိ လမ်းပေါ်မှာ ရုံးစုရုံးစုနဲ့လူတွေ။

မိနစ်အနည်းငယ်ထပ်စောင့်ပြီးချိန်မှာတော့ ...သူ ခပ်နှေးနှေးခြေလှမ်းတွေနှင့် ဆိုင်ထဲလှမ်းဝင်လာတာကိုမြင်ရတယ်။ ပြီးတော့......ကျွန်တော်ထိုင်နေရာကို တစ်လှမ်းခြင်းတက်လာတယ်။

သူ့ကို ဘာမှမပြောဘဲ ငေးကြည့်ဖြစ်သလို သူကလည်း ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေတယ်။ ပြီးတော့ ကျောပိုးအိတ် ထဲက စာအိတ်နှစ်အိတ်ကိုထုတ်ပြီး ကျွန်တော့်ရှေ့ချပေးတယ်။

'ကိုကို အဲဒီနှစ်စောင်ထဲက ကြိုက်တာရွေးပါ'

'ဘယ်အစောင်ကိုပဲရွေးရွေးပါ ကိုကိုဖတ်ရမယ့် ဖတ်သင့်တဲ့စာပါ'

ဟင် ကျွန်တော့် ဆံပင်မွှေးတွေထောင်များသွားရော့လား။ ခါတိုင်းခရီးကပြန်လာရင် ရေးပေးနေကြ လွမ်းစာခွေမဟုတ် ဖြတ်စာဖြစ်နေတာ။

ဖတ်ရင်း သူ့မျက်နှာမော့ကြည့်တော့ မျက်ဝန်းမှာ မျက်ရည်တွေဝဲလို့။

'ကိုကိုပြောတော့ မုံရွာက ကောင်လေးက ညီဝမ်းကွဲဆို။ ကိုကိုရယ် ရက်စက်လိုက်တာ။ သူဟာ Bunny ရဲ့ သူငယ်ချင်း အရင်းကြီး ဖြစ်နေတာ မထူးဆန်းဘူးဆိုနိုင်ပေမဲ့ ကိုကိုဟာ Bunny တို့နှစ်ယောက်ရဲ့ ချစ်သူဖြစ်နေတာက ထုးဆန်းတယ် နော်။ မင်းရည်းစား ရပြီလားတဲ့။ ဒီတော့ ကိုယ့်ရည်းစားဓာတ်ပုံကိုပြသလို သူလည်းပြတယ်လေ။ ဘာဖြစ်သလဲဆိုတော့ တစ်ယောက်တည်း ဖြစ်နေတယ်ဗျ'

'သူဟာ ညီဝမ်းကွဲမဟုတ်ဘူးမလား ကိုကို?'

'အင်း...မဟုတ်ဘူး'

'ကိုကိုရာ.....'

'Bunny...Bunny'

မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ သူလှေကားကနေ ပြေးဆင်း၊ ဆိုင်ထဲကနေပြေးထွက်သွားတော့တာ ဝေါကနဲ ပြိုကျလာတဲ့ ဆူးလေဘက်ကလာတဲ့ လူအုပ်ကြားထဲကိုလေ။ ကျွန်တော်မျက်လုံးပြူးသွားရသလို ရင်ထဲစိုးရိမ်စိတ်တွေငယ်ထိပ်တက် စောင့်ကာ သူ့နောက်ပြေးလိုက်သွားမိတယ်။ လမ်းမကြီးတစ်လျှောက်လိုက်ရင်း ရုပ်ရှင်ရုံထဲပြေးဝင်သွားတာကြောင့် ကျွန်တော်လည်းလိုက်သွားကာ သူ့ဘေးမှာ ထိုင်ချဖြစ်ပါတယ်။ သူ့ကိုဖက်တွယ်မိရတော့ ကျွန်တော့်ပုခုံးမှာခိုမှီကာ ရှိုက်ကြီးတငင်ငိုတော့တာပေါ့။

'တောင်းပန်ပါတယ်......တောင်းပန်ပါတယ် Bunny'

'တိတ်ပါကွာ Bunny'

'မင်းကိုတကယ်ချစ်တာပါ...ချစ်တာပါကွာ'

x           x           x

ကောင်းကင်ပြင်ကြီးတစ်ခုလုံး အုံ့မှိုင်းနေပြီ Bunny ရေ..။ မကြာခင်မှာ မိုးတွေရွာတော့မယ်ထင်ပါရဲ့။ ကိုယ့်နှာခေါင်းထဲမှာ မြေသင်းနံ့လေးတွေ ရနေတယ်။

 ကိုယ်တို့ အတူလမ်းလျှောက်ဖြစ်ခဲ့ကြတဲ့ မြေနီလမ်းလေးကို သတိရသေးရဲ့လား။ သစ်ပင်စိမ်းစိုနေတဲ့ မြင်ကွင်းကို Bunny လေးကြိုက်တယ်ဆို။

တဖျောက်ဖျောက်ကျလာတဲ့ မိုးစက်တွေဟာ ကိုယ့်ပုခုံးပေါ်ကို စိုရွှဲနေပြီ။ ကိုယ်တို့ထိုင်နေကြ ခုံတန်းလေးမှာ တစ်ယောက် ထဲရယ်ပါ။

မလိမ်ခဲ့ပါဘူး......မလိမ်ညာခဲ့ပါဘူး Bunny ရယ် ညီဝမ်းကွဲဆိုတာက ကိုယ့်စိတ်ထဲမှာ သူဟာ ချစ်သူအဖြစ် ခံစားသတ်မှတ် ခဲ့တာမှမဟုတ်တာ။ ညီလေးတစ်ယောက်အဖြစ်သာ။

မိုးရေတွေနဲ့အပြိုင် ကိုယ့်မျက်ဝန်းမှာလည်း ပုလဲတွေသီကုံးနေပြီပေါ့။

အိမ်ပြန်ရောက်တော့လည်း မာမီတို့အမေးကို မဖြေဖြစ်ပါဘူး။ အလိုက်သိတဲ့ ဒယ်ဒီက သားကြိုက်တတ်တဲ့ ကော်ဖီ ပူလေးသောက်လိုက်ပါ အ၀တ်လဲပြီးရင်တဲ့။ သား.....သားရင်ထဲ ပူနေပြီ  ဒယ်ဒီ။

'သား....မင်းဘာတွေခံစားနေရလည်းကွာ? ရည်းစားနှင့်အဆင်မပြေဘူးလား?'

'ဒီလို မငိုင်နေပါနဲ့ သားနဲ့ဖူးစာပါရင် ပြန်အိုကေမှာပါကွယ်'

'သား စတူဒီယိုမသွားဘူးလား?'

ဘာမှ....ဘာမှ စိတ်မပါဘူး ဒယ်ဒီတို့ရေ။ သားဝမ်းနည်းနေတာကြေကွဲနေတာ ဒိုင်ယာရီတွေ ရေးရင်း သီချင်းဆိုနေတာ ရင်ထဲပွင့်ထွက်တော့မယ့် ငိုရှိုက်သံတွေ ဘယ်သူ့ကိုမှ မကြားစေချင်လို့ပါဗျာ။

Bunny ရယ် မင်းအပြုံးလေးကိုချစ်တယ်။ မင်းအနမ်းကိုသတိရတယ်။ ဂရုတစိုက်ဖေးမမှုကို တမ်းတတယ်။

'ကိုယ့်ကိုမမုန်းပါနဲ့ Bunny'

x           x           x

'တူ......တူ'

'လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်'

'အမိန့်ရှိပါရှင်'

'မိဆွေ.....Bunny ဒီနေ့ရုံးတက်လား? မလာတော့ဘူးဟုတ်လား?.....သူ...သူဘာပြောသွားလဲဟင်?'

'မနက်က မန်နေဂျာရုံးခန်းကိုလာတယ်။ Resign လုပ်တာလားမသိဘူးရှင့်'

'ဗျာ.....သူနေတဲ့တိုက်ခန်းမှာလည်းမတွေ့လို့ပါ။ ဟုတ်တယ် မိဆွေ ကျေးဇူးပါ'

ဖုန်းခေါ်လိုက်ရင်ကြားနေကြ အသံချိုချိုကိုလည်း ခေါ်လိုက်တိုင်း လူကြီးမင်းဆီက မလွတ်တော့ဘူး။ အိမ်ဖုန်းလည်းမကိုင်။ သွားနေကြ လာနေကြ နေရာတွေမှာလည်း တနေကုန်ထိုင်ကြည့်တာတောင်မတွေ့ရ။

သိရဲ့လား Bunny ကိုယ်မင်းကိုချိုးခဲ့တာမဟုတ်သလို အပျော်အဖြစ်အချစ်ပေးတမ်းကစားခဲ့တာ မဟုတ်ရပါဘူး။

'ကိုယ့်ကို တွေ့ခွင့်ပေးပါ.....မြင်ခွင့်ပေးပါ Bunny'

'၀ုန်း'ကနဲ မြည်သံနှင့်အတူ လျှပ်စီးတစ်ချက်လက်သွားတယ်။ မိုးစက်တွေ မြေပြင်ကို ခပ်ပြင်းပြင်းပြေးဆင်းလာကြတာ လူတွေ ဟိုသည်ပြေးလွှား ခိုနားရာ အမိုးရှိရာဆီပေါ့။ ကျွန်တော်ကတော့.....ဦးတည်ရာမဲ့ ကားကိုမောင်းလာမိတာ မိုးတွေသည်းနေတဲ့ အဝေးပြေးလမ်းမဆီ။

'တီ...တီ....အရေးထဲ ကားတွေကလည်း ကိုယ့်လမ်းကိုမမောင်းဘူး'

x              x              x

ဥပေက္ခာဆိုတာ ပြုသူကတော့မသိပေမဲ့ အပြုခံရသူကတော့ အတော်ခံရခက်ပါတယ်။ ကိုယ့်ချစ်သူကများ ဥပေက္ခာပြုသွား ရင် ဘယ်လောက်များ ခံရခက်မည်လည်း ကိုယ်ချင်းစာကြည့်ပါလားဗျာ။

ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတစ်ယောက်ကို မင်းမရှာနိုင်ဘူးဆိုတာ ညံ့လို့ပဲဆိုရင်တော့ ကျွန်တော်အတော် ညံ့တာပါပဲ။ သူ့အလုပ်၊ သူ့သူငယ်ချင်းတွေဆီ။ ကုန်ကုန်ပြောရရင် မုံရွာက ကောင်လေးကိုတောင် မရှက်နိုင်အားပဲဖုန်း ဆက်မေးမိတဲ့အထိ။

 'Online က တွေ့တဲ့ကောင်လေးဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလိုက်တာလား အစ်ကိုရယ်..။ အစ်ကို အသစ် ရှာနေပြီဆိုတော့ ငယ်လေးအနားမှာ နေရတာမပျော်တော့လို့ပေါ့နော်။ ငယ်လေးကို မချစ်တော့ရင်လဲ လုံးဝမဆက်သွယ်ပဲ ထားခဲ့ပါလားအစ်ကိုရယ်။ အခုတော့ သိရက်နှင့်များ ရက်စက်တဲ့သဘောနှင့် မေးတာလားဗျာ'

တုန့်ပြန်စကားတွေတောင်နှုတ်က မထွက်မိတော့ပါ။ သူပြောသလို ကျွန်တော့်အပြုအမူတွေက ဖြစ်နေခဲ့တာကိုးလေ။ ကျွန်တော့်ရင်ထဲ နေဆယ်စင်းဖြစ်နေရပါပြီ။

'၀ုတ်......၀ုတ်'

'အော်...မိဆွေလား....တကယ်လား...သူအိမ်ပြန်ရောက်နေတယ်။ သူ့အမေအတွက် အစီအစဉ်လုပ်နေတာ။ ဟာ...ရပါတယ် ကျွန်တော်ဒီလောက်လေးသိရတာကိုပဲ ကျေးဇူးတင်လှပါပြီ'

'အစီအစဉ်တဲ့....ကိုယ့်ကမ္ဘာထဲက ထွက်သွားမယ့် အစီအစဉ်စလုပ်နေပြီပေါ့?'

x           x           x

'ကိုကိုပဲပြောခဲ့တာလေ.....Bunny စိတ်ချမ်းသာမယ်ဆိုရင် ကိုကို့ကို မုန်းချင်လည်းမုန်းပါ။ ကိုကို့မျက်နှာကို မမြင်ချင်ဘူးဆိုရင်လည်း မမြင်စေရပါဘူးဆို။ အခုတော့ တွေ့ခွင့်တောင်းနေပြန်ပါပြီ'

အဲဒီကိစ္စကို သိသိချင်း ကိုကို့ကို စိတ်နာတယ်၊ ကိုကို့ကိုမုန်းတယ်၊ နောက်ဆုံး Bunny လုပ်ပေးနိုင်တာက ကိုကို့ကိုနား လည်ပေးလိုက်တာပါ

Bunny ဘက်ကိုလည်း ပြန်ကြည့်တဲ့အနေနဲ့ ထပ်ပြီး အဲဒီလိုစကားတွေ မပြောပါနဲ့။ Bunny ဆုံးဖြတ်ချက်ကို ဘယ်လို နည်းနဲ့မှ ပြန်ပြင်မှာမဟုတ်ဘူး။

အရမ်းကိုလည်းရှက်မိပါတယ်....ဒါပေမယ့် Bunny အမှားကို ပြင်ရမယ်လေ..။ လူဆိုတာ ကျင့်ဝတ် စောင့်ထိန်းရတဲ့ သိက္ခာတွေ အများကြီးရှိသေးတယ်။ ဘယ်သူမှမသိပါဘူးလို့ ပြောဦးမလို့လား ကိုကို...မပြောပါနဲ့တော့ နောင်ဘ၀ဆိုတာ မရှိဘူးလို့ မယုံကြည်တဲ့သူတွေ အတွက်တော့ ဒါတွေကို ဘယ်နားလည်ပါ့မလဲ...ကိုကိုသာ ကျန်းမာရေးကို ဂရုစိုက်ပါ။ နောက်ပြီး ကိုကို ၀ါသနာပါတဲ့ အလုပ်တွေကို ကြိုးစားလုပ်ရင်း Bunny ကိုချစ်တဲ့စိတ်တွေကို ဖြေဖျောက်ပါ......

'အချိန်က အဖြေပေးမယ်လို့ Bunny ယုံကြည်ပါတယ်ဗျာ'

x           x           x

'Shawty had them apple bottom jeans (jeans)
Boots with the fur (with the fur)
The whole club was looking at her
She hit the floor (she hit the floor)
Next thing you know
Shawty got low, low, low, low, low, low, low, low'

တီးလုံးသံတွေကြားမှာ မြူးကြွလှုပ်ရှားနေကြတဲ့ လူအုပ်ကြားထဲတိုးဝင်လာခဲ့ပါတယ်။ DJ ရဲ့အထူးပြလက်စွမ်းတွေနဲ့ သွက်လက်နေတဲ့ လူအုပ်ထဲမှာ ကိုယ်ရှာတွေ့ချင်တဲ့လူကို တွေ့ရဖို့ မိနစ်အတော်ကြာတယ်။

'Bunny မင်းရဲ့ကိုကိုဆိုတဲ့လူ အလုပ်ကိုလည်း ဂရုမစိုက် ကလပ်တွေသွားပြီး မူးနေသတဲ့ ငယ်လေးကြားတယ်'

'Bunny ရဲ့ ဘော်ဒါ Pioneer မှာအခုတွေ့ခဲ့တယ် မူးပြဲနေတာပဲ'

'ကိုကိုဘယ်မှာလဲ အခု? အဲဒီမှာပဲနေ.....Bunny လာမယ်'

အိုး.....ကိုကိုရယ် အရက်သမားစစ်စစ်တစ်ယောက် မူးနေသလို ခြေလှမ်းတွေနဲ့ ကနေတာ Bunny မြင်ရလို့သာ ယုံတယ်။ ကိုယ့်သိက္ခာကို မထိန်းတော့ဘူးလားဗျာ။

Bunny သွားဆွဲခေါ်လာတော့အလိုက်သင့်ပါလာတယ်။ ၀မ်းသာသွားတာလား ပြောသမျှ အသာတကြည်လုပ်တယ်။ ဆိုဖာပေါ်မှာတင်ထားတဲ့ ပစ္စည်းတွေသွားယူရင်း သူ့သူငယ်ချင်းတွေကို ကျေးဇူးစကားဆိုကာခေါ်ခဲ့ရပေါ့။

'ကိုကို....အရက်တွေသောက် ၊ ဒီလိုတွေနေပြလို့ ပြန်လာမယ်ထင်တာလား? အရက်တွေသောက်ပြီး ကိုယ့်ဘ၀ပျက်ပါပြီဆိုပြီး Bunny ပြန်လာစေချင်တာလား?'

Bunny ကြောင့် ကိုကိုဘ၀ပျက်တာမဟုတ်ဘူး။ ကိုကို့ကြောင့်သာ အနာဂတ်စိတ်ကူးတွေ အချစ်ဆိုတာတွေ ပျက်စီးသွားခဲ့ရတာ။

ဟုတ်တယ်ကိုကို Bunny အိမ်ကိုမောင်းနေတာမဟုတ်ပါဘူး ကိုကို့အိမ်ကိုခေါ်သွားနေတာပါ။ မူးနေတဲ့လူတစ်ယောက်ကို စကားတောင်မပြောဘူး။ ကိုကိုဖြစ်နေလို့သာ....ကိုကိုဖြစ်နေလို့သာပါဗျာ။

x           x           x

'Bunny.....ကိုကို့ကိုထွက်တွေ့ကွ'

'Bunny မင်းရှိနေတာကို ကိုယ်သိတယ်'

'Bunny....မင်းအိမ်ထဲက ထွက်လာမလား မလာဘူးလား ကိုယ့်အဆိုးမဆိုနဲ့နော်'

တကယ့်ကို အမူးသမားတစ်ယောက်လိုပါလားကိုကို ။ မတွေ့ချင်တော့ဘူး မတွေ့လို့မရဘူးလား ကိုကိုရယ်။ ကြာရှည် တင်းထားနိုင်မှာ မဟုတ်လို့ပါ။ ကြောင့် ငယ်လေးကို ကိုကိုသစ်စိမ်းချိုးချိုးခဲ့တာတွေးမိတိုင်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုကိုရယ် မပိုင်ဆိုင်ချင်တော့ဘူး။

အရမ်းပေါက်ကွဲနေတဲ့ ကိုကို...ကိုယ့်ကိုယ်ကို ဘာဆိုတာတောင် ဂရုမစိုက်တော့ဘူး။ အိမ်ရှေ့မှာ လာပြီး ထွက်ခဲ့ဖို့ခေါ်နေ တယ်။ ဘယ်အချိန် ဘာလုပ်တတ်တယ်ဆိုတာ သူသိနေတော့လည်း ဘယ်လိုဆက်ပြီးရှောင်ရပါ့မလဲ။

'ခွမ်း'

'Bunny ထွက်လာခဲ့.....ကို့ကို ဒီအချိုးမချိုးနဲ့နော်'

'ကိုကို.....ကိုကိုရယ် ကျေးဇူးပြုပြီး အဲဒီလိုမလုပ်ပါနဲ့...မလုပ်ပါနဲ့ဗျာ'

'မင်းထွက်လာပြီးတွေ့ရင် ဘာမှပေါက်ကွဲစရာမလိုဘူး'

'Bunny....Bunny အိမ်ထဲလိုက်ခဲ့ပါကိုကို လူတွေကြည့်နေကြပြီ.....ဟာမဟုတ်ရပါဘူး လိုက်စေချင်ပါတယ် လာပါ'

မျက်နှာနီရဲနေအောင် ဒေါသတွေထွက်နေတယ်။ အရက်လည်းမမူးပါလား။ Sorry ပါဗျာ။ ကိုကို့မျက်ဝန်းတွေမှာ မျက်ရည် တွေ ၀ိုင်းနေတယ်။ အတူတူ ထိုင်နေကြရင်း စကားမဆိုဖြစ်ကြသလို တခြားဘာမှမလုပ်ဖြစ်ပဲ အတူတူရှိကြတာ ညနေ စောင်းကနေ ညပိုင်း လမ်းမီးတွေ ထိန်လင်းလာချိန်အထိပေါ့။

ကိုကိုကြိုက်တယ်ဆိုတဲ့ဟင်းလေးတွေနဲ့ ညစာကို အတူစားဖြစ်ကြရင်း အရမ်းကိုရင်ခုန်လာမိတယ်။ ကိုကို့မျက်ဝန်း တွေဟာလည်း တိမ်းမူးဖွယ်ရာ၊ နှုတ်ခမ်းစုစုလေးကလည်း စိုစွတ်လျှက်။ ဟင့်အင်....ကိုကို။

'နွားနို့လေးသောက်ပြီးမှ အိပ်နော်ကိုကို'

'ဟင့်အင်.....မလုပ်ပါနဲ့ကိုကို please'

'Bunny ခွင့်မပြုချင်တော့ဘူး......မလုပ်ပါနဲ့ဗျာ'

'..........................'

'.........................'

မညာဘူးကိုကို။ ချစ်နေဆဲပါပဲ။ ကိုကို့ပုံရိပ်တွေရှိနေဆဲပါဗျာ။ Bunny ရဲ့ရင်ထဲရှိနေဆဲ ကိုကို့ပုံရိပ်တွေကို ကိုကို ကိုယ်တိုင် မဖျက်ဆီးပါနဲ့။ Bunny's ကိုကိုဆိုတာ လိမ္မာယဉ်ကျေးသူတစ်ပါးကို အလိုက်သိတဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်လေးလေ...

မုန်းသွားလို့ ခွင့်မပြုတာမဟုတ်ရပါဘူးကိုကို။ အနမ်းလေးလောက်သာ ကျေနပ်ပါတော့။ Bunny ချစ်မိတဲ့ချစ်သူအတွက် Bunnyမှာအချစ်ပဲရှိတယ်။ ကိုကိုရယ် ကိုကို့ကို Bunnyချစ်ပေမယ့် လမ်းခွဲရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူဆိုတာ ဟီရိသြတ္တပ တရားနဲ့ပြည့်စုံရတယ်။ အရှက်အကြောက်တရား.....လူ့ကျင့်ဝတ်ဆိုတာတွေလေ.... Bunny သူများ ဆီကဖြတ်လုတတ်တဲ့ လူတစ်ယောက်မဖြစ်ချင်ဘူး...မဖြစ်ချင်ခဲ့ဘူးဗျာ...

ဒီညလေးဟာ အမှတ်တရဖြစ်နေမှာပါ။ ကိုကို Bunny ကိုဖက်ပြီးငိုခဲ့တော့ ချစ်တယ်ဆိုတာ အမှန်တကယ်ဖြစ်မှန်း သိလိုက်ရတာ။ မငိုခဲ့ပေမယ့် ရင်ထဲမှာ မျက်ရည်တွေချောင်းဖြစ်နေပြီ။ ကိုကို့ရင်ခွင်ထဲ ငြိမ်သက်နေတာကိုပဲ ကျေနပ်ပါတော့...။

မဲမှောင်နေတဲ့ ညဟာ ပိုပြီးနက်လာသလို နှစ်ဦးသား မျက်ဝန်းအကြည့်တွေနဲ့သာငေးစိုက်ကြည့် ကြရင်း အဆုံးသတ်ကြပြီ။

'Good night Ko Ko! I hope you'll have all good things'

x           x           x

ပထမရက်                      ။ 'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေး.....'

ဒုတိယရက်                     ။ 'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့်....'

တတိယရက်                   ။ 'တူ.....တူ

                                     'Bunny.....ကိုကိုပါ'

            'တူ...........'

စတုတ္ထရက်                    ။ 'တူ....တူ'

                                    'ဟုတ်ကဲ့.....သားက Bunny သူငယ်ချင်းပါ '             'ခင်ဗျာ......သူနိုင်ငံခြားကိုထွက်သွားပြီ...ဘယ်နိုင်ငံကိုလည်းခင်ဗျာ?...ဘယ်တော့ပြန်လာမလည်း?.....ဆက်သွယ်လို့ရ မယ့်လိပ်စာလေး...'

'သားက ဘယ်သူ့ကိုမှ မပြောပြစေချင်ဘူးတဲ့ကွယ်'....တဲ့ Bunny လေးရဲ့မေမေကဆိုတယ်။ ရေးခိုင်းခဲ့တဲ့ သီချင်းလေးကို ကိုကိုဆိုပြချင်တယ် ပေးချင်ပါတယ်။ မပိုင်ဆိုင်နိုင်တော့ဘူး ချစ်ခွင့်မရတော့ဘူးဆိုတာကို သိနေပေမဲ့ ပက်သက်ခွင့်လေး တော့လိုချင်တာပေါ့ဗျာ။ အခုတော့ အဝေးတစ်နေရာဆီထွက်သွားပြီ....ထွက်သွားခဲ့ပြီ။

Bunny လေးသိရဲ့လား.....Bunnyရဲ့ဘ၀ကို မဖျက်ဆီးခဲ့ပါဘူးကွာ Bunny ကိုညာခဲ့တယ်ဆိုတာ ကိုသိပ်ချစ်လွန်းလို့ပါ။ လှည့်စားဖို့အတွက်လည်း မရည်ရွယ်ခဲ့ပါဘူး။ ကိုယ်သေချာဆုံးဖြတ်ပြီးမှ အသည်းထဲက Bunny ကိုရွေးချယ်ခဲ့တာပါ။ သာယာတာမဟုတ်တဲ့ ချစ်ခြင်းအစစ်တွေ...အစစ်တွေပါ Bunny လေးရယ်။

'ချစ်တယ် .... Bunny'

x           x           x

အေးမြတဲ့ လေနုအေးတွေဟာ အင်းယားကန်ဘောင်ကိုဖြတ်ပြီး သူ့ဘေးကနေ အသာလျှောက်နေတဲ့ ကျွန်တော့်ဆီ ရောက်လာတယ်။ ခပ်ဖြေးဖြေးခြေလှမ်းတွေနဲ့ လျှောက်လှမ်းရင်း အိမ်ကိုပြန်လာဖြစ်တဲ့ ဖေဖော်ဝါရီလလေးရဲ့ ညနေခင်း မှာပေါ့။ ကန်ဘောင်ပေါ်မှာတော့ ဒွိယံ ဒွိယံအတွဲလေးတွေက ကြည်နူးသာယာနေလိုက်ကြတာ။ ဟော...ကောင်ကလေး တစ်ယောက်က သူ့ကောင်မလေးကို ပါးပြင်အနမ်းပေးတာ နှင်းဆီခင်းပါးပြင်ဖြစ်ရင်း ကောင်ကလေးကို လက်သီးဆုပ် နဲ့ထုလေတာ။ လွမ်းဆွတ်မှုဆိုတာ ရိုးများရိုးနေပြီထင်ပေမဲ့.....တမ်းတမိသွားပေါ့။

'ဟုတ်တယ် မာမီ သားပြန်ရောက်ပြီ။ အဆင်ပြေတယ်အားလုံး ဒီညနေတောင် မြ၀တီကလွှင့်မယ်'

'သားခဏနေမှ စားမယ်လေ ။ မဆာသေးလို့ပါ မာမီ'

'ဒီနေ့လား....သား...သားသူငယ်ချင်းမွေးနေ့မို့ လက်ဆောင်ပေးမလို့ဝယ်လာတာပါ'

ဖေဖော်ဝါရီ ၂ရက်ကိုရောက်ပြန်ပေါ့ Bunny ။ ဒီနေ့ Bunny မွေးနေ့လေ။

အခန်းထဲ ၀င်လာရင်း အ၀တ်ဘီရိုကြီးကို ဖွင့်လိုက်မိတော့ အလယ်ဆင့်အခန်းငယ်လေးရဲ့နံရံမှာ ကိုယ်တို့နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေ၊ Bunny ရဲ့ ဓာတ်ပုံ stand လေးတွေအများကြီး။ ပြီးတော့နှစ်စဉ်မွေးနေ့လက်ဆောင်လေးတွေ မပျက်တမ်းထည့်ပေးနေဖြစ်တာ ဒီနေ့ မြို့ထဲသွားရင်း Bunny ကြိုက်တဲ့ရေမွှေးတွေ့လို့ ၀ယ်လာဖြစ်တယ် မွေးနေ့လက်ဆောင်ပေါ့...Bunny ကြိုက်မှာပါ။

မွေးနေ့ရှင်အတွက်...သီချင်းလေးဆိုပြမယ်။ နားထောင်နေမယ်မဟုတ်လား Bunny?

"ကို့ရဲ့အကြင်နာတွေ နားလည်စေ

အရာရာမှာ မင်းကတော့ ပေးခဲ့သူ

အကြိမ်ကြိမ်ခါ အမှားများလည်း ပြင်မရတော့ ကိုရူး

ကွဲကြေနေပါပြီကို့ရဲ့အသည်းတွေ

ရယ် မင်းအပြုံးလေးကိုချစ်တယ်

အမြဲတမ်းပဲ ဖြူစင်နိုင်အောင်ကြိုးစား

ဒီကမ္ဘာမှာ ကို့အတွက် အနှိုင်းမဲ့သူလေး

အသက်ဆုံးတဲ့အထိ ချစ်နေဦးမယ်

CHO: မင်းလေး သိနိုင်စေ မင်းလေးကြားပါစေ

ရင်ခုန်သံတွေ မပြောင်းလဲပဲ သိပ်ချစ်တဲ့အကြောင်း

တို့ နှစ်ယောက်ဝေးရလဲ ထားခဲ့သစ္စာနဲ့

ဘယ်လောက်ဝေးဝေး ကို့ရဲ့အနားမှာ

သူအမြဲရှိနေမယ်......"

ဂစ်တာလေးကို တိုးတိုးငြင်သာတီးရင်း Bunny အတွက်သီးသန့်သီချင်းလေးကို ဆိုပြနေဖြစ်ပါတယ်။ တကယ်ပါ အခု အချိန်မှာ ကိုတစ်ယောက်ထဲဖြစ်နေပေမဲ့လည်း ကိုကိုကျေနပ်ပါတယ်...။ တကယ်လို့ ကံတရားကပြန်ဆုံဆည်း ခွင့်ပေးမယ်ဆိုရင်တော့ ကိုကို...အပြစ်ကင်းတဲ့....ရင်ထဲက ကိုကိုအဖြစ် မြင်ရပါစေမယ်

'အပြစ်ကင်းတဲ့ ကိုကိုပေါ့......Bunny'

Wrote by Alex Aung ( 19/5/2010)

1 comment:

Jeremy said...

အရမ်းကြိုက်တယ်။ခံစားချက်တွေကိုနက်နဲလာအောင်တူးဆွနေသလိုပဲ။very romaticပါ။