Friday, June 1, 2012

လိင်တူချင်း တပ်မက်မှုနှင့် စပ်လျဉ်း၍


“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167 မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး။   ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။  အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။

အတ္တကျော်
 ။   ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့  တက်လာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တက်လာပါတယ်။ လိုင်းပြောင်းတာ မဟုတ်ဘူး၊ အပုန်းတွေ ပွင့်လာတာလို့သာ ကျွန်တော် ဖြေခဲ့ပါတယ်။ (အဆိုပါ ဟောပြောချက်ကို Talking about sexualityတွင် နားဆင်နိုင်ပါသည်။) လောကကြီးဟာ တချို့တွေ တွေးသလောက် မဖြောင့်ပါဘူး။ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားရဲ့ အလုပ်လုပ်ပုံကလည်း အလွန် ပွေလီလှပါတယ်။

မေး။   ။ အိမ်ထောင်ပြုပြီးမှ လိုင်းပြောင်းသွားတတ်သူတွေ ရှိတယ်ဆိုရင် အိမ်ထောင်မပြုခင်က သူတို့ကိုယ် သူတို့ မသိနိုင်ဘူးလား ဆရာ။
အတ္တကျော် ။ လိင်တူချင်း တပ်မက်သူက စုစုပေါင်း ၆ မျိုး ရှိပါတယ်။ (၁) အပွင့် (receiver)၊ (၂) အပုန်း (receiver)၊ (၃) ဂလန် (၀ါ) နှစ်ဖက်ချွန် (၀ါ) Bi (both receiver and provider and finds pleasure in both sexes) ၊ (၄) သ…ူငယ် (provider) (၅) Offer (provider) နဲ့ (၆) အခြောက်တို့ ဖြစ်ပါတယ်။ တချို့ ပြောတဲ့ လိုင်းပေါင်းစုံ “မထသ”က အမှတ်စဉ် ၃ ဂလန်နဲ့ ၄၊ ၅ တို့သာဖြစ်ပါတယ်။ ၄ နဲ့ ၅ ကကျတော့ အပုန်းတွေ၊ အပွင့်တွေ၊ ဂလန်တွေဆီက ချူစားနေသူမို့ ပိုပြီး “မထသ”ဖြစ်ဖို့ များတယ်။ အမှတ်စဉ် ၆ က ရှုပ်ထွေးတယ်။ သူက လူက နွဲ့နေ၊ နုနေ၊ အလှကြိုက်နေ၊ သန့်နေတတ်ပေမယ့် လိင်ကိုင်းညွတ်မှု ရှိချင်မှလည်း ရှိမယ်၊ ရှိချင်လည်း ရှိမယ်။ အပုန်းတွေဟာ တစ်ခါတစ်ရံ သူတို့ရင်ထဲက ကိစ္စကို သူတို့ကိုယ်တိုင်တောင် မသိပါဘူး။ နာမည်နဲ့ မပြောကောင်းလို့သာပါ၊ မြန်မာပြည်မှာ အထင်ကရ တစ်ယောက် ရှိဖူးပါတယ်။ သူဟာ အသက် ၃၅ နှစ်လောက်အထိ မိန်းမပွေသူပါ။ သူ့ကိုယ်သူလည်း မသိပါဘူး။ ခုခံမှု ယန္တယားရဲ့ စေ့ဆော်မှုကြောင့် သူဟာ တကယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်လိုပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သည်သဘာဝကို နားလည်တဲ့ offer တစ်ယောက်နဲ့ ၃၅ ကျော်မှ တွေ့ပြီး သေသည်အထိ အဲဒီ့ဘ၀ကို ခံယူသွားပါတယ်။ သေခါနီးမှာ သူ့အကြောင်းနဲ့သူ မိန်းမ ယူပြသွားလိုက်ရသေးတယ်ဗျို့။ အဲဒါဟာ ခုခံမှု ယန္တယားရဲ့ ပွေလီပုံပါပဲ ခင်ဗျား။

မေး
။       ။အိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ စာရင် မြန်မာပြည်မှာက ဒီလို လိင်တူချင်းနှစ်သက် အတူနေထိုင်သူတွေကို မြင်ရတာ နည်းပါးပါတယ် ဆရာ။  မြန်မာပြည်မှာ လိင်တူချင်းအတူနေထိုင်သူ ပမာဏအင်မတန်နည်းပါးပါတယ်လို့ ယူဆလို့ရပါသလား။
အတ္တကျော် ။   ။ မြင်ရနည်းတာနဲ့ ရှိခြင်း၊ မရှိခြင်းက ဆက်စပ်ရ ခက်မယ် ထင်ပါတယ်။ ဒါတွေက ဘုရားလက်ထက်တော်ကတည်းက ရှိခဲ့တာ ကျမ်းဂန်တွေမှာ အထင်အရှားပဲလေ။ မြန်မာ့လူ့ဘောင်ကလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘောင်မို့ တခြားလူ့ဘောင်တွေနည်းတူ ရှိနေတာပါ။ တစ်ခုပဲ၊ ပတ်ဝန်းကျင်က မတူသလို မတန်သလို ဆက်ဆံခံရမှာကြောက်၊ ဒါကြီးကို လွဲမှားနေတယ်ဆိုတဲ့“အစွဲမှားကြီး”နဲ့ လွဲနေတာများကြောင့် အပွင့်ထက် အပုန်းက များနေလို့သာ ကျွန်တော်တို့ဆီမှာ အမြင်ရ နည်းချင်သလိုလို ဖြစ်နေတာပါ။

ကျွန်တော်တို့ တခြားတဖက်က ဆင်ခြင်ကြည့်ရအောင်လား။ ပညတ်ချက်တွေ၊ ပတ်ဝန်းကျင် လူအများရဲ့ ငြင်းပယ်မှုတွေကြောင့် အပုန်းတွေ ဖြစ်နေကြတယ်ဆိုတဲ့အချက်က ယုတ္တိတန်လိမ့်မယ် ထင်ပါတယ်။ အဲလို ပုန်းနေခြင်းကြောင့် အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေဟာ အပုန်းတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြရတယ်၊ ခုနကပြောတဲ့ အတွင်းစိတ်ထဲမှာ ငုပ်နေတဲ့ ခုခံမှု ယန္တယားကြောင့် ဆန့်ကျင်ဘက်လိင်နဲ့ သူတို့ လက်ထပ်ပြီး အိမ်ထောင်ပြုထားကြတယ်။ အဲဒီ အမျိုးသမီးတွေ ဓားစာခံ ဖြစ်ရတယ်၊ တကယ်လို့သာ သူတို့ရဲ့ ခုခံမှု ယန္တယားကြောင့် ကလေးသားမြေး မွေးတဲ့အထိ ဖုံးပြထားပေမယ့် တချိန်မှာ ဆန္ဒအလိုကို မျက်စိမှိတ်လိုက်ရင်း ဖုံးမရ ဖမိရဖြစ်လာတဲ့အခါ အဲဒီ့ ကလေး သားမြေးတွေမှာ အရှက်ကွဲ၊ အကျိုးနည်းကြရပြန်တယ်။အဲလို ဖအေက မွေးလာပြီး လုပ်မိလုပ်ရာ လုပ်ရာက မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် နှစ် ၃၀ ကျော်ကျနေရင်း ထောင်ထဲမှာပဲ တိမ်းပါးသွားသူ တစ်ယောက် အကြောင်း ကြားလိုက်ရတာ မကြာသေးပါဘူး။ ခမျာမယ် သူ့ဖအေ ဘယ်သူဆိုတာ လူကြားထဲ ထုတ်မပြောရဲတဲ့ ဘ၀နဲ့ နေခဲ့ရတာပါ။ မပြောရဲဆို သူ့အဖေက နာမည်ကျော် အပွင့်ကြီး ဖြစ်သွားတာကိုး။

အဲတော့ သူတို့ ဖုံးနေ၊ ပုန်းနေတာဟာ သူတို့ကိုယ်သူတို့သာမက တခြား အပြစ်မဲ့ လူသားတွေကိုပါ ထိခိုက်နေတာ အသေအချာပါ။
သူတို့ကိုသာ ပွင့်လင်းခွင့်ပေးလိုက်မယ်ဆိုရင် သူတို့လည်း ဘယ်ဖုံးနေ ပုန်းနေတော့မလဲ။ အဲဒါဆိုရင် သူတို့ရဲ့ ကြိတ်ပုန်း သားကောင် ဖြစ်ရရှာလေမယ့် ဆယ်ကျော်သက်လေးတွေ၊ ဓားစာခံ ဖြစ်လေမယ့် အမျိုးသမီးတွေနဲ့ လူတော မတိုးရဲမယ့် လူသားတွေ လျော့ပါးသွားနိုင်မလားဆိုတာ စဉ်းစားနေမိပါတယ်။ သည်အတွက် ကျွန်တော်ကတော့ သူတို့ကို ပွင့်လာစေချင်တယ်။ အဲဒါကို “အားပေး အားမြှောက်”လို့ တံဆိပ်ကပ်မယ်ဆိုရင်လည်း ကျွန်တော် ခံလိုက်ပါတော့မယ်။ ကျွန်တော့်စေတနာက သားကောင်တွေနဲ့ ဓားစာခံတွေ မနစ်နာစေချင်တာလေ။ လူတို့ရဲ့ လိင်စိတ်နဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို အနည်းအပါး လေ့လာကြည့်မယ်ဆိုရင်တော့ ဒါဟာ သိပ်ကြီးကျယ်လှတဲ့ ပြဿနာ မဟုတ်ပါဘူး။ ညိုညို ကြိုက်တဲ့သူ၊ ဖြူဖြူကြိုက်တဲ့သူ၊ ထောင်ထောင်မောင်းမောင်း ထွားထွား ကြိုင်းကြိုင်း ကြိုက်တဲ့သူ၊ ပိန်ပိန်သွယ်သွယ် ကြိုက်တဲ့သူများနည်းတူ သူတို့သည်လည်း သူတို့ ကြိုက်ချင်ရာ ကြိုက်ကြတာဖြစ်သလို ဘယ်သန် ညာသန်များနည်းတူ အများနဲ့ မတူတဲ့ တစ်ဖက်မှာ သန်နေတာမို့ မူမှန်တယ်လို့သာ ပြောနိုင်ပါလိမ့်မယ်ခင်ဗျား။အိမ်နီးချင်းနိုင်ငံမှာ အပွင့်တွေ နေရာတကာမှာ တစ်နေ့တခြား သိသိသာသာ ပိုများလာတယ်ထင်ရင် တောင်ပြုန်းပွဲကို တစ်ခေါက်လောက် သွားကြည့်လိုက်စေချင်ပါတယ်။ ဘယ်နိုင်ငံက ပိုများလဲဆိုတာ မျက်စိနဲ့ တပ်အပ် မြင်စေချင်လို့ပါ။ တချို့က ပွဲတွေ၊ ပြိုင်ပွဲတွေ၊ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ လိုတာထက် များနေလို့ အဲဒီ့စိတ် မရှိတဲ့သူက အလကားနေရင်း အဲဒီ့စိတ် ပေါက်ကုန်တာလို့ ထင်ကြတယ်။ သည်စိတ်ဟာ အဲသလို လှုံ့ဆော်ယူလို့ ရတာမျိုး မဟုတ်တဲ့အချက်ကို အင်မတန်မှ သတိထားသင့်ပါတယ်။
အဲဒီ့နိုင်ငံမှာ သိသိသာသာ ပိုများနေတာနဲ့ ပတ်သက်တဲ့ တချို့သူတွေရဲ့ အဆိုကြမ်းတစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃-၄၀ အတွင်းမှာ အဲဒီ့နိုင်ငံသူတွေ ပဋိသန္ဓေတားဆေးများကို ပဲလှော်ဝါးသလို ၀ါးခဲ့ကြတာရဲ့ အကျိုးဆက်လည်း ဖြစ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။ အတည်ပြုလို့ မရတဲ့ အဆိုကြမ်းပါပဲ။

ကျား-မ၊ အသားအရောင်၊ ကိုယ်အင်္ဂါပြည့်စုံမှု-ချို့ယွင်းမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဇာတိမျိုးနွယ်၊ အသက်အရွယ်များကြောင့် လူနဲ့ လူချင်း မတူသလို မတန်သလို ဆက်ဆံတာ (discrimination) ကို လက်မခံဘူး၊ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ် ဇာတိကဖြစ်ဖြစ်၊ ဘာဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ကျိုးကျိုး ကန်းကန်း လူကို လူလိုသာ မြင်ရေးကို ဦးစားပေးချင်တယ် ဆိုကြပါရင် သည်ကိစ္စမှာလည်း လိုတာထက် များတာတွေ၊ နည်းတာတွေ၊ သိသိသာသာ ပိုများတာတွေကို ကြောင့်ကြစိုက်မနေတော့ဘဲ ကိုယ်နဲ့ တန်းတူ လူသားများအဖြစ် ရှုမြင်ပေးသင့်နေပါပြီ။ ဒါဆိုရင်တော့ ကျွန်တော်တို့ နေထိုင်တဲ့ လောကကြီးဟာ သိပ်ကို မင်္ဂလာရှိနေမှာပါခင်ဗျား။

ပုန်းပုန်းပွင့်ပွင့်၊ ဘိုင်၊ ဂလန် ကြိုက်တာဖြစ်၊ သူတို့သည်လည်း ၃၁ ဘုံမှာ ကျင်လည်နေတဲ့ ဝေနေယျသတ္တ၀ါအပေါင်းထဲမှာ ပါဝင်တဲ့ ကျွန်တော်တို့နဲ့ အတူတူ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ။

မေး။     ။ ခုနက ဆရာပြောသွားတာက အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေ၊ ကလေးအရွယ်တွေက အပုန်းတွေရဲ့ သားကောင်ဖြစ်ရတယ်ဆိုတာကို နည်းနည်းလောက် ရှင်းပြပါ ဆရာ။
အတ္တကျော် ။   ။ ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်စမှာ လိင်ကိစ္စကို စိတ်ဝင်စားတတ်တာ သဘာဝပါ။ သည်အရွယ် သည်အချိန်မှာ ဘာဆို ဘာမှ ကောင်းကောင်းကန်းကန်း မသိသေးဘူး။ သည်အချက်ကို အပုန်းတွေက အခွင့်ကောင်းယူပြီး သူတို့ရဲ့ အာလျကို ဖြည့်ဆည်းပေးမယ့်သူများအဖြစ် စည်းရုံး သိမ်းသွင်းကြပါတယ်။ စည်းရုံးတယ်ဆိုပေမယ့် receiver အဖြစ် စည်းရုံးတာ မဟုတ်ဘဲ သူတို့လိုအင်ကို ဖြည့်ပေးမယ့် provider အဖြစ် စည်းရုံးတတ်တာပါ။ အရွယ်မရောက်သူတွေကို receiver အဖြစ် abuse လုပ်တာကတော့ heterosexual တွေလည်း လုပ်တတ်ကြတယ်။ အမျိုးသမီးတွေလည်း heterosexual acts အတွက် အရွယ်မရောက်သေးသူတွေကို ကျူးလွန်တတ်ကြတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေလည်း သည်ဒဏ်ကို ခံကြရတယ်။ သို့သော် ရှက်လို့၊ ဖုံးဖိထားကြလို့၊ ကြောက်လို့ မပြောကြတာတွေ အများကြီးပါ။ ယောက်ျားများ လွှမ်းမိုးတဲ့ နေရာတွေဖြစ်တဲ့ အကျဉ်းထောင်တွေ၊ တူညီဝတ်စုံဝတ် အဖွဲ့တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဖြစ်များပါတယ်။ သို့သော် ဒါကိုလည်း လူ့ဘောင်ကပါ မသိစိတ်နဲ့ အလိုတူ အလိုပါ လုပ်ပြီး ဖုံးဖိပေးထားသလို ဖြစ်နေတယ်။ဒါနဲ့ ပတ်သက်လာရင် child sex offender တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပြန်သလို awareness raising လည်း လိုပါတယ်။ အဲဒီ့ မဖွယ်ရာမှုကို ကျူးလွန်သူတွေက ပြင်ပက သူစိမ်းတွေ အင်မတန်မှ နည်းလှပါတယ်။ သုတေသနတွေအရ ကလေးတွေနဲ့ အတူနေပြီး ရင်းနှီးနေကြတဲ့ ဆွေမျိုးသားချင်းတွေ၊ ဆရာ/ဆရာမတွေ ကျူးလွန်တဲ့ အမှုက ရာခိုင်နှုန်းပိုများကြောင်းပါ။

မေး။  ။ စိတ်မှာ လိင်တူနှစ်သက်သူဖြစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ပွင့်ပွင့်လင်းလင်း မဖြစ်ရတဲ့အခါ ကာယကံရှင်ကိုယ်တိုင်ကို ဘယ်လိုထိခိုက်နိုင်တာတွေ ရှိနိုင်သလဲဆရာ။
အတ္တကျော် ။   ။ အဖြေက ရှင်းပါတယ်။ ဆာလောင်မွတ်သိပ်နေသူ အစာမစားရဘဲ ငတ်လွန်းမက ငတ်လာတဲ့အခါ ဘယ်လို ဖြစ်လာမလဲ။ သည်လိုပါပဲ။ သိပ်ကို တောင့်တ တပ်မက်တာတစ်ခုကို လူမသိအောင် ဖုံးဖိထားရသူရဲ့ စိတ်အခြေအနေဟာ အကဲဆတ်နေတော့မှာ ဖြစ်ပါတယ်။

မေး ။   ။ လိင်တူချင်းနှစ်သက်တာဟာ စိတ်ရောဂါတစ်ခုပါလား ဆရာ။
အတ္တကျော် ။   ။ မဟုတ်ပါဘူး။ အရင်က စိတ်ပညာစာအုပ်တွေမှာတော့ အဲဒါကို စိတ်ရောဂါစာရင်းမှာ ထည့်ထားခဲ့ကြဖူးတယ်။ ခုနှစ်တော့ မမှတ်မိဘူး၊ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်တူချင်း တပ်မက်မှုကို စိတ်ရောဂါ စာရင်းက တရားဝင် ပယ်ဖျက်ပေးခဲ့တာ နှစ်နဲ့ ချီနေပါပြီ။

မေး ။   ။  တရားသဘောနဲ့ ပြောမယ်ဆိုရင် အတိတ်ကံလို့ ပြောလို့ရပါသလား ဆရာ။
အတ္တကျော် ။   ။ အဲဒါက ကျွန်တော် သိပ်လက်လှမ်းမမီတဲ့ နယ်ပယ်ပါ။ ကျွန်တော့် ဗုဒ္ဓဘာသာ အသိလေး တစ်ထွာတစ်မိုက်နဲ့ဆိုရင်တော့ ဟုတ်ပါတယ်လို့ ဖြေလိုက်ရမယ် ထင်ပါရဲ့

မေး ။   ။  အခြေအနေတွေကတော့ ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ဘာတွေ လိုအပ်ပါမလဲ ဆရာ။
ဆရာအတ္တကျော် ။   ။ Awareness raising, acceptance, non-discrimination ပါပဲ။ အများစု အနေနဲ့ ဒါဟာ ရှောင်လွှဲလို့ မရတဲ့ အရာ၊ ဘုရားဟောခဲ့သလို လူတိုင်း တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာမို့ သူတို့ကို မူမမှန်ဘူးလို့ သတ်မှတ်မယ်ဆိုရင် ကိုယ်လည်း မူမမှန်သူဖြစ်တာကို နှစ်နှစ်ကာကာ လက်ခံပြီး သူတို့တွေကို တန်းတူ ရည်တူ လူသားများအဖြစ် ဆက်ဆံပြီး သူတို့ကြိုက်တာ သူတို့ ကြိုက်ခွင့်ပေးလိုက်နိုင်ရင် အကောင်းဆုံးပါပဲ။
စကားစပ်လို့ ပြောရရင် လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကျွန်တော့်ကို တစ်ယောက်က မေးဖူးတယ်။ အဲတုန်းက ကျွန်တော့်သားအသက်က ၈နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ လိင်စိတ်ကို တိတိကျကျ မသိရသေးတဲ့ အရွယ်ပေါ့။ အဲဒီ့လူက မေးတယ်၊ လိင်တူချင်း စုံမက်သူတွေကို ဘယ်လို သဘောထားလဲတဲ့။ လူတွေလိုပဲ သဘောထားတယ်လို့ ကျွန်တော်ဖြေတော့ သူက သိပ်ဘ၀င်မကျဘူး။ ဒါနဲ့ ဆက်မေးတယ် “ခင်ဗျားသားသာ လိင်တူချင်း တပ်မက်မယ်ဆိုရင် ခင်ဗျား ဘယ်လိုနေမလဲ”တဲ့။ ကျွန်တော် မဆိုင်းမတွပဲ ဖြေလိုက်ပါတယ်။ ဘယ်လိုမှ မနေပါဘူး၊ သူက ကျွန်တော့်သားပဲ။ ကျွန်တော် သဘောမတူတဲ့ မိန်းမနဲ့ အိမ်ထောင်ပြုသလောက်ပဲ ကျွန်တော် ခံစားရမှာပါလို့။
အဲဒီ့အတွေးအမြင်မျိုး မွေးနိုင်ကြမယ်ဆိုရင်တော့ လောကကြီးက နေလို့ ကောင်းနေမှာပါ။ မမေ့သင့်တဲ့အချက် နောက်တစ်ချက်က လိင်တူချင်း စုံမက်သူတွေထဲမှာလည်း သိပ်ကို ထူးချွန် ထက်မြက်သူတွေ ရှိနေတာပါပဲ။ မြန်မာပြည်မှာ အထင်ကရ ရှိဖူးသလို ရှိနေသလို ကမ္ဘာမှာလည်း မနည်းပါဘူး။ အထင်ရှားဆုံးကတော့ အမေရိကန် သမိုင်းရဲ့ ပြောစမှတ်အတွင်ဆုံး သမ္မတကြီး (လင်ကွန်း လင်ကွန်းလို့ မြန်မာတွေ ခေါ်ကြတဲ့) အေဘရာဟင်(မ်) လင်းခန်း(န်)ပါပဲ။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။

Facebook ပေါ်က ဆွေးနွေးချက်များ
Phoe Galon – လူငယ်တွေ လမ်းလွဲကုန်ရင် ခက်မယ်နော်၊၊ ဘယ်လိုပဲ ဇြစ်နေပါစေ ကျွန်တော်ကတော့ကြက်ခြေခတ်ပါပဲ။ တစ်နှစ်ထက်တစ်နှစ် တောင်ပြုံးပွဲမှာ၊ ကျုံးဘေးမှာ များပြားလာတဲ့ အရေအတွက်က ကြောက်စရာကောင်းတော့ ပိုများလာပြီး ပိုပြီးပေါ်တင် အတင့်ရဲလာမှာကမှ စိုးရိမ်စရာလို့ မြင်ပါတယ်

Atta Kyaw – စာများများ ဖတ်ပါ ဆရာဖိုးဂဠုန်။ လူငယ်တွေ လမ်းလွဲကုန်ရအောင် သည်စိတ်က ဇွတ်လုပ်လို့ရတဲ့ စိတ်မျိုး၊ ဇာတ်သွင်းလို့ ရတဲ့ စိတ်မျိုး၊ လှုံ့ဆော်လို့ ရတဲ့ စိတ်မျိုး မဟုတ်တာလောက်ကို သဘောပေါက်အောင် အရင် သေချာ နှံ့စပ်အောင် ဖတ်ရှုတော်မူပါဦး။
အကျဉ်းထောင်တွေကို ရောက်ရှိသွားတဲ့ ငယ်ရွယ်နုနယ်သူ ယောက်ျားသားတချို့ဟာ သူတို့ အလို မတူဘဲ ထောင်ထဲမှာ အဓမ္မပြုကျင့် ဇာတ်သွင်းခံခဲ့ရတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ကြောက်လို့၊ အားချင်းမမျှလို့ နှစ်နဲ့ချီပြီး အဲဒီ့ ဒဏ်ကို ခံခဲ့ရပေမယ့် အပြင်ကို ပြန်ရောက်လာတဲ့အခါ လိင်တူချင်း တပ်မက်သူ ဖြစ်မလာကြဘဲ လိင်ကွဲကိုမှ တပ်မက်သူများအဖြစ် ပြန်လည် ရပ်တည်နေသူတွေ အများအပြားပါ။
အမြင်ကို တတ်နိုင်သမျှ စုံအောင် ချဲ့ထွင်နိုင်ဖို့အတွက် စာများများ ဖတ်ပေးပါလို့ပဲ ထပ်မံပြီး အလေးအနက် မေတ္တာရပ်ခံလိုက်ပါရစေခင်ဗျား။

Phoe Galon – ဆရာခင်ဗျား၊ ကျွန်တော်တို့ MDY မှာ ၁၀နှစ်အတွင်း homosex တွေများလာပါသည်။ ဆရာပြောသလို ခွင့်ပြုလိုက်ဖို.ဒီနိုင်ငံနှင့်မဖြစ်နိုင်ပါ။အဖော်သုံးဖို.ကြော်ငြာဘုတ်တွေမှာ ၊ CSW(commercial sex worker)တွေကို အိမ်တိုင်ယာရောက် လိုက်ပြီး ကျန်းမာရေး ပညာပေးတာတွေလုပ်တော့ “ဟောရင်းသာပြန်လွန်တော်မူသွားတယ် ပရိတ်သတ်က ဒုံရင်း” ပါပဲ။ သူတို့ (CSW)တွေတောင် မလွယ်တာ ဆရာ့ရဲ့။ သူတို့ဆိုရင် ဘယ်လိုမှတောင် ပြောရမှာ မဟုတ်ဘူး။ ပြီးတော့ လိင်ကူးဆက်ရောဂါ(STD)တွေ ၊ HIVဆေး သောက်ဖို.ပြောရမှာတွေ၊ သွေးစစ်လို့ positive ဆိုတာကို ဘယ်လို တုံ့ပြန်မလဲဆိုတာတွေ၊ ရိုးရိုး ဆရာဝန်တွေက ဆေးတွေ ရမ်းပေးလို့ ဆေးမတိုးတော့ရင်၊ ပတ်ဝန်းကျင်က အခြောက် ဆိုတာနဲ့ HIV ရောဂါသည် ဘယ်ဟာကိုပိုနှာခေါင်းရှုံ့မလဲ။ MDY မှာ ည ၉ နာရီကျော်လောက် ကျုံးဘေးမှာ တစ်ယောက်တည်း ဆိုင်ကယ်စီးသွားရင် ဘယ်လိုလဲဆိုတာ MDY က ကိုကိုကာလသားတွေ သိပါတယ်။ ဆရာ စံဇာဏီဘိုရဲ့စာအုပ်တစ်အုပ်ထဲမှာ ရန်ကုန်က ပိုက်ဆံရှိတဲ့ သူဌေး အသိုင်းအဝန်းမှာတောင် ရှိတယ်ဆိုတာဖတ်ဖူးပါတယ်။ သူတို့ကိုခွင့်ပြုပြီးတော့ သူတို့အတွက် ဘာလုပ်ပေးမှာလဲ။

ဥပမာ။ ။ ART(HIV ဆေး) အလကားပေးမှာလား။ ယခု လက်ရှိ ရောဂါရှိသူတွေ(Register လုပ်ပြီးသူတွေ)တောင် (၁လစာ=၅၀၀၀၀အောက်ထစ်) သူများအကူညီနဲ့ ဆေးပေးနေ ရတာဘယ်သူပေးမှာလဲ။ လဲပေါင်းများစွာနဲ့ လားပေါင်း များစွာအတွက် ဘယ်သူ တာဝန်ယူမလဲ ထည့်တွေးရင်း ဆရာအဓိပါယ်ရှိတဲ့ (ဥပမာ။ ယောကျာင်္းမိန်းမတန်းတူအခွင့်
အရေး ရရေး) အလုပ်တွေကို တွေးဆ ဆင်ခြင်နိုင်ပါစေ။

Atta Kyaw – အေးဗျာ… ပုန်းနေတာနဲ့ ပွင့်နေတာနဲ့ ဘယ်ဟာက ပိုပြီး အလုပ်လုပ်လို့ လွယ်သလဲဆိုတာလောက်လေးပဲ ဆင်ခြင်တော်မူပါဦး ခင်ဗျား။ ကျန်တဲ့ လားတွေ လဲတွေက ဝေးပါတယ်။ ပုန်းပြီး ၁၃ – ၄ နှစ်သားလေးတွေ လူမသိ သူမသိ အကြံ ခံနေရတာ ကောင်းသလား၊ ပွင့်ပြီး ၁၃- ၄ နှစ်သားလေးတွေ ရှောင်နိုင်ရင် ကောင်းသလား ဆိုတာလောက်လေးပဲ တွေးကြည့်တော်မူပေးပါခင်ဗျာ

Aungkahing Mawtun
– ကျွန်တော်ကတော့ ခွင့်မပြုသင်
့ဘူးလို့ ထင်ပါတယ်။ ဆေးပညာရှုထောင့်ကကြည့်ပြီး မဟိုမုန်းများသွားလို့ ခြောက်တယ်ဘဲပြောပြော စိတ်ပညာရှုထောင့်က ကြည့်ပြီး စိတ်ကြောင့် ခြောက်တယ်ဘဲပြောပြော ခြောက်ပြီးသား လူတွေကတော့ ခြောက်လက်စနဲ့ ခြောက်ပါစေ။ သူတို့ကို တရားဝင်ခွင့် ပေးလိုက်ရင်မသိနားမလည်သေးတဲ့သူတွေကို သူတို့လိုင်းထဲကို သွင်းတော့မှာလေ။ နီးစပ်မှုကြောင့်ဘဲဖြစ်ဖြစ်၊ ဖျားယောင်းမှုကြောင့်ဘဲဖြစ်ဖြစ် သူတို့အုပ်စုထဲကို ရာက်သွားပြီး ဒါကို သူတို့အသိုင်းအ၀ိုင်းကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်ကြတော့မှာ။ပြီးတော့ သူတို့က ယောက်ကျားအားနဲ့မိန်းမဥာဏ်ပိုင်ရှင်တွေလေ။

Khin Hpone Yin: i read all comments and i just want to know how thai people manage for that problem? In Thailand their shows are also tourist attractions.

Atta Kyaw
: In my view, the majority of Thai people are very tolerant of anything, and hence they do not see it as a “problem,” but as an “unavoidable nature.” I believe their development is far ahead of us just because of their great tolerance towards contrary points of view. On the other hand, we, Shwes, are prone to kick up a tremendous fuss about EVERYTHING !!! 


San Tin: Some want to come out of the closet or some still want to be in closet.It doesn’t bother me at all. BUT SOME PEOPLE ARE WATCHING THOSE TYPE OF PEOPLE(GAY OR LESBIAN OR HOMO OR FAGGOT WHATEVER YOU NAME IT) AND GET MISERABEL.IT’S YOUR CHOICE.Life is too short and move on. Everyone has on its own life. We have our own life ahead of us.

Win Kyu - ဆရာရေ.ဒီမှာ(US).ခုခေတ်စားနေတယ် ခေါ်မလား၊ တလောကဖတ်လိုက်ရတာက မွေးလာတဲ့ကလေးရဲ့ sex ကို မိဘနဲ့မွေးပေးတဲ့ဆရာဝန် ဆရာမကလွှဲရင် မသိအောင် လျှို့ဝှက်ထားတယ်ဆိုဘဲ။ ကလေးသိတတ်တဲ့အရွယ်ရောက်မှ သူ့စိတ်ကြိုက် ရွေးစေမဲ့ သဘောပေါ့။ ကျမဖြင့်နားမလည်နိုင်ပါဘူး။ ဆရာ့သဘောထားလေး သိပါရစေရှင့်။

Atta Kyaw: Daw Win Kyu ခင်ဗျ။ အဲဒီ့ ဇာတ်လမ်းတွေက အတော်ရှုပ်သားလား ခင်ဗျ။ ကျွန်တော်ဖြင့် ဘာမှကို သဘောထား မပေးရဲအောင်ပါပဲခင်ဗျာ။ တကယ်တော့ အဲဒီ့ စိတ်တွေနဲ့ ရွေးချယ်ခွင့်ဟာ… အင်း… တကယ်တော့ တစ်ဦးချင်းစီရဲ့ မွေးရာပါ အခွင့်အရေးပါပဲ။ ကိုယ့်စိတ်နဲ့ ကိုယ့်ရုပ်တောင် ကိုယ်မှ မပိုင်ကြတဲ့ သူချင်းအတူတူ သူများတွေကို ဘာဖြစ်စေ၊ ဘာမဖြစ်စေနဲ့ ပြောမိရင် တရားမဲ့သူကြီးများ ဖြစ်နေမလားပဲနော်။ ကျွန်တော့်သဘောကတော့ အဲဒီ့ အတိုင်းပါပဲ ခင်ဗျား။

စာကြွင်း။  ။ ဖတ်ပြီးသဘောကျလို့ပြန်လည်ဝေငှခြင်းသက်သက်ဖြစ်ပါတယ်ခင်ဗျာ မူရင်းပို့စ်ကို ဆရာအတ္တကျော်ရဲ့ ကိုယ်ပိုင် http://atkbooks.wordpress.com/2011/08/16/on-homosexuality/ မှာသွားရောက်ဖတ်ရှုနိုင်ကြောင်းပါ။

No comments: