Friday, April 26, 2013

ဘ၀တခဏ အမှတ်တရများ


ပူစပ်ပူလောင်နိုင်လွန်းလှတဲ့ အိုက်စပ်စပ်ညလို့ ထင်ရပေမယ့် သင်္ကြန်တေးသံ မြူးမြူးကြွကြွက နားထဲ ပျံ့လွင့်လာလို့……။

ရင်ထဲ အေးချမ်းသွားတယ်။ ဒီရာသီ ရောက်တိုင်းပဲ မိမိနဲ့ စိတ်တူကိုယ်တူများ ပြန်လည် ဆုံတွေ့ရအုံးမယ်ဆိုတဲ့ အသိက လူကို အားသစ်အင်သစ်တွေနဲ့ ပျော်ရွင်တက်ကြွစေတယ်။

တချိန်တည်းမှာပဲ မိမိကဲ့သို အခြေအနေတခုကို မဖြတ်သန်းလိုက်ရသော တခါက ဆိုးဖော်ကောင်းဖက်များကို နှမျောတသစွာဖြင့် ပြန်အမှတ်ရမိ၏၊ အမှတ်တရဆိုတာ နေရာတကာတိုင်းမှာ လူတိုင်းအတွက် မဟုတ်ခဲ့ပေမယ့် ကိုယ်တွေလို ဘ၀တွေ အမှတ်စရာက အများသားလား။ “လူ့ဘ၀ဆိုတာ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ဘူး။ ဒါကြောင့် အမှတ်တမဲ့ အသက်မရှင်ပဲ အမှတ်တရ ချန်ခဲ့ရမယ့်” တဲ့။ ဒီစကားက ယောင်္ကျားနဲ့ မိန်းမပီသသူတွေအတွက်ပဲလား။ ကိုယ်တွေလို ဟိုမရောက် ဒီမရောက် မိဆန်းကြယ်၊ ဖိုဆန်းကြယ်တို့ အတွက်ရော ပါလေမည်လား မသိ ။

“အို” ဘယ်လိုပဲဖြစ်ဖြစ် (long long ago)တုန်းက အပုန်းမလို “ငါမှ ဖြစ်ရလေခြင်း” ဆိုတဲ့ မိမိကိုယ်မိမိ အပြစ်တင်မှုတွေနဲ့ ဂျီပဲ့မတယောက်လို ရှင်သန်တော့တာမှ မဟုတ်ပဲလား။ လောကမှာ လိမ်ညာဟန်ဆောင်ပြီး အသက်ရှင်နေရတာလောက် အနေရခက်တာ၊ စိတ်အကျဉ်းကျတာ ဘယ်မှာရှိပါ့မလဲ။ ကိုယ်တိုင်ခံစာခဲ့ဖူးလို့ အသိ။ ကဲ ကြည့်ပါ။ ဂျီမတယောက်ရဲ့ ဖြတ်သန်းမှုဆိုတာ ဘယ်လို ပင်ပန်းရလဲ………။

******

“ဟေ့ဟေ့ ခွန်ဆောင် ဘုရာကျောင်းဝင်းထဲ ဘာလုပ်ဖို့လဲ”

သင်းထောက်လူကြီး ဦးမာလရဲ့ စကားက လှမ်းလက်စ ခြေလှမ်းများကို တုန့်ဆိုင်းသွားစေတယ်၊

“သြော်…. ဘုရားကျောင်း လာတက်”

“ဘာ…..”

ဦမာလအသံကြောင့် ခွန်ဆောင်တကိုယ်လုံး တုန်တဲ့အထိ လန့်သွားတယ်။

“ဟိတ်ကောင် ငါတို့ ဘုရားကျောင်းက မင်းလို ငရဲသွားမယ့် ဟိုမရောက် ဒီမရောက် အခြောက်တွေကို လက်မခံဘူး။ အားလုံ ထွက်မလာခင် နင်ပြန်တော့။ သွား… သွားလေ”

ရင့်သီးလွန်းတဲ့ စကာတွေကို ဆက်လက် နားထောင်နိုင်စွမ်း မရှိတော့။ နေရာကနေ ချက်ချင်း လှည့်ပြန်ခဲ့တယ်။ တလမ်းလုံး မျက်ရည်ပူမျာကြား အမေ့ရဲ့……

 “ဒီနေ့ ဘုရားကျောင်းသွား” ဆိုတဲ့ စကားကို ပြန်ကြားယောင်မိတယ်။

++++

“အဟင့်….. အီး”

“ငါ ပြောသားပဲ။ နင်ကလည်း မိန်းမလို ကနွဲ့ကလျ မနေပါနဲ့ဆို့။ အဲဒါ နင်ပဲ မှားတာ နင်ပြင်ရမှာ”

“အိုး ခွန်ဆောင်လည်း ပြင်တာပဲ။ ပြင်လို့မှ မရတာ ဒီစိတ်က အင့်…. အီး…”

ဘေးမှာ အပြစ်တင်နေတဲ့ အဒေါ်ကို ပြန်ပြောရင်း ၀မ်းနည်းလွန်းလို့ ငိုချလိုက်တယ်။ အခုလို တခါမှ ၀မ်းမနည်းဖူးဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ဘုရားရှေ့မှာ မေတ္တာစကားတွေ ပြောနေတဲ့ ဘာသာရေး ကျမ်းတတ်တွေ မဟုတ်လား။ တောင်ယာခုတ်ပြီး ဘ၀ကို ရိုးရိုးလေး ဖြတ်သန်းလာခဲ့ရတဲ့ အိမ်က အမေတောင် ခွန်ဆောင်ကို အပြစ်တင်တာမျိုး တခါမှ မလုပ်ခဲ့။ သူတို့ကျတော့။ အိုး……။

++++

“ဟဲ့ အဲတာများ ညည်းက ငြိမ်ခံခဲ့ရသလား။ ဟင်…. ရာဇ၀င်ရိုင်းလို့ လာ…. လာ အခု”

“တော် တော်ပါတော့ မွန်းရယ်”

“ငါသာဆို ဒီနေရာ ကက်ကက်လန် သွားမယ်။ ကံထူးလို့ ဂန်ဒူးဖြစ်တာ။ ဘယ်သူ မျက်စိစူးသလဲ။ ငါနော် တောက်..”

ခံစားခဲ့ရသမျှတွေကို မိမိနဲ့ဘ၀တူ ရှမ်းကုန်းက မိမွန်းလိုက်ကို ရင်ဖွင့်မိလို့ သူက တဖျစ်တောက်တောက် ပြောနေတယ်။

“ငါက နင့်လိုမှ သတ္တိမရဲတာ”

“ဂွကျတာပဲ ခွန်မရယ်။ သတ္တိဆိုတာ လုပ်ယူမှ ရတာ။ သူများပေးမှ မဟုတ်ဘူး။ ကဲ အဲဒါတွေ ခေါက်ထား။ နင်လာတုန်း သိပ်အရေးကြီးတဲ့ အစီအစဉ်ရှိတယ်။ အဲဒါ ပြောမလို့”

“ဘာလဲဟယ် ငါ ကြောက်တယ်”

“လာစမ်းပါဟာ ဒီနားကို”

ခွန်ဆောင် မိမွန်းအနားကို တိုးရင်း….

“ဟဲ့ ဖြစ်ပါ့မလား”

“ကျွတ်….. နုံတာပဲ ခွန်မရယ်။ နင်ရော ငါရော ဒီရွာမှာ ဘာကိစ္စနဲ့မှ ဆက်နေစရာ မရှိတော့တာ။ သူတို့ကို လက်မခံပေးနိုင်တဲ့ ဒီမှာ ငါတို့ ရှေ့ဆက် ဘ၀ကို ဘယ်လို ရပ်တည်မလဲ”

“အဲဒါတော့ ဟုတ်တယ်”

“ပြီးတော့ နင်ရော ငါရော ဆယ်တန်းအောင်လို့ ဒို့ဘ၀ ဒို့ကျောင်းနိုင်ကြပြီ။ ၁၈ နှစ်လည်း ပြည့်ပြီးပြီပဲဟာ။ နင် စဉ်းစား”

သူ ပြောတာလည်း ဟုတ်ပါတယ်။ အိမ်ခြေ နှစ်ရာလောက်ရှိတဲ့ ကချင်ကုန်းနဲ့ ရှမ်းကုန်းက ရွာလေးမှာ ခွန်ဆောင်တို့ နှစ်ယောက်ပဲ ဆယ်တန်း အောင်တုန်းကတောင်၊

“ဟယ်..တော်လိုက်ကြတာ” လို့ ချီးကျူးတဲ့ လူတွေ ရှိသလို…..

“အခြောက်တွေ အောင်တာ ဘာလုပ်စားလို့ ရမှာလဲ။ မိတ်ကပ်ပြင် နတ်ကပဲ ရမှာပေါ့”

ဟု ချိုးနှိမ့်ပြီး ပြောသူတွေလည်း မနည်း။ ခွန်ဆောင် ဘယ်လိုပဲဖြစ်ဖြစ်။ တခုခုတော့ လုပ်မှဖြစ်မယ်ဆိုတာ နားလည်လိုက်တယ်။

++++

“သတိရချင်ရင် သတိရစရာဆိုတာ တမင်ရှာနေစရာ မလိုဘူး”တဲ့။ မှတ်မိနေသေးတယ်။ မှတ်မိနေပါသေးတယ်လေ…..။

ခွန်ဆောင်တို့ ရွာက ထွက်လာပြီး မန္တလေးမြစ်ကြီးနားကြားက နဘားဘူတာမှာ ယောင်လည်လည်နဲ့ ဖြစ်နေတုန်းကပေါ့။ ဘုရားမတာလား။ ကံကောင်းတာလား မပြောတတ်။ အဲဒီအချိန်က တောင်ပြုံးပွဲရက်ကြီးနဲ့  ကိုက်နေလို့ မြန်မာပြည် အထက်၊ အောက်က ဂျီမတွေ မင်းနှစ်ပါးကို အကြောင်းပြပြီး သူငယ်ထောင်ဖို့ ထွက်လာကြတဲ့ အချိန်ပေါ့။ ဖြစ်ချင်တော့ မိမိတို့နှစ်ယောက်ကို မြစ်ကြီနားက ဆင်းလာတဲ့ “မာမီချစ်“ဆိုတဲ့ ကတော်မကြီး တစ်ယောက်နဲ့ ဆုံရတယ်။ အဖြူရောင် ဒေါက်မြင့်ဖိနပ်၊ နီညိုရောင် ဘလောက်ဝမ်းဆက်နဲ့ မာမီ သိပ်လှနေလို့။ ယောင်္ကျားချင်း အဲမှားလို့ ဂျီမချင်းတောင် ငေးကြည့်ခဲ့ရတယ်။ မွန်းက လည်လည်းလည် ခပ်သွက်သွက်မို့ အဲဒီနေရာတင် မာမီနဲ့ မိမိတို့နှစ်ယောက် ငယ်ပေါင်း ကြီးဖော်တွေလို ခင်မင်သွားကြတယ်။ “မြွေမြွေချင်း ခြေမြင်” ဆိုတာ ဒါပဲလားတော့ မပြောတတ်ဘူး။

++++
“ နောင်….. နောင် ဗေထိ ဗေထိ”

နန်းပေါင်း ခြောက်ဆယ်ကျော်လောက်ရှိတဲ့ တောင်ပြုံးဧရိယာမှာ အပြိုင်အဆိုင် ဇာတ်တွေ၊ ပွဲလေ့လာသူတွေ၊ ဂျီထီး၊ ဂျီမ၊ ဂျီအို၊ ဂျီစမော၊ မဂျီတဂျီတွေ သူတိုရဲ့ သူငယ်တွေနဲ့ အိုး…ခြေရာချစရာ မရှိအောင်ကို စည်ကားလွန်းပါတယ်။ ခွန်ဆောင်နဲ့ မိမွန်းကတော့ မာမီချစ်ခေါ်လို့ ဒါပထမဆုံးအကြိမ်ပဲ ရောက်ဖူးတာ။

“ဟဲ့ဟဲ့ ဆော်တာလွတ်မတွေ၊ ငါးရံ့ ပြာလူးသလို လင်တရူး ထမနေကြနဲ့။ နင်တို့လင် ပုလိပ်တွေနဲ့ တွေ့မှ ဟိုဟာဖြစ်ကုန်မယ်။ လင်ရှာချင်သပဆို ဒီပွဲခင်းပဲ ရှာ၊ ဈေးချိုဖက်၊ ကျူံးဒေါင့်ဖက် မသွားကြနဲ့ဟဲ့။ ကြားလား”

မာမီကြီးတွေရဲ့ သတိပေးသံပါ။ ဂျီမတချို့ကတော့…….

“ဟုတ်ကဲ့ မာမီ”

ဟု ဖြေကြပေမယ့် တချို့သော ဂျီတွေကတော့ သူငယ်ထောင်နေတာနဲ့ ကြားကြပုံမပေါ်။ အရင်နှစ်တုန်းက မိန်းမပုံနဲ့ အပြင်ရောက်တဲ့ အခြောက်တွေကို ရဲက ဖမ်းလိုတဲ့။ တချို့ဆို ပိတ်ပြီး ဖမ်းတာ ရဲကို လက်သီးနဲ့ ထိုးပြီး ထွက်ပြေးလာကြရတယ် ဆိုပဲ။ ဒီနှစ်တော့ အပြင် သိပ်မထွက်ကြ။ အထဲမှာတော့ “သူ့လင် ငါ့လင်ဆိုပြီး” လင်လုနေကြလေရဲ့။ ကိုယ်တွေကတော့ အချင်းချင်းကြားမှာ ၀ုန်းရခြေရမယ့် အလုပ်ဆို အမြဲရှောင်တယ်။ အထူးသဖြင့် သူငယ်ကိစ္စပေါ့။ ဒါပေမယ့်လည်း တယောက်နဲ့ တယောက် အကြိုက်ချင်း ဘယ်တူပါ့မလဲနော်။ အဲ မတူတာ ဆိုပေမယ့် တူတာတခုတော့ ရှိတယ်။ အဲဒါကတော့ ဂျီမတွေ သူငယ် အအမ်းလွန်လို့ အပြန်ခရီးမှာ ရထား ခိုးစီးကြရတဲ့ အဖြစ်တွေပေါ့။ လက်မှတ်စစ်လာတဲ့ ရဲတွေ အနေခက်အောင်၊ ပုံစံအမျိုးမျိုးနဲ့ ကြာပစ်လိုက်ကြတာ။ ဘာပြောကောင်းမလဲ။ ဘသားချောတွေ တချိုးထဲ လစ်ရော။

++++

တိုတိုတုတ်တုတ် ပြောရရင် အဲဒီကအစ ခွန်ဆောင်လည်း အပွင့်ဇာတ်လမ်း စတာ။ ပြီးတော့ ဘ၀ရဲ့ စိန်ခေါ်မှုတွေကလည်း အဲဒီက စတာလို့ဆိုရင် ရမယ်ထင်တယ်။ မာမီနဲ့ ခွန်ဆောင်တို့ နှစ်ယောက် လိုက်သွားတော့ မာမီက ကူညီပါတယ်။ နတ်ကတတ်တဲ့ မွန်းကိုတော့ သူနဲ့ အတူပေါ့။ မိမိကိုတော့ သူ့အသိ ဆရာဝန်ဆေးခန်းမှာ ဆေးပေးဆေးစပ်။ လစာတော့ သိပ်မကောင်းဘူး၊ ဒါပေမယ့် ဆရာဝန်က နားလည်မှု အပြည့်အ၀ ပေးလို့ ခွန်ဆောင် အလုပ်မှာ ပျော်တယ်။

မွန်းကတော့ ခရီးတွေ ခဏခဏ ထွက်ရတယ်။ သူ ခရီးတခေါက်က ပြန်လာတိုင်း သူ့ စကန်လေးတွေ အကြောင်း ရွှမ်းရွှမ်းဝေအောင် ပြောတတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ပီပီ သူ့ကို ခွန်အောင် အားကျတယ်၊ မိမွန်းကတော့………

“ကိုယ် ၀ါသနာပါရာပဲ လုပ်ပါ သူငယ်ချင်း။ ဒါမှ ငါတို့ အောင်မြင်မှာ” လို့ မကြာခဏ ပြောတတ်တယ်။

++++

ရက်၊ လ၊ နှစ် ဆိုတာ တကယ်တော့ ခဏလေးပဲ။ မိမိရှေ့မှာတင် ဆယ်စုနှစ်များက တဖြတ်ပြီး တဖြတ် ကျော်လွန်လာတာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှပါတယ်လေ။ သို့ပေမယ့် ထိုစိတ်များက ပျောက်ကွယ်မသွား။ ပို၍ ခိုင်မာလာသောကြောင့်ပင် NGO ဆေးခန်းတခုမှာ ကောင်စလာ ၀င်လုပ်ရင်း တဖက်ကလည်း ဂေးအခွင့်အရေးအတွက် ပါဝင်လှုပ်ရှားဖြစ်၏။ တနေ့…..

“မခွန်…… အထူးဧည့်သည်”

ကောင်တာက ကောင်မလေး အသံကြောင့်

“ခေါ်လိုက်လေ”

“မိခွန်”

“ဟယ်”

“မိခွန် အဟင့်…… အဟင့်”

မိမွန်နဲ့ မိမိ တယောက်ကို တယောက် တင်းကျပ်စွာ ဖက်ထားရင်း တယောက်ကို တယောက် ခြေဆုံးခေါင်းဖျား ကြည့်မိကြ၏။ အရင်က ပန်းနုရောင်သန်းပြီး မို့မို့ဖောင်းဖောင်းလေးနှင့် နမ်းချင်စရာ ကောင်းသော သူ့ပါးနှစ်ဖက်မှာ ချိုင့်ခွက်ပြီး မဟော်ဂနီရောင် ပြောင်းသွား၏။ ယခင်က အကြော စိမ်းစိမ်းလေးနှင့် သူ့လက်များလည်း ယခု အကြောအပြိုင်းပြိုင်း။ ဒီလောက် အချိန်လေး၌ သူ ဒီလို မဖြစ်သင့်သေးပေ။

“နင် ဘယ်လို ဖြစ်ရတာလဲကွာ”

မိမွန်း လက်ကို ဖျစ်ညှစ်ရင်း မေးလိုက်တယ်။

“မြင်တဲ့ အတိုင်းပဲ မိခွန်ရယ်။ ငါ နင်နဲ့ မတွေ့။ ပြီးတော့ ငါ နတ်ကတာ စိတ်ကုန်လာလို့ မာမီ့ကို ပြောပြီး ရန်ကုန်က အခြောက်မတွေနဲ့ ထိုင်းဘက် အလုပ်ခိုးဝင် လုပ်တယ်။ သုံးလေးနှစ်အတွင်း အဆင်ပြေလာလို့ ဆိုးအတူ ကောင်းဖက်ဖြစ်တဲ့ နင်နဲ့မာမီ့ကို လာရှာတယ်။”

“နင်က အလုပ် ပြောင်းသွားတယ်လို့ ပြောတယ်။ မာမီ့ကိုတော့ ငါ ခေါ်လာတယ်။ ပြီးတော့ ငါနဲ့မာမီ မန္တလေးက ဂျီမတယောက် အိမ်မှာ တည်းရင်း အဖမ်းခံရတယ်။ ငါလည်း တခါမှ အတွေ့အကြုံ မရှိတော့ အရမ်းကြောက်သွားတယ်။ တိုတိုပြောရရင် ငါတို့ကို ဖမ်းချင်ယောင်ဆောင်ပြီး ပင်လယ်ငါးဖမ်း လှေဘက်ကို ရောင်းစားလိုက်တယ်။ ငါတို့ပုံတွေကို ကြည့်ပြီး ငါးဖမ်းလှေတွေမှာ ငါးရွေးပြီးတော့ ငါးဖမ်းသမား အများစုရဲ့ လိင်ဖျော်ဖြေရေး လုပ်ခိုင်းတယ်။ မလုပ်ရင် ငါတို့နှစ်ယောက်ကို ၀ယ်လာတဲ့ တရုတ်သူဌေးရဲ့ လူယုံက ကြိုးတုတ်ပြီး နှိပ်စက်တယ်။ အဲဒီလိုနဲ့ တနှစ်ကျော်လောက်မှာ ငါနဲ့ မာမီ ကမ်းကပ်ချိန်ရအောင် ထွက်ပြေးကြတယ်။ မာမီလည်း ပင်လယ်ငှက်မိတာရော ဟိုအကောင်တွေ နှိပ်စက်တာရောဆိုတော့ မာမီ အကြီးအကျယ် နေမကောင်း ဖြစ်တယ်။”

“ဒါနဲ့ အခု မာမီရော”

“သူ….. သူသေပြီ”

“ဘာ..”

“ဟုတ်တယ်။ မာမီ ဆေးရုံ တက်တော့လည်း ဆေးရုံဝန်ထမ်းတွေက ဒီအခြောက်မတွေ လာပြန်ပြီဆိုပြီး ငါတို့ကို ပလပ်ထားကြတယ်”

“ဒါနဲ့ ပင်လယ်ဘက် ရောင်းစားခံရတဲ့ဟာကို နင်တို့က တရားမစွဲဘူးလား”

“လုပ်တယ် သူငယ်ချင်း။ ဒါပေမယ့် ငါတို့ဆီမှာ ဂျီမတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေက မရှိသေးတော့ ကိုယ့်ကို အမှုပြန်ပတ်မှာ စိုးလို့ ငါ….. ငါနဲ့ မာမီ……. အဟင့်……”

“ငါ နော်”

ခွန်ဆောင် တယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ခံပြင်းစိတ်တွေက လျှံထွက်လာတယ်။ မာမီအတွက် မျက်ရည်ပူများက တရစပ်။

++++

ကြာပြီလို့ ထင်ရပေမယ့် ထိုအကြောင်းအရာတို့သည် နေ့ရက်တို့ နီးလာတိုင်း မနေ့တနေ့က အဖြစ်အပျက်တွေလို ခံစားရ၏။

အဝေးပြေးကား တချို့ရဲ့ ဖြတ်မောင်းသံ၊ ခွေးဟောင်သံ တချက်၊ တချက်မှအပ ညဟာ တိတ်ဆိတ်လို့ အထဲမှာ မွန်းကြပ်လာလို့ အပြင်ထွက် ကောင်းကင်ကို ကြည့်တော့ လမင်ကြီးက ၀ိုင်းစက်တောက်ပလို့…………

“မွန်းလိုက်ဆိုတာ လရဲ့အလင်းလေ သိလား။ ငါ့ကို အိုက်ခေါထော်ဆိုတဲ့ နာမည်မခေါ်နဲ့။ လရဲ့ အလင်းလေးလို့ ခေါ် ကြားလား” ဟူသော မွန်းလိုက်ရဲ့ စကားသံများ၊ နင် တကယ်ရော လင်းခဲ့ရလား မွန်းရယ်…..။ တကယ်ဆို မွန်းရော မာမီပါ မသေသင့်ကြသေးပါပဲလျက် လူတွေ၏ ခွဲခြားမှုများကြောင့်သာ အကြွေစောခဲ့ရခြင်း မဟုတ်ပါလား..မွန်းရေ။ ဂျီမတယောက်ရဲ့ ကြွေလွင့်ခဲ့ရမှု အတ္ထုပတ္တိတွေကို ဘယ်လိုလူတွေကမှ အသိအမှတ် မပြုနိုင်ကြပေမယ့် ငါ့ဆိုတဲ့ ငါကတော့ ဂျီမတယောက်အနေနဲ့ ဂျီမဘ၀ အမှတ်တရများစွာကို အမှန်တရား ရှေ့မှာ တရားစီရင်ပေးဖို့အရေး ငါတို့ တောင်းဆိုနိုင်ဖို့ ငါ မှတ်သားထားပါတယ်ကွယ်။

No comments: