Tuesday, July 2, 2013

မျှော်လင့်ရသော စိမ်းလန်းသည့်တောအုပ်




ငြင်းသွဲ့သွဲ့တိုက်ခတ်နေတဲ့ လေညှင်းတွေကြောင့် မြင်နေရတဲ့ မြက်ခင်းစိမ်းတွေဟာ ယိမ်းနွဲ့လို့။ တစ်ခါတစ်ခါအော်ဟစ်လိုက်တဲ့ ကောက်စိုက်သမလေးတွေရဲ့ အသံလေးတွေ ခိုးခိုးခစ်ခစ်ရယ်မောသံလေးတွေကလည်း ကြိုကြားကြားနေရပါရဲ့။ ကျွန်တော်ထိုင်နေဖြစ် တဲ့ လယ်တောစပ်က သရက်ပင်ကြီးကတော့ နေမပူအောင် မိုးထားပေးပါတယ်။
ဟူး….ရင်ဘတ်ထဲမှာ အလုံးကြီးစို့တက်နေသလိုလို… မျက်ဝန်းများဟာလည်း မျက်ရည်များဝေ့၀ဲနေမိရပါတယ်။ အမေတို့တာဝန်ကျရာ ဒီရွာငယ်လေးကို ကျောင်းပိတ်ရက်ပြန်လာမိတဲ့ခဏ လုပ်စရာမရှိတော့ အတွေးကမ္ဘာချာချာလည်မိတာ မြို့မှာကျန်ခဲ့တဲ့ချစ်ရသောသူ အထူးသဖြင့် ကျွန်တော်ကချစ်ရသောသူ ကျွန်တော့်ကို သတိမှရပါလေစ၊ အတူတွေ့နေစဉ်တုန်းကတော့ ချစ်တယ် ချစ်တယ်နဲ့ အခုများတော့ တစ်ပတ်မှ တစ်ခါတောင် ဖုန်းလှမ်းဆက်ဖို့ အမှတ်တရရှိပါဦးမလား။

အဖေကလေ ကျွန်တော့်ကို သိပ်ချစ်တာ။ အမေနဲ့ပုံစံမတူဘူး။ မိဘနှစ်ဦးစလုံးက ကျွန်တော့်ကို ချစ်ကြတာမှန်ပေမဲ့ ပုံစံကွဲတယ်ဗျာ။ တခြားမိဘတွေမှာဆို အမေကသာ တဖွဖွနဲ့ဆုံးမတယ် ချစ်ကြောင်းပြတယ်ပေါ့။ ကျွန်တော့်မိသားစုမှာတော့ အဖေက သူချစ်ကြောင်း သူဂရုစိုက်ကြောင်းပြတတ် ချစ်ပြတတ်တယ်လေ။ အမေကတော့ သားသမီးမျက်နှာကိုကြည့် သားသမီးအဆင်ပြေနေရင်ပဲ ဘာမှကို မပြောတာပဲ။ ဒါပေမဲ့ မိဘနှစ်ပါးစလုံးကို ကျွန်တော်ချစ်ပါတယ်။

ချစ်သူ…ဟုတ်တယ် ကျွန်တော့်ချစ်သူကို တက္ကသိုလ်ကျောင်းတက်ကာစ Pen friend လုပ်တာတွေခေတ်စားချိန်တုန်းက စာရေး ဆက်သွယ်မိတ်ဖွဲ့ရာကနေ တွေ့ဆုံခဲ့ကြတာပါ။ သူက မြို့တော်ကြီးရဲ့မြို့တော်သားတစ်ယောက်ပေါ့နော်။ စကားပြောလည်းညက် ဘော်ဒါကဏ္ဍကလည်းအရမ်းကောင်းဆိုတော့ အထီးကျန်နေတတ်ခဲ့တဲ့ ကျွန်တော်ဟာ ရင်ဘတ်ထဲကဘာမှန်းမသိသေးဘဲနဲ့ကို အရမ်းခင်မင်းရင်းနီးခဲ့တယ်ဗျ။

အင်း…သူနဲ့ကျွန်တော် တက္ကသိုလ်တက်တော့ အပြင်မှာတွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ နှစ်ဦးသားမျက်ဝန်းတွေက အရောင်တောက်လို့ မတွေ့တာကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲလိုပါပဲ။ သူ့အိမ်ကိုကျွန်တော်လိုက်သွားတယ်….သူ့အခန်းထဲကိုဝင်မိတဲ့ခဏမှာပဲ ကျွန်တော်တို့ ရင်ခုန်သံတွေရဲ့အမြင့်ဆုံးကိစ္စကို အပြိုင်ကျဲလိုက်မိကြပါတယ်။ သိက္ခာတို့ သူငယ်ချင်းစည်းတို့ဆိုတာတွေဟာ ဘယ်ရောက်နေမှန်းကို မသိတော့တာပါပဲ။

အထင်မသေးစမ်းပါနဲ့ဗျာ။ ကျွန်တော်တို့မှာ ကိုယ်စီရည်မှန်းချက်တွေရှိပါတယ်။ နှစ်ဦးသားကျောင်းပြီးရင် ကိုယ်ပိုင်စီးပွားရေးအသေးစား လေးတစ်ခုခုကို အစပျိုးတည်ထောင်နိုင်အောင်ကြိုးစားမယ်။ ၀န်ထမ်းမိဘတွေကိုအားမကိုးလည်းရတဲ့ ဆိုင်သေးသေးလေးတစ်ခုခုမှာ ဈေးရောင်းတာပဲဖြစ်ဖြစ် သူကျွမ်းကျင်တဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်လေးပဲဖြစ်ဖြစ်ပေါ့။ အများအမြင်မှာ သူငယ်ချင်းနှစ်ယောက် အရမ်းချစ်ကြလေသတည်းလို့မြင်ရင်ပဲရပါတယ်။

“အုန်း…” မိုးခြိမ်းသံက ရုတ်တရက်ကြားလိုက်ရတဲ့ခဏ ကျွန်တော့်တစ်ကိုယ်လုံး တုန်ခါသွားမိတဲ့အထိ လန့်သွားရပါရော။ နွားကျောင်း သားလေးတွေရဲ့ ဟေးကနဲပျော်ရွှင်စွာအော်ဟစ်လိုက်ကြတာကြောင့်လဲပါပါတယ်။ ကျွန်တော်ကတော့ မိုးရွာထဲမှာ အမိုးအကာမဆောင်း ဘဲ အိမ်ကိုပြန်မယ့်လမ်းကို လျှောက်ခဲ့ပါပြီ သိပ်သိပ်ကိုလွမ်းတာပဲ ချစ်သူရယ်။ အလွမ်းဆိုတာ ချစ်တဲ့သူဘက်က ပိုမိုခံစားရတဲ့အရာများ လားလို့မေးချင်ပေမယ့် မင်းဘက်ကအဖြေကတော့ အေးဆေးပေါ့ ဆိုတဲ့အသံလေးပဲဖြစ်မှာ။

အစိမ်းရောင်လွှမ်း ငြိမ်းချမ်းသောတေးသံတွေ ပျံ့လွင့်နေမည့် စိမ်းလန်းသောကမ္ဘာတစ်ခုဆီကိုရောက်ဖို့ ကိုယ်တို့တွေ စပြီးခြေလှမ်းဖို့ ပြန်လာပြီချစ်သူရေ…..မျှော်လင့်ချက်တွေနဲ့မင်းကြိုလင့်နေမယ်ဆိုတာ ယုံကြည်နေပါရစေ။

X          x           x

“Sushi…..Yummy Yummy” ဆိုတဲ့အသံလေးကို ငါကြားယောင်နေမိပြီ ချစ်သူရာ။ မင်းနဲ့အတူထိုင်ပြီးစားနေကြ Hello Sushi ဆိုင်လေး တောင် ရန်ကုန်မြို့အနှံ့ဆိုင်ခွဲတွေအတော်များနေပြီသိလား။ အခုလေ မင်းမကြိုက်တဲ့ ဂျင်းနုလေးတွေကိုဝါးရင် ငါ့ရှေ့ကဆူရှီတွေ တန်ပူရာတွေ အေးဆက်သွားတော့မယ့်အချိန်ကိုစောင့်ကြည့်နေမိတယ်ဗျ။ 

တိုက်တိုက်ဆိုင်ဆိုင်ကွာ ဆိုင်အပြင်ဘက်မှာ မိုးစက်တွေက သည်းသည်းထန်ထန်ကို မြေပြင်ပေါ်ကိုခုန်ဆင်းနေတော့တာပဲ။ ဆိုင်ထဲက ငြိမ့်ငြောင်းတဲ့ တီးလုံးသံလေးတွေက ကိုယ့်စိတ်ကိုမငြိမ်သက် မငြိမ့်ငြောင်းစေခဲ့ဘူးဆိုရင် မင်းက ငါ့ကို အရူးလို့ခေါ်ဦးမှာပဲမဟုတ်လား။ ငါ့မျက်ဝန်းတွေမှာလေ မင်းနဲ့အိမ်ပြန်ချိန်တိုင်းဝေ့၀ဲရတဲ့ မျက်ရည်တွေဝေ့၀ဲနေပြန်ပြီကွာ။ တကယ်ပြောတာ ငါ မင်း IELTS စာမေးပွဲတွေ ဖြေနေကတည်းက စိတ်ထဲတထင့်ထင့်နဲ့ခံစားနေခဲ့တာကွ။ လေလှိုင်းထဲက မနက် တစ်ကြိမ် ညတစ်ကြိမ်ကြားနေရတဲ့ မင်းအသံလေးတွေ အွန်လိုင်းသုံးမှမြင်ရတဲ့ မင်းမျက်နှာလေးတွေရယ် ငါ့စိတ်ခံစားချက်တွေကို ဘယ်လိုမှမနွေးထွေးစေခဲ့ဘူး။ စာကြိုးစားပါချစ်သူရေ မင်းပြန်လာရင် မင်းပြောသလိုပေါ့ မင်းကအထူးကုဆေးခန်းဖွင့်မယ် ငါက မင်းဆေးခန်းကလက်ထောက်ဆရာဝန်လေးပေါ့။

ဖေဖေကပြောတယ် မင်းသူငယ်ချင်းလို ရပ်ဝေးမြေခြားမှာ ပညာထပ်ဆင့်မသင်ချင်ဘူးလားတဲ့။ ဖေဖေတို့ချစ်တာကိုငါသိပါတယ် ဒါပေမဲ့ ငါတို့မိသားစုကိုငဲ့ရဦးမယ်မဟုတ်လား။ မြန်မာပြည်မှာသင်လို့ရတဲ့ပညာ ရသမျှပညာကိုထပ်မံဆည်းပူးထားပါ့မယ်။ မေမေကတော့ ဘာမှ မပြောပေမဲ့ သူသည်လည်း ကိုယ့်သားသမီးကို သူမြင်ရတဲ့နှိုင်းစရာဥပမာလေးလို နိုင်ငံရပ်ခြားကအမြီးရှည်တစ်ခုကိုယူစေချင်ဦးမှာပေါ့။ ဘာပဲဖြစ်ဖြစ်ကွာ ဖေဖေကောမေမေကော ငါ့ကိုမေတ္တာအပြည့်စေတနာအပြည့်နဲ့စောင့်ရှောက်နေတုန်းပါ။ မင်းရှိရင်တော့ မင်းကိုငါက အားကိုးချစ်မှာပေါ့…နော်။

ငါ့ချစ်သူ မင်းကို ဆယ်တန်းကျောင်းသားဘ၀ကတည်းက ရပ်ကွက်ထဲက မုန့်ဆိုင်တစ်ခုမှစမြင်ပြီးစွဲလမ်းခဲ့ရတာဆိုတဲ့အကြောင်း မင်းကို ပြောပြခဲ့တုန်းက မင်းတော်တော့်ကိုသဘောတကျရယ်မောခဲ့တဲ့ပုံစံလေးကို ငါလွမ်းတယ်သိလား။ စာကြမ်းပိုးရုပ်လေးငါ့ကိုလည်းမင်းက ဒီကောင်လေး တစ်ခုခုတော့တစ်ခုခုပဲ ငါ့ကိုစိုက်စိုက်ကြည့်နေတယ်လို့သတိပြုမိသားတဲ့။ မင်းကို အရမ်းအားကျတယ် စာတော်တယ် ရုပ်ချောတယ် ပြီးတော့ မိသားစုကလည်း အကုန်လိုလေသေးမရှိအထောက်အပံ့အပြည့်လေ။ အို…ငါတို့ အမှတ်မထင်ချစ်သူဖြစ်သွားတဲ့ ညလေးကိုသတိရသေးတယ်…ထူးခြားတယ်နော်…ဘုရားကိုးဆူပွဲလုပ်တဲ့မင်းတို့အိမ်ကို ငါ့လိုသူငယ်ချင်းအချို့လာအိပ်ပေးတဲ့ညကြီး သန်းခေါင်ယံမှာလေ မှတ်မိတယ်ဟုတ်။ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ထူးဆန်းတယ်နော် မင်းမှာလည်း စေ့စပ်တော့မယ့်ကောင်မလေး ရှိနေတာကို။ ငါ့မှာရော ဟင့်အင်….ငါဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်ကိုမချစ်ခဲ့ဖူးဘူး ချစ်သူအဖြစ်ပေါ့နော်။ မင်းကိုတော့…ချစ်တယ်..။

“ဂလောက်” ရှက်လိုက်တာ လူတွေကြည့်မနေလို့တော်သေးတယ်။ ပန်းကန်ထဲမှာ စားစရာတွေကုန်နေပြီကို ဆက်ပြီးနှိုက်နေမိတော့ အသံကထွက်လာတာလေ။ ဆိုင်ပေါက်ဝနဲ့ မလှမ်းမကမ်းက ချစ်သူစုံတွဲလေးကိုကြည့်လိုက်တော့ ကောင်မလေးကို ကောင်လေးက ယုယုယယ စားစရာတစ်ခုကိုခွံ့ကျွေးလို့ပါ။ ငါ့ရင်ထဲမှာ တော်တော့်ကို ဆွတ်ပျံ့လွမ်းမောသွားတယ်။ နိုင်ငံတကာမှာ ဂျပန်အစားအစာ ဆိုင်တွေကရှိနေတော့ မင်းစားရမှာပါလေ…ဟော…ဆိုင်အပြင်မှာ မိုးတွေရွာလာပြီ…ငါ့မှာထီးပါလာလို့တော်ပါသေးတယ်။ ဒါပေမဲ့ ခါတိုင်း လို ကားငှားမစီးတော့ဘူး လမ်းသွယ်တလျှောက်လုံး ငါထီးဆောင်းပြီး မိုးထဲသွားတော့မယ် အိမ်ပြန်ရောက်တဲ့အထိပေါ့။ အင်း…မင်းဆူပူ ကြိမ်းမောင်းသံလေးကိုကြားချင်တယ်ကွာ..အဟား။

ပုပ္ပါးမြေလိုစိမ်းလန်းမယ့် ငါတို့အနာဂတ်ဆီရောက်ဖို့ မင်းရယ် ကိုယ်ရယ် ရည်မှန်းချက်အသီးသီးနှင့် ခြေစလှမ်းနေကြပြီဆိုတော့ ငါ့ရင်ထဲ မှာ ကြောင့်ကြစိတ်ဝင်မိပေမယ့် ပျော်နေတယ်ကွာ…မင်းဆီကလာမယ့် ဖုန်းသံလေးကိုစောင့်စားရင်း ဒီည ကောင်းကောင်းလေး အိပ်မက် မက် မယ်။

X          x           x

“ရေခဲ ကုန်ပြီ ညီ…သွားယူပေးဦးကွာ” 

သိပ်မုန်းတာပဲဗျာ။ အနုပညာသမားတစ်ယောက်ကို ရည်းစားဖြစ်ခွင့်ရတာ ကံကောင်းတယ်လို့ ပြောလို့ကိုမရဘူး။ အ၀တ်အစား အကောင်းစား အစားအသောက်အကောင်းစား နေတော့လည်းအကောင်းစားနေရာဆိုပေမဲ့ အဲ့လို နေထိုင်နိုင်ဖို့ကြိုးစားရတဲ့ ဖြစ်စဉ် တွေက ခါးသီးသားပဲ။ ကိုကို့ကို စချစ်ကာစကတော့ ဒီလိုလူမှန်းမသိဘူး။ ချစ်စရာကောင်းတဲ့သူ ချောမောခန့်ငြားသူ သီချင်းဆို ကောင်းတယ်လို့ သတိပြုမိခဲ့ရုံလေးပါ။ ပျော်ပျော်ပါးပါးနေတတ်တယ် အနုပညာဝါသနာပါတဲ့ ညီ့အတွက် အားကိုးအားထားလဲပြုနိုင် တယ်လို့ယူဆခဲ့တယ်ဆိုပါတော့ကိုကို။ အခု စိတ်ညစ်တိုင်း အဆင်မပြေတဲ့ အလုပ်ကိစ္စတစ်ချို့ကြုံဆုံတိုင်း အရက်တစ်မျိုးမျိုးသောက် တတ်တာကိုတော့ မသိခဲ့ဘူး။ သူမြည်းဖို့ ခရမ်းချဉ်သီးသေးသေးလေးတွေကိုယူသွားဦးမှပါ…အင်း။

မီးဖိုချောင် ပြတင်းကနေလှမ်းကြည့်တော့ မိုးတွေကအပြင်ဘက်မှာ သည်းကြီးမည်းကြီးရွာနေတာ။ မနက်က ရှိုးလျှောက်ဖို့ကိစ္စ လက်ခံဖို့ ပြောထားတာအခုမှသတိရတယ်။ ပြီးတော့ ဖက်ရှင်မဂ္ဂဇင်းထဲပါလာတဲ့ ညီ့ပုံလေးတွေကတော်တော်လှတာပဲ စီစဉ်ပေးတဲ့ ကိုကို့ကို သိပ်ကျေးဇူးတင်တာပဲဗျာ။ ကိုကိုက FM Radio လိုင်းတစ်ခုမှာ အစီအစဉ်တင်ဆက်သူလည်းလုပ်သေးတော့ အကို့အသံချိုချို လေးတွေ ကို တစ်တိုင်းပြည်လုံးကပရိသတ်တွေက အရမ်းနှစ်လိုတတ်ကြတာ သတိရမိသေးတော့။ ခဏနေရင် သီချင်းဆိုလေ့ကျင့်ပေးဖို့ ဆရာ မောင်ကြီးတို့လာတော့မှာ။ သူတို့လာရင်လည်း ၀ိုင်းဖွဲ့ကြဦးမယ်ထင်ရဲ့။ အနုပညာသမားတွေက ခံစားလွယ်ပျော်လွယ်ငိုလွယ်တွေ များလား ကြည့်လိုက်ရင်ကြော့ကြော့မော့မော့လေးတွေနဲ့ အခုလိုပုဂ္ဂလိကဘ၀တွေမှာတော့ စိတ်လွတ်ကိုယ်လွတ်နေတတ်ကြတာ သဘာဝများဖြစ်နေကြပြီလားမသိဘူး။

ဖေဖေတို့ ရန်ကုန်တက်လာတုန်းက ကိုကို့ကို ညီ့အပ်ခဲ့တဲ့နေ့လေးကိုသတိရမိသေးတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ် ကိုကိုက အလုပ်လုပ်တာတို့ တခြားကိစ္စတွေမှာ ယုံကြည်ကိုးစားရသူပဲဟာ။ ဒါပေမဲ့ ကိုကိုရာ ညီမသိနိုင်တဲ့ကွယ်ရာမှာ တခြားသူတစ်ချို့နဲ့ တွေ့ ပြီးဘာညာသာရကာကိစ္စတွေဖြစ်ဖြစ်နေတာကိုတော့ ညီမသိချင်ယောင်ဆောင်လို့ လုံးဝမရဘူး။ ကိုယ့်အကိုလို ကိုယ့်လင်ယောက်ျား တစ်ယောက်လို အားကိုးချစ်ခင်ရတဲ့သူတစ်ယောက်ဟာ ပေါ့ပေါ့ပါးပါး ဟုတ်တယ် ပေါ့ပေါ့ပါးပါးလေးပဲနေတတ်သူတစ်ယောက်မဖြစ် စေချင်ခဲ့ဘူးဗျ။ အကိုသီချင်းတွေလည်းရေးတယ် အတွဲခွေတွေမှာလည်း သီချင်းတွေပါနေပြီ ပြီးတော့ တစ်ကိုယ်တော်အခွေ ထုတ်တော့ မယ်ဆိုတော့ ရှေ့အနာဂတ်ကလှနေပြီ…ညီကရော မော်ဒယ်လ်ယောင်ယောင် အဆိုဝါသနာရှင်လိုလိုနဲ့ အကို့အရိပ်ကမလွတ်သေးဘူး။ ဒါပေမဲ့ ဒီလိုလေးနေနေရတာကို ကိုကို့နားမှာ နေခွင့်ရနေတာကို ကျေနပ်နေမိတာ ယုံပါဗျာ။
သီချင်းသံတွေမြူးနေတဲ့ ခရစ်စမတ်ညရှိုးပွဲတစ်ခုမှာ ကိုကိုနဲ့ဆုံခဲ့တာနော်။ အပြတ်လန်းနေတဲ့ ကိုကိုက ညီ့ကိုမိတ်ဖွဲ့ပြီး စကားတွေပြော ရယ်ရယ်မောမောနဲ့ ခင်မင်လာတော့ တကယ်ကျေနပ်ရင်ခုန်ခဲ့တယ်။ ကိုကိုက အစီအစဉ်တင်ဆက်တယ် သီချင်းတွေဆိုတယ်ဆိုတော့ ဒါတွေ လည်းရတာပဲလို့ သဘောကျခဲ့တာပါ။ မသိဘူး ဘာအကြောင်းမှမသိဘဲ အဲ့ဒီည ကိုကိုတည်းခိုနေတဲ့ ဟိုတယ်ကိုညီလိုက်ဖြစ်ခဲ့ တယ် ကိုကို့အနမ်းတွေအောက်မှာ ဒူးထောက်ခဲ့တယ်။
ဒါ တွေ့တာမကြာသေးဘဲ ပျော့ညံ့ခဲ့တဲ့ညီ့အပြစ်လိုတော့ဆိုနိုင်မလားကိုကို။ အချစ်က တော်တော်ထူးဆန်းတယ်လို့ ပြောရမယ် ညီ့အတွက်လေ။ ညီက ရယူခြင်းသက်သက်ဆိုတဲ့အချစ်မျိုးလိုချင်ခဲ့တာ အခုတော့ ကိုကို့ကို ပေးဆပ်ခြင်းနဲ့အတူချစ်နေရပြီ။

“ဘေဘီလေး ဘာလုပ်နေတာလဲ လာတော့လေ” ဟော…မျက်နှာကို တို့ထိလာတဲ့ မိုးစက်ပွင့်နဲ့အတူ အိမ်ရှေ့ခန်းစီက ကိုကို့အသံ ကြောင့် မုန်းတယ်ဆိုပြီး စိတ်ကူးရွက်လွှင့်နေတဲ့ဖြစ်စဉ်က လက်တွေ့ဘ၀ချစ်မိနေခြင်းအတွက် သတိပြန်ကပ်မိပါတယ်။ ဟော..ကိုကို ကိုကိုတစ်ယောက်ဟာလေ ရာသီဥတုကအေးနေတာကို အဲကွန်းကဖွင့်ထားသေးတယ် တော်တော်အအေးကြိုက်တတ်တဲ့ကိုကိုပဲ။ ရီမုဒ်ကဟိုမှာ….။ အဲကွန်းကိုပိတ် သူ့အနားကိုတိုးကပ်သွားတော့ မွတ်သိပ်တဲ့အနမ်းတွေနဲ့အတူ ထွေးပွေ့တော့တာ ခဏနေက စိတ်ညစ်နေတာတွေ စိတ်ပျက်နေတာတွေက အဝေးကိုလွင့်စင်သွားခဲ့ပြီ။ အင်း…ကိုကိုကလဲကွာ….။

ငြိမ်းချမ်းတယ် စိမ်းလန်းတယ် သက်ထက်ဆုံးပျော်ရွှင်မယ့် ကမ္ဘာငယ်ကို ရောက်ဖို့ ကိုကိုနဲ့ ညီ လျှောက်လှမ်းပေါ်ကိုခက်သွက်သွက် လှမ်းနေကြပြီဆိုတော့ မကြာခင် အေးငြိမ်းပြီး သက်သောင့်သက်သာဖြစ်ကြရတော့မယ်ထင်ပါရဲ့ ဟုတ်တယ် ဟုတ် ကိုကို..။

X          x           x

“သား..ကျူရှင်က ပြီးပြီလား ဒီည ဘာစားချင်လဲ ဆရာစီစဉ်ပေးမယ်လေ” 

သားကို ဆရာအရမ်းချစ်တာပဲ။ ဘ၀မှာဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ဖူးတဲ့အချစ်မျိုးနဲ့ချစ်မိခဲ့တာ။ နှစ်ယောက်သားတွေ့ဆုံတဲ့အချိန် ကာလက ဘာကြောင့်များအခုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တည်ရတာလဲ။ မိတ်ဆက်ပေးတဲ့ သူ့သူငယ်ချင်းကောင်လေးကြောင့် တွေ့ဆုံရတာဆိုပေမယ့် ဆရာ့ရင်ထဲမှာ လွန်ခဲ့သောကာလများစွာက ချစ်ခဲ့ဖူးသူတစ်ယောက်လို ဆူးနစ်စွာ စွဲလန်းခဲ့ရတာက ရယ်စရာ တော့မဖြစ်လောက်ပါဘူးလေ။ ဟုတ်ပါတယ် ဆရာ့အသက်အရွယ်က သားရဲ့ ဦးလေးအရွယ်ဖြစ်နေပြီ ဒါပေမဲ့လေ ဆရာငယ်စဉ်ကတည်း က ငေးကြည့်မိရတဲ့ အရည်အသွေး အရည်အချင်းမျိုး သားဆီမှာရှိတယ်။ လူတွေရဲ့အသက်ကို ကယ်တင်နိုင်မယ့် လူတကာကအားကိုး အားထားပြုရမယ့် ဆရာဝန်လောင်းလျာလေး မကြာခင် ဆရာဝန်ကြီးပေါ့နော်။ ကဲပါ ညနေ စာကျက်တဲ့အချိန်စားဖို့ ကြိုက်တတ်တဲ့ မုန့်တွေ ပြီးတော့ မနက်ပိုင်းအဆာပြေသောက်ဖို့ ဟောလစ်ပုလင်းအသစ်တွေကို taxi ကားမောင်းတဲ့ ညီညီနဲ့ထည့်ပေးလိုက်မယ်။

တယ်လီဖုန်းထဲက မက်ဆေ့စ်တွေကိုဖတ်မလား….သတိရတိုင်းချချရေးထားတဲ့ ဒိုင်ယာရီစာအုပ်တွေကိုဖတ်ကြည့်မလား သားကို “မောင်” လို့တမ်းတမ်းတတနဲ့ရေးထားတာ မသိသူများကတော့ အပျိုကြီးမမတစ်ယောက်ရေးထားတယ်ထင်ကြမှာပဲ။ ဟုတ်တော့လည်းဟုတ်ပါ တယ် တကယ်တန်းတော့ ဆရာက မိန်းမတစ်ယောက်ဖြစ်တည်ရတဲ့ဘ၀မျိုးကို ခံစားမိသဘောကျမိနေတာ။ ဟိုတယ်ကြီးတစ်ခုရဲ့ အထပ်နှစ်ဆယ်မှာရှိတဲ့ ကော်ဖီဆိုင်လေးမှာအတူထိုင်ဖြစ်ခဲ့တဲ့ညက သားပြောခဲ့တဲ့စကားကို ဆရာအခုထိမေ့မရဘူး။ ဒီညဟာ သားဘ၀ရဲ့ ဘယ်တော့မှမေ့လို့မရမယ့်ညတစ်ညဆိုတာလေ။ ပြီးတော့ သားအပေါ်ကို ဘယ်သူဘယ်တစ်ယောက်ကမှ အသေးစိတ် ဆရာ့လို့မချစ်ပေးဘူး မချစ်ကြဘူးတဲ့။

အိမ်က ဘွားဘွားကြီးနဲ့လည်း သားက တော်တော်အထာကျတယ်နော်။ သားအိမ်ကိုလာရင် ဖွားဖွားကြီးကိုသွေးပေါင်ချိန်တိုင်း လိုတာ လေးတွေလုပ်ပေးနဲ့ ဘွားဘွားကြီးလည်း မြစ်တစ်ယောက်ကောက်ရသလိုကိုချစ်လို့။ ဆရာ့ ညီအစ်ကိုမောင်နှမတွေကလည်း သားဆိုရင် ဦးစားပေးလို့ချစ်ခင်လို့ဆိုတော့ ဆရာ့အနေနဲ့ တကယ့်ကိုကျေနပ်နေမိတာအမှန်ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောမယ်နော်….သားက မိန်းမစစ်တစ်ယောက်နဲ့ အိမ်ထောင်ပြုချင်တယ်ဆိုရင်ပြုသွား ဒါဟာ သဘာဝဖြစ်စဉ်တစ်ရပ်မို့နားလည်ပေးနိုင်ပေမယ့် ဆရာတို့လို ဖြစ်စဉ်တွေနဲ့ပဲ ဇာတ်လမ်းဖြစ်နေမယ်ဆိုရင် လုံးဝသည်းမခံနိုင်ဘူးဖြစ်နေခဲ့တယ်လေ အရင်က။ 

‘သစ်ပင်ကြီးတစ်ပင်ဖွံ့ဖြိုးဝေဆာလာရေးတွင် သစ်ရွက်များဖြစ်ပေါ်လာမှုကအဓိကကျသည်။ သစ်ရွက်များအဖြစ်မရင့်ကျက်ခင် ပုရစ်ဖူး လေးများဘ၀၌ရှိနေခဲ့သည်။ အမှန်တကယ်၌ ယင်းပုရစ်ဖူးလေးများသည် သစ်ပင်ကြီးတစ်ပင်၏ အနာဂတ်ဖြစ်သည်။’ ဟုတ်တယ် ပုရစ်ဖူး လေးနဲ့တူတဲ့ သားဘ၀လေးကို ပြင်းထန်သောလေသံ၊ မိုးသံတို့ကဲနေတဲ့ ရက်စက်သော ဂီတသံတွေအုပ်မိုးမလာအောင် ကာကွယ်ပေး ချင်တော့တာ ထူးဆန်းတယ်လို့မပြောပါနဲ့တော့။ တွေ့ကြုံဆုံတွေ့ခဲ့တဲ့ကာလများဆီကတော့ ဘယ်လောက်ထိ သားအပေါ် ရစ်မူးမိခဲ့ တယ်ဆိုတာ သူငယ်ချင်းတွေစု Gathering Party ပုံစံနဲ့ မင်္ဂလာဆောင်သလိုလိုဧည့်ခံပွဲလုပ်ခဲ့တာသာကြည့်။ အခုများတော့ သား ပျော်ရွှင်ရင် သားသာ ဆရာ့အနား ဆရာ့ပတ်ဝန်းကျင်က မထွက်ခွာဘူးဆိုရင် ဘယ်သူနဲ့ပဲချစ်ဇာတ်လမ်းတွေဖြစ်နေနေ ဘယ်သူတစ်ဦး တစ်ယောက်နဲ့ မေတ္တာမျှနေနေ ကျေနပ်ပျော်ရွှင်နေနိုင်ပါပြီ။ 

ဘာကြောင့်လဲမေးမယ်ဆိုရင် မေတ္တာပေါ့သားရယ် မေတ္တာနဲ့ပဲ ချစ်မိရတော့ တာပေါ့။ ဆရာဝန်ကြီးဖြစ်မယ် ဒီထက်ပိုပိုပြီး အဆင့်မြင့်တဲ့ပညာတွေ သင်ယူစေမယ် လူတွေရဲ့အားကိုးအားထား ဖြစ်လာမယ်ဆိုရင် သားကြိုးစားတာကို နံဘေးက ခပ်ပြုံးပြုံးလုပ်နေတတ်တဲ့ဆရာ့အတွက် ပီတိပေါ့လေ။ ဒါလေးပါပဲ..။

“ကလင်…ကလင်” တယ်လီဖုန်းလေးလာပြန်ပြီ ကျူရှင်ချိန်ပြီးပြီထင်ပါတယ်။ အိမ်ကိုလာမတဲ့….လိုအပ်တာလေးတွေဝယ်မှပါ။ ကိုယ်တိုင် ချက်ပြုတ်ထားတာလေးတွေဆို သားက နှစ်လိုအားရစားသောက်တတ်တော့ ရေခဲသေတ္တာထဲရှိတာလေးတွေ ခပ်မြန်မြန်လေးပြင်ဆင် ချက်ပြုတ်ရမယ်။ 

ဟဲ့…ကျွတ်…အိမ်ကခိုင်းတဲ့ကောင်မလေးကလည်း ဈေးကိုခိုင်းလိုက်တာ ပြန်ကိုမလာတော့ဘူး အပင်ပေါက်နေပြီလား မသိဘူးနော်…။ IELTS ကျောင်းသားတွေမလာသေးလို့တော်သေးတယ် တော်ကြာဆရာဘာဖြစ်နေလဲမေးကြမှာ။ မကောင်းဆိုးရွား မိုးရယ်….ငါ့သားလေးလာချိန်ကျမှ သည်းကြီး မည်းကြီးရွာချရသလား..ဟွန်း။

“တင်း…..တောင်” လာပြီသားရေ….လာပြီ ဆရာကိုယ်တိုင်လာဖွင့်ပေးမယ် တံခါးကို….။

စိမ်းလန်းသော တောအုပ်ကြီးတွင် အရိပ်များစွာပေးသော သစ်ပင်ကြီးများစွာရှိသည်တဲ့။ ဆရာ့ သစ်ပင်ကြီးရဲ့ခက်ဖြာနေသောကိုင်း တွေမှာပဲနားနား….အခက်တစ်ခက်ကိုပဲဆွဲခိုခို….အရိပ်ပေးမယ်..အနားယူချွေးသိပ်စေမယ်။ မနားချင်လို့ ခြေကန်ထွက်သွားရင်လည်း အကိုင်းအခက်လေးတွေ လှုပ်ရမ်းပြီးကျန်ခဲ့မယ်ပေါ့ ချစ်ရသော သားလေး..။

X          x           x

အမလေး…ဝေးသေးတယ် One go Two come three ready four wait ပါနော်။ ကွယ်ရာမှာ ကြိုက်တဲ့သူနဲ့ခြေပုန်းခုတ်နေတာတွေ သိတယ်။ အတူတွေ့ရင်တော့ သေမယ်သာမှတ်။ ချစ်ရတာများလေ သူ့အတွက်လွယ်သလိုလိုလုပ်နေတယ်။ ဒီကလည်း လာကြိုက်နေ တဲ့သူတွေကပုံလို့လို့ပြောရင်ပိုတယ်ဖြစ်ဦးမှာ။ သူ့ကိုချစ်နေလို့သာ သည်းခံနေရတယ် တကယ်တန်းဆို ဒီကစိတ်က လက် တစ်ဆစ် ရယ်။ လမ်းခွဲသွားလိုက်တော့ဆိုတော့လည်း မျက်ရည်လည်ရွှဲနဲ့ သဲကိုပဲချစ်တာပါကွာ ချစ်ကိုအဲ့လောက်ကြီးမပြောပါနဲ့ မရက်စက်ပါနဲ့ သဲရယ်တဲ့ သူပဲပြောတတ်လွန်းတယ် ဟွန်း။ ကိုယ့်ထက် တစ်လလောက်ပဲကြီးလို့ ရွယ်တူလိုပေါင်းမိပါတယ် သဲနော် ချစ်ကို ကိုကြီးလို့ ခေါ်တဲ့ ရယ်ရတယ်…ဗြဲ။ ကျောင်းလည်းတက်ရသေး သင်တန်းလည်းပြေးတက်ရသေး ဒီကြားထဲ သူ့ရုပ်ရည်ကိုကြိုက်ပြီးလာကြူတဲ့ အကောင်တွေနဲ့လည်း တစ်ခါတလေခြေပုန်းခုတ်ရသေး သူ့အစား ဒီက ရင်မောမိပါတယ်။ ဒါပေမဲ့နော် သောက်ရမ်းသ၀န်တိုတာဗျ စိတ်ချမ်းသာပါစေဆိုပြီး မသိချင်ယောင်ဆောင်နေတာ အကောင်းမှတ်နေတယ်။

“မြန်မြန်လာတော့ကွာ…ငါလည်းစာကျက်ရမှာ မင်းဝယ်ထားခိုင်းတဲ့စာအုပ်လေးငါယူထားတယ်” ဟီး ဟီး ဖုန်းဆက်တော့လေသံ ပြောင်း သွားတယ်မဟုတ်လား။ ဒီက အဲ့လိုပဲလေ ကွယ်ရာမှာပွစိပွစိသာပြောတာ သူ့လေသံပြောင်းသွားတာ မျက်နှာပျက်သွားတာကို လုံးဝ ခံစားနိုင်တာမဟုတ်ဘူးဗျ။ အရေးထဲ မိုးကတော်တော်ရွာလာတယ်…ချစ်ကြီး ကားစီးလာရတာအဆင်ပြေပါစေ။ ရင်တွေအရမ်းခုန်တာပဲ သူနဲ့ ချစ်သူဖြစ်လာတာ တစ်နှစ်မကတော့ဘူး။ အသံလေးကြားရုံနဲ့တင် တော်တော်စိတ်လှုပ်ရှားနေရတယ်။ အထိအတွေ့ကိစ္စကိုတော့ ပြောမနေနဲ့ သူ့မျက်နှာလေးမြင်နေကြည့်နေရတာနဲ့တင် သူဘာတွေလှုပ်ရှားသွားတယ်ဆိုတာ သတိမပြုလိုက်မိတဲ့အချိန်တွေရှိပါရော။ အို..ဒီကလည်း မြင်သူငေးပါနော် ကျောင်းမှာ ကောင်မလေးတွေဝိုင်းနေတာ ကောင်လေးတွေရဲ့အားကျကြည့်တောင်မကြာခဏကြည့်ခံ ရသေး။ သူနဲ့ ဒီကတွဲပြီးများသွားရင် သူငယ်ချင်းနှစ်ယောက်ကအတော်အတွဲညီတာပဲ နှစ်ယောက်စလုံး အလန်းဇယားကြီးပဲလေ ဟီး။

ချစ်ရဲ့မေမေကဖုန်းဆက်တယ် သားတို့နှစ်ယောက်ကြိုက်တဲ့ မုန့်တွေမနက်ဖြန်လုပ်စားမှာ သားလိုက်ခဲ့နော်တဲ့။ သူငယ်ချင်းလည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ကိုယ်တွေက တော်တော်ကံကောင်းတဲ့အထဲမှာပါတယ်နော်။ ဆယ်ကျော်သက်အရွယ်ကတည်းက တတွဲတွဲဖြစ်နေ ကြတဲ့ သူငယ်ချင်းနှစ်ယောက်အတွက် အရောင်ဆိုးလိုက်တာမဟုတ်တဲ့ အရောင်ပြောင်းခြင်းက ဆယ်တန်းဖြေပြီးတဲ့ညတုန်းကဆိုတာ မှတ်မိနေသေးတယ်။ နှစ်ယောက်သား စာမေးပွဲကိုလည်းအားရပါးရဖြေနိုင် ပြီးတော့ စာမေးပွဲပြီးရင် ချောင်းသာကိုသွားပြီး အပြတ်ကဲရ မယ်လို့ အိမ်တွေကခွင့်ပြုထားတော့ စိတ်တွေက သောက်ရမ်းကြွနေကြတာ။ အိမ်ကိုလာအိပ်တဲ့ ချစ် ရေချိုးခန်းထဲက တဘက် ပတ်ပြီးထွက်လာတာ ဒီက စိတ်ထဲဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ဒီကြားထဲ မင်းနားကမွှေးလိုက်တာကွာဆိုပြီး ပါးကိုလာနမ်းတော့ ဘယ်လိုမှ စိတ်ကိုမထိန်းနိုင်တော့ဘူး အပြန်အလှန်အနမ်းပြိုင်ပွဲကိုဖြစ်သွားကြတာ ကုတင်ပေါ်ကမွေ့ယာကြီးတောင်ရွဲ့သွားသေးတယ် အဟိ။ ကဲပါ အနာဂတ်ရည်မှန်းချက်မဲ့တဲ့အထဲ ဒီက မပါဘူးနော်….မင်းလည်းကျောင်းပြီး ငါလည်းကျောင်းပြီးရင် ဒယ်ဒီတို့အလုပ်မှာဝင် အလုပ်လုပ်ကြမယ်လေ။ မာနကြီးမနေနဲ့ ချစ်တို့မေမေက ပြောပြီးသား ဒယ်ဒီကလည်းကူညီမယ်လို့ကတိပေးပြီးသား။

“ဝေါင်း….ဝေါင်း” ဂျက်ကီ တစ်ကောင်ကတော့လေ ဘာကိုမြင်လို့အဲ့လောက်ဟောင်နေရတာလဲမသိဘူး။ ချစ်က မျက်စိနောက်အောင် အ၀တ်တွေဝတ်လာပြန်ပြီထင်တယ်။ ကျောင်းကလာတာလား အိမ်ကိုပြန်ပြီးမှလာတာလား သင်တန်းကနေလာတာလား? ကျောင်းက ဆိုရင်တော့ မျက်စိနောက်အောင်ဝတ်လာမှာမဟုတ်ဘူး သင်တန်းကနေဆိုရင်တော့ အ၀တ်အစားကလန်းနေမှဆိုတဲ့ သူ့လေသံအရ သေချာတယ် ဂျက်ကီမျက်စိနောက်မှာ။ 

‘၀ုန်း…ဒိုင်း’ 

ဘာမှမဖြစ်ဘူး မာမီရေ့ အိမ်ရှေ့မှာ ကိုဂျက်ကီ အဲလေ ချစ် သားရဲ့ချစ်သူရောက်နေ ပြီအဲတာ တံခါးသွားဖွင့်မလို့လုပ်ရင်း ခလုပ်တိုက်မိ တာဗျ။ အိမ်ကကောင်မလေးတွေ သွားဖွင့်ပေးတာစောင့်မနေနိုင်ပါဘူး သူတို့သွားဖွင့်ပေးရင် မျက်လုံးတွေက စူးစမ်းတဲ့အကြည့်တစ်သိန်း နဲ့။

စိမ်းလန်းတာတွေ ခြောက်သွေ့တာတွေ မျှော်လ့င်နေစရာလားဗျ လက်ထဲမှာ ဘွန်ဆိုင်းပင်တွေလည်းရှိတယ် ခြံထဲမှာဆို နှင်းဆီခင်း ရှိတယ် အိမ်နောက်ဖေးမှာ မာမီရဲ့သစ်ခွတွေ သဇင်တွေထားတဲ့ပန်းခြံရှိတယ်။ ဒီတော့ လိုချင်တဲ့ အပင်ဖြစ်ဖြစ် ပန်းဖြစ်ဖြစ်ခူးလိုက်ရုံပဲပေါ့။


Alex Aung (3 July 2013)

စာကြွင်း ။       ၀တ္ထုတစ်ပုဒ်အသွင်ဖြစ်ဖို့ဆိုရင် ဇာတ်အခြေခံ ဇာတ်အပျိုး  ဇာတ်ရှိန်အမြင့် ဇာတ်ရှိန်အလျော့ ဇာတ်သိမ်းစသဖြင့် အဆင့်ဆင့်ရေးဖွဲ့ရမှာမှန်ပေမယ့် ကျွန်တော်ရေးချင်ရာရေးလိုက်တာက စာဖတ်သူတွေကို မလေးစားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘ၀တွေမှာ ဇာတ်လမ်းအပျိုး ဇာတ်သိမ်းခန်း ဆိုတာတွေက စိမ်းလန်းသောတောအုပ်တစ်အုပ်မှာ နေထိုင်ခွင့်ဆိုတာမျိုးလို မျှော်လင့် ချက်နဲ့ အပင်တွေစိုက်ဖို့ သေမှမသေချာတာပဲ။ ဒါကြောင့်ပါ….။

No comments: