Monday, June 24, 2013

မိန်းမလျာတို့ဆုတောင်း



တောင်ပြုံးရွာလေးရဲ့ နတ် နန်းကြီးဘေးမှာ နတ်ကတော်တွေရဲ့ နတ်တဲတန်းလေးတွေ အစီအရီဆောက်ထားကြတယ်။ အဲဒီ့ တဲတန်းလေးတွေပေါ်မှာတော့ နတ်ကတော်မိန်းမ လျာတွေ ကိုယ့်အစုနဲ့ကိုယ် ထိုင်ရင်းစကားစမြည် ပြောလိုက်၊ ဖြတ်သွားဖြတ်လာ ကောင်လေးတွေကို လှမ်းစလိုက်၊ သဘောကျတာ တစ်ခုခုတွေ့ရင် မိန်းမလျာတစ်ယောက်နဲ့ တစ်ယောက် လက်ဝါးချင်း“ဖြောင်း”ဆို ရိုက်လိုက်နဲ့ ရယ်ကာမောကာ ပျော်ရွှင်နေကြတယ်။

““အဲဒီလို ပျော်ဖို့ရွှင်ဖို့အတွက် ရော ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်မှု အရပါ နှစ်တိုင်း တောင်ပြုံးကို အရောက်လာခဲ့တာ နှစ်ပေါင်းနှစ် ဆယ်ကျော်ပြီ””လို့ နတ်ကတော်မိန်းမလျာမိသောင်းကပြောတယ်။ နတ်ကတော်မိန်းမလျာတွေဟာ တောင်ပြုံးပွဲတော်ကိုလာရတာ အရမ်းပျော်ကြတယ်လို့ မိသောင်း ကဆိုတယ်။
 
ဘာလို့ ပျော်ကြတာလဲလို့ မေးတော့ မိန်းမလျာတွေက လူ့အသိုင်းအ၀ိုင်းကြားထဲမှာ တသီးတခြား ဖြစ်နေလေ့ရှိတယ်၊ လူတွေက မိန်းမလျာတွေဟာ ရွံ စရာကြီးလှောင်စရာလူကြီးလို့ပဲ မြင်ကြတယ်လေ။ ဒါကြောင့် ဘ၀တူမိန်းမလျာတွေ ဒီတောင်ပြုံးပွဲမှာ ဆုံကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် စဟယ်နောက်ဟယ်နဲ့ ကိုယ့်ဘ၀ သူ့ဘ၀ အားပေးရင်း ပျော်ကြရတယ်လို့ပြောပါတယ်။
မိသောင်းက စကားပြော ရင်း ဆေးပြင်းလိပ်တစ်လိပ်ကို ကောက်ပြီး ပါးစပ်မှာတပ်ကာ မီး ညှိလိုက်တယ်။ ဆေးပြင်းလိပ်ကို တစ်ချက်ဖွာလိုက်ရင်း မိသောင်း ကစကားကိုဆက်တယ်။ ““ကျွန်တော် ကံကံ၏အကျိုးကို အရမ်းကိုယုံကြည်တယ်။ ဒီဘ၀ကို ရလာတာ အရင်ဘ၀က ကာမေသုမိစာစာရကံကျူးလွန်ခဲ့လို့ဒီဘ၀ရောက်ရတယ်လို့ထင်တယ်။ ဒါကြောင့် ဒီဝဋ်ကြေွးကို ဒီဘ၀နဲ့ပဲ ကျေစေ ချင်တယ်။ နောက်ဘ၀ အပါမခံ ချင်တော့ဘူး””လို့ဆိုတယ်။ 

ခပ်ငယ်ငယ်အရွယ်တုန်းက တော့ ဖြစ်သင့်ဖြစ်ထိုက်တာ မစဉ်းစားဘဲ ကိုယ့်ကို ပစ်သွားတဲ့ ကောင်လေးနောက်ကို ဓားတစ် ချောင်းယူပြီးလည်း လိုက်ခဲ့ဖူးတယ်။ ကိုယ်နဲ့တွဲနေတဲ့ကောင် လေးက မိန်းကလေးနဲ့ဖြစ်နေလို့ သူတို့နှစ်ယောက် ချိန်းတွေ့တဲ့နေ ရာကိုလိုက်ပြီး ဆဲနည်းမျိုးစုံဆဲ ကာ အရှက်လည်း ခွဲခဲ့ဖူးတယ်လို့ မိသောင်းကပြောတယ်။
မိန်းမလျာတန်မဲ့ အရက်ပုလင်းခါးကြားထိုးကာ အရပ်တကာ လျှောက်သွားပြီး အသည်းကွဲတာကို မေ့ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောပြရင်း မိသောင်း မျက်ရည် ၀ဲနေတယ်။
 
““အဲဒါတွေ ဖြစ်ခဲ့တုန်းကဆို ကိုယ့်ရင်ဘတ်ကို မီးစကြီးနဲ့ထိုးနေ သလိုကို အရမ်းပူလောင်ခဲ့တာ၊ အဲဒီအချိန်တုန်းကတော့ ကိုယ် လုပ်ရပ်မှန်တယ်လို့ ထင်ခဲ့လို့ မှား ခဲ့တာပေါ့။ ခုချိန်မှာတော့ အရာ ရာအားလုံးဟာ ကိုယ်လုပ်ခဲ့တဲ့ ကံတွေ အကျိုးပေးတာပဲလို့ ယူဆ ပြီး ဖြေနိုင်အောင်ဖြေတယ်””လို့ ပြောပြတယ်။

ယောက်ျားချင်း တပ်မက်နေ ရတဲ့ဘ၀က တော်တော်ဆိုးတဲ့ ဘ၀တစ်ခုပါလို့ ဘေးနားမှာ ထိုင် နေတဲ့မိန်းမလျာ အမေမိုး ခေါ် ကိုမိုးအောင်က ၀င်ပြောတယ်။
 
““ဘ၀မှာ အဆိုးဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရဖူးတယ်။ ကိုယ်နဲ့ခြောက်နှစ်ကျော်တွဲလာတဲ့ကောင်လေးက မိန်းမခိုးပြေးတဲ့အခါ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန် သွားတယ်။ ဒါနဲ့ သိသိချင်း ဘာ လုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ သူတို့ပြေးတဲ့နောက်ကို တစ်ရွာဝင် တစ်ရွာထွက်လိုက်တယ်။ သူတို့ ကလည်း သူတို့ချစ်ခြင်းခွဲမယ်ထင် တာနဲ့ ပတ်ရှောင်ကြတာ။ နောက်
ဆုံး ကျွန်တော်က အော်ပြောတာပေါ့။ ဟဲ့ ငထွန်းနဲ့ မိအေးရေ နင်တို့ကို ခွဲဖို့ လိုက်လာတာမဟုတ် ပါဘူးဟယ် နင်တို့ကို ပေးစားမှာပါ။ငါ့ကို နင်တို့ ခိုင်းချင်ရာ ခိုင်း၊ နင်တို့နဲ့ နေချင်လို့ပါလို့ဆိုပြီးပြော ပြမှထွက်လာတယ်””လို့ အမေမိုး ကပြောပြတယ်။
 
မိန်းမလျာကို ကောင်လေး က ပစ်သွားတာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမလျာဘ၀ ဆိုတာ ထောက်ခံစာနဲ့တူတယ် လို့ ပြောလာသူက မော်လမြိုင်မြို့ က လာတဲ့ နတ်ကတော်စံစံပါ။

“အစ်ကို့ကိုမေးမယ်၊ မှတ်ပုံတင်နဲ့ ထောက်ခံစာ ဘယ်ဟာ အရေး ကြီးလဲ၊ မှတ်ပုံတင်က အရေးကြီး တယ်လို့ပဲ အစ်ကိုကဖြေမှာပဲလေ။ မှတ်ပုံတင်မရခင်စပ်ကြားမှာပဲ မှတ်ပုံတင်ပြုလုပ်ဆဲ ထောက်ခံစာ က အရေးပါတာကိုး။ မှတ်ပုံတင် ရရင် ထောက်ခံစာက ဘယ်လို လုပ် လိုတော့မလဲလေ။ မိန်းမလျာ တွေအတွက်တော့ ယောက်ျားက ပစ်ခံရတာ မဆန်းတော့ပါဘူး”လို့ ပြောပြတယ်။

““ကျွန်တော် ဘွဲ့ရပြီးပါပြီ။ ကျွန်တော် ကိုယ့်ဘ၀ကို အကောင်း ဆုံး တည်ဆောက်နေပါတယ်။ မိန်းမလျာမို့ သူတစ်ပါး အထင်သေးခံရတာကို လုံးဝမဖြစ်ရအောင် ကြိုးစားတယ်။ မိတ်ကပ်လိမ်း တယ်။ ပန်းအလှပြင်တယ်။ ဆယ့် နှစ်ရာသီပတ်လုံး အလုပ်နဲ့ လက် မပြတ်အောင်လုပ်တယ်။ ရလာ တဲ့ငွေနဲ့ မိသားစု တင့်တင့်တယ် တယ်ထားတယ်။ ညီတွေ ညီမတွေ ပညာတတ်အောင် လုပ်ပေးတယ်။ နောက်ပြီး လှူရေးတန်းရေးမှာ သူများ တစ်ထောင်လှူရင် ကိုယ် နှစ်ထောင်လှူနိုင်အောင် ကြိုးစား တယ်။ ဒီဘ၀လို အဖြစ်ဆိုးမျိုး နောက်ဘယ်တော့မှ မဖြစ်ချင် တော့ဘူး””လို့ ဆက်လက်ရင်ဖွင့်ပါတယ်။

မိန်းမလျာတစ်ယောက်ရဲ့ ဘ၀က အရမ်းဆိုးလွန်းလို့ ဘာကို စပြောရမှန်းတောင် မသိဘူးလို့ ပြောရင်း မဲ့ပြုံး ပြုံးလာသူက ကိုမောင်မြင့်ပါ။ အများကတော့ သူ့ကို အမြင့်လို့ခေါ်ကြတယ်။ သူက မိတ်ကပ်ပြင်တယ်။ သူ့ဘ၀ မှာ အကြိမ်အခါခါ အသုံးချခံ လိုက်ရပြီး တစ်ကြိမ်ကတော့ တော်တော်ဆိုးဆိုးရွားရွားကြီးကို အသုံးချခံလိုက်ရတယ်လို့ပြောပြ တယ်။
““ကိုယ်နဲ့ ပတ်သက်နေတဲ့ ကောင်လေးတစ်ယောက်က ကိုယ် ဆင်ပေး ထားတဲ့လက်ဝတ်လက် စားတွေရော ဖုန်းရော ငွေသိန်းနှစ် ဆယ်ကျော်ရော ယူပြီး ရှောင် ထွက်သွားတယ်။ ကိုယ့်လုပ်ငန်း လေး အောင်မြင်ခါနီးအချိန်မှာ လုံးဝကို ခါးပြတ်သွားတာ။ မနည်း ရုန်းကန်လိုက်ရတယ်။ ခုလို အခြေ အနေဖြစ်ဖို့ကို ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အလုပ်တွေပို ကြိုး စားရင်း နာမည်တစ်လုံး ပြန်ရ အောင် တော်တော်လေးကို လုပ် ယူလိုက်ရတယ်။ ခုတော့ ကိုယ့်ဝင် ငွေအားလုံးသည် မိဘနဲ့ ညီအစ်ကိုမောင်နှမတွေအတွက်ပဲ။ ကျန်တာဘာမှကို မစဉ်းစားရဲ တော့ဘူး””လို့ ယောက်ျားတွေကို ကြောက် သွားတဲ့ အမြင့်ကပြောပါတယ်။

မိန်းမလျာတွေဟာ မိဘနဲ့ မိသားစုအပေါ် အလွန်ပဲ တွယ် တာလှပြီး လုပ်ကိုင်ကျွေးမွေးချင် စိတ်ရှိကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ မလိမ္မာတဲ့ မိန်းမလျာတွေ လည်း ရှိကြပါတယ်တဲ့။ နောက်ပြီး မိန်းမလျာတွေဟာ ပုံမှန်လူတွေ ထက် နှစ်ဆပိုကြိုးစားရပါတယ်။ သူတစ်ပါး အထင်သေးခံ၊ အလှောင်ခံဘ၀ကနေ ဘ၀တစ်ခုရဖို့ ကြိုးစား
ရတာ တော်ရုံစိတ်ဓာတ်နဲ့တော့ မဖြစ်ပါဘူး။ ပြီးတော့ သူတို့တတွေနဲ့ စကားပြောရရင် ရယ်ရ တယ်လို့ ပြောကြတယ်။ ဒါလည်းမှန်တာပါပဲ။ ကိုယ့်အားနည်း ချက်ကြီးကို မေ့ထားဖို့ဆိုတာ ပျော်ပျော်နေမှသာ နေလို့ထိုင်လို့ရမှာဆိုတော့ ပျော်ပျော်နေရင်း ရယ်စရာစကားတွေ ပြောတတ်လာကြတာပါတဲ့လေ။ ဒါပေမယ့်လည်း ပျော်ရုံ
ပဲပျော်ပြီး မိမိဘ၀ပါးမသွားအောင်တော့ နေထိုင်သင့်တယ်လို့ အသက်အရွယ်ရနေတဲ့ မိန်းမလျာကြီးတွေက အ တွေ့အကြုံတွေအရအငယ်တွေ ကို သြ၀ါဒခြွေပါတယ်။
 
““ခုခေတ် နောက်ပေါက် မိန်းမလျာလေးတွေ အနေအထိုင် ဆင်ခြင်ဖို့၊ အပျော်အပါးမမက်ဖို့ ကြုံတိုင်းပြောဖြစ်ပါတယ်။ ဒါပေ မဲ့ ကိုယ့်ကွယ်ရာမှာ ဘယ်လို နေမလဲဆိုတာ ဘယ်သိနိုင်မလဲ။ ကျန်းမာရေးအသိလေးနဲ့ နေဖို့က တော့ အမြဲမှာပါတယ်။ မိမိကံ အကျိုးပေးကို လက်ခံဖို့၊ နောက် ထပ် ထပ်မမှားဖို့ အမြဲပြောဖြစ် ပါတယ်””ဟု အသက် ၆၈ နှစ်အ ရွယ် နတ်ကတော်မိန်းမလျာဆိတ် ဆိတ်ကပြောပြတယ်။
 
““ကိုယ်နဲ့ ပတ်သက်ခဲ့ရတဲ့ ယောက်ျားတွေက ကိုယ့်အပေါ် ကောင်းတာတွေက နည်းနည်း၊ ဆိုးတာကများများပါ။ ယောက်ျားချင်းတူတာတောင်မှ သူထိုးတာ ခံရ၊ နှိပ်စက်တာခံရနဲ့ ဘ၀က ငရဲကျသလိုပါပဲ။ ဒါကြောင့် ခုတော့နေတတ်အောင်နေတယ်၊ မိုးကုတ်ဆရာတော်ဘုရားကြီး ၀ိပဿနာ တရားခွေတွေနာတယ်။ တရားထိုင်တယ်။ ကိုယ့်ဘ၀က ခုတော့ ဘုရားတရားကြောင့် တော်တော်လေးကို အေးချမ်းနေပါပြီ””လို့ မိန်းမလျာကြီးတစ်ယောက်က သံဝေဂသံအပြည့်နဲ့ ပြောပါတယ်။
 
မိန်းမလျာအားလုံးကိုနောက်ဘ၀ ယောက်ျားဖြစ်ချင် သလား၊ မိန်းမဖြစ်ချင်သလား၊ ဒါမှမဟုတ် ဒီမိန်းမလျာဘ၀ပဲ ထပ်ဖြစ်ချင်လားလို့ မေးတော့ မိန်းမလျာဘ၀ဟာ လိုချင်လို့ရခဲ့ တာ မဟုတ်ကြောင်း၊ ကံ ကံ၏ အကျိုးကို လုံးဝယုံကြည်ကြောင်း၊ နောက်ဘ၀ ယောက်ျားစစ်စစ်သာ ဖြစ်ပါရစေလို့ အမြဲဆုတောင်း ကြောင်း ဆိုကြပါတယ်။
သူတို့ပြောသမျှ မှတ်တမ်း တင်နေတဲ့ အသံဖမ်းစက်ခလုတ်ကို ပိတ်လိုက်တော့ မိန်းမလျာတွေ အားလုံးရဲ့မျက်နှာမှာ အပြုံးလေးတွေ တွေ့ရတယ်။ သူတို့ ရင်ထဲက စကားတွေ စိတ်လွတ်ကိုယ်လွတ် ပြောပြလိုက်ရတဲ့အတွက် သူတို့ရင်တွေအနည်းငယ် ပေါ့သွားပုံရပါတယ်။
 
နောင်ဘ၀ဆိုတာ ရှိခဲ့ရင် သူတို့အားလုံး ဆုတောင်းကြသလို ယောက်ျားစင်စစ်တွေဖြစ်ပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။

Credit: ညီညီဇော် ရေးသားပြီး 7day news journal အတွဲ (၁၀)၊ အမှတ်(၂၂)မှ
Post Copy From www.mlgbts.com 

No comments: