Saturday, December 14, 2013

ရင်ဖွင့်သံ


လွမ်းလွန်လွန်းလို့ အလွမ်းများပြေကောင်းပြေနိုး နာမည်လေးကို ဖွဖွရေရွတ်မိတယ်….
ဒါပေမဲ့ အလွမ်းမပြေ အလွမ်းတွေ တိုးတိုးလာတယ် ထင်ပါရဲ့။

လွမ်းလွန်းလို့ အလွမ်းများ ပြေကောင်းပြေနိုး သူ့နာမည်လေးကို ရေရွတ်မိတယ်……
ဒါပေမဲ့ အလွမ်းတွေက ပိုပိုပြီး တိုးလာတယ်။

ကျွန်တော် ကျွန်တော်ရောက်တဲ့နေရာတိုင်းဟာ လွမ်းဆွတ်ဖို့ဆိုတဲ့ သဘောသဘာဝက ကန့်သတ်ပြီးထား သတ်မှတ်ထားလေသလား ထင်ရအောင်ကို လွမ်းနေရတော့ ခက်ပါ့ဗျာ။

လွမ်းတဲ့ စိတ်တွေပျောက်ပျက်သွားအောင် အိပ်မက်ထဲမှ ဆုံဖို့ ဆုတောင်းရတာ အမောပါပဲ၊
အိပ်မက်ထဲမှာ တကယ်တွေ့တော့လည်း နံနက်အထမှာ အလွမ်းစိတ်တွေပိုပိုတိုးပြီး ကျွန်တော့်ကို နှိပ်စက်ပြန်ပါရော….
လွမ်းရတာ နွမ်းနေပြီ……

သတိရလွမ်းလွန်းလို့ ကျွန်တော်ကြည့်မိလိုက်သမျှ လူတွေပုံသဏ္ဌာန်….မျက်လုံး၊နှာခေါင်း ဒါမှမဟုတ် အသံ..စကားပြောပုံဟန် တစ်ခုခု ဆင်တဲ့နေရာ ရှိနေသလိုပါပဲ…. အရမ်းလွမ်းတယ်ကွာ….။

“အလွမ်းရောင်”တဲ့ သီချင်းတွေမှာတောင် ထည့်သွင်းရေးစပ်ကြတယ်……
ဘယ်အရောင်ကို ဆိုလိုတာလဲ? ကျွန်တော့်အတွက်တော့ အရမ်းလွမ်းတဲ့အချိန်မှာ မြင်နေရတဲ့ အရောင်အဆင်းတွေ အားလုံးဟာ အလွမ်းရောင်ပါပဲဗျာ…။

ဘယ်လိုပုံစံနဲ့ ဘယ်လိုလွမ်းရမလဲ ဆိုတာမသိတော့ဘူး။ ရင်ထဲနင့်နေပြီး တင်းခံနေသလို…..ရူးပစ်လိုက်တော့တာပဲ။ လွမ်းလို့ကျတဲ့ မျက်ရည်တွေသာ အရည်ဓာတ်မဖြစ်ဘဲနဲ့ အစိုင်အခဲလေးတွေသာဖြစ်ခဲ့ရင်…..အလွမ်းရဲ့သက်သေအဖြစ်နဲ့ ပန်းပုထုပြချင်ပါတယ်… ဘယ်လောက်အထိ လွမ်းဆွတ်မိသလဲဆိုတာကိုပေါ့…။

ဒါပေမဲ့ လွမ်းမောခြင်းကို အခိုင်အမာသက်သေပြနိုင်တဲ့ မျက်ရည်တွေဟာ ခြောက်သွေ့သွားကုန်တော့လည်း လွမ်းတဲ့စိတ်၊ သတိရတဲ့ စိတ်တွေကိုမြင်စေနိုင်ခွင့်မရှိဘူးပေါ့….ခက်တယ်ဗျာ…။

 သိနေတယ်…သိနေပါတယ် ကျွန်တော့်အတွက် မဖြစ်နိုင်ပါဘူးဆိုတာကိုလေ…..ဘ၀မှတွေ့ခဲ့ဘူးတဲ့ လူတွေရဲ့အချစ်တွေ ပြီးတော့ တွေ့လာဦးမယ့်လူတွေရဲ့ အကြင်နာ အချစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော့်အချစ်က ကိုယ်တိုင်ပြောမှ ရှိတယ်ဆိုတာ သိရရုံလေး အခြေအနေပါ။

မတွေ့တွေ့အောင် မြင်ပေးလို့ နင့်နင့်ပိုးပိုးကို ကျေနပ်ဝမ်းသာပါတယ်……တကယ်ပါ….တွေ့တာက အိပ်မက်ဆိုရင်တောင်မှ သာမန်လူ များလည်း မက်ခွင့်ရှိမှာပါ။ ရင်နင့်နေအောင်ကို ချစ်တယ်။

စိမ်းလန်းစိုပြေနေတဲ့ တောတောင်တွေ၊ မှိုင်းပြပြ မိုးပြာတောင်တန်းကြားက ရေစီးသံ၊ ကျေးငှက်တွန်ကျူးသံတွေ၊ အေးမြလတ်ဆတ်တဲ့ လေ ဒီအရာတွေဟာ ကြည်နူးစရာတွေလို့ မချစ်တတ်ခင်မှာ ထင်ခဲ့ဘူးပါတယ်…..ဒါပေမဲ့ လွမ်းတတ်လာတော့ အလွမ်းပိုစေတဲ့အရာ တွေ ဖြစ်နေရပြီ…..ချစ်သူရယ်……

ရင်ထဲခံစားနေရတဲ့ အလွမ်းဟာ နွေဦးရာသီလိုပါပဲ……အသိစိတ်နဲ့ ကိုယ့်ကိုကိုယ် မလွမ်းဘို့ ဖိထိန်းထားချိန်မှာ မေ့ပျောက်သလို ရှိပေမယ့်လည်း အသိစိတ် တစ်ချက်လေး လွတ်သွားတာနဲ့ ပိုမိုပြင်းထန်တဲ့အရှိန်နဲ့ ပြန်တွန်းပြီး အရင်ကထက် အဆပေါင်းများစွာ ပိုခံစားရတော့….လွမ်းချင်တိုင်း လွတ်လွတ်လပ်လပ်ပဲ လွမ်းပစ်လိုက်မယ်ဗျာ….။

ရင်ထဲမှာ စိတ်ခံစားချက်ပေါင်းစုံ ၀င်ရောက်တည်းခိုရာ အခန်းလေးရှိပါတယ်။ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းစတဲ့ စိတ္တဇနာမ် ခံစားချက် တွေလည်း ၀င်ရောက် သွားလာတာ နေ့တိုင်းလိုလိုပါ..။ အချစ်ဆိုတဲ့ သူစိမ်းလည်း ခဏတာ ၀င်ရောက်ခဲ့ပြီး တိတ်တိတ်လေး ပြန်ထွက်သွားပါတယ်။ သူ့ရဲ့ကိုယ်ရံတော် အလွမ်းကိုဖြင့် ထားခဲ့ပြန်တော့ ရင်ထဲမှာ အလွမ်းက အချိန်ပြည့်ရှိနေရပြီပေါ့ ချစ်သူရာ..။ 

ချစ်သူဟာ ကျွန်တော့်အတွက်မဖြစ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ချစ်သူ့တစ်ယောက်တည်း အတွက်ပါဗျာ…..ဘယ်လိုပျော်ရွှင်မှုပဲဖြစ်ဖြစ်၊ နာကျင်မှုပဲဖြစ်ဖြစ် ချစ်ရတဲ့သူ အနားမှာရှိမှ ခံစားရတာ အဓိပ္ပာယ်ရှိ သက်သာရာရပါတယ်။

“ချစ်တယ်….ချစ်တယ်” တဖွဖွပြောတိုင်း အရမ်းချစ်နေတာမဟုတ်ပါဘူး….ချစ်သူရာ….လုံးဝဖွင့်ဟမပြောပေမယ့် နင့်နင့်လေးအဝေးကနေ သိပ်ချစ်နေတာလည်း ရှိနိုင်သေးတယ်လေ……ဖွင့်မပြောတာ မချစ် မလွမ်းဘူးလို့ အထင်မမှားပါနဲ့လားဗျာ။
 
သူများတွေနဲ့ ရယ်မောနေတာထက် ချစ်သူကို လွမ်းပြီးငိုင်နေရတာ ကျွန်တော့်အတွက် ပိုပျော်ရပါတယ်။ ရင်ထဲက အချစ်စစ်နဲ့ ပြန်မချစ် ရင်လည်းနေပါစေ…..ကျွန်တော့်အချစ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ရုံလေးပဲဆိုပေမယ့် အကျေနပ်ကြီးကျေ နပ်မှာပါ ကျွန်တော့ရဲ့ချစ်သူ……တကယ်ပါ အသိအမှတ်ပြုရလောက်အောင် မဖော်ပြတတ်ခဲ့ဘူးဆိုလည်း ချစ်တာလေးကိုတော့ ခွင့်ပြုပါဗျာ။
“ခွင့်မပြုနိုင်ဘူး”ဆိုပြန်ရင် အချစ်ခံရတဲ့ ကာယကံရှင်ကိုယ်တိုင်ကတောင်မှ ရင်ထဲကအချစ်ကို တားပိုင်ခွင့်မှ မရှိတာ ဘာဖြစ်ဖြစ်ချစ်နေရ တာ အရသာများလား ဟင်?

အတူတူဆုံပျော်ရွှင်ပြီးမှ ပြန်ခွဲခွာရချိန်မှာတော့ ရင်ထဲမှာ အလွမ်းမျက်ရည်လေးတွေလည်ရပြီ….ဒါပေမဲ့ အတူပျော်ရွှင်တဲ့အချိန်လေးတွေ များကို ရင်ထဲမှာ အမြဲသိမ်းထားမှာပါ။ 

အမှတ်ရစရာတွေရှိမှ ဘ၀ဟာ ပိုအနှစ်သာရရှိရော့လေသလားဗျာ…..ခဏ ခဏ ခွဲခွာရရင် ကျင့်သားရမယ်ထင်ပေမယ့် ခံစားရဖန်များရင် ပိုပိုနာကျင်ရပါလားဆိုတဲ့အချက်ကိုသိလာပြီး ခွဲခွာမှုကို ကြောက်နေရပေမယ့် ခွဲနေရဦးမှာပါပဲ….ဒါက လောက သဘာဝနိယာမလေ….အင်း…ခွဲခွာမှုနောက်ဆက်တွဲ ဒဏ်ကိုကြံ့ကြံ့ခံနိုင်ပါစေ ချစ်ရသူရေ။

တကယ်လို့ ကျွန်တော့်ချစ်ခြင်းမေတ္တာဟာ ရင်ထဲကလာတာ မှန်ကန်နေပေမယ့်…တစ်ဖက်သား သက်ရောက်ခံစားသူအပေါ်မှာ စိတ်ရှုပ်မှု၊ အနှောင့်အယှက်တစ်ခု ဒါမှမဟုတ် နာကျင်မှုဖြစ်စေတယ်ဆိုရင် ချက်ခြင်း ပြန်ရုပ်သိမ်းပေးပါရစေ…..။

Credit: မင်းကုဋေနိုင်
Re-proof: Alex Aung (14 Dec 2013)

No comments: