Friday, November 7, 2014

ရင်ဝှက်ပန်း



တကယ်ဆို
ရနံ့ မပေးလိုခဲ့ပါဘူး
ငေးကြည့်နေရုံလေးပဲ
ကျေနပ်ခဲ့တာပါ
ပန်းတစ်ပွင့်ပဲကွယ်….
ဖူးပွင့်ရုံပဲ တတ်နိုင်ပါတယ်။

(၁)

          ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်မင်္ဂလာ အခမ်းအနားလေးတစ်ခု…။
          ဖိတ်ကြားခြင်း မခံရပဲ ကျွန်တော့်ဆန္ဒတစ်ခုတည်းနဲ့ ကျွန်တော် ရောက်နေခဲ့တာပါ။ တက်ရောက်လာကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းတွေ၊ သူငယ်ချင်းတွေ အများကြီးကြားက ထောင့်ကွယ်က နေရာလေးမှာ ကျွန်တော် နေရာယူလိုက်ပါတယ်။ 

          သူငယ်ချင်းရယ်…. မင်းပျော်နေမယ့် မျက်နှာလေးကို နောက်ဆုံးတကြိမ် ငါ တွေ့ခွင့်ရချင်လို့ပါ။ မင်းက အခွင့်မပေးခဲ့တော့ ငါကပဲ အခုလို ဖန်တီးခဲ့ရတယ်လေ။ ဘာလို့ ငါ့ကို မဖိတ်ကြားခဲ့တာလဲ။ ဘာလို့ အသိမပေးခဲ့တာလဲ။ 

          ခမ်းနားလှတဲ့ ခန်းမဆောင်အတွင်းက အဆောင်အယောင်တွေနဲ့ ဒီပွဲကို တက်လာတဲ့ လူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေက ငါတို့လို လူတန်းစားတွေနဲ့ မရင်းနှီးတာ အမှန်ပဲလေ။ ငါ မလာသင့်မှန်း သိပေမယ့် နောက်ထပ်ဆိုတာ မရှိနိုင်တော့မယ့် ငါ့ဆီက ပျောက်ကွယ်သွားတော့မယ် မင်းရဲ့ မျက်နှာလေးကို ငါ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် တွေ့ခွင့်ရချင်လို့ပါ သူငယ်ချင်းရယ်…။ 

          မင်းရဲ့ ဘဝမြင့်တက်ဖို့ မင်း ကြိုးစားသွားတာပဲလေ။ ငါ အရမ်းကို မင်းအတွက် ဂုဏ်ယူပါတယ်။ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုထဲကို ဝင်ရောက်တော့မယ် မင်းရဲ့ဘေးမှာ ချစ်သူတစ်ယောက်ရဲ့ လက်ကိုတွဲပြီး ပါရမီဖြည့်မယ့် မိန်းကလေးတစ်ဦးကလည်း အသင့်ပဲလေ။ ငါ တိတ်တိတ်လေး ဝန်ခံရရင် ငါ မင်းကို နှမျောတယ် သူငယ်ချင်းရယ်။ ပြီးတော့ ငါ မင်းကို သိပ်……

          မင်္ဂလာအခါတော်ပေး သီချင်းသံက ခန်းမထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာခဲ့ပြီး ပရိသတ်အလယ်က ကတ္တီပါ လျှောက်လမ်းပေါ်ကို မင်္ဂလာပန်းကြဲတဲ့ မိန်းကလေးတွေ ရောက်လာပါတယ်။ အဲဒီနောက်မှာ…..

          လူအများကြီး သိုင်းဝိုင်းလို့ လျှောက်လှမ်းလာတဲ့ အထဲကမှ ငါ မင်းကိုပဲ အသည်းအသန် မြင်ရဖို့ ကြိုးစားနေတယ် သူငယ်ချင်းရယ်….။ မင်းရဲ့ ပျော်နေတဲ့ မျက်နှာလေး အောင်ပွဲခံနေတဲ့ မျက်နှာလေး၊ မင်းပြောတဲ့ အမှန်တရားကို တွေ့ရှိသွားတဲ့ မျက်နှာလေးကို ငါ တကယ် ငတ်မွတ်နေတာပါ။ 

          တစ်ယောက်ကို တစ်ယောက် လက်ချင်းချိတ်ပြီး လျှောက်လာကြတဲ့ မင်္ဂလာစုံတွဲကို အမျိုးမျိုး ချီးမွှမ်းနေကြတဲ့ ပရိသတ်တွေကြားမှာ ငါလေ မင်း တစ်ယောက်တည်းကိုပဲ….။ မင်းအတွက် ပျော်ရွှင်မှု၊ ကြည်နူးမှုတွေ ငါ ခံစားရင်း ငါ့ရဲ့ ရင်ထဲမှာ တစစ်စစ်နဲ့ နာလာသလိုပဲ။ ငါ့ရဲ့ ရင်တစ်ခုလုံး မင်းတို့ လျှောက်နေတဲ့ လျှောက်လမ်းလေးသာ ဖြစ်လိုက်ပါတော့။ နင်းချေ ဖြတ် လျှောက်သွားဖို့ လမ်းကလေး ငါ ဖြစ်လိုက်ချင်တယ်ကွာ။

          ငါ နေရာယူထားတဲ့ ထောင့်ကွယ်လေးနားက လျှောက်လမ်းကို မင်း ရောက်လာလာချင်းပဲ ငါ တစ်ကိုယ်လုံး ထိတ်လန့် အေးစက်သွားတယ်။ ဘာဖြစ်လို့ မင်းရဲ့ အပြုံးက မပီပြင်ရတာလဲ သူငယ်ချင်း။ ဟန်ဆောင် ပြုံးထားတဲ့ အပြုံးတစ်ခုဆိုတာကို ငါ တွေ့လိုက်ရတဲ့အချိန်မှာ မင်း ဘာတွေ မှားနေလဲဆိုတာကို ငါ မတွေးတတ်တော့ပဲ အံ့အားသင့်သွားရတယ်။ 

♣ ♣ ♣ ♣ ♣

          “ရော့… ရောင်စဉ် နင့်ကို ပေးခိုင်းလိုက်တာ”

          ချယ်ရီလာပေးတဲ့ မှတ်စုစာအုပ်တွေကို ကျွန်တော် ကြည့်ရင်း
          “ရောင်စဉ်ကရော”

          “သူ လာလိမ့်မယ်။ နောက်ကျနေမှာစိုးလို့ ငါ့ကို ကြိုပေးခဲ့တာ”

          ချယ်ရီ ထွက်သွားပြီးနောက် ကျွန်တော် မှတ်စုစာအုပ်လေးတွေကို ကြည့်လိုက်မိတယ်။ ဒါ ကျွန်တော် နေမကောင်းလို့ ပျက်ကွက်ထားတဲ့ သင်ခန်းစာတွေပါ။ ကျွန်တော် မလုပ်နိုင်ခဲ့တဲ့ သင်ခန်းစာတွေကို ရောင်စဉ့်ရဲ့ လက်ရေးလှလှလေးတွေနဲ့ ကျွန်တော် ရလိုက်တာပါ။ 

          ရောင်စဉ်က လက်ရေးလည်း လှသလို စာလည်း တော်ပါတယ်။ စာစီစာကုံးတွေ Essays တွေမှာလည်း အတွေးကောင်းသလို Biology လို ဘာသာတွေမှာဆိုရင် ပုံဆွဲတာတွေက သိပ်ကို သေသပ်ပါတယ်။ 

          “ဘယ်လိုလဲ သူငယ်ချင်း။ အဆင်ပြေရဲ့လား”
          ကျွန်တော် မှတ်စုတွေကို ကြည့်နေရင်း ရောင်စဉ်အနား ရောက်လာပါတယ်။
          “ပြေတာပေါ့။ ပုံနှိပ်စာအုပ်ထက်တောင် အဆင်ပြေသေးတယ်” လို့ ပြောတော့ ရောင်စဉ် သဘောကျစွာ ရယ်ပါတယ်။
          “အင်း ဒီအပြောလေးတွေနဲ့ပဲ ကျေနပ်နေရတာပါပဲ”

          ကျွန်တော်တို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ပဲ အတူတူ ကျောင်းပြန်တက်ဖြစ်ခဲ့ကြပါတယ်။ ရောင်စဉ်နဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျွန်တော်တို့ မိဘတွေကလည်း အရမ်းရင်းနှီးတဲ့ ဟိုးငယ်ငယ်က ကျွန်တော်တို့လိုပဲ သူငယ်ချင်းတွေပါ။ သူနဲ့ ကျွန်တော်နဲ့က ညီအစ်ကိုလိုပဲပေါ့။ 

          အမြဲတမ်း တပူးပူးတတွဲတွဲ ချစ်ချစ်ခင်ခင် နေကြတဲ့ ကျွန်တော်တို့ကို မသိတဲ့သူဆိုရင် ညီအစ်ကို အရင်းတွေလို့ ထင်ပါတယ်။ ရောင်စဉ်နဲ့ ကျွန်တော်နဲ့ မျက်နှာကျကလည်း ဆင်တယ်လေ။ အဲဒီလို ချစ်ခင်ကြတဲ့ ကျွန်တော်တို့ နှစ်ယောက်မှာ ကျွန်တော်ရဲ့ မကောင်းတဲ့ အကျင့်က ရောင်စဥ့်အပေါ် အနိုင်ယူတတ်ခြင်းဖြစ်ပြီး ရောင်စဉ် အားနည်းချက်ကတော့ အမြဲအနွံတာခံတတ်တာပဲ ဖြစ်ပါတယ်။ 

          ဖြူစင်စွာ နေလာခဲ့တဲ့ ငယ်ဘဝတွေကနေ တဖြည်းဖြည်း ရင်ခုန်လာတတ်တဲ့ အချိန်တွေ ရောက်လာချိန်မှာတော့ အချစ်ကို သင်ယူဖို့ ကျွန်တော်တို့ နှလုံးသားတွေ အသင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အသင့်ဖြစ်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ နှလုံးသားတွေအတွက် အချစ်ဆိုတာကတော့ အသင့်ဖြစ်မနေခဲ့ပါဘူး။ ပါးနပ်စွာပဲ ပုန်းလျှိုးနေခဲ့ပါတယ်။ ကျွန်တော် ကြိုးစားရှာဖွေပေမယ့် ပျောက်ချက်သား ကောင်းနေခဲ့ပါတယ်။


♣ ♣ ♣ ♣ ♣
          ကျွန်တော့်သူငယ်ချင်း ရောင်စဉ်မှာ Heart Attack ရှိကြောင်း သိလိုက်ရတာက ၁၀ တန်း အောင်စာရင်းတွေ ထွက်တဲ့အချိန်မှာ ဖြစ်ပါတယ်။ အဲဒီနေ့က အောင်စာရင်းကို အစောကြီး ကျွန်တော်သိနှင့်ပြီး ဖြစ်ပေမယ့် ရောင်စဉ်ကတော့ မသိသေးပါဘူး။ 

          ကျွန်တော်တို့နှစ်ယောက် ကတိတစ်ခု ထားထားတယ်။ အဲဒါကတော့ တက္ကသိုလ်တစ်ခုကို အတူတူ တက်နိုင်ဖို့၊ အဲဒီအတွက် ကျွန်တော်တို့နှစ်ယောက် တူညီတဲ့ ရည်မှန်းချက်တွေ ထားခဲ့ကြတယ်။ ကျွန်တော့်ဆီ ရောင်စဉ် ရောက်လာတဲ့ အချိန်မှာ……

          “သူငယ်ချင်း အောင်စာရင်း သွားကြည့်ရအောင်လေ။ ငါတော့ ရင်တွေ ခုန်လိုက်တာကွာ။ ငါတို့ မှန်းထားသလို ဖြစ်မှာပါနော် သူငယ်ချင်း” လို့ စိတ်လှုပ်ရှားစွာနဲ့ ရောင်စဉ်က ပြောပါတယ်။ ကျွန်တော်က မျက်နှာမကောင်းစွာပဲ…
          “သွားတော့ ရောင်စဉ်။ ငါ မလိုက်တော့ဘူး” လို့ ဝမ်းနည်းကြေကွဲနေတဲ့ ပုံစံနဲ့ ပြောလိုက်ပါတယ်။
          “ဘာဖြစ်လို့လဲ။ မင်း မျက်နှာလည်း မကောင်းပါလား” ဆိုတဲ့ ရောင်စဥ့်စကားအဆုံးမှာ
“ငါတို့ရဲ့ ရည်မှန်းချက်တွေ ဖြစ် မ… မလာတော့ဘူး ရောင်စဉ်။ ငါ… ငါ ရိုးရိုးပဲ အောင်တယ်။ မင်းက All D နဲ့” လို့ ကျွန်တော်ရှိုက်သံတွေကြားက စကားတွေကို အားယူပြီး ပြောလိုက်ပါတယ်။
“ဟာ”

ရောင်စဉ် တစ်ခုခုကို အကြီးအကျယ် ဆုံးရှုံးသွားလို့ Shock ရသွားသလိုမျိုး ငြိမ်သက်သွားပါတယ်။ ပြီးမှ
“ဘယ်လိုတွေ ဖြစ်ရတာလဲဟင်။ ငါတို့အတူတူ ကြိုးစားခဲ့ကြတာပဲ မဟုတ်လား။ ငါ မယုံဘူးကွာ။ မယုံဘူး” လို့ ပြောပါတယ်။ ကျွန်တော် အံကြိတ်လိုက်ရင်း…

“မယုံလို့ မရတော့ဘူး ရောင်စဉ်။ ငါတို့ဘဝအတွက် အဆုံးအဖြတ်ပေးသွားပြီ။ ငါတို့… ငါတို့ လက်ခံရတော့မှာပဲ” လို့ နှစ်သိမ့်ပေမယ့်…

“လုံးဝ လက်မခံဘူးကွာ။ ငါတို့နှစ်ယောက် တက္ကသိုလ်ကို အတူတူ တက်မယ်” လို့ ရောင်စဉ် ကြေကြေကွဲကွဲ ရေရွှတ်နေဆဲမှာပဲ ကျွန်တော် ရောင်စဉ်ကိုကြည့်ပြီး ထိန်းချုပ်ထားတဲ့ မျက်ရည်တွေ ကျလာပါတယ်။ အချိန်ခဏလေးအတွင်းမှာပဲ ရောင်စဉ်မျက်ရည်တွေ ကျရင်း…

“ဒါဆို…. ငါတို့ မျှော်လင့်ခဲ့တာတွေ သွားပြီပေါ့။ ဟုတ်လား….. သူငယ်ချင်း။ ငါတို့ ကျောင်းအတူတူ မတက်ရတော့ဘူးပေါ့… ဟုတ်လား” လို့ ပြောပါတယ်။ ရောင်စဥ့်စကားတွေ နားထောင်ရင်းနဲ့ ကျွန်တော်တောင် သူနဲ့ ပိုဝေးသွားသလို ခံစားရပါတယ်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်တော့….. “ဟာ” လို့ ရောင်စဉ် ညည်းညူရင်း ကျွန်တော်ရှေ့မှာ ရုတ်တရက် လဲကျသွားပါတယ်။ 

“ဟင်… ရောင်စဉ်… ရောင်စဉ် ငါ… ငါ မင်းကို စလိုက်တာပါကွာ ရောင်စဉ်”
ကျွန်တော် လွန်သွားပါတယ်။ ရောင်စဉ်က တစ်ခုခုဆို အရမ်း sensitive ဖြစ်တတ်တာ သိလျက် ကျွန်တော် စခဲ့မိလို့ အဲဒီနေ့က ရောင်စဉ်ကို ညိမ်းအထူးကုဆေးခန်းမှာ တင်လိုက်ရပါတယ်။ အဲဒီကမှတဆင့် သိရတာက ရောင်စဉ်မှာ Heart Attack ရှိတယ်ဆိုတာပါပဲ။ 

အဲဒီအချိန်တုန်းက ကျွန်တော် Heart Attack ဆိုတာကြီးက ကျွန်တော်တို့နှစ်ယောက်ကို ခွဲပစ်မှာလားလို့ စိတ်ခြောက်ခြားစွာ တွေးမိပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ နှစ်ယောက်ကို ခွဲပစ်တာ အချစ်ပါ ပဲ။ ရက်စက်စွာပဲ ဆုံစည်းခွင့်ကို မပေးခဲ့ပါဘူး။ 

♣ ♣ ♣ ♣ ♣

          “သူငယ်ချင်း သမိုင်းတွေထဲမှာ အကြွေးမပေးနိုင်လို့ လူကို ကျွန်အဖြစ် သိမ်းတယ်ဆိုတာလေ။ အဲဒါ ယုံသလား”
          ရောင်စဉ်ရဲ့စကားကို ကျွန်တော်က…

          “ဟုတ်ခဲ့မှာပေါ့။ အဲဒီခေတ်တွေမှာ ယဉ်ကျေးမှုလည်း မထွန်းကားခဲ့သလို လူ့အခွင့်အရေးဆိုတာကိုလည်း သိပ်မှ အလေးမထားကြတာပဲ။ ပြီးတော့ သက်ဦးဆံပိုင် ဘုရင်စနစ်တွေ ရှိခဲ့တာကိုး ” လို့ ပြန်ဖြေတော့
          “အခုခေတ်မှာလည်း တကယ် အဲလိုရှိတယ်။ သိလား သူငယ်ချင်း” ဆိုတဲ့စကားကို ကျွန်တော်က မယုံကြည်သလို ခပ်ဖွဖွရယ်တော့…
          “မရယ်နဲ့ သူငယ်ချင်း။ တကယ်ပါ” လို့ ပြောပါတယ်။ 

          ရောင်စဉ်ရဲ့ အတည်ပေါက်စကားကြောင့် “ ကဲ ဒီလိုဆို ဘယ်သူက ဘယ်သူ့ကို အကြွေးနဲ့ သိမ်းနေလို့လဲ” လို့ ကျွန်တော်က မေးတော့ ရောင်စဉ် အကြာကြီး ငြိမ်သက်သွားပါတယ်။ ပြီးတော့…

          “မနက်ဖြန် Patho ရော၊ Micro ပါ tutorial ရှိတယ်ကွာ။ စာကျက်ရအောင်” ဆိုပြီး စကားလမ်းလွှဲလိုက်ပါတယ်။ ပြီးတော့ ရောင်စဉ် ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေတယ်။ အဲဒီအကြည့်က ဘာနဲ့ တူသလဲဆို ရင် ဥယျာဉ်မှူး တစ်ယောက်က သူ သိပ်မြတ်နိုးတဲ့ အပင်လေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်တဲ့ အကြည့်မျိုးပါ။ 

          အခုချိန်မှာ ကျွန်တော်နဲ့ ရောင်စဉ်က ဆေးတက္ကသိုလ်တစ်ခုက တတိယနှစ်ကျောင်းသားတွေ ဖြစ်နေကြပါပြီ။ ရောင်စဉ်ရဲ့ အကြည့်တွေ ကျွန်တော့်အပေါ် အရောင်းပြောင်းလာတာကို ကျွန်တော် သတိထားမိနေတာလည်း ကြာနေခဲ့ပါပြီ။ ဒါပေမယ့် အဲဒီအရောင်တွေကို ကျွန်တော် နားလည်သလိုလို ရှိပေမယ့် ကျွန်တော် မသိတတ်ခဲ့ပါဘူး။ ရင်တော့ ခုန်ပါတယ်။ ရောင်စဥ့်ရဲ့ ဂရုစိုက်မှုတွေ ကျွန်တော့်ကို တခါတလေ  သူကြည့်ရင်း သက်ပြင်းမောကြီး ခိုးချတတ်တာတွေက ကျွန်တော် သူ့ဆီက မျှော်လင့်ချက် တစ်ခုကို တည်ဆောက်ဖို့ တွန်းအားပေးနေသလိုပဲ။ တခါတလေ သူ ပြောတတ်တဲ့….

          “သူငယ်ချင်း မင်း ရည်းစားမထားနဲ့ကွာ” ဆိုတဲ့ စကားတွေကို ကျွန်တော်က ဘာဖြစ်လို့လဲလို့ ပြန်မေးတိုင်း…..
          “ငါ မင်းကို နှမြောလို့” အဲဒီလိုပဲ သူ ဖြေတတ်ပါတယ်။ 

          သူနဲ့ ကျွန်တော်ကြားက ဆက်ဆံရေးက တစ်ခုခုကို ဦးတည်တာလည်း ဖြစ်နိုင်ပြီး ရောက်နှင့်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဟုတ်ပါ့မလားဆိုတဲ့ သံယယတွေနဲ့ အကြိမ်ကြိမ် အလုပ်များလာတော့ ကျွန်တော့်စိတ် ထဲ အစွဲတစ်ခုက ဝင်ရောက်လာပါတယ်။ ရောင်စဉ် ကျွန်တော့်ကို ချစ်နေသလားဆိုတဲ့ သံသယအစွဲပါပဲ။ မှားတယ်ဆိုရင်တော့ ကျွန်တော် အဲဒီအမှားကိုပဲ တစ်သက်လုံး ဆက်မှားလိုက်ချင်ပါတော့တယ်။ ယောက်ျားလေး တစ်ဦးက ချစ်ခင်မြတ်နိုးတယ်ဆိုတာ ဘယ်သူကမှ လက်မခံကြတော့ ကျွန်တော် ဆက်ပြီး ရိုးသားနေရဦးမှာ ပေါ့။ တကယ်ဆို ကျွန်တော်တို့ နှစ်ဦးစလုံးက သိနေကြသလိုလိုနဲ့ မပွင့်လင်းခဲ့ကြပါဘူး။ 

          ရောင်စဉ် မင်း ငါ့ကို ဖွင့်ပြောသင့်တယ်ကွာ…….။

♣ ♣ ♣ ♣ ♣
           ရောင်စဉ်နဲ့ကျွန်တော် တတိယနှစ်မှာပဲ ရောင်စဥ့်ဖေဖေ ဆုံးပါတယ်။ ရောင်စဉ်တို့ မိသားစု တော်တော် အခက်အခဲ တွေ့ခဲ့ရတဲ့ အချိန်တစ်ခုမှာပဲ ရောင်စဉ်တို့အိမ်ကို ကျွန်တော် မရင်းနှီးခဲ့တဲ့ လူစိမ်းတွေ ဝင်ထွက် သွားလာနေတာကို သတိထားမိခဲ့ပါတယ်။ ရောင်စဉ်ကတော့ ဘာဆိုဘာမှ ဖွင့်မပြောခဲ့ပါဘူး။ ကျွန်တော် သိရသလောက်တော့ ရောင်စဥ့်ဖေဖေရဲ့ သူငယ်ချင်းတစ်ယောက်က ရောင်စဉ်ဆက်တက်ရမယ့် ကျောင်းစရိတ်ကို တာဝန်ယူသလို ယိမ်းယိုင်သွားတဲ့ ရောင်စဉ်တို့ စီးပွားရေးကိုပါ ကူညီထောက်ပံ့ပေးနေတယ် ဆိုတာပါပဲ။ 

          အဲဒီသတင်းကြားတော့ ကျွန်တော်ရောင်စဉ်အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော် ဝမ်းသာသလောက် ရောင်စဉ်ကတော့ အဲဒီနောက်ပိုင်း ပျော်ရွှင်နေတာကို မတွေ့ရပဲ အေးစက်စက်နိုင်တဲ့ စက်ရုပ်တရုပ်နဲ့ တူလာပါ တယ်။ 

          “သူငယ်ချင်း ငါ့ရောဂါကို နိုင်ငံခြားထိ သွားကုမယ်လို့ ပြောကြတယ်” လို့ ရောင်စဉ် တစ်ခါ ပြောဖူးပါတယ်။ 

          “ကောင်းတာပေါ့ သူငယ်ချင်း။ မင်းလည်း နားလည်နေတာပဲ။ ဟိုမှာက ပိုကောင်းတယ်လေ။ တချို့ Treatment တွေဆို ငါတို့နိုင်ငံမှာ မလုပ်နိုင်သေးဘူးပဲ။ တခါတလေ အဲဒီက ပညာရှင်တွေလာမှ Cooperate လုပ်ရတာပဲလေ။ သွားသင့်တာပေါ့”
          “တကယ်လို့ ဟိုမှာ ငါ Settle Down နေရမယ်ဆိုရင်ရော”

          ကျွန်တော် ရောင်စဥ့်မျက်နှာကို အထိတ်တလန့် ကြည့်လိုက်မိပါတယ်။ 

          “အဲလောက်ကြီးတော့ အခြေအနေ မဆိုးလောက်ပါဘူး ရောင်စဉ်ရာ။ လျှောက်မတွေးပါနဲ့”

          “ဟူး…. ငါတော့ မနေနိုင်ဘူး၊ သူငယ်ချင်း။ ဘာဖြစ်လို့လဲဆိုတော့ ငါက ငါချစ်တဲ့သူတွေရှိတဲ့ နေရာမှာပဲ ငါ နေချင်တယ်။ အထူးသဖြင့် မင်းပေါ့…။ ငါတော့ မင်းနဲ့ ခွဲနိုင်မယ် မထင်ဘူး”

          ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ ဆူညံသွားတယ်။ ဘာကြောင့် ခွဲမနေနိုင်လဲဆိုတာကိုပါ ထည့်ပြောပါလား ရောင်စဉ်ရယ်။
          “တခါတလေမှာတော့ ဘဝတိုးတက်ဖို့ မြင့်မားဖို့ဆိုပြီး စတေးပစ်လိုက်ရတာတွေ အများကြီးပဲ သိလား၊ သူငယ်ချင်း။ အဓိကကတော့ ငါတို့တွေ အခွင့်အရေးရလာရင် ရွေးချယ်တတ်ရမယ်။ ငါ့ဘဝမှာတော့ ရွေးချယ်စ ရာထက် လက်ခံလိုက်ရမယ့် အခွင့်အရေးတစ်ခုပဲ ရှိတယ် သူငယ်ချင်း”

          ဆက်စပ်မှုမရှိတဲ့ ရောင်စဥ့်စကားတွေကို ကျွန်တော် အဲဒီအချိန်က နားမလည်တတ်ခဲ့ပါဘူး။ အဲဒီနေ့က ရောင်စဥ့်ကို တွေ့လိုက်ရတာ နောက်ဆုံးပါပဲ။ သူ ကျွန်တော့်ကို စကားလုံးမဲ့တဲ့ မျက်ဝန်းတွေနဲ့ အကြာကြီး စိုက် ကြည့်သွားတယ်။ ပြီးတော့……

          “သူငယ်ချင်း ငါ စောစောက ပြောခဲ့သလိုပေါ့။ မင်း မရှိနိုင်မယ့် နေရာတစ်ခုကို ရောက်နေရပြီ ဆိုရင်လေ ငါ မပြောခဲ့တဲ့ ငါ အသိမပေးခဲ့တဲ့ ငါ့စကားလုံးတွေကို ဟောဒီက စာအုပ်လေးက ပြောပြလိမ့်မယ်။ တစ်ခုရှိတာ က ငါ မင်းကွယ်ရာကို ရောက်သွားမှ မင်း ဖတ်ခွင့်ရှိမှာနော်။ ငါ မင်းကို Blind Trust နဲ့ ယုံကြည်နေမယ်။ ငါ မင်းအနား ရှိနေသရွေ့ ဒီစာအုပ်လေးကို မဖတ်ပါနဲ့” လို့ ပြောပြီး ဒိုင်ယာရီစာအုပ်ပုံစံ စာအုပ်လေးတစ်အုပ် ပေးပါတယ်။ စာအုပ်လေးက Lock ချထားတာပါ။ ရောင်စဉ်က သော့လေးပါ ပေးပါတယ်။ 

          “ရော့… ဒါလေးက ငါ မရှိတာ သေချာသွားရင် ငါ့ရဲ့ စကားလုံးတွေရဲ့ တံခါးပေါက်ကို ဖွင့်ပေးမယ့် သော့လေးပါ”
          ကျွန်တော် ဘာမှ နားမလည်ပေမယ့် ရောင်စဉ်ပေးခဲ့တဲ့ စာအုပ်လေးကို လှမ်းယူလိုက်ရင်း…
          “ငါ ကတိပေးပါတယ်။ မင်း ငါ့ဘေးမှာ မရှိတော့ရင် မင်းရဲ့ ကိုယ်စားပြောပြမယ့် ဒီစာအုပ်လေးကို မင်း ရှိနေသရွေ့ ငါ ဘယ်တော့မှ ဖွင့်မှာ မဟုတ်ပါဘူး” လို့ ပြောလိုက်ပါတယ်။ 

          ရောင်စဉ် ကျေနပ်စွာပဲ ပြုံးလိုက်ပြီး….
          “ကျေးဇူးပဲ သူငယ်ချင်း။ ငါ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိသွားတယ်။ အဲဒါက ငါ … မင်းကို….”
          ဆက်မပြောခဲ့ပါဘူး။ ရောင်စဉ် ကျွန်တော့်အရှေ့ကနေ ထွက်သွားပါတယ်။ ပြောမထွက်သွားခဲ့တဲ့ စကားလုံးတွေက ဘာဖြစ်နိုင်မလဲလို့ ခြေရာကောက်ရင်း ကျွန်တော် ကျန်နေခဲ့ပါတယ်။ 

          အဲဒီနောက် ရောင်စဉ်ကို မတွေ့ရတော့ပါဘူး။ နိုင်ငံခြားကို Medical Check Up သွားလုပ်တယ်လို့ပဲ ကြားပါတယ်။ မေမေ့ကို မေးတော့လည်း တိကျတဲ့ အဖြေမရသလို ကျွန်တော် ရောင်စဥ့်အိမ် သွားတော့လည်း မတွေ့ရပါဘူး။ ပိုဆိုးတာက ရောင်စဥ့်အိမ်တအိမ်လုံး သော့ပိတ်ထားတာကိုပဲ နောက်ရက်တွေမှာ တွေ့ရပါတော့ တယ်။
          
ရက်အတန်ကြာ ပျောက်နေပြီးနောက်မှာ ရောင်စဉ်တို့အိမ်မှာ လူတချို့ တွေ့ပါတယ်။ 
ကျွန်တော် တွေးမိတယ်။ တော်သေးတာပဲလို့…. ဒီကြားထဲ ရောင်စဥ့်စာအုပ်လေး မဖွင့်ကြည့်မိတာ။ ရောင်စဉ် ကျွန်တော့်အနား ရှိနေဦးမှာပဲ။ 

          နောက်ရက်တွေမှာ ရပ်ကွက်ထဲ ကြားရတာက ရောင်စဉ်ရဲ့ မင်္ဂလာပွဲသတင်းပါပဲ။ မယုံနိုင်လို့ ရောင်စဉ်အိမ် လိုက်သွားတော့ ရောင်စဉ်ရော၊ ရောင်စဥ့်မေမေပါ မရှိပါဘူး။ ဒါဟာ ရိုးသားတဲ့ ကိစ္စမဟုတ်မှန်း ကျွန်တော် ရိပ်မိပါတယ်။ ရပ်ကွက်ထဲက လူတွေပြောကြတာကတော့ ရောင်စဥ့်ကို ထောက်ပံ့နေတဲ့ လူကြီးရဲ့ သမီးနဲ့ ရောင်စဉ်တို့ရဲ့ မင်္ဂလာအခမ်းအနားကို ကြီးကြီးကျယ်ကျယ် စီစဉ်နေတဲ့အကြောင်းတွေ၊ လက်ထပ်ပြီး နိုင်ငံခြားမှာ အခြေချမယ့် အကြောင်းတွေပါပဲ။ အဲဒီသတင်းတွေကြောင့် ရောင်စဥ့်မေမေနဲ့ ရောင်စဉ်ကို တွေ့ဖို့ ကျွန်တော် ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ မေမေ့ကို ချဉ်းကပ်တော့လည်း အချည်းနှီးပါပဲ။ အဲဒီလိုနဲ့ ရောင်စဉ် ကျွန်တော့်ဘဝထဲက ပျောက်သွားလိုက်တာ…..

♣ ♣ ♣ ♣ ♣

          လျှောက်လမ်းပေါ်မှာ သတို့သမီးလက်ကိုတွဲပြီး လျှောက်လာတဲ့ ရောင်စဉ် ကျွန်တော် ရှိနေတဲ့ စားပွဲနား အရောက်မှာ သူ့ခြေလှမ်းတွေ နှေးသွားသလိုပဲ။ ကျွန်တော် စိတ်က ထင်လိုက်မိတဲ့ အမှားတခုလည်း ဖြစ်နိုင်ပါတယ်။ 

          ကျွန်တော့်ကိုတော့ သူမြင်နိုင်မှာ မဟုတ်ပါဘူး။ မှောင်ရိပ်ကျနေတဲ့ ထောင့်တစ်ရာက ကျွန်တော့်ကို သူ ဘယ်လိုနည်းနဲ့မှ တွေ့မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အံ့ဩစရာကောင်းတာက ရောင်စဥ့်ခြေလှမ်းတွေ တကယ်နှေးသွားပါတယ်။ ကျွန်တော့်စိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး တုန်လှုပ်သွားပါတယ်။ 

          သူ အသိမခံချင်တဲ့၊ မလာစေချင်ခဲ့တဲ့ မင်္ဂလာပွဲမှာများ ကျွန်တော့်ကို တွေ့သွားခဲ့ရင်…..
          ကျွန်တော် စိတ်ခြောက်ခြားစွာပဲ မတွေ့ပါစေနဲ့လို့ ဆုတောင်းရင်း အနားက လူရိပ်တွေကြားထဲ ကိုယ်ကို ညွတ်ထားလိုက်ပါတယ်။ ကျွန်တော့်စားပွဲကနေ ကျော်သွားပြီး မင်္ဂလာစင်မြင့်ပေါ်ကို မြန်မြန် ရောက်သွားပါစေတော့လို့ပဲ ဆုတောင်းနေမိပါတော့တယ်။ 

          ဒီအနားတဝိုက်မှာ ကျွန်တော် ရှိနေတယ်ဆိုတာများ သူ သိနေသလား မသိဘူး။ ရောင်စဉ် ကျွန်တော် ရှိနေတဲ့ နေရာဘက်ကို မျက်လုံးတွေ ရောက်လာပါတယ်။ ကျွန်တော့် တကိုယ်လုံးက သွေးတွေ ထိတ်လန့် အေးစက်ကုန်ပြီး ဒီနေရာကနေပဲ ထွက်ပြေးသွားလိုက်ချင်ပါတယ်။ 

          ရောင်စဥ့်အမူအယာကြောင့် ဘေးက သတို့သမီးပါ ဘာဖြစ်လို့လဲဆိုတဲ့ အကြည့်နဲ့ စူးစမ်းလာပါတယ်။ ဟန်ဆောင်ပြုံးထားတဲ့ ရောင်စဥ့်နှုတ်ခမ်းတွေ ဖြူဖျော့လာတယ်လို့ ထင်ရပြီး တဖြည်းဖြည်း တုန်ရီလာတယ်လို့ ထင်ပါတယ်။ ပြီးတော့ သူ့ခြေလှမ်းတွေ လုံးဝရပ်ဆိုင်းသွားတယ်။ သတိလက်လွတ် ဖြစ်သွားပုံရတဲ့ ရောင်စဥ့် ပုံစံကြောင့် ဧည့်ခံပွဲက လူတော်တော်များများရဲ့ အကြည့်က ကျွန်တော့် စားပွဲဝိုင်းဆီကို ရောက်လာကြပါတယ်။ သူ ကျွန်တော့်ကို သေသေချာချာ ရှာတွေ့သွားခဲ့တယ်။ ကျွန်တော် သူနဲ့ မျက်နှာချင်း မဆိုင်ရဲလို့ အကြည့်လွှဲလိုက်ချိန်မှာ သူလည်း မင်္ဂလာစင်မြင့်ဘက်ကို ပြန်ဦးတည်သွားတာကို သိလိုက်ပါတယ်။ သူ ကျွန်တော့်ဆီကနေ အကြည့်တွေ ခွာသွားချိန်မှာ သူ့မျက်လုံးအိမ်မှာ မီးရောင်ကြောင့် လက်နေတဲ့ မျက်ရည်စတွေကို ကျွန်တော် တွေ့လိုက်မိပါတယ်။ ဒီလိုနဲ့ပဲ သူ့မင်္ဂလာပွဲကို ကျွန်တော် တက်ရောက် ချီးမြှင့်တယ်ဆိုတာ သူ သိသွားခဲ့ပါတယ်။ 

          ကျွန်တော့်အနားကနေ ထွက်သွားတော့ အကြပ်အတည်းတစ်ခုကနေ ကျွန်တော် လွတ်မြောက်သွားလို့ သက်သာသလို ခံစားရပေမယ့် ရောင်စဥ့်ရင်ထဲမှာတော့ တစုံတရာ ပြင်းပြင်းထန်ထန် ဖြစ်နေတာကို ကျွန်တော် သိနေရသလိုပါပဲ။ 

          ကျွန်တော့်စိတ်တွေ လေးလံလာပါတယ်။ ကျွန်တော့်ကို ကျောခိုင်းထွက်သွားပြီဖြစ်တဲ့ ရောင်စဥ့်ကို ကြေကြေကွဲကွဲ ကြည့်နေမိတုန်း ကျွန်တော့်နားထဲမှာ ရုတ်တရက် ဆူဆူညံညံ အသံတချို့ကို ကြားလိုက်ရပါ တယ်။ 

          အသံလာတဲ့ဘက်ကို ကျွန်တော် ကြည့်မိတော့ မင်္ဂလာစင်မြင့်နားကဖြစ်ပြီး လူတွေ ဝိုင်းအုံနေတာကို တွေ့လိုက်ပါတယ်။ စိုးရိမ်နေတဲ့ သတို့သမီးနဲ့ တခြားလူတွေကို တွေ့ရပေမယ့် သတို့သားက ပျောက်နေပါတယ်။ 

          ကျွန်တော့်စိတ်ထဲ ထိတ်ခနဲ့ဖြစ်သွားပြီး အဲဒီနေရာကို ပြေးသွားမိပါတယ်။

          “ရောင်စဉ်ရေ……..”

♣ ♣ ♣ ♣ ♣

          အခုချိန်မှာ ရောင်စဉ်ပေးခဲ့တဲ့ စာအုပ်လေးကို ကျွန်တော် ဖတ်ခွင့်ရပါပြီ။ သူ ပြောခဲ့သလိုပဲ သူ ကျွန်တော့်အနား ဘယ်တော့မှ မရှိနိုင်တော့တဲ့ အခြေအနေကို ကျွန်တော် ရလိုက်ပါပြီ။ ကျွန်တော် အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ဟောဒီကမ္ဘာမှာ ရောင်စဉ်ဆိုတဲ့ ကောင်လေး တစ်ယောက်ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ 

          သူ လှောင်ပိတ်ပစ်ခဲ့တဲ့ ကျွန်တော့်အတွက် စကားလုံးတွေကို ဖွင့်နေစဉ်မှာ ကျွန်တော့်လက်တွေ တုန်ရီနေပါတယ်။ စာအုပ်လေးကို လှန်လိုက်တော့ ဝိုင်းစက်နေတဲ့ (ကျွန်တော် သဘောကျခဲ့ရတဲ့) ပုံနှိပ်စာလုံးတွေနဲ့ တူတဲ့ လက်ရေးလေးတွေကို တွေ့လိုက်ရတယ်။ 

          သူငယ်ချင်း

        ငါ ရင်ခုန်တတ်တဲ့ အရွယ်မှာ ငါ စပြီး လူတစ်ယောက်ကို အရမ်းချစ်မိသွားခဲ့တယ်။ ငါ ဖွင့်ပြောလို့ရခဲ့ရင် သိပ်ကောင်းမှာပဲလို့လည်း ငါ စိတ်ကူးတွေ ယဉ်ခဲ့မိတယ်။ ငါ ချစ်မိတဲ့ သူတစ်ယောက်ကလေ မိန်းကလေးဆိုရင် သိပ်ကောင်းမှာပဲ
          ကျွန်တော် စိတ်ထဲ ထိတ်ခနဲ့ ဖြစ်သွားတယ်။ ဒါဆို ရောင်စဉ်က မိန်းကလေး မဟုတ်တဲ့ တစ်ယောက်ကို ချစ်မိနေခဲ့တယ်ပေါ့။ 

          ငါ တခါတလေ တွေးမိတယ်။ ငါ့လို Heart Attack ရှိတဲ့သူတစ်ယောက်ကို ဘယ်သူကများ ချစ်သူအဖြစ် ချစ်နိုင်မလဲပေါ့လေ။ ချစ်သူတွေ ဖြစ်တော့ရော ငါ ဘယ်လောက်အချိန်ထိ သူ့အနား နေပေးနိုင်မှာလဲပေါ့။ အားလုံး ကြေကွဲစရာတွေပဲ ဖြစ်လိမ့်မယ်ဆိုပြီး ငါ ကြိတ်မှိတ် မျိုသိပ်ပစ်ခဲ့တယ်။ သူငယ်ချင်းရေ…. တချို့စကား လုံးတွေက ဖွင့်မပြောပဲထားတာက ပိုအဓိပ္ပါယ် ရှိနေတတ်တယ်လေ။

        ယောက်ျားတစ်ယောက်ကို ပန်းတစ်ပွင့်နဲ့ တင်စားတာက သိပ်သဘာဝမကျဘူး ဆိုပေမယ့် မင်းကတော့ ငါ့အတွက် ပန်းတစ်ပွင့်ပါပဲ။
        ဘယ်သူ့အတွက် ဖူးပွင့်ခဲ့လဲ ဆိုတာတော့ ငါ မသိခဲ့ဘူး။ ဒါပေမယ့် ဥယျာဉ်မှူးအဖြစ်နဲ့ပဲ ငါ ကျေနပ်ခဲ့တာပါ။ ပန်းပွင့်လေး မသိနိုင်ခဲ့တဲ့ ကွယ်ရာမှာတော့ ငါ့ရင်ထဲက အသံတိတ် ချစ်စကားတွေ ပြောနေမိတာ ပဲ့တင်ထပ်လို့…. 

        ငါ့ဘဝမှာ ယောက်ျားလေး တစ်ယောက်ကို ချစ်မိခဲ့ပါတယ်။ အဲဒါကလည်း တစ်ဘဝလုံးစာပဲ သူငယ်ချင်း။ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့ ဘဝထဲမှာ ဖြစ်သင့်တာကိုပဲ ဦးစားပေးရပေမယ့် ငါ့နှလုံးသားက စက်ရုပ် မဟုတ်ခဲ့ဘူး။
        ရွေးချယ်စရာ ဘာမှမရှိတဲ့ ငါ့ဘဝမှာ ငါ့ဆန္ဒကို ချောင်ထိုးပြီး အားလုံးအဆင်ပြေအောင် နေဖို့တော့ ငါဟာ သံပတ်မလိုပဲ  စက်ရုပ်ဆန်ခဲ့ပါတယ်။ 

        တစ်ကြိမ်တစ်ခါလောက်တော့ ငါ ဖွင့်ပြောချင်ခဲ့ပါတယ်။ ငါ မင်းကို သိပ်ချစ်တယ်လို့….
        င့ါ တစ်သက်မှာ တစ်ခါပဲ ချစ်မိခဲ့တဲ့ အချစ်တွေကိုတော့ ငါ ဖွင့်ပြောခဲ့မှာ မဟုတ်ဘူး ပန်းလေရေ။ ငါ့ရင်ထဲမှာ တစ်သက်လုံး ဝှက်သွားတော့မယ်။ အမြတ်တနိုးနဲ့ ငါ ဝှက်ထားမယ့် ပန်းလေးပေါ့။
        ငါ့ရဲ့ နှလုံးသားပြတိုက်မှာ မျိုသိပ်မှုဆိုတဲ့ ခေါင်းစဉ်အောက်က ပန်းလေးတစ်ပွင့်ပါပဲ။ ဒါပေမယ့် ငါ့အချစ်တွေကိုတော့ ရိုးသားစွာနဲ့ အသိပေးခဲ့ပါတယ် ပန်းလေးရေ…။ 

        အနားမှာ မရှိနိုင်တော့ပေမယ့် ငါ့ရင်ထဲမှာတော့ ဘယ်နေရာကိုပဲရောက်ရောက် မင်း အမြဲရှိနေမှာပါ။ မဖြစ်နိုင်တဲ့ ဘဝတွေမှာ ရှေ့ဆက်မတိုးကြတာပဲ ကောင်းပါတယ်။
        ငါတို့တွေက ချစ်ခွင့်တော့ ရှိပေမယ့် ပေါင်းစည်းခွင့် မရှိဘူးလေ။ ပတ်ဝန်းကျင်က လက်ခံတဲ့ စုံတွဲလေးဖြစ်ရင်တော့ သိပ်ကိုကောင်းမှာပေါ့။ ဒီဘဝမှာတော့ ဒီအတိုင်းလေးပဲ နေတာ ကောင်းတာမို့ တော်ရာကပဲ ငါ လွမ်းနေတော့မယ်။
        မင်းဟာ…..
ငါ သိပ်ချစ်ရတဲ့ ငါ့ရင်ထဲက ရင်ဝှက်ပန်းလေးပါပဲ…….။

          ကျွန်တော် စာမျက်နှာ Blank ဖြစ်သွားတဲ့ စာအုပ်လေးကို ပိတ်လိုက်ရင်း ရင်ထဲက နာကျင်မှုနဲ့အတူ မျက်ရည်တွေ ကျလာပါတယ်။
          ရောင်စဉ်ရယ်…
          ငါဟာ မင်းရဲ့ ရင်မှာဝှက်ထားတဲ့ ပန်းလေးတစ်ပွင့်တဲ့လား။
          ဘယ်လိုပဲဖြစ်ဖြစ် ငါ ကျေနပ်ပါတယ်။ ငါ ကျေးဇူးတင်ပါတယ်ကွာ…။
          ဘာဖြစ်လို့လဲဆိုတော့ ငါ့အပေါ်ထားတဲ့ မင်းရဲ့ ချစ်ခြင်းတွေကိုတော့ မင်းဝှက်မသွားခဲ့လို့ပေါ့…..။

ဝိုင်
Note: ကျွန်တော်ရေးတာမဟုတ်ပေမယ့် သူတစ်ပါးရေးတဲ့စာတွေထဲက ဖတ်လို့အရမ်းကောင်းတာတွေကို ပြန်လည်ဝေငှခြင်း ဖြစ်ပါတယ် ခင်ဗျ။

1 comment:

God of the Dream said...

2014, November (4) မှာလုပ်တဲ့ Myanmar LGBT Society ရဲ့ (4)နှစ်ပြည့်ပွဲမှာ Blog of The Year ဆုရသွားတဲ့ စာမူလေးမလား...။
ဒီစာမူဆု( ရင်ဝှက်ပန်း ) နဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးရှိခဲ့တယ်...