Wednesday, November 12, 2014

ဘယ်လိုဖွင့်ဟမလဲ?



စာဖတ်သူအနေနဲ့ မိမိဟာ လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay)၊ လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ(Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender) ဆယ်ကျော်သက်တစ်ယောက်ဖြစ်တယ်ဆိုတာ တစ်ယောက်ယောက်ကို မပြောပြရသေးဘူး ဟုတ်တယ်ဟုတ်? တကယ်တော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်ဗျ။ LGBT တစ်ယောက်ဖြစ်ရတာ တကယ့်အမိုက်စားပါ။ စဉ်းစားကြည့်လေ ဘီရိုတစ်လုံးထဲ အမြဲပုန်းကွယ်နေတာထက်စာရင် လမ်းမထက်မှာ လျှောက်လှမ်းတာကပိုပြီးကောင်းတယ်မဟုတ်လား။ ဘယ်လောက်ထိ များ ပုန်းကွယ်နေနိုင်မှာတဲ့လဲလေ။ အခုကျွန်တော်က စာဖတ်သူကို ကြပ်တည်းချုပ်တည်းထားသလိုဝတ်ဆင်ရတဲ့ ခေတ်ဟောင်းဖက်ရှင် လောကကနေ လွတ်လပ်ပေါ့ပါးသက်သောင့်သက်သာရှိတဲ့ ခေတ်ဖက်ရှင်ကိုဝတ်ဖို့ မိမိကိုယ်ကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာ ကူညီချင် စိတ်နဲ့ပြောပြချင်တာလေးတွေရှိပါတယ်။ ဘယ်လိုရပ်တည်မလဲ ဘယ်လိုအခြေအနေလေးတွေရှိသလဲ မိမိကိုယ်ကို ဘယ်လိုစိတ် လေးတွေနဲ့ စသည့် အကြံဉာဏ်လေးများဖြင့် အထောက်အကူပေးချင်စိတ်လည်းပါတယ်ဆိုရမှာပါ ခင်ဗျ။ လူမှုအဖွဲ့အစည်း လောက၀ယ် ကျွန်တော်တို့အားလုံးသည် ပိုမိုကောင်းမွန်သော လူထုတစ်ရပ်အဖြစ် ဖြစ်တည်ကာ ဖြတ်သန်းနိုင်ကြတာ အများအမြင်ဖြစ်ရပါမယ်ပေါ့။

(၁) သင့်လိင်စိတ်တိမ်းညွှတ်မှုကိုအသားကျသေချာအောင်လုပ်ပါ (Make sure of your sexual orientation)

စာဖတ်သူအနေနဲ့ မိမိကိုယ်ကိုဘာဆိုတာ ပုံဖော်နေဆဲကာလမှာပဲရှိသေးတယ်ဆိုရင်တော့ လူတွေကိုဖွင့်ဟပြောဆိုဖို့အချိန်ကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ မိမိဟာ လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay) လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ (Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင် နေထိုင်သူ (Transgender) စသဖြင့် လိင်စိတ်တိမ်းညွှတ်မှုတွေက တစ်ဦးနဲ့တစ်ဦးမတူညီကြသလို အချို့သောအချက်အလက် အချို့သော နေထိုင်စားသောက် ဓလေ့ထုံးစံခြင်းညီညွတ်မှုတွေဟာ LGBT တွေနဲ့အကြောင်းအရာတူညီနေတယ်ဆိုပေမယ့် မိမိကိုယ်ကို ဘာဆိုပြီး ဆုံးဖြတ်လိုက်ဖို့ဆိုတာ အချိန်အတိုင်းတစ်ခုအထိလိုအပ်ပါတယ်။  အခုအဆင့်လေးဟာ တော်တော်ရှုပ်ထွေးပြီး မိမိကိုယ်ကို သေချာ ဆန်းစစ်ဖို့လိုနေသလို မိမိကိုယ်ကို ဘာပါဆိုပြီး ဖွင့်ဟလိုက်ပြီးရွေးချယ်လိုက်တယ်ဆိုပါတော့ တကယ်တမ်းမဟုတ်ခဲ့ရင် ရှေ့ဆက်ရမယ့်ဘ၀လမ်းကြောင်းမှာ အတော်ရှုပ်ယှက်ခက်သွားနိုင်ပါတယ်ဗျ။ အရမ်းရင်းနှီးချစ်ခင်တဲ့ မိသားစုဝင်တစ်ယောက်ယောက် သို့မဟုတ် သူငယ်ချင်းမိတ်ဆွေရှိတယ်ထားဦး စာဖတ်သူရဲ့ ပုံမှန်ချိန်းဆိုတွေ့ဆုံမှုလေးတွေအကြောင်း အရိပ်အယောင်ကိုတောင်မပြပါ နဲ့ဦး သူတို့အကြီးအကျယ် ရှော့ခ်ဖြစ်သွားနိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ယောက် သို့မဟုတ် မိသားစုဝင်တစ်ဦးဦးကို ဖွင့်ဟလိုက်ဖို့ဆုံးဖြတ်လိုက်ပြီထားဦး သူတို့ကိုဘယ်လိုဖွင့်ဟမယ် ဘယ်လိုခင်းကျင်းပြီး နားလည်အောင်ပြောဆိုမယ်ဆိုတာ ကြိုတင်ပြင် ဆင်လိုက်ပြီးနောက်ပိုင်းမှာမှ ပြောဆိုသင့်ပါတယ်။ သင့်လိင်စိတ်တိမ်းညွှတ်မှု ကြိုက်နှစ်သက်မှုဟာ ပတ်ဝန်းကျင်နဲ့ဆန့်ကျင်ဘက် အသွင်မဖြစ်ဘဲ အသားကျအောင်လုပ်စေလိုရင်းဖြစ်ပါရဲ့။

(၂) လူတွေကိုဖွင့်ဟဖို့ထက် ကိုယ့်ကိုယ်ကိုလုံခြုံအောင်သေချာလုပ်ဦး (Make sure you will be safe if you tell people)
သူတို့အိမ်ကိုသူတို့စွန့်ခွာခဲ့ရသူတွေ သို့မဟုတ် သူတို့ဘ၀လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်ထိတ်လန့်နေရသူတွေ လူလောကမှာ အများကြီးရှိခဲ့ပြီးပါပြီ။ စာဖတ်သူအနေနဲ့ မိမိကိုယ်မိမိ အန္တရာယ်ရှိအောင်မပြုလုပ်နဲ့။ အကယ်၍ စာဖတ်သူရဲ့ မိသားစုဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူများကို အလွန်တရာမုန်းတီးနေသူများ(homophobic)ဆိုပါက စာဖတ်သူအနေနဲ့ သတင်းကောင်းတွေကြားရနိုင်မယ် ကြားဖို့အခွင့်အလမ်းနည်းပါလိမ့်မယ်။ ဒီလိုအခြေအနေမှာပြောစရာရှိတာက စာဖတ်သူအနေဖြင့် မိမိခြေထောက်ပေါ်မိမိ မရပ်တည်နိုင် သေး မရုန်းကန်နိုင်သေးဘူးဆိုရင် ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံးဖြစ်မှာပါပဲ။ တစ်နည်းအားဖြင့်တော့ စာဖတ်သူမှာ စိတ်ချ ယုံကြည် အားကိုးနိုင်မယ့် ဒီလိုကိစ္စမျိုးကိုကေင်းကောင်းကိုင်တွယ်နိုင်မယ့် ကျောင်းအတိုင်ပင်ခံတစ်ယောက်ရှိတယ်ဆိုရင် မိမိရဲ့လိင်စိတ် တိမ်းညွှတ်မှုကို သူ့အားပြောပြပြီး မိဘတွေကို ဖွင့်ဟပေးကြည့်ဖို့ကြိုးစားနိုင်ပါတယ်။ ကျောင်းအတိုင်ပင်ခံအနေနဲ့ မိသားစုနဲ့စာဖတ်သူ အကြား ကြားခံမီဒီယာတစ်ခုအသွင်နဲ့ လုပ်ဆောင်ပေးနိုင်တာပေါ့နော်။ စာဖတ်သူ့ဘ၀လုံခြုံအေးမြဖို့ကတော့ သေချာအောင်လုပ်ထား သင့်ပါရဲ့။

(၃) ဖွင့်ဟမပြောခင် သူတို့မေးလာနိုင်တဲ့မေးခွန်းတွေကိုဖြေဖို့အဖြေတွေထုတ်ထားဦး
(Before coming out, think of what questions they might ask and have answers in mind just in case.)

ကိုယ့်ရဲ့လက်ရှိအခြေအနေကို သူတစ်ပါးကိုဖွင့်ဟမပြောပြခင် သူတို့သေချာပေါက်မေးမြန်းလာမယ့် မေးခွန်းတွေ၊ လက်ငင်းချက်ခြင်းမေး မြန်းလာမယ့် မေးခွန်းတွေအတွက် အဖြေကောင်းကောင်းရှိဖို့ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဥပမာအားဖြင့် စာဖတ်သူအနေနဲ့အရင်က ဆန့်ကျင်ဘက်လိင်တစ်ယောက်ယောက်နဲ့ ချိန်းဆိုတွေ့ဆုံတာမျိုး ချစ်သူရည်းစားထားရှိခဲ့ဖူးတယ်ဆိုပါစို့ မိသားစုဝင်တစ်ဦးဦးအနေဖြင့် ‘မင်း အရင် ရည်းစား ကောင်လေး/ကောင်မလေးကရော ဘာလဲ?’ သို့မဟုတ် စာဖတ်သူဟာ လိင်ပြောင်းလဲခွဲစိတ်ထားသူ၊ လိင်တူ လိင်ကွဲအားလုံးကြိုက်နှစ်သက်တတ်သူဖြစ်ခဲ့ရင် သို့မဟုတ် အလားတူ သူတို့သိထားတဲ့ အမှတ်တံဆိပ်တစ်ခုခုနဲ့ သက်သေထူ ကြည့်ဖို့လုပ်လာခဲ့ရင် …… ဘယ်လိုရှင်းပြရမယ် ဘယ်စကားလုံးတွေသုံးမယ်ဆိုတဲ့ နည်းစနစ်တွေလိုအပ်လာနိုင်ပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုတစ်ခုခုကို အမှတ်တံဆိပ်တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီးပြောရရင် သူတို့စိတ်ထဲမှာရှိနှင့်ပြီးသား  အသားကျပြီးသား အမှတ်တံဆိပ်တွေနဲ့ဆိုရင် အခုမှသိရသော အမှတ်တံဆိပ်တွေကို နားလည်ဖို့ အထာကျဖို့အချို့သောလူတွေအနေနဲ့က နားလည်မှုလွဲ ခြင်းများဆိုတာရှိနိုင်ပါတယ် ခင်ဗျ။ ဒါကြောင့် စာဖတ်သူအနေနဲ့ သူတို့မေးမြန်းလာမယ့် မေးခွန်းတွေ အထာတွေကို ကိုယ်က ဘယ်လို အိုင်ဒီယာနဲ့ သဘောပေါက်သွားအောင် လုပ်မလဲဖြေမလဲဆိုတာကို ကိုယ့်ဖာသာကိုယ်အရင်စူးစမ်းမေးမြန်းအဖြေပေးပြီး အရင်လေ့လာ သင့်ပါ တယ်နော်။

(၄) အရင်းနီးဆုံးသူငယ်ချင်းများဖြင့်စတင်လိုက်ပါ (Start with close friends)
ကိုယ်နဲ့ တရင်းတနီးပေါင်းသင်းလာတဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ဘယ်သူကတော့ဖြင့် ယုံကြည်စိတ်ချရတယ် ဘယ်သူကတော့ဖြင့် ကိုယ့်ကိုယ်ရေးကိုယ်တာတွေကို ဖွင့်ဟတိုင်ပင်နိုင်တယ်ဆိုတာ များသောဖြင့် သိရှိကြပြီးသားဖြစ်မှာပါ။ တကယ်လို့ စာဖတ်သူရဲ့ သူငယ်ချင်း မိတ်ဆွေတွေဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ အမျိုးသား (gays) နှင့် အမျိုးသမီး (lesbians) များနဲ့ပတ်သက်ပြီး အနှုတ် လက္ခဏာဆောင်တဲ့ သဘောတွေပြောဆိုနေခဲ့ကြပြီးသားဆိုရင်တော့ သူတို့ကိုဖွင့်ဟတာကိုလက်ခံဖို့ အသိဉာဏ်မကြွယ်ကြောင်းသိသာ နိုင်တာမို့ မဖွင့်ဟသင့်ပါ။ လိင်တူခြင်းကြိုက်နှစ်သက်တဲ့ကိစ္စဟာ သဘာဝကျတဲ့အကြောင်းအရာဖြစ်ပေမယ့် လူတိုင်းအတွက်တော့ အမှန်တရားတစ်ခုမဖြစ်သေးပါဘူး။ စာဖတ်သူရဲ့မိသားစုဝင်တွေလည်းအပါအ၀င်ပေါ့နော်။ စာဖတ်သူရဲ့မိသားစုဝင်တွေက ငြင်းပယ် ကန်ထုတ်မယ့်ကိစ္စတွေ မဖြစ်ခင် အရင်ခုသာခံသာဖြစ်မယ့် တော်တော်အရေးပါတဲ့ကိစ္စဖြစ်ပါတယ် သူငယ်ချင်းများကိုစတင်ဖွင့်ဟခြင်း ဆိုတာဟာလေ။

(၅) ကိုယ့်အခြေအနေကို ဖွင့်ဟလိုက်ဖို့ (Come right out with your statement)

တောခင်တန်းလေးနားကို ဖြတ်သန်းသွားဖို့ကြုံလာတဲ့အခါ ခြုံပုတ်တွေဘေးကို တုတ်နဲ့ခတ်ပြင်းပြင်းရိုက်ခတ်ပြီး အကောင်ပလောင်တွေ ကို အသံပေးမောင်းထုတ်သလိုမျိုး သို့မဟုတ် စာဖတ်သူရဲ့ရင်ထဲမှာရှိပြီးသား စိတ်ခိုင်မာမှုတွေဟာခေါင်းလျှောင်နေသလိုမျိုးခံစားရတာ က (၁) စာဖတ်သူရဲ့ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေကို ကြောက်လန့်နေလို့ (၂) စာဖတ်သူရဲ့စိတ်ထဲမှာရှိနေသော ရှက်ရွံ့စိတ်၊ အရှက်ရဖွယ်ကိစ္စတစ်ရပ်ကိုရင်ဆိုင်ရတော့မယ်လို့ ကိုယ့်ဖာသာထင်မြင်ယူဆချက်တွေပေးနေခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ကဲပါ အဲဒီလိုဖြစ်နေမယ့်အစား ကိုယ်အခုဖြစ်တည်နေတဲ့ အခြေအနေဖြစ်ရပ်ကို အေးအေးဆေးဆေးဖြင့် ဘ၀အတွက်လိုအပ်နေတာတွေ ကိုဆွေးနွေးတဲ့ သဘောဖြင့် သူတို့ကိုဖွင့်ဟဆွေးနွေးလိုက်ပါ။

ဥပမာအားဖြင့် - ‘အင်း…အကို…ဒီနေရာကို ကျွန်တော်ခေါ်လာရတာက အရေးကြီးတာတစ်ခုခု ပြောပြချင်လို့။ ကျွန်တော်က လိင်တူခြင်းကြိုက်နှစ်သက်သူ (gay) တစ်ယောက်ပါ။’ သို့မဟုတ် ‘ကိုယ်ဖြစ်နေတာတွေ ကိုယ်ခံစားနေရတာတွေကို ဖွင့်ဟပြောပြလို့ရ တဲ့ မင်းလိုသူငယ်ချင်းတစ်ယောက်ရှိတာ ငါအရမ်းကံကောင်းတာပဲ။ ငါ့အခု စိတ်ထဲမှာ တင်းကြပ်နေတဲ့ အခြေအနေတစ်ခုကိုဖြတ်သန်းနေ ရတယ် သိလား။ တကယ်လို့ ငါဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ (Lesbian) တစ်ယောက်ဆိုတာ မင်းသိသွားရင် ခင်မင်ရင်းနှီးမှုနဲ့ ကူညီမှုတွေ ဆက်ပြီးပေးနိုင်မယ် ဆက်ပြီးသူငယ်ချင်းဖြစ်လို့ရမယ်လို့ မျှော်လင့်လို့ရမလားဟင်’။ အဲ… အကာအကွယ်အခုအခံတွေ သို့မဟုတ် အချိုသကာတွေ အရမ်းအများကြီးတော့မလုပ်ပါနဲ့။ အခုပြောပြဖွင့်ဟနေတဲ့ကိစ္စဟာ စာဖတ်သူအတွက် အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ် ကြောင်း သူတို့သိပါစေ။ ဘော်ဒါ အသက်ကို၀၀ရှူ….ပြောချလိုက်တော့ အခု။

(၆) သူတို့အတွက် လက်သင့်ခံခြင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတာဖြစ်လာဖို့အချိန်ပေးလိုက်ပါဦး
(Allow time for people to process and assimilate this revelation)
စာဖတ်သူဖွင့်ဟထားတဲ့ လူတွေအနေနဲ့ သူတို့ကြားရ လက်ခံနားထောင်ထားရတဲ့ သင့်ဖြစ်စဉ်နဲ့ အခြားအရာတွေကို သူတို့တွေ လက်သင့်ခံခြင်း စာဖတ်သူအကြောင်းအမှန်အတိုင်းသိမြင်ခြင်းဆိုတာတွေအတွက် သူတို့ကိုဖြတ်သန်းချိန် အချိန်တစ်ခုကိုပေးရပါမယ်။ အချို့သော မိသားစုဝင်တွေ နှင့်/သို့မဟုတ် သူငယ်ချင်းတွေအနေနဲ့ သူတို့လက်ခံထားတဲ့ ရှိရင်းစွဲအတွေးအခေါ်နဲ့ အခုတွေ့ရှိတဲ့ အတွေးအခေါ်အယူအဆ အသားကျဖို့ အချိန်အနည်းငယ်တော့လိုကောင်းလိုနိုင်ပါတယ်။ သူတို့အပေါ် အေးဆေးငြင်သာစွာဆက်ဆံပြီး စာဖတ်သူအ၀န်းအ၀ိုင်း ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ဖို့အချိန်ပေးလိုက်ပါ။ တစ်ရက်ရက် တစ်ချိန်ချိန် ရုတ်တရက်ထတဲ့ပြီး ‘အိုး…ငါက ဂေးပဲနော်’ ဆိုကာ ထမပြောမိ မရေရွတ်မိဖို့ သတိရပါနော်။ စာဖတ်သူအနေနဲ့ အချို့သောအချိန်တွေမှာ မိမိကိုယ်ကို ဘာဆိုတာ လက်ခံဖို့ လိုနေသေးသလို အခြားသောသူတွေအနေနဲ့လိုအပ်ပါလိမ့်ဦးမယ်။

(၇) ကိုယ့်ဘ၀မှာ ဘယ်ကဏ္ဍတွေမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်ဆိုတာ နားလည်ပါ
(Understand that this is something that will have a huge impact on certain aspects of your life)

စာဖတ်သူနားလည်ထားရမှာက သင့်ဘ၀မှာ မကြုံဘူးသေးတဲ့ အချို့သော ကြီးမားသောဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာပါပဲ။ သူငယ်ချင်းအချို့က ခဏတာတော့ သင်နဲ့ဆက်ဆံရေးဖြတ်ထားဖို့လိုသလိုမျိုးရှိနိုင်သလို အချို့သော မိသားစုဝင်တွေဟာလည်း စာဖတ်သူအပေါ် ကွဲပြားခြားနားတဲ့ ဆက်ဆံမှုတွေပေးလာနိုင်ပါတယ်။ စာဖတ်သူရဲ့မိဘတွေအနေနဲ့လည်း ကွဲပြားခြားနားတဲ့ ခံစားချက်တွေ ခံစားနေရနိုင်ပြီး ဒေါသအနည်းငယ်စွက်တဲ့ ဆက်ဆံမှုတွေပေးလာနိုင်ပါရဲ့။ သေချာတဲ့အခြေအနေ ကတော့ သူတို့အနေနဲ့ စာဖတ်သူအပေါ် စွန့်လွှတ်လိုစိတ်ဖြစ်ပေါ်ခံစားမိကြသလို အခြားသောသူများသည်လည်း စာဖတ်သူအပေါ် နှိမ့်ချလိုစိတ်တွေ နိမ့်ကျသွားတဲ့အဆင့်တစ်ခုနဲ့ဆက်ဆံခြင်းတွေကြုံရနိုင်ပါတယ်။ အရာအားလုံးပြောင်းလဲကုန်နိုင်ပါတယ်လေ။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ သည်းခံစိတ်ထားမယ် ကြုံနေရတဲ့ဆက်ဆံရေးလို အခြေအနေမျိုးကိုလက်မခံနိုင်ကြောင်းအတင်းမလုပ်ဘူးဆိုရင် ၊ တစ်ချိန်တည်းမှာလိုလိုပဲ ကြုံဆုံနေရတာကို အောင့်အည်း သို့မဟုတ် ငြင်းဆန်နေတဲ့အချိန် စာဖတ်သူဟာ သူတို့ထင်မြင်နေသလို အကျိုးမဲ့လူတစ်ယောက်မဟုတ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သော အရည်အချင်းရှိလူတစ်ယောက်ဖြစ်ကြောင်းပြသနိုင်ပါလျှင် အဆုံးသတ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံမှုတွေရဖို့အခြေအနေနဲ့ အဆုံးသတ်နိုင်ပါလိမ့်မယ်။

(၈) ရှေ့တည့်တည့်ကို မျက်နှာမူပြီး လျှောက်လှမ်းပါ (Live out without being in people’s faces about it)

စာဖတ်သူအနေနဲ့စဉ်းစားကြည့်ပါ လူတစ်ယောက်ယောက်ရဲ့မျက်နှာကိုကြည့်ပြီး ရှင်သန်နေထိုင်ရတဲ့ဘ၀ဟာ ဘယ်လောက်များ နေရ ထိုင်ရကြပ်သလဲဆိုတာကိုလေ။ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် ကိုယ့်ရပ်တည်မှုနဲ့ကိုယ် သူတို့မျက်နှာကိုမကြည့်ဘဲနေထိုင်ကြည့်ပါလားဗျ။ အရင်က စာဖတ်သူအပေါ်မြင်တွေ့ဆက်ဆံနေကြသူတို့စိတ်သဘောထားတွေနဲ့ အခုမှသူတို့သိရှိရသော စာဖတ်သူ့အကြောင်းကို လက်ခံပြီး စတင်ပေါင်းသင်းဆက်ဆံဖို့ အစပိုင်းမှာသူတို့အနေနဲ့ နည်းနည်းတော့ခက်ခဲနေပေမယ့် နောက်ပိုင်းမှာတော့ သူတို့အမှန်တရားကို သိမြင်သွားကြမှာပါ။ စာဖတ်သူအနေနဲ့လည်း သူတို့တွေရဲ့ ဆက်ဆံမှုအပြောင်းအလဲ ထိတွေ့ရတဲ့ပတ်ဝန်းကျင် အပေါ် သက်သောင့်သက်သာလေးပဲစီးမျောနိုင်မယ်ဆိုရင် မကြာပါဘူး အကောင်းဆုံးဆိုတဲ့ အထာကျမှုတွေဖြစ်သွားပါလိမ့်မယ်။
စာဖတ်သူ ဘာဆိုတာ သိပြီးနောက်မှာတော့ သူတို့အလွယ်တကူ လိုလိုလားလား အလွယ်တကူလက်ခံလာကြမှာပေါ့။

ဆိုလိုတာကဗျာ သူတို့တွေ ရုပ်ရှင်၊သဘင်၊ဂီတပွဲတွေမှာမြင်တွေ့နေရသော ရယ်ရွှင်ဖွယ် LGBT ဇာတ်ကောင်များ၊ မဟုတ်တဲ့ဘက်မှာ ထူးချွန်နေသော ပတ်ဝန်းကျင်နဲ့ သဟဇာတသိပ်မဖြစ်စေတဲ့ LGBT အချို့ရဲ့သရုပ်သကန်များအပြင် မိသားစုဝင်တွေအနေနဲ့ကလည်း မိသားစုကို အထောက်အကူမပြု မိဘပိုက်ဆံလက်ဖြန့်သုံးနေသော ကိုယ့်ရပ်တည်မှုအပေါ်တန်ဖိုးမထား လူတကာနဲ့တရုန်းရန်းနေ တတ်သော ဂုဏ်သိက္ခာမဲ့စေတဲ့ သားသမီးအပေါ်အမြင်တို့က သဘာဝတစ်ရပ်အဖြစ် လက်မခံနိုင်ကြတာများစေပါတယ်။ စာဖတ်သူ တစ်ယောက် အနေနဲ့ ကိုယ့်ဘ၀ရှေ့ရေးအတွက် ဦးတည်ချက်မပျက်သူ၊ မိဘမောင်ဖွားတွေ သိက္ခာမဲ့စေမယ့်အလုပ်ကိုမလုပ်ဘဲ အထောက်အကူပြုသူ တစ်ဦးအဖြစ် ကြိုးစားနေထိုင်ပြကြမယ်ဆိုရင် မိသားစုဝင်တွေကလည်း အမြင်မကြည်ပေမယ့် လက်ခံလာမယ့် အပြင် ပတ်ဝန်းကျင်ကလည်း စနောက်မှုမရှိ ဖြစ်တည်မှုတစ်ခုအဖြစ် အထာကျလာကြပါလိမ့်မယ်။

သဘာဝတရားတစ်ခု ဖြစ်ရိုးဖြစ်စဉ်တစ်ခုအသွင် အမြဲပြောဆိုနေထိုင်ဆက်ဆံပါ။ စာဖတ်သူရဲ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအနေနဲ့ LGBT ဆယ်ကျော်သက်တွေအကြောင်း ပိုမိုသိရှိလာစေဖို့ သူတို့မေးမြန်းစူးစမ်းတာတွေကို ပြောပြဖို့ ဗဟုသတလည်းရှိထားသင့်တယ် ပြီးတော့ LGBT အ၀န်းအ၀ိုင်းကို အထင်မသေးစေမယ့် လူ့အဖိုးတန်တစ်ယောက်အဖြစ် နေထိုင်ကြည့်ကြမယ်ဆိုရင် သူတို့ဆိုတဲ့ လူတွေကို မျက်ဝန်းခြင်းတည့်တည့်ကြည့်ပြီး အသက်ရှင်သန်နေထိုင်သွားနိုင်ပါလိမ့်မယ်။

(၉) ကိုယ့်လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်နဲ့အသားကျအောင်လုပ်ခြင်း/ဆွေးနွေးဖို့လိုလိုလားလားဖြစ်ခြင်း
(Be able and willing to discuss your orientation with sincerely interested individuals)

တစ်ခါတလေတော့လေ မိမိရဲ့ လိင်စိတ်ခံယူမှု တိမ်းညွှတ်မှုတွေဟာ တစ်သီးပုဂ္ဂလခံစားချက်လို့ယူဆနိုင်ပေမယ့် နေထိုင်အသက်ရှင်ရာ ပတ်ဝန်းကျင်က လူတွေနဲ့ အသားကျသွားဖို့အတွက်တော့ ခက်သားပါပဲ။ အချို့သောသူတွေဟာ စာဖတ်သူက ဂေးတစ်ယောက်ဆို တာသိထားတယ်ဆိုရင် လိင်ပိုင်းဆိုင်ရာကိစ္စမှာ ဟာသလုပ်ရမယ့်လူအဖြစ် သူတို့မသိစိတ်က ဆက်ဆံတတ်ကြပါတယ်။ ဥပမာ - စာဖတ်သူနဲ့ သူ မမြင်ကွယ်ရာလေးမှာ အမှတ်မထင်နှစ်ယောက်တည်းရှိမိတဲ့အချိန်ဆိုရင် “ငါ့ကို လာမထိနဲ့နော်….မင်းနဲ့ဖမ်းမိသလို ဖြစ်သွားမယ်”အဲ့လိုပြောလာတဲ့အခါ စာဖတ်သူအနေနဲ့ ‘ဟေး…မင်းကို ငါကဘာတွေလုပ်နေခဲ့လို့လဲကွ’လို့သာပြောဆိုသင့်ပါတယ်။ ပြင်းထန်စွာမတုန့်ပြန်သင့်ပါဘူး။

တစ်ခါတလေ အဲ့လိုမဟုတ်ဘဲ ဆန့်ကျင်ဘက်မျိုးကြုံရနိုင်ပါတယ်။ တစ်ဖက်လူက ‘ဟိုဟာလေ… ကျွန်တော့် အကိုကသူ့ကိုယ်သူ ဂေးလို့ထင်နေတာ နှစ်ယောက်တည်းဆို ဖမ်းမိသလိုဖြစ်နေဦးမယ်’ လို့စကားပြောဆိုလာတယ်ဆိုပါတော့ ‘အိုး…၀ိုး….အဲဒီ့ကိစ္စက မင်းကို အံ့အားသင့်စေတယ်ပေါ့? အခြား မင်းသူငယ်ချင်းတွေကော သိလား?’ ဆိုပြီးစာဖတ်သူအနေနဲ့ ပြောလိုက်နိုင်ပါတယ်။ ပြီးတော့ တစ်ဖက် လူဟာ စကားပြောရအဆင်ပြေသူ လက်သင့်ခံလွယ်သူတစ်ယောက်ဆိုပါက စာဖတ်သူတို့ အတွက် ကောင်းသောအရာတွေ ဘက် အလှည့်အပြောင်းပါပဲ။ စာဖတ်သူအနေနဲ့က ‘အင်း ရပါတယ်ကွာ…အေးဆေးပါ…သူနဲ့အကိုနဲ့စကားပြောနိုင် သူငယ်ချင်းဖြစ်နိုင် တဲ့အကြောင်း ပြောလိုက်ညီလေး’ စသဖြင့် ရယ်ရယ်မောမော သက်သောင့်သက်သာဖြစ်စေမယ့် စကားမျိုးတွေနဲ့ တစ်ဖက်လူနဲ့ သူ့ညီအစ်ကိုအပေါ် ကြင်ကြင်နာနာသက်သောင့်သက်သာဖြစ်စွာပြောဆိုဆက်ဆံလိုက်မယ်ဆိုရင် LGBT လူ့အဖွဲ့အစည်းဆိုတာ သီးသန့်မဟုတ်ဟုဆိုသော အခြေအနေဆီကို ဦးတည်သွားစေမှာပါ။ ဥပမာပေးပြောခဲ့သလို အခြားလူများအပေါ် အကူအညီကိစ္စရပ်များ ပြုလုပ်ပေးခြင်းဖြင့် ကွာဟချက်နှင့်အတူ လက်ခံခြင်းတွေဖြစ်တည်လာပါလိမ့်မယ်နော်။

(၁၀) မှတ်မိ သတိရှိပါ (Remember)
မိမိအကြောင်းကို ဖွင့်ဟပြောဆိုခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဆိုတာ သတိရ မှတ်သားထားပါ။ အဆိုပါကိစ္စဟာ အချိန်လိုပါ တယ် အလျင်စလိုမလုပ်ပါနဲ့။

ပြောစရာ အချို့ (Tips)

-       သင်ဘာဆိုတာ သင်ကပဲပြောနိုင်ပါတယ်။ သင့်ဖြစ်တည်မှုအတွက် သင်ကိုယ်တိုင် ဘယ်တော့မှ မထိတ်လန့်မကြောက်ရွံ့ပါနဲ့။
-       အခြားသော online ပေါ်မှ သင့်အသက်ဝန်းကျင် လိင်တူအမျိုးသားချင်းကြိုက်နှစ်သက်သူ (Gay လိင်တူအမျိုးသမီးချင်းကိုသာ ချစ်ခင်နှစ်သက်သူ(Lesbian), လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကိုနှစ်သက်တတ်သူ (bisexual) ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင် အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender)များ အထူးသဖြင့် သူတို့ဘာဆိုတာကိုဖွင့်ဟ၀န်ခံထားသူများနှင့် စကား စမြည်ပြောဆိုပါ သူတို့အကြံဥာဏ်ကို ရယူပါ။ Social Website အချို့မှာ ကိုယ်သိချင်တဲ့အကြောင်းအရာလေးတွေကို သတင်းတို bulletin တစ်ခုအသွင် တင်ကြည့်ပါ။ ကိုယ့်လိုပဲအခြေအနေတစ်ခုကို ဖြတ်သန်းနေသူများက ဘယ်လိုလုပ်သင့် ကြောင်း သူတို့အတွေ့အကြုံအယူအဆလေးတွေကို ဝေမျှနိုင်တာပေါ့။ ဒါမှ ဆိုးဝါးသောတုန့်ပြန်မှုအခြေအနေ များကို ကိုယ်ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ စဉ်းစားမိမယ်လေ။
-       သင့်အနေနဲ့ LGBT လူမှုအဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားချင်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါပေမဲ့ သင့်မိသားစုဝင်များနှင့် သူငယ်ချင်းများက သင်နှင့်အတူ ပူးပေါင်းပါဝင်လာလိမ့်မယ်လို့မယူဆစေချင်ပါဘူး။ သူတို့အနေနဲ့ LGBT တွေရဲ့ သတင်းသစ်တွေအပေါ် ကျင့်သားရ အသားကျဖို့အတွက် အချိန်ယူရပါလိမ့်ဦးမယ်။ ဒါကြောင့် သူတို့အနေအားဖြင့် သင်နဲ့ အတူ ဂုဏ်ယူဝင့်ကြွားဖို့ မဖြစ်တည်လာဘူးဆိုရင် သင့်တစ်ကိုယ်ရေကိစ္စရပ်အဖြစ်ပဲ သေချာအောင်ကြိုးစားလိုက်ပါလေ။
-       အမှတ်တံဆိပ်တစ်ခုအဖြစ် သတ်မှတ်မခံပါနဲ့။ သင်ကိုယ်တိုင် သင့်ကိုယ်သင်ဘယ်လိုခေါ်မယ်ဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါ အမှတ်တံဆိပ်တွေဟာ လူသားတွေကို အပေါ်ယံအသွင်အပြင်တွေအပေါ်မူတည်ပြီးမှ ပုံစံခွဲသတ်မှတ်တတ် တယ်ဆိုတာ သတိရပါ။
-       ဒီ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုမတူညီတာကို လက္ခဏာရပ်တစ်ခုလို တရားသေသတ်မှတ်ချင်ကြတာကတော့ လူ့ဘ၀ဇာတ်ကောင် ကာရိုက်တာအများကြီးရှိတဲ့အထဲမှာ မှတ်သိလွယ် တံဆိပ်တစ်ခု ကာရိုက်တာတစ်ခုအသွင် ထားနိုင်ဖို့ကြိုးစားခြင်းဆိုတာ သတိရပါ။ လိင်တူခြင်းကြိုက်နှစ်သက်သူ ဂေးယောက်ျား စီးပွားရေးလုပ်ငန်းပိုင်ရှင် တစ်ယောက်ရဲ့အသွင်အပြင် စရိုက်ဟန်ပန်က အနုပညာရှင်ဂေးအမျိုးသားတစ်ယောက်ရဲ့ အသွင်အပြင် စရိုက်ဟန်ပန်နဲ့ ထပ်တူတော့ မတူညီနိုင်ပါဘူးလေ။ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှု gay ဖြစ်ခြင်း lesbian ဖြစ်ခြင်းဟာ ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကြိုးစားခြင်းဟာ ပထမအဆင့်ခြေလှမ်းတစ်ရပ်ဖြစ်နိုင်ပါတယ်။
-       သင်ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိသာစေတဲ့ အကြိုက်လေးတွေ သဘောသဘာဝ လေးတွေကို ခြေဆင်းသဘော အရိပ်အမြွက်လေးတွေ ကာလတစ်ခုကတည်းကပြထားမယ်ဆိုရင် စာဖတ်သူ တရားဝင် ဖွင့်ဟ ဖွင့်ပြောချိန်ဝယ် တစ်ဖက်လူအဖို့ အရမ်းရှော့ခ်မရိုက်သွားနိုင်သလို အရမ်းမပေါက်ကွဲသွားနိုင်အောင် အကူအညီဖြစ်ပါလိမ့်မယ်။ ဥပမာ - straight သူငယ်ချင်းတွေနဲ့ ကုန်တိုက်တွေသွားကြတယ်ဆိုပါစို့ ကြုံဆုံရတဲ့ ဆန့်ကျင်ဘက်လိင် ကောင်မလေး တစ်ယောက်အကြောင်း မှတ်ချက်ဝိုင်းချကြစဉ် ‘အိုး ငါတော့ သတိကိုမထားမိဘူး။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက အရင်ကတည်း က မြင်ဖူးနေကြလေးပါ’လို့ပြောလိုက်တာမျိုးပေါ့။
-       သင့်ကိုယ်သင်ဘာဆိုတာ သေချာအောင် သင်ကိုယ်တိုင်သေချာအောင်လုပ်ပါ။ သင့်လိင်စိတ်တိမ်းညွှတ်မှုအပေါ် သိပ်ပြီး အလောတကြီးမဆုံးဖြတ်သင့်သလို အချိန်ကန့်သတ်ပြီးလည်းမဆုံးဖြတ်ရပါ။ အမိုးအောက်ကနေ ပြင်ပလောကကိုမထွက်ခင် အချိန်ယူပါ ပြင်ဆင်ပါ သင့်ကိုယ်သင် သုံးသပ်ကြည့်ပါဦး ပြီးမှ အပြင်ကိုထွက်ပါ။ တစ်ကြိမ်တစ်ခါလေးပဲ ဖွင့်ဟ ဖွင့်ထုတ်ပြောဆို ခြင်းက သင့်အတွက် ခက်ခဲတဲ့ကိစ္စဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက် ပြီးတော့ နောက်တစ်ယောက်ကို ဖွင့်ဟချိန်မှာတော့ ပိုမိုလွယ်ကူသွားပြီထင်ပါတယ်။
-       LGBT အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ သတင်းအချက်အလက်လေးတွေနဲ့အချိန်ကိုက် သင့်သဘောကိုဖွင့်ဟ ဖို့လုပ်ထားပါ။ ဥပမာ - လိင်တူအမျိုးသားခြင်း လက်ထပ်မင်္ဂလာပွဲတစ်ရပ်ဟာ အစိမ်းသက်သက်လူမှုဝန်းကျင်မှာပေါ်ပေါက်လာ ချိန်မှာတော့ သင့်မိတ်ဆွေသူငယ်ချင်းတွေ သို့မဟုတ် မိသားစုဝင်တွေကို အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးချက်တစ်ရပ် အသွင်ခေါ်ယူသွားလို့ရမယ် ပြီးတော့ လိင်စိတ်ခံယူချက်တွေအပေါ် ပြောပြဖွင့်ဟလိုက်လို့ရမယ်လေ။
-       သင့်မှာ LGBT သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့အနေနဲ့ ဖွင့်ဟပြောဆိုတဲ့ (coming out) ကိစ္စနဲ့ပတ်သက်ပြီး ပြောဆို ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့အနေနဲ့ သင့်လိုပဲ အလားတူ ကြုံဆုံခဲ့ကြတဲ့ အတွေ့အကြုံအဖြစ်အပျက်တွေ ရှိနေနိုင်တယ်လေ။ သူတို့အနေဖြင့် ဖွင့်ဟတဲ့ကိစ္စနဲ့ပတ်သက်ပြီး သိနေပြီဆိုတော့ သင့်အနေနဲ့ ယုံယုံကြည်ကြည် စကားပြော ဆိုလိုက်လို့ရမယ် မဟုတ်လား။
-       အကယ်၍ သင့်လိင်စိတ်ခံယူမှုကို ဖွင့်ဟပြောဆိုခြင်းကိစ္စဟာ စနောက်စရာ သို့မဟုတ် အနိုင်ကျင့်စော်ကားခံရမယ့် ဖြစ်ရပ်ဖြစ်နိုင်တယ်ဆိုရင် သင့်အနေနဲ့ တခြားရွေးချယ်ပိုင်ခွင့်များကို စဉ်းစားခြင်း၊ စိတ်ရှည်သည်းခံ ကြံ့ကြံ့ခံထားခြင်း များလုပ်ရပါမယ်။ ဒါပေမဲ့နော် နှုတ်လုံတာ သူရသတ္တိရှိတာနဲ့ ပါးစပ်ဖွာတာ ကွဲတယ်ဆိုတာ သတိထားဦး။ ဆိုလိုတာက သင်ဖွင့်ဟမယ့် ပတ်ဝန်းကျင် လူပုဂ္ဂိုလ်တွေဟာ ရှေးရိုးစွဲကင်းတယ် လက်ခံလိုတဲ့သဘောထားအမြဲရှိသူများလို့မယူဆ နိုင်သလို အရာရာ ထိရှလွယ်တဲ့လူတွေလည်းဖြစ်နေနိုင်သေးတယ် မဟုတ်လား။ ပိပိရိရိနေလိုက်ခြင်းက မီးဟပ်ခံရခြင်းထက်တော့ smart ဖြစ်ပါသေးတယ်လေ။
-       သင်ဖွင့်ဟပြောပြလိုက်မယ့် လူတစ်စုံတစ်ယောက်ဟာ သင့်အတွက် သတင်းကောင်းယူဆောင်လာနိုင်မယ့်သူမဟုတ်ဘူးဆိုပါက သင့်အတွက် ဇာတ်ညွှန်းအချို့ကို သင်ကိုယ်တိုင်ပြန်ရေးထားကြည့်ပါ။ အဆိုးဝါးဆုံးဆိုတဲ့ ကိစ္စတစ်ရပ်အတွက် ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပါ။ ဝေဖန်ရေးတွေ သို့မဟုတ် မကောင်းတဲ့တုန့်ပြန်ချက်တွေ နဲ့မျက်နှာချင်းဆိုင်နေရစဉ်မှာတော့ သင့်အနေနဲ့ ကသိကအောင့်ဖြစ်မှု ဖိအား လိင်စိတ်ခံယူချက်အပေါ် သံသယပြန်ဝင်မှုစသဖြင့် အခက်အခဲတွေ ရင်ဆိုင်ဖို့လည်းရှိနေပါတယ် နော်။

သတိပေးချက်များ (Warnings)

-       သင်ဟာ ဘယ်သူဖြစ်တယ် သင့်ဘ၀စိတ်ခန္ဓာအတိုင်းဖြစ်တည်ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ ဒါပေမဲ့ တော်တော့်ကို သတိထား ဂရုစိုက်ရပါမယ်။ လူတစ်ယောက်ရဲ့ ဖြစ်တည်မှု သူ့ရဲ့ဘ၀ သူ့စိတ်ကို ခြွင်းချက်မရှိလက်ခံပေးတတ်တဲ့ ကမ္ဘာတစ်ခု မှာ ကံဆိုးစွာပဲ မနေထိုင်နိုင်ခဲ့ပါဘူး။ လုံခြုံအောင်နေပါ။ သင့်အနေနဲ့ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင် ဧရိယာတစ်ခု သို့မဟုတ် အခြေအနေတစ်ရပ်မှာ မရှိဘူးလို့ ခံစားရရင် အဲ့ဒီနေရာကနေ စွန့်ခွာလိုက်ပါ။ အကယ်၍ သင်စွန့်ခွာပစ်ဖယ်ဖို့ မဖြစ်တဲ့ နေရာ တစ်ခု (ဥပမာ - စာသင်ကျောင်း၊ သင်တန်း)ဖြစ်နေရင်၊ ပြီးတော့ စိတ်လုံခြုံမှုလည်းမရှိသေးဘူးဆိုရင် သူငယ်ချင်းမိတ်ဆွေတစ် ယောက်နဲ့အတူရှိနေဖို့ကြိုးစားပါ။ အချို့သော အနိုင်ကျင့်နှိပ်စက်မှု နှင့် အနည်းငယ်သော အန္တရာယ်များအတွက် သူ့ကို ပြောပြထား ရှင်းပြပြီး အားကိုးအားထားပြုပါ။ ဆေးရုံဆေးခန်းရောက်ရတဲ့ကိစ္စတွေကြုံဆုံရမယ့်အဖြစ်ကနေ ဝေးကွာဖို့အတွက် သင့်အတွက် အောက်တယ်လို့ခံစားရပေမယ့် လိုက်နာပါနော်။
-       သင့်အနေနဲ့ ဒီလူက ဂေးကြီးပါလို့ အပြောမခံချင်တာနဲ့ အဲဒါထက်စာရင်နည်းနည်းတော်သေးတယ်ဆိုပြီး လိင်တူ/လိင်ကွဲ နှစ်မျိုးလုံးကြိုက်နှစ်သက်သူ (bisexual) တစ်ယောက်မဟုတ်ဘဲ ဟုတ်သည့်အသွင်နဲ့ ဖွင့်ဟခြင်းမပြုသင့်ပါ။ သင်နှင့်ပတ်သက် ၍ သင်ဟာဘယ်သူပါလိမ့် ဘာပါလိမ့်ဆိုတာ စိတ်ရှုတ်စေသည်သာမက လူတွေကို သင်ဟာ နှစ်ဖက်ချွန်ကြီး လူရှုပ်ကြီးဆိုတဲ့ အမြင်ဆိုးနဲ့မြင်အောင်ပြုလုပ်သလိုဖြစ်နိုင်ပါတယ်။ အကယ်၍သင်ဟာ လိင်တူခြင်းကြိုက်သူ ဂေးဖြစ်ရင် ဂေးတစ်ယောက်အနေ နဲ့ပဲ ဖွင့်ဟလိုက်ပါဗျို့။
-       လူတိုင်းကို လိုက်ပြီးဖွင့်ဟပြောဆိုခြင်းမပြုလုပ်ပါနဲ့။ သင့်မိသားစုနဲ့ သင့်အကြောင်းကောင်းကောင်းသိတဲ့ ယုံကြည်ရသော သူငယ်ချင်းကောင်း အချို့ကိုသာဖွင့်ဟပြောဆိုခြင်းပြုပါ။
-       ဖွင့်ဟပြောဆိုလိုက်လို့ သင့်အတွက်အန္တရာယ်တစ်ခုခုရှိ မရှိ မသေချာဘူးဆိုရင် မယုံကြည်ဘူးဆိုရင် ဖွင့်ဟခြင်းမပြုပါနဲ့။ သင့် ဘ၀ သင့်အသက်ရှင်သန်မှုက ပိုပြီးအရေးကြီးပါတယ်။ တစ်ခါတစ်ရံတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိလိုက်ခြင်းက သင်ထင်ထားတာထက် လုံခြုံစိတ်ချရပါတယ်။
-       အလားတူပါပဲ online လူမှုအသိုင်းအ၀ိုင်းပေါ်မှာလဲ သတိထားသင့်ပါတယ်။ LGBT(s) နဲ့ပတ်သက်တဲ့ ဖိုရမ်တွေမှာပြောတာပဲ ဆိုပြီး သင့်ကိုယ်ရေး အချက်အလက်အတိအကျကို မဖွင့်ဟသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ LGBT(s) နဲ့ပတ်သက်တဲ့ ဖိုရမ်ထဲမှာရှိတဲ့လူတိုင်းဟာ ကိုယ်လိုပဲလို့သေသေချာချာပြောလို့မရဘူးလေ။ တစ်ကြိမ်တစ်ခါပဲ ကိုယ်ဟန်ပြတာဖြစ်နိုင်တယ်။ သူတို့ကိုယ်သူတို့ စိတ်ရှုပ်နေဆဲ တုန့်ဆိုင်းနေဆဲလည်းဖြစ်နိုင်တယ်။ သူတို့ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ အမျိုးသား (gay) ၊ အမျိုးသမီး (lesbian) သို့မဟုတ် လိင်တူ/လိင်ကွဲကြိုက်နှစ်သက်သူ (bisexual) အဖြစ် ဆုံးဖြတ်ခံယူထားသောသူ များဟာ တကယ်တမ်း straight တွေဖြစ်နေနိုင်တာပါပဲ။

Alex Aung (12 Nov 2014)
Credit to www.wikihow.com

No comments: