Monday, January 12, 2015

ရောင်းကာစ



ကျွန်တော်တို့ အိမ်ရှေ့မလှမ်းမကမ်းဝယ် သစ်ပင်ရိပ်လေးတွေရှိတာကတစ်ကြောင်း လမ်းသွားလမ်းလာမပြတ်တာကတစ်ကြောင်း ခေါင်းရွက် ဗျပ်ထိုးဈေးသည်လေးတွေ ခဏတာစတည်းချဈေးရောင်းရာ ဈေးတန်းလေးလိုဖြစ်နေပါပြီ။

ကျွန်တော့်စားရေးစားပွဲရှေ့ပြတင်းသံတိုင်တွေကြားကနေ ငုံ့ကြည့်လိုက်မယ်ဆိုရင် ရှေးလူများကောင်းမှု သစ်ပင်များခြေရင်းက သစ်သား ခုံပေါ်မှာထိုင်လို့ မုန့်လက်ဆောင်းရောင်းတတ်တဲ့ မုန့်လက်ဆောင်းသည် လက်သစ်တစ်ယောက်ကို မြင်နေခဲ့ရသည်မှာ ရက်သတ္တပတ် တစ်ပတ်လောက်ကြာပြီထင်ပါတယ်။ အိမ်ရှေ့သို့ ထိုမုန့်လက်ဆောင်းသည် ရောက်လာတတ်သည့် နေ့လယ်ခင်းပိုင်းချိန်တိုင်း သူ့ကိုသာ စာရေးသူ အာရုံစိုက်နေမိအောင် ထူးခြားပါရဲ့။ တော်တော်လေးမည်ဖြစ်သော ထန်းလျက်ရည်အိုး၊ မုန့်လက်ဆောင်းဖတ် နှစ်မျိုးလောက်ရယ် အခြားသော ထွေကာလီကာပစ္စည်းပေါင်းစုံထည့်ထားတဲ့ တောင်းကြီးကို ရွက်ထားတဲ့ တကယ့်မိန်းမတစ်ယောက် အသွင်ဝတ်ဆင်ထားသော ယောက်ျားပျိုတစ်ယောက်ဖြစ်နေလို့ပါပဲ။

နေ့လယ် မွန်းမတိမ်းခင်မှာ သူရောက်လာတတ်ပြီး လမ်းထဲမရောက်ခင် ချိုနွဲ့နွဲ့အော်လိုက်တဲ့ “မုန့်လက်ဆောင်း”ဆိုတဲ့အသံဟာ ကျွန်တော့်အတွက် နှိုးစက်ဖြစ်သလို မကြာခင် မနက်ခင်းပိုင်းကျောင်းပြီးလို့ဆင်းလာတော့မယ့် ကျောင်းသူကျောင်းသားများ၊ အရပ် ဈေးတန်းထဲ ရောင်းချပြီးပြန်လာတဲ့ ဈေးသည်များ စသဖြင့် လူအများသောသောညံတော့မယ့် အချက်ပေးသံလည်းဖြစ်ပါတယ်။ ထိုအချိန်မှစကာ မွန်းတိမ်းသွားပြီဆိုလျှင်တော့ သူ လက်မလည်အောင်ရောင်းချရပေတော့မယ်လေ။ သူ့ရွက်လာတဲ့ တောင်းလို့ခေါ် မလား ဗန်းကြီးလို့ခေါ်မလား အဲ့ဒီထဲမှာတော့ ဇွန်း၊ပန်းကန် ခွက်ယောက်၊ ထန်းလျက်ရည်အိုး၊ မုန့်ဖတ်တောင်းကိုအုပ်ထားတဲ့ အ၀တ်စ တို့ကအစ သန့်ရှင်းဖြူစင်ကာ မြင်ကာမျှဖြင့် စားချင်စိတ်ကိုဖြစ်ပေါ်စေသလို လေအလာဝယ် ရှူမိရသော ထန်းလျက်ရည်ရနံ့တို့ ကလည်း သွားရေယိုအားကျလာကာ အိမ်ပေါ်မှ အောက်ကိုဆင်းပြီး ၀ယ်စားရသောအခြေကိုစိုက်တတ်ပါတယ်။

တစ်နေ့ကလည်း ကျွန်တော် ထုံးစံအတိုင်း မုန့်ဗန်းရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ဝယ် ကောင်မလေး အဲ ကောင်ကလေး အင်း…ဘယ်လိုခေါ်ရမလဲမသိ ကောင်မလေးပဲထားပါတော့ သူဟာ ကျွန်တော့်အပါအ၀င် အခြားလူပေါင်း ခြောက်ယောက်တို့ကို လက်မလည်အောင် မုန့်ပြင်ပေးနေရပါရဲ့။ မိန်းမငယ်လေးတစ်ယောက်ကတော့ မုန့်လက်ဆောင်းဖန်ခွက်ထဲကို နံ့သာရည်ထပ်ထည့်ခိုင်းနေသလို အသားခပ်ညိုညို ချွေးနံ့လှိုင်နေတဲ့ လူကြီးတစ်ယောက်ကလည်း ကောက်ညှင်းပေါင်းကို အပိုထပ် တောင်းနေပြန်ပါတယ်။ မိန်းမ ၀၀ကြီးတစ်ယောက်မှာ နှစ်ခွက်လောက်သောက်ပြီးတာကို စားပြီးတာနှင့်ပင် တင်းတိမ် ရောင့်ရဲနိုင်သေး ဟန်မတူပါဘူး။

‘ထည့်စမ်းပါဦးဟယ်…နောက်တစ်ခွက်လောက်၊ ကောက်ညှင်းကောထပ်ထည့်လိုက်ပါဦး’

ကောင်မလေးမှာ မိန်းမကြီးအတွက် ပြင်၍မှမပြီးသေးမီ - 

‘တယ်ကောင်းကိုးကွယ်၊ထည့်ပါဦး၊ဘယ်ကလာရောင်းတာလဲကွယ့်’ ဟုစားပြီး ဖန်ခွက်ကိုထိုး၍ပေးနေသော မွန်မွန်ရည်ရည်နဲ့လူကြီး တစ်ယောက်အား ‘တောင်သမန်ဘက်ကပါပဲ ဦးကြီး၊ အရင်တစ်လနီးပါးလောက်ကမှ အစမ်းရောင်းကြည့်တာပါ’ဟုဖြေလိုက်ရင်း မုန့်ထပ် ထည့်ပေးနေရပြန်တယ်။ ပြောပုံဆိုပုံ လှုပ်ရှားပြုမူပုံတွေဟာ မကလက်သလို လုံးဝကြည့်ရမဆိုးပါဘူး တကယ့်မိန်းမအစစ်ပါပဲ။ တစ်ဖန် ကလေးသုံးယောက်ကို ကျွေးနေသော မိန်းမကြီးတစ်ယောက်က -

‘ကလေးတွေကို ထပ်လိုက်ပေးပါဦးကွယ်၊ အဒေါ်လည်း နောက်တစ်ခွက်၊ ရောင်းကာစမို့နဲ့တူတယ် တယ်စားကောင်းကိုးကွယ့် ထန်းလျက်ရည်ကလည်း သန့်ပြီးမွှေးနေတာပဲ’

‘မဟုတ်ပါဘူး ရှင်၊ နောက်ကိုလည်း အမြဲတမ်းကောင်းအောင်  ကြိုးစားသွားမှာပါရှင့်’

ပြောပြောဆိုဆို ကောင်မလေးသည် ကလေးတို့၏ ဖန်ခွက်များကို ထပ်မံဖြည့်ပေးနေလေပြီ။ ထိုအခိုက် မိန်းမ၀၀ကြီးက စားပြီးဖန်ခွက် ကြီးကို လက်ထိုးပေးနေပြန်သဖြင့် ထန်းလျက်ရည် ထပ်လိုက်ပေးရပြန်လေရော။

ကောင်မလေးသည် ကျွန်တော်ပြောသလို လက်မလည်အောင် မုန့်ပွဲတွေကိုပြင်ပေးနေစဉ်မှာပဲ ရွှေတစ်ချောင်းမြောင်းဘေး ပွဲရုံတန်းရှိရာ ဘက်ဆီကို မကြာခဏ မျှော် မျှော် ကြည့်တတ်တာကို မသိမသာ အကဲခတ်လိုက်မိသော ကျွန်တော့်မှာ တစ်စုံတစ်ခုကို သိလို စုံစမ်းလိုသော ၀ါသနာဘာဂီကလေးအတိုင်း ဖန်ခွက်ထဲက မုန့်လက်ကျန်အနည်းငယ်မျှကို လက်စမသတ်သေးဘဲ မုန့်လက်ဆောင်း သည် ကောင်မလေးနည်းတူ ရွှေတစ်ချောင်းမြောင်းလမ်းဘက်ကို လှမ်းမျှော်ကြည့်လိုက်မိပါတယ်။ 

မကြာမီအတွင်းမှာပဲ ကောင်မလေးရဲ့ မျက်လုံးတွေ အရောင်ပြောင်းတောက်ပသွားတာကိုမြင်လိုက်ရသဖြင့် သူမျှော်ကြည့်ရာဆီသို့ ကြည့်လိုက်မိပြန်ရာ၊ ပွဲရုံတန်းဘက်က စတိုင်လ်အပြည့်လျှောက်လာသော ခပ်သန့်သန့်ကောင်လေးတစ်ယောက်ကို လှမ်းမြင်လိုက်ရပါရော။

‘ဟေ့ ကောင်မလေး၊ရော့ပိုက်ဆံကွယ့်’ ဟု မိန်းမ၀၀ကြီးက ပိုက်ဆံထုတ်ပေးတော့မှပင် မုန့်လက်ဆောင်းသည်လေးလည်း လမ်းဘက်မှ မျက်နှာလွှဲလိုက်နိုင်ပါတော့တယ်။

နောက် နှစ်မိနစ်ခန့်အကြာတွင် ကောင်ကလေးတစ်ယောက် ကျွန်တော်တို့ဘေးနားသို့ဝင်ထိုင်လိုက်တယ်ဗျ။

‘တစ်ခွက်ဗျ၊ အစုံထည့်နော်’

ကောင်မလေးက မုန့်ဖတ်ကော ထန်းလျက်ရည် ကောက်ညှင်းကော သူတကာထက် ပိုမိုထည့်ပေးလိုက်တယ်လို့ ထင်မိပါတယ်။ နွားနို့လေးတောင် အဆစ်ပါသေး။ ကလေးသုံးယောက်နဲ့ မိန်းမကြီးက ကောင်လေးစားတော့မယ့် မုန့်လက်ဆောင်းဖန်ခွက်ကို လှမ်းကြည့်လိုက်ရင်း -

‘ကောင်လေး…အဲ ကောင်မလေးက ရောင်းကာစမို့ လက်ဆမမှန်းတတ်သေးဘူးထင်တယ် ရော့…ရော့ ပိုက်ဆံ’ ဟု မုန့်လက်ဆောင်းဖိုး ထုတ်ပေးနေသဖြင့် ရိုးသားပုံရသော ကောင်မလေး၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်းအသွင်ဆောင်သွားရင်း -
‘ဟုတ်ကဲ့ရှင့်၊ တစ်ခါတလေ လက်ဆမမှန်သေးဘူး ရှင့်’ ဟု စကားရော ဖောရောဖြင့် ငွေများကို လှမ်းယူလိုက်ပါရော။

‘ထည့်ပါဦးဗျ’

ကောင်မလေးက သွက်လက်စွာ ထပ်မံပြီးပြင်ဆင်ပေးလိုက်ပြန်တယ်။ ဒီတစ်ကြိမ်လည်း သူ့လက်မမှန်းတတ်သေး၍လားမသိ မုန့်များမှာ ယခင်အတိုင်းများနေပြန်ပါတယ်။ ကောင်ကလေးဘေးနားက လူကြီးကတော့ မသိမသာပြုံးလိုက်ပါတယ်။

‘ကဲ..ကဲ ဦးကိုလည်း နောက်တစ်ခွက်’

ကောင်မလေးက အဲ့ဒီလူကြီးရဲ့ ဖန်ခွက်ထဲကိုလည်း ကောင်ကလေးကို ပြင်ပေးလိုက်သည့်နည်းတူ ခပ်များများကလေးပြင်ပေးလိုက်ပါ တယ်။ ကျွန်တော်လည်း အဲ့ဒီတော့မှ ကျွန်တော့်လက်ထဲကိုကိုင်ထားတဲ့ ဖန်ခွက်ထဲ မုန့်လုံးဝကုန်နေကြောင်း သတိပြုမိသဖြင့် မုန့်ကို ထပ်စားချင်စိတ်မရှိသော်လည်း တမင်သက်သက်ပင်မှာစားလိုက်ရပြန်ရော။ ကောင်မလေးက ကျွန်တော့်ကိုလည်း ပြင်နေကြ မုန့်ဆထက် ပိုမိုထည့်ပေးလိုက်ကြောင်းတွေ့လိုက်ရပါတယ်။ ဒါကို အာရုံစိုက်နေပုံရသည့် လူကြီးက -

‘ဟဲ….ဟဲ ဟုတ်သားပဲ၊ ညည်းဟာက လက်မမှန်သေးတာ အမှန်ပဲ။ ဒီလိုဆို ညည်းဘယ်လို အမြတ်ပေါ်ပါ့မလဲ” 
ဟုပြုံးပြုံးကြီးပြောလိုက် တော့မှ ကောင်မလေးသည် မပြုံးချင် ပြုံးချင်နဲ့ပြုံးရင်း လူကြီးအား မော့ကြည့်လိုက်ကာ -
‘ဟဲ…ဟဲ….ဟုတ်ကဲ့ရှင့်’ဟု ချော်လဲရောထိုင် ရောနှောရယ်မောလိုက်လေပြီ။ အဲ့ဒီအခိုက်မှာ -
‘ဟာ….ပိုက်ဆံအိပ် အိမ်မှာမေ့ကျန်ခဲ့ပြီ။ ကြည့်စမ်းပါဦး…မေ့ပဲမေ့တတ်လွန်းတယ်ဗျာ။ အိမ်ပြန်ပြေးယူဦးမှပဲ။ ခင်ဗျား ပိုက်ဆံ နောက်မှပဲ ယူပေါ့နော်။ ဒယ်ဒီ့ကို ရုံးမှာသွားကြိုရကာနီးပြီ’ ဟု ပြောပြောဆိုဆို ပျာပျာသလဲ ထပြေးလေတော့တယ်။

‘အို…..ကိစ္စမရှိပါဘူး…။ ဘယ်တော့မှပေးပေးပေါ့ ရှင်’ ဟု လှမ်းပြောလိုက်သော မုန့်လက်ဆောင်းသည် ကောင်မလေးရဲ့ အသံကြီးမှာ ကရုဏာသံတွေ ယှက်သန်းနေသည်ဟု သဘောပေါက်သွားမိရင်းက ကျွန်တော့်အတွက် အဲ့ဒီမနက်ခင်းလေးက မုန့်လက်ဆောင်း သောက်ပြီး ရင်အေးသွားရသည်ထက် စိတ်ထဲမှာ မဖော်ပြတတ်သော ကြည်နူးနှစ်သိမ့်မှုလေးများ ပြည့်သိပ်သွားမိရပါတော့တယ်။

(၂) 

နောက်နေ့များတွင် ကျွန်တော်သည် မုန့်လက်ဆောင်းသည်လေးကို ပိုမိုဂရုစိုက်မိပါတယ်။ အရိပ်အယောင် ဟိုသည်မကြည့်မိသည် ထားဦး ‘ညီ-ညီမလေး ရောင်းကောင်းလား’ ‘အဲ့လို့ မစပါနဲ့ ဒီကမကြိုက်ဘူးရှင့်’ ဆိုသည့် ရပ်ကွက်ထဲကလူနောက်လေးတွေနဲ့ စကား အချီအချပြောသံလေးတွေကို နားစွင့်မိမြဲ။ သူ့ကို ဂရုစိုက်မိသည်နှင့်အမျှ မွန်းတိန်းချိန်ရောက်ပြီးတိုင်း ပွဲရုံတန်းတွေဘက်က စတိုင်လ် အပြည့် လူရည်သန့်သန့်ကောင်ကလေးတစ်ယောက် လျှောက်လျှောက်လာတတ်တာကိုလည်း အာရုံစိုက်မိရတော့တာပါပဲ။

တစ်ကြိမ်သော တနင်္ဂနွေနေ့တစ်နေ့တွင် ကြုံတွေ့လိုက်ရသည့် အဖြစ်အပျက်မှာ အမှန်တကယ်ပင်စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ 

အဲ့ဒီနေ့ ရွှေတစ်ချောင်းမြောင်းဘေးက လျှောက်လှမ်းထွက်လာသော ကောင်ကလေးမှာ အခြားအခြားသောနေ့များကဲ့သို့ တစ်ယောက် တည်းမဟုတ်ဘဲ သူ့ရဲ့နံဘေးမှာ မွန်မွန်ရည်ရည် သန့်သန့်ပြန့်ပြန့် မိန်းမပျိုလေးတစ်ယောက် အဲ ကောင်ကလေးထက်တော့ အသက်ကြီးပုံရသူတစ်ယောက်နဲ့ အတူယှဉ်တွဲလျှောက်ထွက်လာတာကြောင့် မျက်စိအမြင်ထဲဝယ် ထူးခြားသယောင်ထင်ရပါတယ်။ ကျွန်တော်လည်း အိမ်ပေါ်မှ အကဲခတ်ကြည့်ရှုရသည်ကို အားမရနိုင်တော့တာကြောင့် ကော်ဖီနဲ့မုန့်ဗိုက်အပြည့်စားထားပါလျက် မုန့်လက်ဆောင်းသောက်ရန် အိမ်အောက်သို့ဆင်းခဲ့မိပါရော။

‘လာ မမ၊ဒီဆိုင်ပေါ့ ကျွန်တော်ပြောတာ၊အခြားဆိုင်နဲ့မတူဘူး အရမ်းကောင်းတာပဲဗျ’ ဟု ကောင်ကလေးက အတူပါလာသော မိန်းမပျိုလေးကို ပြောလည်းပြော နှစ်ယောက်သား မုန့်လက်ဆောင်းသည် ကောင်မလေးရဲ့ရှေ့က ခုံပုလေးတွေမှာ ၀င်ထိုက် လိုက်ကြပါတယ်။

‘နှစ်ခွက်ထည့်ပေးပါဗျ….တနင်္ဂနွေအားရက် တစ်ခါမှ လာမစားဖူးသေးဘူး။ မမကို ကျွေးချင်လွန်းလို့လာခဲ့တာ….ကောင်းကောင်း ကလေးပြင်ပေးရမယ်နော့’

‘ဟုတ်ကဲ့..ရှင့်’ ဆိုကာ မုန့်ပြင်ပေးနေသော မုန့်လက်ဆောင်းသည်လေးရဲ့လက်များမှာ ခါတိုင်းနေ့များလောက် သွက်လက်မှု သိပ်မရှိတော့ပါဘူး။

‘ဒီတစ်ခါ နည်းသွားတယ်နော်…ဟိုနေ့တွေက လက်ဆမမှန်လို့ရှုံးပြီထင်တယ်…ဟဲ ဟဲ’ ဟု ကောင်ကလေးက အသံချိုချိုလွင်လွင် အသံလေးဖြင့် ရယ်သွမ်းသွေးလိုက်ပါတယ်။

‘ဟုတ်ကဲ့’ ဟု ကောင်မလေးက တုံးတိဖြေလိုက်ပါတယ်။ သူ့မျက်လုံးကြီးများမှာ ကောင်းကလေးရဲ့ဘေး၌ မုန့်လက်ဆောင်းကို အားရပါးရစားနေသော လှတပတ မိန်းမပျိုလေးအပေါ်သို့ မသိမသာကျရောက်နေကြောင်း ကျွန်တော် သတိထားမိရပါတယ်။
‘ပေးပါဦး နောက်တစ်ခွက်စီ’ ဟု ကောင်ကလေးက ထပ်မံမှာလိုက်ပြန်ပါတယ်။ အင်း….ကောင်မလေးခမျာ မုန့်များကို နှေးကွေးစွာပင် ထပ်မံပြင်ဆင်ပေးနေပြန်ပါရော။

‘မုန့်လက်ဆောင်းရောင်းရတာ သိပ်မဟန်ဘူးထင်တယ်။ ခင်ဗျားကြည့်ရတာ ရောင်းကာစတုန်းကလိုမဟုတ်ဘူး။ ဒီလိုပေါ့ဗျာ ရောင်းကာစ ဆိုတော့ ဘယ်တွက်ချေကိုက်ဦးမလဲ။ နောင် ရောင်းရင်း ရောင်းရင်းနဲ့ ဟန်ကျလာမှာပေါ့’ဟု ကောင်ကလေးက ပြုံးပြုံးကလေးအားပေး လိုက်သဖြင့် ကောင်မလေးမှာ စိတ်ထဲကျိတ်ပြီး ဒေါပွသွားဟန်တူပါတယ်။

ကောင်ကလေးဘေးက မိန်းမပျိုမှာကား စကားတစ်ခွန်းမှမပြော တစ်ယောက်တည်း ခေါင်းကလေးငုံ့ကာ ငုံ့ကာဖြင့် မုန့်လက်ဆောင်းကို မြိန်ရှက်စွာ သောက်နေပါရဲ့။

‘ရော့..ခင်ဗျား ပိုက်ဆံ၊ ဒီနေ့တော့ မုန့်ပြင်တာတော်တော်နည်းသွားတာပဲ။ခင်ဗျားက လျှော့မယ့်လျှော့တော့လည်း ဖောက်သည်တွေကို တောင် လျှော့တော့တာကိုးဗျ’ ဟုစကားပြောပြောနှင့်ပင် ပိုက်ဆံများကိုရှင်းပြီး ကောင်ကလေးကော သူနဲ့ပါလာသော မိန်းမပျိုလေးပါ ရွှေတစ်ချောင်းမြှောင်းဘေးက ပွဲရုံတန်းဘက်ကို ပြန်လည်ဝင်ရောက်သွားပါတော့တယ်။ သူတို့နှစ်ဦး ထွက်သွားရာစီကို လှမ်းမျှော်ကြည့် လိုက်စဉ်မှာတော့ မုန့်လက်ဆောင်းသည် ကောင်မလေးရဲ့မျက်နှာလေး ညှိုးပုပ်လျက်ရှိပါ့။

(၃) 

ကျွန်တော့်အဖို့ ရုံးဖွင့်ရက် ကျောင်းဖွင့်ရက်လည်းဖြစ်သည့် တင်္နလာနေ့ မွန်းတိမ်းချိန်ရောက်ဖို့ ဆန္ဒာစောနေခဲ့ပါတယ်။ ထိုနေ့ခါတိုင်းလို နောက်ကျမှာ အိပ်ယာမထဖြစ်ဘဲ နံနက် (၉)နာရီလောက်ကတည်းက မျက်နှာသစ်၊ အ၀တ်လဲလှယ်ပြီး သကာလ ရွှေတစ်ချောင်းဘေး ပွဲရုံတန်းဘက်ကထွက်လာတတ်တဲ့ စတိုင်လ်အပြည့် ကောင်ကလေးထွက်လာမယ့်အချိန်ကို စောင့်စားနေမိပါတော့တယ်။

မုန့်လက်ဆောင်းသည်ကလေးရဲ့ ရှေ့မှာတော့ ထုံးစံအတိုင်း ကလေးတွေကော ရာသီအပူချိန်ကြောင့် ၀မ်းအေးအောင်ဝင်သောက်သူများ ကော စည်ကားလျက်ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူသည် ခါတိုင်းနေ့များလိုမမျှော် ခေါင်းကြီးငုံ့ပြီးတော့သာ မုန့်ပွဲများကိုသာ ပြင်ဆင်ပေးလျက်ရှိပါတယ်လေ။

‘ဗျို့ မုန့်လက်ဆောင်းသည်…မုန့်တစ်ခွက် ကောင်းကောင်းလေးပြင်ပေးစမ်းပါဗျာ’

ကောင်ကလေးရဲ့အသံက အခါတိုင်းနေ့များလိုပါပဲ လန်းဆန်းမြဲ တက်ကြွမြဲပါပဲ။ ဒါပေမဲ့ မုန့်လက်ဆောင်းသည် ကောင်မလေးကတော့ လေးကန်ဖင့်နွဲ့စွာ မုန့်ပွဲကိုပြင်ဆင်ပေးလိုက်ပါတယ်။ ကောင်ကလေးက မုန့်ကို ငုံ့ပြီးစားနေတော့မှ မသိမသာ ခိုးကြည့်လေရော။

‘ခင်ဗျား မုန့်ပြင်ပေးတာ လက်အတော်မှန်သွားပြီနော်၊ဒါမှလည်း အမြတ်ပေါ်တော့မပေါ့ဗျာ’

ကောင်ကလေးရဲ့မှတ်ချက်ကို ‘ဟုတ်ကဲ့’ ဟုသာ ကောင်မလေးက စကားခွန်းတုန့်ပြန်လိုက်ပါတယ်။

‘မနေ့က…ကျွန်တော့် အမကြီးကလေ ခင်ဗျား မုန့်လက်ဆောင်းကို ချီးမွှမ်းလို့မဆုံးဘူး။ သူ နေကောင်းပျောက်ကာစ မစားချင် မသောက်ချင်ဖြစ်နေတာကြာပြီလေ။ အဲဒါ ကျွန်တော်စားနေကျ မုန့်လက်ဆောင်းသောက်ချင်လားမေးပြီး ခေါ်လာပြီး ကျွေးလိုက်တာ သူ တော်တော် သဘောကျသွားတယ်။ ဒီကနေ့တောင် ကျွန်တော်နဲ့လိုက်ပြီး စားမလို့လုပ်နေသေးတယ်။ ဒါပေမဲ့ ပြန်အအေးမိမှာစိုးရိမ် လို့ မနည်းတောင်းပန်ပြီးထားခဲ့ရတာဗျ။ လုပ်စမ်းပါဦးဗျ နောက်တစ်ခွက်။ ဒီကနေ့တော့ အဆာပြေမဟုတ်တော့ဘူး ဗိုက်ပြည့်သွား အောင် စားသွားဦးမှပါ။ အိမ်မှာ နေ့လယ်စာအတွက် အမေချက်ထားတဲ့ဟင်းက အစပ်တွေကြီးပဲ။’

မုန့်လက်ဆောင်းသည် ကောင်မလေးတစ်ယောက် ကောင်ကလေးရဲ့စကားများကို တအံ့တသြနားထောင်နေပြီးနောက်မှာ တစ်စ တစ်စ မျက်နှာအသွင်အပြင်ပြောင်းလဲလာပြီးနောက် ကောင်ကလေးက ‘နောက်တစ်ခွက်’ဆိုတာနဲ့ ဘေးလူမည်သူကိုမှ ဂရုမစိုက်၊ ပြောင်ပြောင် ကြီးပင် မုန့်ဖတ်တွေကော၊ ထန်းလျက်ရည်တွေကော စေတနာဗရပွ ဖန်ခွက်ထဲမောက်နေအောင် ပြင်ပေးလိုက်ပါတယ်။

‘ဟင်….ခင်ဗျား လက်မှန်သွားပြီထင်နေတာ….ဟော အခုများလာပြန်ပြီ’ ဟု ကောင်ကလေးက ပါးချိုင့်ကလေးများ ခွက်ဝင်သွားအောင်ပြုံး ပြီးပြောလိုက်သောအခါတွင် -

‘ဟဲ..ဟဲ…တစ်ခါတစ်လေတော့လည်း များသွားတတ်တာပေါ့ရှင်…ရောင်းကာစကိုး’ ဟု ပြုံးပြုံးကြီး ပြန်ပြောလိုက်တာကို ကြားလိုက်ရပါ တော့တယ်။           

Alex Aung (12 Jan 2015)

စာကြွင်း           ။ ကျွန်တော်တို့ မမွေးခင်က နာမည်ကျော်ခဲ့သော စာရေးဆရာကြီးတစ်ယောက်ရဲ့ ၀တ္ထုတိုတစ်ပုဒ်အားဖတ်ပြီးနောက် စိတ်ကူးရကာ ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ ရေးနေကြ ပုံစံမဟုတ်သည့်အတွက် သည်းခံဖတ်ပေးကြပါ ခင်ဗျာ။

1 comment:

moon hunter said...

ကောင်းပါတယ်ဗျ..အဲ့ဒီ.မုန့်လက်ဆောင်းလဲစားချင်တယ်..ဟက်ဟက်..