Tuesday, March 10, 2015

ပီတိ = အတွေး




ကျွန်တော်နေထိုင်သော အိမ်မှာ ရန်ကုန် - အင်းစိန်လမ်းမကြီး၏ အတွင်းဘက် ချောင်ခပ်ကျကျ ရပ်ကွက်ကလေးတစ်ခုတွင်ဖြစ်ပြီး မြို့ထဲသွားလိုသောအခါများတွင်တော့ ပေတစ်ရာလမ်းမကြီးသို့ ဘတ်စ်ကားထွက်စီးရန်အတွက် မြေနီလမ်းကလေးအတိုင်း ဆယ့်ငါးမိနစ် မိနစ် နှစ်ဆယ်မျှ လမ်းလျှောက်ရပါသေးတယ်။

အဲ့ဒါကြောင့် ရုပ်ရှင် အချိန်မီ သွားကြည့်လိုသောအခါများတွင် အိမ်မှ ပေတစ်ရာ လမ်းမကြီးအထိ လမ်းလျှောက်ရာတွင် ကုန်မည့် မိနစ်နှစ်ဆယ်ခန့်အပြင် စည်းကမ်းမ၇ှိ ရပ်ချင်တိုင်း ရပ်၊ လူစောင့်ချင်တိုင်း စောင့်တတ်သည့် ဘတ်စ်ကားများပေါ်၌ ကုန်မည့် အချိန်ကိုပါ ထည့်သွင့် ခန့်မှန်းခြင်းဖြင့် အနည်းဆုံး တစ်နာရီနီးပါးမျှ ကြိုတင် ထွက်ရလေ့ရှိပါတယ်။

တစ်နေ့က ၀တ္ထုတစ်ပုဒ်ကို စိတ်ပါလက်ပါ ရေးနေမိရာက “ရှေ့ဆောင်” ရုပ်ရှင်ရုံ၌ ၁၂နာရီခွဲပွဲကြည့်ရန် သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းဆိုထားသည်ကို အချိန်ကပ်မှ သတိရမိပါတယ်။ သူငယ်ချင်းကပင် ရုပ်ရှင်လက်မှတ်များ ၀ယ်ပြီး ရုံမှစောင့်နေမည်ဖြစ်တာကြောင့် မိမိရဲ့ ၀တ္တရားပေါ့လျော့မှုအတွက် အားနာ၍မဆုံးနိုင်အောင် ရှိပါရော။

ချက်ချင်းပင် အ၀တ်အစား ကမန်းကတန်းလဲပြီး အိမ်မှထွက်ခဲ့ရာတွင် အချိန်မှာ ၁၂နာရီတိတိရှိနေလေပြီ။ ၁၂ နာရီမခွဲမီ ရုပ်ရှင်ရုံ အရောက် သွားရပါမယ်။ အခါတိုင်း တစ်နာရီနီးပါး ကြိုတင် ထွက်ရလေ့ရှိသော လမ်းခရီးကို နာရီဝက်အတွင်း အလုအယက် ခရီးနှင် ရမည်ဖြစ်တာကြောင့် ကျွန်တော်လည်း မြေနီလမ်းကလေးအတိုင်း ခြေကုန်သုတ်ခဲ့မိပါတော့တယ်။

သို့ အလျင်အမြန်လျှောက်လာခဲ့စဉ် လမ်းပေါ်မှာ တုတ်ကလေး တစ်ချောင်း ထောက်ကာ ထောက်ကာ ဖြည်းဖြည်းကလေး လျှောက်လျက်ရှိသော အဘွားအိုကြီး တစ်ယောက် အဲ….ငယ်စဉ်ကတည်းက ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်ခဲ့ပြီး အသက်ကြီးလာတဲ့ အဘိုးကြီးတစ်ယောက်ကို အမှတ်မထင် ဖြတ်ကျော်လာခဲ့မိပါတယ်။

ကျွန်တော်က အရေးကြီးသုတ်ပျာ လျှောက်နေသလောက် အဘွားအိုမှာတော့ ခြေနှစ်ချောင်းကို အနိုင်လှမ်းပြီး လုပ်လီလုပ်လဲ့၊ ခနော်နီခနော်နဲ့ လျှောက်နေရှာပါတယ်။ ကျွန်တော်လည်း ထို အဘွားအိုအား တစ်ချက်မျှလည်ပြန်ငဲ့ကြည့်ကာ ကိုယ့်လမ်းခရီးကိုယ် ဆက်လက် သုတ်ခြေတင်ခဲ့ပါတော့သည်လေ။

ထိုအခိါုက် ရန်ကုန် မိုးသည် ဗြုန်းကနဲ ဖွဲဖွဲကလေး ရွာချလိုက်တော့ရာ လက်ထဲတွင် ပါလာသော ဖဲထီးကို ဖွင့်ဆောင်းလိုက်မိပါတယ်။ မိုးရေတော့ လုံးသွားပြီ။ ဘတ်စ်ကားဂိတ် အရောက်ဆက်လျှောက်ရဦးမှာပေါ့။
မိုးကလေးတဖွဲဖွဲတွင် ခပ်သုတ်သုတ်လျှောက်ရန် အားခဲလိုက်မိသော်လည်း ကျွန်တော်သည် ရှေ့သို့ ဆက်ပြီး ခြေလှမ်းရမည့်အစား နောက်သို့ လှည့်ကြည့်လိုက်မိပါတယ်။

အဘွားအိုကြီးတွင် ဆောင်းစရာ၊ မိုးစရာ ထီးမပါသဖြင့် မိုးရေမှ ခိုလှုံစရာ သစ်ပင်အရိပ်အာဝါသ အကာအကွယ် တစ်စုံတစ်ရာကို ရှာဖွေနေပုံရပါရဲ့။ ဒါပေမဲ့ လမ်းကလေး တလျှောက်လုံးမှာ အဘွားအို မိုးခိုရန် နေရာတစ်ခုတလေမှ မတွေ့ရပါဘူး။ အဘွားအိုခမျာ မိုးရေထဲ၌ ခိုကိုးရာမဲ့ ဖြစ်နေရှာတော့သည်ပဲ။

မိုးသည်လည်း တဖွဲဖွဲရွာနေရာက တစ်စတစ်စ သည်းလာလေပြီ။ ကြာလျှင် အဘွားအိုတစ်ကိုယ်လုံး ရွှဲရွှဲစိုလျက်၊ စုတ်ပြတ်ညစ်ထေးသော အ၀တ်အစားများအောက်မှ အရိုးပြိုင်းပြိုင်း ကိုယ်ခန္ဓာကလေး ရေစိုတွင်ပေါ်လာရချေတော့မည်။ မိုးကစိုစို၊ ချမ်းချမ်းစီးစီးနှင့် အအေးမိပြီး ဖျားနာလို့ရှိရင် -

ကျွန်တော့်စိတ်ထဲတွင် ရုတ်တရက် သနားကြင်နာစိတ်ကလေးများ ယိုဖိတ်လာရာက အဘွားအိုအား ပြေးပြီး ထီးမိုးပေးလိုက်ချင်ပါသည်။ သို့သော်လည်း ပတ်ဝန်းကျင်က ကျွန်တော့်ကိုဘယ်လိုမြင်ကြမလည်း ဘာများဝေဖန်ပစ်တင်ကြမလဲ အတွေးလေးခိုဝင်မိသလို ရုပ်ရှင်ရုံအောက်မှာ လက်မှတ်နှစ်စောင်ကို ကိုင်ရင်း ယောင်လည်လည်နှင့် စိတ်ပျက် ဒေါသထွက်နေရှာမည့် ချစ်သူငယ်ချင်းရဲ့ မျက်နှာကို မြင်ယောင်လာမိသောအခါ အဘွားအို အပေါ်ဝယ် ထားရှိမိသော စေတနာမှာ တွန့်ဆုတ်သွားပြန်ပါတယ်။

အဘွားကြီး နံဘေးနားက ထီးမိုး၍ လိုက်ရမည်ဆိုလျှင်တော့ သူက လုပ်လီလုပ်လဲ့၊ ခနော်နီခနော်နဲ့ တစ်လှမ်းချင်း လျှောက်နေပုံမျိုးနဲ့ အနည်းဆုံး မိနစ်နှစ်ဆယ်ခန့်ကြာမှ လမ်းထိပ်သို့ရောက်တော့မည်။ နာရီကြည့်လိုက်မိတော့လည်း ၁၂နာရီထိုးပြီးလို့ ဆယ်မိနစ်ကျော်နေပြီ…။

“အို ရှုပ်ပါတယ်လေ၊ ငါ့ရင်ထဲက စေတနာပျက်သွားတာမှ မဟုတ်ဘဲ။ ငါ့သူငယ်ချင်းနဲ့ အသေအချာ ချိန်းထားတဲ့ကိစ္စက ရှိနေတော့ ဘယ့်နှယ့် တတ်နိုင်ပါ့မလဲ။ ရုပ်ရှင်ရုံကို ၁၂နာရီခွဲ မရောက်နိုင်လို့ရှိရင် ငါ့သူငယ်ချင်းကို ဒုက္ခပေးရာလည်း ရောက်မယ်၊ ကတိဖျက်ရာ လည်းရောက်မယ်။ အခုပဲ အချိန်တော်တော် နောက်ကျနေပြီ။ ကိုယ့်ကိစ္စနဲ့ကိုယ် အချိန်မီဖို့က အရေးကြီးပါတယ်လေ”

ကျွန်တော်လည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါရဲ့။ သို့သော်လည်း ခြေလှမ်း သုံးလေးလှမ်းမျှတွင် နောက်ဘက်သို့ လှည့်ကြည့်မိပြန်ပါတယ်။

အဘွားအိုကြီးကား တုတ်ကလေး ထောက်ကာ ထောက်ကာ၊ ခါးကလေး ကုန်းကုန်း - ကုန်းကုန်းနဲ့ ဖြည်းဖြည်းချင်း လျှောက်နေမြဲပင်။ တစ်ခါ တစ်ခါတွင် တုတ်ကလေးထောက်ပြီး ခဏနားကာ သူ့နဖူးရှုံ့ရှုံ့တွတွကြီးပေါ်မှ မိုးရေ မိုးစက်များကို အရိုးပြိုင်းပြိုင်းထသော လက်ချောင်းကလေးများဖြင့် သပ်၍ သပ်၍ ချတတ်ပြန်ပါရဲ့။ မကြာမကြာလည်း ‘မိုးမင်းကြီးရယ် တိတ်တော်မူပါတော့’ဟု တောင်းပန် တိုးလျှိုးနေဘိသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်ကိုတွေ့ရပါတယ်။

ကျွန်တော် လျစ်လျူမရှုနိုင်တော့ပါ။ မကြာသေးခင်က ဆုံးဖြတ်ချက်အားလုံးသည် မိုးရေထဲ မျောပါ လွင့်စဉ်သွားခဲ့လေပြီ။ ရုပ်ရှင်ရုံအောက်တွင် ယောင်လည်လည်နဲ့ စောင့်နေမည့် သူငယ်ချင်းနှင့်တကွ သူနဲ့ချိန်းဆိုထားသည့် ကတိကိုလည်း ဂရုမစိုက်အားတော့ပြီ။

ကျွန်တော်လည်း အဘွားအိုကြီး ရှိရာကို ချက်ချင်း ပြန်ပြေးမိပြီးနောက် သူ၏ပိန်ချုံးသေးသွယ်လှသော ကိုယ်ခန္ဓာကလေးကို ထီးဖြင့် မိုးကာပေးလိုက်ကာ -

‘ဘွားဘွား…….ဘွားဘွား မိုးတွေ သည်းလာပြီ။ ကျွန်တော့်နားတိုး၊ ကျွန်တော် ထီးမိုးပေးပါမယ်’ ဟု လှိုက်လှဲသော အသံဖြင့် ပြောလိုက်မိပါတယ်။

အဘွားအိုကြီးလည်း စောစောက ကျွန်တော် သူ့နံဘေးနားမှ ဖြတ်ကျော်လျှောက်ခဲ့သည်ကိုပင် သတိပြုလိုက်မိဟန် မတူ။ ရုတ်တရက် ကျွန်တော် သူ့နံဘေးနား ရောက်လာပြီး ထီးမိုးပေးလိုက်သော အခါတွင်မှ ၀မ်းမြောက်ဝမ်းသာ မော်ကြည့်ရင်း -
“အမယ်လေး ငါ့မြေးရယ်၊ ဘုန်းကြီးလို့ သက်ရှည်ပါစေကွယ်၊ ဘုန်းကြီးလို့ သက်ရှည်ပါစေ” ဟု တုန်ယင် လှိုက်လှဲသော အသံကြီးဖြင့် ဆုတောင်းပတ္ထနာ ပြုနေရှာရော။

ထိုအခိုက်အတန့်ကလေးဝယ် ကျွန်တော်သည် ဘာကိုမျှ သတိမရတော့ဘဲ အဘွားအိုကြီးရဲ့ ဆုတောင်းသံတွင်သာ နစ်မွန်းကြည်နူး လျက် ရှိတော့သည်ဟုဆိုရပါမယ်။ ကျွန်တော်မှာ မိမိ ဆုံးဖြတ် ပြုမူလိုက်သောဆောင်ရွက်ချက်အတွက် ကျေနပ်နှစ်သိမ့် ပီတိတစိမ့်စိမ့် ဖြာဝေနေမိပါတော့တယ် ခင်ဗျာ။

Alex Aung (4 March 2015)

စာကြွင်း ။   ကျွန်တော်နှစ်သက်သဘောကျသော စာရေးဆရာကြီးတစ်ဦးရဲ့ ရေးဟန်ကို အတုခိုးရေးဖွဲ့ထားကြောင်း ရိုးရိုးသားသားဝန်ခံပါ တယ်ခင်ဗျ။

1 comment:

Étoile said...

လေးစားပါတယ်ရှင့်