Tuesday, October 20, 2015

'' ကြယ်တို့သည်ပင်...ကြွေတတ်သည် (အပိုင်း ၃)”




ကားပေါ်ကဆင်းဆင်းခြင်းရွှေကြာ ရုံးရဲ့အောက်ထပ်ကအဆောက်အဦးကိုတန်းဝင်ပြီး မှန်တံခါးကိုဆွဲဖွင့်ကာစားပွဲများဆီကို တစ်ချက် ကြည့်လိုက်သည်။သက်ဆိုင်ရာစားပွဲအသီးသီးမှာအလုပ်များနေပုံရသောဝန်ထမ်းများနှင့်အရှေ့ဖက်ဆက်တီတွေမှာထိုင်နေသောလူတွေကရွှေကြာ့တံခါးဖွင့်ပုံကိုစူးစမ်းသလိုကြည့်နေကြသည်။ရွှေကြာခပ်တည်တည်နှင့်စာရေးမထိုင်နေသောစားပွဲဆီလျောက်လာပြီး ''ဦးလရောင်နဲ့စကားပြောချင်လို့ '' 

"ဆရာနေမကောင်းလို့ ..အိမ်မှာနားနေပါတယ်.မလာပါဘူးညီမလေး ...''

''ကျွတ် '' ရွှေကြာစိတ်ပျက်လက်ပျက်ဖြစ်သွားရင်း ''နေမကောင်းတာသေချာလို့လား...အခြောက်တွေကဥာဏ်ကခပ်များများရယ် '' 

''ညီမ ..ရုံးမှာပါစင်နယ်မပြောဖို့တောင်းပန်ပါတယ် ..ဒီမှာဝင်ထွက်နေတာကအလုပ်ကိစ္စနဲ့ပတ်သတ်သူတွေမို့လို့ပါ.. ညီမတစ်ခုခု ပြသနာရှိရင်အိမ်လိုက်သွားလို့ရပါတယ် '' 

''အဲ့ဒါဆိုအမတို့ဆရာဆိုတာအခြောက်ကြီးမှန်းသိလားအဲ့ဒါတစ်ခုဖြေပေး '' 

''အစ်မတို့ကသူများပါစင်နယ်ကိုမပြောတတ်ပါဘူးပြောခွင့်လည်းမရှိပါဘူး.. ဆောရီးညီမလေး...သူ့အိမ်ကိုဖုန်းဆက်လိုက်ပါနော် '' 

''ဒီမှာအစ်မတို့...ကျွန်မလည်းပေါက်လွှတ်ပဲစားမဟုတ်ဘူး..ကျွန်မမိကောင်းဖခင်သားသမီးအခုကျွန်မပြောနေတာအစ်မတို့ဆရာလားဆရာမလားမသိတဲ့လူကကျွန်မချစ်သူကိုငွေနဲ့ပေါက်ပြီးသိမ်းသင်းထားလို့တမင်လာပြောတာ ''
 ''ရွှေကြာ '' မိုးစစ်နောက်ကလိုက်လာပြီးမျက်နှာမကောင်းစွာခပ်တိုးတိုးခေါ်သည်။
ရွှေကြာမိုးစစ်ဖက်လှည့်ရင်း ''ငါမပြန်ဘူးမိုးစစ်....သူ့အိမ်ကိုလည်းမသွားဘူး။ ဖြစ်နိုင်ရင်သူ့ကိုဒီမှာတွေ့ချင်တာ ..သူဘာလည်းဆိုတာ သိစေချင်တာ ''

 ''ရွှေကြာ... ပြန်ရအောင်ငါတောင်းပန်တယ်ဟာ.အကိုနေမကောင်းဘူး ။ နင်နားလည်ပေးလိုက်ပါလို့ငါတောင်းပန်ပါတယ်။ 

နင်မကျေနပ်ရင်ငါ့ကိုနင့်စိတ်ကြိုက်ရိုက်လှည့်ပါ ...ဒါမှမကျေနပ်သေးရင်ငါနင်ကျေနပ်တဲ့အထိဒီမှာဒူးထောက်တောင်းပန်ပါ့မယ် '' 

''ဒူးထောက်တောင်တောင်းပန်မယ်တဲ့လား ...မိုးစစ် ...ငါလေနင့်ကိုဒီလောက်ချစ်တတ်မှန်းတစ်ခါမှမသိခဲ့ဖူးဘူး ...ငါချစ်ခဲ့ဖူးတဲ့ ယောက်ျားတောင်ဟုတ်ရဲ့လားဟင် ''

 ''ငါ့ကိုခွင့်လွှတ်ပါဟာ ..” ရွှေကြာမိုးစစ်ကိုကြည့်ရင်းဒေါသဖြစ်စွာကျလာသောမျက်ရည်ကိုလက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ရင်း ''အေး...'' ရွှေကြာခြောက်သွေ့လာသောနှုတ်ခမ်းကိုလျာဖြင့်တစ်ချက်သတ်လိုက်ရင်းဆို့နင့်စွာခဏငြိမ်သက်သွားသည်။သူမမိုးစစ်ကိုချစ်သည်။တစ်ဘဝစွာလက်တွဲဖို့လည်းဆုံးဖြတ်ထားခဲ့ပါသည်။သူ့အဖြစ်ကယောက်ျားတစ်ယောက်ကိုရဖို့အခြားယောက်ျားနှင့်လုရမည့်ပုံ။သူမမိုးစစ်မျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။မိုးစစ်မျက်နှာကသူမနောက်ဆုတ်ရတော့မည်ဆိုတာသေချာမတတ်တောင်းပန်နေတာကိုသူမကြေကွဲစွာသိလိုက်ရသည်။သူမမရှုံးချင်။အပြင်မှာရှုံးသွားတာတောင်မှဒီရုံးခန်းထဲကလူနည်းစုရှေ့မှာသူမရှုံးရမည့်အဖြစ်မျိုးအဖြစ်မခံနိုင်တော့။ထုံးစံမရှိသောစွန့်ပစ်မှုမျိုးနဲ့သူမကရှုံးနိမ့်ကျန်ရစ်ရမယ့်အဖြစ်မျိုးလား။ဟင့်အင်း။ဒီလိုအဖြစ်မျိုးကိုသူမခါးသက်သည်။သူမမိုးစစ်ဖက်ကိုလှည့်ပြီး ''နင့်လုပ်ရပ်ကမိန်းကလေးတစ်ယောက်အပေါ်အရှက်ရစေတယ်မိုးစစ် ..ငါနဲ့ယှဉ်ရတဲ့လူကအခြောက်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါ့ဘဝမှာတစ်ခါမှမတွေးမိဖူးဘူး ...နင့်ကိုစိတ်နာတယ် ...ရွံတယ် ..မုန်းတယ် ...မိုးစစ် ...နင်ငါ့ကိုဒူးထောက်တောင်းပန်တောင် ငါမကျေနပ်ဘူး'' 

''ရွှေကြာ .....နင် ...'' ''ဒါပေမယ့်နင်ငါ့ကို...တောင်းပန်ပါမိုးစစ်..မိန်းမတစ်ယောက်အနေနဲ့ငါနိုင်ချင်တယ် ...နိုင်မှဖြစ်မယ် '' 

ရွှေကြာမိုးစစ်မျက်နှာကိုကြည့်ရင်းငြိုးမျက်စွာတလုံးချင်းပြောသည်။မိုးစစ်မျက်နှာကဖြတ်ရိုက်ခံရသလိုနာကျင်သွားပြီး ''ကောင်းပြီရွှေကြာ...ငါနင့်ကိုဒူးထောက်ပေးမယ် ...နင်လည်းအကို့ကိုဒုက္ခမပေးဘဲထွက်သွားပေးပါ '' 

မိုးစစ်ဒူးထောက်ရန်ပြင်လိုက်သည်။သူရှက်လှပါသည်။သို့သော်သူချစ်သောအကိုကျေးဇူးရှင်အကိုသူ့အပေါ်ကောင်းရှာသောအကိုအရှက်မကွဲရင်ဘဲသူဒူးထောက်ရကျိုးနပ်ပါတယ်လေ။
 ''ဘာလုပ်နေတာလည်း ...မိုးစစ်၊မတ်တပ်ပြန်ရပ်စမ်း'' တံခါးအဝမှလရောင်ရဲ့အသံကဟိန်းထွက်လာသည်။

 ''မိုးစစ် ...ပြသာတစ်ခုကိုအဲ့လိုမဖြေရှင်းရဘူးးပြီးတော့ဒီလိုနေရာမှာလာမရှင်းရဘူး ...မင်းကမင်းသားတစ်ယောက် ...ညီမလေးလည်း ပြန်ပါ...သေချာဖြေရှင်းဖို့အကိုအကြံပေးပါရစေ ''

 "ဆောရီးပါအကိုတောင်းပန်ပါတယ် ...'' 

''ရှင်..ကမိုးစစ်ဘဝကိုချုပ်ကိုင်နိုင်ထားတာဘဲ...အခြောက်တစ်ယောက်အနေနဲ့ ရှင်တော်တယ်ဦးလရောင်.. မိုးစစ်ကကျန်မတို့ အဆက် ဖြတ်ရအောင်တဲ့...အဲ့ဒါရှင့်ကြောင့်ဘဲ ...ရှင်မိုးစစ်ကိုအောင်မြင်မှုတွေနဲ့မြူတယ်..ငွေကြေးချမ်းသာမှုနဲ့ချူတယ်...ရှင်မရှက်ဘူးလား ...ယောက်ျားတန်မဲ့နဲ့ယောက်ျားတစ်ယောက်ကိုချစ်နေတာမရှက်ဘူးလားဟင်'' 

''အထဲမှာလာပြောပါရွှေကြာ ..မိုးစစ်ရောလိုက်ခဲ့အကို့ရုံးခန်းကို '' လရောင်ပြောရင်းလှည့်ထွက်ဟန်ပြင်လိုက်သည်။
သို့သော်ရွှေကြာ့နှုတ်က ''ကျွန်မလူတွေရှေ့မှာဘဲပြောချင်ပါတယ်ဦးလရောင် ...ရှင့်ဘဝအမှန်ကိုလူတွေသိမှာကြောက်နေခဲ့တာလား '' 

''ရွှေကြာ ....မင်းတော်တော့လို့ပြောနေတယ် '' 

မိုးစစ်စူးစူးဝါးဝါးထအော်ရင်းတားသည်။ဝန်ထမ်းများရုံးကိုလာသောဧည့်သည်များနှင့်ကုန်ပစ္စည်းတင်သွင်းလာသူကိုယ်စားလှယ်များရှိနေသောရုံးဧည့်ခန်းကိုတစ်ချက်ဝေ့ကြည့်ရင်းလရောင်ရွှေကြာ့ဖက်ကိုပြန်လှည့်လိုက်သည်။
''ကျနော်ဂေးတစ်ယောက်ပါရွှေကြာ ...ရိုင်းရိုင်းပြောရရင်အခြောက်တစ်ယောက်ဖြစ်နေပါတယ် ...'' ရုံးခန်းတစ်ခုလုံး လရောင်ရဲ့အသံ ကြောင့်အားနာတိတ်ဆိတ်သွားတော့သည်။ 

''ကျွန်တော့ကိုယ်ထဲကဟိုမုန်းတွေပြောင်းလဲနေတာကြောင့်ရောဘဝတစ်ခုကအကုသိုလ်အကြောင်းတရားတစ်ခုကြောင့်ပါကျွန်တော်အခြောက်တစ်ယောက်ဖြစ်ခဲ့တယ်...ဒါကြောင့်ကျွန်တော်ယောက်ျားတစ်ယောက်ကိုချစ်ခဲ့မိတာ..ဒါပေမယ့်ကျွန်တော်မိုးစစ်ကိုခုထိချုပ်ကိုင်တားဆီးတာမျိုးမလုပ်ဘဲရိုးသားစွာချစ်မိတယ် ...ယောက်ျားခြင်းမို့မသင့်တော်မှန်းသိပေမယ့်ကျနော်လည်းနှလုံးသားရှိခဲ့သူတစ်ယောက်ပါ ....ရွှေကြာရှိတဲ့နောက်ကျနော်နောက်နားမှာရပ်နေပေးခဲ့တာပါ...ဒါပေမယ့်ကျနော်ချစ်တဲ့အချစ်ကကိုယ့်ချစ်သူလိုအောင်မြင်နေတဲ့လူတစ်ယောက်ကိုကိုယ့်မာနတစ်ခုအတွက်ဒူးထောက်ခိုင်းပြီးအရှက်ခွဲမယ့်အချစ်မျိုးမဟုတ်ဘူး.....သူတောက်ပလင်းထိန်နေတာကိုကျေနပ်ရင်းကိုယ်လောင်ကျွမ်းပြာကျပေးမယ့်ဖယောင်းတိုင်လိုအချစ်မျိုးရွှေကြာ....ကျနော်မပိုင်ဆိုင်နိုင်ပါဘူး...ကျနော်တို့မနီးစပ်နိုင်ပါဘူးးကျနော်တို့အသိုင်းအဝိုင်းကလက်မခံတာသိပေမယ့်ချစ်မိသွားတယ် ...အပြစ်ရှိတယ်ဆိုပေမယ့်...ကျနော်တို့လည်းနှလုံးသားပါ ,ပါတယ် .....ကဲ...ကျေနပ်ပြီလားရွှေကြာ ...အားလုံးရှေ့မှာကျွန်တော်ဂေးဆိုတာဝန်ခံပေးသွားတယ်....ဂေးတစ်ယောက်ဖြစ်တာဟာ ရောဂါတစ်ခု မဟုတ်သလိုရှက်စရာလည်းမဟုတ်ပါဘူး ...မိုးစစ်...ရွှေကြာ့ကိုအရင်လိုချစ်ချစ်ခင်ခင်နေပါ ...အကိုလည်းနားတော့မယ်.... နောက်မှ ဖုန်းဆက်လိုက်မယ် '' 

လရောင်နောက်သို့ပြန်လှည့်ထွက်သွားသည်။နောက်ပါးမှာကျန်ခဲ့သောရွှေကြာနှုတ်ခမ်းကိုပျက်လုမတတ်ကိုက်ရင်းရုံးခန်းထောင့်မှာထားသောကြွေပန်းအိုးကိုပြေးကိုင်ကာ ....လရောင်ရှိရာသို့ပစ်ပေါက်လိုက်သည်။ 

''ရွှေကြာ....မလုပ်နဲ့ '' 

မိုးစစ်ရွှေကြာ့ကိုပြေးဆွဲလိုက်သော်လည်းပန်းအိုးကလရောင်ပခုံးစွန်းကိုထိမိကာကြမ်းပြင်ပေါ်သို့ကျကွဲသွားလေသည်။လရောင်လဲပြိုမလိုဖြစ်သွားသောသူ့ကိုယ်ကိုထိန်းရင်းအခန်းထဲကလူတွေကိုတလှည့်ကြမ်းပြင်ကိုထိမိသည့်အရှိန်ကြောင့်ကျကွဲသွားသောပန်းအိုးကွဲစများကိုတလှည့်ကြည့်ရင်းသူ့အမြင်အာရုံတွေဝေဝါးလာသည်။စိမ့်ထွက်လာသောချွေးစေးတို့နှင့်အပြိုင်သူ့နှလုံးသားကမောပန်းစွာခုန်ပေါက်လှုပ်ရှားလာသည်။သူ့နားကိုလူတစ်ချို့စိုးရိမ်ကြီးစွာပြေးလာတာကိုတွေ့နေရသည်။သူရှက်ရွံ့စွာမတ်မတ်ရပ်ဖို့ကြိုးစားရင်းသူ့အာရုံမှောက်မှားကာအမှောင်ထုထဲသို့ ..ကျရောက်သွားတော့သည်။။ 

++++++

 ''လူနာရဲ့နှလုံးခုန်သံတွေမမှန်ဘူး...သူ့ရဲ့အသည်းမကောင်းတာကဆေးသောက်ဆေးစားလို့ရတယ် ..အသည်းဆိုတာကအစိတ်အပိုင်း တစ်ခုစာလေးအကောင်းကျန်ရစ်ခဲ့ရင်တောင်တဖြည်းဖြည်းအရွယ်အစားကြီးမားလာနိုင်တာမျိုးမို့ဆရာတို့ကတော့သူ့နှလုံးကိုပိုပြီးအလေးထားစေချင်တယ် '' 

''ကျွန်တော့ကိုလိုအပ်တာတွေစစ်ပေးပါဆရာ ...အကို့အတွက်လိုအပ်တာရှိရင်ကျွန်တော့်ကိုယ်ထဲကထုတ်ပေးပါရစေ။ '' 

မိုးစစ်ရဲ့အပြောကိုဆရာဝန်ကြီးကဂရုဏာသက်စွာပြုံးသည်။
 ''ဒီနိုင်ငံမှာကနှလုံးအစားထိုးဖို့မလွယ်ဘူး...ပြီးတော့အဲ့လိုခွဲစိတ်လို့လွယ်ရင်တောင်အောင်မြင်ဖို့ကခက်ခဲတယ်။အဆိုးဆုံးကတော့သားလှုရင်သားသေသွားမှာပေါ့..
.သေဆုံးပြီးကာစလူနာရဲ့အသည်းကိုလူနာသို့မဟုတ်လူနာရှင်ရဲ့ခွင့်ပြုချက်နဲ့ဆိုရင်အသုံးပြုလို့ရပါတယ် .... ကောင်းမွန်ကျန်းမာတဲ့နှလုံးဟာအပြင်မှာရှစ်နာရီကြာခုန်နိုင်ပါတယ်....ကဲ ...သားဘာသိချင်သေးလည်း '' 

''ဘယ်လောက်ကုန်နိုင်မလည်းဆရာ '' 

“ဆရာ့အထင်တော့ပြည့်စုံကျန်းမာတဲ့လူတစ်ယောက်ဖြစ်မယ့်အချိန်ထိဆိုထောင်ဂဏန်းလောက်ကုန်နိုင်တယ် ...သို့သော် အဲ့လောက် လည်းဆိုးရွားတာမျိုးမဟုတ်သေးပါဘူးသားရယ်...သေချာစမ်းသပ်ပြီးဆေးတွေသောက်ရင်းကျန်းမာရေးကိုဂရုစိုက်နိုင်တာဘဲ ''
သူကိုလရောင်အခန်းရှိရာပြန်လာပြီးကိုလရောင်ကိုတွေတွေကြီးစိုက်ကြည့်နေမိသည်။ကုတင်ပေါ်မျက်လုံးစုံမှိတ်ကာဆေးပိုက်တွေသွယ်တန်းထားသည့်ကြားက ကိုလရောင်ရဲ့မျက်နှာလေးကဖူးထွတ်ကြည်စင်နေသည်မှာချစ်စရာပင်ကောင်းသေးသည်။ မျက်ခုံးထူထူ နှာတံ စင်းစင်းအကို့မျက်နှာကမိုးးစစ်မျက်နှာထက်ပင်နုနယ်လွန်းလှသည်။ထ်ုလူကိုသူဘာကြောင့်ချစ်ရသည်ကိုအခုထိမိုးစစ်နားမလည်။သေချာတာကတော့ကိုလရောင်အနားသို့သူရောက်တိုင်းသူ့နှလုံးသားကယိမ်းထိုးလှုပ်ရှားလွန်း
လှသည်။ရွှေကြာ့အပေါ်သူဘယ်လိုမှခံစားလို့မရတဲ့အတူတူချက်ချင်းလမ်းခွဲဖို့ပြောလိုက်မိသည်။တကယ်ဆိုသူကအကို့ထက်အချစ်ကိုကိုးကွယ်မိသူပါလား။အကိုရယ်။ကျွန်တော်တို့နှစ်ယောက်ရေစက်ကဆိုးလိုက်တာ။
ဒီလိုပတ်သတ်မှုမျိုးနဲ့ကျွန်တော်တို့ဖြစ်တည်မှုတွေကိုဘယ်လိုများရှေ့ဆက်ရမလည်းဆိုတဲ့အဖြေကိုကျွန်တော်တွေ့သွားပြီအကို။ကျွန်တော်တို့နီးစပ်ဖို့ခွဲခွာဖို့အတွက်ဘယ်သူကမှစေခိုင်းလို့မရဘူးနောက်ဆုံးခွဲရတာတောင်အကို့နားကျွန်တော်မဖြစ်ဖြစ်တဲ့နည်းနဲ့လာမှာ။မိုးစစ်လရောင်လက်ကလေးကိုဖွဖွလေးကိုင်ရင်းငိုမိသည်။

အချစ်ဆိုတာပူလောင်လွန်းလေစွ။

 +++++++++ 

''ဘယ်အထိမောင်းနေတာလည်းမိုးစစ်ရယ် ''

 ''လိုက်ခဲ့ပါဆို..ဒီကလေးအရမ်းစကားရှည်တာဘဲ....'' 

လရောင်ဘာမှမပြောတော့ဘဲမိုးစစ်မျက်နှာကိုသာတစိမ့်စိမ့်ကြည့်နေလိုက်တော့သည်။ကားမောင်းရင်းမိုးစစ်ကမျက်စိမှိတ်လိုက်၊လျှာထုတ်လိုက်နှင့်သူ့ကိုစနေတာကိုကြည့်ရင်းသူမိုးစစ်ကိုပိုပြီးချစ်မြတ်နိုးလာသည်။ကြည်လင်သောအပြုံးလေးကြောင့်မိုးစစ်မျက်နှာကရှိရင်းစွဲအသက်ထက်နုပျိုလွန်းလှသည်။လရောင်ဂီယာတံကိုင်ထားသောမိုးစစ်လက်ကလေးကိုအပေါ်ကနေသူ့လက်ကလေးဖြင့်အုပ်ကိုင်လိုက်သည်။မိုးစစ်ကသူ့လက်ကိုရုန်းထွက်သွားပြီးလရောင်လက်ကိုပြန်ဆွဲယူကာဖွဖွလေးနမ်းလိုက်စဉ်မှာလရောင်ရင်ထဲနွေးထွေးလှိုက်ဖြာကာမျက်ရည်လည်လာမိသည်။သူမနေနိုင်စွာကိုယ်ကိုအနည်းငယ်ကြွပြီးမိုးစစ်နားသယ်စပ်ကိုဖြတ်ကနဲနမ်းလိုက်သည်။မိုးစစ်မျက်နှာကပြုံးမြသွားသော်လည်းသူ့ဖက်ကိုလှည့်ကာ ''ကလေးကိုမြူစွယ်နေတယ် .....ဗျို့ '' 

သူရှက်ရွံ့စွာရယ်ရင်းမိုးစစ်ပခုံးကိုတစ်ချက်ရိုက်လိုက်သည်။ 

မိုးစစ်ကကားကိုလမ်းတစ်နေရာမှာရပ်ရင်း ''ကဲ....ဆင်းပါခင်ဗျာ ...ရောက်ပါပြီ '' 

''ဟင် ....ဒါကဘယ်နေရာကြီးလည်း '' 

လရောင်ပါးစပ်ကပြောနေသော်လည်းလူကအောက်သို့ရောက်နှင့်ပြီးပတ်ဝန်းကျင်ကိုကြည့်မိသည်။မျက်စိတဆုံးစိမ်းဖန့်သောစပါးခင်းများကိုဖြတ်သန်းလာသောလေနုအေးကလရောင်မျက်နှာကိုတို့ထိသွားတာမို့ လူကတဒင်္ဂအတွင်းလန်းဆန်းသွားသည်။ လရောင် လေကို အဆုတ်ထဲရောက်သည်အထိအားပါးတရရှိုက်သွင်းလိုက်သည်။မိုးစစ်ကသူ့ပခုံးပေါ်အင်္ကျီပါးတစ်ထည်ခြုံပေးကာသူ့ပခုံးကိုဖက်ရင်း ''အကို့စိတ်တွေကျွန်တော့ကြောင့်ပင်ပန်းရတယ် ...ကျွန်တော်တောင်းပန်ပါတယ်ဗျာ..”

.'' ဒါကိုပင်ပန်းတယ်လို့မခေါ်သေးဘူးမိုးစစ် ...အရှေ့မှာဒီထက်ပိုဆိုးတဲ့စိန်ခေါ်မှုတွေရှိသေးတယ် ...အကိုတို့ရင်ဆိုင်ရဦးမှာ ...မိုးစစ် ....အကို ...လောဘမကြီးပါဘူး ..ရွှေကြာ့ကိုအဆက်မဖြတ်ပါနဲ့...အချိန်တန်ရင်မိုးစစ်ကရွှေကြာ့ကိုလက်ထပ်ပြီးမိသားစုဘဝကိုတည်ဆောက်ရမှာ ...ဒါကသဘာဝပဲ ...ဒီလောက်ချစ်တာကိုပဲအကိုသေပျော်ပါပြီ..''

 ''အကို '' 

မိုးစစ်ကလရောင်လက်ကိုဆွဲကိုင်ရင်းတိုးတိုးညင်းညင်းခေါ်ကာ   “ကျွန်တော်သေမှခွဲမယ်...အကိုသာ ကျွန်တော့်ကိုခွဲမသွားဖို့ကတိပေးပါ ...ကျွန်တော်တို့ရေဆုံးမြေဆုံးတူတူသွားကြတာပေါ့ '' 

''အကိုကတိပေးချင်ပါတယ်မိုးစစ်ရယ် '' လရောင်ရင်ထဲကတီးတိုးပြောမိသည်။ မိုးစစ်လရောင်ကိုဖက်ထားရင်းခပ်ဖွဖွနမ်းသည်။ တကယ်လို့များဒီကမ္ဘာမှာတစ်ယောက်ယောက်သာရှင်သန်ကျန်ခဲ့ရမယ်ဆိုအကိုရှင်သန်လှည့်ပါအကို၊လတစ်စင်းရဲ့အရောင်အဝါကကြယ်တစ်ပွင့်ထက်လင်းလက်နိုင်တာဘဲ၊အကို့အတွက်ဆိုကျွန်တော့်အသည်းနှလုံးကိုထုတ်ပေးဖို့အထိကြည်ဖြူပါတယ်ဗျာ.... ။ ကြယ်ဆိုတာ..အချိန်တိုင်းကြွေတတ်တာဘဲလေ...အကို့ကိုကျွန်တော်ခွဲသွားရတော့မှာအကိုရယ် ...လရောင်ပခုံးကိုကွယ်ရင်း မိုးစစ် မျက်ရည်ကျမိပြန်သည်။

အချစ်ဆိုတာပင်ပန်းလေစွ။

xxxxxxxxxxxx


'' ရွှေကြာ ''

သူ့ခေါ်သံကြောင့်ရွှေကြာနောက်သို့လှည့်ကြည့်သည်။သူ့မျက်နှာကိုအမြင်မှာရွှေကြာ့မျက်နှာမှာဒေါသကြောင့်အရောင်တစ်မျိုးပြောင်းသွားလေသည်။

'' ကျွန်မတို့တွေ့စရာမရှိဘူးမိုးစစ် ....ထွက်သွားပါ ''

''ခဏတော့စကားပြောပါရစေ .... ကြာရယ် ''

''နင့်ကိုငါအရမ်းမုန်းတယ်မိုးစစ်...နင့်ကြောင့်ငါ့မိသားစုကြားမှာငါမျက်နှာပြစရာမရှိအောင်စုတ်ပြတ်သတ်ပြီးအရှက်ကွဲရတာ ..နင်ထွက်သွား .....''

''နင်ငါ့ကိုမုန်းနိုင်ပါတယ်ကြာရယ် ....ငါ့အပြစ်တွေပါဘဲ ...ဒါပေမယ့်အကို့ကိုနင်အရှက်ခွဲမုန်းတီးနေတာတွေရပ်ပါတော့ ...နင်ပင်ပန်း လွန်းပါတယ် ...''

''မိုးစစ်.......ငါကနင့်ရည်းစား...နင်နဲ့အတုလက်ထပ်ဖို့ထိမိဘချင်းသိပြီးသားအခုငါ့အိမ်ကငါ့ကိုမေးနေပြီ ...ငါဘယ်လိုဖြေရလည်း ...မိုးစစ်ကအခြောက်တစ်ယောက်ကြောင့်သမီးကိုသစ္စာမဲ့သွားပါတယ်လို့အရှက်ကင်းကင်းဖြေရမှာလားးနင်မကာကွယ်နဲ့ ...နင်သူ့ကိုဘဲ မကာကွယ်နေနဲ့ ...ငါ့ဘက်ကိုနင်တစ်ချက်လေးစဉ်းစားဦး ... နင်အဲ့လိုလုပ်နေတာတွေကငါသူ့ကိုသတ်ပစ်ချင်လောက်အောင်ပိုမုန်း စေတယ်ဆိုတာနင်သိထား...နင်သွားတော့ဟာ ''

ရွှေကြာစာသင်ခန်းရှိရာသို့လှည့်ဝင်ရန်ပြင်သည်။

''အကိုကသေတော့မှာထင်တယ်ရွှေကြာ ''

''ဟင် ''

ရွှေကြာ့ခြေအစုံရပ်တန့်သွားသလိုအပေါ်သို့လှမ်းတက်ဟန်ပြင်နေသည့်လရောင်ခြေထောက်ပါတုန့်ကနဲရပ်တန့်သွားသည်။သူ့ထက်အရင်မိုးစစ်ကရောက်နှင့်နေတာမို့လရောင်လှေကားကိုဆက်မတတ်တော့ဘဲ ကော်ရစ်ဒါကရွှေကြာတို့ပြောနေသောစကား ကိုဆက်နားထောင် နေလိုက်မိသည်။

''ဟုတ်တယ်ရွှေကြာအကို့နှလုံးကပုံမှန်အလုပ်မလုပ်ဘူးးအသည်းကလည်းသိပ်မကောင်းဘူးးးဟာ ...နှလုံးခွဲစိတ်ဖို့ငါစီစဉ်နေတယ် ...တကယ်လို့အဲ့မှာအလှုရှင်မရရင်ငါအကို့ကိုငါ့ရင်ထဲကဟာထုတ်ပေးမလို့...''

''နင်ရူးသွားပြီလားမိုးစစ် ...နင်သေမှထုတ်ပေးလို့ရမှာလေ ...နင်အဲ့လောက်ထိ...''

''ဟုတ်တယ်...ငါဘာကြောင့်မမှန်းမသိ ...အကို့အပေါ်အရမ်းငြိတွယ်မိသွားတယ်... ဒါကြောင့်ငါတို့ကိုနင်ခွင့်လွှတ်ပေးဖို့ ငါနင့်ကို ဒူးထောက်တောင်းပန်ချင်လို့ပါရွှေကြာရယ် ''

မိုးစစ်ပြောပြောဆိုဆိုရွှေကြာ့ရှေ့ဒူးထောက်လိုက်သည်။ရွှေကြာ့ပါးမှာမျက်ရည်တို့စီးကျလာသည်။လရောင်ချောင်းကြည့်ရင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်နှလုံးသွေးတို့တဒိတ်ဒိတ်တိုးကာရင်တွင်းတစ်နေရာမှအောင့်မျက်နာကျင်လာသဖြင့်နောက်လှည့်ပြန်လာခဲ့သည်။မိုးစစ်ရယ်။


+++++++++


"နင်မှားတယ်လရောင် ''

''အင်းးး''

လရောင်အင်းဟုခပ်လေးလေးပြန်ဖြေရင်း ''ငါ....မှားသွားတယ်တဲ့လား.... သူ့မှာကောင်မလေးရှိမှန်းသိကတည်းက ငါနောက်ဆုတ် ထားတာပါ .... သူရှေ့ကိုတိုးလာတဲ့အချိန်မှာနောက်မဆုတ်ချင်မိတာငါမှားတယ်လား''

လင်းညိုတစ်ချက်ပြုံးရင်းသူ့ပခုံးကိုခပ်ဖွဖွဆုတ်ကိုင်လာသည်။လရောင်ရှေ့ကပုလင်းထဲကအရက်ကိုသူ့ဖန်ခွက်လေးထဲထည့်လိုက်သည်။ ပြီးနောက်ဘာမှမရောဘဲဆတ်ကနဲမော့ချလိုက်ပြန်သည်။

''နင်သောက်တာများနေပြီလရောင် ... ငါနင့်ကိုနားလည်ပါတယ် ...ဂေးတစ်ယောက်အတွက်အချစ်တစ်ခုပိုင်ဆိုင်ဖို့မလွယ်ဘူးး။ အေး.... ဒီလိုအချစ်မျိုးပိုင်ဖို့ပိုတောင်မလွယ်သေးတယ်....ငါတို့အနားမှာငါတို့ပိုင်ဆိုင်မှုကိုမက်ပြီးငါတို့အမ်းသမျှယူမယ့်လူတွေကဒုနဲ့ဒေး။သူတို့ပေးမယ့်အချစ်တုတွေကလည်းအသင့်။နင်မက်မောသွားတာငါကိုယ်ချင်းစာပါတယ် ....ဖြစ်တတ်ပါတယ် ..ဒါပေမယ့်နင့်ကိုရွှေကြာပြသနာ တစ်ခုခုလုပ်မှာငါအရမ်းစိတ်ပူတယ် ....''

''ငါသေချာစဉ်းစားတယ် ....ငါမိုးစစ်ကိုသိပ်ချစ်တယ် ..ဒါကြောင့်ငါရွှေကြာ့ကိုတောင်းပန်မယ် ...သူကျေနပ်လာမယ့်အထိ ငါတောင်းပန်မယ် ....ငါမိုးစစ်ကိုသိပ်ချစ်တယ်ဟာာ ''

''နင်တော်တော့ ...လရောင် ...သောက်တာများနေပြီ ..နင့်ကျန်းမာရေးကိုဂရုစိုက်ဦး ...မိုးစစ်ကိုငါခေါ်လိုက်မယ်....''

''မခေါ်နဲ့ ...ငါတစ်ယောက်တည်းနေကြည့်ချင်တယ်...သူလည်း..ညဘက်တွေညည့်နက်တယ်ပြောတယ်နားပါစေ.....ငါလေ ..တကယ်ဆိုမိုးစစ်ကိုရွှေကြာ့လက်ထဲထည့်ရမလား...ငါသိမ်းထားရမလားဝေခွဲမရဖြစ်နေတယ်ဟ....စောင့်ထိန်းရာများလွန်းလို့ငါ့အသည်းကမွမွကြေတော့မယ် ....ငါ....ငါလေ ''

လရောင်ငိုတာကိုကြည့်ပြီးလင်းညိုစိတ်မကောင်း။ကျောင်းတုန်းကတည်းကအနေအေးသောလရောင်ကိုဘဝတူချင်းမို့ထက်ပိုပြီးချစ်ပါသည်။သို့သော် လရောင်သည် ဟိုးအရင်တည်းကမိုးစစ်ကိုအမှတ်မထင်တွေ့ပြီးချစ်ခဲ့တာကိုး။ လိင်တူချင်းအချစ်တောင်မှတခါတရံပြသနာရှိ သေးတာယောက်ျားစစ်စစ်ကိုချစ်မိတာဆိုပြောမနေနဲ့တော့။ညဆယ့်တစ်နာရီထိုးသံကနံရံထက်မှာချိတ်ထားသောနာရီကနေတိုးတိုးညင်သာစွာထွက်လာသည်။

''ငါပြန်တော့မယ် ...''

''နင်အရမ်းမူးနေတယ် ...ခဏစောင့် ..ငါလိုက်ပို့ပေးမယ်..လရောင်''

''ရတယ်လင်းညို ...ငါလမ်းလျောက်ပြန်မယ် ...နင့်ဆိုင်မှာကားထားခဲ့မယ် ... မနက်ကျဆိုင်ကကလေးတစ်ယောက်လာပို့ခိုင်းပေး''

''ကျွတ်.....နာရီဝက်လောက်လျောက်ရမှာ ...ငါလိုက်ပို့မယ်..နင်နေကောငးတာလည်းမဟုတ်ဘဲနဲ့...''

လရောင်သူ့ကိုနှုတ်ခမ်းတစ်ဖက်တွန့်ကာခပ်ညစ်ညစ်ပြုံးပြရင်းထွက်သွားသည်။လင်းညို မိုးစစ်ဖုန်းကိုဆက်လိုက်တော့ မိုးစစ်ကပြာပြာသလဲပင်လာကြိုပါ့မည်တဲ့။မိုးစစ်အချစ်ကို လင်းညိုနားလည်စွာကျေးဇူးတင်ကြောင်းပြောပြီးဖုန်းကိုချလိုက်သည။် လရောင် ခွဲစိတ်ဖို့လိုအပ်တာတွေကိုတိတ်တဆိတ်စီစဉ်နေတာလည်းလင်းညိုသိပါသည်။ဟိုဖက်ကလိုအပ်သောဆေးရုံကိုပင်သူကိုယ်တိုင်ချိတ်ပေးခဲ့ရသည်မဟုတ်လား။အားလုံးစီစဉ်ပြီးမှလရောင်ကိုဆေးစစ်မည်ဆိုတာခေါ်သွားဖို့တိုင်ပင်ထားကြတာပါ။လိုအပ်ရင်သူ့အသက်ကိုတောင်စွန့်ပြီးချစ်ပြရဲတဲ့မိုးစစ်အချစ်ကိုလင်းညိုလေးစားစွာနောက်ဆုတ်ပေးလိုက်ရတာတန်ပါသည်။ကိုယ်ကတော့အသက်ပေးပြီးမချစ်နိုင်တာသေချာတာကိုး။

ခပ်ယိုင်ယိုင်ဖြစ်နေသော်လည်းလရောင်လမ်းသွယ်လေးကတစ်ဆင့်လမ်းမပေါ်အထိတရွေရွေ့တက်လာခဲ့သည်။ပါးပြင်ကိုထိခတ်လာသည့်အေးမြသောညလေကြောင့်လရောင်ခေါင်းထဲကြည်လင်လတ်ဆက်သွားသည်။နေ့လည်ခင်းလောက်ကားသံတွေဆူညံမနေဘဲတိတ်ဆိတ်နေတာကိုကအရသာတစ်မျိုးလိုဖြစ်နေသည်မို့သူသဘောကျစွာခပ်တိုးတိုးရီမိပြန်သည်။အင်း..တိတ်တဆိတ်အသည်းကွဲဖို့လုံလောက်တဲ့ အနေအထားတစ်ခုဘဲမဟုတ်လား။သူခြေလှမ်းကိုသတိထားရင်းလှမ်းကာလှမ်းကာသွားမိသည်။ ပလက်ဖောင်းတို့သည်သူ့အာရုံထဲ မြင့်တခါနိမ့်တလှည့်နှင့်။

မိုးစစ်ကားမောင်းရင်းတစ်ချက်သမ်းလိုက်မိသည်။အိပ်ပျော်ကာစမှာပြန်ထလိုက်ရတော့ခေါင်းကဆစ်ဆစ်ကိုက်နေတာကိုလက်တစ်ဖက်ဖြင့်နားထင်ကိုဖိရင်းမောင်းကာလမ်းကဖြတ်သွားဖြတ်လာတွေကြားထဲသူလှမ်းကြည့်ရင်းလရောင်ကိုရှာနေမိသည်။

တဖြည်းဖြည်းနှင့်မီးပွိုင့်တစ်ခုနားအရောက်ဟိုဖက်ယာဉ်ကြောရဲ့ပလက်ဖောင်းမှာလမ်းလျောက်နေသောလရောင်ကသူ့ကားကိုမြင်ပြီးလက်ပြကာသူနာမည်ကိုလှမ်းခေါ်လိုက်တာမို့လရောင်ကိုသူအတွေ့မှာသူမေ့လျော့စွာကားကိုကွေ့လိုက်မိစဉ် ...တစ်ဖက်မှအရှိန်ဖြင့် မောင်းလာသောကားတစ်စီးနှင့်အရှိန်ပြင်းစွာ .......

''အုန်း '' ''ဒုန်း ''

''မိုးစစ် ''

လရောင်ထိတ်လန့်စွာအော်လိုက်စဉ် မိုးစစ်မြင်လွှာတွေအားလုံးမှောင်အတိကျသွားတော့သည်။


အညို

To be continued….

အညို့ FB Page - အညို

1 comment:

mary oo said...

ဝူးးးးးး
ရင်မောလိုပ်တာ