Wednesday, June 13, 2018

လိင်တူချစ်သူ အမျိုးသားများအကြားက ကျန်းမာရေး ပြဿနာ


(Health issues for gay men and men who have sex with men)

ကျန်းမာ​ရေး ပြဿနာတွေ ရောဂါကူးစက်နိုင်တယ်ဆိုတာလေးတွေကို ဘယ်လိုလူမျိုးမဆို တစ်ကြိမ်ကြိမ်တော့ ကြုံဆုံကြရပါတယ်။ လိင်တူခြင်းကြိုက်နှစ်သက်သူ (gay) များနှင့် လိင်တူခြင်းဆက်ဆံသူ (men who have sex with men_MSM)များမှာတော့ လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်တတ်သောရောဂါ သို့မဟုတ် ကာလသားရောဂါ (sexually transmitted infections _ STDs) တစ်မျိုးမျိုး ကူးစက်ခံရချိန် ဒါမှမဟုတ်​ ကူးစက်နိုင်ခြေရှိတဲ့အချိန်တွေဆို
စိတ်အားငယ်စိတ်ဝင်လာရာက စိတ်ဓာတ်ကျ ရောဂါတစ်ခုအသွင် ခံစားရမိတဲ့ ကျန်းမာ​ရေး ပြဿနာအခြေအနေမျိုးရှိတာကို ကျွန်တော်တို့ နားလည်ထားဖို့ အရေးကြီးပါတယ်။ ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် နည်းလမ်းလေးတွေ ကြိုတင်သိထားခဲ့မယ်ဆိုရင်တော့ အဲ့သည်လောက် အခြေအနေ မယိုယွင်းသွားနိုင်ဘူးပေါ့ဗျာ။

ပျှမ်းမျှပြောရရင် အမျိုးသား အတော်များများဟာ ကျန်းမာရေးပြဿနာများ သို့မဟုတ် အခက်အခဲတွေကို မျက်နှာချင်းဆိုင်ကြရတာ ယုံမှားဖွယ်မရှိပါ။ လိင်တူခြင်း ကြိုက်နှစ်သက်သူ ဂေးများနှင့် လိင်တူခြင်းဆက်ဆံသူ MSM များအတွက်ကတော့ အထူးဂရုပြုသင့်တဲ့ စိုးရိမ်ဖွယ် ကျန်းမာ​ရေးအခြေအနေအချို့ရှိပါတယ်။

လိင်စိတ်တိမ်းညွှတ်မှုနဲ့ အတူ လက်တွေ့ပြုလုပ်မှုဖြစ်စဉ်တွေအရ စာဖတ်သူရဲ့ တစ်​သီးပုဂ္ဂလ ပြဿနာ များကို အကြောင်းအရင်းများစွာဖြင့် ပုံဖော်ပေးလို့ရပါတယ်။ မိသားစုရာဇ၀င်နှင့် အသက်​အရွယ်​လည်း ထည့်တွက်ရမှာပါ။ လိင်တူခြင်း ကြိုက်နှစ်သက်သူ အမျိုးသားရဲ့ ကျန်းမာရေး ပြဿနာ အများစုကို နားလည်ဖို့နဲ့ ကျန်းကျန်းမာမာနေထိုင်လျှောက်လှမ်းဖို့ အရေးပါတာကြောင့်ဖြစ်ပါတယ်။

ကာလသားရောဂါ မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ (Protect yourself from sexually transmitted infections)

လိင်တူခြင်းဆက်ဆံသူ (MSM) များဟာ ခုခံအားကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေမယ့် HIV ဗိုင်းရပ်စ်ကူးစက်ဖို့နဲ့ အခြား လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးဆက်တတ်သော ရောဂါများ (STDs) ကူးစက်ဖို့ အခြေအနေတွေရှိနေ တိုးပွားနေပါတယ်။

လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ မကူးစက်ရအောင် မိမိကိုယ်​ကို ကာကွယ်ပါ (To protect yourself from sexually transmitted infections)

အရည်အသွေးကောင်းမွန်သော ကွန်ဒုံးတစ်ခုကို အသုံးပြုခြင်း သို့မဟုတ် အခြားအကာအကွယ်များကို အသုံးပြုပါ။ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးအသစ်တစ်ခုကို သုံးစွဲရပါမယ်။ အထူးသဖြင့် စအိုအသုံးပြုဆက်ဆံတဲ့အခါ (anal sex) မှာ ပိုသုံးစွဲသင့်သလို ပါးစပ်အသုံးပြု လိင်ဆက်ဆံတဲ့အခါ(Oral sex)မှာလည်း ကွန်ဒုံးကို ကောင်းကောင်း အသုံးပြရမှာပါ။ ရေဓာတ်အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီ (water-based lubricants) ကို သာအသုံးပြုရမှာဖြစ်ပြီး ခန္ဓာကိုယ်လိမ်းကျံတဲ့ လိုရှင်း၊ အဆီ၊ နောက်တခါ Vaseline လို့လူသိများတဲ့ Petroleum Jelly တွေကို လိင်ဆက်ဆံချိန် အသုံးမပြုပါနဲ့။ အဆီအခြေခံတဲ့ ချောဆီ(Oil-based Lubricants) တွေဟာ ကွန်ဒုံးရဲ့ ရာဘာသားကို အားလျော့စေပြီး ကွဲပြဲဖို့ လွယ်ကူစေလို့ ဖြစ်ပါတယ်။

တစ်လင်တစ်မယားစနစ် သို့မဟုတ် လိင်ဆက်ဆံဖော် တစ်ဦးသာ ထားရှိနေထိုင်ပါ။ ကာလကြာရှည် အတူနေတဲ့ ပေါင်းသင်းဆက်နွယ်မှုပုံစံ တစ်လင်တစ်မယားစနစ်ဟာ တစ်ယောက်အကြောင်း တစ်ယောက်သိနေပြီးသားဖြစ်တာကြောင့် လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါများ (STDs) ကူးစက်နိုင်ခြေနည်းစွာဖြင့် နေထိုင်ဖို့ ဖြစ်စေပါတယ်။

အရက် (alcohol) သောက်သည့် ပမာဏကို ကန့်သတ်ချက် ထားသင့်သလို မူးယစ်ဆေးဝါးကို အစပျိုး မသုံးစွဲပါနဲ့။ တကယ်လို့ အရက်သောက်ထား မူးယစ်​​ဆေးဝါး သုံးစွဲထားချိန်ဆိုရင် အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုမျိုးပြုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းကွပ်မရဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အရေပြားထဲကို မူးယစ်ဆေးထိုးသွင်း သုံးစွဲနေသူတစ်ယောက်ဆိုပါက မိမိအပ်ကို တခြားသူနဲ့ မျှဝေသုံးစွဲတာမျိုး မလုပ်ရပါ။

ကာကွယ်ဆေးထိုးထားပါ။ အသဲရောင် အေပိုး (Hepatitis A) နဲ့ အသဲရောင် ဘီပိုး (Hepatitis B) ကာကွယ်ဆေးတွေကို ထိုးထားခြင်းဖြင့် လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါ တမျိုးဖြစ်တဲ့ အသဲရောင်ရောဂါပိုးကြောင့် ဒဏ်ဖြစ်တာ အသဲခြောက်တာ စတဲ့အသဲရောဂါတွေ မဖြစ်စေတော့ဘူးလေ။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတိုင်းကိုတော့ ကာကွယ်ဆေးနဲ့ တားလို့မရပါဘူး။ အသည်းရောင် စီပိုး (Hepatitis C)ကတော့ ကာကွယ်လို့မရသလို အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာနဲ့ သေဆုံးခြင်းတွေ ဖြစ်သွားနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး [Human Papillomavirus (HPV) Vaccine] က လိင်တူခြင်းဆက်ဆံသူ အမျိုးသားများ (MSM) မှာ ဖြစ်တတ်တဲ့ စအိုကင်ဆာအတွက်ပါ ကာကွယ်လို့ရနိုင်တာကြောင့် လူပျိုဖော်ဝင်ချိန် အသက်​အရွယ်​ကအစ နှစ်ဆယ့်ခြောက်နှစ်အရွယ်အလွန်အထိ ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရပါတယ်။HPV ဟာ လိင်တူခြင်းဆက်ဆံသော အမျိုးသားများ (MSM) ကို စအိုကင်ဆာရောဂါနှင့် နှီးနွယ်စေလို့ ကာကွယ်နိုင်အောင် ကြိုးစားထားရင် ကောင်းတယ်ဗျ။

စာဖတ်သူကော စာဖတ်သူရဲ့ ပါတနာကော နှစ်ဦးသား သွေးအမြဲ စစ်သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပါတနာမှာ HIV ကူးစက်ခံရသလား ၊ အခြား လိင်ကတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ခံရသလား မသေချာဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို မပြုလုပ်ပါနဲ့။ သွေးစစ်ဆေးခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကို အမှန်အတိုင်း သိနိုင်တာကြောင့် အရေးပါတဲ့ ကိစ္စရပ်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးကူးစက်ခံထားရပြီးသူများကိုယ်တိုင်က မိမိအခြေအနေမှန်ကို မသိထားကြလို့ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း [Pre-exposure prophylaxis (PrEP)] ပြုလုပ်ဖို့ တတ်သိသူတွေနဲ့ တိုင်ပင်ပါ။ PrEP ဆိုတာ HIV မရှိသေးသူများ HIV ကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဆေးတစ်နေ့တစ်လုံးသောက်ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လိင်မှတစ်ဆင့်ကူးစက်တတ်သော HIV ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်သည့်သူတစ်ဦးအား ကူးနိုင်ခြေလျော့အောင် ဆေးနှစ်မျိုးပေါင်းစပ်ထားတဲ့ Truvada (emtricitabine-tenofovir)ကို အသုံးပြုပေးတာပါ။ Truvada ဆေးက HIV ကူးစက်ထားနှင့်ပြီးသူများကို အခြားသော ဆေးဝါးကုသမှုများနဲ့ တွဲဖက်ပြီး အသုံးပြုတဲ့ဆေးလည်းဖြစ်ပါတယ်။

စာဖတ်သူသည် HIV ကူးစက်ခြင်းမှ အကာအကွယ်အဖြစ် Truvada ကို အသုံးပြုချိန်မှာ ကူးစက်ခံရခြင်းမရှိသေးပါဘူးဆိုတာ သေချာဖို့ ဆရာဝန်တစ်ယောက်ယောက်က  အတည်ပြုဖို့လိုပါတယ်။  စာဖတ်သူမှာ အသည်းယောင် ဘီပိုး (Hepatitis B) ကူးစက်ထားခြင်းရှိမရှိကိုလည်း ဆရာဝန်အနေနဲ့ စစ်ဆေးသင့်သလို အသည်းရောင် ဘီပိုးရှိနေတယ်ဆိုရင်လည်း Truvada ကို သုံးစွဲဖို့ ကျောက်ကပ်လုပ်ငန်းစဉ်အား အဆင်ပြေမပြေ စမ်းသပ်စစ်ဆေးသင့်ပါသေးတယ်။ ဆေးသောက်စဉ်မှာ ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေ့စဉ် သောက်သုံးပါ။ အကာအကွယ်အတားအဆီးအနေနဲ့ ဆေးသောက်သလို လိင်ဆက်ဆံတဲ့အချိန်တိုင်းမှာလည်း ကွန်ဒုံး အသုံးပြုခြင်းကဲ့သို့သော အပြုအမူကို လုပ်ဆောင်ရပါမယ်။

စိတ်ဓာတ်ကျမှုအား ကိုင်တွယ်ခြင်း (Tackle depression)

လိင်တူခြင်းကြိုက်နှစ်သက်သူ (Gay) အမျိုးသားများနှင့် လိင်တူခြင်းဆက်ဆံသူ (MSM) အမျိုးသားများအနေနဲ့ စိတ်ဓာတ်ကျ စိတ်အားငယ်တာရယ်  စိုးရိမ့်ကြောင့်ကျစိတ်ပိုတာရယ် ဆိုတာမျိုးခံစားရနိုင်ခြေ အမြင့်ဆုံးပါပဲ။

စာဖတ်သူအနေနဲ့ ကုထုံးရှာဖွေဖို့ တုန့်နှေးနေပါရင်လည်း အဦးအစအနေဖြင့် မိမိဖွင့်ဟသမျှ နားထောင် လက်ခံပေးနိုင်တဲ့ အယုံကြည်ရဆုံး သူငယ်ချင်း တစ်ယောက် သို့မဟုတ် ချစ်ရသောသူ တစ်ယောက်ကို ယုံကြည်အားထားလိုက်ပါ။
ကိုယ်ခံစားနေရတဲ့ ခံစားချက်များကို ဝေမျှဖွင့်ဟခြင်းသည် ကုထုံးတစ်ရပ်နဲ့ ကုသမှုမပြုခင် စတင်လှမ်းလိုက်သော ပထမခြေလှမ်းပဲဖြစ်ပါတယ်။

ကိုယ်ခန္ဓာ သွင်ပြင်နဲ့ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ခြင်း(Address body image concerns)

လိင်တူကြိုက်အမျိုးသား အများစုတွင် ခံတွင်းပျက်ခြင်း (anorexia) နှင့် စိတ်ခံစားမှုကြောင့် အစားအစာ အလွန်​အကျွံ စားခြင်း (bulimia nervosa)တို့ကဲ့သို့သော အစာစားခြင်းနဲ့ပတ်သက်သော ရောဂါများအပြင် ခန္ဓာကိုယ် ပုံပန်းအပြောင်းအလဲနဲ့ ပက်သက်သော ပြဿနာ အစုံအား ရင်ဆိုင်ရသည့် အတွေ့အကြုံ ပိုစုံဟန်တူပါတယ်။ သာမန် လိင်​ကွဲကြိုက် အမျိုးသားများထက် ပိုများတယ် လို့ယူဆမိတာပါ။

သိသာထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုကို ညွှန်းရရင် ခန္ဓာကိုယ် ပိုမို ကျစ်လစ်သွယ်လျလာခြင်းနဲ့ ခန္ဓာကိုယ်​ပိုမိုထွားကြိုင်း တောင့်တင်းလာခြင်း ရလဒ်များဟာ မိန်းမဆန်သော လိင်တူကြိုက်အမျိုးသား (gay)များ သို့မဟုတ် လှပတဲ့ ကြွက်သားပြည့် ခန္ဓာကိုယ်​ပိုင်ရှင် အမျိုးသားများအတွက် စွမ်းရည်​ပြ ပြကွက်တစ်ခုအသွင်ဆောင်ကြောင်းပါ။
အချို့သော လိင်တူကြိုက်အမျိုးသား နှင့် လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကြိုက်နှစ်သက်သော အမျိုးသားများဟာ သူတို့​တွေ ခန္ဓာကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးအထူးစိုးရိမ် စိတ်ဝင်စားတတ်ကြတာကိုးနော်။

စာဖတ်သူအနေနဲ့ ခန္ဓာကိုယ်ပုံရိပ် သို့မဟုတ် အစာစားခြင်းနဲ့ပတ်သက်သော ရောဂါ တစ်ခု ရင်ဆိုင်နေရတယ် ဆိုပါလျှင် အကူအညီတစ်ခုခုကို ရယူပါ။ စာဖတ်သူ့ မိသားစုဆရာဝန်ကို ပြောပြတာ သို့မဟုတ် စိတ်ကျန်းမာရေး အတိုင်အပင်ခံ တစ်ဦးဦးနဲ့ ဆွေးနွေးပြီး ကုထုံးရွေးချယ်တာမျိုးတွေ လုပ်နိုင်တယ် မဟုတ်လား။

 ဆေးတလွဲသုံးမိနေခြင်းအတွက် အကူအညီရယူပါ (Seek help for substance abuse)

အမေရိကန်ပြည်မှာတော့ လိင်တူကြိုက်အမျိုးသားရဲ့ ဆေးလိပ်သောက်သုံးမှုနှုန်းသည် သာမန် လိင်ကွဲကြိုက်အမျိုးသားများ (heterosexual)ထက် ပိုမိုသယောင်ထင်မြင်ရသလို အရက်သေစာစွဲလမ်းမှုကိစ္စမှာလည်း အခြေခံ လူဦးရေထက် များနေနိုင်ဖွယ် ရှိနေပါသတဲ့။

စာဖတ်သူမှာ   ဆေးဝါး၊မူးယစ်ဆေးဝါး၊ အရက်သေစာနှင့် ဆေးလိပ် အစရှိသည်တို့ကို ပုံမှန်ထက် ပိုမိုအသုံးပြုမိနေတယ် တလွဲစွဲလန်းနေတယ်ဆိုတဲ့ ကိစ္စများ ဖြစ်လာပါက အကူအညီရယူဖို့ သတိပြုပါ။

ပြည်တွင်းမှာလည်း လိင်တူကြိုက်အမျိုးသား (gay)၊ လိင်တူကြိုက် အမျိုးသမီး (Lesbian) ၊ လိင်တူ/လိင်​ကွဲ နှစ်မျိုးစလုံးကြိုက်နှစ်သက်သူ (bisexual) များနှင့် ဆန့်ကျင်ဘက် လိင်အသွင်ပြောင်းလဲ ၀တ်ဆင်သူ (Transgender) များအတွက် ကျန်းမာရေး ၊ စိတ်ကျန်းမာရေးတို့အတွက်သာမက ဆေးစွဲခြင်း/ဆေးတလွဲသုံးခြင်းများကို ကုသပြုပြင်ပေးသည့် လူထုအခြေပြု အဖွဲ့အစည်း ဌာနတွေရှိနေပါပြီ။ MMNA က ဦးစီးဦးဆောင် စီမံထားတဲ့ နေရာတွေရှိပြီး ရန်ကုန်မှာဆို ရွာသာကြီးဆေးရုံမှာ သွားရောက် တိုင်ပင်ကုသလို့ ရနေတာပါ။

အိမ်တွင်းအကြမ်းဖက်ခံရခြင်းကို အမှတ်ရခြင်း (Recognize domestic violence)

အိမ်တွင်းအကြမ်းဖက်တဲ့ ကိစ္စရပ်သည် ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာအရပါ ဖြစ်တည်နေတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုအတွင်းရှိ မည်သူမဆိုအတွက် အကျိုးသက်ရောက်နိုင်ပါတယ်။ အခြားသူနဲ့ အရာရာ မျှဝေသုံးစွဲနေရသော အခြေအနေနှင့် ခွဲခြားဆက်ဆံခံရမှာကို ကြောက်ရွံ့ခြင်းတို့ကြောင့် အဆိုပါ အိမ်တွင်းအကြမ်းဖက်မှု တစ်မျိုးမျိုးကို ခံစားရချိန်မှာ လိင်တူကြိုက်အမျိုးသား (gay) တွေဟာ နှုတ်ဆိတ်နေလေ့ရှိကြပါတယ်။

အနိုင်ကျင့်ခံ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ ကျင်လည်နေရသူအဖို့ ၀မ်းနည်းအားငယ်မှု၊ စိုးရိမ်ကြောင့်ကြစိတ် သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့တဲ့စိတ်များဖြင့် နေထိုင်နေကြရပါတယ်။

စာဖတ်သူဟာ ကိုယ့်လိင်စိတ်တိမ်းညွှတ်မှုကို ဖုံးကွယ်မထားချင်တော့ဘူးဆိုပါက ကိုယ်ထိလက်ရောက်မှုတစ်ကြိမ် ပြုကျင့်ခံရပြီးနောက်ပိုင်း အကူအညီရှာဖွေရပါမယ်။ အိမ်တွင်းအကြမ်းဖက်မှု ခံရခြင်း သံသရာကို ဖြတ်တောက်ဖို့အတွက် ရင်ဆိုင်ဖြေရှင်းတာက တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး မြန်နိုင်သမျှမြန်မြန် လုပ်တာကောင်းပါတယ်။

ဒါမှမဟုတ်​ အိမ်တွင်းအကြမ်းဖက်မှုကိုပဲ ဦးတည်ချက်ထားချင်ရင်တော့ အနိုင်ကျင့်တဲ့အကြောင်း တစ်ယောက်ယောက်ဖွင့်ပြောပြလိုက်ပါ။ ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်ကောင်းဖြစ်မယ်၊ အချစ်ခင်ရဆုံးသူတစ်ယောက်ဖြစ်မယ်၊ ကျန်းမာရေး အထောက်အကူပြု ပေးနေသူ ဖြစ်မယ် သို့မဟုတ်​ အခြားသော
အနီးကပ် အဆက်​အသွယ်​ ရှိသူဖြစ်နိုင်တာပဲ။ အိမ်တွင်းအကြမ်းဖက်မှု အတွက် အကြောင်းကြားလို့ရတဲ့ အရေးပေါ်တယ်လီဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုဖို့ တွေးတောလိုက်တာနဲ့တင် စာဖတ်သူကို အနိုင်ကျင့်သူစီက ခွာဖို့ အစီအစဉ်​ တစ်ရပ်ကို ဖန်တီးရပါမယ်။

ပုံမှန် ကျန်းမာရေး ဂရုစိုက်မှု ပြုလုပ်ပါ (Make routine health care a priority)

မိမိရဲ့ နေ့စဉ် ကျန်းမာရေးဂရုစိုက် ကာကွယ်မှုအတွက် လိင်တူခြင်းကြိုက်တာမုန်းတီးသူများ (homophobia)ကို ရင်ဆိုင်ရမှာ သို့မဟုတ်  လိင်တူခြင်းကြိုက်နှစ်သက်မှုကိစ္စနဲ့
အမည်းစက်ထင်မလား ဆိုသည်များကို စိုးရိမ်စိတ် ၀င်ခွင့်မပြုသင့်ပါ။ ဒါဟာ စာဖတ်သူရဲ့ ကျန်းမာရေးအတွက် အဖိုးအခပဲဗျာ။

စာဖတ်သူအတွက် အရာရာ ပြသတိုင်ပင်လို့ အဆင်ပြေတဲ့ ဆရာဝန်တစ်ယောက်ကိုရှာပါ။ ကိုယ့်ဘာသာကိုယ် လိင်တူခြင်းကြိုက်နှစ်သက်သူ (gay) သို့မဟုတ် လိင်တူ/လိင်​ကွဲ နှစ်မျိုးစလုံးကြိုက်နှစ်သက်သူ (bisexual) ဖြစ်ကြောင်း ဆန်းစစ်ခွဲခြားကာ ကိုယ်တွေအသက်အရွယ်ဝန်းကျင် အမျိုးသားများအတွက် ဘယ်လို ကျန်းမာရေး စစ်ဆေးမှုပြု သင့်သလဲ မေးမြန်းပါ။ သွေးဖိအား (blood pressure) ၊ သွေးတွင်း ကိုလက်စထရော် ပမာဏအတိုင်းအတာ(cholesterol) ၊ ပရော့စတိတ် ဂလင်း အခြေအနေ(prostate)၊ လိင်ဥတွေရဲ့ အနေအထား(testicular)နှင့် အူမကြီးကင်ဆာ(colon cancers) ရှိမရှိတို့လို အ​ကြောင်းအရာတွေမျိုးပေါ့။

စာဖတ်သူဟာ ကာလကြာရှည် တွဲနေသူမရှိဘူး၊ နှစ်ဦးသား တစ်လင်တစ်မယားစနစ် မှတ်ယူ ပေါင်းသင်းဆက်ဆံနေသူ မရှိဘူးဆိုသူ တစ်ယောက်ဖြစ်ပါက လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ (STDs) ကူးစက်မှုရှိမရှိ ပုံမှန် စစ်ဆေးဖို့ အစီအစဉ်​ ဆွဲထားရပါမယ်။ မိမိစိတ်ထဲက ယုံမှား စိုးရိမ်မိသော အခြားကျန်းမာရေး ကိစ္စများကိုလည်း ပြနေကြဆရာဝန်အား ပြောပြ အသိပေးတာ တိုင်ပင်တာမျိုး လုပ်ရပါမယ်။ ခပ်စောစော ရောဂါလက္ခဏာများ သိရှိတွေ့မိပြီး အလျှင်အမြန် ကုသနိုင်ခြင်းသည် အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်ရေးအတွက် အထောက်အပံ့အကူအညီ ဖြစ်ပါသည်။

Alex Aung (28 May 2018)

Ref: Health issues for gay men and men who have sex with men by Mayo Clinic

No comments: