Friday, July 1, 2022

လင်္ကာဒီပခြောက်သူ (အပိုင်း - တစ်)

 






(အခန်း-၁)


နပိုလီယံဆိုတာ ကြားဖူးကြမှာပေါ့။ စစ်ပွဲတွေမှာ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ခြင်းခံခဲ့ရတဲ့ စစ်ဘုရင်ကြီးလေ။ အခုသူ့အရိုးကို ခေတ်မှီနည်းပညာတွေနဲ့ ပြန်စစ်ကြတာ သူက အခြောက်တစ်ယောက် ဖြစ်နိုင်ခြေရှိသတဲ့။ တော်တော်ထူးဆန်းတယ်နော်။ အကယ်၍များ နပိုလီယံထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့သူတစ်ယောက်က အခြောက်ဖြစ်နေတယ်ဆို ပိုများထူးဆန်းသွားမလား။


ဆိုကြပါစို့.. ငယ်ငယ်က အရမ်းရွံ့မုန်းခဲ့ရတဲ့ ခေါင်းဆယ်လုံးရှိတယ်ဆိုတဲ့ ဒဿဂီရိဘီလူးကြီးဟာ အခြောက်ဖြစ်နေတယ်ဆိုရင်…. ဘယ်လိုများနေမလည်း??


အင်း………………စဉ်းစားကြည့်ရုံနဲ့…..။ ဟိ။

 

* * * *


           “ကျွန်မနံမည် ဒဿဂီရိလို့ ခေါ်ပါတယ်ရှန်.. ခစ်..ခစ်.. ခိခိ.. ခွိခွိ ကွိ….”


           ရွှေအတိပြီးသောဘောင်ကွပ်ထားသည့် မှန်ကိုကြည့်ရင်း ကိုယ့်အမူအရာကိုယ် အသည်းယားသွားကာ ရာဝဏ ခိုးခိုးခစ်ခစ် ရယ်လိုက်မိသည်။ ‘ဟယ် ရာဝဏရယ် နင်ဟာလေ အဲလိုရှက်ရယ်ရယ်တာတောင် ဆွဲဆောင်မှုရှိတယ်။ အခုလို မခို့တရို့ပုံလေးတွေနဲ့ နင်နဲ့ လိုက်တယ်သိလား အဟီ’ ဟု ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲမှ အစွမ်းကုန်ချီးကျူးလိုက်ပါသည်။


           အမှန်မှန်တော့ ရာဝဏဆိုတာ ဒြာဝိဒိယန်တို့ရဲ့ လူစွမ်းကောင်း၊ သူရဲကောင်းတစ်ဦး။ မနက်ဖြန် တောင်ဆယ်လုံးကို အောင်နိုင်ခဲ့ရင် ဒဿဂီရိ ဆိုတဲ့ ဘွဲ့ကိုရမယ့်သူ။ ဒြာဝိဒိယန်လူမျိုးအပေါင်းတို့က ဘုရင်အဖြစ် မျှော်မှန်းထားသော ရဲရဲတောက် သတ္တိသွေးပိုင်ရှင် ယောက်ျားတစ်ယောက်..။


ဒါပေမယ့်ပေါ့လေ…. ရာဝဏက အားလုံးရှေ့မှာကျတော့ မကောင်းတတ်လို့သာ ကျားနေရပေမယ့် ငယ်ငယ်ထဲက ကြိတ်ခြောက်နေတာကို ဘယ်သူမှ မသိ..။ ဟိ။ အခုလို လူမသိသူမသိ ကိုယ့်အခန်းထဲကိုယ်ရောက်မှ သျှောင်ထုံးထားတဲ့ ဆံပင်တွေ ဖြေချ၊ ဆံပင်အတွန့်အလိမ်တွေကို မျက်နှာပေါ် ဝဲကာဝဲကာခါပြီး မြူဆွယ်ဖျားယောင်းတဲ့ အိုက်တင်တွေပေးကာ ကိုယ့်ဘဝကို အစွမ်းကုန် ခြောက်ပြစ်လိုက်တာ။ အခြောက်ဖြစ်ရတဲ့အရသာကို ခိုးခိုးခြောက်ပြီး အာသာဖြေနေတာ။ အဟက်။


           “ကျွန်မ နံမည် ဒဿဂီရိပါရှန့်။ ကျွန်မ အခြောက်မပါရှန် ခွိ ခွိ ခွိ ခစ် ခစ်…”


           မှန်ရှေ့မှာ ကိုယ့်နံမည်ကိုယ်ကို နောက်ထပ် အမူအရာတစ်မျိုးဖြင့် ထပ်မံမိတ်ဆက်လိုက်ပြီး ကိုယ့်ကိုယ်ကိုကြည့်ကာ ထပ်ပြီး အသည်းယားမိသွားပြန်သည်။ အခုလို ဒဿဂီရိဆိုတဲ့ နံမည်ကို နှုတ်ဖျားက မချစတမ်း crazy ဖြစ်နေတယ်ဆိုတာလည်း ဆရာဂေါ်ဓံရသေ့ကြီးရဲ့ အဓိပ္ပာယ်ပြန်ပေးထားတာကို သဘောကျ လို့လေ။ ဘာတဲ့။ ‘ဒဿဂီရိဆိုတာ တောင်ဆယ်လုံးကို စိုးစံ အောင်တော်မူသောသူ’ တဲ့လေ။ ရာဝဏက စိုးစံဆိုတဲ့ နံမည်လေးကို ငယ်ငယ်ထဲက တအားသဘောကျတာ။ ငယ်ငယ်က မေမေက ရာဝဏလို့ ခေါ်ရင်တောင် ‘သားကို ရာဝဏလို့မခေါ်နဲ့ မေမေ။ သားကို စိုးစိုးစံလို့ပြောင်းခေါ်ပေးပါ။ သားအဲနံမည်ပဲကြိုက်တယ် ဒါပဲ’ ဆိုပြီး အထွန့်တက်လို့ ခဏခဏအရိုက်ခံရပေါင်းလည်း မနည်းတော့။ အခုတော့ နံမည်ထဲမှာ စိုးစံပါတဲ့ နံမည်ဖြစ်ရတော့မယ်ဆိုပြီး ပျော်နေရပြီလေ။ အဲဒါကြောင့် ဒဿဂီရိဆိုတဲ့နံမည်လေးကို အခုလို မှန်ရှေ့မှာ ရွတ်ရွတ်ပြီး သဘောကျနေတာ အကြိမ်မနည်းတော့ဘူး။


           “အမသော်… မမရာရာ”

           “ဟဲ့ တောက်ပလုတ်ဒုတ် ကုလားမြက်ဖုတ်….!!”

           ကိုယ့်အတွေးနဲ့ကိုယ် ဖီးလ်လေးနဲ့ မျောနေတုန်း ရုတ်တရက်ကြီး အနောက်ကနေ ခေါ်သံထွက်လာတာကြောင့် ရာဝဏလန့်သွားပါသည်။ ဟုတ်တယ်လေ အခန်းထဲမှာ သူတစ်ယောက်ထဲ ကြိတ်ခြောက်နေတာ ဘယ်သူ့ကိုမှ မသိစေချင်သည်ကိုး။ အခုလို လူမိသွားတော့ တော်တော်လေးကို ထိတ်လန့်သွားတာဖြစ်သည်။ ရင်ထဲမှာ တဒုတ်ဒုတ်နှင့် ရာဝဏလှည့်ကြည့်မိတော့ ရာဝဏရဲ့ ညီတော် ဘိဘိသန။ လင်္ကာဒီပမှာ ရာဝဏနဲ့ အပြိုင်ခြောက်တာဆိုလို့ တစ်ယောက်ထဲရှိတဲ့ မျောက်ခြောက်မ ဘိဘိသန။


           “အံမယ်လေးပါဟဲ့ ဘိဘိမရဲ့။ ငါ့မှာ နှလုံးရောဂါအခံရှိပါတယ်ဆိုနော် နင်လုပ်လိုက်ရင် အလန့်တကြားနဲ့ ကောင်မရယ်။ ရွပိုးကိုထိုး..၊ မျက်စိကို……. နောက်နေတာပဲ။ အရမ်း………… စိတ်.. ဆိုး.. ဒယ်။ သွား………..လဥစိုမကြီး အဲလေ လူဇိုးမဂျိ..”


           “မမရာရာရယ် ညီမသော်က အရေးသကြီးပြောစရာရှိတာနဲ့ အမြန်ကောက်ဝင်လာချလိုက်တာပါသော်။ သံခါးခေါက်နေတုန်း ဒီအချိန်ကြီး ညီမကို တူများဒွေ မြင်တွားရင် မကောင်းဘူးသော့……..။ ဒါနဲ့ ဘယ်တူမှ မမြင်အောင် ဗြန်း ဗြန်း ဆိုပြီး ဝင်ချလာလိုက်သာ…”


           ဒီကောင်မက သွားအလယ်တစ်ချောင်းက ကွက်ကျိုးနေတော့ စကားပြောရင် တံထွေးတွေက အဲဒီ့အကျိုးပေါက်ထဲက ထွက်ပြီး မျက်နှာတွေကို ပြေးပြးစင်သည်။ ဒီကြားထဲ သနဲ့ တဝမ်းပူနဲ့ကလည်း အသံထွက်မှားနေသေးသည်။ အမတော်ကို အမသော် ဖြစ်နေသည်။ အဲဒါကြောင့်မို့ပြောတာ မျောက်ခြောက်မပါဆို။ စပ်စလူးခါနေတဲ့ အပြင် စကားပြောရင် မျောက်အော်သံနဲ့ မျက်စိနောက်စရာ.. ဟာမက…။


           ဘိဘိမက ပြောရင်းဆိုရင်း မောသွားသည့်ပုံစံနှင့် ရာဝဏရဲ့ဘေးမှာ ခုံယူပြီး ထိုင်လိုက်သည်။ ထို့နောက် မှန်ကြည့်ပြီး မျက်နှာကို မျက်နှာချေမှုန့်တွေ တဖြန်းဖြန်းပွတ်နေလိုက်သေးသည်။ ပြီးတော့ နှုတ်ခမ်းကို နီထွေးထွေးလေးဖြစ်အောင် ကွမ်းတစ်ယာထိုင်ဝါးနေပါသည်။


ဘိဘိမက အဲလိုခြောက်တာဖြစ်သည်။ မျက်နှာကိုလည်း လူရှေ့သူရှေ့ မျက်နှာချေတွေလိမ်းရဲသည်။ ရာဝဏတို့ဆို ကိုယ့်အခန်းထဲမှာသာကိုယ် ကြိတ်လိမ်းရဲသည်။ လူရှေ့သူရှေ့ဆို မျက်နှာကို အဆီတပြန်ပြန်နှင့် ယောက်ျားရင့်မာကြီးယောင်ဆောင်နေရတာဖြစ်သည်။ အေးလေ ဘိဘိမက နက္ခတ္တဗေဒကို စိတ်ဝင်စားတဲ့သူဆိုတော့ သူ့မျက်နှာ ဖြူဖျော့ဖျော့ဖြစ်နေရင် လူတွေက သူညမအိပ်ပဲ နက္ခတ်တွေထိုင်ကြည့်နေလို့ အားနည်းနေတာဆိုပြီး ထင်ကြတာကိုး။ ဒီမျောက်မ ညမအိပ်တာ ဘာ့ကြောင့်လည်းဆိုတာတော့ ရာဝဏပဲ သိပါသည်။ အခုလည်းကြည့် ညကြီးမင်းကြီး ရာဝဏအခန်းထဲ ပြူးတူးပြဲတဲ ဗြန်းဆိုပြီး ဝင်ချလာသည်။


           “ကဲ တွားမယ် ထ..”

           ကွမ်းယာကို စိမ်ပြေတပြေလည်း ဝါးပြီးရော ဘိဘိမက အစပ်အဆက်မဲ့ ‘သွားမယ်’ ဆိုပြီး ထပြောသည်။


           “ဟဲ့ ဘယ်တုန်းဟယ်။ အရင်းမသိ အဖျားမမိနဲ့ ဟယ်။ ဘယ်တွေကို ခေါ်တော်မူမှာတုန်း။ မဟုတ်ကဟုတ်ကတွေတော့ မဟုတ်ပါဘူးနော်။ ကြောက်နေရတယ် နင့်ကို”


           “အံမယ်လေး မမရာရာရဲ့။ ဒီည နန်းရင်ပြင်ထဲမှာ ရဲမက်တွေ အလေးမပြီး အပြေးလေ့ကျင့်ဖို့ရှိတယ်လေ။ အပေါ်ပိုင်းသွေဗလာကျင်းပြီး နံငယ်ပိုင်းသွေနဲ့ စစ်တည်ကောင်တွေ အပြေးလေ့ကျင့်ကြသာ မမပဲ ကြိုက်လှချည်ရဲ့ဆို…။ တွားရေကျလှချည်ရဲ့ဆို..။ အံမယ်လေး အမြန်လာသော်မူနော်။ လမ်းသဝက်မှာ မယ်သော်မိတွားရင် ဂယက်ထဦးမယ်။”


           “ဟဲ့ အံမယ်လေး။ မနက်ဖြန်ငါ တောင်ဆယ်လုံးမှာ တိုက်ခိုက်ရဦးမှာလေ။ ညအိပ်ရေးဝမှဖြစ်မှာပေါ့။ ကြည့်ချင်ပေမယ့် မကြည့်တော့ပါဘူးဟယ်။ အိပ်ယာထဲမှာပဲ မှန်းဆပြီး စက်တော်ခေါ်ပါ့မယ်။ တော်ကြာနေရင်းထိုင်ရင်း ဂယက်တွေထလို့ မျက်ရည်ကျနေရဦးမယ်ဟဲ့။ ငါလိုချင်နေတဲ့ ဒဿဂီရိဆိုတဲ့ နံမည်လေးမရပဲဖြစ်နေဦးမယ်”


           “သြော် ဒါလေးများ။ ဘိဘိ သာဝန်ထား။ ဘိဘိလေ ခုဏကပဲ နက္ခတ်ကြည့်ပြီး သွက်ချက်ခဲ့တာ။ မနက်ဖြန် မမရာရာလေ သောင်ဆယ်လုံးကို အလိုလိုနေရင်း အောင်တွားလိမ့်မယ် တိလား။ ဘိဘိကို ယုံစမ်းပါ မမရာရာ ရာ……။ နော်..။ အဖော်မရှိရင် ဘိမကြည့်ရဲလို့ပါ။ နော်နော့နော် လို့ဆို……”

           “ဟယ်.. နင့် နက္ခတ်က တကယ်ကြီးလားဟဲ့။ အေးဟယ်.. ငါ.. နင့်ကို ယုံပါတယ် ဟိ။ သွားမယ်ဟယ် ဒါဆို…”

           “ဟွန်း။ ဒါမျိုးကျ နှစ်ခွန်းမခေါ်ရဘူး။ ကဲပါ လာလာ.. နောက်ကျနေပြီ။”


           နောက်ကျနေပြီဆိုတာနဲ့ ရာဝဏလည်း မျက်နှာကို မျက်နှာချေမှုန့်တွေ တစ်ချက်နှစ်ချက်ပွတ်လိုက်ပြီး ဆံပင်ဖားလျားနဲ့ပင် ထွက်ချလာလိုက်တော့သည်။ လူကောင်ကြီး အကြီးကြီးနဲ့ ဆံပင်အုံထူကြီးကိုဖားလျားကြီးချထားတဲ့ ရာဝဏကို ဘိဘိမက တစ်ချက်ကြည့်ရင်း အခြောက်ဓားပြကြီးပါလို့ ခပ်တိုးတိုးရေရွတ်တယ်။


           အင်း…………။ အခုနေများ မယ်တော်ဂုန္ဓီများ တွေ့သွားရင်… နေရာမှာတင်မေ့လဲသွားမလား၊ သူ့သားတော်ကို မမှတ်မိပဲ ဘယ်က ဘီလူးအခြောက်ကြီးလည်းဆိုပြီး လိုက်ရိုက်ထုတ်မလားပဲ။ ဟိဟိ။


           ဘာပဲပြောပြော ဒီနေ့ညတော့ စည်သည်ကောင်တွေကြည့်ရဖို့အရေး တို့အရေးပဲ..။ မနက်ဖြန်ကျမှ နောက်ဆုံးတောင်ထိ အောင်နိုင်ဖို့သာ…………


* * * *


(အခန်း-၂)


နောက်ဆုံးတောင်ကို ခြေလှမ်းလှမ်းလိုက်တော့  ရာဝဏတော်တော်မောနေပါသည်။ တောင်တွေ ကူးရလွန်းလို့ ဒူးနှစ်လုံးကလည်း ချောင်ချင်ပြီ။ တောင်တွေကူးရုံနဲ့တင် အဆင်မပြေသေးပဲ တောင်တွေတိုင်းမှာရှိတဲ့ သတ္တဝါတွေကို နှိမ်နှင်းရသေးတာမို့ အခြောက်မတစ်ယောက်ထဲ ယောက်ယက်တွေကို ခတ်နေလေတော့သည်။


အရင်တက်ခဲ့တဲ့ တောင်ကိုးလုံးက မြွေဟောက်ငယ်လေးများ၊ လက်ကောက်ဝတ်လောက်ရှိသည့် နှစ်ချို့တီကောင်များ၊ အစောကြီးထဲက အသက်ကြီးပြီး သေပြီးသားဖြစ်နေသော မြွေနဂါးကြီး.. စတာတွေကို အောင်နိုင်ပြီးသည့်အခါ အခုဒီနောက်ဆုံးတောင်မှာ ဘာတွေများထူးထူးဆန်းဆန်းတွေ့ရမလည်းဆိုပြီး လန့်နေမိလေသည်။


စစချင်းတက်ခဲ့တဲ့ တောင်တွေကပေါ်က မြွှေဟောက်တွေ တီကောင်တွေကတော့ ကြောက်ကြောက်နှင့် မဲမဲမြင်ရာ လျှောက်ခုတ်မိရင်း သေသွားကြတာဖြစ်သည်။ ကိုးလုံးမြောက်တောင်ကိုလည်းတက်ရော အခွေလိုက်ကြီးဖြစ်နေတဲ့ မြွေနဂါးကြီးကိုတွေ့တွေ့ချင်း ရုတ်တရက်မို့ ရာဝဏ အတော်လန့်သွားတာ ဖြစ်သည်။ ဘယ်လောက်လန့်သွားလည်းဆို အသံပြဲကြီးနှင့် ငယ်သံပါအောင် အော်ချလိုက်မိသည်။ ဒါပေမယ့် သူ့ဟာနှင့်သူ ရောဂါရပြီး သေပြီးသားကြီးဖြစ်နေမှန်း သိရတော့မှ သက်ပြင်းချနိုင်တော့သည်။ ဒါနဲ့ မြွေခေါင်းကြီးကို ဖြတ်ချလိုက်ပြီး တောင်အောက်ကို ခပ်တည်တည်နှင့် ပြစ်ချလိုက်ခဲ့တာဖြစ်ပါသည်။ တောင်တွေရဲ့အောက်မှာ အားပေးနေတဲ့ ပရိတ်သတ်ကြီးကတော့ မြွေခေါင်းကြီးလည်း ပြုတ်ကျလာရော အတော့်ကို ပွဲစည်သွားလေတော့သည်။


           အင်း.. အခု…. နောက်ဆုံးတောင်ပဲ ကျန်တော့သည်။ တောင်ထိပ်မှာ ရပ်နေရင်း တောင်ပေါ်က တစ်ခုထဲသောဂူထိပ်ဝကို ကြည့်ကာ ဘာအကောင်များထွက်လာမလည်း သူစောင့်နေမိလိုက်သည်။ နေကဝင်တော့မည်။ နေမဝင်ခင် နောက်ဆုံးတောင်ကိုအောင်ရမှာဖြစ်တာကို တွေးမိရင်း ‘ဒဿဂီရိဆိုတဲ့ နံမည်မရတော့ရင် ဂယက်ပဲဟယ်’ ဆိုပြီး စိတ်ကိုအားတင်းကာ ဂူထဲကို ကြောက်ကြောက်နှင့်ပင် ဝင်လိုက်ရသည်။ လူကသာ အတင်းကြီး ဇွတ်ကြီး အားတင်းထားရသော်လည်း ဒူးဂေါင်းနှစ်လုံးကတော့ ထိန်းမရပဲ တစ်ဂွက်ဂွက်ရိုက်နေလေတော့သည်။


           ဂူထဲရောက်တော့ ကြောက်ကြောက်နှင့် ဟိုကြည့်ဒီကြည့် လုပ်လိုက်ရာ…….. လားလား……….။ အံမယ်လေး။ ခြင်္သေ့အရိုးကြီး။ သေပြီးသားကြီးပဲ။ အေးဟယ် ကံကောင်းချက်။ တောင်တွေပေါ်က ခွန်အားကြီး အကောင်တွေက အလိုလိုနေရင်း သေပြီးသားတွေဖြစ်နေတော့ ငါဂယက်မထတော့ဘူးပေါ့။ အဲဒါကြောင့် ဘိဘိမပြောတာ။ အလိုလိုနေရင်း အောင်သွားလိမ့်မယ် ဆိုတာ။ အံမယ်လေးဟဲ့ မျောက်ခြောက်မက ဒါမျိုးကျစိတ်ချရယ်။ အမြဲမှန်တယ် ဟိ။


           အင်း ခြင်္သေ့အရိုးကတော့ ဟုတ်ပါပြီ။ ခြသေံအရှင်ကို အောင်နိုင်ခဲ့တယ်ဆိုတာ ဘယ်လို သက်သေပြရမှာပါလိမ့်။ ရာဝဏစဉ်းစားနေတုန်းမှာပဲ ဂူထောင့်နားမှာ ဘယ်ကမှန်းမသိတဲ့ အမွှေးတဖွားဖွားနှင့် တောကြောင်လေးတစ်ကောင် တွေ့လိုက်ရသည်။ ဟုတ်ပြီ!!


           “မီမီ.. လာလာ…….”

           ကြောင်လေးကို ရာဝဏပွေ့ပိုက်ဖမ်းရင်း တောင်ထိပ်အစွန်းကနေ ကြောင်ခွေခွေလေးကို ပရိတ်သတ်မြင်အောင် လှစ်ကနဲပြလိုက်သည်။ ထို့နောက်အဝေးကို လွှင့်ပြစ်ပြလိုက်သည်။ ‘မသိရင် ခြင်္သေ့ခေါင်းကြီးကို ငါဖြတ်လိုက်တဲ့ပုံစံပေါ့လေ’ ဆိုပြီး ကိုယ့်ဟာကိုယ်ပြောကာ သဘောကျနေလိုက်သေးသည်။ ထို့နောက်မှ ခြင်္သေ့အစွယ်နှင့် အရိုးနှစ်ချောင်းလောက်ကိုဖြတ်လိုက်ကာ တောင်အောက်ကို ဝှစ်ကနဲ ပြစ်ချပေးလိုက်သည်။ တောင်အောက်မှ သည်းထိတ်ရင်ဖိုဖြစ်နေတဲ့ ပရိတ်သတ်ကြီးရဲ့ ဆူညံပွက်လောရိုက်အော်ဟစ်သံကို ကြားလိုက်ရပါသည်။ (တစ်ချို့များဆို ငေါက်ခနဲ မေ့လဲသွားသေးသည်ဟု ဘိဘိမက နောက်နောင်များအခါမှာ ပြန်ပြောပြလေသည်။)


           နေလည်းဝင်သွားပြီ။ ရာဝဏလည်း တောင်အောက်ခြေသို့ရောက်လာပါသည်။ တောင်အောက်က ဒြာဝိယန်လူမျိုး ပရိတ်သတ်ကြီးက သူ..တောင်အောက်ရောက်တာနှင့် ‘ဒဿဂီရိ၊ ဒဿဂီရိ၊’ စသည်ဖြင့် တခဲနက်အားပေးကြသည်။ ကောင်လေးတစ်ယောက်ဆိုလျှင် သူ့အနားမရောက်ရောက်အောင်တိုးလာပြီး ‘ခြင်္သေခေါင်းကြီးကို ဖြတ်လိုက်တုန်းက ကျွန်တော်ဖြင့် သတိလစ်သွားတော့မလို့ဗျာ’ ဆိုပြီး လာပြောသွားသေးသည်။ ပြောတဲ့ကောင်လေးက ခပ်ချောချောလေးမို့ ရာဝဏ ရင်ထဲမှာ လှိုက်ဖိုသွားသလို စိတ်ထဲမှာလည်း သူကလိမ်ကကျစ်လုပ်လိုက်ရတာကို တွေးမိပြီး အသေရယ်ချင်သွားသည်။ ဒါပေမယ့်လည်း အိန္ဒြေကိုထိန်းကာ အတင်းကျားလိုက်ပြီး မျက်နှာကို တည်ထားလိုက်ပါသည်။ ‘ညကျမှ ဘိဘိမကို ဒီကောင်လေးအကြောင်း စုံစမ်းခိုင်းရမယ်’ ဟု တေးထားလိုက်ပါသည်။


* * * *


            တကယ်တမ်း ညကျတော့လည်း ဘယ်သူ့ဘယ်သူ့ကို စုံစမ်းခိုင်းဖို့ မပြောနဲ့ ကိုယ့်ဟာနဲ့ကိုယ်တောင် ဒဿ လက်မလည်တော့ပါ။ အိန္ဒုမြစ်ကမ်းတစ်လျှောက်လုံး သူ့ကို ဂုဏ်ပြုနေကြသော ဒြာဝိဒိယန်မျိုးနွယ်တို့အားလုံးကြားတွင် အောင်ပွဲခံနေရတာနဲ့ပဲ ယောက်ယက်ခတ်နေရပါသည်။ ‘ဒဿဂီရိ၊ ဒဿဂီရိ’ စသည်ဖြင့် ကျွေးကျော် အော်ဟစ်နေကြတဲ့သူတွေ ကြားထဲမှာ ပျော်နေတုန်း ဗြုန်းစားကြီး ဗလတောင့်တောင့်နှင့် သူငယ်တစ်အုပ်ရောက်ချလာကာ သူ့ကို ချီမြှောက်ပြီး လေထဲသို့ပြစ်တင် ဂုဏ်ပြုကြလေသည်။ လူရှေ့မှာမို့ ဒဿသည် ဗလကြီးတွေထွက်နေသည့် လက်မောင်းများကို ဆန့်တန်းကာ အသံကုန်ဟစ်ကြွေးလိုက်သော်လည်း စိတ်ထဲမှာတော့ သူငယ်တွေရဲ့ သူ့ကို ထိတွေ့သည့် အထိအတွေ့ကို ကြိတ်သာယာနေမိသည်။


           ဟိ။ သာယာလိုက်တာ ဘိဘိမရယ်။ ရှယ်ပဲ။ နင်သာရှိရင် ငါ့ကို မနာလိုဖြစ်ဦးမယ်။ ငါအခုလို သူငယ်တွေက နေ့တိုင်းချီမြှောက်နေတာမျိုးဖြစ်အောင် တိုက်ခိုက်ပွဲတွေ ခဏခဏလုပ်ပြီး အောင်ပွဲခံရမယ်။ ဒီလိုကိစ္စမျိုးကို နင်နဲ့ငါ အသေးစိတ် (detail) တိုင်ပင်ရမယ်။ အဟိ။ ငါ့ဘဝကို လာကြည့်ပြီး သွားရေကျလှည့်ပါဦး ဘိဘိမရဲ့။ ဘယ်များသွားသာယာနေလည်း မသိဘူး ဒီမျောက်ခြောက်မ….


           ဒဿ.. ဘိဘိသနကို ရှာနေတုန်း ရုတ်တရက် မယ်တော်ဂုန္ဓီရောက်လာကာ ရာဝဏကိုချီမြှောက်နေသော ကောင်လေးများကို ဖယ်ရှားစေသည်။ ဟွန်း.. မယ်တော်ဟာလေ တကယ်ပဲ ဖျက်လို့ဖျက်စီးသိပ်လုပ်တာပဲ။ လူဇိုးမ..


           “သားတော်… မင်း ဒဿဂီရိဖြစ်သွားပြီနော်။ သားတော်ကြီးရယ်…”

           မယ်တော်က မျက်ရည်လေးတစမ်းစမ်းဖြင့် သူ့ကိုဖက်ပြီးပြောတော့ သူစိတ်မကောင်းတော့ ဖြစ်ချင်သွားသည်။ စိတ်ထဲမှာတော့ ‘မယ်မယ်ရေ.. သမီးတော့ စိုးစံပါတဲ့ နံမည်လေးရပြီလေ။ မယ်မယ်မမှည့်ပေးလို့ ကိုယ့်ဘာသာကိုယ် ရအောင် ယူချလိုက်တာလေ။ မှတ်ထား အဟက်ဟက်’ လို့ ကြုံးဝါးလိုက်ပါသည်။


           “ဟဲ့  တောက်ခွေး အဟေးဟေး”

           မယ်တော်က ဖီလင်အပြည့်နှင့် ဖက်ငိုနေဆဲ ရုတ်တရက်ကြီး ပေါတောတောရုပ်ကြီးဖြစ်သွားကာ လျှာကြီးထုတ်ပြီး ထယောင်တော့ ဒဿလည်း ဘာမှန်းမသိ လန့်သွားပြီးအလန့်တကြား လှည့်ကြည့်လိုက်မိသည်။ တွေ့လိုက်ရတာက ဒဿရဲ့ ညီမတော်ဂမ္ဘီ….ဖြစ်သည်။ မယ်တော်လန့်လည်း လန့်ချင်စရာပင်။ ဂမ္ဘီ၏ လက်ထဲမှာ ဘယ်ကဖြတ်လာမှန်း မသိသော ခြင်္သေ့ခေါင်းကြီးနှင့်။ ဘုရား.. ဘုရား………..။

           “ဟဲ့ အလန့်တကြား ဂမ္ဘီရယ်။ ဘယ်ကခြင်္သေ့ခေါင်းကြီးလည်း။ သွားပြန်ထားလိုက်စမ်း သွားသွား……….”


           ဒဿက အလန့်တကြားပြောလိုက်ရာ နွဲ့ပင် နွဲ့သွားသေးသည်။ ဘယ်သူမှ သတိမထားမိခင် ကိုယ့်ဟာကိုယ် မနည်းပြန်ထိန်းလိုက်ရသည်။ ဂမ္ဘီကတော့ ဒဿကိုကြည့်ပြီး ခပ်မိန့်မိန့်ကြီး ပြုံးလိုက်ကာ..

           “အကိုတော်အနိုင်ယူခဲ့တဲ့ ခြင်္သေ့ကြီးလေ။ အဲဒါတောင်အောက်မှာ မသေမရှင်ဖြစ်နေလို့ ခေါင်းဖြတ်ယူခဲ့တာ။”


           မြတ်စွာဘုရား။ ငါအနိုင်ယူခဲ့တယ်ဆိုတဲ့ ခြင်္သေ့ကြီးက သေပြီးသားကြီးလေ။ အံမယ်လေး.. တောင်အောက်မှာ မတော်တဆ လာအိပ်နေတဲ့ ခြင်္သေ့ကို မသေမရှင်ထင်ပြီး ခေါင်းဖြတ်ယူလာတာနဲ့ တူတယ်။ အာဂ သတ္တိပါလား ဂမ္ဘီရယ်။ နင့်ကိုတော့ ငါ လက်လန်တယ် တကယ်ပဲ။ နင်ဟာလေ မိန်းမလူစွမ်းကောင်းမပါ.. ဟယ်…

           “ရော့ ယူလေ အကိုတော်။ ဒါ.. ညီမရဲ့ ပဏာပါ။ ဂုဏ်ပြုလက်ဆောင်ပါ။”


           ဂမ္ဘီက အတင်းထိုးပေးတော့ ဒဿက မယူချင်ယူချင်နဲ့ လှမ်းယူဖို့လုပ်ရပါသည်။ စိတ်ထဲမှာ ကြောက်ကလည်းကြောက်၊ ရွံ့ကလည်း ရွံနှင့် လှမ်းယူရသည်ဖြစ်ရာ လက်များပင် တုန်ယင်လာပါသည်။ မျက်စိနှစ်လုံး စုံမှိတ်ထားပြီး တုန်ယင်ယင်ဖြစ်နေတဲ့ ဒဿရဲ့ လက်နဲ့ ခြင်္သေ့ခေါင်းကြီး ထိခါနီးဆဲဆဲမှာ ဘယ်ကဘယ်လို ဆပ်ဆလူးခါပြီး ပေါ်လာမှန်းမသိသည့် ဘိဘိသနက ဒဿအနားကို ခုန်ပေါက်ပြီး ရောက်ချလာကာ ရုတ်တရက် ခြင်္သေ့ခေါင်းကြီးကိုမြင်သွားပြီး မေ့လဲသွားပါသည်။


           “ကျွန်မ ကြောက်သယ်။ မေ့လဲတွားပါပြီသော့။”

           ဘိဘိမက မေ့လဲသွားတာတောင် ‘မေ့လဲသွားပါပြီ’ ဟု အသိပေးသွားသေးသည်။ တော်တော်ရယ်ရတဲ့ မျောက်ခြောက်မ။ အဟက်ဟက်။


           “ဟားဟား အကိုလေးကရယ်ရတယ်နော် အကိုတော်ဒဿ။ မိန်းမအော်သံပုံစံလုပ်ပြီး မေ့လဲပြသွားတာ တအားတူတာပဲ ဟားဟား။ ဟားဟား။”


           ဂမ္ဘီကတော့ သူ့အကိုလတ် ဝက်ဝက်ကွဲခြောက်နေတာကို မသိပဲ မိန်းမအော်သံအတု လုပ်ပြသွားသည်ဟု ထင်ပြီး ရယ်နေတာဖြစ်သည်။ အင်း… ဂမ္ဘီရယ်.. တကယ်တော့ နင့်အစ်ကိုနှစ်ယောက်က အရမ်းကြီး ခြောက်ရှာတယ်၊ နင့်ထက်တောင် နွဲ့သေးတယ်ဆိုတာ နင်များသိသွားတဲ့တစ်နေ့ နေရာမှာတင် ရူးသွားမလားပဲ။ သြော်.. သနားစရာ ငါ့ညီမလေး။ မသိရှာဘူး..။


           “ဘာတွေများကြိတ်တွေးနေတာလည်း မောင်တော်…..”

           တစ်ယောက်ထဲတွေးနေတုန်း အနောက်ကထွက်လာတဲ့ အသံကြောင့် ဒီအသံလေးကြားဖူးပါတယ်ဆိုပြီး ဒဿလှည့်ကြည့်လိုက်တော့ မန္ဒော……။ မယူချင်ပဲယူထားရတဲ့ ဒဿရဲ့ မဟေသီ ယောက်ျားလျာ မန္ဒော..

           “ဘာ… ဘာ.. ဘာမှ မဟုတ်ပါဘူး မန္ဒောရယ်။ ဟို.. ဟို….. အခုလို မိသားစု စုံစုံညီညီဆိုတော့ စိတ်ထဲမှာ ဝမ်းနည်းဝမ်းသာ.. ဖြစ်မိနေတာပါ။ ဟီးးးးးးးးး”

           “အေးနော်.. အေး..။ ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်မကြံနဲ့နော်။ ငါ့အကြောင်း သိတယ်ဟုတ်..”


           သိပါ့ မန္ဒောရယ်။ သိပါ့။ နင့်ကြောင့်ပဲ ငါ့ဘဝကြီးက ခါးသီးခဲ့ရတာ။ ဟုတ်တယ်လေ.. စဉ်းစားကြည့်။ ဒဿတို့ အိမ်ရှေ့စံဘဝ ငယ်ရွယ်တုန်း၊ နုပျိုတုန်း၊ ခြောက်လို့ကောင်းတုန်း ဘဝမှာ သူအတင်းစွတ်လိုက်လို့ အိမ်က သူနဲ့ပေးစားလိုက်တာနဲ့ ဒဿမှာ အခုထိ ခြေချုပ်မိနေတာ။ လွပ်လပ်စွာခြောက်ပိုင်ခွင့်များ ဆုံးရှုံးသွားခဲ့ရတာ…


           အိမ်ရှေ့စံဘဝတုန်းက ဒဿတစ်ယောက် အိမ်ရှေ့စံမင်းသားတို့ ထုံးစံအတိုင်း ဒိသာပါမောက္ခကြီးထံမှာ ပညာတွေသွားသင်ရတော့ ပျော်လိုက်သည့်ဖြစ်ချင်း။ အနယ်နယ်အရပ်ရပ်က မင်းသားတွေနဲ့ တွေ့ရပြီဟေ့ဆိုပြီး ဒဿမှာ ပျော်ခဲ့လိုက်ရတာ၊ ပါမောက္ခကြီးကွယ်ရာမှာ မင်းသားတွေကို မြူဆွယ်ဖို့၊ ကပ်ချုပ်ဖို့၊ ချစ်ရည်လူးဖို့ အစီအစဉ်တွေ ဆွဲခဲ့ရတာ၊ ကိုယ့်အသားအရေကို သတိထားမိအောင် အသားအရေလှစေတဲ့သင်္ဘောသီးတွေ အနှစ်ချပြီး တစ်ကိုယ်လုံးပွတ်ခဲ့ရတာ…။ အစီအစဉ်တွေနဲ့ ည.. ညတွေတောင် တော်ရုံနဲ့ အိပ်ပျော်ခဲ့တာ မဟုတ်ဘူး။


           တကယ်တမ်းကျတော့ သင်တန်းအပြန်မှာလာစောင့်ကြည့်နေတာ မင်းသားတွေ မဟုတ်ပဲ သင်တန်းနားမှာ မြင်းရထားတွေ ပြင်တဲ့ ဝပ်ရှော့က မန္ဒောဖြစ်နေခဲ့တာလေ။ ဒါပေမယ့် ဒဿက မင်းသားမဟုတ်လည်းပဲ ရရစားစား သဘောမျိုးနဲ့ စိတ်ကိုလျှော့လိုက်ပါတယ်။ အစကတော့ ဒဿလည်း ယောက်ျားလျာ မန္ဒောကို ကောင်လေးမှတ်လို့ ပျိုတာပေါ့။ မန္ဒောစောင့်နေတဲ့ရှေ့ရောက်ပြီဟေ့ဆိုရင် ကျောက်လေးတွေ စီပြီးကပ်ထားတဲ့ ပရပိုက်အထုပ်လေးကို ကျစ်ကျစ်ပါအောင် ပိုက်ပြီး နှုတ်ခမ်းလေးကို ဖူးနေအောင်စူထား၊ ခြေတစ်လှမ်း ကုဋေသန်းတစ်ထောင်လောက်နဲ့ ဖြည်းဖြည်းညှင်းညှင်းလေး လျှောက်တာပေါ့လေ။ တစ်ခါတစ်လေဆို မျက်စောင်းလေးထိုးရတာနဲ့ မျက်လုံးလေးဝံ့ပြီးခိုးကြည့်ရတာနဲ့ ရှက်စနိုးလုပ်ပြရတာနဲ့ အံမယ်လေး သာယာနေခဲ့တာ။


           မန္ဒောကလည်း ဒဿက သူ့အနားရောက်လာပြီဟေ့ဆိုရင် လေလေးတစ်ချွန်ချွန်နဲ့ ကွမ်း၊ဆေး၊လဘက်လေး တစ်ဝါးဝါးနဲ့ ခေါင်းပေါင်းကို ခပ်ငိုက်ငိုက်စောင်းပြီး အမိုက်စားပုံစံတွေလုပ်ပြတော့ ဒဿက ရင်တွေလှိုက်ဖိုပြီး ပဲများခဲ့ရတာလေ။ အံမယ်.. ညညဆို မန္ဒောက ဒဿနေတဲ့ အဆောင်ရှေ့မှာ ‘ဒီတစ်ညတော့ ကောင်စုတ်လေးရာ..၊ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ..၊ မယ်ဒလင်လေးတစ်လက် ကိုယ်ထမ်းလို့လာ.. မင်းလေး အိပ်ပြီလား..’ ဘာညာနဲ့ လာဆိုတာသေးတာ။ ဒဿမှာ အဆောင်က တစ်ခြားသူတွေ မသိအောင် လဖက်တွေသုတ်ပြီး ဆင်းပေးရ၊ ရေနွေးကြမ်းတွေ ဆင်းတိုက်ရနဲ့ အခြောက်မဘဝ ယောက်ယက်ခတ်ခဲ့ရတာ။


           တစ်ရက်ကျမှ အဆောင်က မင်းသားတစ်ပါးက အဲဒါတွေ့သွားပြီး ‘မင်းကွာ၊ ကြိုက်စရာ မိန်းကလေးရှားလို့ ယောက်ျားလျာကြီးကိုမှကြိုက်ရလားလို့’ ပြောမှ ဒဿမှာ အသည်းတွေ ဗြန်းဗြန်းကွဲရတော့တယ်။ စိတ်မကောင်းလွန်းလို့ ဒူးနဲ့မျက်ရည်သုတ်၊ အခြောက်အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်တော့ဖို့တောင် ကြံလိုက်သေးတယ်။ နောက်မှ ‘ဟယ် မဟုတ်တာပဲ။ မိန်းမအတွက်နဲ့ ငါ့ဘဝကြီး မစိုပြေစေရဘူး။ ဆက်ခြောက်မယ်’ ဆိုပြီး စိတ်တင်းပြီး မင်းသားတွေဘက် မြှားဦးပြန်လှည့်ကာမှ ကျောင်းကြီးကလည်း အချိန်စေ့လို့ ပိတ်သွားတာနဲ့ ဒဿမှာ ဟက်ကော့ကြီးဖြစ်ပြီး ရင်ထဲမှာ ဟာတာတာဖြစ်နေခဲ့တာ ဒီနေ့ထိပဲ။ ဒီကြားထဲ မန္ဒောက ဒဿရွပြီး ပြစ်စာပေးထားတဲ့ ‘တို့ကလည်း ချစ်ပါတယ်ကွာ’ ဆိုတဲ့ စာတိုလေးကို သက်သေထားပြီး အိမ်မှာ အတင်းလာတောင်းရမ်းတာနဲ့ အိမ်ကပေးစားလိုက်လို့ အခုလို မိန်းမကြီးတန်းလန်းနဲ့ ခိုးခြောက်နေရတဲ့ ဘဝဖြစ်ရတာပေါ့။


           အဲဒါကြောင့် ပြောတာ….။ မန္ဒော အကြောင်းကို သိတယ်ဆိုတာ……..။ သိလွန်းလို့ကိုခက်နေတာ။ ဖြစ်နိုင်မယ်ဆိုရင်လေ… အဲမိန်းမကြီး သေသွားရင် သိပ်ကောင်းမှာ..။ ဟွန်း။


* * * *


(အခန်း-၃)


          မန္ဒောကြီး ဆုံးသွားတော့ သားတော်မေဃနာဒက မွေးကင်းစလေးပဲရှိသေးသည်။ သားတော်ဆိုပေမယ့်လည်း သူ့ဟာသူ ဘယ်သူတွေနဲ့ ရထားတဲ့ ဟာလေးမှန်းလည်း မသိပါဘူး။ ကိုယ့်လက်ချက်မဟုတ်တာတော့ ဘုရားမှာ ရဲရဲကြီးတောင် သစ္စာဆိုရဲသေး။ ဟုတ်စရာလား ကဲ….


မိုဟန်ဂျိုဒါရို တောင်ကုန်းထက်က မန္ဒောကြီးရဲ့ သဂြိုလ်ပွဲကို တက်ရောက်တုန်းက ဒဿရင်ထဲမှာ ကြိတ်ပျော်နေခဲ့တာလေ။ ‘ဝေးဟေး…. မယ်တော်လည်း ဂန့်သွားပြီ။ မန္ဒောကြီးလည်း မရှိတော့ဘူး။ ခြောက်ချင်တိုင်းခြောက်လို့ရပြီဟေ့’ ဆိုပြီး ရင်ထဲမှာ အခါခါရွတ်မိနေတာ..။ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်..


           မန္ဒောရှိစဉ်တုန်းကလည်း တစ်ယောက်တစ်ခန်းစီအိပ်ကြပေမယ့် တစ်ခါတစ်ခါ မန္ဒောက လာလာအိပ်တော့ သူ့မှာ စစ်သည်ရဲမက်ကောင်တွေ လေ့ကျင့်ကြတဲ့နေ့တွေဆို မကြည့်ရဘူး။ စိတ်ထဲတင်း အံကြိတ်ပြီး တောက်ခေါက်နေခဲ့ရတာ။ အခုတော့ တအားလွတ်လပ်သွားပြီ။ စစ်သည်ပွဲတွေ သွားကြည့်ရုံတင်မကဘူး.. ဟိ

           “မိန်းမယောင်ဆောင်ပြီး စစ်သည်ကောင်ကြီးတွေကို အခန်းထဲခေါ်ပြီး.. ပြခိုင်းရမယ်။ သြော် စစ်ရေး.. စစ်ရေးပြခိုင်းမှာ အဟိ ခွိခွိ…….”

           “အေး နင်က မိန်းမနဲ့ သူသာကိုး ဓားပြအခြောက်မကြီးရဲ့။ ငါ့လိုဆို သော်သေး”

           “ဟဲ့ တောက်ပုတ်ဒုတ် ကုလားအော်သီးဖုတ်”


           ကိုယ့်ဟာကိုယ် အခန်းထဲမှာ မှန်ကြည့်ပြီး ခပ်ဖွဖွရေရွတ်နေချိန်မှာပဲ ထုံးစံအတိုင်း ဘိဘိမက ရုတ်တရက်ကြီး အနောက်ကနေ ပေါ်လာပြန်လို့ ဒဿ လန့်သွားမိပြန်ပြီ။ ဒီ မျောက်ခြောက်မဟာလေ… အခန်းထဲဝင်လာရင် ဘယ်တော့မှ အသံမပေးဘူး။ လူပါးကိုဝတယ်။ ဒီကြားထဲ ကိုယ့်ကို လာတိုက်ခိုက်သေးတာ။ ဘာတဲ့ ..။ ဓားပြအခြောက်မကြီးတဲ့။ ဟွန်း သူကမှ မျောက်ခြောက်မ…….

           “မျောက်ခြောက်မနော်.. လာမဝုန်းနဲ့”

           “ဟဲ့ ဘာကြီးသုန်းဟဲ့ ဝုန်းသယ်ဆိုသာ။ အမသော်ရေ လင်းစမ်းပါဦး။ ကျွန်မ မကြားဖူးလို့ ရှင်းပြစမ်းပါဦး.. တော့…”

           “ဟယ်.. နင်မသိဘူးလား။ ငါအသစ်ထွင်ထားတဲ့ စကားလေ။ တိုက်ခိုက်တာကိုခေါ်တာ။ ဝုန်းဒိုင်းကြဲ တိုက်ခိုက်တာမျိုးကို ဝုန်းတယ်ဆိုပြီး အတိုယူထားတာ……။” (စကားချပ်။  ။ထိုစကားသည် နောက်နောင် ရာစုနှစ်ပေါင်းများစွာကြာသောအခါတွင် မိန်းမလျာများကြားတွင် ရေပန်းစားသော စကားဖြစ်သွားခဲ့ပါသည်။)

           “နင်လည်း ထွင်ပါဦး တီထွင်ပါရဂူမကြီးရဲ့။ ငါတို့နောက်နောင် စစ်ပွဲရှိရင် သိုက်ခိုက်ကြဟေ့လို့ အော်မယ့်အစား ဝုန်းကြဟေ့လို့ ပြောင်းအော်ခိုင်းရမလိုသောင် ဖြစ်နေပြီ။ အဘွားကြီးက မနိုင်ဘူး။ လန်ထွက်နေတာ နိုင်းလောက်ရှိတယ်။”


           “ကဲ မျောက်ခြောက်မရယ်။ လာရင်းကိစ္စကိုသာပြောပါ။ ဒီမှာ အချိန်မရှိတော့ဘူး။ စစ်သည်လေးတွေကို အခန်းထဲခေါ်ချင်တဲ့ စိတ်နဲ့ မနေတတ်မထိုင်တတ် စပ်စလူးခါတော်မူနေပြီဟဲ့….။”


           “အပိုသွေ လုပ်မနေပါနဲ့ အမသော်ရယ်။ ဘိဘိမသို့ရောက်လာသယ်ဆိုသာ ဒီအကြောင်းကြောင့်ပဲဆိုသာ နားလည်ရက်သားနဲ့ ဟွန်း”


           “အံမယ်လေး..။ ဟုတ်ပါပြီ ငါလည်း မူလိုက်မိတာပါ မျောက်မရယ်။ ပြောစရာရှိပြောလိုက်စမ်းဘာ….။ ဒီမှာ ကြားချင်လွန်းလို့ မအောင့်နိုင်တော့ပါဘူးတော့……အော့ဟော့ဟော့……”


           သိချင်နေပါတယ်ဆိုမှ ဘိဘိမက မူနေသေးသည်။ ချက်ခြင်းအဖြေမပေးသေးပဲ မှန်ရှေ့သွားကာ မျက်နှာခြေတွေ ပွတ်နေသေးသည်။ ပြီးမှ တံထွေးကို ဆယ်စက္ကန့်လောက်ကြာအောင် တမင်မျိုချပြလျှက်….

           “ဒီလိုဟေ့ ဒီလို……..။ စစ်တည်သွေကို နင်အခုလို အခန်းထဲခေါ်ရင် နင်ခြောက်နေသာ သစစနဲ့  လူတိရှင်ကြားဖြစ်ကုန်မယ်။ ပြီးသော့ စစ်တည်သွေကလည်း နင့်ကို အရိုအတေ မဲ့ကုန်မယ်။ ဒီသော့ဂါ……”


           “ဒီတော့ ဘာဖြစ်လည်းဟင်.. ဘာဖြစ်လည်း..”

           “နင်ခေါ်ချင်ရင် တုန့်ပန်းသွေ၊ ကျေးကျွန်သွေထဲက ခေါ်လို့ငါက လာပြောတာ။ တူသို့က ဘယ်တူ့ကိုမှ ပြန်ပြောလို့လည်းမရတလို သစ်ခုခုဖြစ်ရင် ကွပ်မျက်လိုက်ရုံပဲ။ ငါသောင် အဲလိုကြိတ်စားနေသာကြာပြီ။ နင်က မိန်းမကြီးနဲ့မို့ ငါက အခုမှ လာပြောဖြစ်သာ။”


           “အယုတ်မ။ ဟွန်း။ အခုမှ ပြောတယ်။ အေးဟယ် နင်ဆိုတာက ဒါမျိုးကျစိတ်ချရတယ်။ ဦးနှောက်က ပြေးသလားမမေးနဲ့။ ဟိ။ ဒါ့ကြောင့် ငါ့ရဲ့ အတိုင်ပင်ခံဖြစ်နေတာ။ အိမ်ရှေ့စံရာထူးကို နင့်ကိုငါက ပေး..ထား..တာ။ ကဲ ဒါဆို.. ဒါဆိုဟယ် သုန့်ပန်းလေး ဗလတောင့်တောင့်ကောင်လေး တစ်ယောက်လောက်ဟယ် စီစဉ်ပေးစမ်းပါဦး။”

           “တစ်ခါထဲပါ ခေါ်လာပါ့။ အခန်းရှေ့မှာ စောင့်နေပါ့…….”

           “ဟယ်……………။ သိပ်ချစ်သွားပြီ ဘိဘိရယ်….ပြွတ်”

           “ဟဲ့.. အို……. ညီအစ်မချင်းတွေနော် အဘွားကြီး”


           ဒဿက ဘိဘိမကို နောက်ပြောင်ပြီး ပြေးဖက်တော့ ဘိဘိမက ရုန်းလိုက်ရာ မှန်တင်ခုံပေါ်က သင်္ဘောသီးအနှစ်တွေထည့်ထားသည့် ပုလင်းတစ်လုံးကျကွဲသွားပါသည်။ ဘိဘိမက ပုလင်းကွဲများကိုရှောင်ရင်း…

           “ဟဲ့ ပုလင်းကွဲရှမယ်နော်”

           “ဟိ ပုလင်းကွဲတွေမြင်မှ ငါစကားတစ်ခုထွင်မိတော့တယ်။”

           “ထွင်ပါဦး။ ဘာစကားများသုန်း”

           “သြော်.. အခြောက်အချင်းချင်း ပလူးရင် ပုလင်းကွဲရှတယ်ဆိုပြီး ပြောကြမယ်လေ။ စကားအသစ်ပေါ့ဟယ်” (စကားချပ်။  ။ ထိုပုလင်းကွဲရှသည်ဆိုသော စကားသည်လည်း လူသုံးများသော စကားဖြစ်လာခဲ့လေသည်။ ယခုခေတ် မိန်းမလျာများ အသုံးပြုနေသော စကားတော်တော်များများသည် ဒဿဂီရိထွင်ခဲ့သော စကားများဖြစ်သည်ဟု မှတ်ယူကြပါကုန်။)


           “ဟုတ်ပါပြီ ဓားပြခြောက်ကြီးရဲ့…… ကျွန်မ ပုလင်းကွဲမရှပါရစေနဲ့ သော့………….”


* * * *

(အခန်း-၄)


          “ခလွမ်း”


           ဂေါ်ဓံဆရာရသေ့ကြီးက လက်ထဲက အရက်ပုလင်းကို နန်းဆောင်နံရံနဲ့ ပြစ်ခွဲလိုက်တော့ ဒဿလန့်သွားပါသည်။ ရသေ့ကြီးက သူရာအရက်တွေကို မှီဝဲကာ မူးမူးနှင့် သူ့ကိုလာရစ်နေခြင်းဖြစ်သည်။ ဒီနှစ်ပိုင်းအတွင်း ဒဿတစ်ယောက် အခန်းထဲကျေးကျွန်တွေ၊ သုန့်ပန်းတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်သွင်းသွားလိုက်၊ မလိုတော့ရင် ကွပ်မျက်တာမျိုး၊ နယ်နှင်ဒါဏ်ပေးတာမျိုး လုပ်လိုက်နဲ့ သာယာနေခဲ့တာလေ။ ကြာလာတော့ ဒါကို ရသေ့ကြီးလည်း ရိပ်မိပြီး အခု သူ့ကို လာရစ်နေတာ။


           “ငါပြောမယ် ဒဿ။ မင်းက အခြောက်လား။ မင်းဟာ အခြောက်လားလို့ ငါမေးနေတယ်လေ”

           ရသေ့အဘိုးကြီးက တုန်ချိချိနှင့် ဒဲ့တိုးကြီးမေးချလိုက်တော့ ဒဿမျက်လုံးမျက်ဆန်တွေပါ ပြူးသွားပါသည်။

           “ကျွန်မ.. အဲလေ.. ကျွန်တော် အခြောက် မဟုတ်ပါဘူးဗျာ။ ဆရာရသေ့ကလည်းဗျာ… ကျွန်တော်ကလည်းရှင်။ အဲ.. ကျွန်တော်ကလည်းဗျာ……. ဟုတ်ပါဝူး ယောင်ကုန်ပြီ ဂန့်ဂန့်……….”

           ကြောက်ကြောက်နှင့် ဒဿ စကားတွေပါ ရှုပ်ထွေးကုန်ပြီး ယောင်ကုန်သည်။


           “ဟေ့ကောင် အခွက်မပြောင်နဲ့ အခွက်မပြောင်နဲ့…… အေ့….။ ငါ့ကို အခွက်လာပြောင်ပြမနေနဲ့။ အေး.. ငါက ငါ့ရှေ့မှာ ဘာလာပြောင်ပြောင် အလွတ်ပေးတာ မဟုတ်ဘူး။ သေသွားမယ် ဘာမှတ်လည်း”

           ပြောပုံကိုက ဘာမှတောင် မပြောင်ရဲလောက်အောင်ပါပဲလား ဆရာရသေ့ကြီးရယ်။


           “ပြောင်ပါဘူး ရှင်ကြီးရယ်။ အဲ.. ဆရာကြီးရှင်သေ့ကြီးရယ်။ အို.. ယောင်နေပြန်ပြီ ရှင့်။ အဲလေ ဗျ…….”

           “ပြောင်ပြန်ပြီ.. ဒီကောင် ငါ့ကို ပြောင်နေပြန်ပြီ…..အေ့……….။ ငါလုပ်လိုက်ရ.. အေ့”

           အရေးထဲ အရက်သမားထုံးစံအတိုင်း ကြို့ထိုးနေလိုက်သေးသည်။ အိုကြီးအိုမနှင့် ကတုန်ကယင် မူးနေရှာသော အဘိုးကြီးကိုကြည့်ပြီး ဒဿ ရယ်ချင်စိတ်ကလည်းရှိ၊ ကြောက်ကလည်းကြောက်နှင့် စကားတွေက မူမမှန်ဖြစ်နေတာဖြစ်သည်။


           “အဟမ်း.. အဟမ်း။ ဟဲလို ဒင်းစတင်း ဝမ်းတူး.. ဟုတ်ပြီ။ အင်း။ အခြောက်မဟုတ်ပါဘူး ဗျာ။ ကျွန်တော်က ကျေးကျွန်တွေကို အခန်းထဲခေါ်တွေ့တယ်ဆိုတာက လူတွေ့စစ်ဆေးတဲ့ သဘောပါ။ ခဏခဏတွေ့ကြည့်ပြီး ကိုယ့်အပေါ် သစ္စာရှိတယ်ဆိုရင် စစ်သည်အဖြစ်နဲ့ လေ့ကျင့်ပေးမလို့ပါပဲလေ။ အခုတော့ သူတို့တတွေက သစ္စာမရှိတဲ့ အပြင်.. အခုလို ကျွန်တော့်ကို အခြောက်ပါလို့ မဟုတ်မမှန် လုပ်ကြံ သရုပ်မမှန်တဲ့ အသံတွေထွက်တဲ့အထိ ဖြစ်လာတော့ ကျွန်တော် ဒေါသထွက်ရတာပေါ့ဗျာ..”


           ဗြောင်ကြီး လိမ်ချလိုက်သည်။ မတတ်နိုင်ဘူးလေ။ လင်္ကာဒီပမှာ သူအကြောက်ရဆုံးက ဒီရသေ့ကြီးတစ်ယောက်ထဲရှိတာကလား။ ဘာရယ်မဟုတ်ပဲ ငယ်ငယ်ထဲက ဒီအဘိုးကြီး ကတုန်ကယင်ဖြစ်ရင် နတ်များပူးသလားဟဲ့ဆိုပြီး ကြိတ်ကြောက်နေရာကနေ အရိုးစွဲသွားတာ……..။


           “အေး မသိဘူး။ ငါဒါတွေ မသိဘူး။ ငါသိတာက မင်းအခုလို ဆက်နေရင် ဒုက္ခတွေ့တော့မယ်။ မင်း အခုတလော စစ်ရေးလေ့ကျင့်မှုတွေလည်း ပျက်ကွက်တယ်ကြားတယ်။ ဒီတော့ ပျက်ကွက်မယ့်တူတူ မင်းဒီမှာ မနေရဘူး။ မာလာဂန္ဓဥယျာဉ်မှာ တရားလေ့ကျင့်ရမယ်။ တရားရှာရမယ်။ ပြီးတော့ မင်း..ဟာ………”

           “ဟာ ရသေ့ကြီး ကြည့်လိုက်စမ်း။ ဟိုမှာ.. မိန်းမလေးယောက် တင်ပါးတွေကိုပြောင်ပြောင်ကြီးတွေလုပ်ပြီး လျှောက်ပြေးနေတယ်.. ဟာ..”


           ဂေါ်ဓံရသေ့ကြီး စကားမဆုံးခင်မှာပဲ ဒဿက စကားဖြတ်ပြောပြီး မဟုတ်က ဟုတ်က တစ်ခုလျှောက်အော်လိုက်သည်။ ရသေ့ကြီးက အဲဒါကို အဟုတ်မှတ်ပြီး ‘ဘာပြောင်ပြောင် အလွတ်မပေးဘူးကွ ဟိုက်ရား’ ဆိုပြီး ပြေးထွက်သွားပါသည်။

တော်သေးတာပေါ့ မဟုတ်ရင် အဘိုးကြီးက စကားရှည်နေဦးမှာ…။ အင်း.. ဒါနဲ့ မာလာဂန္ဓဥယျာဉ်ဆိုတာ ဘယ်နားမှာပါလိမ့်????


* * * *


           မာလာဂန္ဓဥယျာဉ်ထဲမှာ ဒဿတစ်ယောက် စိတ်ဆင်းရဲလိုက်သည့်ဖြစ်ခြင်း။ ခရီးသွားမျိုးနွယ်စု ကုန်သည်တွေက သစ်သားတွေ ဈေးကောင်းပေးပြီးဝယ်လို့ ခုတ်ခုတ်ရောင်းတာနဲ့ သစ်ပင်တွေကလည်းငုတ်စိတွေ ဖြစ်လိုဖြစ်။ သစ်ပင်တွေမရှိတော့ အရိပ်မရပဲ နေက ကျစ်ကျစ်တောက်ပူ။ ဒီကြားထဲ ဟိုဟိုဒီဒီ နည်းနည်းလေး လမ်းလျှောက်လိုက်တာနဲ့ ဥယျာဉ်ထဲမှာ ဘေးမဲ့လွှတ်ပေးထားတဲ့ တိရိစ္ဆာန်တွေရဲ့ မစင်ပုံတွေကလည်း တက်နင်းမိလိုမိနဲ့။


           အခုလည်း အိမ်သာသွားမလို့ အထ.. မစင်ပုံတစ်ခု တက်နင်းမိပြန်ပြီ။ ကိုယ်က ပါရမယ်ကြံကာရှိသေး သူများအရင်ပါပြီးသားကို တက်နင်းမိတာလောက် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်တာမျိုးမရှိဘူး။ ဒီကြားထဲ နံကလည်း တအားနံသေးတယ်။ ပျော့ပျော့လေးနဲ့ နံတဲ့ တောကြောင်မစင်ပုံလားမှ မသိတာ..

           “ထွီ…….။ ကြောင်ဒဒေါင်းဇားမ တောခွေးမုဒိမ်းကျင့်တာ ခံရပါစေဟယ်……….”

           စိတ်ထဲက ပြစ်ပြစ်နှစ်နှစ်ကြီး ဆဲလိုက်ရင်း၊ ရွံ့ရှာရှုံ့တွနေတဲ့မျက်နှာနဲ့ တွန့်ဆုတ်ဆုတ်လုပ်ကာ မစင်ပေနေတဲ့ ခြေထောက်ကိုဆေးဖို့ စမ်းချောင်းဘက်ကို ဒဿ ထွက်လာခဲ့လိုက်သည်။


           စမ်းချောင်းရောက်တော့ ခြေထောက်ကို အားရပါးရစိမ်ပြီး ခြေထောက်ရေဆေးနေလိုက်ပါသည်။ ပါးစပ်ကပွစိပွစိနဲ့ ကြုံရာသတ္တဝါကို ကျိန်စာတွေတိုက်ရင်း ခြေထောက်ကိုရေဆေးနေတုန်း ခြေထောက်မှာ တစ်စုံတစ်ခု အေးကနဲဖြစ်သွားသဖြင့် ဒဿလန့်သွားပါသည်။


           “ဟဲ့ တောက်ပုတ်ဒုတ်… ဖားများကိုက်သလားဟဲ့”

           မဟုတ်ပါ။ ဖားကိုက်တာမဟုတ်ပါ။ စမ်းချောင်းထဲမျောလာတဲ့ ရွှေရုပ်ပုံလွှာတစ်ခုက ဒဿရဲ့ ခြေထောက်ကို တိုက်မိတာဖြစ်သည်။ ဒဿက ရွှေရုပ်ပုံလွှာကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။


           “ဘယ်က အရူးမပုံလည်းဟယ်။ ဆံပင်တွေ ထုံးထားလိုက်တာလည်း စာကလေးသိုက် မုန်တိုင်းမိတုန်း မီးအရှို့ခံထားရတာလားအောက်မေ့ရတယ်။ ငါထုံးရင် သူ့ထက်တောင်သာဦးမယ်။ ကြည့်.. ကြည့်…. ရုပ်ကလေးကတော့ သနားကမားလေးနဲ့ …. ပုံတွေဘာတွေတောင် စမ်းချောင်းထဲမျှောလို့။ လုပ်ရဲတာပဲဟယ်။ မိန်းမတွေများ အငြိမ်ကို မနေနိုင်ကြဘူး။ အဲဒါတွေ စိတ်ကုန်တာ……….”


           ကြောင်မစင်ပေတဲ့ ကိစ္စက မကျေနပ်ချက်တွေပါပေါင်းပြီး တဗျစ်ဗျစ်တတောက်တောက်နဲ့ ရုပ်ပုံထဲက မိန်းမကို မဟားဒယားကဲ့ရဲ့လိုက်ပါသည်။ ပြီးတော့ ခြေချောင်းလေးတွေကြားထဲမှာ ပေနေသော မစင်များကို ရုပ်ပုံနဲ့ပဲ ဒဿသုတ်လိုက်သည်။ ပါးစပ်ကလည်း ‘လုပ်ရဲတဲ့ဟာတွေ ဒါနဲ့ပဲ တန်တယ်’ လို့လည်း မဲ့ကာရွဲ့ာပြောလိုက်သေးသည်။


           ရွှေရုပ်ပုံဖြင့် မစင်များကို ပြောင်အောင်သုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သန့်သွားပြီဆိုတာ စိတ်ချသွားတော့မှ ဒဿကမ်းပေါ်ပြန်တက်ရင်း ရွှေရုပ်ပုံကို စမ်းချောင်းထဲ ပြန်လွှတ်ပြစ်ရန်ပြင်လိုက်ပါသည်။ အဲဒီ့အခိုက်အတန့်မှာတင်.. မျက်စိက ရုပ်ပုံရဲ့ နောက်ကျောဘက်မှာရေးထားသော ‘အနယ်နယ် အရပ်ရပ်မှ မင်းသားများ’ ဆိုတာကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ လွှင့်ပြစ်ခါနီးဆဲဆဲမှ ရုပ်ပုံနောက်ကျောကို အမြန်ပင်လှန်ဖတ်လိုက်ရာ……….


           “ဤရုပ်ပုံရွှေလွှာရှင် သီတာဒေဝီမင်းသမီး၏ ကြင်ယာတော်အဖြစ် ရွေးချယ်ခံရန်အတွက် အနယ်နယ် အရပ်ရပ်မှ မင်းသားများကို ဖိတ်ကြားအပ်ပါသည်။ ဤဖိတ်စာနှင့် တကွကြွရောက်ပါရန်။ မှတ်ချက် - လက်ဆောင်ပေးခြင်း သည်းခံမှု မပြုရ..”


           တဲ့…….။ ဘုရား ဘုရား… အနယ်အနယ်အရပ်ရပ်က မင်းသားတွေ တက်မဲ့ပွဲပဲ။ အို.. ရှယ်ပဲဟယ် ရှယ်ပဲ။ ဘာဘာ ဘာမှ မဘာရရင်တောင် မင်းသားတွေကို သွားရေအလူးလူးနဲ့ ထိုင်ငေးရ နည်းလား။ အံမယ်လေး ဘိဘိမရေ.. ငါတော့ရှယ်ပဲဟဲ့။


           တက်မယ် တက်မယ်။ ဒီပွဲကို မရောက်ရောက်အောင် တက်မယ်။ အံမယ်လေး မျက်စိနှစ်ကွင်း တဗြင်းဗြင်းနဲ့ လည်ထွက်သွားအောင်ကို သွားငေးမှာ။ အနယ်နယ်အရပ်ရပ်က ကြွရောက်လာကြမယ့် ယောက်ျားပီသပါတယ်ဆိုတြ့ မင်းသားကောင်တွေကို သွားငေးမှာ။ အဟိ……။

အတွေးနဲ့ စိတ်မှန်းနဲ့တင် ဒဿတစ်ယောက် ပျော်ရွှင်သွားပြီး ခုန်ပေါက်လိုက်ရာ ဘယ်က တောတိရိစ္ဆာန်ကောင်ပါသွားမှန်းမသိတဲ့ မစင်တစ်ပုံ ထပ်ပြီး တက်နင်းမိပြန်သည်။

“တောက်… မစင်ပိုင်ရှင်ကို တောထဲက တိရိစ္ဆာန်တွေ တပြုံလုံး ဝိုင်းဝုန်းကြပါစေ…..”


ရေးသားသူ - မှိုင်းညို့မိုးစက် (mr.cappuccino13@gmail.com)


To be continue.....

No comments: