Tuesday, March 21, 2023

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

 


(Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Ye Myo Myat မှ ရေးသားသည်။)


ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ အခုတစ်ခေါက်တော့ ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။


ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းလေးကို သေသေချာချာလေး လေ့လာလိုက်ပါနော်။


ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။

လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို အမြင့်ဆုံးထိ ရောက်အောင် ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို ကြာစေယ်။ အရင်တုန်းက ဆရာဝန်ရဲ့ ဆေးစာပါမှ ကြာဆေးတွေကို ရောင်းချခွင့်ပေးတာဆိုပေမယ့် နောက်ပိုင်း ဆေးခန်းတွေမှာပါ အလွယ်တကူ ဝယ်လို့ ရနိုင်တာကြောင့် ယောက်ျားလေး အများစု ဝယ်ပြီး သုံးလာကြတယ်။ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့သူတွေ၊ အချိန်ကြာမြင့်စွာ ဆက်ဆံလိုသူတွေ၊ သုက်လွှတ်မြန်သူတွေ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံလိုသူတွေ စွဲစွဲမြဲမြဲ သုံးလေ့ရှိပါတယ်။


ကြာဆေးရဲ့ လူသိများတဲ့ ဘေးထွက်ဆိုးကျိုးတွေ

ပန်းသေပန်းညှိုးအတွက် အရေးပေါ် သောက်တဲ့ဆေးဆိုပေမယ့် အမြဲတမ်း စွဲသောက်တဲ့အခါမှာ ပန်းသေပန်းညှိုးကို ပိုဆိုးစေနိုင်သလို ဆေးအကူအညီမပါဘဲ လိင်ဆက်ဆံလိုခြင်း မရှိတာ၊ တစ်ခုခု လိုအပ်နေတယ်လို့ ခံစားရတာမျိုးတွေ အဖြစ်များပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူတွေဆိုရင်လည်း ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ၊ မျက်စိများ မှုန်ဝါးလာတာ၊ နားထဲ အသံစူးစူးတွေ ဝင်လာတာမျိုးတွေ ဖြစ်နိုင်ပြီး များသောအားဖြင့်တော့ နာရီပိုင်းခြားကနေ ရက်ပိုင်းအထိ ကြာနိုင်ပါတယ်။


နောက်ဆုံး ကျန်းမာရေးသုတေသီများ စစ်ဆေးလေ့လာတွေ့ရှိတာကတော့ ကြာဆေးကို အမြဲတမ်းလိုလို စွဲသောက်တဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး ပြဿနာသာမက မျက်စိအမြင်အာရုံ ချို့ယွင်းလာတာ၊ အရောင်တွေကို ကွဲကွဲပြားပြား မသိတော့တာ (အနီနဲ့ အစိမ်းရောင်ကို မကွဲပြားနိုင်တော့တဲ့ အခြေအနေ Colour Blind ဖြစ်ခြင်း) မျိုး တွေ့ရတယ်လို့ ဆိုလာကြပါပြီ။


ဆရာဝန်ရဲ့ ဆေးစစ်ချက်မပါဘဲ ကြာဆေးတွေကို အမြင့်ဆုံးအားပမာဏ (100mg) အတိုင်း လိင်ဆက်ဆံတဲ့အခါ အမြဲလိုလို သောက်ဖြစ်တဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကကတော့ ကြာဆေးတွေတိုင်းမှာ ပါတဲ့ Sildenafil ဆိုတဲ့ ဒြပ်ပေါင်းကြောင့် ဖြစ်ရတာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏကို ကျော်လွန်ပြီး သောက်တယ်၊ အမြဲတမ်းလိုလို သောက်တယ်ဆိုမှသာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ Sildenafil ဆိုတာ တော်တော်လေးကို အားပြင်းတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး မျက်လုံးအတွင်းမှာ ရှိတဲ့ မှန်ဘီလူးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ နဂိုမျက်စိအားနည်းတဲ့သူတွေဆိုရင် အမြင်အာရုံ ကွယ်ပျောက်သွားနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး များတယ်လို့လည်း တွေ့ရှိထားပါတယ်။


ဒါကြောင့် စိတ်ထင်တိုင်း ကြာဆေးတွေကို အလွယ်တကူ ဝယ်ပြီး လျှောက်သောက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြသတာမျိုး လုပ်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ပန်းသေပန်းညှိုးဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သေချာသိပြီးမှသာ လိုအပ်တဲ့ ကုထုံးတွေ၊ ဆေးဝါးတွေကို ညွှန်းပေးမှာဖြစ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းကိုသာ ထိန်းချုပ်နိုင်ရင် ကြာဆေးသောက်စရာမလိုဘဲ လိင်တံကောင်းစွာ ပြန်ပြီးထောင်မတ်လာနိုင်မှာပါ။ အသက်ကြီးပိုင်း အမျိုးသားတွေကိုတော့ အခြေအနေပေါ် မူတည်ပြီး ကျားဟော်မုန်း အစားထိုးတာမျိုး၊ ကြာဆေးဆိုရင်လည်း အားပမာဏ အလွန်နည်းတဲ့ ဆေးကိုသာ ညွှန်းပေးတာမျိုး လုပ်ဖို့တိုက်တွန်းမှာဖြစ်ပါတယ်။


ကိုယ်တိုင် အလွယ်တကူ လုပ်လို့ရတဲ့ အိမ်တွင်းနည်းလမ်းတွေကတော့

• ညအိပ်ချိန်ကို တစ်နေ့ ၇နာရီအထက် ရအောင်အိပ်စက်အနားယူခြင်း


• အစာအာဟာရကို စုံလင်စွာ စားသောက်ခြင်း


• အဆီ၊ အချိုများတဲ့ အစားအစာ၊ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ခြင်း


• ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်း၊ အားကစားများများ လုပ်ပေးခြင်း


• စိတ်ပျော်ရွှင်စွာ နေထိုင်ခြင်း


• စိတ်ဖိစီးမှုတွေကို ဖယ်ရှားခြင်း


• ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း


• ရေများများသောက်ခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ပေးလို့ရပါတယ်။


Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



ရင်းမြစ်များ


https://www.healthline.com/health-news/viagra-may-cause-visual-problems-in-some-men (Feb 14, 2020)

No comments: