Friday, April 7, 2023

အမျိုးသားတွေရော သွေးဆုံးနိုင်သလား

အမျိုးသားတွေရော သွေးဆုံးနိုင်သလား (Male menopause or Andropause)




အမျိုးသမီးတွေ အသက်အရွယ်ကြီးလာတဲ့အခါ သွေးဆုံးတာကိုတော့ လူတိုင်းသိကြပေမယ့် အမျိုးသားတွေ သွေးဆုံးတယ်ဆိုတာကိုတော့ ကြားဖူးသူ ရှားပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ အဲ့ဒါကို Male menopause or Andropause လို့ ခေါ်ကြပါတယ်။ 


📌 အမျိုးသားတွေမှာလည်း အသက်အရွယ်ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲ ဖြစ်လာပါတယ်။ အဓိကအနေနဲ့  အမျိုးသားဟော်မုန်း နှစ်ခု (testosterone နဲ့ androgen) နည်းလာပြီး လိင်ဟော်မုန်းထုတ်တဲ့ ဂလင်း (sex gland) ကနေ ဟော်မုန်းထုတ်တာလည်း နည်းလာတာ (hypogonadism) ကြောင့် ဖြစ်ရပါတယ်။ 


📌 အမျိုးသားတွေ အသက် (၅၀) ကျော်လာတဲ့အခါ ဝှေးစေ့ကနေ testosterone ဟော်မုန်းထုတ်လုပ်မှုပမာဏ လျော့နည်းလာပါတယ်။ Testosterone ဟော်မုန်းဟာ အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒလှုံ့ဆော်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ လူပျိုဖော်ဝင်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖွံ့ဖြိုးမှုတွေ၊ ကြွက်သားကြီးထွားမှုတွေကို ဖြစ်စေပြီး အခြားတုံ့ပြန်မှုဆိုင်ရာတွေကိုလည်း ပိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ 


📌 အမျိုးသားတွေသွေးဆုံးတာနဲ့ အမျိုးသမီးတွေသွေးဆုံးတာမှာ ကွာခြားချက်တွေများစွာရှိပါတယ်။ Male menopause က အမျိုးသားတိုင်း တွေ့ကြုံခံစားရတာ မဟုတ်ပါဘူး။ မျိုးပွါးအင်္ဂါတွေ လုံးဝအလုပ်မလုပ်တော့တာမျိုးလည်း မဟုတ်ပါဘူး။ ဟော်မုန်းပမာဏနည်းသွားတာကြောင့် လိင်စိတ်ဆန္ဒလျော့နည်းတာ စတာမျိုးတွေတော့ ခံစားရတတ်ပါတယ်။ 

..

..


♦️ အမျိုးသားတွေ သွေးဆုံးတဲ့အခါမှ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ?


Male menopause ဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေ ကြုံရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ခံစားရတဲ့လက္ခဏာတွေက ပိုဆိုးလာတတ်ပါတယ်။ 


🔸 အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့….


* အားအင်ကုန်ခမ်းခြင်း


* စိတ်ဓာတ်ကျ ဝမ်းနည်းလွယ်ခြင်း


* တက်ကြွမှုမရှိခြင်း


* ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိခြင်း


* အာရုံစူးစိုက်လို့မရခြင်း


* အိပ်မပျော်ခြင်း


* ခန္ဓာကိုယ်အဆီများလာခြင်း


* ကြွက်သားများကျုံလှီလာခြင်း


* ခန္ဓာကိုယ်အားနည်းလာခြင်း


* ရင်သားကြီးလာခြင်း


* အရိုးသိပ်သည်းဆ နည်းလာခြင်း


* လိင်တံမထောင်မတ်နိုင်ခြင်း (erectile dysfunction)


* လိင်စိတ်ဆန္နလျော့နည်းလာခြင်း


* မျိုးမပွားနိုင်တော့ခြင်း/ မြုံလာခြင်း…. တို့ ဖြစ်ပါတယ်။ 

.


🔸 ဒါ့အပြင် အမျိုးသားတွေအနေနဲ့ 


- ရင်သားဆူလာပြီးနာလာတာ


- ဝှေးစေ့အရွယ်အစား သေးလာတာ


- ခန္ဓာကိုယ်အမွှေးအမျှင်တွေ နည်းလာတာ


- ကိုယ်ခန္ဓာအပေါ်ပိုင်း ရုတ်တရက်ပူလာတာ…. စတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ 


Testosterone ပမာဏ နည်းလာတာဟာ အရိုးပွခြင်းနဲ့လည်း ဆက်စပ်နေတာတွေ့ရပါတယ်။ 

..

..


♦️ ခန္ဓာကိုယ်ထဲမှာ testosterone က ဘယ်လိုလုပ်ဆောင်သလဲ ?


လူပျိုဖော်မဝင်ခင်မှာ ခန္ဓာကိုယ်ထဲက testosterone ပမာဏဟာ နည်းပါတယ်။ 


တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ testosterone ပမာဏလည်း များလာပြီး ကြွက်သားဖွံ့ဖြိုးစေခြင်း၊ ခန္ဓာကိုယ်အမွှေးအမျှင်များ ပေါက်လာစေခြင်း၊ အသံဩလာစေခြင်းနဲ့ လိင်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို ဖြစ်စေပါတယ်။ 


အဲ့ဒီ့အခြေအနေကနေ အသက်အရွယ်ကြီးရင့်လာတဲ့အခါ testosterone ပမာဏက ပြန်ကျသွားပါတယ်။ အမျိုးသားတွေ အသက် ၃၀ နောက်ပိုင်းမှာ testosterone ပမာဏက တစ်နှစ်ကို ၁% ခန့် ကျသွားတယ်လို့လည်း ဆိုပါတယ်။ 


အချို့ရောဂါရှိသူတွေမှာ ဟော်မုန်းနည်းလာတာက ပိုပြီးမြန်တတ်ပါတယ်။ 

..

..


♦️ အမျိုးသားတွေ သွေးဆုံးခြင်းကို ဘယ်လို ရောဂါရှာဖွေကုသမှုတွေ လုပ်ကြမလဲ ?


Testosterone ဟော်မုန်းပမာဏကို စစ်ကြည့်ဖို့ သွေးစစ်တာမျိုး လုပ်နိုင်ပါတယ်။ 


ထူးထူးခြားခြားရောဂါဝေဒနာ ခံစားရတာမျိုးမရှိရင် ကုသမှုမခံယူလည်း ရပါတယ်။ 


ရောဂါလက္ခဏာတွေ ဆိုးလာရင်တော့ ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြသဖို့ လိုပါမယ်။ 

.


** အမျိုးသားသွေးဆုံးခြင်းအတွက် အကောင်းဆုံးကုသနည်းကတော့…. ကျန်းမာရေးနဲ့ညီညွတ်တဲ့ lifestyle changes တွေလုပ်ခြင်းပဲ ဖြစ်ပါတယ် **


ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းစတာတွေ လုပ်ဆောင်နိုင်ပါတယ်။ 


ဒီလိုပြောင်းလဲမှုတွေလုပ်တဲ့အခါ ခံစားရတဲ့လက္ခဏာတွေ သိသိသာသာ သက်သာလာတာကို တွေ့ရတတ်ပါတယ်။ 


စိတ်ဓာတ်ကျတာမျိုး ခံစားနေရတယ်ဆိုရင် ဆရာဝန်က စိတ်ပိုင်းဆိုင်ရာကုထုံးတွေ၊ စိတ်ဆေးတွေပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

.




** နောက်ထပ်ကုသနိုင်တဲ့နည်းကတော့ ဟော်မုန်းအစားထိုးကုသခြင်း ဖြစ်ပါတယ်။ ဒီလိုကုသခြင်းကလည်း ကောင်းကျိုး/ဆိုးကျိုး ဒွန်တွဲနေပါတယ်။ စတီးရွိုက်နဲ့ testosterone ဖြည့်စွက်ဆေးတွေဟာ ဆိုးကျိုးများစွာ ရှိပါတယ်။ ဆီးကျိတ်ကင်ဆာရှိသူတွေမှာ ကင်ဆာဆဲလ်တွေကို ပိုပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာ ဟော်မုန်းအစားထိုးကုသမှုတွေ လုပ်သင့်ပါတယ်။ 


Reference: 📚

https://www.healthline.com/health/menopause/male#diagnosis-and-treatment


❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာ စာမျက်နှာမှကူးယူဖော်ပြပါသည်။

No comments: