Friday, September 1, 2023

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ




(Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win မှ ရေးသားသည်။)


သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ
သုက်လွှတ်တာနဲ့ ပတ်သက်ပြီး သုက်လွှတ်မြန်တာကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ အတူနေတာမှ မကြာသေးဘူး သုက်ထိန်းမရဘဲ ထွက်သွားတယ်ပေါ့။ ခုပြောမှာကတော့ သူနဲ့ ပြောင်းပြန် သုက်လွှတ်ဖို့ကြာ နေတာပါ။ ကြာနေတာ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ ကြာနေတာကလည်း မကောင်းပါဘူး။ နောက်ပိုင်းကျရင် အတူနေတဲ့သူနဲ့ ပြဿနာတက်နိုင်ပါတယ်။

သုက်လွှတ်ဖို့ကြာ နေတယ်လို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ
အမျိုးသားတစ်ယောက်က လိင်တံလည်း ထောင်မတ်တယ်။ လိင်စိတ်လည်း ရှိတယ်။ အတူလည်း နေနိုင်ပါလျက်နဲ့ သုက်လွှတ်ဖို့ ကြာနေရင် ဒါကို ဆေးပညာအရ delayed ejaculation လို့ ခေါ်ပါတယ်။ အချိန်သတ်မှတ်ချက်တော့ အတိအကျ မရှိပါဘူး။ အကြမ်းဖျင်းအားဖြင့် ထိုးသွင်းဆက်ဆံပြီး နာရီဝက်၊ ၄၅မိနစ်လောက်ကြာတဲ့အထိ မထွက်သေးဘူးဆိုရင်တော့ သုက်လွှတ်ဖို့ ကြာနေတယ်လို့ ပြောလို့ရပါတယ်။

ဒါက သုက်မလွှတ်အောင် စိတ်နဲ့ ထိန်းထားတာမျိုး မဟုတ်ပါဘူး။ သူ့အလိုလိုကို မလွှတ်တော့တာပါ။ တချို့တွေမှာဆို သုက်လွှတ်ဖို့ ကြာရုံတင်မကဘဲ မလွှတ်တော့တာတောင် ရှိပါတယ်။ သုက်လွှတ်ဖို့ကြာ တာက သုက်လွှတ်မြန်တာလောက်တော့ အဖြစ်မများပါဘူး။ အမျိုးသား ၁၀၀မှာ ၁-၄ယောက်လောက်ထိပဲ တွေ့ရတတ်ပါတယ်။

သုက်လွှတ်ဖို့ကြာ နေခြင်း အမျိုးအစားများ
ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး ၂မျိုးခွဲခြားနိုင်ပါတယ်။

အရင်တည်းက ဖြစ်တာလား၊ ခုမှ ဖြစ်တာလား။
အရင်တည်းက ဆိုတာက လူပျိုဖော်ဝင်ချိန်က စပြီး ဖြစ်နေတာလားဆိုတာပါ။ ဒါပေမယ့် လူပျိုဖြစ်စက သတိမထားမိဘဲ အိမ်ထောင်ကျလို့ အတူနေမှ သတိထားမိတာမျိုးလည်း ရှိနိုင်ပါတယ်။ တချို့ကကျတော့ အရင်တုန်းက အကောင်း၊ ပုံမှန်အတိုင်း သုက်လွှတ်နိုင်တယ်။ ခုမှ သုက်လွှတ်ဖို့ ကြာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အမြဲတမ်းလား၊ တစ်ခါတလေမှလား။
တချို့က ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးနဲ့ နေနေ သုက်လွှတ်ဖို့ ကြာနေတာက ကြာနေတာပါပဲ။ တချို့မှာကျတော့ ဘယ်လိုလေး နှိုးဆွပေးလိုက်ရင်၊ ဘယ်လိုပုံစံမျိုးလေးနဲ့ နေလိုက်ရင် သုက်လွှတ်သွားတယ်ဆိုတာမျိုး ရှိပါတယ်။

ဒီလိုမျိုးလေး ကိုယ့်အခြေအနေကိုယ် သိထားတာက သုက်လွှတ်ဖို့ကြာ နေရခြင်းရဲ့ အကြောင်းရင်းကို ရှာတာရော၊ ကုသတာရောမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။

သုက်လွှတ်ဖို့ကြာ နေရတဲ့ အကြောင်းရင်းများ
သုက်လွှတ်တာကို ကြာစေတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။


ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ

အမျိုးသား လိင်အင်္ဂါက ပုံမှန်မဟုတ်တာ
လိင်အင်္ဂါကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေ ထိခိုက်ထားတာ (ဥပမာ ဆီးချိုရောဂါ၊ လေဖြတ်ထားတာ)
လိင်အင်္ဂါ ပိုးဝင်တာ
ဟော်မုန်းရောဂါ (သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ တက်စတိုစတီရုန်း နည်းနေတာ)
ပြောင်းပြန်သုက်လွှတ်တဲ့ ပြဿနာရှိနေတာ
စွဲသောက်နေတဲ့ ဆေးဝါးတွေ (ဥပမာ စိတ်ကျရောဂါကုဆေးတွေ၊ အတက်ကျဆေးတွေ၊ ဆီးဆေးတွေ၊ သွေးတိုးကျဆေးတွေ)
နောက်ပြီး အသက်ကြီးလာတာနဲ့အမျှ လိင်တံရဲ့ ခံစားမှု လျှော့နည်းလာတာကြောင့် သုက်လွှတ်ဖို့ ကြာလာတတ်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာလည်း သုက်လွှတ်ဖို့ ကြာလာတာကို တွေ့ရပါတယ်။


စိတ်ပိုင်းဆိုင်ရာ ပြဿနာမျာ

ငယ်ငယ်တုန်းက အနိုင်ကျင့်ခံရတာ၊ မိသားစုဂရုစိုက်တာကို မခံရတာ
ဒေါသတွေကို မျိုသိပ်ထားရတာ
ပျော်ပျော်မနေတတ်တာ (ပျော်ရွှင်မှုကို မခံစားတတ်တာဆို ပိုမှန်ပါတယ်)
ယုံကြည်မှု ထုံးတမ်းအစဉ်လာတွေ (ဥပမာ လိင်ကိစ္စကို အပြစ်တစ်ခုလို၊ ရှက်စရာ တစ်ခုလို မြင်ခဲ့ရတာ)
ထူးထူးခြားခြား သုက်တို့၊ အမျိုးသမီးလိင်အင်္ဂါတို့ကို ကြောက်တဲ့စိတ် ဖြစ်နေတာ
ကိုယ်ဝန်ရသွားမှာကို ကြောက်တာ (ဒီတော့ သုက်အောင့်ထားတာမျိုး ဖြစ်တတ်ပါတယ်)
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာ (အထူးသဖြင့် အတူနေတဲ့အချိန်မှာ ကိုယ့်အဖော်ကို မဆွဲဆောင်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတာမျိုးပါ)
အဖြစ်အများဆုံးကတော့ စိုးရိမ်စိတ်ကြောင့်ပါပဲ။ အကြောင်းတစ်ခုခုကြောင့် စိုးရိမ်စိတ်တွေများပြီး သုက်လွှတ်ဖို့ ကြာနေနိုင်တယ်။ တစ်ခါ ဒီလိုကြာနေတာကို စိုးရိမ်ပြီး ပိုပိုဆိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်။


အာသာဖြေတာများရင် သုက်လွှတ်ဖို့ကြာ တတ်သလား။
လူတိုင်းတော့ မဟုတ်ပေမယ့် တချို့တွေမှာတော့ အာသာဖြေတာနဲ့ သုက်လွှတ်ဖို့ ကြာတာ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့်

တစ်ပတ်ကို ၃ခါထက် ပိုပြီး အာသာဖြေတာ
လိင်ဆက်ဆံတာနဲ့ မတူတဲ့ အာသာဖြေနည်းလမ်း အသုံးပြုတာ (ဥပမာ အားသုံးပြီး ခပ်မြန်မြန် ခပ်ပြင်းပြင်း အာသာဖြေတာ)
အာသာဖြေတဲ့ ခံစားမှုက အဖော်ရဲ့ လက်၊ ပါးစပ်၊ မိန်းမကိုယ်စတဲ့ ခံစားမှုတွေနဲ့ ကွာခြားတာ
အတူနေတာက အာသာဖြေတာလောက် ခံစားမှု မကောင်းတာ စတဲ့ အခြေအနေတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဒါကြောင့် တချို့က အာသာဖြေရင် သုက်လွှတ်ပေမယ့် အတူနေရင် သုက်လွှတ်ဖို့ ကြာနေတယ်လို့ ပြောကြတာပါ။


သုက်လွှတ်ဖို့ ကြာနေတာက နောက်ဆက်တွဲ ဘာဖြစ်နိုင်သလဲ။
ရုပ်ပိုင်းဆိုင်ရာမှာတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးမှာတော့ အောက်ပါပြဿနာလေးတွေ ကြုံရနိုင်ပါတယ်။

ကိုယ်ရော ကိုယ့်အဖော်ပါ အတူနေဖို့ စိတ်မပါတော့တာ
အတူနေဖို့ စိတ်ဖိစီးလာတာ
ကိုယ့်အဖော်နဲ့ ပြဿနာတက်တာ
ကိုယ်ဝန်မရနိုင်တာ (သုက်မလွှတ်ရင် ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး) စတာတွေ ဖြစ်လာနိုင်ပါတယ်။
သုက်လွှတ်ဖို့ ကြာနေတာကို ကုသလို့ ရပါ့မလား။
ဒါကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလား၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လားဆိုတာ ရှာရမှာပါ။ ဒီပေါ်မူတည်ပြီးမှ ကုသရမှာပါ။ အများစုကတော့ ကုလို့ရပါတယ်။

အမျိုးသားတွေက အတူနေတဲ့အခါ သုက်လွှတ်ကြာတာ၊ လုံးဝမလွှတ်တာတွေ ခံစားရနိုင်ပါတယ်။ တစ်ခါတလေဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့်

-ကိုယ်နဲ့ ကိုယ့်အဖော်အတွက် အဆင်မပြေ ဖြစ်လာရင်

-ကိုယ့်ရဲ့ ရောဂါအခံ ဒါမှမဟုတ် သောက်နေတဲ့ ဆေးတွေကြောင့် ဒီလို ဖြစ်တယ်လို့ သံသယရှိလာရင်

-သုက်လွှတ်ဖို့ ကြာနေတာအပြင် တခြားလက္ခဏာတွေပါ ခံစားနေရရင် ဆရာဝန်နဲ့ ပြပြီး စစ်ဆေးလိုက်တာက အကောင်းဆုံးပါပဲ။


# ကိုကိုတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ရတာ ဘာကြောင့်များဖြစ်မလဲ!

No comments: