Sunday, November 12, 2023

“ဆူးလေလမ်းက… အထက်တန်းစား”

 “ဆူးလေလမ်းက… အထက်တန်းစား”

==========================




ညနေတစ်ပိုင်းလုံး ဝါးလုံးထိုးရွာနေတဲ့မိုးက တိကနဲ့ရပ်သွားတော့ ကိုယ့်ရင်ထဲမှာလည်း ထိတ်ကနဲပျော်သွားတယ်။ ဘုရားစင်အောက်နားမှာကပ်ထားတဲ့ တိုင်ကပ်နာရီလက်တံက ခြောက်နာရီတိတိကိုညွန်ပြနေလို့ လုပ်စရာရှိတာတွေ ခပ်သွက်သွက်ပင်လုပ်ရတယ်။ ဒါမှ ရှစ်နာရီကျော်လောက်ဆို အလုပ်လုပ်တဲ့နေရာလေးကိုရောက်မှာ။


အကျီနဲ့ဘောင်းဘီကို သေသပ်အောင်၀တ်ပြီး စပရေးကို အသာဖြန်းပြီးဆံပင်ကိုပုံကျအောင် ခပ်ကြမ်းကြမ်းအရိုင်းလေးသွင်းလိုက်တယ်။ ပြီးတော့ လည်ပင်းနဲ့ပုခုံးအစွန်းနှစ်ဖက်ကို ရေမွှေးလေးတစ်ချက်နှစ်ချက်ဆွတ်တယ်။ ဒါဆိုရင်ဒီစနေအတွက်အားလုံးပြည့်စုံပြီ။ အပြင်ထွက်ခါနီးမှာ ကလေးကိုပွေ့ပြီး


“ စောစောပြန်လာမယ်”


လို့ပြောကာ သူမပါးကိုတစ်ချက်နမ်းလိုက်တယ်။ ဒီနေ့မှစိတ်တွေလောနေတာ။ပုံမှန်ဆို 

ရေမွှေးအနံ့တွေကို သူမသိပ်မကြိုက်လို့


“ စောစောပြန်လာမယ်နော်”

လို့ပြောပြီးမှ ရေမွှေးဆွတ်နေကြ။ မိုးရာသီမို့ မိုးရွာတာ မဆန်းပေမယ့် နေ၀င်ချိန်နောက်ပိုင်းမိုးရွာမှာကိုတော့ အသဲသန်စိတ်ပူမိတာအမှန်ပါ။ အထူးသဖြင့် ဒီလိုပိတ်ရက်လေးတွေပေါ့။ အခန်းသော့ကိုဘောင်းဘီအိပ်ထဲထည့်ပြီး ဟိုဘက်လမ်းထိပ်ကို ကွမ်းရာဆိုင်ဘက်ကိုသွားဖို့လုပ်ရတယ်။ ကွမ်းယာဆိုင်မှာ ကလေးကိုထားပြီးမှ ဒီကထွက်ရမှာ။ မဟုတ်လို့ အချိန်ဆွဲနေရင် အလုပ်နောက်ကျပြီး အပြန်မိုးချုပ်ရင် ကလေးကူထိန်းပေးတဲ့ အိမ်က နည်းနည်းညိုငြင်တာခံရတယ်။ ညနေတစ်ပိုင်းကို ငွေနှစ်ထောင်ပေးပြီးထိန်းပေးပေမယ့် မိုးချုပ်ရင် သူတို့လည်းတစ်နေကုန်စျေးရောင်းပြီးညစောစောမနားရတာမို့ နောက်ကျပြန်သူတွေရဲ့ ကလေးကိုသိပ်ထိန်းမပေးချင်။


ကိုယ်လိုလူတွေရဲ့ ကလေးတွေကို စေတနာပါပါထိန်းပေးနေတာမို့သာ ကိုယ့်လိုနောက်ကပြန်သူအတွက် သည်းခံပြီး ဘာပြောပြောပြန်မပြောပဲ အဆင်ပြေအောင်နေရတာပေါ့။ ကလေးဗိုက်ဆာမှာလည်းမပူရဘူး။ နို့ဘူးကအစ ထမင်းပါကျွေးပေးကြလို့ ကလေးတွေကိုတော့ သူတို့ တော်တော်ချစ်ကြတယ်လို့ဆိုရမယ်။ ဒါကြောင့်တတ်နိုင်သလောက် စောစောပြန်လာနိုင်ဖို့ ကြိုးစားနေရတာ။ အိမ်ကသူမကို စိတ်မချတာ လည်းပါတာပေ့ါ။


ညနေက ရွာထားတဲ့မိုးရဲ့ အရှိန်ကြောင့် ရပ်ကွက်ရဲ့ရေနုတ်မြောင်းကရေတွေလျှံပြီး အမှိုက်နဲ့ အညစ်အကြေးတွေ လမ်းမရဲ့ဘေးက အုပ်ဖိနပ်ခုံလေးပေါ်လျှံနေတယ်။ ဒါကြောင့်ထင်ပါရဲ့ ဒီလမ်းဘေးအုပ်ခုံလေးမှာ မင်းမူနေကြ ညိုမတစ်ကောင်တောင် ပေညစ်ညစ်လမ်းမထက်မှာ တောင်လျောက်မြောက်လျောက်နဲ့ လမ်းသလားနေတာမြင်နေရတယ်။ ညမိုးချုပ်ချုပ် အလုပ်ကပြန်လာလို့ မောပန်းနံစော်နေတဲ့သူကို အမြှီးလေးတလှုပ်လှုပ်နဲ့ ရင်းရင်းနီးနီးကြိုတာဆိုလို့ သူတစ်ကောင်ပဲ။


သူအိပ်ပျော်နေလို့ ကိုယ်က သူ့ဘေးက အသာလေးကျော်သွားရင်တောင် ကိုယ်ရောက်နေတာ သူသိတယ်ဆိုတဲ့ အထာနဲ့ မဖွင့်တဲ့မျက်လုံးကို မျက်တောင်လေးပေကလပ် ပေကပ်နဲ့ နားရွက်လေး လောက်တော့ လုပ်ပြနုတ်ဆက်တတ်သေးတယ်။ ကွမ်းယာဆိုင်မှာ ထားထားတဲ့ ကလေးကိုယူပြီးညအလုပ်ပြန်ချိန် သူတစ်ယောက်ပဲ ကိုယ့်ကို ၀မ်းပမ်းတသာကြိုတယ်။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကိုယ်ရောက်နေကြနေရာလေးရောက်တော့ မိုးရဲ့တန်ခိုးနဲ့ စက်စက်စိုအောင်ရွဲခဲ့တဲ့ တံတားက အနည်းငယ်ခြောက်နေပြီ။ စိတ်မောလူမောနဲ့ တက်ရတဲ့ ဆူးလေတံတားရဲ့ သုံဆင့်မြင့် လှေခါးထှစ်လေးတွေက ရောက်လာပြီလားဆိုတဲ့သဘောနဲ့ ကိုယ့်ကိုရင်းရင်းနီးနီးခရီးဦးကြိုနုတ်ဆက်ကြတယ်။ ဖိနပ်အောက်မှာ ကပ်ပါလာတဲ့ သဲမှုံလေးတွေကို လှေခါးထစ်မှာ အားစိုက်ပွတ်လျောက်ပြီး ဆူးလေတံတာပေါ်ရောက်တဲ့ အချိန် မီးရောင်စုံနဲ့ သပ္ပါယ်လှတဲ့ ဆူးလေစေတီတော်ကြီးကို စိတ်ထဲကဦးခိုက်ကန်တော့ ပြီး 


“ ဒီနေ့လုပ်ငန်းလေးအဆင်ပြေပါစေ”


လို့တောင်းတဲ့ဆုကို ဖြည့်ဆည်းပေးမပေးတော့ မသိပေမဲ့ ရုန်းကန်ခြင်းနဲ့ နေသားကျလာ တဲ့ကိုယ့်ကိုတော့ တံတားအလယ်မှာ ချိတ်ဆွဲထားတဲ့ အိုမီဂါနာရီကြီးက ခပ်တည်တည်စိုက်ကြည့်နေလေတယ်။


ပြီးတာနဲ့ လမ်းဟိုဘက်ခြမ်းဒီဘက်ခြမ်းကို အမိုးမိုးထားတဲ့ ခေါင်မိုးအခုံးကိုးခုနဲ့ တံတားရဲ့ အမြင့်ကို သတိပေးထားတဲ့ ၄.၅ အမ် ဆိုတဲ့စာသားကို ပထမဆုံးမြင်ရတော့တာပါပဲ။ ဘာလို့ လည်းဆိုရင် ဒီတံတားကို တစ်ရက်တစ်ရက် အကြိမ်ပေါင်းမြောက်များစွာပတ်ရင်း မျက်လုံး တွေကိုလည်း အရှေ့အနောက် အပေါ်အောက်ကို ဒိုင်းကနဲ ဒိုင်းနဲ့ ပြေးလွှားကစားရသေး တယ်။

တစ်ရက်တစ်ရက် ဒီတံတားကို ဘယ်ကပတ်လိုက်၊ ညာကပတ်လိုက် အပေါ်တက် လိုက် အောက်ဆင်းလိုက်နဲ့ တောသုံးတောင် အပိုင်းစားရထားတဲ့ ခြင်္သေတစ်ကောင်လို အမဲလိုက် ရတဲ့ဘ၀က ထင်ထားသလောက်တော့ ဘယ်လွယ်လိမ့်မတုန်းဗျ။


ကိုယ့်ကိုယ်ကို မုဆိုးတစ်ယောက်လို သဘောပိုက်ပြီးသားကောင်လိုက်ရပေမယ့် အမှတ်မထင် မုဆိုးက သားကောင်ဖြစ်သွားရတာမျိုးလည်းရှိတတ်တော့ ပိုပိုပြီးသတိထား ရတယ်။ တောင်ဘက်ကို ကြည့်လိုက်တဲ့ မျက်လုံးတွေမှာ အညုလေးတွေပါရသလို မြောက်ဘက်ကိုလှမ်းတဲ့ ခြေလှမ်းမှာလည်း မျော်လင့်ခြင်းအရိပ်အယောင်တွေထည့်ထား ရတယ်။ ကိုယ်လိုက်မယ့် သားကောင်ရဲ့ အခြေနေကိုကြည့်ပြီး အနုလား၊ အကြမ်လား၊ အရိုင်းလား အယဉ်လားဆိုတာကို မျက်လုံးရဲ့ အကြည့်နဲ့အသိတရားက သတိထားပြီး ကပ်ပါဒွန်တွဲနေရတာ။ မဟုတ်လို့များ အနုကြိုက်သူကို အကြမ်းသဘောပိုက်မိရင် ဒီနေ့အတွက် သားကောင်ရှံးပြီ။


ဒါကြောင့် မျက်လုံးလေးတစ်ချက်အ၀င့်၊မျက်တောင်လေးတစ်ချက်အခတ်မှာကို တစ်ချက် ကလေးမှ အမှားယွင်းမရှိအောင် သားကောင်ကို ထိလို့ငြိမယ့်အကွက်လေးတွေ ဖန်တီးခင်းကျင်းထားရတယ်။ မြန်မြန်ငြိလို့ မြန်မြန်ထိတာနဲ့ ခပ်စောစော ကစားပွဲသိမ်းပြီး အိမ်ပြန်မယ်။

ဟော…ပညာတွေထုတ်သုံးနေရင်းက ခပ်ထိထိငြိ်လောက်မယ့် သားကောင်တစ်ကောင် ညွတ်ကွင်းထဲတိုး၀င်လာပြီ။ ကိုယ်နဲ့မျက်နှာချင်းဆိုင်ကို တည့်တည့်လျောက်လာတဲ့ သားကောင်က လမ်းလျောက်နေရင်းနဲ့ ကိုယ့်မျက်နှာကိုတစ်ချက်ကြည့်တယ်။ သားကောင် ကြည့်နေတာကိုသိပေမယ့် မသိသလိုဟန်ဆောင်ပြီး တံတားကိုတစ်ပတ်ပတ်လိုက်တယ် ။


ပြီးတော့ တံတာအောက်မှာ လူပ်ရှားသွားလာနေတဲ့ လူတွေကိုအသာလေးရပ်ပြီးကြည့်နေ တယ်။ သားကောင်အမြင်မှာ ကိုယ့်ကိုသတိထားမိစေနိုင်တာက ဒီနည်းပဲ။ လူဆိုတာမျိုးက လိုက်ရင်ပြေးတယ်။ ဒါကြောင့် ပညာတွေသုံးတဲ့နေရာမှာ ခပ်ပါးပါးလေးသုံးတာ အကောင်း ဆုံးပဲ။ အောက်ကိုကြည့်နေရင်း တံတားအောက်က မျက်မှန်းတန်းမိနေတဲ့ အစ်မတစ်ယောက်ကို လက်တစ်ချက်ပြပြီး နုတ်ဆက်တယ်။ဆူးလေတံတားမှာနွေးနွေး၊ သိမ်ကြီးစျေးမှာ ဒေလီယာ၊ ပန်းဆိုးတန်းမှာ သော်တာ၊ဆိုပြီး အစ်မရဲ့နာမည်တွေက အမျိုးမျိုးလေ။ ကိုယ်ကတော့ အမည်နာမရယ်လို့ ထွေထွေထူးထူးသိပ်မရှိပါဘူး။ အပ်ချုပ်ဆိုင်မှာ အထူးချုပ်ခိုင်းထားတဲ့ မျော့ကြိုးတပ် အကျီလေးကို ပန်းနုရောင်ဇာအပါးလေးထပ်၀တ်ထားပြီး တံတားအောက်မှာ လူမျော်နေတဲ့ အစ်မရဲ့သဘာ၀အလှက ကျားအို၊ ကျားပျိုလေးတွေ တံတားပေါ်ကနေ အောက်ကိုကြည့်မိတာနဲ့ ထင်းကာ၊ ၀င်းကာ၊ လင်းကာ၊လက်ကာ ဖြစ်သွားအောင် အရာအားလုံးကို အောက်ကပင့်တင်တားတယ်။


ကိုယ်နဲ့သူမ အမူယာသာမက မျက်လုံးချင်းပါ အချင်းချင်းစကားပြောမိလိုက်ကြပြီ။ သူမလည်း ကိုယ့်လိုပဲ ဒီနေ့ စျေးဦးမပေါက်သေးပေမယ့် မိန်းမသားမို့ ကိုယ့်ထက်တော့ အခွင့်ရေးပိုတယ်လို့ပြောရင်လည်းရတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ကိုယ်ကခံသာတယ်။ ဘာလို့လဲဆိုရင် ကိုယ့်ချထားတဲ့ အစာကိုလာဟတ်မယ့် သူကရှိနေပြီ။ အစာကို လာမခဲသေးလို့ ကိုယ်ကမဆွဲသေးတာ။


သူမကိုနုတ်ဆက်နေရင်းနဲ့ ကိုယ့်ရဲ့ သားကောင်လေးက တံတားကိုတစ်ချက်ပတ်ပြီး ကိုယ်ရှိရာ အရပ်ကိုလာနေပါပြီ။


“ ဓါတ်ပုံလေးတစ်ပုံလောက်ရိုက်ပေးပါလား”


ဆိုတဲ့စကားနဲ့ အညှီနံ့လေးကြောင့် ချိတ်လေးထည့့်ထားတဲ့ အစာကို အသာလေးလာနမ်းတယ်။

“ ဟုတ်ကဲ့”

မရီမပြုံးလေးပြောပြီး မျက်လုံးတွေကို အထက်အောက်စုန်ဆန်ကြည့်ပေးလိုက် တော့ အဓိပ္ပါယ်ပါတဲ့ မျက်စောင်းတစ်ချက် ခပ်ဖွဖွလေး သားကောင်ကထိုးတယ်။ ပြီးတော့ ရိုက်ပေးထားတဲ့ ပုံလေးတွေကြည့်ရင်း


“ပုံရိုက်ပေးခက စျေးတော့မများပါဘူးနော်”


“ မများပါဘူးဗျာ"

လို့ပြောရင်း ဘယ်လက်က လက်ညိုးတစ်ချောင်းကွေးကာညွတ်ရင်း ညာလက်က လက်ငါးချောင်းထောင်ပြလိုက်ပြီးချိန်မှာတော့ ကိုယ်အဆင်သင့် မြုပ်ထားတဲ့ ချိတ်သေးသေးလေးက သူ့အာခေါင်မှာစူးစိုက်သွားလေတယ်။ 


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဒုတိယအကျော့ တံတားပေါ်ပြန်ရောက်လာချိန်မှာ အရာအားလုံးဟာ နေသားတကျဖြစ်နေတယ်။ ကိုယ်လည်းသိပ်စိတ်ပူပူပန်ပန်မရှိတော့ဘူး။ ဘာလို့ဆိုရင် ဒီနေ့ အတွက်တစ်သောင်းခွဲနဲ့မုန့်ဖိုးပေါင်းရင် နှစ်သောင်းကျော်ရပြီ။ဒါဆို ဒီနေ့အတွက် ဖူလုံပြီလို့ ပြောလို့ရတယ်။ အိပ်ကိုပြန်ရင် သူကြိုက်တတ်တဲ့ ကိတ်မုန့်ပျော့ပျော့လေးနဲ့ ကုန်နေတဲ့ နွားနီတစိတ်နို့မှုံထုတ် ၀ယ်ပြန်မယ်လို့ တွေးနေချိန် တံတားပေါ်ကို ဝှေ့ကနဲတက်လာတဲ့ အနံ့လေးကြောင့် စိတ်မနောနဲ့ သားကောင်လား မုဆိုးလားခွဲခြာနေတုန်းမှာပဲ တက်လာတဲ့သူနှစ်ယောက်ထဲ က တစ်ယောက်က ဖြတ်ဆိုတစ်ချက် ကိုယ့်ကိုပြုံးပြနုတ်ဆက်တယ်။ကိုယ့်အတွက် ဒုတိယမြောက် ထိပြီးငြိရမယ့် ပွဲလေးတစ်ခုရှိပြန်ပြီပေါ့။


ကျန်တစ်ယောက်က ဆူးလေစေတီကိုလက်အုပ်ချီပြီး ရှိခိုးအာရုံပြုတယ်။ ပြီးတော့ ကိုယ့်ဘေးလာ ရပ်ပြီး

“ တစ်ဆက်ရှင်ကိုဘယ်လောက်လဲညီလေး”


ကိုယ့်လို သားကောင်လိုက်နေပါတယ်ဆိုတဲ့ သူရဲ့စ်ိတ်ထဲမှာတောင် ဟာကနဲဖြစ်သွားတယ်။ ဒီလိုရဲတင်းတဲ့ ပွဲခင်းမျိုးကိုစောင့်နေတာ။ လက်နှစ်ချောင်းကို အသာလေး လှုပ်ပြလိုက်တော့ တစ်သောင်းတန် အသစ်နှစ်ရွက်ကို Arrow ပိတ်ဆံအိပ်အရှည်လေးထဲ ကချက်ချင်းထုတ်ပေးလို့နည်းနည်းအံ့အားသင့်သွားတယ်။ ဒီလူတွေက မိုက်လှချေလားပေါ့။


“ ဘယ်နေရာကိုသွားချင်သလဲ”


“ဘယ်မှမသွားပါဘူး။ ဒီမှာပဲ”

စိတ်ထဲ ဘယ်လိုလူ…အူကြောင်ကျားတွေနဲ့ လာတွေနေမှန်းမသိဘူးလို့ တွေးလိုက်မိပေမယ့် သူတို့ပေးထားတဲ့ ငွေနှစ်သောင်းက ကိုယ့်လက်ထဲရောက်နေပြီလေ။ ဘာပဲ လာလာ ဒေါင်းလိုက်ယုံပေါ့ ။


သူတို့သိချင်တာတွေ အသေးစိတ်မေးပြီးချိန်မှာ ကိုယ့်ကိုနုတ်ဆက်ပြီးပြန်သွားတယ်။ သူတို့ ပြန်သွားတဲ့အချိန်မှာ ခံစားရတဲ့ ကိုယ့်ရဲ့ ရိုးသားစွာသိမ်ငယ်ခြင်းကိုတော့ သူတို့သိကြမယ် မထင်ဘူး။ သူတို့အမြင်မှာ ကိုယ်ဟာ ငွေကြေးကို မရိုးမသားရှာဖွေတဲ့သူ၊ လက်ကျောမတင်းတဲ့သူဆိုပြီး မြင်ရင်လည်းမြင်ကြပါလိမ့်မယ်။ ဘ၀ဒီရေလှိုင်းက နိုမ့်မြင့် တက်ကျရှိနေတတ်တော့ ပတ်၀န်းကျင်က မြင်ချင်ရာကွက်မြင်ပြီး ထင်ချင်ရာကွက်ထင်ကြ တဲ့ သူတစ်ပါးရေးဆွဲတဲ့ ပန်ချီကားချပ်မှာ ကိုယ်တွေက ဆေးအကြမ်းစပ်ခံရတဲ့နေရာလေ ။


ကိုယ့်ရဲ့နောက်ကွယ်မှာ အချစ်ရဲ့ ရင်ခုန်ခြင်းတွေရှိတယ်။ ဘ၀ရဲ့ ပူပန်ရခြင်းတွေရှိတယ် ။ အိမ်ထောင်ရေးရဲ့ တာ၀န်ယူရခြင်းတွေရှိတယ်။မျိုးဆက်သစ်အတွက်ရင်နာရခြင်းတွေပါတယ်။ ဒါတွေကို ညည်းပြီး မရိုးမသား လိမ်ညာရှာဖွေမနေချင်တော့။


တနင်္လာနေ့ - သောကြာအထိ ကုန်စိမ်းတန်းက ကုန်စိမ်းရောင်းသမားလေးဟာ စနေတနင်္ဂနွေလိုညမျိုးမှာ နွေးနွေး၊ဒေလီယာ၊သော်တာ အစရှိတဲ့ နာမည်တွေအတိုင်းပဲ ပေါ့ပေါ့ပါးပါး ပျော်ပါးငွေရှာနေတယ်လို့တော့ မသမုတ်ကြပါနဲ့။ သူစိမ်းသူတွေ ကိုယ့်ဘ၀ရဲ့ အပူတွေကိုနားလည်ပေးကြတယ်ဆိုတာက ခဏပါ။ လက်တွေ့ရုန်းကန် နေရတဲ့ဘဝတွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို မချိုမြိန်တာတော့ အမှန်။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ဘာပဲပြောပြော ကိုယ့်ရဲ့နောက်ကွယ်က အကြောင်းလေးတွေကိုမေးပြီး ဒီလိုငွေလေးပေးတော့လည်း နောက်အပတ် စနေတစ်ရက်ကိုယ်နားရတာပေါ့။ ပြီးရင် သူတို့တွေ ကလေးမွေးပြီး သဲတန်းလေးမှာ မီးယပ်ကျိုးနေတဲ့ ကိုယ့်မိန်းမအကြောင်းကိုလည်း စာဖတ်သူတွေမျက်ရည် ကျအောင် မေတ္တာတွေချူကြပါလိမ်မယ်။ ဒါတင်မက မိဘမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လေးကိုလည်းအသက်သွင်းရင်သွင်းကြပါဦးမယ်။ ဒီထက်ပိုပြီး စနေတနင်္ဂနွေနှစ်ရက်မှာ မိဘနဲ့အတူမနေရဘဲ ကွမ်းယာသည်လက်ထဲ ဘ၀အပ်ထားရတဲ့ သမီးလေး အကြောင်းကိုလည်း အမှတ်တရ ရေးချင်ရေးကြပါလိမ့်မယ်။


သူတို့ရေးတဲ့ ဒီစာတွေကို ဖတ်မိတဲ့ စာဖတ်သူတွေကလည်း မဖြစ်သင့်ဘူး၊ ဖြစ်သင့်တယ်၊ မလုပ်သင့်ဘူး၊ လုပ်သင့်တယ်။ မတရားဘူး၊တရားတယ်၊မလိမ္မာဘူး၊ လိမ္မာတယ် စသဖြင့် သူတို့ကမ္ဘာနဲ့ယှဉ်ထိုးပြီး ငြင်းကြ၊ခုန်ကြ၊ပြောကြ၊ဆိုကြပါဦးမယ်။


ဒီလိုပဲ ဆူးလေတံတားပေါ်က တစ်သောင်းခွဲတန် ကိုယ့်ရဲ့လုပ်အားခလေးတွေအကြောင်းကိုလည်း စနေ၊ တနင်္ဂနွေပုံပြင်ဆိုပြီး ဖေးဖေးမမ ဖြည့်တွေးပြီးရေးရင်လည်းရေးကြလိမ့်မယ်လို့ တွေးရင် ကိုယ့်ရဲ့ အပြန်လမ်းလေးဟာ ပေါ့ပါးနေခဲ့ပေမယ့် လက်တွေ့နဲ့ ကင်းကွာလွန်းတဲ့ စိတ်ကူးယဉ်အနာဂတ်ဟာ ကိုယ့်လိုလူတွေအတွက် အင်အားတစ်ခုမဖြစ်တာတော့ အမှန်။


@@@@@@@@@@@@@@@@@@@@@@@@@@@@@


မိုးချုပ်ချုပ်အိမ်ပြန်လမ်းမှာ သမီးလေးကိုပွေ့ပြီးပြန်လာတော့ နုတ်ဆက်နေကြ ညိုမကလည်း အမြှီးလေးတရမ်းရမ်းနဲ့ နုတ်ဆက်နေလို့ မိန်းမအတွက်၀ယ်လာတဲ့ထဲက ကိတ်လေးတစ်ခု ကိုကျောပိုးအိတ်လေးထဲက ထုတ်ကျွေးလိုက်တယ်။ ဒါမှ ညိုမလည်းသန့်စင်တဲ့ငွေနှစ်သောင်းထဲက၀ယ်လာတဲ့ ဖြူစင်တဲ့အရသာလေးကို စားပြီး ဟိုလူတွေလည်းကုသိုလ်ရမှာ။

ကိုယ့်လိုဖခင်တည်ထောင်ထားတဲ့ မိသားစုဘ၀မို့ ဒီလိုငွေဖြူတွေကို သုံးဖို့မထိုက်တန်ဘူးလို့ သူတို့ရေးတဲ့စာတွေဖတ်ပြီးသတ်မှတ်ကြမယ့် စာဖတ်သူတွေရှိရင်တောင် ညိုမကိုကျွေးလိုက်တဲ့ ကိတ်မုန့်တစ်ခုအတွက်တော့ သူတို့တွေ ၀မ်းပမ်းသာပေးကြလိမ့်မပေါ့။


အနက်ရောင်မိုးကောင်းကင်ကြီးအောက်က ပိတုန်းရောင်မြေသားတွေပေါ် ဖြတ်လျောက်နေရတဲ့ ကိုယ်နဲ့သမီးလေးရဲ့ အိမ်အပြန်လမ်းဟာ အရာရာမှောင်မိုက်နေတယ်။ စိတ်ထဲမှာလည်း ညနေက ချက်ထားခဲ့တဲ့ ထမင်းနဲ့ဟင်းလေး သူမစားမှစားပါ့မလားလို့တွေးနေမိတယ်။ ဒီလိုလျောက်နေရင်း သမီးလေးမျက်နှာကိုကြည့်မိတော့ ပါးစပ်က တလှုပ်လူပ်နဲ့နို့တောင်းနေတယ်။သူမရဲ့ အိပ်မက်ကမ္ဘာမှာ ခဏတော့ နို့ဆာပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်လက်ညိုးတစ်ချာင်းကို ပါးစပ်ထဲအရင်စုပ် ....ထွက်လာတဲ့တံတွေးကိုအပြင်ကိုထွေးပြီးမှ သမီးလေးပါးစပ်ထဲအသာထိုးထည့်လိုက်တော့ သမီးလေးက လက်ညိုးကိုအသာလေးစုပ်တယ်။


ကိုယ့်လက်ညိုးက ဘယ်တော့မှထွက်မလားနိုင်တဲ့ နို့ကိုမျော်ပြီး သမီးလေးက စုပ်နေရာကနေ စိတ်တိုပြီး ကိုယ့်လက်ကိုသူကိုက်လိုက်တာမို့ တော်တော်လောဘကြီးတဲ့ ကောင် မလေးလို့ပြုံးပြီးပြောလိုက်ချိန်မှာ တံတားပေါ်က အစ်ကိုနှစ်ယောက်ရဲ့ မင်းကတော်တော် လောဘကြီးတာပဲဆိုတဲ့ စကားနဲ့အပြုံးကိုပြန်ကြားမိတယ်။ ဘာလို့လဲဆိုရင် သူတို့ရေးတဲ့ဇာတ်ကောင်ရဲ့ နာမည်ကို အဆင့်မြင့်မြင့်လေးပေး….ပေးပါလို့ ကိုယ်ကပြောလို့တဲ့။


ဒါကြောင့် အဲ့အစ်ကိုရဲ့ ဇာတ်လမ်းထဲမှာကိုယ့်ရဲ့နာမည်က


“ တိမ်မိုးယံ” ။


ဇော်ညီညီ(နေပြည်တော်)

၆.၅.၂၀၁၇ 

(12: 30 AM)


***Color Rainbow Magazine

Volume (31) November 2017

No comments: