Wednesday, November 1, 2023

လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia)

လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) 😣😫



Dyspareunia ဆိုတာ လိင်ဆက်ဆံစဉ်အတွင်း လိင်အင်္ဂါဧရိယာ (သို့မဟုတ်) တင်ပါးဆုံတွင်း နာကျင်မှုခံစားရတာအတွက် အသုံးအနှုန်းဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်တတ်ပြီး လိင်မဆက်ဆံမီ၊ လိင်ဆက်ဆံနေစဉ်နဲ့ လိင်ဆက်ဆံပြီးနောက်မှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံစဉ် နာကျင်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းများစွာရှိသော်လည်း ကုသနိုင်ပါတယ်။
..
🔺ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ

လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) ကို ဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ တချို့အမျိုးသမီးတွေအတွက်တော့ ဒါဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အခြားအမျိုးသမီးတွေအတွက်တော့ စိတ်ခံစားမှုဆိုင်ရာအကြောင်းအရင်းတွေကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကတော့…

- သွေးဆုံးပြီးချိန်၊ ကလေးမီးဖွားပြီးချိန်အပါအဝင် နို့တိုက်ခြင်းနဲ့ အချို့ဆေးဝါးတွေ သောက်သုံးနေရခြင်းတို့ကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း

- အရေပြားရောဂါတွေဖြစ်တဲ့ အနာဖြစ်တာ၊ အက်ကွဲတာ၊ ယားယံတာနဲ့ ပူလောင်တာတွေဖြစ်နေခြင်း

- ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)

- ကလေးမွေးဖွားစဥ်က မိန်းမကိုယ်ဒဏ်ရာရတာ၊ အခြား မတော်တဆ ဒဏ်ရာရဖူးတာ၊ episiotomy (ကလေးမွေးစဉ် မိန်းမကိုယ်ချဲ့ခြင်း) လုပ်ဖူးတာ၊ သားအိမ်ခွဲစိတ်မှုနဲ့ တင်ပါးဆုံတွင်းခွဲစိတ်မှု လုပ်ဖူးတာ

- vulvodynia လို့ခေါ်တဲ့ မိန်းမအင်္ဂါစပ်တစ်ဝိုက် နာကျင်မှု

- မိန်းမကိုယ်ရောင်ရမ်းခြင်း (vaginitis)

- မိန်းမကိုယ်နံရံရှိ ကြွက်သားများ အလိုအလျောက် တင်းကျပ်ခြင်း (vaginismus)

- သားအိမ်အတွင်းမြှေးတွင် အလုံးတည်ခြင်း

- ဆီးအိတ်ရောင်ခြင်း

- တင်ပါးဆုံတွင်း ရောင်ရမ်းခြင်း

- သားအိမ်တွင်း အလုံးတည်ခြင်း

- ဓာတ်ရောင်ခြည်နှင့် ဓာတုကုထုံးခံယူနေရခြင်းတို့ကြောင့် ဖြစ်ပါတယ်။
.

ဒါ့အပြင် လိင်စိတ်ဆန္ဒကို လျော့ကျစေတဲ့အချက်တွေဟာလည်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) ကို ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့...

- စိတ်ဖိစီးမှုကြောင့် တင်ပါးဆုံတွင်း ကြွက်သားများ တင်းလာခြင်း

- လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ကြောက်ရွံ့ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း

- ကိုယ့်ခန္ဓာကိုယ်နှင့် ပတ်သက်၍ ယုံကြည်မှုမရှိခြင်း

- သန္ဓေတားဆေးများ သောက်သုံးနေရခြင်း

- နှစ်ဦးကြားဆက်ဆံရေးပြဿနာများ

- ကင်ဆာ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါနှင့် သိုင်းရွိုက်ရောဂါများ ရှိခြင်း

- လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းမှုပြုကျင့်မှု ခံရဖူးခြင်း စတာတွေဟာ လိင်ဆက်ဆံစဉ် နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေပဲ ဖြစ်ပါတယ်။
...
...

🔺 လိင်ဆက်ဆံစဉ် နာကျင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ

လူတစ်ဦးနဲ့တစ်ဦး နာကျင်မှုခံစားရတဲ့နေရာနဲ့ ပုံစံကတော့ ကွဲပြားတတ်ပါတယ်။

- မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်အတွင်းနာကျင်ခြင်း

- ထိုးသွင်းဆက်ဆံစဉ် နာကျင်ခြင်း

- လိင်ဆက်ဆံစဉ် (သို့မဟုတ်) လိင်ဆက်ဆံပြီးနောက် နာကျင်ခြင်း

- လိင်ဆက်ဆံစဉ် တင်ပါးဆုံတွင်းနာခြင်း

- ကနဦးနာကျင်မှုမရှိဘဲ လိင်ဆက်ဆံပြီးနောက်မှ နာကျင်ခြင်း

- အချို့သော လိင်ဆက်ဆံဖော်တွေနဲ့ အချို့အခြေအနေတွေမှသာ နာကျင်ခြင်း

- tampon သုံးတဲ့အခါ နာခြင်း

- ပူလောင်ယားယံပြီး နာကျင်ခြင်း

- ဓမ္မတာလာတဲ့အခါ ဗိုက်အောင့်သလို နာကျင်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
...
...

🔺 ဘယ်သူတွေမှာ လိင်ဆက်ဆံစဉ် နာကျင်ခြင်း ဖြစ်နိုင်ခြေများလဲ

အမျိုးသမီးရော အမျိုးသားရော လိင်ဆက်ဆံစဉ် နာကျင်ခြင်း ခံစားရနိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

လိင်ဆက်ဆံစဉ် နာကျင်ခြင်းဟာ သွေးဆုံးပြီးအမျိုးသမီးတွေရဲ့ အဖြစ်အများဆုံး ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ American College of Obstetricians and Gynecologists (ACOG) ရဲ့အဆိုအရ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံစဉ် နာကျင်ခြင်းရဲ့ လက္ခဏာတွေကို တစ်သက်တာကာလအတွင်း အနည်းနဲ့အများဆိုသလို ခံစားရလေ့ရှိပါတယ်။

တကယ်လို့ မိန်းမကိုယ်ခြောက်သွေ့စေတဲ့ ဆေးတွေသောက်နေရတာ၊ ဗိုင်းရပ်စ် (သို့မဟုတ်) ဘက်တီးရီးယား ကူးစက်မှုရှိတာနဲ့ သွေးဆုံးပြီးတာ စတဲ့အချက်တွေရှိနေရင်တော့ လိင်ဆက်ဆံစဉ် နာကျင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
...
...

🔺ဘယ်လို စမ်းသပ်စစ်ဆေးနိုင်လဲ

ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ကလိုအပ်တာတွေ မေးမြန်းနိုင်ပါတယ်။ တင်ပါးဆုံတွင်း စစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဆရာဝန်က ပြင်ပနဲ့အတွင်းပိုင်း တင်ပါးဆုံတွင်းဧရိယာကို စမ်းသပ်ပြီး အောက်ပါလက္ခဏာတွေ ရှိ/မရှိ ကြည့်နိုင်ပါတယ်...

- လိင်အင်္ဂါနှင့် ယောနိအတွင်းပိုင်း ခြောက်သွေ့ခြင်း

- ရောင်ရမ်းခြင်း (သို့မဟုတ်) ပိုးဝင်ခြင်း

- ခန္ဓာဗေဒဆိုင်ရာ ပြဿနာများ

- လိင်အင်္ဂါကြွက်နို့

- အမာရွတ်

- ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်များ

- သားအိမ်အတွင်းမြှေး အပြင်ရောက်ခြင်း

- နာကျင်မှု

အတွင်းပိုင်းစစ်ဆေးမှုလုပ်တဲ့အခါ သားအိမ်ခေါင်းချွဲမြှေးစစ်ဖို့နဲ့ မိန်းမကိုယ်ကိုကြည့်ရှုဖို့ speculum လိုအပ်နိုင်ပါတယ်။ နာတဲ့နေရာကို သိရဖို့ စမ်းသပ်စစ်ဆေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

ဒါ့အပြင် တင်ပါးဆုံတွင်း အာထရာဆောင်းဓာတ်မှန် (ultrasound) ရိုက်ခြင်း၊ ပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မတည့်မှုစစ်ဆေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်နိုင်ပါတယ်။
...
...

🔺 လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) ကို ဘယ်လို ကုသနိုင်သလဲ

ဆေးဝါးများ — ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ စတီးရွိုက်လိမ်းဆေး၊ ထိုးဆေးစတာတွေ သုံးနိုင်ပါတယ်။ ရေရှည်ဆွဲသောက်နေရတဲ့ဆေးတွေက မိန်းမကိုယ်ခြောက်သွေ့တာကို ဖြစ်စေတာဆိုရင် တခြားအစားထိုးဆေးတွေ သုံးနိုင်ပါတယ်။

အီစတိုဂျင်ဟော်မုန်း (Estrogen) ပမာဏနည်းခြင်းဟာ အချို့အမျိုးသမီးတွေမှာ လိင်ဆက်ဆံစဥ် နာကျင်ခြင်းကို ဖြစ်စေပါတယ်။ သောက်ဆေး၊ လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ကွင်းတွေ သုံးပြီး ဟော်မုန်းပမာဏ ပုံမှန်ဖြစ်အောင် လုပ်နိုင်ပါတယ်။

Ospemifene (Osphena) လို့ခေါ်တဲ့ အီစထရိုဂျင်မပါတဲ့ဆေးဟာလည်း မိန်းမကိုယ်တစ်ရှူးတွေအပေါ်မှာ အီစတိုုဂျင်ကဲ့သို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်ရှူးတွေကို ပိုထူစေပြီး ပိုမိုထိခိုက်ခံနိုင်စေတာကြောင့် လိင်ဆက်ဆံစဉ် နာကျင်မှုခံစားရခြင်းကို လျှော့ချပေးနိုင်ပါတယ်။
.

အိမ်တွင်းကုထုံးများ — ချောဆီ အသုံးပြုပါ။ စိတ်အပန်းပြေတဲ့အခါမှာမှ လိင်ဆက်ဆံပါ။ နာကျင်မှုအကြောင်းလက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။ လိင်မဆက်ဆံမီ ဆီးသွားတာ၊ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ အကိုက်အခဲပျောက်ဆေးသောက်တာတွေ လုပ်နိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်တစ်ဝိုက်ကို ရေခဲအိတ်ကပ်ပေးပါ။
.

အစားထိုးကုထုံးများ — အာရုံခံခြင်းကုထုံးနဲ့ လိင်ဆက်ဆံမှုကုထုံးတွေ ဖြစ်ပါတယ်။ နာကျင်ကိုက်ခဲမှုကို လျှော့ချပေးနိုင်တဲ့ Kegel လေ့ကျင့်ခန်းတွေလိုမျိုး မိန်းမကိုယ်ကြွက်သားတွေကို ပြေလျော့စေတဲ့နည်းလမ်းတွေ လုပ်နိုင်ပါတယ်။

လိင်ဆက်ဆံမှုကုထုံးမှာတော့ ရင်းနှီးမှုပြန်လည်တည်ဆောက်ဖို့နဲ့ ဆက်ဆံရေးကို တိုးတက်အောင်ပြုလုပ်နည်းတွေကို လေ့လာနိုင်ပါတယ်။
...
...

🔺 လိင်ဆက်ဆံစဉ် နာကျင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

ကြိုတင်ကာကွယ်ဖို့အတွက် သီးသန့်နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမယ့် လိင်ဆက်ဆံစဉ်မှာ နာကျင်မှုဖြစ်နိုင်ခြေကို လျှော့ချဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်နိုင်ပါတယ်....

• ကလေးမွေးဖွားပြီးနောက် လိင်ဆက်ဆံမှုပြန်မစမီ အနည်းဆုံး ခြောက်ပတ်စောင့်ပါ။

• မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာရှိနေရင် ချောဆီသုံးပါ။

• တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းကောင်းလုပ်ပါ။

• ပုံမှန်ဆေးကုသမှု ခံယူပါ။

• ကွန်ဒုံးစတာတွေသုံးပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ (STDs) ကို ကာကွယ်ပါ။

Reference: 📚
https:// www. healthline. com/health/dyspareunia#prevention




❤️ NUG, MOH တယ်လီကျန်းမာ စာမျက်နှာမှကူးယူမျှဝေသည်။❤️

No comments: