Saturday, April 13, 2024

ဂေးတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက် (စ-ဆုံး)

 


- နုနုရည်(အင်းဝ)


  ချယ်တို့က 'ဂျယ်' ဆိုတော့၊ မိန်းမလျှာဆိုတော့ အဲ...အဲ…ရိုင်းရိုင်းခေါ်ရင် အခြောက်မ၊ ဂျီမတွေဆိုတော့ ကိုယ့်စကားကိုယ် အထင်အမြင် သေးချင်ကြတယ်။ စကားပေါ့၊ စကားပို၊ စကားလျှံ ထင်ကြတယ်၊ ဖိနပ်ကြားက နတ်စကားထွက်မလားပေါ့…ဒီလို…သူတို့က။

  

ပြောပါစေ…ပြောပါစေ…ထင်ပါစေ…။ တနေ့တော့ ဂျီမ စေတနာကို သိလာမှာပါ။ ဘယ်သူက ဘာတွေထင်လည်း ဂရုမစိုက်သေးဘူး။ ဂျီမဘဝကို ပြောင်ပြောင်တင်းတင်း ခံယူလိုက်ပြီးကတည်းက ချယ်တို့ (အချစ်ဝတ္ထုတွေထဲက ခပ်တေတေ ဇာတ်လိုက်မ လေသံနဲ့ ပြောရရင်) “ချယ်တို့ ဘာကိုမှဂရုမစိုက်ပြီ၊ သေမှာမကြောက်လို့ ပေတရာ လျှောက်နေတာ…၊ ဘယ်အရာကို ချယ်ဂရုစိုက်ရမည်နည်း။ ချယ် ဂရုမစိုက်လိုပြီ…။

  

ချယ် သိပ်နားလည်သည်ပေါ့…။ လေးငါးတန်းမျှသာတတ်တဲ့ ပညာမဲ့မှ မဟုတ်ဘဲ။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ သိပ်နားလည်သည်ပေါ့။

  

ဒီဘ၀ ဂျီမဖြစ်ရတာဟာ ဟိုအရင်ဘဝက သူများသားမယားကို စော်ကားပစ်မှားခဲ့လို့ဆိုတဲ့ ဗုဒ္ဓတရားတော်အလိုအရလည်း ချယ်သိတယ်။ သိပ္ပံနည်းကျကျ လေ့လာပြီး စိတ်ပညာရှင်တွေက ပြောတဲ့ (Homo Dysfunction) ဟိုမုန်းပြောင်းလဲတဲ့ ရောဂါ၊ ဟိုမုန်း ကမောက်ကမ ဖြစ်တဲ့ရောဂါဆိုတာကိုလည်း ချယ် သိတယ်။

  

ရောဂါပဲဖြစ်ဖြစ်၊ ဝဋ်ခံရတာပဲဖြစ်ဖြစ် ဂျီမဘဝဟာ မကောင်းဘူးဆိုတာလည်း ချယ်သိတာပါပဲ။ ကိုယ့်ကိုမြင်သူတိုင်းက ရယ်စရာ သတ္တဝါတယောက်လို သဘောထားကြတယ်။ တချို့ကလည်း ရွံစရာ သတ္တဝါတယောက်လို ကြည့်ကြတယ်။ ကိုယ်ပြောတဲ့စကားကို ဘယ်သူမှ မလေးစား ချင်ဘူး။ အထင်သေးကြတယ်။ ယောကျ်ားတန်မဲ့နဲ့ ရေသာခိုအချောင်လိုက်နေကြတယ်လို့ ထင်ကြတယ်။ ခုဆို ပိုဆိုးသေး၊ ဘတ်စ်ကားပေါ်မှာ ချယ်တို့နဲ့ လူတွေက တွဲမထိုင်ချင်ကြတော့ဘူး။ အေအိုင်ဒီအက်စ် ရောဂါပိုး ဖြန့်ဝေသူလို့ ထင်ကြပြန်တယ်။ ကဲ…စဉ်းစား…ဂျီမ၊ အခြောက်မ ဖြစ်ရတဲ့ဘ၀ ဘယ်မှာကောင်းလို့လဲ။ ဘယ်သူဖြစ်ချင်မလဲ။ တကယ်ပါ ချယ်လည်း ဖြစ်ချင်ပါ့မလား၊ ချယ်မဖြစ်လိုပါ …။ ချယ် မဖြစ်လိုတာ သေချာပါသည်ကွယ်…။

  

ချယ် ရောဂါစတာ ငါးနှစ်သမီး။ အဲ…ငါးနှစ်သားလောက်ကပေါ့။ ချယ့်ဒက်ဒီက အစိုးရအရာရှိတယောက်၊ မာမီက ဟိုစပ်စပ် ဒီစပ်စပ် ပွဲစားမပေါ့။ ချယ်က အကြီးဆုံးသား သြရဿ၊ သားကြီး သြရဿအခြောက်ဖြစ်တာလေ ကောင်းကြရော။ ချယ်တို့အိမ်က ဂျယ်လီ…ဂျယ်လီနဲ့ ချစ်စနိုးခေါ်ကြတယ်လေ။ ယောကျ်ားနာမည် မှည့်ထားတာက တော့ ‘အောင်ပြည်စိုး’ တဲ့။ ထားလိုက်ပါတော့ ဒါက တကပ်။ ရုပ်ရှင်စကားနဲ့ ပြောတာလေ… ကပ် ချိန်းလိုက်ဦးမယ်။

  

အဲ…ငါးနှစ်သားလောက်မှာ ချယ်ဆိုတဲ့ ဂျီမပေါက်စလေးက၊ မာမီ့မိတ်ကပ်တွေ၊ နှုပ်ခမ်းနီတွေ ယူလိမ်း၊ ယူဆိုး၊ ပြီးတော့ မာမီ့ထမီကြီး ဝတ်ပြီး တိုက်ခန်းဝရန်တာမှာ ဆယ့်နှစ်ရာသီ ကနေတာပဲ။ ကိုယ့်ဖာသာကိုယ် ဘာဖြစ်မှန်းလည်းဘယ်သိမလဲ။ အဲဒါ လမ်းပေါ်က ရှောက်သီးဆေးပြားရောင်းတဲ့ အခြောက်မကြီးတွေက မြင်တော့ ‘သမီးလေး…သမီးလေး…’ နဲ့ လှမ်းလှမ်းခေါ်ကြတယ်။ ဇာတ်သွင်းတာလေ…၊ အခြောက်မကြီးတွေလုပ်ပုံ လုပ်စရာလား…။

  

ချယ်ကတော့ အဲလိုခေါ်ရင် ရှက်ရှက်ပြီး အိမ်ထဲဝင်ပြေးတာပဲ။ ချယ် အဲလို ကကနေတာကို အစကတော့ ဒယ်ဒီရော၊မာမီရော ကလေးပဲဆိုပြီး ကြည့်နေသေးတယ်။ ဆယ်နှစ်သားကျော်လာတော့ ဒယ်ဒီတို့ မာမီတို့ လန့်လာပြီ ဘောင်းဘီရှည်မချွတ်တမ်းဝတ်ပြီး ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဂျယ်လီကလေ…၊ ဂျယ်လီကလေ…နဲ့ပြောရာကနေ ချယ်က…ချယ်က…နဲ့ဖြစ်လာပြီလေ။ ကျောင်းစာအုပ်အဖုံးမှာလည်း ‘ပန်းချယ်ရီမမ’ တဲ့ နာမည်တွေပြောင်းလို့...။ အဲတင် ဒယ်ဒီက အိမ်ရှေ့ဝရန်တာမှာ ကြိုးနဲ့တုတ်တော့တာပဲ။ ပြီးတော့ ကြိမ်လုံးနဲ့ ‘ဟေ့ကောင်…မင်း…မိန်းမ လား…၊ ယောကျ်ား လား…ပြောစမ်း’ ဆိုပြီး ‘ရွှမ်း’ ဆိုတချက်ချ။ ချယ်က ကျောလေးကော့ပြီး ‘အမယ်လေး…မိန်းမပါဒယ်ဒီရဲ့...’ ဆိုပြီး အော်တာပဲ။

  

ဒယ်ဒီကလည်း “ယောကျ်ားပါ” လို့ မပြောမချင်း ချတယ်။ ဘယ်ခံနိုင်မလဲ ကြာတော့ လက်မြှောက် ဒူးထောက် အညံ့ခံလိုက်ရတာပေါ့။ သဲ့သဲ့မျှသော လေသံလေးနဲ့... ‘ယောကျ်ားပါ ဒက်ဒီရယ်’ လို့သာ ပြောလိုက်ရတယ်။ နောက်နေ့ကစပြီး ဒယ်ဒီ အမိန့်အတိုင်း ယောကျ်ားလေးလို ပုဆိုးဝတ်ရတယ်။ ရှပ်အင်္ကျီဝတ်ရတယ်။ မိန်းကလေးတွေနဲ့ မကစားရဘူး။ ညနေတိုင်း ဒယ်ဒီနဲ့ လက်သီးထိုးရတယ်။ ချယ် ကြိုးစားပြီး စိတ်ကိုပြောင်းပါတယ်။ ဒယ်ဒီကို ကြောက်လည်း ကြောက်တယ်။ မာမီကိုလည်း သနားပါတယ်။

  

ချယ် ခုနှစ်တန်းလောက်မှာ တော်တော် ဟုတ်သွားသေးတယ်။ ယောကျ်ားလေးလို ပြန်ဖြစ်သွားတယ်။ တခါတလေ ပေါ်လာတဲ့ ကနွဲ့ကလျ နေချင်စိတ်တွေကိုလည်း အတင်း မောင်းထုတ်ပစ်တာကိုး။ ဒါပေမယ့် ဒယ်ဒီတို့ အမှားကြောင့် ချယ်ဒုက္ခရောက်သွားပါတယ်။ ဒယ်ဒီပေါ့၊ ချယ်ပိုပြီး ယောကျ်ားပီသအောင် ယောကျ်ားလေး၊ မိန်းကလေး ရောနေတဲ့ကျောင်းကနေ ယောကျ်ားလေးကျောင်းကို ပြောင်းပစ်တယ်လေ။ ပြောင်းစရာလား…။ သူက ထင်တာလေ…။ ထင်တာ…။ ယောကျ်ားလေးတွေချည်းဆိုတော့ ယောကျ်ားပိုဖြစ်မယ် ထင်တာ။ ဖြစ်လိမ့်မယ်… ဖြစ်လိမ့်မယ်…။ အရွယ်လေးက ဆယ့်လေး၊ ဆယ့်ငါး၊ စိတ်ကစားတဲ့အရွယ်။ ပြီးတော့… စိတ်ကလေး မခိုင့်တခိုင်ကို အတင်း ကျားကန်ခိုင်းထားရပါတယ်ဆိုမှ အထာကျွမ်းနေတဲ့ ကျောင်းသားဆိုးတွေက ချောင်တွေမှာ အတင်းလိုက်လိုက် ဖက်နမ်းတော့ သွားရော…။ ‘အောင်ပြည်စိုး’ ကနေ ‘ပန်းချယ်ရီမမ’ ပြန်ဖြစ်ရော…။

  

မပြောနဲ့တော့... ကျောင်းမှာတော့ ချယ်ရီတို့က စူပါစတားပေါ့။ တနေ့တနေ့ စာအစောင် နှစ်ဆယ်လောက်ရတယ်။ အကုန်လုံး ကြီးကြီးမာစတာ့ သားတွေချည်းပဲ။ ဒါပေမယ့် ပြန်မကြိုက်ပါဘူး။ “ပညာသင်နေတုန်း အချစ်ရေးကို မစဉ်းစားသေးဘူး…” လို့ စဉ်းစားရင်း ရှေ့ဆုံးကထည့် စဉ်းစားပါ့မယ် လို့ စာပြန်လိုက်တာပေါ့…။

  

ဒက်ဒီတို့ မာမီတို့ မသိအောင် မုန့်ဖိုးစုပြီး မိတ်ကပ်၊ နှုတ်ခမ်းနီဝယ်၊ ကျောင်းမုန့်ဆိုင်က အဒေါ်ကြီးဆီမှာ အပ်ထားရတယ်။ ကျောင်းစောစော လာပြီး မုန့်ဆိုင်အကွယ်မှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီ ပါးပါးဆိုးပြီးမှ အတန်းထဲဝင်တာ၊ ချယ်တို့များ အတန်းထဲ ဝင်လာပြီးလားဆိုမှဖြင့် လက်ခေါက်မှုတ်သံ၊ လေချွန်သံတွေမှ ဆူညံလို့။ “ချယ်လေးရေ…ချစ်ချစ်” နဲ့ အသံမစဲဘဲ။ ကြည်နူးရတာများ မပြောနဲ့တော့။ တကယ်ပြောတာ။ မိန်းမအစစ်တွေလိုပဲ ကြည်နူးသာယာတာ၊ ချယ် ‘စပိမတွေ’ ကိုမေးကြည့်ဖူးတယ်။ စပိမဆိုတာ မိန်းမအစစ်ကို ခေါ်တာလေ။ ခုဆို ‘စပိမ’ လို့ မခေါ်တော့ဘူး။ ‘ငံပြာရည်’ လို့ခေါ်တယ်။ ထားပါတော့ ဒါကတကပ်။

  

အဲဒီ့စပိမတွေက ပြောတယ် သူတို့လည်း ယောကျ်ားလေးတွေက ကိုယ့်ကိုလှတယ်ပြောရင်၊ ချစ်တယ်ပြောရင် ကြည်နူးသာယာတာပဲတဲ့။ အဲဒီခံစားမှုဟာ တမျိုးဘဲတဲ့၊ ကိုယ်ကချစ်နေတဲ့သူဆို ပိုတောင်ခံစားရသေးသတဲ့။ အဲဒီခံစားမှုဟာလည်း ဘာနဲ့မှမတူဘူးတဲ့။ သိပ်မှန်တာပေါ့ကွယ်။ အချစ်ရဲ့ ခံစားမှုကို ချယ်တို့လည်း ခံစားခဲ့ဖူးသည်ပေါ့။ ရင်ထဲက အသည်းနှလုံး ပေါက်ခုန်ထွက်မတတ် တဆတ်ဆတ် တုန်ယင်မောဟိုက်လာစေအောင် စွမ်းဆောင်နိုင်စေတာလည်း အချစ်၊ ကမ္ဘာလောကကြီး တခုလုံးကျွမ်းထိုး မှောက်ခုံဖြစ်အောင် စွမ်းဆောင်နိုင်တာလည်း အချစ်ပေါ့။ ပန်းမမချယ်ရီ တယောက် အချစ်၏ ကျေးကျွန်ဘ၀ အကြိမ်ကြိမ် ရောက်ဖူးသည်ပေါ့ကွယ်။ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးသည်ပေါ့ကွယ်…။

  

ဒါပေမယ့် ချယ် အချစ်ဦးကို တက္ကသိုလ်ရောက်မှ စတွေ့တာပါ။ ဆယ်တန်းမှာ တယောက်တွေ့သေးတယ်။ ဒါပေမယ့်… ချယ် မျိုသိပ်လိုက်ပါတယ်။ ဘာကြောင့်လည်းဆို ကိုးတန်းနှစ်မှာ ချယ့် အမူအရာတွေကို အိမ်က ပြန်ရိပ်မိပြီး တိုက်ဝရန်တာ လူမြင်ကွင်းမှာ ဒယ်ဒီက ပုဆိုးချွတ် ရိုက်တယ်ရယ်လို့။ ရိုက်စရာလား…။ အပျိုဖားဖားကြီးကို လုံးချည်ချွတ် ရိုက်တယ်ရယ်လို့။ ရှက်လိုက်တာ။ ဒယ်ဒီရဲ့ ကြိမ်ဒဏ်ရာတွေကတောင် ချယ့်အရှက်ကို မဖုံးလွှမ်းနိုင်ဘူး။ ငိုနေတဲ့ မာမီ့ကိုသနားပြီး ဒယ်ဒီကို ဒုတိယအကြိမ်မြောက် ပြောရပြန်တယ်။ ‘ကျနော် ယောက်ျားပါခင်ဗျ၊ အောင်ပြည်စိုးပါခင်ဗျ…’ လို့ ဆယ်ကြိမ် ပြောရပြန်တယ်။ အဲဒီတခါ ချယ် တော်တော်စိတ်ညစ်သွားတယ်။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတယ်။ ချယ် စာတွေလည်း တော်တော်ဖတ်နေပြီဆိုတော့ သိလည်း သိနေပြီလေ။ ရခဲလှတဲ့ ယောက်ျားဘဝကို ချယ် တကယ်လိုချင်ပါတယ်။ ရနေလျက်သားနဲ့ ချယ်မလိုချင်နေတာက ချယ့် အမှား၊ ချယ်ညံ့လို့ဆိုပြီး ချယ်ကြိုးစားပြန်တယ်။

  

ချယ် ဘာလုပ်တယ်မှတ်လဲ…။ အောင်ပြည်စိုး၊ လူချောလေး၊ အမိုက်အခိုက်လေး အောင်ပြည်စိုးအဖြစ်နဲ့ ကောင်မလေးတွေကို လျှောက်လိုက်တယ်။ သိတယ် မဟုတ်လား… ဒီက အရပ် ထောင်ထောင်မောင်းမောင်း ဖြူဖြူဖွေးဖွေးနဲ့ မျက်လုံးကောင်း၊ မျက်ခုံးကောင်းရယ်။ နေအောင်ရယ်၊ ကျော်သူရယ်၊ ရန်အောင်ရယ်၊ ပေါင်းထားတဲ့ရုပ်မျိုး။ စဉ်းစားကြည့်…။ စပိမတွေ၊ ငံပြာရည်တွေ ဘယ်လောက် ခိုက်လိုက် ကြိုက်လိုက်မလဲ…။

  

တလလောက် စပိမချောချောလေးတွေနောက်ကို လိုက်တာ စွံရော၊ စပိမလေးတယောက်နဲ့။ ချောချောလေးပါပဲ။ နာမည်တောင် မေ့နေပါပြီ။ သူ့ကိုချစ်ဖို့ အောင်ပြည်စိုးခမျာ အတော်လေး ကြိုးစားကြည့်ပါတယ်။

  

သမီးရည်းစားတို့ ဘာသာဘာ၀ အင်းလျား ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ လျှောက်သွား ချိန်းတွေ့။ ဘယ်လိုမှ မကြည်နူးဘူးရှင်… ကဲ…။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ရုပ်ရှင်ရုံနောက်ဆုံးတန်းဝင်ကြည့် ပစ်တယ်။ ပြောဦးမယ် ရုပ်ရှင်ပြတာနဲ့ သူက ကိုယ့်ပခုံးကို နွဲ့မှီလာတယ်။ ကိုယ့်လက်ကို ကိုင်လာတယ်။ မီးရောင်မှိန်လဲ့လဲ့မှာ ချစ်သူနှစ်ဦး ဘယ်လောက်ကြည်နူးဖို့ ကောင်းလဲ။ တခါတည်း စိတ်တွေ မွန်းကျပ်ပြီး ချွေးတွေပြန်လာတယ်။ ရုပ်ရှင်ရုံထဲကနေ ထွက်ပြေးချင်လာတယ်။ မိန်းမချင်းလိုပဲ ချယ့် စိတ်ထဲမှာ ခံစားလာရတယ်။ ခက်တာက ကိုယ်နွဲ့မှီချင်နေတာက ကိုယ့်ရှေ့ တခုံကျော်မှာလေ။ ရုံထဲဝင်ကတည်းက မြင်လိုက်ပြီးပြီ။ မျက်လုံးချင်းဆုံလိုက်ပြီးလို့ ဒိတ်ကနဲတောင် ခုန်သွားခဲ့ပြီးပြီ။ သူကကိုယ့်လို ဂျင်းပင် နဲ့ တီရှပ်နဲ့ ပါပဲ။ ဒါပေမယ့် သူက ယောက်ျားစစ်၊ ကိုယ်က ကျားယောင်ဆောင်ထားတဲ့ ကျားအတုကိုး…။

  

အဲဒီစပိမနဲ့ ရုပ်ရှင်ရုံကအပြန် လမ်းခွဲကြတာပဲ။ ဟုတ်တယ် ချယ်ဘယ်လိုမှ သူ့ကို ချစ်လို့မှမရတာ။ ညီမလိုပဲ ခင်တယ်။ ညီအမချင်းတွေလိုပဲ သဘောထားလို့ရမယ်။ သူကတော့…ချယ်က အသဲစား ဘုရင်ကြီးတဲ့။ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ကိုစိမ်းပင်ကြီးတဲ့…။ ခက်လိုက်တာများဆိုတာ စိတ်ကိုမရှည်ဘူး။ အော်လိုက်ချင်ပါတယ်… “ငါချစ်တာက ခန္ဓာသုခ…” လို့။ ဟုတ်တယ်။

  

သနားတော့ သနားပါတယ်။ သူ့ခမျာ ကိုယ့်ကို ချစ်သက်လက်ဆောင်တွေ ဘာတွေပေးလို့။ ပေးတာက ယောပုဆိုး အဆင်လှလှလေး။ အဲ…ကိုယ်လိုချင်နေတာက…ဟော့ရှော့ ဇာအင်္ကျီလက်ပွ အတွန့်နဲ့ ကြိုးသိုင်းဒေါက်ဖိနပ်။ မခက်ဘူးလား…။

  

အချစ်ဦးလေးနဲ့က တက္ကသိုလ်မှာ တွေ့မယ့်သာတွေ့တာပါ။ တက္ကသိုလ်လေးနှစ် တလျှောက်လုံး ချယ် ယောက်ျားပုံဖမ်းပြီး သိုသိုသိပ်သိပ် နေခဲ့ပါတယ်။ အောင်ပြည်စိုး ဘဝနဲ့ဘဲ နေခဲ့ပါတယ်။ အချစ်ဦးကို အဝေးကနေ ကျိတ်ချစ်ခဲ့တာပါ။ သူက ချယ်တို့ မေဂျာကင်း ပေါ့။ အလှဘုရင်မောင့်ကို မိန်းကလေးတိုင်း ချစ်ချင်ကြမှာပါ။ မောင်က ဂျင်းပင်နဲ့စပို့ရှပ်ကို အမြဲဝတ်တတ်ပြီး မော်တော်ဆိုင်ကယ်လေးနဲ့။ တခါတလေကျ ကားအဖြူလေးနဲ့။ မောင်ဟာ ဆင်စွယ်နန်းပေါ်က မင်းသားလေးတပါးပါ။ ချယ်နဲ့ ကွာဝေးလွန်းပါတယ်။

  

မောင်ထိုင်တတ်တဲ့ အတန်းနောက်မှာထိုင်ပြီး မောင့်ကိုယ်သင်းရနံ့ကိုပဲ မသိမသာ နမ်းရှုံ့ရတယ်။ မောင် ကျောင်းလာတာကို စောင့်ကြည့်ရတယ်။ ကင်တီးမှာ မောင့်စားပွဲကပ်လျက်ကို ထိုင်စားပြီး စိတ်ကူးနဲ့ လက်ဆုံစားရတယ်။ ဒါလောက်ပါပဲ။ ချယ် ဒီထက်မပိုခဲ့ပါဘူး။ အဝေးကပဲ ချစ်ခဲ့ပါတယ်။

  

နောက်ဆုံးနှစ်မှာ မောင်အတွဲရသွားတော့…အို…ချယ် အသဲကွဲခဲ့ရတယ်။ ဖျပ်ဖျပ်လူးနေအောင် ခံစားခဲ့ရတယ်။ ဟိုစပိမရဲ့ဝဋ်ချယ် ကောင်းကောင်းလည်ပြီပေါ့။ အသည်းကွဲဝေဒနာကို ချယ် တော်တော်ကျက်အောင် ကုလိုက်ရတယ်။ ကျောင်းပိတ်ရက်မှာ ဂျီမ သူငယ်ချင်းတယောက်ရဲ့ အလှပြင်ဆိုင်ကိုသွားပြီး မိတ်ကပ် ဆံပင် သင်လိုက်တယ်။

  

ချယ်ငယ်ငယ်လေးကတည်းက အဲဒီမိတ်ကပ်ဆံပင် ကိစ္စကို အရမ်းစိတ်ဝင်စားတယ်လေ။ ဒါတောင် အဲဒီဆိုင်က ဂျီမတွေက ကိုယ်က ယောက်ျားပုံဆိုတော့ ပထမစိတ်ဝင်စားကြသေးတယ်။ ဂျီမကို စိတ်ဝင်စားတဲ့ အမိုက်အခိုက် ကောင်လေးဆိုပြီးပေါ့။ နောက်မှ ဂျီပုန်းမမှန်း သိသွားကြပြီး အဖုံးကိုပွင့်အောင် သင်းတို့ပဲ လုပ်လိုက်တာလေ။

  

ကျောင်းပြီးတာနဲ့ ချယ် ဆုံးဖြတ်လိုက်တော့တယ်။ ချယ်…ပြောင်ပြောင်တင်းတင်းပဲ ဂျီမဘဝကို ခံယူလိုက်တော့မယ်…။ ဟုတ်တယ်လေ…ချယ် ကိုယ့်ကိုယ်ကိုသိပြီ။ ချယ် ဘယ်လိုမှ ယောကျ်ား မဖြစ်နိုင်တော့ဘူး။ ချယ် ကိုယ့်ကိုယ်ကို အမျိုးမျိုး ကြိုးစားကြည့် ပြီးပါပြီ။ ချယ်ဟာ မိန်းမပဲ။ ချယ့်စိတ်က မိန်းမပဲ။ ချယ် မိန်းမလိုပဲနေချင်တယ်။ မိန်းမတယောက်အနေနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ်။ စိတ်မချမ်းမသာနဲ့ ဟန်ဆောင်နေရတဲ့ဘဝမှာ ချယ်မနေပါရစေနဲ့။ ချယ့်မှာ သတ္တိရှိပါတယ်။ အခြောက်မ ဂျီမတယောက်အနေနဲ့ ဘဝကိုရင်ဆိုင်ဖို့ သတ္တိရှိပါတယ်။ ဖြစ်လာသမျှကို ချယ် ရင်ဆိုင်မယ်။ “လောကကို မျက်နှာအသစ်နဲ့ ရင်ဆိုင်တော့မယ်ဟဲ့” ဆိုပြီး ဆုံးဖြတ်ပြီးတဲ့ နောက်တနေ့မနက်မှာပဲ ခြေသလုံးမွှေးတွေ အကုန်ရိတ်၊ ထမီကို ဝတ်ချလိုက်တယ်။


ဂျီမဘဝနဲ့ ချယ် လောကကြီးထဲမှာ စတင်လှုပ်ရှားလိုက်တာနဲ့ ပထမဆုံး ချယ် အိမ်ပေါ်က ဆင်းခဲ့ရတယ်ရှင်…။ ဂျီမသူငယ်ချင်း တယောက်နဲ့ ချယ် သွားနေတယ်။ ချယ် ဆံပင်အငှားညှပ်ပြီး အသက်မွေးဝမ်းကျောင်းတယ်၊ စိတ်ချမ်းသာလိုက်တာ။ ချယ် မိန်းမတယောက်လို နေလို့ရပြီ၊ လွတ်လပ်စွာနေလို့ရပြီ။ ဒါပေမယ့် ထင်သလို မနေပါဘူး။ အဆင့်အတန်းမြင့်မြင့် သပ်သပ်ရပ်ရပ်နဲ့ ဂုဏ်သရေရှိ ကတော်မတွေလိုပဲ နေပါတယ်။

  

ကိုယ် လမ်းထွက်လို့လမ်းမှာ ပြုံးစိပြုံးစိ ကြည့်ကြပြီ၊ ရတယ်ရှင်…ကြည့်ပါ…။ စိတ်မဆိုးတတ်ပါဘူး။ အသားလည်းပဲ့မပါပါဘူး ‘မမ သိပ်လှတာပဲ၊ ညီမ သိပ်မိတာပဲ’ ပြောပါရှင်…ရပါတယ်…ကျေးဇူးတင်ပါတယ်…လို့တောင် ချယ်ပြန်ပြောလိုက်ပါတယ်၊ အဲ…အဲလိုမဟုတ်ဘဲနဲ့ “ဘာပုံကြီးတုန်း ဂန်ဒူးမ အရှက်မရှိဘူးလား…ဘာလား” နဲ့တော့ မရိုင်းနဲ့ ချယ့် အကြောင်းကောင်းကောင်း သိသွားမယ်။ ပိုက်ဆံအိတ်ထဲမှာ အမြဲထက်မြက်နေတဲ့ ဆံပင်ညှပ်တဲ့ ကပ်ကြေး အမြဲတမ်းပါတယ်။ ချယ့်ကို ထမင်းလည်းကျွေးသော စော်ကားမော်ကားလုပ်သူတွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေးသော သက်တော်စောင့် ကတ်ကြေးကလေးပေါ့ရှင်…။

  

ချယ် ဒုတိယအချစ်နဲ့တွေ့တဲ့ကောင်လေးဟာ ဒီကတ်ကြေးလေးက အောင်သွယ်တော်လေးပေါ့။ ချယ်က သူ့ကို ‘ချာတိတ်’ လို့ပဲခေါ်တယ်။ ချယ့်ထက် ငယ်တယ်။ ဆယ်တန်းကျောင်းသားလေး။ နုနုကလေးနဲ့ ချောချောကလေး။ သူက ချယ်တို့ဆိုင်မှာ ဆံပင်လာလာညှပ်တယ်။ ပြီးတော့ ချယ်ညှပ်ပေးတာကိုမှ သဘောကျတယ်။ ချယ် ညှပ်ပေးမှ ဆိုပြီး လာကြတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် အဲဒါတွေထဲမှာ ချယ်ကလည်း သူ့ကိုမှ ချစ်မိသည်။ မြင်မြင်ချင်းပင် စွဲလမ်းမိပါသည်ဖြစ်တာ။ ကဲ…ဟုတ်ပြီ။ စွဲလမ်းတာကတော့ ဟုတ်ပြီ။ ကိုယ်ချစ်နေတာ သူသိအောင် သူကကိုယ့်ကိုပြန်ချစ်အောင် ချယ်စွမ်းဆောင်စမ်း။ ဂျီမတို့ တတ်အပ်တဲ့ အဌာရသတွေနဲ့ ကြံစမ်း…ကြံစမ်းပေါ့။

  

ချယ်တို့ဘဝဟာ အောက်ကျ နောက်ကျ နိုင်လှပါတယ်။ မိန်းမအစစ်တယောက်အနေနဲ့တောင် ကိုယ်က တဖက်သက်ကြိုက်မိရင် ယောက်ျားလေးကို စဖို့ ခက်ပါဘိသနဲ့။ ဂျီမ တယောက်အနေနဲ့ဆိုရင်တော့ တွေးသာကြည့်တော့…။ ချယ့်မှာလေ…အနူးညံ့အသိမ်မွေ့ဆုံးနည်းတွေနဲ့ ချာတိတ် သဘောကျလာအောင် ကြိုးစားလိုက်ရတာ။ ဆံပင်လေးကို ကတ်ကြေးလေးနဲ့ တယုတယညှပ်ပေးရင်း၊ ကတ်ကြေးလေးအကြောင်း ပြောပြလိုပြောပြရ၊ ချာတိတ် မျက်နှာပေါ်က မရှိတဲ့ ဆံပင်မွှေးလေးတွေကို သေသေချာချာ ကောက်ပေးလိုကောက်ပေးရနဲ့။ ချာတိတ်ကအိန္ဒြေရှင်မပုံစံကို ကြိုက်တတ်တယ်ဆိုတော့လည်း နေပြလိုက်ရတာ အိန္ဒြေရှင်မပုံစံ၊ ကျစ်ဆံမြီး အရှည်ကြီးထားပြီး ရင်ဖုံးနဲ့ ချိတ်ထမီတောင် ဝတ်နေလိုက်ချင်သေးတယ်။ ချာတိတ်ကြိုက်သလို ချယ် နေမယ်။ ချယ် ချာတိတ်ကို တကယ်ချစ်နေမိပြီကိုး…။

  

ချယ်နဲ့ ချာတိတ် ချစ်သွားကြတော့ ချာတိတ်ကလေ ချယ့်ဆီလိုက်နေတယ်။ ချယ့်သူငယ်ချင်း အိမ်မှာပေါ့၊ ဂျီမသူငယ်ချင်းက ကိုယ်ချင်းစာရှာပါတယ်။ သူလည်း ချစ်ဖူးသူ၊ ရူးဖူးသူကိုး။

  

ချာတိတ် ချယ့်ဆီလာနေတဲ့ ရက်တွေဟာ ချယ့်အဖို့ ဘယ်လိုမှ မေ့မရတဲ့ ရက်တွေရယ်ပါ။ မနက်လင်းရင် ချာတိတ်အတွက် မျက်နှာသစ်ရေအဆင်သင့်၊ သွားတိုက်တံလေးပေါ်မှာ ဆေးလေး ညှစ်လို့၊ မျက်နှာသုတ်ပဝါလေး ပုခုံးတင်ပြီး ချာတိတ် မျက်နှာသစ်နေတာကို စောင့်ကြည့်ရတာ ဘယ်လိုကြည်နူးမှန်း မသိဘူး။ ချာတိတ် မနိုးခင် အိန္ဒြေရှင်မ ဈေးလည်းသွားပြီးပြီ၊ ချာတိတ် ကြိုက်တတ်တာလေးတွေ ချက်မယ်၊ ထမင်းလက်ဆုံစားမယ်၊ ချာတိတ် သတင်းစာဖတ်၊ စာအုပ် ဖတ်နေတဲ့နားမှာ ကြမ်းတိုက်ရတာ၊ ဘုရားပန်းလဲရတာ ဘယ်လို အရသာရှိမှန်းမသိဘူး။ သာယာတဲ့ အိမ်ထောင်ရှင် မိန်းမတယောက်ရဲ့ ခံစားမှုမျိုးကို အပြည့်အ၀ ခံစားရတယ်ကွယ်။ တချိန်တည်းမှာပဲ ချယ် သိနေတာက ဒီကြည်နူးချမ်းမြေ့စရာ ရက်လေးတွေဟာ ခဏပဲ ဆိုတာ ချယ် သိနေတယ်လေ။ ဒီရက်ကလေးတွေဟာ မကြာခင် ပျောက်ဆုံးရတော့မှာကို ချယ်သိနေတယ်။ ချယ်တို့ဟာ မိန်းမအစစ်မှ မဟုတ်တာဘဲ။ ဒါပေမယ့် ချယ်တို့ရင်ထဲမှာ သားကိုသခင်၊ လင်ကို ဘုရားဆိုတဲ့ မိန်းမမျိုးစိတ် အပြည့်ရှိနေတယ်။ ဒါကို ဘယ်ယောကျ်ားမှ မယုံကြပါဘူး။ အလေးအနက် မထားကြပါဘူး။ ဘယ်လောက်များ ကြေကွဲဝမ်းနည်းဖို့ ကောင်းလိုက်ပါသလဲ…။

  

ချယ် သိပ်ကြောက်တဲ့အချိန်ဟာ မကြာလှပါဘူး ခြောက်လလောက်အတွင်းမှာ ရောက်ရှိလာခဲ့တာပဲ။ သူတို့ ယောကျ်ားတွေကတော့ လွယ်လိုက်တာ။ ချာတိတ် သူ့အိမ် ခဏဆို ပြန်သွားပြီး တပတ်လောက်ကြာမှ ချယ်တို့ဘေးအိမ်က ဖုန်းကို လှမ်းဆက်ပြောတယ်လေ။ ချယ့်ဆီ သူပြန်လာလို့ မရတော့ဘူးတဲ့၊ သူ့အမေက ချယ့်ဆီ ပြန်မသွားရဘူးဆိုပြီး ငွေတထောင် မုန့်ဖိုးပေးတယ်တဲ့လေ။ ကြည့်ပါဦး ချယ်နဲ့ငွေတထောင် လဲလိုက်တာပေါ့။ လဲစရာလား…။ အမယ်လေး- ဖုန်းဆက်ပြီးအပြန် ထမင်းစားပွဲပေါ် မှောက်ငိုချပစ်လိုက်တာ မျက်ရည်တွေ လက်ခုပ်နဲ့သပ်ချပစ်ရတယ်။ ပူဆွေးသောကတွေ ရောက်ပြီး အချစ်အတွက် လေလွင့်နေတာ တော်တော်ကြာတယ်။


‘မေ့ကွက်ကိုရှာ’ မာမာအေး အခွေလေးကိုင်ပြီး ကက်ဆက်ကောင်းကောင်းရှိတဲ့ ဂျီမသူငယ်ချင်းတယောက် အိမ်သွားသွားပြီး ငိုရတယ်။ နောက်ခံပလေးဘက်နဲ့ မင်းသမီးလွမ်းခန်းပေါ့။ ဘာဆေးမှ ကူစရာ မလိုဘဲ မျက်ရည်အစစ် တောက်ကနဲ တောက်ကနဲနေအောင် ကျတယ်။

  

အချစ်ကံ ခေလိုက်ပုံများတော့ လွမ်းစရာလေးတွေ အရမ်းတိုက်ဆိုင်ပြီး သိပ်ငိုချင်တဲ့အခါမျိုး ဖီလင်တွေစုပြီး တိတ်ခွေလေးကိုကိုင်ပြေးသွား၊ တခါတည်း ဟိုအိမ်မှာ တံခါးကြီးက သော့ခတ်လို့။ ဒီကကောင်မမှာ ဖီလင်တွေ အီလည်လည်ကြီးနဲ့ ဘာလုပ်လိုက်ရမှန်းမသိဘူး။ ပန်းမမချယ်ရီရဲ့ ဖြစ်အင်ကို မြင်လှည့်စေချင်ပါတယ် ချာတိတ်ရယ်…။ ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်မနေလိုတော့ဘဲ အချစ်အတွက် ဂျူးလိယက်ဆန်မလို့တောင် စိတ်ကူးမိတယ်။ အဲဒီအခါ ကျ ချာတိတ်က ရိုမီယိုလို ချယ့်ဆီပြေးလာမလား။ ချယ့်နောက် လိုက်သေလိမ့်မလား။ ချယ် သိပါတယ်။ မသေပါဘူး။ ပြေးလာမှာလည်း မဟုတ်ပါဘူး။ ဘယ်သူကလည်း အချစ်အတွက် အသက်အသေခံတဲ့ ဂျီမတယောက်ကို သနားမှာလဲ။ သနားစရာလား…။ ဒီတော့ ငြိမ်ငြိမ်နေ၊ ဂျီမတိုင်း ခံစားဖူးတဲ့ဝေဒနာကို အချိန် ဆိုတဲ့ သမားတော်ကြီးနဲ့ကု…။ ဒါပဲ။

  

အချစ်ဇာတာ စန်းလာဘ်ညှိုးမှိန်နေချိန်မှာပဲ ချယ့်ရဲ့အလုပ်ဇာတာစန်းလာဘ်က တက်လာခဲ့တယ်လေ။ ဗွီဒီယိုလောကထဲ ခြေချဝင်ရောက်ရတော့မယ် ကပ်ပေါ့။

  

ဆိုင်မှာ ဆံပင်လာလာညှပ်နေကျ ချောချော စပိမ တယောက်က ဗွီဒီယိုမင်းသမီးလုပ်မလို့တဲ့။ သူ့ကို မိတ်ကပ်ဆံပင် ချယ် လုပ်ပေးပါတဲ့။ တကားကို ဘယ်လောက်ယူမလဲတဲ့။

  

သူငယ်ချင်းဂျီမနဲ့ ခေါင်းချင်းရိုက်ရတော့တာပေါ့။ လုပ်ပါဟဲ့ သူငယ်ချင်းမရဲ့...၊ လုပ်ပါဟဲ့…၊ စုံစမ်းစမ်း…။ ဗွီဒီယိုဆိုတဲ့အကြောင်း။ အဲဒီတုန်းက ဗွီဒီယိုခေတ်ဦးလေ။ ခုလောက် အုန်းအုန်းကြွက်ကြွက် မညံသေးဘူးကိုး။ ရုပ်ရှင်၊ မိတ်ကပ် ဆံပင်လောက်ပဲကိုယ်ကသိတာ။ ပြီးတော့ ရုပ်ရှင်၊ မိတ်ကပ် ဆံပင်မှာ ကိုယ့်အနေနဲ့ တိုးဖို့ဆိုတာ မလွယ်တော့ အေးအေးပဲ အလှူမင်္ဂလာ ဆောင်ဝိုင်း ဝင်မယ်လို့ ဒုန်းဒုန်းချထားတာ။ ခုလိုဆိုပြန်တော့ ရုပ်ရှင် မိတ်ကပ်လိုင်း ဝင်ကြည့်ရသေးတာပေါ့ဆိုပြီး ရုပ်ရှင်မိတ်ကပ်ဘုရားတွေဆီ သွားပြီး ဆည်းပူးနည်းနာယူရသေးတယ်။ ကိုယ့်မာမီဆန်တို့၊ မာမီစိုးတို့ဆိုတာ မိတ်ကပ်ဆန်နီ၊ မိတ်ကပ်မာမီစိုးတို့ဆိုပြီး နာမည်တလုံးနဲ့နေတာတွေ။ ဘုရင်မကြီးတွေ။ သူတို့ကလည်း လုပ်ကြည့်ပေါ့တဲ့။ “ ဟဲ့…ငါတို့တုန်းကဆို နင်တို့လို လွယ်တယ်မထင်နဲ့။ ရုပ်ရှင်မိတ်ကပ်လေး လိမ်းရပါ့မယ်အကြောင်း ဒါရိုက်တာကိုကပ်ရ၊ မင်းသမီးကိုကပ်ရ၊ ရှူတင်က မနက်အစောကြီး ထွက်မှာ၊ ကိုယ့်အိမ်က ဝေးတော့ ညကတည်းက ဒါရိုက်တာ့အိမ် သွားအိပ်ပြီး၊ လိုက်ရတာ လိမ်းချင်လွန်းလို့၊ မင်းသမီးမတွေကလည်း သောက်ကဲပါလိုက်တဲ့အမျိုး ခေါင်းကိုက်ရင် ဖြည်းဖြည်းကိုင် မျက်ခုံးမွှေးဆွဲတာကဘယ်လိုကြီးနဲ့ ဟုတ်ကဲ့ အစ်မ ဟုတ်ကဲ့ အစ်မနဲ့ သည်းခံပြီး လုပ်ခဲ့ရတာ” တဲ့။

  

မာမီတို့ပြောတာ မှန်ပါတယ်။ ကိုယ်လုပ်ကြည့်တော့ အတွေ့အကြုံလည်းရ၊ နာမည်လည်း ရ၊ ပိုက်ဆံလည်း ရတာပေါ့။ ဆိုင်က ဂျီမသူငယ်ချင်းဆီက လက်ခစားရတဲ့ ပိုက်ဆံက ချယ့်အတွက် ဘယ် မည်မည်ရရဟုတ်မလဲ။ ထားလိုက်ပါတော့ တကပ်။

  

ဟိုမင်းသမီးနဲ့ ဈေးစကားပြောကြတော့ တကားတထောင်နဲ့တည့်တယ်။ သူစွံလို့ နာမည်ကြီး မင်းသမီးဖြစ်ရင် တိုးပေးမယ်ပေါ့။ ဟုတ်ပြီပေါ့။

  

ပြောဦးမယ်…။ ကိုယ်နာမည်ရအောင်ပေါ့… မိတ်ကပ်ပစ္စည်းကတော့ အကောင်းစားတွေ သုံးမယ်ဆိုပြီး လျှောက်ဝယ် အရင်းထောင်တာ ငွေတထောင် ကျော်ကျော်ချောရော၊ မင်းသမီးဆီက ရသေးတာမဟုတ်ဘူး။ ကိုယ်စုထားတာလေးနဲ့ ဂျီမသူငယ်ချင်းဆီက ချေးဝယ်တာ။


ကဲလေ…ကုန်ချင်ကုန် ကိုယ့်တက်လမ်းအတွက်ပဲဆိုပြီး ပြင်တုန်းဆင်တုန်း…ဒယ်ဒီ အလုပ်ပြုတ်တယ်ဆိုတဲ့သတင်း ကြားရတော့တာပဲ။ မာမီကလည်း နေမကောင်းဘူးတဲ့။ ဘယ့်နှယ်လုပ်မလဲ။ ကိုယ်က အကြီးဆုံးသား။ ချယ့်အောက်မှာ သုံးယောက်ရှိသေးတယ်။ ကျောင်း တပိုင်းတစတွေနဲ့ချည်းပဲ။ ချယ် အိမ်ပြန်လာခဲ့တာပေါ့။ ဒယ်ဒီရော မာမီရော မျက်ရည်တွေကျလို့။ စိတ်ဓါတ်တွေလည်း ကျလို့။ ကဲ…ဘာမှ စိတ်ဓါတ်ကျစရာမလိုဘူး ဒယ်ဒီ။ ကိုယ်တယောက်တည်း မဟုတ်ဘူး။ အများ။ ဒယ်ဒီ လုပ်ရဲရင် ခံရဲရမယ်။ ဒယ်ဒီတာဝန်ကျေတယ်။ မာမီလည်း မငိုနဲ့။ ချယ် လုပ်ကျွေးမယ်။ ဒယ်ဒီတို့ ဘာမှမပူနဲ့လို့ ကိုယ့်မိဘကို အားပေးရတာပေါ့။

  

ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ ပူလို့။ ဗွီဒီယို မိတ်ကပ်လိုင်းမှာ ဝင်ဆံ့ပါ့မလား။ ကိုယ့်မင်းသမီး အောင်မြင်ပါ့မလား။ သူ မအောင်မြင်ရင် ငါ့ ဘယ်သူက ငှားပါ့မလဲ။ ဆိုင်လက်ခစား ဆံပင်ညှပ်ခနဲ့ကတော့ ဘယ့်နှယ်လုပ်မိသားစု စားလောက်ပါ့မလဲနဲ့ ပူလိုက်ရတာ…တော်ပါသေးရဲ့ …တော်ပါသေးရဲ့...ပန်းချယ်ရီမမ စန်းထဖို့ ချိန်တန်ပြီခေတ်ကိုရောက်လို့...။

  

ကိုယ့် မင်းသမီးကလည်း အောင်မြင်၊ ဗွီဒီယိုခေတ် အုန်းအုန်းထတဲ့အချိန်လည်း ရောက်လာနဲ့ မိတ်ကပ် ‘ချယ်’ ဆိုတဲ့ နာမည်လေး ထွက်သွားတယ်။ ပိုက်ဆံလည်း တထောင့်ငါးရာထိ ရလာတယ်။ ကားရိုက်ရက်တွေကလည်း ဆက်လို့။ မရောက်ဖူးတဲ့ မြို့တွေလည်း အကုန်ရောက်၊ ပျော်လို့၊ ချစ်သူအသစ်တွေလည်းတွေ့၊ စန်းက အကုန်ထတာအကုန်။ ဒါပေမယ့် ချယ် တခါသေဖူး လို့ ပျဉ်ဘိုး၊ ဂူဘိုး နာလည်ခဲ့ပြီ။ ရူးခဲ့ မူးခဲ့ ဖူးပြီ။ တော်ပြီကွယ် ‘ချယ်’ အရူးချစ် မချစ်တော့ဘူး။ ဘီလူးချစ်ပဲချစ်တော့မယ်။ ချစ်ပြီးရင် သွား…။ ကိုယ်ပစ်လိုက်တဲ့ ခုံဖိနပ်စုတ်၊ ဘယ်ခွေးဝဲစားမ ချီချီပေါ့လို့ သဘောထားလိုက်…။ ဒါပဲ။

  

ချယ်ရဲ့ရွှေရောင်လက်တွေတလက်လက် ဖြစ်စပြုလာတာကို ဒယ်ဒီကလည်း မြင်လာတယ်နဲ့တူပါရဲ့။ အမယ်…ချယ့်လက်တွေကို ကြည့်ပြီး မချီးမွမ်းစဖူး ချီးမွမ်းလို့။ “မင်းလက်တွေ ငါ အခုမှ သေချာကြည့်မိတယ်။ တယ်လှတဲ့ လက်တွေပါလား…” တဲ့။ ဒယ်ဒီက…ဒယ်ဒီက…။ ပြောလိုက်ရတယ် “ ဒယ်ဒီတင်မဟုတ်ဘူး၊ လူတကာကပြောတာ” လို့ပြီးတော့ပြောရသေးတယ် “ဒီမှာဒယ်ဒီ” လို့ “အခုတော့ ချယ် အဖိုးတန်မှန်းသိပြီမို့လား၊ နှစ်မျိုး အားကိုးရတယ် မဟုတ်လားဟင်။ ချက်ရမလား ပြုပ်ရမလား။ လျှော်ဖွတ် မီးပူတိုက်ရမလား။ အိန္ဒြေရှင် ဗိုင်းကောင်းကျောက်ဖိ မလေးလိုလည်း ရတယ်၊ အပြင်ကိစ္စဝိစ္စ ယောက်ျားလေးလိုနေရာမျိုးတွေ သွားရမလား၊ ပြောရဆိုရမလား ရတယ်။ ဒီလို နှစ်မျိုးအားထားရတဲ့ သားသမီးမျိုး ရတာ ဒယ်ဒီ တကယ်ကံကောင်းတယ်မှတ်ပါ…” လို့။


✍ နုနုရည်(အင်းဝ)

No comments: