Saturday, January 31, 2026

မုန်းတီးမှု - တားမြစ်မှုများအောက်မှ လိင်တူချစ်ခြင်း

လူတစ်ယောက်ရဲ့ လိင်စိတ်ကို 

အလုပ်ဖိအားက ပြောင်းလဲနိုင်စွမ်းရှိသလား?




အလုပ် ၊ ပတ်ဝန်းကျင် ၊ အပေါင်းအသင်းမိတ်ဆွေစသဖြင့် အမျိုးမျိုးသောဖိအားတွေ များလွန်းတဲ့အခါမှာ လူတစ်ယောက်က Straight ကနေ Gay ဖြစ်သွားနိုင်တယ်ဆိုတဲ့  အဆိုကိုဒီရက်ပိုင်း Social Media တွေမှာ အမျိုးမျိုးသော ဝေဖန်မှုတွေနဲ့တွေ့မြင်လာရပါတယ်။


လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation ) ဆိုတာ မွေးရာပါဇီဝဗေဒဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်တွေအပေါ် မှာ အခြေခံတယ်လို့ သုတေသနများက ဖော်ပြထားပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ဆိုတာ အလုပ်ဖိအား၊ စိတ်ဖိစီးမှု၊ ဘဝအခက်အခဲတွေကြောင့် ရုတ်တရက် ပြောင်းလဲသွားနိုင်တဲ့ အရာမဟုတ်ပါဘူး။ 


ဖိအားတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အပြောင်းအလဲတွေဟာဆိုရင်  စိတ်ကျရောဂါ ၊ ပူပင်သောကများခြင်း ၊ အိပ်မပျော်ခြင်း ၊ ဆုံးဖြတ်ချက်ချရာတွင် ခက်ခဲခြင်း တို့သာဖြစ်နိုင်ပါတယ်။ဒီပြောင်းလဲမှုတွေမှာတော့ လိင်စိတ်တိမ်းညွတ်မှု ပြောင်းလဲခြင်းမပါဝင်ပါဘူး။ဒီတော့ အလုပ်ကရတဲ့ Stress ကြောင့် စိတ်ပင်ပန်းနေတဲ့ Straight တစ်ယောက်ဟာ စိတ်ကျရောဂါရနိုင်ပေမယ့် Gay ဖြစ်သွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။


ဥပမာအနေနဲ့ အလုပ်သစ်တစ်ခုမှာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်စွာ ဖော်ပြခွင့်ရလာတဲ့အခါ အရင်က မခံစားရတဲ့ စိတ်လှုပ်ရှားမှုတွေကို သတိထားမိလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ပြောင်းလဲသွားတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အမှန်တရားကို မတူညီတဲ့ ပတ်ဝန်းကျင်ရောက်မှ ပေါ်လာနိုင်ခြင်းသာ ဖြစ်ပါတယ်။ 


ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကနေ လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း လူတစ်ယောက်က မိမိရဲ့လိင်စိတ်ကို စူးစမ်းဖို့ ၊  လက်ခံဖို့ နဲ့ ဖော်ထုတ်ဖို့ရန်အတွက် အခွင့်အလမ်းတော့ ဖြစ်လာနိုင်ပါတယ်။ ဥပမာအနေဖြင့် - 


- ပွင့်လင်းမြင်သာစွာ နေထိုင်နိုင်သော ပတ်ဝန်းကျင် (သို့) လွတ်လပ်သောပတ်ဝန်းကျင်သို့ ပြောင်းရွှေ့ခြင်း ၊ 


- လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ဗဟုသုတတိုးပွားလာခြင်း


- မိမိကိုယ်ကို ပိုမိုနားလည်လာခြင်း


- လက်ခံမှုရှိသော လူမှုအသိုင်းအဝိုင်းနှင့် ထိတွေ့ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။ 


ဒီတော့ ဒီအချက်လေးတွေကိုရော ကိုယ့်အနေနဲ့လက်ခံနိုင်လား ၊ Straight ကGay သွားတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း မှတ်ချက်ပေးသွားပါအုံးနော် ။       ။  


#sexualorientation #straight #gay #knowledgesharing #lanpyakyel


အားကစားလုပ်ခြင်းဟာ LGBTIQ+တွေအတွက် လုံခြုံမှုမရှိသလို ခံစားနေရဆဲ ဖြစ်ကြောင်း စစ်တမ်းထုတ်ပြန်

========================================




လတ်တလောမှာပဲ YouGov ကနေ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အားကစားကို ချစ်မြတ်နိုးတဲ့ LGBTIQ+ အသိုင်းအဝိုင်းအတွက် စိတ်မကောင်းစရာ အချက်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါကတော့ LGBTIQ+ အသိုင်းအဝိုင်းက လူတော်တော်များများဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားပြုလုပ်ဖို့အတွက် လုံခြုံမှုမရှိသလို ခံစားနေရဆဲ ဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ အားကစားဆိုတာ လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ မရှိမဖြစ် အရေးကြီးတယ်ဆိုတာကိုတော့ အားလုံးသိရှိထားပြီးဖြစ်ပါတယ်။ အားကစားပြုလုပ်ခြင်းကို လူတိုင်းကလည်း စိတ်လုံခြုံမှုရှိစွာ လုပ်နိုင်ဖို့ကလည်း အရမ်းကိုမှ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ 

YouGovက ဖော်ပြခဲ့တဲ့ စစ်တမ်းအချက်အလက်တွေကတော့ -

🔻၃၇% သော LGBTIQ+ တွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့နေရပါတယ်။

🔻 ၃၄% ကတော့ သူတို့ရဲ့ လိင်ဝိသေသခံယူမှုဟာ အားကစားအဖွဲ့အစည်းတွေမှာ ပါဝင်ဖို့အတွက် အဟန့်အတားတစ်ခုလို ခံစားနေရပါတယ်။

🔻ဖြေဆိုခဲ့သူတွေထဲက LGBTIQ+ ၇၆% လောက်ကတော့ စိတ်ကျန်းမာရေး အခက်အခဲတွေ ရှိနေကြပြီး ဒါဟာ သိသိသာသာ များပြားနေတဲ့ ရာခိုင်နှုန်းတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီအရာတွေဟာ ကိန်းဂဏန်းတွေသက်သက်ပဲတော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူမှုပတ်ဝန်းကျင်ထဲက လူတွေရဲ့ ဘဝတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် ပြေးလွှားချင်တယ်၊ ကချင်တယ်၊ ကစားချင်ကြပေမဲ့ "ဘေးကင်းလုံခြုံမှု" မရှိသလို ခံစားနေရတာကိုဖော်ပြနေတာမျိုးပါပဲ။ Gymတွေမှာဖြစ်ဖြစ် အားကစား အဖွဲ့အစည်းတွေမှာဖြစ်ဖြစ် LGBTIQ+ တွေရဲ့ ခွဲခြားဆက်ဆံခံရမှုကို social mediaပေါ်မတက်လာလို့ ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ဖူးလို့ ဒီလို ခွဲခြားဆက်ဆံမှုတွေက မရှိဘူးလို့ပြောလို့မရပါဘူး။ တကယ့် လက်တွေ့မှာတော့ အဲ့ထက် ဆိုးရွားတာတွေပါ ရှိနေသေးတာဖြစ်ပါတယ်။

ဒီအရာတွေကိုလည်း မိမိကိုယ်တိုင် တစ်ဦးချင်းစီကနေလည်း စတင်ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အားကစားလုပ်တဲ့နေရာတွေမှာ LGBTIQ+တွေကို ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေ ကြားရရင် အားမနာဘဲ ထောက်ပြပြောဆိုတာမျိုး၊ မိမိကိုယ်တိုင်ကလည်း အားလုံးကို မခွဲခြားဘဲ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ခြင်းဖြင့်လည်း လူတိုင်းဟာ အားကစားလုပ်ဖို့  ထိုက်တန်ကြောင်း ခံစားမိစေဖို့ ပြုလုပ်ပေးလို့ရပါတယ်။ အားကစားဆိုတာ စွမ်းဆောင်ရည်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ပျော်ရွှင်မှု၊ ကျန်းမာရေးအတွက် အားလုံး လက်တွဲလုပ်ဆောင်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာရော မိမိကိုယ်တိုင်ရော ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေရှိရင်လည်း commentမှာ ဝေမျှပေးသွားပါဦးနော်👇👇

ကိုးကား📌

https://www.stonewall.org.uk/news/as-rainbow-laces-launches-new-survey-finds-three-times-as-many-lgbtq-people-still-face-discrimination-while-exercising

#thevoiceofpride



သင်ဟာ လိင်တူချစ်ခြင်းပေါ်မုန်းတီးသူ ဖြစ်နေပြီလား ? 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




လိင်တူချစ်ခြင်းပေါ်မုန်းတီးခြင်း ( Homophobic ) ဆိုတာ အကြမ်းဖက်မှုတွေ၊ အမုန်းစကားတွေချည်းပဲမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အသံတိတ်နဲ့လာတတ်ပါတယ်။ရယ်မောကြတဲ့ ဟာသတွေထဲမှာ၊ တစ်စုံတစ်ဦးကို အနိုင်ကျင့်ခံရတဲ့အခါ နှုတ်ဆိတ်နေတဲ့အထဲမှာ၊ ဘယ်တော့မှ မေးခွန်းမထုတ်မိတဲ့ ယုံကြည်ချက်တွေထဲမှာ၊ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လိုက်နာတဲ့ ထုံးတမ်းစဉ်လာတွေထဲမှာပါ ရှိနေတတ်ပါတယ်။


လူအများစုက သူတို့ကိုယ်သူတို့ Homophobic မမြင်ကြပေမယ့်၊ LGBTQ+ တွေကို ထိခိုက်စေတဲ့ စနစ်တွေ၊ အတွေးအမြင်တွေ၊ အပြုအမူတွေကို ထောက်ခံနေတတ်ကြပါတယ်။ ဒါကြောင့် အဓိက မေးခွန်းက "ကျွန်တော်/ကျွန်မတို့က လိင်တူချစ်သူတွေကို မုန်းလား" ဆိုတာထက် "ကျွန်တော်/ ကျွန်မရဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ နှုတ်ဆိတ်မှုတွေ၊ ယုံကြည်

ချက်တွေနဲ့ ရွေးချယ်မှုတွေက LGBTQ+ တွေရဲ့ ဘဝကို ပိုခက်ခဲစေသလား" ဆိုတာပါ။


ဆိုတော့ သင်ဟာ လိင်တူချစ်ခြင်းပေါ်မုန်းတီးခြင်း( Homophobic )ရှိတဲ့သူတစ်ယောက်ဖြစ်နေပြီလားဆိုတာ သိရအောင် အောက်ကအချက်လေးတွေနဲ့ စစ်ကြည့်လိုက်ပါနော် 


၁။သဘောထားများနှင့် ယုံကြည်ချက်များ


• LGBTQ+ ဖြစ်တာက "သဘာဝမကျဘူး"၊ "အပြစ်တစ်ခု" ဒါမှမဟုတ် "ရောဂါတစ်ခု" လို့ပြောဆိုခြင်း


• LGBTQ+ တွေဟာ "စိတ်ရှုပ်ထွေးနေသူတွေ" ဒါမှမဟုတ် "စိတ်မကျန်းမာသူတွေ" လို့ ယုံကြည်ခြင်း


• လိင်စိတ်ဆန္ဒဆိုတာ "ရွေးချယ်မှု" တစ်ခုဖြစ်ပြီး "ပြင်ဆင်လို့ရတယ်" လို့ အခိုင်အမာပြောခြင်း


• LGBTQ+ ဖြစ်တည်မှုတွေဟာ အနောက်တိုင်းရဲ့ လွှမ်းမိုးမှု ဒါမှမဟုတ် ယခုခေတ်မှ ဖြစ်လာတဲ့ Trend တစ်ခုလို့ ပြောဆိုခြင်း


၂။ဘာသာစကားနှင့် အပြုအမူများ


• LGBTQ+ လူတွေဆီသို့ စော်ကားစကားများ ဒါမှမဟုတ် မထေမဲ့မြင်ပြုသော စကားလုံးများ သုံးစွဲခြင်း


• လိင်တူချစ်သူ သို့မဟုတ် Transgender တွေကို လှောင်ပြောင်တဲ့ ဟာသများလုပ်ခြင်း


• ရည်ရွယ်ချက်ရှိရှိ နာမ်စားများ မှားယွင်းခေါ်ဝေါ်ခြင်း


• ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ပြုလုပ်ခြင်း


၃။လူမှုရေးဆိုင်ရာ ချန်လှပ်ခြင်း


• LGBTQ+ တွေနဲ့ မိတ်ဆွေဖြစ်ရန် ငြင်းဆန်ခြင်း


• LGBTQ+ တွေကို မိသားစု သို့မဟုတ် လူမှုအသိုင်းအဝိုင်းနေရာများမှ တားမြစ်ခြင်း


• LGBTQ+ တွေကို ပွဲတွေမှာ ပါဝင်ခွင့်မပေးခြင်း


• လူတွေရဲ့ ဖြစ်တည်မှု သို့မဟုတ် ဆက်ဆံရေးကို ရှက်ရွံ့စေအောင်ပြုလုပ်ခြင်း


၃။အဖွဲ့အစည်း / ဖွဲ့စည်းပုံဆိုင်ရာ လက္ခဏာများ


• လိင်တူချစ်ခြင်းများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သော ဥပဒေများ


• LGBTQ+ ဆွေးနွေးမှုများကို တားမြစ်ထားသော ကျောင်းများရှိခြင်း


• Transgender များအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိအောင် ငြင်းပယ်ခြင်း


• လိင်တူအိမ်ထောင်ပြုခွင့် သို့မဟုတ် မွေးစားခွင့်များကို တားဆီးခြင်း


• LGBTQ+ တွေအတွက် ကာကွယ်မှုဥပဒေများ မရှိခြင်း


၄။အကြမ်းဖက်မှုနှင့် ထိခိုက်မှုများ


• ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများပြုလုပ်ခြင်း


•ပုံမှန်ဖြစ်အောင် လုပ်ပေးသည်ဆ်ိုသော "ပြန်လည်ပြုပြင်ပေးသော" အကြမ်းဖက်မှု သို့မဟုတ် အတင်းအကျပ်ကုထုံးများ


• အမုန်းပေါ်အခြေခံတဲ့ ရာဇဝတ်မှုများပြုလုပ်ခြင်း


• အတင်းအကျပ်ယုံကြည်မှုပြောင်းလဲစေသော အလေ့အကျင့်များ


ကဲ သင်ဟာ တကယ်ပဲ လိင်တူချစ်ခြင်းပေါ်မုန်းတီးသူ ဖြစ်နေပြီလား


#tvop

#awareness


လိင်တူချစ်ခြင်းဆိုတာ သဘာဝ တရားတစ်ခုသာ ဖြစ်တယ်လို့ပြသနေတဲ့ တိရစ္ဆာန်များ


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




Nature Ecology & Evolution ဂျာနယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ဝေသည့် သိပ္ပံနည်းကျလေ့လာမှုအသစ်တစ်ခုအရ လူသားများမဟုတ်သော မျောက်ဝံမျိုးစိတ် ၅၉ ခုတွင် လိင်တူဆက်ဆံမှုပြုမူပုံများ တွေ့ရှိရကြောင်း သိရသည်။ ဒီထဲမှာဆိုရင် ဘိုနိုဘိုများ၊ ချင်ပန်ဇီများနှင့် မက်ကာက်များ အစရှိတဲ့ မျောက်ဝံမျိုးစိတ်များပါဝင်သည်။


မျောက်ဝံမျိုးစိတ်ပေါင်း ၄၉၁ ခုကို သုတေသီများက ပြန်လည်သုံးသပ်ခဲ့ရာ၊ ယခုလေ့လာမှုသည် မျောက်ဝံလိင်တူဆက်ဆံမှုအပေါ် ယခုအထိ ပြုလုပ်ခဲ့သမျှထဲမှာ အကျယ်

ပြန့်ဆုံး ဆန်းစစ်မှုဖြစ်လာသည်။ ယခုလေ့လာမှုတွင် ခန္ဓာကိုယ်ပေါ်တက်စီးခြင်း၊ လိင်အင်္ဂါချင်းထိတွေ့ခြင်း နှင့် လိင်တူဆက်ဆံမှု အခြားပုံစံများကို မှတ်တမ်းတင်ထားသည်။


သုတေသန၏ ဦးဆောင်ရေးသားသူ ဗင်ဆင့် ဆာဗိုလန်နန်က ယခုတွေ့ရှိချက်များက လိင်တူဆက်ဆံမှုသည် သဘာဝကျပြီး ကျယ်ပြန့်စွာတည်ရှိကာ လူမှုရေးအရ အရေးပါသည့် အပြုအမူဖြစ်ကြောင်း၊ ရှားပါးသော သို့မဟုတ် ပုံမှန်မဟုတ်သော အပြုအမူမဟုတ်ကြောင်း ပြသနေသည်ဟု ဆိုသည်။


ထို့အပြင် ဒီအပြုအမူများသည် ပြင်းထန်သောပတ်ဝန်းကျင်၊ သားရဲတိရစ္ဆာန်အန္တရာယ်မြင့်မားခြင်းနှင့် အရင်းအမြစ်များအတွက် အပြင်းအထန်ယှဉ်ပြိုင်ရသည့် မျိုးစိတ်များတွင် ပိုမိုအဖြစ်များကြောင်း သုတေသနက ထောက်ပြထားသည်။ ယင်းကဲ့သို့သော အခြေအနေများတွင် လူမှုရေးဆက်ဆံမှုနှင့် အုပ်စုအကြား စည်းလုံးမှုသည် အသက်ရှင်ရေးအတွက် အလွန်အရေးကြီးပါသည်။


လိင်တူဆက်ဆံမှုသည် လူသားများတွင်သာတည်ရှိပြီး "သဘာဝမကျကြောင်း" ဆက်လက်အခိုင်အမာပြောဆိုနေသူများအတွက် သိပ္ပံနည်းကျအထောက်အထားအသစ်များသည် ထိုယုံကြည်ချက်ကို တိုက်ရိုက်စိန်ခေါ်လျက်ရှိသည်။


Nature Ecology & Evolution တွင် ထုတ်ဝေသည့် အဓိကလေ့လာမှုတစ်ခုက လိင်တူဆက်ဆံမှုသည် တိရစ္ဆာန်လောကတစ်ခွင်တွင် ကျယ်ပြန့်စွာတည်ရှိပြီး လူသားမဟုတ်သော မျောက်ဝံမျိုးစိတ်များစွာတွင် မှတ်တမ်းတင်ထားကြောင်း အတည်ပြုထားသည်။


ဒီလိုတွေ့ရှိချက်များက လိင်တူဆက်ဆံမှုဆက်ဆံရေးများသည် လူသားများမှာသာ ရှိတတ်သောအရာ၊ ယဉ်ကျေးမှုယိုယွင်းပျက်စီးမှုမဟုတ်၊ ခေတ်သစ်ဖြစ်ရပ်လည်းမဟုတ်ဘဲ၊ သားရိုင်းတိရစ္ဆာန်များ၏ ဇီဝဗေဒနှင့် လူမှုရေးစနစ်များအတွင်း သဘာဝအပိုင်းတစ်ခုဖြစ်ကြောင်း ပြသနေပါတယ်။


#tvop

#updatenews




No comments: