Friday, February 5, 2010

Debate Letter to Eleven News articles from Mr.Aung Myo Min

ဦးနှောက်တော်တော်လေးစားနေသော မေမျိုး

ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ နော်နော်က လှမ်းပို့ပေးတဲ့အတွက် ဖတ်လိုက်မိပါတယ်... စစချင်း ခေါင်းစဉ်ကိုတွေ့ တော့ တော်တော်ဒေါသဖြစ်မိသွားတယ်...လိင်တူဆက်ဆံမှုဟာ စိတ်ဓာတ်နဲ့ ကျန်းမာရေးကို ထိခိုက်စေယုံသာမက အားပေးရာရောက်တယ်တဲ့... ခေါင်းစဉ်မှာထဲကိုက မှားယွင်းတဲ့စွပ်စွဲချက်တွေနဲ့ စာဖတ်သူတွေအနေနဲ့ လိင်တူချင်းချစ် တဲ့သူတွေအပေါ် မုန်းတီးအထင်သေးမှုတွေဖြစ်ပေါ်လာအောင် ရေးထားတာတွေ့ရပါတယ်... ဘာကြောင့်ပြောနိုင်တာ လဲဆိုတာ သိဖို့အတွက် သေသေချာချာဖတ်ကြည့်လိုက်တဲ့အခါမှာ "စိတ်ပညာ၊ ဥပဒေ ပညာနှင့် ကျန်းမာရေး ဆိုင်ရာ ပညာရှင် တို့က လူငယ်များကို သတိပေး ပြောကြားခဲ့ပြီး" လို့ရေးသားထားပြီး အငြိမ်းစား စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းရယ်. ဆေးပညာရှင် ဒေါက်တာခင်ငြိမ်းချမ်း (Medical Coordinator/Team Leader - National Medical Coordination Team) AZG-ဟော်လန်ရယ်.. သူတို့နှစ်ယောက်ကို အမည်အတိအကျဖော်ပြထားပြီး ကျန်တဲ့နှစ်ယောက် ကတော့ အထူးကုဆရာဝန်တစ်ဦးရယ်... မဟာသုတေသန စာတမ်းဆိုင်ရာဘွဲ့ ရထားသူ ဥပဒေအတိုင်ပင်ခံတစ်ဦးရယ် ဆိုပြီး အမည်မဖော်ပြထားတဲ့ သူနှစ်ဦးရယ်ကို ကိုးကားရေးသားထားတာကို တွေ့ရပါတယ်.. 

ခေါင်းစဉ်နဲ့ ပထမစာပိုဒ်ကို ကြည့်တာနဲ့အခု သတင်းဆောင်းပါးကို ဖတ်ရတဲ့သူတွေအနေနဲ့ လိင်တူချင်းချစ်သူတွေဟာ လူ့ဘောင်အသိုင်းအ၀ိုင်းအတွက် အနရာယ်ပေးမဲ့သူတွေလို့ ထင်မြင်စေမှာမလွဲပါဘူး.. ပထမအပိုဒ်မှာရေးထားပုံက "လိင်တူ ဆက်ဆံ မှုများက စိတ်ဓာတ် ရေးရာ နှင့် ကျန်းမာရေးကို ထိခိုက် စေနိုင်ရုံမက မှုခင်း ဖြစ်စဉ် များကိုပါ အားပေးရာ ရောက်" ဆိုပြီးရေးထားတဲ့အတွက် လိင်တူချစ်သူတွေနဲ့ လိင်တူချစ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရှုတ်ချစရာတခု၊ ကျန်းမာရေး နဲ့ မကိုက်ညီတဲ့ ကျင့်စဉ်တခုအပြင် ရာဇ၀တ်မှုတွေ ဖြစ်လာအောင် တွန်းအားပေးနေတဲ့ပုံစံနဲ့ ကောက်ချက်ချရေးသားထား တာဖြစ်ပါတယ်.. 

ကဲ ဒါဆိုရင် ပထမအပိုဒ်မှာပြောထားသလို သူကိုးကားထားတဲ့ သူ (၄) ယောက်က အဲဒီလိုမျိုးပြောထားသလား ဖတ်ကြည့် ကြည့်ရအောင်နော်... 

ဒုတိယအပိုဒ်မှာ အငြိမ်းစား စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းက ''ပျိုဖော်ဝင်ပြီးတဲ့ အချိန်မှာ လူငယ်တွေအနေနဲ့ လိင်မှု ကိစ္စအတွေ့အကြုံကို စမ်းသပ်ရယူချင်စိတ် ဖြစ်ပေါ် တတ်ပါတယ်။ အဲဒီအချိန်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေမ လုပ်ဖို့၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်ကာကွယ်တတ်ဖို့၊ ဘေးအန္တ ရာယ်ဖြစ်ပေါ်မှု ကင်းဝေးအောင် ရှောင်ရှားနိုင်ဖို့ မိဘဆရာသမားတွေ က နားလည်အောင် ရှင်းပြထားသင့်တယ်။ သိနားလည်တဲ့လူငယ် ဖြစ်သွားပြီဆိုရင် တစ်ယောက် ယောက်က လာဆွယ်ရင်တောင် အသိဉာဏ်နဲ့ သင့် မသင့် ဆုံးဖြတ်သွားနိုင်မှာပါ'' လို့ ကိုးကားထားပါတယ်... ဆယ်ကျော် သက်ကျန်းမာရေးကို လေ့လာထားတဲ့သူဆိုရင် သူပြောတဲ့အချက်တွေက မှန်ပါတယ်... ဆယ်ကျော်သက်အရွယ်မှာ လိင် အကြောင်းစူးစမ်းချင်တာ... လက်တဲ့စမ်းချင်တာ သဘာဝပါ... မလိုလားအပ်တဲ့ နောက်ဆက်တွဲအကျိုးတွေမဖြစ်အောင် ဆယ်ကျော်သက်တွေကို လိင်ပညာပေးဖို့လိုတယ်... အရင်က ဒါတွေကို မလုပ်သင့်ဘူးဆိုခဲ့ပေမဲ့ အခုဆိုရင် စနစ်တကျ ပညာပေးတာတွေ လုပ်ဖို့လိုတယ်ဆိုတာ တဖြေးဖြေး သဘောပေါက်လာကြပါပြီ... အဲဒီအကြောင်းကို တတိယအပိုဒ်မှာလဲ ရေးထားတာတွေ့မှာပါ... 

ဆယ်ကျော်သက်တွေကို လိင်အကြောင်းနဲ့ပတ်သက်ပြီးမမှားရအောင် အသိပေးသင့်ပေမဲ့ စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းပြောသွားတဲ့ "ပုံမှန်မဟုတ်တဲ့ အပြုအမူ"ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာ တိတိကျကျမဖော်ပြထား တာပါဘဲ၊  ဒေါ်ခင်အေးဝင်းပြောတဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူဟာ လိင်တူချင်းဆက်ဆံတာကို ပြောတာပါလား... လိင် လိင်ကိစ္စကို အလွန်အကျူးခုံမင်တဲ့ အပြုအမူပါလား.. သေသေချာချာမပြောထားပေမဲ့ စာရေးသူကတော့ လိင်တူချင်း ဆက်ဆံတာကို ဆိုလိုတဲ့သဘောမျိုးနဲ့ ဇောင်းပေးရေးထားတဲ့ပုံစံ ပေါက်နေပါတယ်.. တကယ်လို့သာ လိင်တူချင်းချစ်တာ ဆက်ဆံတာကို ပုံမှန်မဟုတ်တဲ့ အပြုအမူလို့ ဒေါ်ခင်အေးဝင်းကဆိုလိုရင်တော့ တုန့်ပြန်စရာရှိလာပါပြီ... လိင်တူချင်း ချစ်ခြင်းဟာ စိတ်ရောဂါမဟုတ်ဘူးလို့ ကမာ့ကျန်းမာရေးအဖွဲ့က စိတ်ရောဂါမဟုတ်ဘူး ဆိုတာကို  အတိအလင်းကြေညာ ထားပြီးသားပါ.. အရင်တုံးက လိင်တူချင်းချစ်သူတွေကို စိတ်ဝေဒနာရှင်အဖြစ်သတ်မှတ်ပြီး နှိပ်စက်ညှင်းပမ်းမှုတွေလုပ် ဆောင်ပြီး ပျောက်ကင်းအောင် ကုသခဲ့ပါတယ်... အခုအချိန်မှာတော့ ဒီလိုနှိပ်စက်မှုတွေဟာ မလုပ်အပ်တဲ့အပြုအမူအဖြစ်၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အပြုအမူတခုအဖြစ် သတ်မှတ်လာခဲ့ပါပြီ... ခေတ်နဲ့အမှီ ပြောင်းလဲလာတဲ့ အယူအဆတွေကို ခေတ်နဲ့အမှီလိုက်လျောညီထွေစွာ နားလည်သဘော ပေါက်ဖို့ အရမ်းအရမ်းအရေးကြီးလှပါတယ်... 

နောက်တပိုဒ်မှာပြောထားတဲ့ ဒေါက်တာခင်ငြိမ်းချမ်းရဲ့ပြောကြားချက်ဟာ တကယ်မှန်တဲ့ အချက်ဖြစ်ပါတယ်... ကလေး တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုက ကာကွယ်နိုင်ဖို့ သိသင့်သိထိုက်တဲ့ကာကွယ်မှုတွေအကြောင်း ကလေးတွေကို သင်ကြားပေးဖို့လိုပါတယ်.. သူတို့တွေရဲ့ အသက်အရွယ်နဲ့ ရင့်ကျက်မှုအလိုက် သူတို့ကိုယ်တိုင်ကာကွယ်တတ်အောင် သင်ကြားတဲ့အချက်ကကောင်းပါတယ်... ဒါပေမဲ့ ပြသနာက စာရေးတဲ့သူက ဒေါက်တာ ခင်ငြိမ်းချမ်းပြောကြားတဲ့ဒီအချက် ကို ဘယ်လိုသဘောမျိုးနဲ့ ကိုးကားထားသလဲဆိုတာ ပါဘဲ..သူပြောထားတဲ့ ပထမပိုဒ်က ပြောထားတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်ဆိုတဲ့ အချက်ကို အခုပြောကြားချက်နဲ့ သက်သေထူချင်တာပါလား.... အခုအချက်ကို ကိုးကားပြီး လိင်တူ ချင်းချစ်တဲ့သူက မသိနားမလည်တဲ့ကလေးတွေကို စော်ကားတတ်တဲ့သူတွေလို့ ပုံစံခွက်စွပ်စွဲချက်ကို စွပ်စွဲချင်တာပါ လား.... အမှန်တော့ အရွယ်မရောက်သေးတဲ့ကလေး တွေနဲ့ လိင်ဆက်ဆံမှုနှစ်စက်တဲ့သူတွေဟာ အင်္ဂလိပ်အခေါ် pedophile ဖြစ်ပါတယ်... သူတို့ကို စိတ်ပုံမှန်မဟုတ်တဲ့သူတွေအဖြစ်သတ်မှတ်ထားသလို အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့လိင်ဆက်ဆံခြင်းကို ( ကလေးဆနပါသည်ဖြစ်စေ မပါသည့်ဖြစ်စေ) ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက သတ်မှတ်ထားပါတယ်...  

လိင်တူချင်းချစ်တဲ့သူတွေထဲမှာ ကလေးတွေနဲ့ လိင်ဆက်ဆံလိုတဲ့သူတွေ ရှိကောင်းရှိနိုင် ပါတယ်... ဒါပေမဲ့ ကလေး တွေကိုလိင်စော်ကားတဲ့သူတွေတိုင်းဟာ လိင်တူချစ်သူတွေ မဟုတ်သလို လိင်တူချစ်သူတွေတိုင်းဟာလဲ ကလေးတွေကို လိင်စော်ကားတဲ့သူတွေ မဟုတ်ပါဘူး.. ဒါပေမဲ့ ဒေါက်တာခင်ငြိမ်းချမ်းပြောပြတဲ့အချက်ကို အလွဲအဓိပာယ်ကောက်ပြီး လိင်တူချစ်သူတွေကဘဲ ဒီလိုလိင်စော်ကားတဲ့သူတွေဖြစ်သယောင်ယောင် ရေးသား ကောက်ချက်ဆွဲတာဟာ မီဒီယာ ကျင့်ဝတ်နဲ့ လုံးဝမကိုက်ညီတဲ့ ရေးသားချက်ဖြစ်ပါတယ်.. အထူးသဖြင့် လူထုရဲ့အမြင်၊ ခံယူချက်ကိုလွှမ်းမိုးနိုင်တဲ့ သြဇာ အာဏာရှိတဲ့ မီဒီယာတွေအနေနဲ့ လိုရာကိုဆွဲယူကောက်ချက်ချခြင်းဟာ တကယ့်ကို အနရာယ်ရှိတဲ့ လုပ်ရပ်ပါဘဲ... 

နောက်တပုဒ်မှာပြောထားတဲ့အချက်ကတော့ "ဇီဝကမ္မပြောင်းလဲမှုကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင်အနေအထား၏ ရိုက်ခတ်မှုကြောင့်လည်းကောင်း၊ တဏှာရမ္မက်စိတ် လွန်ကဲမှု များဖြစ်ခြင်းကြောင့် ကျားသဘာဝနှင့် မသဘာဝ နှစ်မျိုးလုံး ရယူလိုမှုကြောင့် လည်းကောင်း ဖြစ်ပေါ်လာနိုင်ကြောင်း" ဆိုပြီး ဘာကြောင့် လိင်တူချစ်သူဖြစ်ရလဲဆိုတဲ့အချက်ပါ.. အခုအချိန်အထိ ဘာကြောင့် လိင်တူချစ်သူဖြစ်ရလဲဆိုတာကို တိတိကျကျမပြောနိုင် အဖြေ မပေးနိုင်ပါဘူး.. ကိုယ်ကိုယ် တိုင်လိင်တူချစ်သူတွေဖြစ်တဲ့သူတွေကိုယ်တိုင်တောင်မှ ကိုယ်ဘယ်လိုလိင်တူဖြစ်လာလဲဆိုတာ ရှင်းရှင်းလင်းလင်းမပြော နိုင်တဲ့သူတွေ အများကြီးပါ... ဘာကြောင်လိင်တူဖြစ်လာရသလဲဆိုတာအငြင်းပွားစရာတွေရှိနေသေးပေမဲ့ သေချာတာ တခုကတော့ လိင်တူချစ်သူတွေဟာ လူ့ဘောင်အသိုင်းအ၀ိုင်းရဲ့ ယဉ်ကျေးမှုတိုင်းမှာ.. ယုံကြည်ရာကိုးကွယ်မှုတိုင်းမှာ.. အလွှာအသီးသီးတိုင်းမှာ တည်ရှိနေတာ ငြင်းမရတဲ့ အချက်ပါဘဲ... နောက်သေချာတာတခုကတော့ လိင်တူချင်းချစ်ခြင်းကို ဖုန်းကွယ်လို့ ရနိုင်ကောင်းရနိုင်ပေမဲ့ ပြောင်းလဲအောင် လုပ်လို့မရဘူး ပျောက်ကွယ်အောင်လုပ်လို့ မရဘူးဆိုတာပါဘဲ...  

လိင်တူချင်းချစ်သူတယောက်ကို လိင်ကွဲချင်းချစ်သူဖြစ်ဖို့ ပြောင်းလဲလို့မရသလို လိင်ကွဲချင်းချစ်သူတယောက်ကို လိင်တူ ချင်းချစ်တဲ့သူဖြစ်အောင် ပြောင်းလို့မရပါဘူး... သာမီးတွေပြောပြောနေသလို 'ကံထူးလို့ ဂန်ဒူးဖြစ်တာ'ဆိုတဲ့ အချက်ကို အရမ်းသဘောကျ ပါတယ်.. ကံထူးလို့ဘဲဖြစ်ဖြစ် ကံဆိုးလို့ဘဲဖြစ်ဖြစ် ဂန်ဒူးတွေကတော့ ရှိနေမှာပါဘဲ... အဲဒါကြောင့် လိင်တူချင်းချစ်သူဆိုတာ ဘာကြောင့်ဖြစ်တာလဲကို အငြင်းပွားမဲ့အစား တည်ရှိနေမှုကို အသိအမှတ်ပြုခြင်းက ပိုကောင်း တဲ့လုပ်ရပ်တခုဖြစ်ပါမှာ... 

နောက်အပိုဒ်မှာလဲ ဒေါ်ခင်အေးဝင်းက "လူတွေရဲ့ အထင်ကြီးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုတို့ကို ရတာ နည်းတဲ့ကလေးတွေမှာ စိတ်လုံခြုံမှုမရှိနိုင်ဘူး။ အဲဒီလို ကလေး တွေက ပိုပြီးလမ်းလွဲနိုင်တဲ့အတွက်" ဆိုတဲ့စကားကို မတိမကျသုံးထားပြန်ပါ သေးတယ်... ဒေါ်ခင်အေးဝင်းဆိုလိုတဲ့ ဆိုလိုချက်ဟာအပေါ်က ပြောထားတဲ့စကားအတိုင်း သာဆိုရင် လိင်တူချင်းချစ်တဲ့သူတွေက လမ်းလွဲတဲ့သူတွေလို့ ဆိုထားသလိုဖြစ်နေပြန်ပါတယ်. တကယ်ကို မှားယွင်းတဲ့သတ်မှတ်ချက်ပါ...

နောက်တခုက အခုလိင်တူချင်းချစ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားတဲ့သူတွေထဲမှာ ငယ်ငယ်လေးထဲက လူအများရဲ့ အသိအမှတ်ပြုမှု၊ အောင်မြင်ကျော်ကြားမှု၊ အလေးပေး ချစ်ခင်ခံရတဲ့သူတွေအများကြီးပါ... အထင်ကြီးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုကိုမရလို့ လိင်တူချင်းချစ်တာမဟုတ်ဘဲ လိင်တူချင်းချစ်မှ ခုနကရရှိထားတဲ့ အရာတွေ ထိခိုက်ကုန်တဲ့အတွက် စိတ်လုံခြုံမှုကို ခံစားရတဲ့သူတွေသာ အများကြီးရှိနေရ တာပါ... 

နောက်အပိုဒ်တွေမှာ ဒေါက်တာခင်ငြိမ်းချမ်းက ရှင်းပြခဲ့တဲ့အကြောင်းအရာတွေကတော့ ဆေးပညာအရ ကျန်းမာရေးအရ ပြောတာဖြစ်ပြီး တကယ်လဲ မှန်ကန်တဲ့အတွက် ဘာမှ ပြောစရာမရှိပါဘူး... 

နောက်အပိုဒ်က ပြောတဲ့အချက်ကိုတော့ တ၀က်ထောက်ခံပြီး နောက်တ၀က်ကို ဆင်ခြင်ပေးလိုပါတယ်.... ပထမပိုင်းမှာ ပြောထားတဲ့ မိန်းကလေးတွေကို စောင့်ရှောက်ဖို့လိုသလို ယောက်ျားလေးတွေကိုလဲ စောင့်ရှောက်ဖို့လိုတယ်ဆိုတာ မှန်ပါ တယ်... လိင်စော်ကားခံရတဲ့သူတွေဟာ အမျိုးသားလေးတွေကို စော်ကားပစ်မှတ်ထား စော်ကားတာတွေရှိလာပါတယ်.... ဥပဒေအရလဲ အရေးယူသင့်တယ်.... ဥပဒေတွေကိုလဲ ခေတ်နဲ့အမီပြောင်းလဲသင့်ပါတယ်... မြန်မာနိုင်ငံရဲ့ ရာဇ၀တ်မှုပုဒ်မ (၃၇၆) မှာဆိုရင် အမျိုးသမီးကို လိင်စော်ကားတဲ့ မုဒိန်းကျင့်မှုကိုသာ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပြီး အမျိုးသားအပေါ် လိင်စော်ကားမှုကို ရာဇ၀တ်မှုအဖြစ်မသတ်မှတ်ထားသေးပါဘူး... အထက်မှာပြောခဲ့သလို လူတယောက်ကို အလိုမတူဘဲ လိင်စော်ကားခဲ့ရင် စော်ကားသူက လိင်တူဖြစ်ဖြစ် လိင်ကွဲဘဲဖြစ်ဖြစ် ရာဇ၀တ်အပြစ်ဒဏ်ကို ခံရမှာအသေအချာပါဘဲ ...ဒါပေမဲ့ အားလုံးကို ၀ါးလုံးရှည်နဲ့ရမ်း သတ်မှတ်စွပ်စွဲလို့တော့မရနိုင်ပါဘူး... အခုဖြစ်နေတဲ့ လိင်စော်ကားမှုတွေကို လေ့ လာကြည့်ရင် အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့အမှုတွေများနေပါတယ်.. ဒါကြောင့်မို့လို့ ယောင်္ကျား ဖြစ်ခြင်းဟာ ရာဇ၀တ်မှုတွေကို တိုးပွားအောင် တွန်းပို့နေပါတယ်လို့ ကောက်ချက်ချရင်ရော လက်ခံနိုင်ပါ့မလား.... 

အဲဒီအပိုဒ်မှာ လုံးလုံးကြီးကို လွဲနေတဲ့အချက်ကတော့ လိင်အသုံးချခံရတဲ့ကလေးဟာ သာယာပြီး လိင်တူချစ်သူဖြစ်သွား မယ်ဆိုတဲ့ အရေးအသားပါဘဲ၊ လိင်စော်ကားခံရတဲ့ကလေး တွေမှာ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုတွေဖြစ်ပြီး စိတ်ပိုင်း ဆိုင်ရာ ကူညီစောင့်ရှောက်ပေးတာ တွေ၊ စိတ်ပိုင်းဆိုင်ရာကုသပေးတာတွေလိုတာမှန်ပေမဲ့ လိင်စော်ကားခံရလို့ လိင်တူ ချစ်သွား တာကို လုံးဝမကြားမိပါဘူး... 

နောက်အပိုဒ်မှာ ရေးထားတဲ့အချက်က ပထမဦးဆုံးအပိုဒ်မှာကောက်ချက်ချထားတဲ့ "မှုခင်း ဖြစ်စဉ် များကိုပါ အားပေးရာ ရောက်" ဆိုတဲ့ကောက်ချက်ကို ချချင်လို့ ဖော်ပြထားတဲ့ပုံစံပါ... ဒါပေမဲ့ ရေးထားတာအဖြစ်အပျက်တွေကို ကြည့်ရင် မှုခင်း ပြစ်မှုကျူးလွန်သူတွေဟာ လိင်တူချင်း ချစ်သူတွေမဟုတ်ဘဲ လိင်တူချင်းချစ်သူတွေအပေါ် အခြားလူတွေက ကျူးလွန်တဲ့ အမှုတွေ၊ သူတို့အပေါ် အနိုင်ကျင့်အကြမ်းဖက်တဲ့အဖြစ်အပျက်တွေ ဖြစ်နေတာပါ... ရာဇ၀တ်မှုကျူးလွန်တဲ့သူအပေါ် အပြစ်မတင်ဘဲ ကျူးလွန်ခံရတဲ့သူတွေအပေါ်အပြစ်ပုံချ ထားတာ မှန်ကန်တဲ့ ကောက်ချက်မဟုတ်ပါဘူး... အမျိုးသမီး အပေါ်အကြမ်းဖက်မှုတွေ ဖြစ်လာရင် စော်ကားသူအပြစ်လို့မပြောဘဲ မိန်းကလေးကိုယ်တိုင်က မှားတာဖြစ်မှာပေါ့ဆိုတဲ့ ဂျန်ဒါအစွဲအမြင်ကို အခုတခါတွေ့လိုက်ရတာ သိပ်တော့ အံ့သြစရာတော့ မရှိပါဘူး... အမျိုးသားတွေ ဘာလုပ်လုပ်သင့် တော်တယ် မှန်တယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာဆိုတော့ ရာဇ၀တ်မှုကျူးလွန် တဲ့သူကတောင် မှန်သလိုလိုဖြစ်နေတာပေါ့လေ.. အမှန်တော့ လိင်တူ ချစ်ခြင်းဆိုတာ ရောဂါမဟုတ်ပါဘူး.. လိင်တူချင်း ချစ်သူတွေကို မုန်းတီးပြီးအကြမ်းဖက်နေတဲ့ သူတွေ ရဲ့စိတ်ကသာ စိတ်ရောဂါတမျိုးဖြစ်တဲ့အတွက် အဲဒီလိုလူတွေကိုသာ ကုသပြုပြင် ပေးရမှာပါ... 

နောက်ဆုံးအပိုဒ်ကတော့ ကိုလိုနီခေတ်တုံးက ကျန်ခဲ့တဲ့ အမွေဆိုး ဥပဒေအဟောင်းအနွမ်းကို ပြန်ဖော်ပြထားပါတယ်.... အမှန်တော့ ဒီဥပဒေဟောင်းကို ဆက်လက်ကျင့်သုံးနေတဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံတွေ သိပ်မကျန်တော့ပါဘူး... မကြာသင် ကဘဲ အိမ်နီးချင်း အိနိယနိုင်ငံ မှာတောင် ဒီဥပဒေကို ခေတ်မမီတော့ဘူး လူ့အခွင့်အရေးနဲ့ မကိုက်ညီတော့ဘူးဆိုပြီး ပြောင်းလဲပစ်လိုက်ခဲ့ပါတယ်.... ဒီဥပဒေကိုချမှတ်ခဲ့တဲ့ အမွေပေးခဲ့တဲ့ ဗြိတိသျှနိုင်ငံမှာတောင် ဒီဥပဒေကို မကျင့်သုံးတော့ ဘဲ ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံမှာ ဆက်လက်ထားရှိနေတာ တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်.... ဖမ်းဝါးရမ်းပါ ဘဲဖမ်းနိုင်ခွင့်က လိင်တူချစ်သူတွေအပေါ် ငွေညှစ်စရာအနိုင်ကျင့်စရာတခုလို အသုံးချနိုင်ဖို့ အားပေးနိုင်တယ်ဆိုတာလဲ သတိပြုစရာပါ... 

အားလုံးကို ခြုံပြီးပြောရရင်တော့ ပညာရှင်တွေတချို့ရဲ့ပြောကြားချက်တွေဟာ ခိုင်လုံမှုမရှိတဲ့ အချက်တွေဖြစ်နေတယ်... (ဥပမာ- လိင်တူချစ်ခြင်းဟာ လမ်းလွဲနေတယ်ဆိုတဲ့အပြော.. လိင်တူစော်ကားတာခံရရင် လိင်တူဖြစ်နိုင်တယ်)ဆိုတဲ့ ပြောကြားချက်တွေပါဝင်သလို တကယ်တမ်းမှန်ကန်တဲ့အချက်တွေပါဝင်တဲ့ဆောင်းပါးတပုဒ်ဖြစ်တယ်... ဒါပေမဲ့ စာရေးသူ အနေနဲ့ မီဒီယာကျင့်ဝတ်အတိုင်းမဟုတ်ဘဲ လိုချင်တဲ့ကောက်ချက်ကို လိုသလိုဆွဲယူပြီး လိင်တူချင်းချစ်သူအားလုံးကို မှားယွင်းနေတဲ့သူ၊ ကြောက်စရာအနရာယ်လိုသူ၊ ရာဇ၀တ်မှုကျူးလွန်နေတဲ့သူတွေလို ပုံစံခွက်သိမ်းကြုံးသတ်မှတ်ထားတဲ့ ဆောင်းပါးတပုဒ်သာ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။

စာကြွင်း။ ။ Eleven ဂျာနယ်ပါဆွေးနွေးတင်ပြချက်အပေါ် အမြင်တွေဘယ်လိုရှိတယ်သိရအောင်ရယ် ဂျာနယ်ပါအကြောင်း အရာနှင့် တုန့်ပြန်ရေးသားတဲ့ မာမီမျိုးရဲ့ စာကို နှစ်ခုခွဲတင်ပြ လိုက်ပါတယ်။ ဖတ်ကြည့်ပြီးတစ်ခုခုရမယ်လို့ထင်ပါတယ်။ မေးလ်ကတစ်ဆင့်ရတာတွေပါ။

No comments: