Wednesday, February 10, 2010

Love....??

လိုတာမရ ရတာမလို

'လိုတာမရ ရတာမလို' ဒီစကားဟာ တခြားသော လိုအင်ဆန္ဒများအတွက် လက်ခံနိုင်ပေမဲ့ အချစ်ဆိုတဲ့ လိုအင်မှာတော့ နာလိုခံခက်ဖြစ်စေတာတော့အမှန်ပါပဲ။

'အချစ်ဆိုတာ ချစ်နေဖို့သက်သက်' ပဲဆိုရင်တော့ ကောင်းလှချည်ရဲ့ပေါ့။ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ပေးဆပ်ခြင်းတွေမရှိ အဖြူထည်သက်သက်လို့ ဆိုနိုင်မည်လားမသိ။

ဒါပေမဲ့ လူဆိုတာ အတ္တများဖြင့်တည်ဆောက်ထားသော သူများဖြစ်တဲ့အတွက် လိုချင်တာလေးကိုတော့ဖြင့် ရယူပိုင် ဆိုင်လိုကြသားပါ။

ဘ၀မှာ အရွယ်ရောက်လာတော့ နှလုံးသားလေးတွေ လှုပ်ရှားရင်ခုန်တတ်ကြတာ မထူးဆန်းဘူး။ ကျွန်တော်သည် လည်း ရင်ခုန်တတ်ခဲ့တယ်......ရင်ခုန်တာကို အချစ်လို့အဓိပ္ပာယ်ဖွင့်ဖို့ကြိုးစားမိခဲ့တာ အမှားလို့မဆိုနိုင်ပေမဲ့.... ..အချစ်ဆိုတာ ရင်ခုန်သံတိုင်း မဟုတ်နိုင်ခဲ့သည်လေ။

ထူးဆန်းသည့် ဘ၀ကံကြမ္မာက ဘယ်လိုဖန်လာသည်လည်းမသိ.......ကျွန်တော်သည် အမြဲတမ်းလိုလို တစ်ပါးသူ အတွက် ချစ်ဦးသူမဖြစ်ခဲ့....အချစ်ဆုံးလည်းမဖြစ်ခဲ့ရ......ချစ်သူဆိုသော ဒုတိယလူသာ ဖြစ်ခဲ့ရသည်။

သူတို့ ကျွန်တော့်အပေါ် ဘယ်လိုသဘောထားခဲ့ကြသလဲမသိခဲ့ပေမဲ့ ကျွန်တော့်ဘက်ကတော့ စူးစူးနစ်နစ် ချစ်ခဲ့သည် ချစ်ချင်ခဲ့သည်......ဒါ အသည်းထဲက အစစ်အမှန်ပါ။

'ဟင့်အင်........အချစ်တဲ့လား'

x           x           x

'ညီ....ဒီဆေးလေးသောက်လိုက်.....မင်းဝမ်းချုပ်နေတာမဟုတ်လား'

'မင်းဘ၀အတွက် ကြိုးစားသင့်တယ်၊ တက်လမ်းရှိတဲ့အရာကိုပဲလုပ်ကွ'

'အင်း ကိုယ်အားရင် မင်းကိုသင်ပေးမှာပေါ့။ ပြဌာန်းစာအုပ်ကတော့ ၀ယ်ခဲ့လေ ကိုယ်တို့တွေ့နေကျ သောကြာ၊ စနေတွေမှာ သင်ပေးမှာပါ။'

'မငိုပါနှင့်ညီ အဲဒီလောက်ကြီးမငိုပါနဲ့။ ကိုယ့်အပေါ်မှာ အဲဒီလောက်သည်းသည်းလှုပ်ခံစားပြီး ချစ်တာကိုယ်နားလည်ပါတယ်။ ကိုယ့်အတွက် အဲဒီလောက်ကြီးမခံစားပါနှင့်ကွာ။'

'မလေးရှားမှာသွားအလုပ်လုပ်နေတဲ့ ကိုယ့်ညီပြန်လာတော့မယ်။ ကိုယ်နဲ့အတူလာနေမှာ။ သူ့ ညီဝမ်းကွဲဆီသွားတတ်တဲ့ နေ့တွေမှတွေ့ရအောင်လေ'

'မျက်နှာချင်းဆိုင်တိုက်က ကိုယ့်ဦးလေးကရိပ်မိနေတယ်နဲ့တူတယ်ကွာ ညီညအိပ်ဖို့အဆင်မပြေတော့ဘူး။'

'ဟုတ်တယ်....သူဟာ ကိုယ့်ချစ်သူပဲ ကိုယ်ဒီဘ၀မရောက်ခင် အဆောင်မှာအတူနေကတည်းက ချစ်ခဲ့ရတာ။ သူဟာ ကိုယ့်ကို အဖေလိုလည်းချစ်တယ်၊ အစ်ကိုလိုလည်းလေးစားတယ်၊ ခင်ပွန်းလိုလည်း အားကိုးတယ်။ သူကလွဲပြီး ငါ ဘယ်သူ့ကိုမှမချစ်နိုင်ဘူး။ ဘယ်သူမေးမေး သူဟာ ငါ့ချစ်သူပဲ'

'ဒီအတိုင်းဆက်နေလို့မဖြစ်တော့ဘူး ဒီအတိုင်းဆိုရင် ငါအတ္တကြီးရာလည်းကျမယ်၊ မင်းလည်း ၀မ်းနည်းရမယ်.... ဒီတော့ လမ်းခွဲကြစို့ညီ'

'နောက်တစ်ခါတွေ့ရင် သူငယ်ချင်းအဖြစ်ပဲဆက်ဆံကြတာပေါ့ ဟုတ်လား'

x              x              x

အချစ်ဆိုတာ ကံတရားနဲ့ရောဆိုင်သလား။

 ကိုယ်တွေ့ကြုံချစ်ခဲ့မိသူဟာ ကိုယ့်အပေါ်တကယ်ချစ် မချစ်သေချာမသိနိုင်သလိုပါပဲ။ လူတိုင်းကိုယ်စီမှာ ချစ်ဦးသူဆို တာရှိတတ်ကြသလို တစ်သက်လုံး ချစ်ဦးသူကိုပဲချစ်သွား နိုင်ကြသလား။

နောက်မှတွေ့ဆုံကြုံရတဲ့ လူတစ်ယောက်ကရော နှစ်နှစ်ကာကာချစ်တယ် ချစ်နေမိတယ်ဆိုတဲ့ အချစ်အပေါ် မယုံ ကြည် လက်မခံချင်ကြဘူးလားဟင်....။

ဒုတိယဆိုတာ သူတို့အတွက် ပထမ မဟုတ်ခဲ့ပေမဲ့ ကျွန်တော့်အတွက် ပထမဆိုတာ သူမှ အမှန်တကယ် မယုံကြည် ခဲ့သည်ပဲလေ။

အချစ်ဆိုတာမှာ အမိန့်နာခံခြင်း၊ ကိုယ့်အတ္တလေးကိုငုံလျှိုးထားခြင်း၊ ထားရာနေစေရာသွားဆိုတာ တွေဟာ အရေးများ ပါရော့သလား။

မေးခွန်းများချာလည်လည်နှင့်အတွေးများစွာဟာ ....ဟင့်အင်......ဒါအချစ်ဆိုပါလား။

x          x          x

'ဟုတ်တယ်ကျွန်တော်က မြန်မာပြည်မှာမဟုတ်ဘူးဗျ'

'ဓာတ်ပုံပညာနဲ့ပတ်သက်ပြီးဘွဲ့လွန်ဆိုပါတော့'

'ဟုတ်တယ် အဲဒါ Ozone အဖွဲ့ရဲ့ Dragostea Din Tei သီချင်းလေ နားထောင်ရင်းနှင့်ဆိုနေတာ'

'အစ်ကိုရေ ကျွန်တော်မြန်မာပြည်ပြန်ရောက်နေပြီဗျ'

'ဗိုလ်တစ်ထောင်ဘုရားလမ်းမှာ နေတာဆိုတော့ ကျွန်တော်နဲ့နီးပါတယ်။ ညဘက် လက်ဖက်ရည်ဆိုင်ထိုင်ရင် တွေ့ရအောင်လေ'

' ကျွန်တော်ရည်းစားရနေပြီဗျ အတူနေနေတယ်'

'မထင်ပါဘူးဗျာ အစ်ကို့ကိုသဘောကျသူများတယ်ဆိုတာယုံပါတယ်'

'ကျွန်တော်တို့တွေ့တာနောက်ကျတယ်နော်'

'အစ်ကို့ကိုလွမ်းနေမှာပါ'

'တွေ့ချင်ရင် အလုပ်ကိုဖုန်းဆက်လိုက်နော်'

x              x              x

တွေ့ဆုံကြုံကွဲဆိုတဲ့ လောကဓမ္မတာမှာ နောက်ကျခြင်းဆိုတာ အရေးပါခဲ့ပါတယ်။ လောကမှာ စောင့်စည်းအပ်တဲ့ သိက္ခာ ဆိုတာများမရှိရင် ချိုးဖောက်လိုက်ချင်ပါရဲ့။ မပိုင်ဆိုင်ရပေမဲ့ သူငယ်ချင်း အဖြစ် ပက်သက်ခွင့်ရနေတာကိုပဲဝမ်း သာနေရမယ်ထင်ပါတယ်ကွာ။ မနေ့ညက ဇာတ်လမ်းတွဲတစ်ခုကိုကြည့်ဖြစ်တယ် အဲဒီထဲက စာသားလေးဟာ ကိုယ့်ခံ စားမှုနဲ့တိုက်ဆိုင်လိုက်တာ နားထောင်ကြည့်မလား..ဟင်။

"အချစ်ဆိုတာ.....မင်းကိုချစ်မိရတဲ့ အချစ်ဆိုတာ အိပ်မက်ကောင်းလေးတစ်ခုမက်နေရသလိုပါပဲ။

အိပ်မက်ကောင်းလေးများ မက်မိရင် အချိန်တန်လို့ နိုးထလာပေမဲ့ ဆက်ဖက်ဖို့ မျက်စိကို ဆက်မှိတ်ထားမိတတ်တာ။

ငါလည်းပဲ နိုးထဖို့အချိန်တန်ပေမဲ့ မက်မိတဲ့အိပ်မက်လေးကို ဆက်မက်ဖို့ကြိုးစားနေမိပေါ့။

အချစ်ဆိုတာ......ငါ့အတွက် အိပ်မက်ကောင်းလေးတစ်ခုသာ....။"

ကဲ....အချစ်ဆိုတာ အိပ်မက်ကောင်းလေးတစ်ခုပါတဲ့လေ....။

x              x              x

'ကိုယ် မော်လမြိုင်ပြန်ရဦးမယ်'

'အမျိုးတွေအိမ်မှာရောက်နေလို့ပါကွာ '

'တနင်္လာကနေ သောကြာနေ့တွေဆို ညနေပိုင်းတူတူမတွေကိုကြိုပေးရတယ် ဒါကြောင့်ပါ၊ ကိုယ်ဖုန်းဆက် လိုက်မယ်နော်'

'စံရိပ်ငြိမ်မှတ်တိုင်နားက ရတနာမြိုင်အိမ်ရာဟုတ်လား။ အဲဒီနားနေဖူးတယ်......မသိတော့ဘူး မလာတတ်တော့ဘူး ကွာ စနေနေ့ညနေမှတွေ့မယ်နော်။'

'နောက်တစ်ယောက်ဆိုတာမရှိပါဘူးကွာ၊ အဲဒါမလိုတဲ့သူတွေကပြောနေတာ မယုံနဲ့နော်'

'ကိုယ်ရန်ကုန်မှာမရှိဘူး ကျိုက်ထီးရိုးဘုရားရောက်နေတာ သြဇီကသူငယ်ချင်းနဲ့ပါသွားတာလေ။ ဟား ဟား မရိုး မဆန်း....စတာ ရိုးရိုးသားသားပါကွ၊ ရန်ကုန်ပြန်ရောက်ရင်ဖုန်းဆက်လိုက်မယ်နော်...။'

x              x              x

အချစ်ဟောင်းကပြောပြသလို ဒီလောကမှာ အချစ်ဆိုတာမရှိပါဘူး၊ အချစ်ကမလိုပါဘူးဆိုတာကို ကျွန်တော်က ငြင်း ဆိုခဲ့ပေမဲ့ အခုတော့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေရပါပြီ။

'လက်ကိုကိုင်ဆွဲ သဲသောင်ပြင်ပေါ်အတူလှမ်းခွင့်

မြေနီလမ်းထဲ ရွက်ကြွေတွေပေါ် အတူပြေးခွင့်

လေလှိုင်းထဲက ချစ်ခွန်းကြူခွင့်

ရယ်မောပျော်ရွှင် လွမ်းဆွေးတမ်းတပိုင်ခွင့်

မလိုချင်တော့ဘူးလား' လို့မေးလာရင်တော့ အချစ်ဆိုတာလေးကို အခု ဒါမှမဟုတ် အနာဂတ်အတွက် လိုနေဆဲ... ..ရင်ထဲ အချစ်လိုနေပါသည်ဟုဖြေဖြစ်မည်။

အချစ်စစ်ဆိုတာကို ........ကျွန်တော်.......။

ချစ်ခြင်းများစွာဖြင့်

ဇာနည်

No comments: