Tuesday, February 1, 2011

မျိုးပွားအင်္ဂါများတွင် ဖြစ်တတ်သော ကြွက်နို့ Genital Warts

လိင်အင်္ဂါကြွက်နို့ရောဂါသည် ဗြိတိန်နိုင်ငံ၏ မျိုးပွားအင်္ဂါနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဆေးခန်းများ၌ အများဆုံးတွေ့ရလေ့ရှိသော လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ပြန့်ပွားသော ရောဂါတစ်မျိုးဖြစ်သည်။ သို့သော် ရောဂါပိုးကို သယ်ဆောင်ထားသော လူအများစုမှာ ရောဂါ၏လက္ခဏာပြသခြင်း မရှိပေ။ ဤဆောင်းပါးတွင် ဖြစ်နိုင်ခြေရှိသော ရောဂါလက္ခဏာများနှင့် မည်သို့ ကုသမှုခံယူရမည်ကို ရှင်းလင်းဖော်ပြထားသည်။

လိင်အင်္ဂါကြွက်နို့ရောဂါသည်မှာ ဘာလဲ

လိင်အင်္ဂါကြွက်နို့ရောဂါသည်ဆိုသည်မှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိသည့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သောရောဂါတစ်မျိုးဖြစ် သည်။ ၄င်းရောဂါကို Human Papilloma (H.P.V) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခံစားရခြင်း ဖြစ်သည်။ H.P.V ဗိုင်းရပ်စ်ပိုးမျိုးကွဲပေါင်း ၁၀၀ကျော်ရှိပြီး အချို့သော ဗိုင်းရပ်စ်ပိုး များက လက်၊ခြေထောက်နှင့် လိင်အင်္ဂါတစ်ဝိုက်တွင် မျက်စိဖြင့် မြင်နိုင်သော၊ မျက်စိဖြင့် မမြင်နိုင်သော ကြွက်နို့များကို ဖြစ်ပေါ်စေသည်။

အနည်းငယ်သော ကြွက်နို့ဗိုင်းရပ်စ်ပိုးအမျိုးအစားများသည် သားအိမ်လည်တံအတွင်းရှိ ဆဲလ်များကို ပြောင်းလဲစေမှုနှင့် ဆက်စပ်လျက် ရှိပြီး နှစ်ပေါင်းများစွာကြာမြင့်ပြီးသောအခါ သားအိမ်လည်တံ ကင်ဆာဖြစ်ပွားသည့် အခြေအနေသို့ ဦးတည်စေသည်။ အမျိုးသမီးများ အနေဖြင့် လိင်အင်္ဂါကြွက်နို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သားအိမ်လည်တံ စစ်ဆေးမှုကို ပုံမှန်ဆောင်ရွက်နေရန် လိုအပ်သည်။ မြင် နိုင်သော လိင်အင်္ဂါကြွက်နို့များသည် သားအိမ်လည်တံကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ်မှုမရှိခြင်းကြောင့် လိင်အင်္ဂါကြွက်နို့ရှိသော အမျိုးသမီးများသည် အခြားသော အမျိုးသမီးများနှင့်စာပါက သားအိမ်လည်တံစစ်ဆေးမှုကို မကြာခဏပြုလုပ်ရန် မလိုအပ်ပေ။

မည်သို့ရောဂါကူးစက်ပါသလဲ

လိင်အင်္ဂါကြွက်နို့သည် လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း၊ ကြွက်နို့ဗိုင်းရပ်စ်ပိုးရှိသောသူနှင့် အရေပြားချင်းထိတွေ့ရာမှလည်းကောင်း ကူးစက်နိုင်သည်။ ဗိုင်းရပ်စ်ပိုးများသည် ခန္ဓာကိုယ်အတွင်း ရှင်သန်တည်ရှိနေနိုင်ပြီး ကြွက်နို့များဖြစ်ပေါ်လာမှုကို သတိပြုမိချိန် (သို့မဟုတ်) ကြွက်နို့များ ပျောက်ကွယ်သွားချိန်၌ ကူးစက်ပြန့်ပွားမှုကို ဖြစ်စေနိုင်သည်။

ကြွက်နို့များသည် ခန္ဓာကိုယ်၏ အပေါ်ယံ၌သော် လည်းကောင်း၊ အတွင်းဘက်၌သော် လည်းကောင်း၊ အမျိုးသမီးအင်္ဂါဇာတ် (Vulua)၊ သားအိမ်လည်တံ (Cervix) နှင့် စအိုတို့တွင် ဖြစ်ပွားနိုင်သည်။ အမျိုးသားများတွင် ကြွက်နို့ကို လိင်တံပေါ်နှင့် လိင်တံပတ်ဝန်းကျင်၊ ကပ်ပယ်အိတ် (Serotum) ၊ ကျင်ချောင်းနှင့် စအိုအတွင်း၊ အပြင်တို့၌ ဖြစ်ပွားလေ့ရှိသည်။

အဆိုပါရောဂါပိုးသည် အမျိုးသားနှင့်အမျိုးသမီးတို့ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ပြန့်ပွားနိုင်သည်။ တစ်ခါတစ်ရံ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် နေထိုင်ခြင်းဖြင့်လည်း ကူးစက်နိုင်သည်။ ဖြစ်လေ့ဖြစ်ထ မရှိသော်လည်း ကြွက်နို့များသည် ပါးစပ်နှင့် နှုတ်ခမ်းများ၌ပါ ဖြစ်ပွားနိုင်သည်။ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးတွင် မိခင်မှတစ်ဆင့် ရင်သွေးငယ်သို့ မွေးဖွားစဉ်၌ ကူးစက်နိုင်သည်။

ပွေ့ဖက်ခြင်း၊ ရေချိုးခန်း မျက်နှာသုတ်ပါဝါတို့ အတူမျှဝေ အသုံးပြုခြင်း၊ ရေကူးကန်၊ အိမ်သာထိုင်ခုံ၊ ပန်းကန်ခွက်ယောက်နှင့် မီးဖိုချောင် အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် ကူးစက်နိုင်ခြင်းမရှိပေ။

ရောဂါလက္ခဏာများ မည်သို့ရှိပါသလဲ

လူအများစုတွင် ရောဂါကူးစက်မှု ခံရသော်လည်း ထင်ရှားသော ရောဂါလက္ခဏာများ ပြသခြင်းမရှိချေ။ ရောဂါကူးစက်ခြင်းခံရပြီးနောက် ရက်သတ္တပတ် နှစ်ပတ်မှသည် လပေါင်းများစွာကြာသည်အထိ ကြွက်နို့များဖြစ်ပေါ်ရန် အချိန်ကြာမြင့်လေ့ရှိသည်။ အကယ်၍ မျက်စိဖြင့် မြင်သာသော ကြွက်နို့များ ဖြစ်ပေါ်လာပြီဆိုပါက သေးငယ်၍ အသားထူသော၊ မညီညာသော မျက်နှာပြင်(သို့မဟုတ်) အရေပြားများ အရောင်ပြောင်းခြင်းကို လိင်အင်္ဂါတစ်ဝိုက်နှင့် စအိုတစ်ဝိုက်၊ အရေပြားပေါ်(သို့မဟုတ်) အင်္ဂါ၏အတွင်းပိုင်း၌ ဖြစ်ပေါ်သည်ကို ဂရုပြုရန် လိုပေမည်။

လိင်အင်္ဂါကြွက်နို့ ဖြစ်ပေါ်ခြင်းကို မျက်စိဖြင့်မြင်တွေ့ခြင်းဖြင့်လည်းကောင်း၊ ခံစားမှုအရ လည်းကောင်း၊ ယောနိအား စစ်ဆေးစဉ်၌ လည်းကောင်း သိရှိနိုင်သည်။ ကြွက်နို့များသည် နာကျင်မှုမရှိဘဲ တစ်ခါတစ်ရံ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် သွေးထွက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုခံယူခြင်း

အကယ်၍ သင်သည် လိင်အင်္ဂါကြွက်နို့ရောဂါ ခံစားနေရသည်ဟု သံသယရှိပါက ကျွမ်းကျင်သူများနှင့် စမ်းသပ်စစ်ဆေးရန် လိုအပ် ပေမည်။

လိင်အင်္ဂါကြွက်နို့ရောဂါ ဖြစ်ပွားမှုအများဆုံးသည် အမျိုးသမီးများတွင် အသက် ၁၆နှစ်မှ ၁၉နှစ်အတွင်းဖြစ်ပြီး အမျိုးသားများတွင် အသက် ၂၀မှ ၂၄နှစ်အတွင်းဖြစ်ကြောင်း သိရှိရသည်။ သို့သော် လိင်မှုဆိုင်ရာ တက်ကြွလွန်းသူသည် မည်သည့်အသက်အရွယ်တွင် ပင်ဖြစ်စေ ရောဂါကူးစက်မှုကို ခံရနိုင်ကြောင်း ဗြိတိန်နိုင်ငံ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအေဂျင်စီ (Health Protection Agency) ၏ ဖော်ပြချက်အရသိရှိရသည်။

လိင်အင်္ဂါကြွက်နို့ ခံစားနေရကြောင်း သံသယဖြစ်ပါက လိင်အင်္ဂါဧရိယာနှင့် စအိုတို့ကို အစစ်ဆေးခံရပေမည်။ ထိုကဲ့သို့ စမ်းသပ်စစ် ဆေးရာတွင် ခပ်ပျော့ပျော့ ရှာလကာရည်၊ ဗင်နီဂါ (Vinegar) ကို အသုံးပြုလေ့ရှိသည်။

သားအိမ်လည်တံကို စစ်ဆေးမှုပုံစံအသစ်ကို အသုံးပြု၍ လိင်အင်္ဂါကြွက်နို့ကို စမ်းသပ်စစ်ဆေးနိုင်သည်။ ဗြိတိန်နိုင်ငံတွင် ၂၀၀၈ ခုနှစ် မှစ၍ သားအိမ်လည်တံ ကင်ဆာနှင့် လိင်အင်္ဂါကြွက်နို့ရောဂါများကို ကြိုတင်ကာကွယ်သည့်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

မျက်စိဖြင့် မြင်နိုင်သော ကြွက်နို့များသည်ကို ကုသရာတွင် ကြွက်နို့များ တည်ရှိရာနေရာနှင့် အရေအတွက် အနည်းအများအပေါ်မူတည် လျက်ရှိသည်။

- အထူးပြုလုပ်ထားသော ကရင်မ် (သို့မဟုတ်) အရည်ကို ကြွက်နို့ပေါ်လိမ်းကျံပေးခြင်း၊ ထိုကဲ့သို့ ပြုလုပ်ခြင်းကို ဆေးခန်း၌လည်း ကောင်း၊ နေအိမ်၌လည်းကောင်း ပြုလုပ်နိုင်သည်။ ဆေးဆိုင်များမှ ၀ယ်ယူရရှိနိုင်သော ရိုးရိုးကြွက်နို့သတ်ဆေးများကို အသုံးပြု၍ မရ နိုင်ပါ။ ၄င်းဆေးများဖြင့် လိင်အင်္ဂါကြွက်နို့အား ကုသ၍ မရနိုင်ပေ။

- အပူပေး၍ ကြွက်နို့များကို လောင်ကျွမ်းစေခြင်း၊ လေဆာကို အသုံးပြု၍ ကြွက်နို့အား အေးခဲစေခြင်း။

- ခွဲစိတ်ကုသ၍ ဖယ်ရှားခြင်း။

- ကြွက်နို့အတွင်း ဆေးထိုးသွင်းခြင်း (ဆောင်ရွက်လေ့ဆောင်ရွက်ထ နည်းပါသည်။)

ထိုသို့ ကုသမှုပြုလုပ်ခြင်းကြောင့် နေထိုင်မှု အဆင်မပြေခြင်းကို ဖြစ်စေနိုင်သော်လည်း နာကျင်မှုကိုမူ မဖြစ်စေနိုင်ပေ။ အကယ်၍ သင် သည် ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေသူ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ထားသူ ဖြစ်ပါက ဆရာဝန်အား ကြိုတင်အသိပေးထားရန် လိုအပ် ပေမည်။ သို့မှသာ ၀မ်းအတွင်းမှ သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်စေရန် ရှောင်ရှားနိုင်ပေမည်။

ဆေးဝါးကုသမှု ပြုပုံမှာ ရိုးရှင်းလွယ်ကူသော်လည်း ကြွက်နို့များသည် လွယ်လွယ်ကူကူဖြင့် ပျောက်ကင်းနိုင်ခြင်း မရှိသဖြင့် ထပ်ခါ တလဲလဲ ကုသမှုပြုရန် လိုအပ်သည်။ ခန္ဓာကိုယ်အတွင်းရှိသော ဗိုင်းရပ်(စ်)ပိုးများကို လုံးဝကင်းစင်အောင် ဖယ်ရှားခြင်း မပြုနိုင်ပါက ကြွက်နို့များ ပြန်လည်ဖြစ်ပေါ်နေမည်သာ ဖြစ်သည်။

ဆေးဝါးကုသမှု မပြုဘဲထားလျှင် ဘာဖြစ်နိုင်သလဲ

ဆေးကုသမှု မပြုဘဲထားလျှင် ကြွက်နို့များ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်။ သို့မဟုတ် မူလအတိုင်း မပြောင်းလဲဘဲ ရှိနေခြင်း၊ အရွယ်အစားကြီးမားလာရုံမက အရေအတွက်ပါ တိုးပွားခြင်းတို့ ဖြစ်နိုင်သည်။ ၄င်းအပြင် အချိန်မရွေး ကူးစက်ပြန့်ပွားနိုင် သော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။

မည်သို့ ရှောင်ရှားမည်နည်း။

အမျိုးသားရော၊ အမျိုးသမီးပါ လိင်ဆက်ဆံပါက ကွန်ဒုံး(Condom)ကိုစနစ်တကျ သုံးစွဲရန် လိုအပ်ပေမည်။

အောင်ဇင်

Credit: Health for All Magazine – No.47, December 2010

No comments: