Sunday, September 2, 2012

ပြောချင်တာတွေ ပြောပါရစေ


ယောင်းမရယ်၊ ညည်းက ပြောဆိုလို့သာ ပြောရမယ်၊ ကျမဘ၀က ပြောရရင် ကြည်နူးစရာ တစက်မှ မရှိပါဘူးအေ။·ဒါပေမယ့် ညည်းသိပ်သိချင်နေတယ် မဟုတ်လား စပ်စုမရဲ့။ အလကားပါတော်။ ကျမ ပြောမယ်၊ နေအုံး။ ရေ တပုလင်း သွားယူလိုက် ဦးမယ်။
ဘယ်က စပြောရမလဲဆိုတော့ သိတတ်တဲ့အရွယ်ကတည်းက စရမယ် ယောင်းမရဲ့။

အဖွားက ကျမကို သိပ်ချစ်တာအေ။ မိုးလင်းတာနဲ့ ရေမိုးချိုး၊ သနပ်ခါးလိမ်း ပြင်ဆင်ပေးထာပြီးသား။ ညစ်ညစ်ပတ်ပတ် ဆော့တာလည်း လုံးဝမကြိုက်ဘူး။ ကျမကလည်း ရွံ့ဗွက်မြင်ရင်ကို အော့ချင် အန်ချင်နေတာလေ။
ဆော့ကစားရင်လည်း အိမ်နီးချင်း သူငယ်ချင်း မိန်းကလေးတွေနဲ့ပဲ ဆော့ကစားတာလေ။ တခါတလေတော့ ယောက်ျားလေးတွေနဲ့ ဆော့ပါတယ်။ ထိမိခိုက်မိပြီးတော့ နာလို့အော်ရင် သူတို့က ကျမကို အခြောက်မ၊ အခြောက်မနဲ့ ပြောကြတာ။

ညည်း စဉ်းစားကြည့်အေ၊ ကိုယ့်ဖာသာ ကိုယ်ခြောက်တာကို လက်ခံပေမယ့် နှိမ်ပြီးပြောတာမျိုးကိုတော့ အခြောက်မရယ်လို့မှ မဟုတ်ဘူး၊ ဘယ်သူမှကြိုက်မှာ မဟုတ်ပါဘူး။ အသားနာတာကို မအော်ပဲကြိတ်ခံနိုင်မှ ယောကျာ်းပီသတာတဲ့လေ။ အမလေး မပြောချင်ဘူး။ ကျမတို့ အခြောက်မတွေလောက် အသားနာခံနိုင်တဲ့အစား ညည်း ရှာကြည့်စမ်းပါအေ။

ဒီလိုနဲ့ ကျမဆယ်နှစ်သမီးအရွယ်မှာ အဖွားဆုံးတယ်။ ကျမရဲ့ ခံတပ်ကြီးပြိုလဲသွားတာပဲပေါ့ ယောင်းမရယ်။
အဖေရဲ့ ရက်စက်မှု၊ အစ်ကိုတွေရဲ့ နှိပ်ကွပ်မှုတွေကနေ ကာကွယ်ပေးနိုင်တာ အဖွားတစ်ယောက်ပဲ ရှိတယ်လေ။ အမေကတော့ ကျမနဲ့အတူ မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ကျမတို့မိသားစုက ယောက်ျားကြီးစိုးတဲ့ အိမ်ထောင်လေ။

ကျမ ကံမကောင်းခဲ့ပါဘူး။ အခြောက်မ ဖြစ်ရလို့ ကံမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဆယ်ဘ၀ရှိရင် ဆယ်ဘ၀ အခြောက်ပြန်ဖြစ် ချင်ပါတယ်။ တကယ်ပြောတာပါအေ။ မရယ်နဲ့။ ကျမအဖွားကလေ ငါ့မြေးလေး အခြောက်ဖြစ်ရုံမကလို့ ဘာပဲဖြစ်ဖြစ် အဖွားကချစ်မှာပဲလို့ ပြောတဲ့စကားလောက် အားဖြစ်တာ ဘာမှမရှိခဲ့ပါဘူး။

အဖေကလည်း သူ့အမေမို့ ဘာမှပြန်ပြီး မပြောနိုင်ခဲ့ဘူးလေ။ အစ်ကိုတွေကလည်း ငယ်ကြောက်တွေလေ။ အဖွားက ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်ပဲ။ အမေကတော့ အစကတည်းက အဖေ့ကို မလွန်ဆန်နိုင်ခဲ့ရှာပါဘူး။ အဖေပေးတာယူ ကျွေးတာစားရုံနဲ့ပဲ ကျေနပ်နေရတယ်လို့ ကျမကတော့ မြင်တယ်အေ။
ကျမကို အဖေက သိပ်ချုပ်ချယ်တာ။ အမြဲစောင့်ကြည့်နေတယ်။ စကားကို ယောင်လို့တောင် နုနုနွဲ့နွဲ့ မပြောမိစေနဲ့၊ ပြောမိလို့ကတော့ နားရင်းကို အုပ်တော့တာပဲ။

ကျမ နားမကောင်းတာ ကလေးဘ၀ကတည်းက ခဏခဏ နားရင်းအုပ်ခံခဲ့ရလို့ တော့။ နားရင်းအုပ်တာ ကလေးအရွယ် အရိုးအဆစ်နုနယ် သေးတဲ့အချိန်မှာ ကျမမှာ အဖေရဲ့ သန်မာတဲ့လက်တွေနဲ့ မိတ်ဆွေဖွဲ့ခဲ့ရတာပါ ယောင်းမရယ်။
ဒီကြားထဲ အစ်ကိုတွေကလည်း မထင်ရင် မထင်သလို တီးကြသေးတာ အေ။ ရင်ထဲမှာ ကြေကွဲပြီး ထိခိုက်ရဆုံးကတော့ မင်းကို ညီတော်ရတာ ရှက်တယ်ဆိုတဲ့ စကားပါ။

ကျမမှာ အစ်ကိုနှစ်ယောက် ရှိတယ်။ ကျမက သူတို့ကို သိပ်ချစ်တာ။ ကျမတို့ မောင်နှမတွေက အချောအလှတွေပါ။ ကျမ အစ်ကိုတွေဆိုလေ သိပ်ကြည့်ကောင်းတာ။ ကိုယ့်အခြောက်မ အချင်းချင်းတွေ့ရင်လေ ငါ့ အစ်ကိုတွေလို့ပြောပြီး ချေရတာလောက် အရသာရှိတာ ဘာရှိမှာလဲ အေ။

ကျမ မျက်နှာသိပ်ပွင့်တာပဲ။ ယောင်းမရေလို့ ခေါ်ခေါ်ပြီး ကျမကို နောက်ကြပြောင်ကြတာ။ အဲဒါတွေကိုလည်း အိမ်က သိသွားလို့ ခဏခဏ အဆူခံရသေးတာ။

ညည်း စဉ်းစားကြည့်ပေါ့ အေ။ လူ တယောက်ဟာ တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် အဆူခံနိုင်သလဲဆိုတာ။ ကျမနားထဲကို ၀င်လို့ရရင် ၀င်ကြည့်ခိုင်းစေချင်တယ်။ ကျောက်ဖြစ်နေတဲ့ ကြိမ်းမောင်းသံတွေကို ညည်း ကောင်းကောင်း တွေ့ရလိမ့်မယ်။ ဆယ်နှစ်သားကတည်းကလေ။ ရေ သောက်လိုက်ဦးမယ် တော်၊ မောထှာ။

ညည်း ပြောပြောနေတဲ့ ကလေးဘဝဆိုတာ ကျမအတွက်တော့ ပြောခဲ့သလိုပဲ ဆယ်နှစ်လောက်တော့ ဖြတ်သန်းခဲ့ရဖူးတာပေါ့ အေ။
အဲဒီနောက်တော့ ဘ၀ဆိုတာ သေတာမှ ကောင်းဦးမယ်ဆိုတာမျိုး ဖြစ်လာခဲ့တာပါ။ ကျမအတွက်နဲ့ ကျခဲ့ရတဲ့ အမေ့ရဲ့ မျက်ရည်တွေကိုလည်း မကြည့်ချင်တော့ဘူးလေ။

ပတ်ဝန်းကျင်က ကျမကို အခြောက်မ၊ ဂန်ဒူးမ၊ ချီးပေမ ဘယ်လိုနှိမ်ပြီးပဲ ပြောပြော ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်မိသားစုကနေ ကိုယ့်ကို ပြောတာကို ခံရတာကျတော့ အသည်းထဲထိအောင် နာတယ်။ ၀မ်းနည်းတယ်။

တကယ်ပါ အေ။ အခုဆိုရင် အဖေက ကျမကို သားလို့ မခေါ်တော့ဘူး။ ငယ်ငယ်ကတော့ ခေါ်တာပေါ့။ ဟေ့ကောင် တဲ့။
ညည်း လာနားထောင်ကြည့်စမ်းပါ အေရယ်။ အစ်ကိုတွေကလည်း ဟေ့ကောင်ပဲ။ လမ်းမှာတွေ့လို့များ ကျမကို နှုတ်ဆက်မယ် ထင်လား။ မျက်နှာလွှဲသွားကြတာ။ တစိမ်းတွေလိုပါပဲ ယောင်းမရယ်။

ကျမမှာ ငယ်ငယ်ကတည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ပဲ ပေါင်းလာခဲ့တာ အေ။ အခြောက်မ သူငယ်ချင်းကြတော့ ခိုးပေါင်းရတာ အေ့။ သူတို့နဲ့ ပေါင်းတာသိရင် အဖေက နားရင်းအုပ်တာကိုး။

ယောင်းမရယ်၊ ကျမသူငယ်ချင်း အခြောက်မတွေကိုဆို ကျမက သိပ်အားကျတာ။ သူတို့ကို ကြည့်လိုက်ရင် လေထဲမှာ ပျံနေတဲ့ ငှက်ကလေးတွေလိုပဲ သိလား။ သူတို့အိမ်တွေကို သွားလည်ရင်လေ ပျော်စရာကောင်းလိုက်တာ။ အဖေတွေ အမေတွေကိုလေ အခြောက် ချွဲချွဲတာ။

ညည်းနှယ်အေ၊ အခြောက်ချွဲဆိုတာလေးတောင် မသိဘူးလား အေ။ မုန်းထှာ။ အသံတင်မကဘူး။ မျက်နှာပေးကော၊ ကိုယ်အမူအယာပါ ပါတယ်လေ။ အဲဒီလိုမျိုး မိသားစုတွေပေါ့ အေ။ ကျမ အိမ်ပေါ်က ဘယ်နှစ်ကြိမ် ဆင်း၊ ဆင်း သူတို့တွေ လက်ခံပေးခဲ့ကြတယ်။ အမေ လာမခေါ်မချင်း စိတ်တိုင်းကျ နေလို့ရတယ်။

ကျမ သူငယ်ချင်းတွေကိုလေ သူတို့မိဘတွေက သာမီးလေးရေ တဲ့။ သားလည်း မကျ၊ သမီးလည်း မဟုတ် ချစ်စနိုးနဲ့ခေါ်တာလေ။ ကဲ ဘယ်လောက်နားထောင်လို့ ကောင်းလဲ။ တခါတည်းပါအေ၊ ဘ၀မှာ တခါလောက် အဖေက သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ခေါ်တာလေးကို ကြားချင်တယ်။

ညည်း ဒါကို တော်တော်သိချင်တယ် မဟုတ်လား။ ဟွန့် မပြောချင်ဘူး။ အဟဲ အပျိုရည် ပျက်တာလား၊ ၉ တန်းနှစ်မှပါ တော်။ ကျမကို အဖေက စာမေးပွဲနီးတော့ ဖလမ်းဖလမ်း ထမှာစိုးလို့ အကိုဝမ်းကွဲတွေနဲ့ စာသွားကျက်ခိုင်းတာ။ အဟီး - အစ်ကိုဝမ်းကွဲကပဲ ကျမကို ပါကင်ဖွင့်လိုက်တာပေါ့။

ညည်းနှယ် အေ၊ ဒီလိင်မှုကိစ္စဆိုတာ ဘယ်သူနဲ့မှ ဘယ်ဝါနဲ့မှဆိုပြီး ရှိလို့လား တော်။ သဘာဝတရားတခုကို ညည်းက ဘာနဲ့ချုပ်နှောင် သတ်မှတ်ထားဦးမလို့လဲ။ ညည်းလည်း အမြင်မကျဉ်းစမ်းပါနဲ့အေ။ ညည်း ပြောပြောနေတဲ့ လူ့အခွင့်အရေးဆိုတဲ့အထဲမှာ ကျမတိုအခြောက်မတွေရဲ့ အခွင့်အရေးလည်း ပါတယ်ဆိုတာ မမေ့နဲ့ဦး ယောင်းမ။

ကျမတို့လည်း လူတွေပဲလေ။ ကျမတို့ ဘယ်သူ့ဥစ္စာကို ခိုးနေလို့လဲ။ ဘယ်သူ့ သားမယားကို ဖျက်ဆီးနေလို့လဲ။ လိင်မှုကိစ္စမှလည်း အလိုတူလို့သာ ဖြစ်ကြတာပါတော်။ ဗလအားကိုနဲ့ အနိုင်ကျင့်တာမှ မဟုတ်တာ။ မုဒိမ်းကျင့်တာမှ မဟုတ်တာ။ ညည်းလည်း အမြင်ပဲလေ။ ကျမတို့က သောက်ဆံလည်း ကုန်သေးတယ်၊ သောက်ပြောလည်း ခံရသေးတယ်။ ဒါတွေပြောရင် ဒေါသကပါလာတယ်။ မကောင်းပါဘူး ယောင်းမရယ်။

ဘ၀မှာ မှတ်မှတ်ရရ ချစ်ရတဲ့သူတယောက် ရှိခဲ့ဖူးတယ်သိလား။ ကျမ တက္ကသိုလ် ဒုတိယနှစ်တက်တုန်းက တွေ့တာပေါ့အေ။
ရုပ်ရည်ကတော့ အစင်စားတော့ ဘယ်ဟုတ်ပါ့မလဲ။ သူက ကျမကို သတိထား ကြည့်ကြည့်နေတာပါ။ ကျမကလည်း အခွက်ပြောင်တယ်မဟုတ်လား။

ကျောင်းမှာဆိုရင်လည်း အစအနောက်သန်လို့ ပွဲတိုင်းကျော်ပေါ့ အေ။ ကျမ မပါရင် ပွဲမစည်ဘူးလေ။ ဆရာ၊ ဆရာမတွေကအစ ချစ်ကြတာပါ။ ကျမ ဘာပဲပြောပြော ပြုံးစိစိနဲ့ ကြည့်နေတတ်တယ်။ အတန်းထဲမှာ ကျမ အသံမကြားရရင် နေမကောင်းဘူးလားလို့ မေးတတ်ကြတယ်။

ကျမကလည်း ရွာနားက မြက် ရွာနွားမစားဆိုသလို စိတ်မ၀င်စားခဲ့ဘူး။ သူက အသားဖြူဖြူနဲ့ ပိန်ပိန်ပါးပါးရယ်။ ကျမက ယောက်ျားဆို တောင့်တောင့်တင်းတင်းမှ ကြိုက်တာအေ။ ကိုယ်က ခြောက်ပါတယ်ဆိုမှ ကိုယ့်ထက်နွဲ့တဲ့ယောကျာ်း ဘာလုပ်ရမှာတုန်း တော်။

တတိယနှစ်ယောက်တော့ ကျမတို့ အတန်းက ပျော်ပွဲစားထွက်ကြတယ်။ ပဲခူး လိပ်ပြာကန်ဘက်ပေါ့။ ညည်းတို့ အခုခေတ်ကတော့ ဘယ်သွားကြလဲ မသိတော့ဘူး။ ကျမတို့တုန်းကတော့ ပဲခူးသွားတတ်ကြတယ် အေ။ အဲဒီမှာ တွေ့တော့တာပါပဲပေါ့ တော်။
အတန်းထဲက ကျောင်းသူတယောက်က ဖျားလို့ မြို့ထဲထွက်ပြီး သူနဲ့ကျမ ဆေးထွက်ဝယ်ရတာလေ။ ယောင်းမရယ် သိပ်ကြင်နာတတ်တဲ့ လူပါတော်။ သူပြောပုံဆိုပုံတွေကလေ အစ်ကိုတယောက်လိုပဲ သိလား။

ကျမဆိုတာကလည်း အစ်ကိုတွေရဲ့ မေတ္တာငတ်တော့လေ ကြည်နူးလိုက်တာအေ၊ မပြောပါနဲ့တော့။ အချစ်ဆိုတာကို လိင်မှုကိစ္စတခုလို့ မသတ်မှတ်စေချင်ဘူး။ သူနဲ့ကျမ စကားတွေ ပြောလိုက်ကြတာများ အေ။ ကုန်နိုင်မယ် မထင်ဘူး။
တခါမှ အခုလို စကားပြောကောင်းတဲ့အဖော် ရှာမတွေ့ခဲ့ဘူးလေ။ ကျမအတွက် သူနဲ့ပတ်သက်ပြီး အံ့သြဆုံးဖြစ်ရတာကတော့ သူလေ ကျမတို့ဘ၀တွေကို နားလည်သတဲ့ တော်။

ဒီလိုနဲ့ သူနဲ့ကျမ ညတိုင်းမှာ ဖုန်းနဲ့စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ ကျမစိတ်ဓါတ်ကျတိုင်းမှာ သူက အားပေးခဲ့တယ်။ ငွေကြေးကအစ ကူညီခဲ့တာလို့ပြောရင် ညည်း ယုံမှာတောင်မဟုတ်ဘူး။

နောက်ဆုံးနှစ် ကျောင်းတွေပြန်ဖွင်တော့ အင်းဝအဆောင်ရှေ့မှာ ကျမကပဲ အရင်ဖွင့်ပြောဖြစ်ခဲ့တယ်။ ဒီလိုဖွင့်ပြောတော့ သူကပြုံးပြီး ခေါင်းညိတ်တယ်။ ချစ်လိုက်ရတာ အေ။ အခုထိ မျက်လုံးထဲမှာ ပြန်ပြီး မြင်ယောင်နေသေးတယ်။

ကျမဘ၀မှာ သူမရှိရင် မဖြစ်တော့သလို ခံစားခဲ့ရတာလေ။ ကျမတို့ နှစ်နှစ်တိတိ ချစ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့လည်း အခြောက်မတို့ရဲ့ သွားရာလမ်းပေါ့ အေရယ်။ သူက မိဘသဘောတူတဲ့ မိန်းမတယောက်နဲ့ အိမ်ထောင်ပြုသွားတာပေါ့။

ကျမတို့လား၊ ညည်းအေ သိရဲ့သားနဲ့။ အတူအိပ်ခဲ့ကြတာပေါ့။ သူက ဒါမျိုးမှာတော့ အစွမ်းသားတော့။ ရင်ခုန်တုန်းပါ ယောင်းမရယ်။
ပြောရဦးမယ်။ ကျမလက်မှာ အခု စွပ်ထားတဲ့ ရွှေဖြူမောင်းကွင်းလေးက သူ့ရဲ့ ချစ်သက် လက်ဆောင်ပေါ့။ ညည်းလည်း အသိပါအေ။ ကျမတို့က အမ်းရတဲ့ဘ၀တွေပါ။ သူနဲ့ကျတော့ ပြောင်းပြန် အေ။

ကျမတို့လို အခြောက်မတွေအပေါ်မှာ ခွဲခြားဖိနှိမ့် ရှုတ်ချတာတွေကို ပပျောက်ခိုင်းစေချင်တယ်။ ယောင်းမရယ် ဒါမျိုးက ခံစားဖူးသူမှ သိမှာပါအေ။

အရင်ဦးဆုံးကတော့ အိမ်ကမိသားစုတွေ ကိုယ်တိုင်ကကို ခွဲခြားထားတာပါပဲလေ။ ပိုဆိုးတယ်၊ ပိုခံစားရတယ်။ အိမ်ဆိုတာ ကိုယ့်အတွက် အလုံခြုံဆုံး အနွေးထွေးဆုံး နေရာတခု မဟုတ်လား။ အေးစက်နေမယ်၊ မလုံခြုံတော့ဘူးဆိုရင် ညည်း ဘယ်လိုခံစားရမလဲ၊ ဘယ်လိုဖြစ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့ အေ။

အထီးကျန်ခဲ့ရတဲ့ ကျမရဲ့ နေ့တွေ၊ ညတွေကို အခုပြန်ပြောရင် အခုထက်ထိတိုင် ရင်ထဲမှာ ကြေကွဲနေတုန်းပါ။ မိဘရဲ့ မေတ္တာဆိုတာ ကလေးတစ်ယောက်မှာ ရသင့်ရထိုက်တဲ့ မွေးရာပါ အခွင့်အရေးပါအေ။

လူဖြစ်ရကျိုး နပ်တယ်ဆိုတာမျိုးဟာ ကောင်းကောင်းဝတ်စားပြီး နေထိုင်ရတာကို ဆိုတာမျိုး မဟုတ်ဘူး ယောင်းမရဲ့။ မေတ္တာတရားတွေ လွှမ်းခြုံပြီး လုံခြုံနေတာမျိုးမှ လူဖြစ်ရကျိုးနပ်တာ။ ကျမကတော့ ဒီလိုပဲ မြင်တယ်။
ကျမက လူဖြစ်ရကျိုး မနပ်ခဲ့ပါဘူး။ ကဲပါတော့ ဒါတွေကို တခန်းရပ်လိုက်ပါတော့။ ကျမ ဒီညအတွက် လမ်းသလားဖို့ ထွက်ရဦမယ်။ အလုပ်လေး နားတုန်း ဖလမ်းဖလမ်း ထရတာ နားလည်ပေးပါ အေရယ်။

ဒီလိုပိတ်ရက်မျိုးမှာ ကျမတို့သူငယ်ချင်းတွေနဲ့ ရွာထဲ ဆင်းရဦးမယ်။ အဟိ၊ ရှာထားတာလေးတွေကို ဖြုန်းပေးရဦးမယ်လေ။
လှူတယ် ဟုတ်လား။ ဟား - ဟား။ လှူတယ် အေ လှူတယ်။ ပြင်လိုက်ဦးမယ်အေ့ အစွမ်းကုန်။

မခိုင်

1 comment:

Jeremy said...

ပျော်စရာလိုလို ဝမ်းနည်းစရာလိုလိုပဲ။ဒါပင်မယ့်ကြားဖူးတာတော့မိန်းမလျှာစိတ်ညစ် ၃ မိနစ်တဲ့။