Tuesday, January 1, 2013

ကိုကြီးပြောမယ် ညီလေးနားထောင် (အပိုင်း ခြောက်)


ကာလသားရောဂါများ သို့မဟုတ် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ Sexually Transmitted Infections (STI’s) ကိုဘယ်သူတွေ မှာအဖြစ်များတယ် ကူးစက်ခံရတယ်လို့ တရားသေပြောလို့မရဘူးဆိုတာသေချာတယ်မဟုတ်လား ညီလေးတို့ရေ။ သွေးသားဆူဖြိုးတဲ့ ဆယ်ကျော်သက်တွေ ကာလသားအရွယ် လူငယ်လူရွယ်တွေမှာ ကူးစက်မှုများ အဖြစ်များလို့ ကာလသားရောဂါလို့ အစဉ်အဆက်က ခေါ်ခဲ့ကြတဲ့ ရောဂါတွေက တစ်မျိုးတည်းလို့ ထင်မှတ်ခဲ့တာ မကောင်းတဲ့မိန်းမတွေနဲ့ ပျော်ပါးရင် နူမယ်လို့ပြောခဲ့တာတွေကတော့ အကိုငယ်ငယ်ကကြားခဲ့ရ ကြုံတွေ့ခဲ့ရတာတွေ ပေါ့နော်။ အခုအခါမှာတော့ ကုရာနတ္ထိဆေးမရှိသေးတဲ့ အေ့စ်ရောဂါက လိင်မှတစ်ဆင့် ကူးစက်ရောဂါ တွေထဲမှာ ပထမတန်းစားပဲထင်ပါရဲ့။

အထိအတွေ့ကို မသာယာမိတဲ့သူသိပ်မရှိဘူးထင်ပါတယ်။ များသောအားဖြင့် အကိုတို့အနေနဲ့သာယာမိခဲ့ကြတာအမှန်ပဲ ဆိုတော့ တစ်ခါတလေမှာ သိသူနားလည်သူများကအကြံပေးတာကို သိပ်ပြီးနားမထောင်မိတတ်ကြပါဘူး။ ဥပမာ - လိင် ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးကိုသုံးပါတို့ အန္တရာယ်များတဲ့လိင်အပြုအမူမျိုးတွေကိုရှောင်ကြဉ်ပါတို့ဆိုတာတွေကိုလေ။ ကြား ကြားနေရတာက ဘာတဲ့ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ်၊ ကိုယ့်ချစ်သူပဲ ချစ်ဆုံးလေးမို့ဆိုတာတွေကလည်းပါသေးတယ်။မိမိကိုယ်တွင်းကထွက်တာပဲ ဖြစ်ဖြစ် သူ့ကိုယ်တွင်းက ထွက်တဲ့ အရည်ကြည်တစ်ခုခုဟာ ပြဲရှနေတဲ့ ပွန်းပဲ့မိတဲ့ အရေပြားလေးတွေကနေထိတွေ့မိတယ်ဆိုပါစို့ ရောဂါပိုး များရှိခဲ့ရင် စက္ကန့်အတွင်းကိုဝင်ရောက်ခိုအောင်းတော့မှာ။

ဆစ်ဖလစ်ရောဂါ၊ ဂနိုရောဂါ၊ ရှန်ကရွိုက်၊ လင့်ကျိတ်ရောင်ရောဂါ၊ လိင်အင်္ဂါရေယုန်၊လိင်အင်္ဂါမက်ခရု၊ လိင်အင်္ဂါဝဲ၊ ရီဖြူ ဆင်းရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ အပါအ၀င်ရောဂါအမျိုးပေါင်း ၂၀ကျော်ရှိပါသတဲ့ ကာလသားရောဂါအစုဟာလေ။ လိင်အင်္ဂါတန်ဆာ အနီး တစ်ဝိုက်မှာ လှိုက်စားနာ၊ ပွန်းပဲ့နာ၊ အဖု၊အပိန့်၊အကျိတ်၊အလုံးတွေဖြစ်တာ၊ ဆီးသွားရင်ပူတာ ၊ နာကျဉ်ကိုက်ခဲတာ၊ ဆီးလမ်းကြောင်း၊ စအို၊မိန်းမကိုယ်က ညောင်းကျတာ၊ ရိဖြူရိနီဆင်းတာ၊ လိင်အင်္ဂါအနီးတ၀ိုက်မှာ ရောင်ရမ်းနာကျင် ကိုက်ခဲတာတွေဟာ ကာလသား ရောဂါလက္ခဏာတွေပဲ ဖြစ်ပါသတဲ့။

ညီငယ်တို့ကို ကူးစက်မှုဖြစ်နိုင်ခြေများတဲ့ ကာလသား ရောဂါအချို့ရဲ့ ကူးစက်ပုံနည်းလမ်း သဘာဝလေးတွေ ကိုပြောပြပါမယ်။ ကာကွယ်ဖို့ကတော့ အချိန်မတိုင်ခင် လိင်မဆက်ဆံဖို့နဲ့ တကယ်လို့ လိင်ဆက်ဆံတယ်ဆိုရင်လည်း အရည် အသွေးကောင်းတဲ့ အကာအကွယ်ပစ္စည်း ကွန်ဒုံးကို သေချာကျနစွာအသုံးပြုကြပါလို့နော်။

အမှတ်(၁)
ရောဂါအမည် - ကလမိုင်းဒီးယား (Chlamydia) - ဆီးလမ်းကြောင်းယောင်ရမ်း
အမှတ်အသားနှင့် ရောဂါလက္ခာများ - ဆီးသွားဖို့ လိင်တံကိုထုတ်လိုက်ပြီး ဆီးစသွားလိုက်တာနဲ့ ဆီးသွားလမ်းထဲမှာ တဆစ်ဆစ်နာသွား သလိုလို ခံစားရတာမျိုး၊ ဆီးပူတွေ သိသိသာသာသွားရတာမျိုးတွေ ခံစားရတတ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ကူးစက်ခံရပြီး တစ်ပါတ် အကြာ သို့မဟုတ် သုံးပတ်လောက်ကြာတဲ့အခါမှာ ပေါ်ထွက်လာနိုင် ပါတယ်။ အမျိုးသားများမှာတော့ ရောဂါလက္ခာပြတာ သိသာပြီး အမျိုးသမီးများမှာတော့ တစ်ခါတလေသိပ်မပြတတ်ပါဘူး။ ဆီးပူတွေသွားမယ် လူကလည်း ပင်ပန်းပြီးညောင်းညာနေသလိုမျိုး ခံစားရတတ်ပါတယ်။
ကူးစက်မှု - ကွန်ဒုံးအကာအကွယ် မပါဘဲ ပါးစပ်အာခံတွင်း၊ အမျိုးသမီးအင်္ဂါ သို့မဟုတ် စအိုဝများ နှင့် လိင်ဆက်ဆံခြင်းမှ     ကူးစက်သည်။
ရောဂါ နောက်ဆက်တွဲ အကျိုးဆက်များ - ဝှေးစေ့များရောင်ရမ်းကာ မြုံခြင်းအဖြစ်သို့ ဦးတည်သွားနိုင်ပါတယ်။ HIV ပိုးကူးစက်စေ သို့မဟုတ် ကူးစက်ခံ ရဖို့လွယ်ကူစေနိုင်ပါတယ်။
အမှတ်(၂)
ရောဂါအမည် - ဂနိုရီးယား (Gonorrhoea)

အမှတ်အသားနှင့် ရောဂါလက္ခာများ - ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းထဲက စူးနေသလိုမျိုးခံစားရတတ်တယ်။  ဆီးတွေ ဆီးပြွန်က တစ်ဆင့် ထွက်နေချိန်မှာ အမျိုးသားများအတွက် နာကျင်ခြင်းပေါ့။ တစ်ခါတလေ လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ အူသိမ်အူမတွေထဲ ကလည်း နာကျင်သလိုခံစားရတတ်သေး။ လည်ချောင်းတွေနာပြီး မျက်စိနီရဲကျိန်းစပ်တာမျိုး တွေဖြစ် နိုင်ပါတယ်။ ရောဂါလက္ခာတွေ ကတော့ ထုံးစံအရ ပတ်သက်ခဲ့ပြီး တစ်ပတ်အကြာမှာဖော်ထုတ်ပြသပါတယ်။
ကူးစက်မှု - ကွန်ဒုံးအကာအကွယ်တစ်ခုမှမပါဘဲ ပါးစပ်အာခံတွင်း၊ အမျိုးသမီးအင်္ဂါ သို့မဟုတ် စအိုဝများကိုအသုံးပြု လိင်ဆက်ဆံခြင်းမှ ကူးဆက်သည်။ှ
ရောဂါ ၏ နောက်ဆက်တွဲ အကျိုးဆက်များ - ဝှေးစေ့များ နာကျင်မှုပြင်းထန်တတ်ပြီး မြုံခြင်းအဖြစ်သို့ ဦးတည်သွားနိုင်ပါတယ်။ ရောဂါပြင်းထန် ရင် ဆီးသွား လမ်းကြောင်းမှ ပြည်ယိုထွက်ခြင်းဖြစ်နိုင်သလို မကြာခဏ ဂနိုကျခြင်းက HIV ပိုးကူးစက်စေခြင်း သို့မဟုတ် ကူးစက်ခံရဖို့လွယ်ကူစေနိုင် ပါတယ်။
အမှတ်(၃)
ရောဂါအမည် - ဆစ်ဖလစ် (Syphilis)

အမှတ်အသားနှင့် ရောဂါလက္ခာများ - ကူးစက်ခံရပြီး ရက်သတ္တပတ် သုံးပတ်အကြာမှာ တစ်ခု သို့မဟုတ် ဒီထက်ပိုတဲ့ နာ ကျင်မှုမရှိသော အနာများ ခန္ဓာကိုယ်ပေါ်မှာပေါ်လာတတ်ပါတယ်။ အထူးသဖြင့် လိင်တံ၊ စအိုဝ နှင့် လည်ချောင်း တစ်ဝိုက် မှာဖြစ်ပါတယ်။ ရက်သတ္တပတ် နည်းနည်း၊ လ အနည်းငယ်ကြာလာတဲ့နောက် အဖုအပိမ့်များထွက်လာနိုင်ပါတယ်။ အခြား သောအနာများလည်းပေါ်လာလိမ့်မယ် ပြီးတော့ ခြုံပြောရရင် တော်တော်ဆိုးတဲ့အအေးမိရောဂါခံစားနေရချိန်မျိုးလို နေထိုင် မကောင်းတာခံစားရပါမယ်။

ကူးစက်မှု - ကွန်ဒုံးအကာအကွယ်တစ်ခုမှမပါဘဲ ပါးစပ်အာခံတွင်း၊ အမျိုးသမီးအင်္ဂါ သို့မဟုတ် စအိုဝများကိုအသုံးပြုလိင် ဆက်ဆံခြင်းမှ ကူးဆက်နိုင်ပါသည်။ ဆက်ဆံနေစဉ် ကွန်ဒုံး ပေါက်ပြဲသွား ပါ ကလည်း ကူးဆက် နိုင်ပါသည်။
ရောဂါ ၏ နောက်ဆက်တွဲ အကျိုးဆက်များ - ရောဂါအားကုသမှုမပြုမိပါက နှလုံး၊ဦးဏှောက်၊အရိုး (သွားအပါအ၀င်) ကဲ့သို့သော ကိုယ်တွင်း အင်္ဂါများ ပျက်စီးသွားနိုင်ပါတယ်။ လေးလေးနက်နက်ပြောရရင် ဆစ်ဖလစ်ရောဂါဟာ သေဆုံးစေနိုင်တဲ့ရောဂါတစ်ခုပါ။ HIV ပိုးကူးစက်စေ သို့မဟုတ် ကူးစက်ခံရဖို့ အခွင့်အလမ်းပိုများစေနိုင်ပါတယ်။
အမှတ်(၄)
ရောဂါအမည် - HIV (AIDS ရောဂါဖြစ်စေမယ့်ပိုး)

အမှတ်အသားနှင့် ရောဂါလက္ခာများ - ရောဂါလက္ခဏာ သိပ်မပြတာဖြစ်နေနိုင်ပါသေးတယ်။ ရောဂါကူးစက်မှုတွေပြလာတဲ့ ရက်သတ္တ ပတ်အတွင်းမှာတော့ တုပ်ကွေးကိုရောဂါတစ်ခုအသွင်ခံစားလာရတာ၊ ညဘက် ညဘက် ချွေးထွက်များနေတာ၊ အနာတွေ ပေါက်လာတာ စတဲ့အရာတွေခံစားရနိုင်တာပေါ့နော်။

ကူးစက်မှု - ရောဂါပိုးကူးစက်ခံထားရတဲ့ သွေး သို့မဟုတ် လိင်အင်္ဂါမှအရည်များဟာ ပေါက်ပြဲနေသော အရေပြားအပွန်း အပဲ့ သို့မဟုတ် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများမှတစ်ဆင့်ဝင်ရောက်ကူးစက် ပါသည်။

ရောဂါ ၏ နောက်ဆက်တွဲ အကျိုးဆက်များ - သင့်ဘ၀သက်တမ်းကို တိုတောင်းသွားစေတယ်။ HIV ကို ကုသထိန်းချုပ်မှုမပြုပါက AIDS ရောဂါအဆင့်သို့ တက်လှမ်းသွားပြီး နောက်ဆုံးမှာတော့ သေဆုံးခြင်းပါပဲ။ အခြားဖြစ်နိုင်တဲ့ အကျိုးသွားများကတော့ တစ်သက်တာ ဆေးပညာနှင့် ပတ်သက်ရခြင်း ကုသမှုခံယူနေရခြင်း၊ ရောဂါအမည်တတ်ထုတ်ဖော်ရမိချိန်မှာ လူမှုရေး လောက၀ယ် အမည်းစက်ထင်ကာ ခွဲခြားဆက်ဆံခံရခြင်း စတာတွေဖြစ်ပါတယ်။

အမှတ်(၅)
ရောဂါအမည် - လိင်အင်္ဂါရေယုန် (Herpes)

အမှတ်အသားနှင့် ရောဂါလက္ခာများ - ရေယုန်သည် အရေပြားမှာစပ်ဖျဉ်းဖျဉ်းခံစားနေရတာ၊ အရည်ကြည်ဖုများ သို့မဟုတ် အနာများ ဖြစ်ပေါ်ခံစားရနိုင်စေပါတယ်။ အမျိုးအစား ၁ (Type 1) ကတော့ ပါးစပ် နှုတ်ခမ်းဝန်းကျင်မှာ ပေါ်ထွက်လာ တတ်ပြီး၊ အမျိုးအစား ၂ (Type 2) ကတော့ အမျိုးသားတွေရဲ့လိင်တံ၊ အမျိုးသမီးအင်္ဂါ နှင့် စအိုဝ ပတ်ဝန်းကျင်တွေမှာ ထုံးစံလိုလိုကိုပေါ်ထွက်တတ်ပါတယ်။

ကူးစက်မှု -  သိသာထင်ရှားတဲ့ အနာမရှိတာတောင်မှ ရောဂါပိုးဝင်ဧရိယာ (ပါးစပ်၊နှာခေါင်း၊အမျိုးသားလိင်တံ၊ အမျိုးသမီး အင်္ဂါ၊စအိုဝ) တစ်ခုခုကို အရေပြား အရေပြားခြင်း တိုက်ရိုက်ထိတွေ့မှုမှကူးစက်တတ်ပါသည်။
ရောဂါအကျိုးဆက်များ - ရေယုန်ဟာ အထူးသဖြင့် အနည်းငယ်စိုးရိမ်ကြောင့်ကြစိတ်များနေချိန် (stress ၀င်ချိန်) အတွင်းမှာ သို့မဟုတ် လောလောလတ်လတ် HIV ဖြစ်နေချိန်များမှာ ပြန်ပေါ်လာတတ်ပါတယ်။ လိင်အင်္ဂါရေယုန်ပြန်ပြန် ဖြစ်နေခြင်းဟာ HIV ပိုးကူးစက်စေ သို့မဟုတ် ကူးစက်ခံရဖို့ အခွင့်အလမ်းပိုများစေနိုင်ပါတယ်။
အမှတ်(၆)
ရောဂါအမည် - လိင်အင်္ဂါကြွက်နို့ Warts (HPV)

အမှတ်အသားနှင့် ရောဂါလက္ခာများ - အမျိုးသားလိင်တံ၊ လိင်ဥ နှင့် စအို အတွင်းပိုင်း သို့မဟုတ် အပြင်ဘက်ဝယ် ဖြစ်ပေါ် သော အဖုအထစ်အနာသေးသေးလေးများဟာ လိင်အင်္ဂါကြွက်နို့ဖြစ်ပါတယ်။
ကူးစက်မှု -  အမျိုးသမီးလိင်အင်္ဂါ သို့မဟုတ် စအိုဝများကို အသုံးပြုထိုးသွင်းဆက်ဆံခြင်းအပါအ၀င် အရေပြား အရေပြား ခြင်းတိုက်ရိုက် ထိတွေ့ခြင်းမှကူးစက်

ရောဂါအကျိုးဆက်များ -  ဆေးပညာဖြင့် ဇွဲကောင်းကောင်းကုသဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကူးစက်ခံ ဧရိယာရှိ လိင်အင်္ဂါ ကြွက်နို့များမှ တစ်ဆင့် ကင်ဆာအသွင်ကူးပြောင်းဖို့ အလားအလာရှိနိုင်လို့ပါ။

အမှတ်(၇)
ရောဂါအမည် - အသည်းရောင်ရောဂါ A & B (Hepatitis A&B)

အမှတ်အသားနှင့် ရောဂါလက္ခာများ - Hepatitis A&B နှစ်မျိုးစလုံးရဲ့ရောဂါလက္ခဏာသွင်ပြင်တွေက ထပ်တူနည်းပါးတူညီ ပါတယ်။ အသားအရေ ၀ါကျင်နေတာ၊ မအီမသာဖြစ်တာ သို့မဟုတ် အစာအိမ်နာကျင်တာ၊ ရောဂါလက္ခဏာအသွင် တုပ်ကွေး၊အစာစားချင်စိတ် ဆုံးရှုံးတာ၊ သရိုးသရီဖြစ်ခြင်း သို့မဟုတ် ၀မ်းဗိုက်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားရတာတွေပါဝင်နေ တတ်ပါတယ်။

ကူးစက်မှု - အသည်းရောင်ရောဂါ Hepatitis A ပိုးအမျိုးအစားဟာ ရောဂါဖြစ်နေသူရဲ့ မစင်၊အညစ်အကြေးတွေဟာ လက်ကပဲဖြစ်ဖြစ်၊ ရေကပဲဖြစ်ဖြစ်၊အစားအသောက်ကပဲဖြစ်ဖြစ် နည်းအမျိုးမျိုးနဲ့ အခြားသူများဆီရောက်ရှိကူးစက်တတ်ပါတယ် (oral-faecal transmission) Hepatitis B ပိုးအမျိုးအစားကတော့ သွေး၊လိင်မှုကိစ္စ နှင့် နမ်းရှုံ့ခြင်း (kissing) တို့မှတဆင့် ကူးစက်တတ်ပါတယ်။

ရောဂါအကျိုးဆက်များ - Cirrhosis (အသည်းတစ်ရှူးများမှာ အမာရွတ်ဖြစ်ခြင်း)၊ အသည်းကင်ဆာ၊ အသည်းရဲ့ လုပ်ဆောင်ချက် စွမ်းရည်များကျဆင်းလာကာ ကျန်းမာရေးချို့ယွင်းခြင်း

အမှတ်(၈)
ရောဂါအမည် - အသည်းရောင် Hepatitis C (HCV) - အသည်းရောင်အသားဝါ စီပိုး

အမှတ်အသားနှင့် ရောဂါလက္ခာများ - အသားအရေ ၀ါကျင်လာခြင်း (jaundice) ၊ မအီမသာဖြစ်ခြင်း သို့မဟုတ် အစာအိမ် နာကျင်ခြင်းစတဲ့ လက္ခဏာသွင်ပြင်များ ပါဝင်နေနိုင်ပါတယ်။

ကူးစက်မှု -  စအိုဝကိုသုံးပြီး လိင်ဆက်ဆံခြင်းကဲ့သို့သော လိင်ဆက်ဆံနေစဉ်အတွင်း သွေးထွက်ရာမှ ကူးစက်နိုင်

ရောဂါအကျိုးဆက်များ - အသည်းအမှန်တကယ်ပျက်စီးကာ အသည်းရဲ့လုပ်ငန်းဆောင်တာ ကျဆင်းပြီး သေဆုံးနိုင်တဲ့ အလားအလာ ရှိပါတယ်။

အမှတ်(၉)
ရောဂါအမည် - လိင်အင်္ဂါသန်းစွဲခြင်း၊ယားနာ သို့မဟုတ် ၀ဲခြောက်စွဲခြင်း Pubic Lice (Crabs &Scabies)

အမှတ်အသားနှင့် ရောဂါလက္ခာများ - တော်တော့်ကို ယားယံတာမျိုးဖြစ်ကာသတိပြုမိနိုင်ပါတယ်။ ဆီးခုံအရင်းပိုင်းက ဆီးခုံ မွှေးတွေမှာ သန်းဥဖြူဖြူလေးတွေ တွဲခိုနေတာ သို့မဟုတ် အညိုရောင်ခပ်သေးသေး သန်းလေးတွေက ဆီးခုံမွှေးကော ဆီးအိမ်မှာကောရှိနေတတ် တာတွေကို သေချာစစ်ဆေးကြည့်ပါ။
ကူးစက်မှု - အ၀တ်အစားသီးသန့်မ၀တ်ကြဘဲ အတူတူလဲလှယ်ဝတ်ဆင်တာ၊ အိပ်ယာတစ်ခုထဲမှာ အတူတူအိပ်စက်တာ၊ ရေချိုးခန်း တဘက်တွေကို ဝေမျှသုံးစွဲတာမျိုးတွေလို ကိုယ်ခန္ဓာခြင်း တွေ့ဆုံဆက်သွက်ခြင်း (physical contact) တွေမှ ဖြတ်သန်းကူးစက်

ရောဂါအကျိုးဆက်များ - ကိုယ့်ဖာသာကိုယ် တစ်ကိုယ်ရေကုသနိုင်တဲ့ဆေးများကို ဆေးဆိုင်တွေမှာအလွယ်တကူ ၀ယ်နိုင် ပါတယ်။ လိင်အင်္ဂါတစ်ဝိုက်ရှိ အမွှေးအမျှင်များအားလုံးရိတ်ပစ်ပါ။ ယားနာ၊၀ဲခြောက်တို့အတွက် အရေပြားလိမ်းဆေးတွေ ၀ယ်လို့ရနိုင်ပါတယ်။ သန်းဥတွယ်ငြိစရာ အမွှေးအမျှင်များရှင်းလင်းပြီးဆိုတော့ ပြန်ပြီးမပေါ်ပေါက်ဖို့ကာကွယ်နိုင်အောင် ထိမိတဲ့နေရာတစ်ဝိုက်ကို ပိုးသတ်ဆေးအာနိသင်ပါ ဆပ်ပြာရည် နွေးနွေးဖြင့်ပွတ်သပ်ဆေးကြောပေးပါ။ မိမိနှင့်ထိတွေ့မိတဲ့ တစ်ဖက်သားအနေဖြင့်လည်း အလားတူသန့်ရှင်းရေးနှင့် ကုသမှုကိုပြုလုပ်သင့်ပါတယ်။ (၇) ရက်ကြာပြီးနောက်မှာ ပြန်လည်ဂရုစိုက်ကုသမှုပြုလုပ်ပါ။

ကာလသားရောဂါတွေက အေအိုင်ဒီအက်စ်ရောဂါဘယ်လိုဆက်စပ်နေသလဲ ညီငယ်တို့သိချင်ဦးမယ်ထင်ပါတယ်။ ရောဂါနှစ်ခုစလုံးဟာ လိင်ဆက်ဆံရာကနေအဓိကကူးတယ်၊ ရောဂါပိုးရှိတဲ့ သွေးသွင်းမိရင် ကူးတယ်၊ ရောဂါရှိမိခင်ကနေ သန္ဓေသားကိုကူးတယ်။ လိင်အင်္ဂါမှာ အနာရှိနေတုန်း၊ ဆီးပူညောင်းကျဖြစ်နေတုန်း လိင်ဆက်ဆံရင် အိတ်ခ်ျအိုင်ဗွီပိုးဟာ ပိုပြီးအလွယ်တကူကူးစက်နိုင်တယ်။ ဒါကြောင့် ကာလသားရောဂါရှိတဲ့သူဟာ အေအိုင်ဒီအက်စ်ရောဂါလည်းရှိလာဖို့ အခွင့်အလမ်းများရပါတယ်ဆိုပဲ။

ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘ၀တာမှာ ရောဂါကင်းကင်း ကျန်းမာသန်စွမ်းခြင်းအပြည့်ဖြင့် အားမာန်ရှိရှိခြေလှမ်း ဆက်နိုင်စေဖို့အတွက် ကိစ္စတိုင်းကို အသိနဲ့ “သတိ” ရှိနိုင်ကြပါစေကြောင်း အကိုတစ်ယောက်အနေနဲ့ဆန္ဒပြုလိုက် ပါတယ်နော်။

- နိဂုံး -

“ကိုကြီးပြောမယ်ညီလေးနားထောင်”ခေါင်းစဉ်လေးနဲ့ ကျွန်တော်ဖတ်သမျှစာအုပ်စာတမ်းများထဲကရော မေးမြန်းမိတာ လေးတွေကရော အကြောင်းအရာအစုံကို ကိုယ့်ထက်ငယ်ရွယ်သူများဖတ်ဖို့ပြန်လည်ဝေငှခဲ့ပါတယ်။ တစ်ပိုင်းနဲ့တစ်ပိုင်း ရေးသားရာမှာ စာအရေးအသား မပြေပြစ်တာ စကားလုံးရှေ့နောက်မညီတာ စာရေးသားနည်းမမှန်တာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြန်လည်ပြီး Proof မဖတ်ဖြစ် ဘဲ ရေးသားစဉ်ကအတိုင်းပဲ ဖော်ပြခဲ့တာကိုတော့နားလည်ပေးပါလို့။ ဆေးပညာရပ်နဲ့ပတ်သက်ပြီး အမှားအယွင်းလေးတွေကို ထောက် ပြပြောဆို ပြင်ဆင်ပေးတဲ့ Dr. မျိုးသောင်း ဆိုတဲ့အကို့ကိုကျေးဇူးပါ။ ဘာပဲဖြစ်ဖြစ် ပြောမယ်ဆိုရင် ပြောစရာတွေကအများကြီးရှိပါသေး တယ်။ ဒါပေမဲ့အဲဒါတွေက ကျွန်တော်တို့လိုအရွယ်ရောက်သူများ လည်းသိသင့်တာတွေ ပါနိုင်တာကြောင့် အခြားခေါင်းစဉ်များနှင့် ပြန်လည်ဝေငှရေသားပါ့မယ် ခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်
Alex Aung (23 Dec 2012)

No comments: