Thursday, January 31, 2013

လွမ်းမော...တမ်းတ



သူရိန်နေမင်းကြီးမှာ ပင်လယ်ရေမျက်နှာပြင်ထက်ဝယ် မှေးတင်နားနေလျက်ရှိပြီ။ နီသော ၀ါသော ရောင်ဝါနေခြည်များသည်လည်း ရေမျက်နှာပြင်ပေါ် အစင်းစင်းထလျက် လွှမ်းခြုံရစ်သိုင်းနေပုံမှာ တစ်မျိုးလှနေတော့သည်ပဲ။
 
ငှက်ကျေးသာရကာများမှာလည်း အိပ်တန်းတက်ရန်အတွက် အစုလိုက်အဖွဲ့လိုက် ပျံသန်းလာကြပြန်ပြီ။ ပင်လယ်လေညင်း ဖြူးဖြူး ကလေးကလည်း နွဲ့နွဲ့သော့နေရဲ့လေ။
 
သဘာဝပင်လယ် ညနေဆည်းဆာသည်ကား ရှုမျှော်ခံစားသူအဖို့ ဘ၀င်တခြိမ့်ခြိမ့် ရွှေရင်တငြိမ့်ငြိမ့် ဖြစ်သည်မှာ မလွဲဧကန်ပါပေ။
တစ်ယောက်တည်းသော တစ်ဦးတစ်ယောက်ကို လွမ်းငွေ့ရစ်သိုင်းနေသော ကျွန်တော်သည်သာ တစ်ခုတည်းသော ကုန်းကမူလေးမှာ ထိုင်ရင်း မကြာခင်ပင်လယ်ထဲငုပ်လျှိုးတော့မယ့်နေမင်းကြီးကိုကြည့်ရင်း အထီးကျန်သလို ခံစားနေမိရသည်ပေါ့။
ကျွန်တော်အတွက်တော့ တဖြတ်ဖြတ်ခတ်နေတဲ့လှိုင်းလုံးတွေနှင့်အပြိုင် အလွမ်းရှိန်က တရိပ်ရိပ်တက်နေဆဲ ....သူ့ကို ကျွန်တော်. ......သူငယ်ချင်းဆိုလေသော သူ့ကို ကျွန်တော် 'အရမ်းချစ်တာ'ပဲဗျာ။
 
x           x           x
 
''ရည်းစားဟောင်းကို ဘယ်လိုမေ့ရမလဲ"
 
ချစ်သူ ဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့ ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဆက်နွှယ်မှုရှိနေတဲ့ အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ ဆွေမျိုးရင်းချာတွေထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ ဘယ်လို အနှောင့်အယှက်မျိုး၊ ဘယ်လိုကြားခံမျိုးမှ အ၀င်မခံဘဲကို ချစ်ကြ၊ နားလည် တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက် နဲ့တစ်ယောက် ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေဖြစ်သွားပါတော့တယ်။
 
တစ်ဦးနဲ့တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ အတိတ်က သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ် ကြစမြဲပါ။ နာကြည်းမှု၊မုန်းတီးမှုတွေကြောင့် အားလုံးကိုမေ့ပစ် လိုက်ပြီဆိုရင်တောင် ဒါဟာ သိစိတ်ကပြုလုပ်နေတဲ့ လုပ်ဆောင်မှုတစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ခုကြုံလာခဲ့ရင် ပေါ့။
 
ကျွန်တော်နှင့် သူ ပြန်လည်ပေါင်းဖက်လို့ရမည့်အခြေအနေမျိုးမှာ သတိရနေတာ လွမ်းဆွတ်တမ်းတနေတာဟာ ဖြစ်သင့်တဲ့အကြောင်းပြ ချက်ဖြစ်ပေမယ့် ဘယ်လိုမှပေါင်းစပ်လို့မရတော့တဲ့အခြေအနေမျိုးမှာဆိုရင်တော့ ကြိုးစားမေ့ပျောက်ရမှာပေါ့။ 'စိတ်ခံစားမှုရဲ့အခြေအနေ ပေါ်ကိုလိုက်ပြီး လူတွေရဲ့စိတ်ဟာ ထိန်းချုပ်ဖို့ ခက်ခဲတတ်ကြသလို၊ တချို့တွေကလည်း ကိုယ့်ခံစားမှုကို ဘယ်သူ့ကိုမှမပြဘဲ ထိန်းချုပ် ပြီးနေတတ်ကြတယ်လို့ဆိုကြတယ်။ ကျွန်တော့်စိတ်ကရော ကိုယ်အမူအယာကပါ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနှင့် ဆက်ဆံရာ မှာပါ ဘယ်လိုမှ ဟန်ဆောင်ထိန်းချုပ်ထားလို့မရခဲ့ပါဘူး အေးစက်စက် မြူးတူးရွှင်ပြတဲ့ဟန်တွေမရှိဖြစ်နေခဲ့ရပါတယ်။
 
ဒီလောက်ခံစားနေရတယ်ဆိုတော့ သူဟာ အချစ်ဦးလား ရည်းစားဦးလား သူငယ်ချင်းတွေကမေးကြပါတယ်။ မဟုတ်ခဲ့ဘူး သူဟာ စတုတ္ထ မြောက်ချစ်သူလို့များဖြေခဲ့ရင် တဟားဟားများရယ်မောလှောင်ပြောင်ကြမလားပဲ။ အချစ်စိတ်ဆိုတာ ထူးဆန်းတယ်လို့ ကျွန်တော်အမြဲ ပြောနေမိ ခဲ့တယ် ဟုတ်တယ်....အရင့်အရင်က ချစ်သူတွေကိုရော မချစ်ခဲ့ဘူးလားမေးမယ်ဆိုရင် ချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ရယ် မသိ 'ကို' ဆိုတဲ့ခေါ်သံလေးတွေထဲပျော်ဝင်ကျဆုံးသွားတာ၊ နွေးနွေးထွေးထွေး အနမ်းလေးတွေကြောင့် စွဲမက်သွားတာ၊ အယုအယလေး တွေကြောင့် မခွဲနိုင်တော့တာဟာ ကျွန်တော့်ကိုချစ်တယ်လို့ပြောခဲ့တဲ့ သူ့အပြုံးကြောင့်များလား မကြာခဏပြန်လည်မေးခွန်းထုတ်မိပါရဲ့။
 
x           x           x
 
"အထီးကျန်တာကိုကြောက်တာလား အချစ်သစ်မွေးဖွားတာလား"
 
ပေါင်းစည်းလို့မရနိုင်တော့တဲ့အခြေအနေကို အဖြစ်မှန်အတိုင်းလက်ခံပြီး ဘ၀ရဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဟာ သူနဲ့ ရှိနေတဲ့အချိန်မှသာ မွေးဖွားတတ်တာမဟုတ်ဘူးဆိုတာကို ခေါင်းမမာ စတမ်း လက်ခံပေးပါလို့ပြောကြမလား ဘော်ဒါတို့ရေ။
တစ်ကိုယ်တည်း တစ်ယောက်တည်း အထီးကျန်နေရမှာကိုကြောက်တဲ့စိတ် အဲဒီစိတ်ကြောင့် အချစ်သစ်တွေမွေးဖွားလာခြင်းလား တွေး မိပါတယ်။ ကိုယ်တခြားသူတွေကို အကြံပေးမြဲဖြစ်တဲ့ 'ကိုယ်ကြိုက်နှစ်သက်ရာအလုပ်၊၀ါသနာတွေ ပြုလုပ်ပေးပါ။ စိတ်ဝင်စားရာ အလုပ်၊ ဘာသာရပ်တွေကိုလေ့လာဆည်းပူးပေးပါ။ 
မကြာပါဘူး၊ ကိုယ့်စိတ်ဟာ တဖြည်းဖြည်းတည်ငြိမ်လာပြီး ကြံ့ခိုင်လာပါလိမ့်မယ်' ဆိုတာက လေတကယ်တမ်းတော့ ကိုယ့်အတွက် ဆေးမဖြစ်ခဲ့ပါဘူး။ အသိခေါက်ခက်အ၀င်နက်လို့ဆိုမလား အထီးကျန်တာကိုကြောက်တဲ့စိတ် ကြောင့် သူနဲ့ ပန်းနုရောင်ဇာတ်လမ်းသစ်တစ်ခု ဖန်တီးခဲ့ခြင်းတော့မဟုတ်တာအမှန်ပါဗျာ။
 
လက်စမသတ်ရသေးတဲ့ ခံစားမှု အကြွင်းအကျန်လေးတွေကြောင့် နောက်ထပ်အချစ်မီးလောင်မြိုက်မယ် အဲဒီလို မငြိမ်းသေးတဲ့ အချစ်မီး တွေ မငြိမ်းခင်မှာ နောက်ထပ်အချစ်ထပ်ရှာရင်များသောအားဖြင့် အမြန်ဆုံးပြန်ကွဲသွားကြတာများတယ်တဲ့လေ။ အဲဒီအဆိုကိုတော့ နည်းနည်းလေးထောက်ခံချင်သလိုပါပဲ။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ 'ကိုယ်ကရင်ဘတ်ထဲက သံစဉ်တူလူရှာတာမဟုတ်ဘဲ အထီးကျန်ရမှာ ကြောက်လို့ အမြန်ဆုံးအဖော်ရှာလိုက်တဲ့ သဘောဖြစ်နေလို့ပဲ'ဆိုတာကိုလည်း သဘောမတူနိုင်ပြန်ပါဘူး။ သူ့ကိုချစ်လို့ အချစ်စိတ်ပြင်းပြ လို့ဆိုပြီး အမည်တပ်ရမလားပဲဗျာ။
 
x           x           x
 
'အချစ်စစ်မှန်ရင် မနာလိုမြဲ'
'မနာလိုစိတ်ဟာ သာမန်အားဖြင့် နားလည်ခံစားပေးလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုချစ်လို့သာ မနာလိုစိတ်ဟာ ပေါ် ထွက်လာရတာဖြစ်တယ်။ ဒါပေမဲ့ မနာလိုစိတ်ဟာ စိတ်မချမှုထက် မယုံကြည်မှုဘက်ပေါ်မှာ ပေါက်ဖွားလာရင် တော့ မကောင်းတော့ဘူး'
 
ကျွန်တော့်မသိစိတ်ကတော့ သူ့ရဲ့ရိုးသားသောစိတ် ဖြောင့်တန်းသော ပေါင်းသင်းဆက်ဆံရေးကို တကယ့်ကိုယုံကြည်လက်ခံခဲ့ပါတယ်။ သူလုပ်သမျှအလုပ်တိုင်းကိုသိချင်တယ်။ သူဘယ်သူနဲ့ ဘယ်မှာရှိနေတယ်ဆိုတာ အချိန်တိုင်းသိချင်နေတယ်ဆိုတဲ့သိစိတ် မနာလိုစိတ် တွေကတော့ မကောင်းမှန်းသိပေမဲ့ ကျွန်တော့်ဘက်က အတော့်ကိုသ၀န်တိုစိတ်များနေခဲ့တာအမှန်ပါ။ သူနဲ့ကိုယ်ကြား ကတောက် ကဆ စကားများဖို့ လမ်းစရလာပြီလို့ဆိုပေမယ့် သူ့ဘက်က ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်ကြည်ဖြူဟန်ကိုပဲပြခဲ့တာကြောင့် အခုအချိန်မှာ အတိအကျ မဆိုနိုင်ပေမဲ့ ကျွန်တော် နောင်တများရစေတဲ့အကြောင်းများလား။
 
သာမန်အဆင့်လောက်ပဲဆိုရင်တော့ မနာလိုတာဟာ အချစ်ကို ပိုပြီး အသက်ဝင် လှုပ်ရှားလာစေပါတယ်တဲ့။ ကျွန်တော်ဟာ ကိုယ့်ကိုယ် ကိုတောင်ထာဝရမပိုင်ဆိုင်နိုင်ဘူးဆိုတာ သတိမမူမိဘဲ လောဘဇောတိုက်မိရပါတယ်။ အချစ်ဆိုတဲ့အရာကို ပစ္စည်းတစ်ခုအသွင်ဆောင် လိုက်ရင် ကျွန်တော်ဟာ အဲဒီ့ပစ္စည်းကိုတော်တော်မက်မောခဲ့ပြီး ဘယ်သူ့ကိုမှအကိုင်အတွယ်ပင်မပြုစေချင်ခဲ့ပါ။
 
x           x           x
 
'နှုတ်မှမထွက်သော စကားများ'
 
ချစ်သူက အလုပ်ခွင်ထဲကပဲဖြစ်ဖြစ်၊ သူ့ဘက်ကမိသားစုအကြောင်းပဲဖြစ်ဖြစ် အရေးမကြီးသလိုပြောပြပါတယ်။ တကယ်က သူ့အတွက် အရမ်းကို စိုးရိမ်ပူပန်အရေးတယူပြုရမယ့် အရေးတကြီးကိစ္စတွေဖြစ်ပေမယ့် ကျွန်တော်နဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် အရေးတယူ လုပ်ပြီးမပြောခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘက်က အရေးတယူနဲ့ နားထောင်ပေးတာကို သူလိုချင်ခဲ့ဟန်တူပါတယ်။ သူ့အနေနဲ့ အရမ်းကို အကဲပိုအဖြစ်သည်းလွန်းတယ်လို့ ကျွန်တော်ထင်သွားမှာကို မလိုလားလို့ ပေါ့ပေါ့တန်တန်ပြောခြင်းဖြစ်မှာပါ။ ဒါကို မသိသားဆိုးရွားစွာ ကျွန်တော် တုံးအခဲ့ပါရဲ့။
 
သူ့နှုတ်ကမပြောပေမဲ့ အမူအယာတွေကပြောနေလိမ့်မယ်ဆိုတာ ရိပ်မိခဲ့ဖို့ကောင်းတယ်ဗျာ။ ကျွန်တော် မျက်စိရှင်ရှင်နဲ့ မရှာတတ်ခဲ့ဘူး၊ ပြောတဲ့စကားနဲ့ပြနေတဲ့အမူအယာတို့ဟာ လိုက်ဖက်ညီမညီကို အကဲမဖြတ်တတ်ခဲ့ပါဘူး။ ဒါကြောင့် အချစ်တိုးစေမယ့်အရာတွေမဖြစ် တည်လာဘဲ အမှတ်လျော့စေမယ့်အရာတွေပဲဖြစ်ပွားစေခဲ့တယ်ပေါ့နော်။
 
x           x           x
 
'စကားမပြောရင် ဘာဖြစ်မလဲ'
 
'စကားနည်းတဲ့ အကျင့်ရှိရင်တောင် သူဘာလိုသလဲ၊ ဘာစဉ်းစားနေသလဲ ဘာဖြစ်ချင်သလဲဆိုတာလောက်တော့ သိအောင် လုပ်ဖို့ စကားဟပေးရမှာဖြစ်တယ်။ ချစ်သူနှစ်ယောက်အကြား စကားသံတွေ ဆိတ်သုဉ်းသွားပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ဝေးကွာသွားတတ်ကြပါတယ်။ သူစိမ်းဆန်သလိုဖြစ်သွားတတ်တယ်' ဒီစကားကိုတော့ ရာနှုန်းပြည့်နည်းပါး ကျွန်တော် ထောက်ခံပါရစေ။
 
ချစ်သူဆိုတာ တစ်ယောက်စိတ်ကိုတစ်ယောက်သိတယ်။ နှုတ်ကဖွင့်ပြောဖို့မလိုဘူးလို့ ကျွန်တော်က တွေးမြင်ယူဆလက်ခံပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ကောင်းသောစကားတွေရော စိတ်ထဲရှိတဲ့ဗရုတ်သုတ်ခတွေရော ပြောတယ် စိတ်ထဲခံစားရတဲ့အတိုင်း သူ့ကိုဆက် ဆံပေါင်းသင်ပါတယ်။
'ပြောရုံပဲလားဆိုတော့ မဟုတ်သေးဘူး၊ ကိုယ့်ဘက်က ပြောသင့်တာပြောပေးရမှာဖြစ်သလို သူ့ဘက်ကပြောစကားတွေ ကိုလည်း ဂရုတစိုက်နဲ့ အလေးပေးနားထောင်ပေးရမှာဖြစ်တယ်' အဲလိုဆိုရင်တော့ ဘယ်လိုပြောရမလဲ သူဟာ တကယ့်ကို အလေးပေးနား ထောင်ပေးတတ်ပြီး သူ့ဘက်ကပြောသင့်တာတွေကို ပြောစကားအဖြစ်မဟခဲ့ပါဘူး တကယ်ကိုပါပဲလေ။
'ချစ်သူနှစ်ဦးကြား ပြောစရာစကားမရှိတော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးအလှမ်းဝေးကွာသွားတတ်ပါတယ်။ ကြာလာရင် တစ်ယောက်နဲ့တစ်ယောက်တစိမ်းတရံတွေလို ခံစားရပြီး လမ်းခွဲရတတ်ကြပါတယ်' ပြောစရာစကားမရှိဘူးလားဆိုတော့ ကျွန်တော်က သာစကားများသူတစ်ယောက်ဖြစ်ခဲ့ပြီး သူဟာ ပြောစရာစကားမရှိခဲ့ဘူးထင်ပါတယ်။ သူ့အလုပ်နဲ့ နယ်မြေခြားဒေသတွေဆီသွားနေရရင် လည်း ကျွန်တော့်ကို လွမ်းစာခွေမပျက်ပါဘူး။ ဒီတော့ ဘယ်လိုပြောရမလဲဗျာ ရုတ်တရက်သူ သစ်စိမ်းချိုးချိုးတာကို ကျွန်တော်အပြစ် မဆိုသာခဲ့ပါ။
 
x           x           x
 
'လမ်းခွဲကြစို့'
 
ဒါဟာ ကျွန်တော်ကစပြောခဲ့တဲ့စကားလုံးများမဟုတ်ခဲ့ပါ။ ကျွန်တော် သူနဲ့ကျမှ တကယ်ချစ်ရပါပြီလို့ခံစားခဲ့ရသော ချစ်သူလေးဆီကလို့ ဖြေရပါမယ်။ အချစ်စိတ်ဒီဂရီတွေ ကျွန်တော့်ဖက်ကအရှိန်မြင့်နေတုန်းမှာ ဘယ်လိုမှရှေ့ဆက်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့စာ သူ့ဘက်က ပို့လိုက်ခြင်းလေ။
 
'ညီတို့အနေနဲ့ သူငယ်ချင်းဖြစ်ရတာ ပိုကောင်းလိမ့်မယ်လို့ ယူဆတယ်'
 
'ကျွန်တော် အကို့ကိုဆက်မချစ်နိုင်တော့ဘူးဗျာ'
 
ကျွန်တော်ဘာပြန်ပြောခဲ့တယ်ထင်လဲ။ 'ညီပျော်ရင် အစ်ကိုကျေနပ်ပါတယ်၊ အစ်ကို့ဘက်ကတော့ လမ်းခွဲစကားမဆိုဘူးနော်၊ ညီဘယ် အချိန်မှာပဲဖြစ်ဖြစ် ပြန်လည်ဆက်သွယ်လာရင် စောင့်ကြိုဖို့အသင့်ပါပဲ' လို့စာပြန်ပို့ခဲ့တယ်။ ဟုတ်တယ် သူပျော်ရင်ကျွန်တော် ကျေနပ် နိုင်ပါပြီ။ ဖြစ်စအချိန်တုန်းကတော့ စိတ်ထဲက ပြန်လာခဲ့ပါလို့ပြောမိနေခဲ့တယ်ပေါ့ဗျာ။
 
x           x           x
 
'အချိန်မဆွဲပါနဲ့'
 
လုံးဝအချိန်မဆွဲခဲ့ပါဘူး။ သူ့ဘက်က သုံးကြိမ်သုံးခါ မေးခွန်းတစ်ခုကို ဆက်တိုက်မေးပြီးမှ ဖြတ်တောက်ပစ်ခဲ့တာပါပဲ။ ကျွန်တော်က တစ်စုံတစ်ခုကိုရည်ရွယ်ပြီး သုံးကြိမ်တိတိမေးခြင်းဆိုတာကို မသိခဲ့တာအမှန်။ ပြီးတော့ အကြောင်းကိစ္စတစ်ခုကို ကျွန်တော် လွယ်လွယ်နဲ့ သဘောမတူတတ်ခဲ့ဘူးဆိုတဲ့ကိစ္စက အခုတော့ သူ့အတွက်အမုန်းဖြစ်စေခဲ့ပြီလေ။
 
အကြင်နာအတုအယောင်တွေမပေးဘူး၊ လက်တွဲဖြုတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး တစ်ဖက်သားကြာကြာမခံစားရအောင် မြန်မြန်ရင်ဆိုင် လိုက်တယ်ပေါ့ သူ့ဘက်ကလေ။ ကျွန်တော့်နှုတ်ဖျားက စကားသံမထွက်နိုင်ခဲ့တော့ပါဘူး။
 
x           x           x
 
'အမှန်အတိုင်းပြောပါ'
 
ကျွန်တော်နဲ့သူဘာကြောင့်ပြတ်စဲချင်ရတာလည်းဆိုတာကို အမှန်အတိုင်းပြောပါတယ်။ လိမ်လည်ပြီးပြောဆိုတာ မရှိ သူ့စိတ်ထဲမှာ ခံစားခဲ့ရတာတွေ စိတ်ပျက်ခဲ့ရတာတွေကို အရင်းအတိုင်းဖွင့်ဟပါတယ်။ ဒီလို ဒီလိုတွေပြောလာတော့မှ ကျွန်တော့်ဘက်က ပျက်ကွက် မှုတွေ အလိုက်မသိမှုတွေကို ပိုပိုပြီးမြင်သာခဲ့ရတယ်ဆိုရမှာပါပဲ။ ပွင့်ပွင့်လင်းလင်းမရှိဘူးလို့ သူ့ကိုအပြစ်တင်ရမလား တွေးမိခဲ့ပါသေး တယ် ကိုယ့်ချစ်သူကို ဘာတော့မကြိုက်ဘူး ဘာတော့လုပ်ပေးပါ ဘာကိုလုပ်ဆောင်ပေးသင့်တယ်လို့ ပြောပြသင့်ခဲ့တာမဟုတ်လားလို့။
 
သူက 'ကျွန်တော့်တို့အဖြစ်အပျက်ကို သိပ်မခံစားပါနဲ့ အကိုရယ်၊ နောက်ချစ်သူအသစ်တွေ့လာရင် အကိုဒီလိုခံစားရတာမျိုးမဖြစ်အောင် ရှောင်ကြဉ်နိုင်တာပေါ့' လို့ပြောခဲ့တယ်ဗျ။ ကျွန်တော့်စိတ်ထဲကတော့ ဘယ်လိုမှကို လက်သင့်ခံလို့မရသေးတာအမှန်ပါပဲ။
 
x           x           x
 
'ပြန်မဆက်ပါနှင့်'
'ကိုယ့်ကို မချစ်တော့တဲ့သူ တစ်ယောက်နဲ့ပြတ်စဲပြီးသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ဘက်ကချက်ခြင်းပြန်လည်ဆက်သွယ်မှု မပြုလုပ်ပါနှင့်' အဲဒီစကားကို ကျွန်တော် မလိုက်နာနိုင်ခဲ့ဘူး။ မျှော်လင့်မိတုန်း အင်တာနက်သုံးလို့ အီးမေးလ်စစ်ဖြစ်ရင် သူ့ဘက်ကအမုန်းပွားတဲ့စာပဲ ဖြစ်ဖြစ် ဘာအကြောင်းအရာပဲဖြစ်ဖြစ် မြင်ချင်တုန်းပဲလို့ ခံစားခဲ့ရပါတယ်။
'တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဘယ်လူမှ အလွယ်တကူမပြောင်းလဲနိုင်ပါဘူး ကိုယ့်အနေနဲ့ သူ့ ဘက်က စိတ်လည်ပြီး ကိုယ့် ကိုပြန်ချစ်လာဦးမယ်လို့ ထင်နေပေမယ့် အမှန်က မပြောင်းလဲဘူး' ဟင့်အင်...ဟင့်အင်လို့ ငြင်းဆန်မိတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ် အမှန်တရားဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်တဲ့ အမှန်တရားဖြစ်နေလို့ပါ။
 
အချစ်ဟာ အပြုံးလေးတစ်ပွင့်နဲ့အတူ ဖူးပွင့်လာတယ်။နောက်တော့ အနမ်းလေးနဲ့ကြီးပြင်းလာတယ်။ နောက်ဆုံးမှာတော့ မျက်ရည် လေးနဲ့ အဆုံးသတ်သွားရတယ်ဆိုတာ အမှန်တကယ်ပဲပေါ့နော်။
 
(၁)        လက်စားချေခြင်း။ (၂)        ရိုင်းစိုင်းစွာတုံ့ပြန်မိခြင်း။ (၃) ဒေါသလွန်စွာထွက်မိခြင်း။ (၄)          လူတိုင်းကို လက်ပါလိုခြင်း။
(၅)        မစဉ်းစားဘဲ ပြုလုပ်လိုခြင်း။ (၆)        ဒေါသတကြီးရန်မူလိုခြင်းဆိုတဲ့ လမ်းခွဲပြီးနောက် ရှောင်ကြဉ်ရမည့် အရာများကို ကျွန်တော် ရာနှုန်းပြည့်ရှောင်ကြဉ်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်စားချေတာ ဒေါသတကြီးရန်မူတာတွေ လိုမှမလိုတာပဲဟာ။ သူပျော်ရွှင် တာကိုပဲလိုချင်တယ် သူသာစိတ်ချမ်းသာရင် ကျွန်တော် တကယ်ပျော်ပါတယ်။
 
ကျွန်တော့်အနေနဲ့ ကိုယ်ချင်းစာပြီး အကြံပေးရရင် 'ဘယ်သူမဆို တစ်သက်အမြဲ လက်တစ်စုံကိုမြဲမြဲမြံမြံဆုပ်ကိုင်ထားချင်ကြတာပါပဲ။ ဒါပေမဲ့ အမှန်တကယ့်ကို လက်တွဲထားဖို့မဖြစ်နိုင် တော့ဘူး မဆုပ်ကိုင်ချင်တော့လောက်အောင်ဖြစ်ကြရင် အဆင်ပြေပြေလေးပဲ နားလည်မှုနဲ့ လမ်းခွဲကြတာကိုဖြစ်စေချင်ပါတယ်။ အမုန်းမပါဘဲ ဆိုပါတော့' လို့နော်။
 
x           x           x
 
ထုံးစံအတိုင်း ကျွန်တော် ပင်လယ်ပြင်ရဲ့ နေ၀င်ဆည်းဆာအလှကို ကြည့်ရှုရန်အတွက် လာနေကျ ကုန်းကမူလေးဆီကို သွားဖြစ်ရပါ တယ်။
 
ဒီကုန်းကမူလေးကနေ ရှုမျှော်ကြည့်လိုက်တိုင်း တိမ်ရောင်တောက်ပသော ပင်လယ်အလှကိုပဲဖြစ်ဖြစ်  ဟိုးအဝေးဆီက မှိုင်းပြပြ တောင်တန်းများကိုပဲဖြစ်ဖြစ် ကြည့်မိလေတိုင်း ဆွတ်ပျံ့ကြည်နူးဖွယ် စိတ်ခံစားမှုတစ်မျိုးကို ခံစားမိရပါတယ်။
ဒီနေရာလေးကိုရောက် တိုင်း ကျွန်တော့်စိတ်တစ်ခုလုံး နုညံ့ကြည်နူးလတ်ဆတ်လာရစမြဲ။ ဒါကြောင့် ဒီနေရာလေးကို ကျွန်တော် သုခကမ္ဘာလေးဟု တင်စား သတ်မှတ်ထားမိနေခြင်းပင်ဖြစ်ပါတယ်။
 
အလွမ်းသင့်ပန်းချီလို့ဆိုရမယ့် တိမ်ရောင်စုံတောက်ပနေသော ညနေခင်းမှာ ကျွန်တော် သုခကမ္ဘာလေးဆီ အရောက်လှမ်းမိမြဲ။ တစ်စုံတစ်ယောက်သောသူကို တမ်းတမိနေဆဲလို့ဆိုရပါ့မယ်။
 
ကိုယ့်ကိုပစ်အသစ်ရှာ အသစ်ကသူ့ကိုပစ်အသဲကွဲတာတွေ ဘယ်သူနဲ့ ဘယ်လိုတွေ့တာတွေကို ကျွန်တော်က လိုက်ပါခံစားမိနေ တာဟာ အရူးပဲလိုဆိုကြမလားဟင်။ ကျွန်တော်......ကျွန်တော် သူ့ကို ချစ်နေဆဲပဲ....။ ပြန်လည်ပေါင်းစည်းဖို့မဖြစ်နိုင်မှန်းသိပေမဲ့ တမ်းတမိနေပါတယ်...။
 
''ဘာကြောင့်မှန်းရယ်မသိ သူ့အကြောင်းပဲတွေးနေတုန်း…..ဘာကြောင့်မှန်းရယ်မသိ သူ့စကားများ ကြားယောင်တုန်း....မချစ်တော့ ဘူးဆိုမှ ငါတိုးလို့ချစ်နေတုန်း…အရာရာပြီးလို့သွားတောင်မှ ပြန်စခွင့်ရချင်တုန်း…ခွဲခွာခြင်းကို ငါလေသတိမထားမိသေးခင်…နှုတ် ဆက်ခြင်းကို ခံနိုင်ရည်အားမရှိ…''  (သီချင်းလေးကို တိုးတိုးဖွဖွနှုတ်ဖျားကညည်းမိရပါတယ်။)
 
အိုး....နေမင်းကြီးလဲ ပင်လယ်ထဲကို ငုံ့လျှိုးသွားခဲ့ပြီ။ မှောင်ရိပ်ကဲတဲ့ လမ်းအတိုင်း ဓာတ်မီးလေးကိုင်လို့ သောင်ပြင်တလျှောက် လမ်းလျှောက်လို့ကျွန်တော်အိမ်ပြန်ခဲ့တယ်။ ဓာတ်မီးအလင်းရောင်လေးက မှိတ်တုတ် မှိတ်တုတ်။
 
ဇာနည် (Alex Aung)
(26 June 2012)
စာကြွင်း။  ။ Love Advice ဆောင်းပါးများစွာကိုနည်းနည်းအခြေပြုပြီး ကျွန်တော့်ခံစားချက်အစစ်အမှန်ကိုရေးဖွဲ့ပါတယ်။

No comments: