Thursday, November 5, 2015

အမျိုးသားတွေနဲ့ လိင်မှုကိစ္စ


တကယ်တော့ လိင်မှုကိစ္စသည် ဖိုမလူသားနှစ်ဦးရဲ့ အိပ်ရာပေါ်ကိစ္စနဲ့ ကာမအားတိုးဆေး၊ တဏှာရာဂတွေ လောက်နဲ့တင်
ပြည့်စုံနေတာ မဟုတ်ပါ။ အဲဒီကိစ္စတွေထက်အများကြီးပိုအဓိပ္ပာယ်တွေရှိနေပါတယ်။ ဒီကနေ့ သိပ္ပံပညာရှုင်တွေဟာ
လူသားတွေဘာကြောင့်လိင်မှုကိစ္စတွေ၊ လိင်ဆက်ဆံမှုတွေပြု လုပ်ကြတယ်ဆိုတာကို လေ့လာနေကြတယ်။
လေ့လာနေဆဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လိင်ဆက်ဆံမှုပြုတယ်ဆိုတာ ပြုလုပ်သူကာယကံရှင် နှစ်ဦးစလုံးရဲ့စိတ်ဆန္ဒ ပျော်ရွှင်ကြည်နူးမှုကိုသာအကျိုးဖြစ်စေရုံသာမကဘဲ လူသား မျိုးနွယ်မျိုးဆက်ပြန့်ပွားရေးအတွက် လည်းအကျိုးရှိစေတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှုင်တွေအနေနဲ့ လူသား တွေဘာကြောင့် လိင်စိတ်ဖြစ်လာရသလဲ၊ လိင်မှုကိစ္စတွေမှာဘယ်လို အဆင့်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုတွေ ရှိလာသလဲ၊ လူသားယဉ်ကျေးမှုတိုးတက် ပြောင်းလဲမှုက လိင်ဆက်ဆံမှုအပေါ်ဘယ်လိုအကျိုးသက် ရောက်မှု တွေရှိသလဲ၊မျိးရိုးဗီဇ တွေကရော လိင်စိတ်ကို ဘယ်လိုနှိုးဆော်ပေး ကြသလဲ။ အချစ်စိတ်စတဲ့ချစ်ခြင်း၊ မုန်းခြင်းစိတ်ခံစားမှုတွေကရော လိင်စိတ်ကို ဘယ်လိုဖြစ်စေသလ.ဲ ... စသဖြင့် အကြောင်းအရာမျိုးစုံကိုလေ့လာသုတေသနပြုနေကြလျက်ရှိပါတယ်။ သူတို့အနေနဲ့ လိင်ကိစ္စကိုအိပ်ရာပေါ်က ကိစ္စတစ်ခုထက်ပိုပြီး စိတ်ဝင်တစားလေ့လာနေကြတာ ဖြစ်ပါတယ်။ လိင်မှုကိစ္စကို တဏှာရာဂကိစ္စထက် သိပ္ပံပညာ ကျန်းမာရေး ရှုထောင့်တွေကနေပြီးဆက်လက်ရှာဖွေ ဖော်ထုတ် သုတေသနပြုနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခါတော့ ဒီကနေ့ သိပ္ပံပညာရှင်တွေလေ့လာသုတေသနပြုနေတဲ့ လိင်မှုကိစ္စတချို့ကို ကျန်းမာရေးသိပ္ပံပညာရှုထောင့်ကနေ ဖော်ပြလိုပါတယ်။

ကာမအားတိုးဆေးဆိုသည် တကယ်စွမ်းတာလား

အမေရိကန်နိုင်ငံမှာ နာမည်ကျော်လိင်ကျန်းမာရေးပါရဂူတစ်ဦးဖြစ်တဲ့ ဒေါက်တာရု(တ်)က "တကယ်တော့ လူတွေသုံးစွဲနေတဲ့ကာမအားတိုးဆေး (Aphrodisiacs) တွေဟာ တကယ့်အစစ်အမှန် တွေမဟုတ် ဘူး။" လို့တစ်ခါက ပြောခဲ့ဖူးပါတယ်။

မှန်ပါတယ်။ အဲဒီကာမအားတိုးဆေးတွေကို တကယ်တမ်းရိုးရိုးသားသား မှန်မှန်ကန်ကန် ညွှန်ကြားပေးတဲ့
လိင်ကျန်းမာရေးကျွမ်းကျင်သူတွေဟာ လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ တကယ်တော့ Aphrodisiacs လို့ခေါ်တဲ့ကာမအားတိုးဆေးတွေဟာ သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လိင်စိတ်ကိုနှိုးဆွတက်ကြွစေနိုင်တယ်။
လိင်စိတ်ဆန္ဒဖြစ်ပေါ်လာစေတယ်လို့ ဆိုထားပေမယ့် တကယ့်လက် တွေ့မှာကာမအားတိုးဆေးတွေအဖြစ်မှီဝဲ နေကြတဲ့ဆေးမြစ်တွေ၊ဆေးမြီးတိုတွေ၊ ပယောဂဆေး တွေဆိုတာ တကယ် ကာမအားတိုးဆေးစစ်စစ် ဖြစ်တယ်လို့ သက်သေပြသနိုင်ခြင်းမရှိသေးပါဘူး။ သို့သော်လည်း ဒီကာမအားတိုးဆေးတွေကိုပဲ လူတွေတော်တော်များများက သုံးစွဲနေကြတာဖြစ်ပါတယ်။

ဒီလိုလွဲမှားစွာ သုံးစွဲနေကြတဲ့ ကာမအားတိုးဆေးလို့ အမည်ပေးမှည့်ခေါ်တားတဲ့အသုံးအများဆုံး ကာမအားတိုးဆေး ၁၀ခုကိုLive Science's ဆေးသိပ္ပံပညာဂျာနယ် မှာ ဆောင်းပါးရှင် ခရစ်တိုဖာဝန်ဂျက်က လွဲမှားစွာအသုံးပြုနေသော ဆေးများအမည်ဖြင့်ဆောင်းပါးရေးသား ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ဆောင်းပါးမှာပါတဲ့ ကာမအားတိုးဆေးအမည်ခံ ဆေး၁၀မျိုးကတော့ -

(၁) ကြံ့ချို (Rhino Horn)
တကယ်တော့  လူသားတွေဟာ မိမိတို့ကာမဆန္ဒအတွက် တခြားသော တိရစ္ဆာ န်များရဲ့ အသက်ရှင်သန်မှုကို ဂရုမစိုက်ဘဲလွဲမှားစွာ အသုံးပြုခြင်းဟာ စိတ်မကောင်းစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။
ကာမအားတိုးဆေးအဖြစ် လူတစ်ချို့လွဲမှားစွာ အသုံးပြုနေတဲ့ကြံ့ချိုဟာကာမစိတ်ဆန္ဒအင်အားပိုရှိစေတယ် ဆိုတာ လုံးဝမဟုတ်ပါ။

အလားတူပင်တရုတ်တိုင်းရင်းဆေးပညာတွင် ကြံ့ချိုကို တရားမ၀င် ကာမအားတိုးဆေးအပြင်တချို့ရောဂါတွေ ကုသနေခြင်းမှာ လည်းလွဲမှားနေခြင်းပင်ဖြစ်ပါတယ်။

လူတွေဟာထောင်မတ်နေတဲ့ကြံ့ချိုကို အမှုန့်ကြိတ်ထောင်း သောက်လျှင်ကာမအားတိုးဆေးဖြစ်မယ်လို့ လွဲမှားနေကြခြင်းဖြစ်ပါတယ်။ တကယ်တော့ ကြံ့ချိုမှာဖော့စဖရပ်လိုသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါ ရှိခြင်းကြောင့် ခန္ဓာကိုယ်ပင်ပန်းအားနည်းနွမ်းနယ်နေချိန်၌ အဆိုပါသတ္ထုဓာတ်က အားပြန်လည်ဖြည့်ဆည်း ပေးနိုင်တဲ့သဘောလောက်ပဲရှိပါတယ်။

(၂) Spanish Fly ခေါ် စပိန်ယင်ကောင်

နာမည်အခေါ်အားဖြင့် စပိန်ယင်ကောင်လို့ဆိုပေမယ့် ယင်ကောင်စစ်စစ်မဟုတ်ပါ။နောက်ချေးပိုးကဲ့သို့သော ပိုးကောင်မာဖြစ်ပြီး စပိန်နိုင်ငံတစ်နိုင်ငံတည်းတွင်သာမကဥရောပတိုက်တစ်ခုလုံး၌ တွေ့ရတဲ့ အင်းဆက်ပိုး ကောင်တစ်မျိုးဖြစ်ပါတယ်။
အဆိုပါပိုးကောင်မှာ လို့ခေါ်တဲ့ ကော့စတစ်အက်စစ်နဲ့တူသော အရည်တစ်မျိုး ပါရှိပါတယ်။အဲဒီပိုးကောင်ကို စားပြီးနောက်ဆုံးခန္ဓာကိုယ်မှ ပြန်စွန့်ထုတ်တဲ့အခါ အဲဒီအက်စစ်အရည်ကြောင့် ဆီးလမ်းကြောင်းတစ်လျှောက် ပူပူကျင်ကျင်ဖြစ်သွားတာ ကိုလိင်စိတ်နှိုးဆော်မှုလို့လွဲမှားစွာ ယုံကြည်နေကြ ခြင်းဖြစ်ပါတယ်။

အစစ်အမှန်ပြဿနာက အဲဒီ Catharidin လို့ခေါ်တဲ့အရည်ဟာ လူကိုအဆိပ်အတောက် ဖြစ်စေတဲ့ ပြဿနာပဲဖြစ်ပါတယ်။

(၃) ယမကာအရက် (Alcohol)

လူတွေတော်တော်များများမှားနေတာက"ရဲဆေးတင်"လိုက်တဲ့အရက်ဟာ ကာမအားတိုးဆေးမဟုတ်ဘဲ တကယ်တမ်းကြတော့ ဦးနှောက်ကို ထုံထိုင်းလေးလံစေခြင်းဖြင့် ကာမစိတ်ကိုတောင် တားဆီးဟန့်တား လျော့ကျစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာကအရက်နဲ့တွဲဖက်ပြီးတခြားသော မူးယစ်ထုံထိုင်းဆေးဝါးတွေကို သုံးစွဲမယ်ဆိုရင် ပန်းသေ ပန်းညှိုးပြဿနာတောင်ပိုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဆေးတွေဟာ သွေးကြောတွေထဲ သွေးလှည့်ပတ်စီးဆင်းမှုအပေါ်အကျိုးသက်ရောက်မှုရှိပြီး ကျားဟော်မုန်း တက်စတိုစတီရုန်းပမာဏကိုလည်း လျော့ကျစေတဲ့အတွက်လိင်စိတ်ဆန္ဒပါလျော့နည်းကျဆင်းလာနိုင်တယ်လို့ အမေရိကန်နိုင်ငံ ဘော်တီမိုးမြို့ရှိ ဂျွန်ဟော့ကင်းဆေးရုံမှမျိုးဆက်ပွားကျန်းမာရေးဌာန ဒါရိုက်တာ ဒေါက်တာ ကာရင်ဘွိုင်းလ်က ဆိုပါတယ်။ အရက်ယမကာဟာနည်းနည်းလေးသောက်လိုက်ရင် စိတ်ထကြွရဲဆေးတက် လာတာ မှန်ပေမယ့် အရက်စွဲတဲ့အဆင့်ရောက်ရင်တော့ပြောင်းပြန်အာနိသင်ကို အောင်မြင်စေမှာဖြစ်ပါတယ်။

(၄) ချောကလက် (Chocolate)

ချောကလက်မှာ ဖီနိုင်းအီသိုင်းလမင်းနဲ့ ဆီရိုတိုနင်လို့ခေါ်တဲ့ဓာတုပစ္စည်း၂မျိုးပါဝင်ပါတယ်။ အဲဒီဓာတ်တွေဟာ ဦးနှောက်ရဲ့ကျေနပ်နှစ်သက်ခံစားမှု (Pleasure) ဧရိယာနေရာကိုလှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ချောကလက်ဟာလိင်ဆက်ဆံခြင်းကိစ္စလိုပဲ လူကိုကျေနပ်နှစ်သက်ခံစားမှုရသကိုပေးစွမ်းနိုင်စွမ်းရှိပါတယ်။ သို့သော်လည်း ချောကလက်ကိုကာမအားတိုးဆေးအဖြစ် မသုံးနိုင်ပါ။ ချောကလက်က လိင်စိတ်ဆန္ဒကို
တိုးပွားစေနိုင်တယ်ဆို တဲ့ သုတေသနတွေ့ရှိချက်တွေလည်းမထွက်ပေါ်လာသေးပါ။

(၅) ဂုံး၊ ယောက်သွား (Oyster)

တကယ်တော့ ဂုံး၊ယောက်သွားမှာ (Zinc) သွပ်သတ္ထုဓာတ်ပါဝင်ပါတယ်။ ဒီဇင့်သတ္ထုဓာတ်ဟာ သုတ်ပိုး ထုတ်လုပ်ရာမှာလိုအပ်ပါတယ်။ ဒါ့အပြင် ဂုံး၊ ယောက်သွားအစိမ်း(မချက်ပြုတ်ရသေးသော)မှာ ဒီ-အက်စ်ပါးတစ် အက်စစ်နဲ့ အန့်မီသိုင်း ဒီအက်(စ)် ပါးတိတ်တွေအများအပြားပါရှိပါတယ်။ အဲဒီဓာတ်တွေဟာ စမ်းသပ်ခံ ခွဲစိတ်ခန်းကြွက်တွေမှာတက်စတိုစတီရုန်းဟော်မုန်းပမာဏကို မြင့်တက်စေနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ရတာကြောင့် လိင်စိတ်ကို ထကြွနှိုးဆော်ပေးနိုင်တယ်လို့ထင်မြင်ယူဆတာဖြစ်နိုင် ကြောင်း ဒေါက်တာကာရင်းဘွိုင်းလ်က ဆိုပါတယ်။

ဒါပေမယ့် ဒီအဖြေရလဒ်ဟာ အငြင်းပွားဖွယ်ပဲ ရှိသေး ကြောင်းသူကဆက်လက်ပြောဆိုခဲ့ပါတယ်။

(၆) သဘာဝဆေးမြစ်များ (Yohimbe, Tribulus, and Maca)

သဘာဝကရတဲ့ တိုင်းရင်းဆေးဖက်ဝင် သစ်ဥ၊သစ်မြစ်၊ သစ်ခေါက် တွေဟာကာမအားတိုး အာနိသင်ရှိမရှိ
လေ့လာသုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။

အဲဒီဆေးမြစ်တွေအနက် ယိုဟင်ဘီYohimbe ၊ တရွိုင်ဘူလပ်(စ်) Tribulus နဲ့မာကာ Maca ၃မျိုးဟာ ထိပ်တန်းရောက် နေကြပါတယ်။
 
ဒီဆေးမြစ်၃မျိုးကိုရောစပ်ပြီး သဘာဝ ဗိုင်ယာဂယာဆိုပြီး တိုင်းရင်းဆေး တစ်မျိုးအဖြစ် ထုတ်လုပ်ရောင်းချ လျက်ရှိနေ ပါပြီ။

ဒါပေမယ့် ထိပ်တန်း သုတေသန ပညာရှင်ကြီးတွေကတော့ ဒီဆေးတွေကနေ ဝေးဝေး ရှောင်နေဖို့ အကြံပြုသတိပေး ကြပါတယ်။

အကြောင်းကတော့ အနောက်အာဖရိက ဒေသမှာပေါက်တဲ့ အမြဲစိမ်း အပင်မြင့်မြင့် သစ်ပင်ဖြစ်တဲ့ ယိုဟင်ဘီ သစ်ခေါက်ကိုများများ စားရင် လူကို အန္တရာယ်ရှိစေနိုင်ပါတယ်။ တချို့အနောက်တိုင်းရင်းဆေးဝါးများဟာ (ဥပမာ- အက်စ်ပရင်ဆေး)သဘာဝသစ်ဥသစ်မြစ်တွေကနေ ထုတ်လုပ်နေကြတာဖြစ်ပေမယ့်လို့ ဒီယိုဟင်ဘီက နေထုတ်တဲ့ဆေးရဲ့နောက်ဆက်တွဲပြဿနာတွေက ရှေ့ဆက်အများကြီး လေ့လာရဦးမှာဖြစ်လို့ မိမိရဲ့ ကာမစိတ် အားကောင်းစေရုံသက်သက်နဲ့တော့ ဒီဆေးကို မသုံးဘဲ တခြားရွေးချယ်စရာနည်းလမ်းတွေကို သုံးသင့်တယ်လို့ပညာရှင်တွေကဆိုပါတယ်။

(၇) ဗိုင်ယာဂယာဆိုတဲ့ ကာမအားတိုးဆေး (Viagra)

ဗိုင်ယာဂယာဆေးကို စတင်တီထွင်ထုတ်လုပ်တဲ့ ဖိုင်ဇာ (Pfizer's) ဆေးကုမ္ပဏီကြီးကတော့ ၀င်ငွေကောင်း
သည်ထက်ကောင်းနေပါတယ်။ တကယ်တော့ ဗိုင်ယာဂယာဟာကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တဲ့ ကာမ အားဆေးမဟုတ်ပါ။

ပန်းသေပန်းညှိုးရောဂါရှိတဲ့ သူတွေမှာ လိင်တံမာတောင့်တင်းလာဖို့ပြဿနာရှိနေတဲ့သူ တွေမှာလိင်ဆက်ဆံဖို့ အတွက်လိင်တံမာတောင့်တင်းအောင်လုပ်ပေးနိုင်တဲ့ဆေးတစ်မျိုးသာလျှင်ဖြစ်ပါတယ်။

သို့သော်လည်းသုံးစွဲနေကြသူတွေကတော့ လိင်စိတ်နှိုးဆော်ပေးတာနဲ့လိင်တံတောင့်တင်းလာအောင် လုပ်ပေးတာကိုအယူလွဲမှားနေကြတာဖြစ်ပါတယ်။ ဒီဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် လိင်တံမာတောင့်တင်းဖို့ပြဿနာမရှိတဲ့ လူတွေမှာ လိင်စိတ်ထကြွနိုးထလာဖို့အတွက် ဗိုင်ယာဂယာ မလိုအပ်ပါ။

(၈) စိတ်ကျန်းမာရေး (Psychoanalysis)


တစ်ခါတစ်ရံ ကျားမှာရော၊မမှာပါ လိင်စိတ်လျော့နည်းကျဆင်းရခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်း၊ ပင်ပန်းမှု လွန်ကဲခြင်း၊စိုးရိမ်စိတ်များခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ဲ ဖြစ်ရတာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ စိတ်ကျန်းမာရေး ဆရာဝန်တွေ၊နှစ်သိမ့်ဆွေးနွေးအကြံပေးသူတွေနဲ့ လိင်ကျွမ်းကျင်သူ (Sex Therapists) တွေရဲ့အကူအညီလိုပါတယ်။ သူတို့နဲ့ ဆွေးနွေးတိုင်ပင်လိုက်တဲ့ အခါမှာ ကျဆင်းနေတဲ့
လိင်စိတ်တွေ ပြန်လည်နိုးထလာနိုင်ပါတယ်။ ဒါပေမယ့် မိမိမှာစိတ်ကျန်းမာရေးပြဿနာဘာမှမရှိဘဲနဲ့ တော့ လိင်ကျွမ်းကျင်သူ တွေဟာသင့်ရဲ့ကာမအားတိုးဆေးဖြစ်လာမှာ မဟုတ်ပါဘူး။

(၉) ကျန်းမာသန်စွမ်းဖို့လိုသလား (Getting in Shape)

အမေရိကန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ဆေးရုံက သုတေသီတွေပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုမှာပန်းသေပန်းညှိုး (Erectile dysfunction) ဟာ ကိုယ်ကာယစွမ်းအား မကောင်းတဲ့သူ၊ ကာယလှုပ်ရှားမှုနည်းမှုတွေနဲ့ ဆက်စပ်နေကြောင်းဆို ပါတယ်။
အဲဒီသုတေသနမှာ ဆီးချိုရောဂါရှိသူ တွေရဲ့ ၅၀ရာခိုင်နှုန်းနဲ့ သွေးတိုးရောဂါရှိသူတွေရဲ့ ၄၄ရာခိုင်နှုန်းဟာ အမြဲတမ်း သို့မဟုတ် တစ်ခါတစ်ရံ ပန်းသေပန်းညှိုးပြဿနာရှိကြောင်းတွေ့ရှိရပါတယ်။ အလားတူပဲ စားပွဲထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေနဲ့ တစ်နေ့၃နာရီ ထက် ပိုကြာကြာ တယ်လီဗေးရှင်းကြည့်သူတွေရဲ့ ၂၆ရာခိုင်နှုန်းမှာလည်း ပန်းသေပန်းညှိုးပြဿနာရှိ တယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျန်းမာရေးမကောင်းလို့ လင်စိတ်သားစိတ်ကုန်ခမ်းနေတဲ့သူတွေအဖို့ ကာမအားတိုးဆေး အဖြစ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ
တွေကို စား၊ကာယလှုပ်ရှားမှုမှန်မှန်လုပ်ရင် ဒါတွေဟာကျန်းမာရေး ပိုကောင်းလာစေနိုင်သလို ကာမစိတ်ဆန္ဒတွေလည်းတိုးတက်လာမှာဖြစ်တယ်လို့ ဒေါက်တာကာရင်ဘွိုင်းလ်က ဆိုပါတယ်။

(၁၀) ချစ်ခင်ကြင်နာယုယမှု လေးစားတန်ဖိုးထားပါ။ (Respect)

တကယ်တော့ လိင်ဆက်ဆံမှုဟာ ဖိုမဆက်ဆံရေးတစ်ခုတည်း၊ ဒါမှမဟုတ် မိမိတစ်ဦးတည်း
ဆန္ဒပြည့်ဝဖို့ သက်သက်သာ မလုပ်ဆောင်သင့်ပေ။ဖိုမနှစ်ဦး အကြား အပြန်အလှန်ချစ်ခင်ကြင်နာ
ယုယလေးစား တန်ဖိုး ထားမှု၊ အပေးအယူမျှတမှု၊ နားလည်မှုရှိမှုတွေသည်သာ လိင်မှုကိစ္စတွေရဲ့
အကောင်းဆုံးသော ကာမအားတိုး ဆေးစစ်စစ်ဖြစ်ပါတယ်လို့လိင်ကျန်းမာရေးပါရဂူဒေါက်တာရု(တ်)က မကြာခဏ ပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့်ကာမအားတိုးဆေးတွေအဖြစ် တခြားဘာကိုမျှ အားမကိုးဘဲ လင်မယားနှစ်ဦးကြားအပြန်အလှန်နားလည်မှုထားရှိပြီး တစ်ဦးနဲ့တစ်ဦး လေးလေးစားစား ဆက်ဆံခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။


Ref: Vol. (6), No. (22) 4/3/2009 Health Digest Journal ပါလိင်ကျန်းမာရေးကဏ္ဍမှ

No comments: