Saturday, March 26, 2016

ဖြစ်တည်မှုတစ်ခုကို ဘယ်လိုလက်သင့်ခံကြမလဲ



How to Accept a Close Friend's Sexual Orientation

ဒီဆောင်းပါးခေါင်းစဉ်ကိုသုံးသပ်ကြည့်လိုက်တာနဲ့ ယနေ့ခေတ်လှုမှုအဖွဲ့အစည်းမှာ အရေးပါအရာရောက်တဲ့အကြောင်းအရာ တစ်ရပ်ကို ပြောဆိုဆွေးနွေးတော့မယ်ဆိုတာ ရိပ်မိနိုင်ပါတယ်။

 လိင်တူကြိုက် အမျိုးသားတွေ (Gay people)၊ လိင်တူကြိုက်အမျိုးသမီးတွေ (Lesbians)၊ ပြီးတော့ ဆန့်ကျင်ဘက်လိင်အသွင်ပြောင်း လဲထားသူ(Transgender people) တွေဟာ ဟိုးယခင်ကနဲ့မတူ ပိုမို ဖော်ထုတ်  ဖွင့်ဟလာကြတာကိုတွေ့လာရပါတယ်။

သူတို့ကိုယ်သူတို့ လိင်စိတ်တိမ်းညွှတ်မှုဘာဆိုတာ ရှာဖွေဆဲပုဂ္ဂိုလ်များအနေဖြင့် တစ်စုံတစ်ယောက်က သူတို့ကို လိင်စိတ်တိမ်းညွှတ်မှု ကိစ္စဖြင့်ဖွင့်ဟတိုင်ပင်ပြောဆိုလာပါက မည်သို့မည်ပုံတုန့်ပြန်ရမည်ကို သိပ်သိကြဦးမယ်မထင်ပါ။

ကိုယ်သိနေတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကို ဖွင့်ဟပြောဆိုလာတဲ့ ကိစ္စကို ဘယ်လိုလက်ခံရမယ်ဆိုတာ မသိခြင်းသည် စာရေးသူတို့ရဲ့ ဖြစ်နိုင်ဖွယ်ရာဟုမှန်းဆရသော အခြေအနေတစ်ရပ်ပင်ဖြစ်ပါတယ်။

အဓိကအချက်ကတော့ စာဖတ်သူအနေနဲ့ အထိတ်တလန့်ဖြစ်သွားတာ သို့မဟုတ် တစ်ခုခုမသင့်လျော်ရာတစ်ခုခုကိုပြောလိုက်မိတာမျိုး မလုပ်ဆောင်သင့်ပါဘူး။  ဘယ်လိုပြောရမလဲ ကိုယ်လှမ်းလိုက်တဲ့ခြေလှမ်းတစ်လှမ်းဟာ ကိုယ့်သူငယ်ချင်းကို စော်ကားနေတဲ့ အနေအထားကို သို့မဟုတ် အဆက်ဖြတ်ပစ်လောက်တဲ့အခြေအနေကို လျှောက်လှမ်းတဲ့ပုံစံဖြစ်မသွားဖို့ပါ။

စာဖတ်သူက သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် လက်မခံနိုင်သေးပေမယ့် လမ်းလျှောက်တတ်စကလေးလို အစပျိုးခြေလှမ်း လေးတွေနဲ့အတူလျှောက်ကြည့်သင့်တာပေါ့နော်။

(၁) သူတို့နဲ့အလိုက်သင့် မျောနိုင်ရင်မျော
သူတို့ပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး လိုက်လျောနိုင်ခြင်းရှိမရှိ စာဖတ်သူအနေနဲ့တိတိကျကျစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ သူတို့ပြောတဲ့အကြောင်းအရာကို မေ့လျော့ပစ်ပြီး သူတို့အား ဆိတ်ကိုကို (straight) တွေလိုပဲပြောဆိုဆက်ဆံဖို့ပြောလိုရင်း မဟုတ်ပါဘူးခင်ဗျ။ သူတို့ဖွင့်ဟပြောဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး တဖျစ်တောက်တောက်မပြောဆိုခြင်း သို့မဟုတ် ပိုမိုထိရောက်တဲ့ ဆွေးနွေးမှုမျိုးပိုမိုလုပ်ဆောင်သင့်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကလည်း စာဖတ်သူရဲ့ သူငယ်ချင်းမိတ်ဆွေက ဘယ်လိုနည်းလမ်းတွေသုံးပြီး ဖွင့်ဟလာမလဲဆိုတာအပေါ်မှာမူတည်နေဦးမယ်လို့နားလည်ပါရဲ့။ ရယ်ရယ်မောမော စကားတွေဆိုနေရင်း မှ ပြောဆိုလာခြင်း သို့မဟုတ် ပုံမှန် ထသွားထလာစကားအချို့ပြောဆိုဆွေးနွေးနေရင်းမှ ထုတ်ဖော်ပြောပြခြင်းဖြစ်စဉ်တွေဆိုရင်တော့ စာဖတ်သူအနေနဲ့ လက်ခံနိုင်ကောင်းလက်ခံနိုင်မယ့် အခြေအနေတစ်ရပ်ဖြစ်သလို ကောင်းမွန်အဆင်ပြေတဲ့ တုန့်ပြန်မှုတစ်ခုခုပေးနိုင် မယ့် အနေအထားဖြစ်ပါတယ်။

(၂) တစ်ချက်လောက်တော့ပွေ့ဖက်ပါ
စာဖတ်သူကို သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်က သူ့ဖြစ်တည်မှုအားဖွင့်ဟလာချိန်ဝယ် နားလည်ပေးနိုင်ကြောင်း အရင်လိုပဲ ခင်မင်ဆဲဖြစ်ကြောင်း ပြသရာရောက်သလို စိတ်အားငယ်မှုများမဖြစ်သွားစေလိုတဲ့ လူသားဆန်မှုကိုပြသခြင်းမည်တဲ့ ပွေ့ဖက်နှစ်သိမ့်မှု တစ်ခါလောက်တော့ပြုလုပ်လိုက်ပါ။ ဒီအပြုအမူမျိုးက အလိုအလျောက်တုန့်ပြန်ကြင်နာပြတဲ့ လုပ်ဆောင်ချက်မျိုးဆိုပေမယ့် ဖွင့်ဟ လာသူကလည်း စာဖတ်သူရဲ့ပွေ့ဖက်နှစ်သိမ့်မှုကို လက်ခံနားလည်ပေးနိုင်ရင်ပိုကောင်းပါတယ်။ နုညံ့နွေးထွေးတဲ့ ပွေ့ဖက်မှုမျိုးဟာ လက်ခံနားလည်ပေးခြင်းကိုပြသခြင်း ချစ်ခြင်းမေတ္တာကို စကားလုံးပေါင်းများစွာနဲ့ပြောခြင်းအစား အပြုအမူလေးနဲ့တစ်ချက်ထဲပြသရာ ရောက်ပါတယ်။ အကြင်နာလွှမ်းသော နုညံ့တဲ့ထိတွေ့မှုဟာ အလုပ်ဖြစ်မယ်လို့မျှော်လင့်ပါရဲ့။

(၃) စိတ်ကိုဖြေလျော့ပါ
စိတ်ကို သက်သောင့်သက်သာအနေအထား Relax ဖြစ်အောင် ဖြေလျော့လိုက်ပါ။ ကိုယ်အထင်ကြီးလေးစားခဲ့တဲ့ ကိုယ်အားကျခဲ့ရတဲ့ ကိုယ်အလွန်ခင်မင်ခဲ့ရသော သူငယ်ချင်း ယောက်ျားလေး သို့မဟုတ် မိန်းကလေးအပေါ် အရင်ကထားခဲ့သော အတွေးအမြင် ခံစားမှုတွေ ကို ပြန်လည်အာရုံကပ်ရင်း အသက်ကိုပြင်းပြင်းရှူရှိုက်ကာ စိတ်တွေကို ဖြေလျော့ကြည့်သင့်ပါတယ်။ ဘာကြောင့် သို့မဟုတ် ဘယ်လိုမျိုး သူနဲ့ သူငယ်ချင်းမိတ်ဆွေဖြစ်ခဲ့ကြတယ်? အလုပ်အကိုင်အတူတူလုပ်ကြစဉ်မှာ ကိုယ့်အပေါ်ဘယ်လိုအကူအညီပေးခဲ့တာ ဖေးမခဲ့တာ သို့မဟုတ် အရေးကြီးတဲ့အချိန်တိုင်း ကိုယ့်အပေါ်ဘယ်လိုသွေးချင်းနီးစပ်ခဲ့တာ? ကိုယ့်စိတ်ခံစားမှု ကိုယ့်အပေါင်းအသင်းအပေါ် ခင်တွယ်မှု အစစ်အမှန်တွေဟာ သူ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် ပျောက်ပြယ်သွားသင့်သလား? သူကတော့ ဘယ်အကြောင်းအရာမှ မပြောင်းလဲခဲ့ပါဘူး။

(၄) နားလည်ပေးလိုက်ပါ

အခုပြောဆိုဖွင့်ဟနေတဲ့ စကားစမြည်တွေမှာ စာဖတ်သူအတွက်အလေးပေးအချက်အလက်တွေမပါဘူးဖြစ်နေတာကို နားလည်ပေး လိုက်ပါ။ သူ့လိင်စိတ်တိမ်းညွှတ်မှုစိတ်ကို ဘယ်လိုဖုံးကွယ်ခဲ့ရတယ် ဘယ်လိုအရာတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ် မျှော်လင့်ချက် တွေကဘယ်လို ဆိုတာတွေကို ပြောဆိုချင်စိတ်များနေမှာသေချာပါတယ်။ စာဖတ်သူအနေနဲ့သူတို့လိုလိုလားလားပြောဆိုနေတဲ့ အကြောင်းအရာကနေ အခြားအကြောင်းအရာကိုပြောင်းပြောဖို့ ဖိအားမပေးသင့်ပါဘူး။

(၅) လိင်ကိစ္စအပေါ် ဥပဒါန်မဖြစ်သင့်ပါ

လိင်ကိစ္စ၌ စာဖတ်သူရဲ့အစွဲပေါ်အခြေခံပြီးအလေးပေးပြောဆိုဆွေးနွေးခြင်းကိုရှောင်ကြဉ်ရပါမယ်။ လိင်ကိစ္စအကြောင်းအရာနဲ့ ပတ်သက်လို့ မီဒီယာအစုံနှင့် အခြားနေရာအစုံမှာပြောဆိုကြားမြင်နေရတာနဲ့ လုံလောက်ပါပြီ။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ လိင်အမျိုးစားတူ တစ်စုံတစ်ယောက်နဲ့ လိင်ပိုင်းဆိုင်ရာပတ်သက်မှုတစ်ခုခုပြုကျင့်မိခြင်းကြောင့်ဖြစ်သည်ဟု အဓိပ္ပာယ်မဖွင့် မသတ်မှတ် ရပါဘူး။ ဒီကိစ္စက ကိုယ်ရေးကိုယ်တာဆန်ပါတယ်၊ အဆိုပါလူရဲ့ ပင်ကိုတိမ်းညွှတ်မှုနဲ့ပဲဆိုင်တယ်လို့ဆိုပါရစေ။

ကိုယ်ပိုင်အမှတ်လက္ခဏာတစ်ခုအသွင်ဖြစ်ဖို့ကြိုးစားခြင်း -  စာဖတ်သူက သာမန်လိင်ကွဲကိုပဲတိမ်းညွှတ်သူ (Straight) တစ်ယောက် ဆိုပါစို့၊ လိင်ဆက်ဆံမှုရမ္မက်ကိစ္စနဲ့ပတ်သက်ပြီး အဆက်မပြတ် တွေ့ဆုံပတ်သက်ဖို့ ဒါမှမဟုတ် လှုပ်ရှားမှုတွေပြုလုပ်ဖို့စဉ်းစားနေတတ် ပါသလားမေးပါရစေ။ ဟုတ်ပါတယ် စာဖတ်သူအနေနဲ့ အဆိုပါအကြောင်းအရာကို အချိန်များများစဉ်းစားမိကောင်းစဉ်းစားမိမှာပါ။ ဒါပေမဲ့ ဒီလိုစဉ်းစား ယူဆမိတာနဲ့ စာဖတ်သူဟာ တဏှာရူးကြီး နှာဘူးကြီးတစ်ယောက်ဖြစ်တယ်လို့တော့ အဓိပ္ပာယ်မဖွင့်ဆိုသင့်ဘူးလေ ဟုတ်တယ်ဟုတ်?

စာဖတ်သူဟာ အားကစားသမားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်၊ ရုပ်ရှင်ကြမ်းပိုးတစ်ယောက်၊ ဖခင်တစ်ယောက်၊ သမီးတစ်ယောက်၊ ၀မ်းကွဲမောင်နှမတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။ ဒါတွေဟာ စာဖတ်သူရဲ့ ပုံသွင်သဏ္ဌာန်တစ်ရပ်သာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ဘယ်သူ့ကိုစွဲလမ်းတယ် သို့မဟုတ် ဘယ်သူနဲ့အိပ်တယ်ဆိုတဲ့အကြောင်းအရာသပ်သပ်သာဖြစ်ပြီး စာဖတ်သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားတစ်ခုမဟုတ်ပါဘူးခင်ဗျ။

(၆) နှိမ်ချ ပြစ်တင်ဆက်ဆံခြင်းရှောင်ပါ
စာဖတ်သူရဲ့ သူငယ်ချင်းမိတ်ဆွေက စာဖတ်သူကိုယုံကြည်လို့ ခင်မင်လို့ ဖွင့်ဟ၀န်ခံလာမှုအပေါ်မှာ အရေးမကြီးတဲ့ကိစ္စတစ်ခုအသွင် သေးသေးနုပ်နုပ်အဖြစ် အပြစ်ရှာ သို့မဟုတ် စာဖတ်သူ့သူငယ်ချင်း ဂုဏ်သိက္ခာကျအောင်မပြုလုပ်သင့်ပါဘူး။ သူ သို့မဟုတ် သူမကို ယခုဖြစ်တည်မှုကနေ မြန်မြန်ရုန်းထွက်လိုက်ဖို့ အဖြစ်ဆိုးတစ်ရပ်ကကျော်လွှားနိုင်ဖို့ဆိုတဲ့ဟန်ဖြင့် အတင်းအကြပ်မတိုက်တွန်းရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်တည်မှုတစ်ရပ်ဟာ စာတစ်ကြောင်း စာတစ်ပိုဒ်မဟုတ်ခဲ့လို့ပါပဲ။

(၇) သူငယ်ချင်းနေရာမှာ အစားထိုးဝင်ခံစားကြည့်ပါ

စာဖတ်သူအနေနဲ့ စာဖတ်သူရဲ့သူငယ်ချင်းအနေအထားမှာ ၀င်စားတွေးတောခံစားကြည့်ပါလား။ ဆန့်ကျင်ဘက်လိင်နဲ့ ကာမဆက်ဆံ လိုစိတ်ရှိသူများကို အထူးတဆန်းမြင်တတ်ကြတဲ့ ကမ္ဘာတစ်ခုမှာ စာဖတ်သူဘယ်လိုနေထိုင်မလဲတွေးကြည့်ပါ။ သဘာဝမဟုတ်ဘူးလို့ ယူဆထားတဲ့နေရာမှာ ကိုယ့်လိင်စိတ်တိမ်းညွှတ်မှုကို တစ်စုံတစ်ယောက်အား စာဖတ်သူအနေနဲ့ ဘယ်လိုဖွင့်ဟ၀န်ခံမလဲ စိတ်ကူးကြည့် ပေါ့နော်။

ကဲအခုပဲ စာဖတ်သူရဲ့သူငယ်ချင်း နေ့စဉ်နဲ့အမျှ လောကကိုဘယ်လိုမျက်နှာမူနေရသလဲ တွေးတောကြည့်ကြစို့။ သူ သို့မဟုတ် သူမ ဟာ ဘောင်ကျဉ်းလှတဲ့ လူမှုအသိုင်းအ၀ိုင်းထဲက ထွက်ပေါက်လေးတစ်ခု သို့မဟုတ် အံဝင်မယ့်နေရာလေးတစ်ခုကိုတော့ သူ သို့မဟုတ် သူမအနေနဲ့ အသက်ရှူပေါက်အဖြစ် ကြိုးစားရှာဖွေနေထိုင်မှာသေချာတယ်။ အဲ့ဒီအရာက စာဖတ်သူရဲ့ သူငယ်ချင်းကို အထီးကျန်မှုနဲ့ တသီးတသန့်ဆန်နေစေမှာတော့ အမှန်ပေါ့နော်။ LGBT လူထုအနေနဲ့ သူတို့ကိုယ်သူတို့ အခြားသူတွေက ရန်စောင်မုန်းတီးကြခြင်း ရန်လိုခြင်းတွေ မဖြစ်ရအောင် ထိပ်တိုက်ရင်ဆိုင်ခြင်းတွေကိုရှောင်ကြဉ်ခြင်း၊ အခြားသူတွေ မြင်ရတွေ့ရနေထိုင်ရ သက်သောင့်သက်သာ မရှိဖြစ်အောင် ပြုလုပ်မှုမှရှောင်ကြဉ်ခြင်း၊ သို့မဟုတ် ပညာတတ် ပညာရှင်မဆန်ဘူးလို့မြင်အောင် မနေဖို့ ရုတ်ခြည်းဆိုသလို ဆုံးဖြတ် နေထိုင်လိုက်တတ်ကြပါတယ်။ အကယ်၍ နားလည်လက်ခံတတ်သော သူငယ်ချင်းတစ်ဦးတစ်ယောက်ကို ပိုင်ဆိုင်ရပါက သူ သို့မဟုတ် သူမဟာ ဘုရားပေးတဲ့လက်ဆောင်တစ်ခုရလိုက်သလို စိတ်ထဲသိုဝှက်ထားသော အမှန်တရားများနဲ့ ခံစားချက်များကိုဖွင့်ဟပြီး ပေါင်းသင်း ဆက်ဆံတတ်တာကြောင့် စာဖတ်သူသည်လည်း သူလိုအစစ်အမှန်သူငယ်ချင်းတစ်ယောက်ရတဲ့အတွက် ပျော်ရွှင်ရမှာပါ။

(၈) သူလိုအပ်တာကိုပြော သူပြောတာကိုနားဆင်ပေးလိုက်ပါ
လူနှစ်ယောက် ဆက်သွယ်ပြောဆိုကြတဲ့ကိစ္စမှာ ပြောတာကောနားထောင်တာကော အချိုးညီမှအဆင်ပြေပါလိမ့်မယ်။ စာဖတ်သူ အခုဖတ်နေတဲ့အကြောင်းအရာကိစ္စမှာလည်းပဲ စာဖတ်သူ့သူငယ်ချင်းပြောဆိုဖွင့်ဟနေတဲ့အကြောင်းအရာပေါ်ဝယ် အာရုံစိုက် နားထောင်ပေးသင့်နားထောင်ပေးရပါမယ်။ မိမိတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ သဘောထားတွေကို ပြသဖို့ဆိုရင် စကားပြောဆိုခြင်းက အရေးပါတယ်ဆိုပေမယ့် မိမိတို့ရဲ့ နားလည်ခြင်းနဲ့ သိရှိနားလည်မှုတွေဟာ နားထောင်တတ်ခြင်းမှာ အထာကျပါတယ်။ စာဖတ်သူရဲ့ သူငယ်ချင်း စကားပြောအတိုင်းအဆပေါ် လေးစားသမှုပြုလိုက်ပါ။ အခုစကားစမြည်ပြောနေတဲ့အကြောင်းအရာက စာဖတ်သူရဲ့ အကြောင်း မဟုတ်ခဲ့ဘူးလေ။ သူတို့အကြောင်းကိုဖွင့်ဟပြောနေခြင်း မဟုတ်လား။

(၉) ခင်မင်မှုကို သူလေးစားတယ်ဆိုတာယုံလိုက်ပါ

စာဖတ်သူအနေနဲ့ သူငယ်ချင်းဖြစ်သူက ကိုယ့်ခင်မင်မှုအပေါ်တန်ဖိုးထားလေးစားလို့ဖွင့်ဟပြောဆိုခြင်းအပေါ် ယုံကြည်ရပါမယ်။ အချို့သောကိစ္စများမှာတော့ စာဖတ်သူအနေနဲ့ ကိုယ့်ဗီဇအရပဲဖြစ်ဖြစ် “ဟေ့ဟေ့….ငါ့ကိုတော့လာမနွယ်နဲ့နော် ပတ်သက်ဖို့မကြိုးစားနဲ့” ဆိုတဲ့ အဓိပ္ပာယ်ပေါက်စေတဲ့ တုန့်ပြန်မှုမျိုးနဲ့ စတင်ဆက်ဆံမိတတ်ပါတယ်။ စာဖတ်သူ့ သူငယ်ချင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နားဆင်နေရာမှာ ဆက်ဆံနေရာမှာ သက်သောင့်သက်သာ အေးအေးဆေးဆေးပဲဆိုတဲ့ စိတ်အခြေအနေမျိုးနဲ့ရှိနေသင့်တာပေါ့လေ။ သူငယ်ချင်းဖြစ်သူ အနေနဲ့ သူ့စိတ်တိမ်းညွတ်မှုတွေ စိတ်ခံစားချက်တွေကို ရှေ့ဆက်လက်ဖို့မကူညီခိုင်းပါဘူး။ ဆိုလိုတာကဗျာ စာဖတ်သူအနေနဲ့ ကိုယ်ချစ်ခင်နှစ်သက်မိတဲ့ မိန်ကလေးတစ်ယောက်အပေါ်မှာပဲ ချစ်ခင်နှစ်လိုစိတ်ဖြစ်နေနိုင်သလား ပတ်သက်မိတဲ့ မိန်းကလေးတိုင်းကို ချစ်စိတ်ဝင်နိုင်သလားဆိုတဲ့ ဆိုလိုချက်မျိုးဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းဖြစ်သူက စာဖတ်သူအပေါ်ကိုခံစားချက်တွေတိမ်းညွှတ် လာမလားဆိုတဲ့ စိတ်ကူးမျိုးမရှိရပါဘူး။ သံသယဖြစ်စရာ လို့ တစ်ကြိမ်တစ်ခါဖြစ်မိတယ်ဆိုရင် စာဖတ်သူဟာ ဆန့်ကျင်ဘက်လိင်ကိုပဲ စိတ်ဝင်စားသူ (Straight) ဖြစ်ကြောင်း၊ ဘယ်လိုကိစ္စမျိုး နဲ့မှ လိင်စိတ်တိမ်းညွှတ်မှုမပြောင်းလဲဘူးဆိုတာ သေချာကြောင်းဆိုလိုတဲ့ စကားပြောဆို တုန့်ပြန်မှုမျိုးလေးတွေနဲ့ ရပ်တည်မှုပြသင့် တာပေါ့။ ဒါမှမဟုတ် စာဖတ်သူဟာ သူငယ်ချင်းအပေါ်မှာ တစ်မျိုးတစ်မည် စိတ်ခံစားမှုမျိုးရှိနေတယ် ငြိတွယ်မှုဖြစ်တည်နေတယ် ဆိုရင်တော့ စူးစမ်းချင်စိတ်ပြင်းပြမှုတစ်ခုခုတော့ဖြစ်နိုင်ပါတယ်။ ဆန့်ကျင်ဘက်လိင် အတွေ့အကြုံကော လိင်တူအတွေ့အကြုံကော စမ်းသပ် လေ့လာလိုစိတ်ကြောင့် အမှတ်မထင် သူငယ်ချင်းဖြစ်သူအပေါ်မှာ တစ်မျိုးတစ်မည်ပုံစံ တုန့်ပြန်ဆက်ဆံလိုက်မိတာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးရှိနိုင်ခြင်းရဲ့ အားသာချက် အရေးသာမှု အကျိုးကျေးဇူးတို့ကို အလေးမူကာ စာဖတ်သူရဲ့ စူးစမ်းချင်စိတ် စမ်းသပ်ချင်စိတ်တွေကို အလိုမလိုက်သင့်ပါဘူး။

(၁၀) သူ့လိင်စိတ်တိမ်းညွှတ်မှုကို မပြောင်းလဲပေးနိုင်တာ လက်ခံပါ

စာဖတ်သူရဲ့ သူငယ်ချင်းလိင်စိတ်တိမ်းညွှတ်မှုအပေါ်မှာ ပြောင်းလဲအောင်ပြုလုပ်မပေးနိုင်ဘူးဆိုတာကို လက်ခံရပါမယ်။ လိင်စိတ် တိမ်းညွှတ်မှုဆိုတာ ရွေးချယ်မှုတစ်ခုပဲဆိုတဲ့ အရေးပါသော အငြင်းပွားဖွယ်ရာအချက်တစ်ခုအဖြစ် စိတ်ထဲတ၀ဲလည်လည် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စာဖတ်သူရဲ့သူငယ်ချင်းကတော့ ဒီနေရာမှာ သံသယပွားမနေပါဘူးလေ။

စာဖတ်သူအနေနဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ချင်သည်ဆိုပါက သူတို့ရဲ့စကားလုံးတွေကိုသာယူဆောင်သင့်ပါတယ်။ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ဆုံးဖြတ်ချက်တစ်ခု သို့မဟုတ် ဘ၀နေထိုင်မှုဟန်ပန်တစ်ခုအဖြစ် သရုပ်ဖော်မယ့် ဘာသာစကား အချို့ကို သုံးနှုန်းပြောဆိုတာမျိုးရှောင်ကြဉ်ရပါမယ်။ ဥပမာ - သူ့အရပ်အမြင့် ပုတာ မြင့်တာ ၊ သူစီးတဲ့ ရှူးဖိနပ်ကြီးတာ သေးတာ စသည့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခွဲခြားနှိမ်ချမှုမရှိဘဲ ပြောဆိုဆက်ဆံလေ့ရှိသလို သူ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပတ်သက်ပြီး စကားစမြည်ပြောဆိုနေရာမှာလည်း ကွဲပြားခြားနားတဲ့ အကြောင်းအရာတစ်ခုအသွင်မဆောင်မိစေလိုရင်းဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို တည့်မတ်လမ်းညွှန်ပေးမယ်ဆိုတဲ့ အားထုတ်မှုထက် လက်သင့်ခံခြင်းနှင့် အကြင်နာမေတ္တာ ဆိုတာက ကောင်းကျိုးပိုမိုများတဲ့ အကွာအဝေးတစ်ခုစီ ခရီးရောက်စေပါလိမ့်မယ်။[1][2][3][4]

(၁၁) သူလိုအပ်နေချိန်မှာ ဖေးမပေးလိုက်ပါ

သူငယ်ချင်းရဲ့ အလိုအပ်ဆုံးအချိန်တွေတိုင်း စာဖတ်သူအနေနဲ့ ဖေးမကူညီပေးလိုက်ပါ။ သူတို့ရဲ့ အလွန်အတွင်းကျလှတဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင်ထုတ်ပြောဖို့ ယုံကြည်ရလောက်သူအဖြစ် စာဖတ်သူဖြစ်နိုင်ရပါရဲ့လေ။ အကယ်၍ စာဖတ်သူအနေနဲ့ သဘောမကျဖြစ်မိတယ်ဆိုရင်တောင်မှ သူတို့ရဲ့ယုံကြည်မှုကို ညင်သာစွာယူထားသင့်ပါတယ်။ သူပြောလာတဲ့ သတင်းစကားကို အနည်းဆုံးတော့ အေးငြိမ်းငြင်သာလက်ခံပြီးမှ ဘယ်လိုတုန့်ပြန်ပြောဆိုရမယ်ဆိုတာ သတိထားကာ တုန့်ပြန်ထင်မြင်ချက်ပေးလိုက်ပါနော်။ အကယ်၍ စာဖတ်သူအနေနဲ့ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုမှ ရှေ့ဆက်ဖို့ အဆင်မပြေဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ သူငယ်ချင်းဖြစ်သူကို ပြောပြလိုက်ပါ။ စာဖတ်သူအနေနဲ့ သဘောမကျတာဖြစ်နိုင်ပေမယ့် စာဖတ်သူရဲ့ ဂရုတစိုက်ရှိမှုတွေ၊ ငဲ့ငဲ့ညှာညှာနဲ့ စဉ်းစားဆုံးဖြတ်တတ်တာတွေကို သူငယ်ချင်းက ငံ့လင့်မှာတော့သေချာပါတယ်။ တစ်ခုပဲ တစ်ခုပဲ သတိရလိုက်ပါ စာဖတ်သူဟာ သူငယ်ချင်းဖြစ်သော သူ သို့မဟုတ် သူမကိုယ်တိုင် ဖြစ်တည်မှုကို မြင်သာအောင်ပြခဲ့ပြီးသောသူ အရေးပါသောသူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ။

(၁၂) သူရဲ့ ယုံကြည်မှုကိုထိန်းထားနိုင်ပါစေ

စာဖတ်သူအနေနဲ့ သူငယ်ချင်းရဲ့စိတ်ချယုံကြည်မှုကို အလေးထားထိန်းသိမ်းပါ။
သူငယ်ချင်းတစ်ယောက်အနေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးမလုပ်နိုင်တော့ဘူး ဒီလိုသူငယ်ချင်းမျိုး မလိုချင်ဘူးဆိုတဲ့ စိတ်မျိုးရှိနေဆဲ သူ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမှလက်မခံနိုင်ဘူးဆိုရင်တောင်မှ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့သမိုင်းကို ထောက်ထားကာ သူငယ်ချင်းရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးကိစ္စများကို လေးစားသမှုရှိသင့်ပါတယ်။ စာဖတ်သူဟာ ပေါင်းသင်း ဆက်ဆံရေးတစ်ရပ်မှာ ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်သည်ဆိုတဲ့ ဂုဏ်ပုဒ်ကိုထိန်းသိမ်းမယ်လို့ဆုံးဖြတ်ထားရင်ပေါ့နော်။

စာဖတ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့ အစီးမကပ်တော့ပါလားလို့ အခြားသူတွေက စကားတင်းဆိုလာကြတဲ့အခါမှာ စာဖတ်သူက “ကျနော်နဲ့သူ နေတဲ့နေရာက တခြားစီလေ၊ ပြီးတော့ အကြောင်းမဆက်စပ်မိတော့တာကြောင့်မတွေ့ဖြစ် မပေါင်းဖြစ်တော့တာပါ” လို့ ခပ်ရိုးရိုးလေးသာ ပြောဆိုလိုက်ပါ ခင်ဗျ။

Tips
(၁) စာဖတ်သူအနေနဲ့ သူငယ်ချင်းဖြစ်သူရဲ့အကြောင်းကို သူပြောတာထက်ပိုမိုပြီး အခြားသူများကို တစ်ဆင့်ပြန်ဖွင့်ပြောတတ်တာမျိုး ဖြစ်နိုင်ခြင်းကို သတိရပါ။ သူငယ်ချင်းဖြစ်သူရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး အနုတ်သဘောဆောင်တဲ့ခံစားချက်မျိုး ခံစားမိတာ၊ သက်သောင့်သက်သာ ခံစားချက်မျိုး သို့မဟုတ် စိန်ခေါ်နေသလိုမျိုး စိတ်ခံစားမှုတွေရနေမိတာတွေ ဖြစ်မိတယ်ဆိုရင် လူသူမများတဲ့ နေရာဝယ် ခဏထိုင်ကာ ကိုယ်ဘယ်လိုတွေ ခံစားနေရတာလဲ၊ ကိုယ့်ရဲ့ဘယ်လိုယုံကြည်မှု ဘ၀ဟန်ပန်တွေက ဒီစိတ်ခံစားချက်ကို ရစေတာလဲဆိုတာတွေကို သေချာစဉ်းစားဆင်ခြင်ကြည့်ပါ။ ဒီလို အကြောင်းကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးလို့ရမယ့်သူ တစ်ယောက်ကို ရှာဖွေကာ သတင်းစုံလင်ရယူတာမျိုး၊ သို့မဟုတ် အထောက်အပံ့တစ်ခုလောက်ရယူတာမျိုးလုပ်ဖို့ လမ်းညွှန်ပါရစေ။ စာဖတ်သူရဲ့ စိတ်ခံစားချက်များ၊ စာဖတ်သူရဲ့ ယုံကြည်ချက်များကို စာဖတ်သူကိုယ်တိုင် တာဝန်ယူခြင်းရှိပါ။

တစ်ခုသိထားရမှာက သူတို့သည် ဘယ်သူဘယ်ဝါ ဘယ်လိုလူမျိုးကိုသာချစ်ခင်ရမယ်လို့ ခေါင်းစဉ်တပ်မထားသလို စာဖတ်သူအနေနဲ့ သူတို့ ဘယ်သူ့ကိုချစ်ပိုင်ခွင့်ရှိတယ် ဘယ်လိုလူမျိုးကိုမချစ်ရဘူးလို့ ပြောပိုင်ခွင့်မရှိပါဘူး။

(၂) စာဖတ်သူအနေနဲ့ကိုယ့်ဖာသာကိုယ် သင်ကြားလေ့လာမှုပြုပါ။ လိင်စိတ်တိမ်းညွှတ်မှုကိစ္စနဲ့ပတ်သက်ပြီး နားလည်နေနိုင်ဖို့အတွက် LGBT လူမှုအသိုင်းအ၀ိုင်းရဲ့ သမိုင်းအကြောင်းအရာတွေကို ချဉ်းကပ်ခြင်းဖြင့် နားလည်နိုင်ဖို့လွယ်ကူလာမှာဖြစ်သလို သူတို့တွေရဲ့ အကြောင်းခြင်းရာတွေအပေါ် အလွယ်တကူလက်ခံနိုင်ဖို့ပဲဖြစ်ပါတယ်။
 လေ့လာသမှု စူးစမ်းမှုပြုဖို့အတွက် www.glbthistory.org နဲ့ www.pflag.org (Parents, Families & Friends of Lesbians and Gays) Website တွေမှာ သတင်းရစ်မြစ်ကောင်းအချို့ကိုရနိုင် ပါတယ်။

 (၃) အကယ်၍ စာဖတ်သူရဲ့သူငယ်ချင်းက တစ်စုံတစ်ယောက်နဲ့ချိန်းဆိုတွေ့ဆုံသည့်အခါ အဆိုပါလူကိုတွေ့ဆုံမြင်တွေ့ကြည့် စူးစမ်းချင်စိတ် ဖြစ်မိသည်ဆိုပါက စာဖတ်သူဟာ သူငယ်ချင်းရဲ့ဘ၀အကြောင်းအရာတွေအပေါ် မသိစိတ်က စိတ်ဝင်စားမိကြောင်း ဖော်ပြနေတာပါပဲ။ နောက်ပြီး သူငယ်ချင်းရဲ့ အရေးပါအရာရောက်လှသော သူငယ်ချင်းကဲ့သို့သော အခြားလူတစ်ယောက်ယောက်ကို မြင်တွေ့နိုင်ဖို့ အခွင့်အလမ်းတစ်ရပ် စာဖတ်သူရခြင်းပါ။ စာဖတ်သူရဲ့သူငယ်ချင်း ဘယ်လိုစိတ်ခံစားချက်နည်းလမ်းတွေရှိသလဲ နားလည်မှုတစ်ခုထားရှိဖို့ အကူအညီရကောင်းရနိုင်ပါတယ်။

(၄) စာဖတ်သူက သူငယ်ချင်းကိုနားလည်ဖို့ကြိုးစားမိချိန် ဘယ်လိုမှနားမလည်တတ်သောအကြောင်းအရာများရှိလာပါက သူငယ်ချင်းကို ဖွင့်ဟမေးမြန်းလိုက်ပါ။ ကိုယ်မသိတာ နားမလည်တာကို စူးစမ်းမှုမပြုဘဲ ထူးဆန်းအံ့သြဖို့ကောင်းသောအကြောင်းအရာတစ်ရပ်သဖွယ် စိတ်ထဲမှာပဲ ထားလိုက်ခြင်းမပြုသင့်ပါဘူး။ မေးခွန်းတွေကိုဖွင့်ဟလိုက်ပါ အဖြေများစွာပြန်ရပါလိမ့်မယ်။ တစ်ခုသတိထားရမှာက စာဖတ်သူရဲ့ သူငယ်ချင်းဟာ လိင်တူစိတ်ဝင်စားသူ တစ်ဦးတစ်ယောက်သာဖြစ်ပြီး LGBTQ လူထုရဲ့ အတွေးအမြင်ယူအဆတွေဘယ်လို ရှိတယ် ပြန်ပြောနိုင်လိမ့်မယ်မထင်ဘူးဆိုတာကိုပါ။ ဒါပေမဲ့ သူငယ်ချင်းက သူသိသမျှပြန်လည်ဖြေကြားတယ်ဆိုရင်လည်း LGBTQ လူအုပ်ထဲက အ၀န်းအ၀ိုင်းတစ်ခုစာသာ ဖြေကြားနိုင်ခြင်းဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။ တကယ်လို့များ သူငယ်ချင်း ဖြစ်သူက စာဖတ်သူမေးသော မေးခွန်းတွေကို မဖြေကြားနိုင်ခဲ့ဘူးဆိုပါက အဆိုပါမေးခွန်းတွေရဲ့ အဖြေများကို နှစ်ဦးသား အတူတကွ ရှာဖွေကြည့်ပါ။

(၅) တကယ်လို့များ သူငယ်ချင်းဖြစ်သူက စာဖတ်သူအပေါ်မှာ ခံစားချက်တစ်စုံတရာရှိနေကြောင်း ၀န်ခံလာနိုင်တယ် သို့မဟုတ် စာဖတ်သူကို စွဲလမ်းတွယ်ငြိနေတယ်ဟု ၀န်ခံလာပါက ပြဿနာတစ်ရပ်အဖြစ် မပြုလုပ်လိုက်သင့်ပါဘူး။
“ငါ့ကိုမြှောက်နေတာလားဟ၊ ဒါပေမဲ့ ငါက straight လေ’’ ဆိုတဲ့ အဖြေတစ်ခုကို ကြားရဖို့ မစွမ်းသာ သို့မဟုတ် စိတ်မပါသော လူနည်းစုလေးဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကြုံဆုံလာရချိန်ဝယ် ယေဘုယျ အကြောင်းပြချက်အချို့အနေနဲ့ စိတ်လုံးဝမထိန်းနိုင်စွာ ပေါက်ကွဲတုန့်ပြန်မှု သို့မဟုတ် တစ်ခုခုဆိုးရွားတာတွေ အဲ straight အမျိုးသားတွေအနေနဲ့ LGBT သူငယ်ချင်းနဲ့ အဖြေရှာရာတွင် လုပ်ဆောင်တတ်သော သူတို့ရဲ့ ထူးဆန်းမှုတွေနဲ့ တုန့်ပြန်တတ်ပါတယ်။

ဒါကအတော်ဆိုးရွားတဲ့ ထင်မြင်ယူဆချက် ခံယူချက်တစ်ခုပဲဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မိမိရဲ့စိတ်ထဲကစူးစမ်းလိုစိတ် စမ်းသပ်လို စိတ်တွေကို အခြားသောတစ်စုံတစ်ယောက်နဲ့တွေ့ဆုံစမ်းသပ်တဲ့အခါသုံးဖို့ကောင်းပါတယ်။ 

သူငယ်ချင်းဖြစ်သူအပေါ်တော့ မလုပ် ဆောင်သင့်ပါဘူး။ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စည်းဘောင်ထက်ကျော်လွန်ပြီး သူတို့ရဲ့စိတ်ခံစားချက်အချို့ကို ဖော်ပြလာရင် လည်းပဲပေါ့နော်။ 

ဘယ်သူမဆိုကတော့ အသုံးချခံဖြစ်ဖို့ မကြိုက်နှစ်သက်ကြပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှင်းလင်းပြီး ပွင့်လင်းမြင်သာသွားတဲ့အထိ ခဏတာ သိမ်းထားသင့်ပါတယ်။ ကိုယ့်ဘော်ဒါနဲ့ ဟိုစပ်စပ်သည်စပ်စပ်မပြုလုပ်လိုက်ပါနဲ့။

ကောင်းပါပြီ….စာဖတ်သူအနေနဲ့ သူငယ်ချင်းဖြစ်သူ့အပေါ် တကယ့်ကို စိတ်ခံစားချက်အချို့ရှိခဲ့မယ်ဆိုရင်လည်း သူတို့ကိုပွင့်လင်းစွာ ပြောဆိုလိုက်ခြင်းက အကူအညီရကောင်းရနိုင်ပါတယ်။ သူငယ်ချင်းဖြစ်သူက စာဖတ်သူနဲ့ပတ်သက်ပြီး အခွင့်အလမ်းတစ်ခုခု ရယူချင် စိတ် ရှိကောင်းရှိနေနိုင်သေးတာကိုး။ ဒါပေမဲ့နော် အသေအချာပြောလိုတာက စာဖတ်သူအနေနဲ့ ကိုယ့်စိတ်ကိုကိုယ် သေချာဆန်းစစ် ကြည့်သင့်သေးတယ်။ ကိုယ့်စိတ်ဆန္ဒရဲ့ ဟိုးအတွင်းဘက်ကျကျ ခံစားချက်တွေ ပြီးတော့ ဘယ်ကို ဦးတည်သွားနိုင်မယ်မှန်းမသိသော စိတ်ဝင်စားမှုတွေက ရှိသေးတာမို့လေ။ စာဖတ်သူ “ဘယ်လို” ဆိုတာ သိတဲ့အတိုင်း ရိုးသားလိုက်ပါ ခင်ဗျ။ 

(၆) တကယ်လို့ သူ သို့မဟုတ် သူမက  စာဖတ်သူကို ထိုးနှက်သွားမလားလို့ စိုးထိတ်မိပါလျှင် တင်းမထားဘဲ စိတ်ကိုလျော့ထား လိုက်ပါ။ သူငယ်ချင်းအများစုကတော့ မပြုလုပ်ကြပါဘူး (အခြားသော ကပျက်ကချော်များနှင့်စာရင်ပေါ့)။  တကယ်လို့ သူငယ်ချင်း ဖြစ်သူက ပြုလုပ်လာလျှင်လည်း ရပ်တန့်လိုက်ဖို့ ယဉ်ယဉ်ကျေးကျေးပဲ တောင်းဆိုလိုက်ပါ။ သူ သို့မဟုတ် သူမဟာ စာဖတ်သူ စွဲလမ်းတွယ်ငြိလို့ရမယ့် လိင်အမျိုးအစား အသင်းဝင်များ၊ စိတ်မ၀င်စားသူများဖြစ်ခဲ့နိုင်တာကိုး။

(၇) စာဖတ်သူရဲ့ ပတ်ဝန်းကျင်မှာ PFLAG (Parents and Friends of Lesbians And Gays) အသင်းအဖွဲ့ အုပ်စုတစ်ခုခုရှိခဲ့ရင်တော့ အထောက်အပံ့ရမယ့် သတင်းရင်းမြစ်တစ်ခုဖြစ်နိုင်တာပေါ့။ ပြည်တွင်း အထက်တန်းကျောင်းနဲ့ ကောလိပ်အများစုမှာ LGBTQ လူထုနဲ့ ပတ်သက်တဲ့ အထောက်အကူပြုအဖွဲ့အစည်းတွေ အခုနောက်ပိုင်းရှိလာပါပြီ။ သူတို့အနေနဲ့ သူငယ်ချင်းအပေါ်မှာ စာနာရိုင်းပင်းတတ်မှု နဲ့ အသိအမြင် နားလည်မှုတွေထားတတ်ဖို့ စာဖတ်သူကိုအကူအညီပေးနိုင်ရုံမက သူငယ်ချင်းနဲ့ ဘယ်လို ပေါင်းသင်းဆက်နွယ်ရမယ် ပြီးတော့ ဘယ်လိုအထောက်အပံ့အကူအညီပေးနိုင်တယ်ဆိုတာတွေကို သက်တူတန်းတူ အဖော်အသင်း အသစ်တစ်ခုပေးပြီး သင်ပြ လမ်းညွှန်ကူညီမှုပြုနိုင်ပါတယ်။

Warnings
(၁) သူငယ်ချင်းအပေါ် ထိုးနှက်တိုက်ခိုက်မှု သို့မဟုတ် ရောထွေးနေတဲ့ အချက်ပြမှုတွေမပြုလုပ်ပါနဲ့။ အဲ့ဒီဟာတွေက စာဖတ်သူရဲ့ သူငယ်ချင်းကို အားတက်ဖို့မြှောက်ပင့်ရာမရောက်ပါဘူး။ ပြက်လုံးတစ်ခုမှန်းသိသာတယ် နောက်ပြီး လူတိုင်း ကြည့်ရှုနားလည်နိုင်တဲ့ ဟာဖြစ်တယ်လို့ စာဖတ်သူအနေနဲ့ ယုံကြည်ခံစားမိသော်လည်းပေါ့နော်။ စာဖတ်သူရဲ့သူငယ်ချင်းဟာ စာဖတ်သူဆော့ကစားစရာ အရုပ်တစ်ခုမဟုတ်ပါဘူး။ စာဖတ်သူအနေနဲ့ သူ သို့မဟုတ် သူမကို ကစားစရာတစ်ခုအဖြစ် အသုံးမချသင့် မပြုလုပ်ရပါဘူးဗျာ။

(၂) မိမိကြားလိုက်ရသော သတင်းသစ်နဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာတုန့်ပြန်မှုမပြုခင် စာဖတ်သူအနေနဲ့ အချိန်အနည်းငယ် ယူသင့်ပါ တယ်။ ကြားရသော သတင်းနဲ့ပတ်သက်ပြီး ဒီနေ့ စာဖတ်သူခံစားနေမိတဲ့နည်းလမ်းအချို့ဟာ မနက်ဖြန်မှာတော့ တကယ့်ကို သီးပွင့်လာနိုင်တာကြောင့်ဖြစ်ပါတယ်။ ။ စာဖတ်သူရဲ့ အစဦးတုန့်ပြန်နိုင်ချက်ဟာ အနုတ်လက္ခဏာဖြစ်တောင်မှ ဖွင့်ဟခံရသော အကြောင်းအရာနဲ့ပတ်သက်ပြီး အလွယ်တကူ နာယူနိုင်ဖို့ လတ်တလောကြိုးစားကြည့်ပါ။ ဒီနေ့ အလွယ်တကူ မှတ်သားခြင်းနဲ့ စနစ်တကျလုပ်ဆောင်မှုဟာ မနက်ဖြန် သို့မဟုတ် သဘက်ခါမှာတော့ အားလုံးသော အကြောင်းအချင်းရာတွေနဲ့ပတ်သက်၍ အမြင်ရှုထောင့်အသစ်များကို ရရှိပြီးဖြစ်ပါလိမ့်မယ်။

Alex Aung (26 March 2016)

(တစ်ခုခုများ အကြံပြုချင်တာ ဝေဖန်ချင်တာရှိရင် kyawkyawster@gmail.com သို့မဟုတ် http://www.facebook.com/alex.aung ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျ။)

Ref: Wikihow’s How to Accept a Close Friend's Sexual Orientation

No comments: