Friday, October 27, 2017

HIV ကူးစက် ခံနေရပြီလား (Q & A)


မေး။    ။ ကျနော် လွန်ခဲ့တဲ့ ၈ နှစ်လောက်က အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်နဲ့ ဆက်ဆံခဲ့ဖူးသူလည်း အိမ်ထောင်ပြုသွားပါပြီ။ သူလည်းကျန်းမာနေဆဲ ကျနော်လည်း ကျန်းမာနေဆဲပါဆရာ။ ကျနော် ဒီ ရှစ်နှစ် အတွင်း လိင်လည်း မဆက်ဆံဘူး။ သွေးလည်းမသွင်းဘူး။ ဆေးလည်းမထိုးဘူး။ HIV ဖြစ်စေနိုမယ့် အရာအားလုံး ရှောင်ခဲ့ပါတယ်။ ကျနော် သိချင်တာက ကျနော် အဲ့ဒီလွန်ခဲ့တဲ့ ၈ နှစ်က အကာအကွယ်မဲ့ ဆက်ဆံခဲ့တာကြောင့် HIV ပိုး ကျနော်မှာ ရှိနိုင်ပါလား။ ကျနော် ကြားဘူးတာက တနှစ်လောက်ဆို ရောဂါ Symptoms တွေပြနေပြီပေါ့။ ကျနော်က ၈ နှစ်တောင်ကြာပြီ ကျန်းမာဆဲ ဖျားတောင်မဖျားဘူးဆိုတော့လေ။ ကျနော် သွေးစစ်သင့်လား။ ပြီးတော့ HIV ပိုး ကူးစက်ခံရပြီး ရောဂါ symptom က ဘယ်လောက်ကြာရင် စပြလေ့ရှိလဲ။

ဖြေ။    ။ အကွာယ်မဲ့ လိင်ဆက်ဆံခဲ့ရင်တော့ ဒီလို စိတ်ပူပန်မှု ဖြစ်ကြရပါတယ်။ အကယ်၍ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ HIV ပိုးရှိနေရင် အကာကွယ်မပါတဲ့အတွက် ပိုးကူးစက်ခံရနိုင်ပါတယ်။ ပိုးက ကူးစက်ပြီးတာနဲ့ ချက်ချင်း လက္ခဏာမပြပါဘူး။ တစ်ချို့မှာ ၁ နှစ်၊ တစ်ချို့မှာ ၁၀ နှစ်လောက်နေမှ လက္ခဏာပြပါတယ်။ ဒါက လူအမျိုးမျိုးမှာ ရှိတဲ့ မတူညီတဲ့ ခုခံအားတွေကြောင့်ပါ။
မိတ်ဆွေအနေနဲ့ လိင်ဆက်ဆံခဲ့တာ ၈ နှစ်ဆိုတော့ သွေးစစ်လို့ ရနေပါပြီ။ တတ်ကျွမ်းတဲ့ သူတွေနဲ့ စနစ်တကျ ဆွေးနွေးပြီး သွေးစစ်ဖို့ အကြံပြုပါရစေ။ ဒါဆို စိတ်သောကတွေ ရှင်းသွားပါလိမ့်မယ်။ နောင်အခါ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့လည်း အကြံပြု တိုက်တွန်းပါရစေ ခင်ဗျာ။

မေး။    ။ ကျွန်​​တော်​သည်​ လွန်​ခဲ့သည့် (၁၇.၃.၁၄) က အနှိပ်​ခန်း တစ်​ခုမှာ အကာကွယ်​မဲ့ လိင်​ဆက်​ဆံခဲ့ပါသည်​။ ကြားကာလမှာ မည်​သည့်​ Sids မပြပါ။ (၃၁.၃.၁၄) မှာ ကျွန်​​တော်​ လည်​ပင်းတွင်​ အကျိတ်​များရှိလာပါတယ်​။ ချိုင်းကြားနဲ့ ​ပေါင်​ခြံမှာ အနည်းငယ်​ နာသလို ခံစားရပါတယ်​။ ဒါ​ပေမယ့် (၂၇.၃..၁၄) မှာ အပူရှပ်​ပြီး ဖျားခဲ့ပါတယ်​။ ဖျားပြီး​နောက်​ပိုင်း နှာ​စေး​ချောင်းဆိုးတာ ယခုထိပါပဲ။ သိချင်​တာက အပူ​ကြောင့်​ အကျိတ်​ထွက်​တာလား။ မ​မျှော်​လင့် နိုင်​​သော ​ရောဂါဆိုး၏ ​နောက်​ဆက်​တွဲလား။ သိချင်​ပါတယ်​ ခင်​ဗျာ။

ဖြေ။    ။ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့တဲ့ အတွက် စိတ်ပူနေမှာတော့ အမှန်ပဲ။ လည်ပင်း အကြိတ်တွေ ကြီးလာတာ၊ အခြားအကြိတ်တွေ ကြီးလာတာကတော့ ဒီရာသီဥတုမှာ ဖြစ်တတ်ပါတယ်။ ပူအိုက်တဲ့ ရာသီမှာ အပူရှပ်ပြီး ဒီလို တုတ်ကွေးဆန်ဆန် ဖျားတတ်ကြပါတယ်။ ဒါကို HIV ကြောင့် ဖြစ်တာလို့ ပုံသေကားချပ် ပြောလို့မရပါဘူးခင်ဗျာ။

စိတ်ထဲက သံသယတွေရှင်းသွားအောင် အကြံပြုချင်တာကတော့ -
၁) လိင်ဆက်ဆံပြီး ၃ လအကြာမှာ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သွေးစစ်စေချင်ပါတယ်။
၂) အဲဒီ ၃ လအကြာ စစ်လို့ မတွေ့ဘူး Negative ပြတယ်ဆိုရင် နောက် ၃ လကြာ ထပ်စစ်ပါ။ ထပ်စစ်လို့ မတွေ့ဘူးဆိုရင်တော့ စိတ်ချရပါပြီ။
၃) လိင်ကိစ္စပြုလုပ်တိုင်း အမြဲတမ်း အကာအကွယ်သုံးစေချင်ပါတယ်။

မေး။    ။ ကျွန်​​တော် ​၃ လ​ပြည့်​ဖို့ ၄ ရက်​​လောက်​ အလိုမှာ သွေးစစ်​တာ Negative ပဲ။ ကျွန်​​တော်​ ခု​နောက်​ပိုင်း ကိုယ်​​တွေ ယားလားတယ်​။ အနီဖု​တွေ​ ပေါက်​လာတယ်​။ ပါးစပ်​ နည်းနည်းခါး​နေတယ်။ အပူဖုလို အနီဖု လျှာမှာ​ပေါက်​​​နေတယ်။ နည်းနည်း​မောသလို ခံစားရတယ်​။ Join pain ကလည်း နည်းနည်း နာလိုက်​​ပျောက်​လိုက်​၊ ညအိပ်​ရင်​လည်း ချွေး​တွေ ဆိုရွဲနေတာပဲ။
ကျွန်​​တော်​​ မေးချင်​တာ ၃ လကြာပြီး​ သွေးစစ်​တယ်​။ negativ ပြတယ်။ အခု ကျွန်​​တော်​​ပြောပြတဲ့ လက္ခဏာတွေက​ သွေးမစစ်​ခင်​ကတည်းက ဖြစ်​​နေတာပါ။ HIV negative ဆို​တော့ HIV ပိုးက ခန္ဓာကိုယ်​ထဲကို ၀င်​​ရောက်​ မဖျက်​ဆီး​သေးဘူးဆိုတဲ့ သ​ဘောလား။ အဲ့တာဆို ကျွန်​​တော်​ အခုဖြစ်​​နေတာ​တွေက HIV နဲ့ မဆိုင်​ဘူးဆိုတဲ့ သ​ဘောလား။ ကျွန်​​တော်​က Beer​ တို့၊ Whisky​ တိုတော့​ သောက်​တယ်​။ ကျွန်​​တော့ အ​ခြေအ​နေ​လေး သုံးသပ်​​ပေးစေချင်ပါတယ်။

ဖြေ။    ။ သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။ အရက်၊ ဘီယာသောက်တာတော့ လျော့သင့်ပါတယ်။

မေး။    ။ ကျွန်တော် နယ်ခရီးသွားရင်း အခန်း ၆ ခန်းအတွက် ရေချိုးခန်း၂ ခန်းသာပါတဲ့ တည်းခိုခန်းမှာ တည်းခဲ့ပါတယ်။ ကျွန်တော်မနက် ရေချိုးပြီးတော့ ကျွန်တော့ သွားတိုက်တံနှင့် ရေချိုးခန်းတွင် ရှိနေသော သွားတိုက်တံ မှားယူလာမှန်း ညပိုင်း သွားတိုက်ပြီးမှ သိခဲ့ပါသည်။ ကျွန်တော့ သွားမှ သွေးထွက်သွား၍ သွားတိုက်တံတွင် HIV ပိုးရှိနေရင် ကူးစက်နိုင်မလား သိပါရစေ။ ကျွန်တော် ကြောက်နေလို့ပါ။

ဖြေ။    ။ သွားတိုက်တံကနေ HIV ပိုး ကူးစက်တာ အလွန်ရှားပါတယ်။ စိတ်မညစ်ပါနဲ့။ HIV ပိုးဟာ သူတစ်ပါးရဲ့ သွားတိုက်တံထဲမှာ အသက်ကြာကြာ မရှင်နိုင်ပါဘူး။ HIV ပိုးကူးစက်နိုင်ခြေက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်းတွေက အဖြစ်များတာပါ။

မေး။    ။ တခုလောက် သိချင်လို့ပါ။ ကျွန်မကောင်လေးက ၂၀၁၃ ဇွန်လက ရန်ကုန်ကို ပြန်ရောက်ပါတယ်။ ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ သွားရင်း ကောင်မလေးတွေနဲ့ ၂ ခါလောက် အိပ်ဖူးတယ်ပြောပါတယ်။ ကွန်ဒုံး သုံးတယ်တော့ ပြောပါတယ်။ လွန်ခဲ့တဲ့ ( ၁၀) ရက်လောက်ကစပြီး သူ အင်္ဂါက (မရိုးသေ့စကား) ဆီးသွားရင် ကျင်တယ်ပြောပါတယ်။ နောက်ပြီး လိင်တံကနေ ပြည်တွေလည်း နည်းနည်း ထွက်တယ်ပြောတယ်။ ဘယ်လိုဆေး သောက်သင့်ပါသလဲ။ ဘယ်ဆရာဝန်နဲ့ ပြသင့်ပါသလဲ။ ကာကွယ်မှုကရော ဘယ်လို လုပ်သင့်ပါသလဲ။ ကျွန်မတို့ ၂ ယောက် တူတူနေလို့ရော ရနိုင်ပါသလား။ သူက တူတူနေချင်တယ်ပြောပါတယ်။ ကျွန်မက ကြောက်လို့ မနေရဲပါဘူး။ ဖြေနိုင်ရင် ဖြေပေးပါ။

ဖြေ။    ။ အခုပြောပြပုံအရ ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆရာဝန်နဲ့ သေသေချာချာပြပြီး သွေးစစ်စေချင်ပါတယ်။ ကာလသားရောဂါ အများစုက သေသေချာချာ ကုသရင်ပျောက်ကင်းပါတယ်။ ရောဂါကို အတည်ပြု၊ သေသေချာချာ စနစ်တကျ ဆေးကုသပြီးမှ နှစ်ဦး အတူတူနေသင့် ပါတယ်။


မေး။    ။ ကျွန်​​တော်​ ရင်​ဘတ်​နဲ့ ​ကျောမှာ အနီစက်​​တွေ အများကြီး ထွက်​​နေတယ်​။ HIV ပိုးဝင်​ရင်​ အနီ​ရောင်​ ပန်း​ရောင်​ ခရမ်း​ရောင်​ စတဲ့ အနီစက်ေ​တွ ထွက်​တယ်​လို့ သိရပါတယ်​။ ကျွန်​​တော်​ချစ်​သူလည်း အရင်​က မ​ပေါက်​ဖူးပါဘူး။ အခု​အဲလိုအနီစက်​​တွေ သူ့မှာလည်း​ ပေါက်​​နေပါတယ်​။ အဲဒါ ဘယ်​လို​ရောဂါမျိုး ဖြစ်​နိုင်​ပါသလဲ ဆိုတာ​ ဖြေ​ပေး​စေလိုပါတယ်။ HIV ပိုး လက္ခဏာများလား။

ဖြေ။    ။ HIV ပိုး ကူးစမှာ အနီကွက်တွေ ဖြစ်တတ်တာ နည်းပါတယ်။ အခုမိတ်ဆွေ ဖြစ်နေတာကို မမြင်ရတော့ ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ အဖုတွေက ယားပါသလား။ ပွားလာပါသလား။ အရွယ်ကြီးလာပါသလား။ အခုမေးတာတွေမှာ ဟုတ်တယ်လို့ ဖြေမိရင် သာမန် အရေပြားရောဂါ ဖြစ်နိုင်ပါတယ်။ အရေပြား ဆရာဝန်နဲ့ ပြစေချင်ပါတယ် ခင်ဗျား။

မေး။    ။ အဲဒီ့ အဖု​လေး​တွေက မယားပါဘူး။ ပွားမလာပါဘူး။ မနာလည်းမနာပါဘူး။ အဖု​လေး​တွေထိပ်​မှာ အ​ရေကြည်​ဖုလို အ​ရေကြည်​​လေး​တွေ ရှိ​နေပါတယ်​။ HIV Test ကို 25.6.2014 ရက်​​နေ့က စစ်​ပါတယ်​။ Negative ပါ သူတို့က Test kit နဲ့ စစ်​တာပါ​။ Microscope နဲ့ စစ်​တာမဟုတ်​ပါ။ အဲဒါ အ​ဖြေမှန်​နိုင်​ပါ့မလား။ test kit က စိတ်​ချရပါ့မလား။ ကျွန်​​တော်​ အရမ်းစိုးရိမ်​​နေလို့ပါ။

ဖြေ။    ။ သွေးစစ်တာကို လိင်ဆက်ဆံပြီး ဘယ်လောက်အကြာမှာ စစ်ခဲ့တာလည်းဆိုတာ သိပါရစေ။ Test kit နဲ့ စစ်တာ လည်းစိတ်ချရပါတယ်။ တကယ်တော့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီ ၃ လ သို့မဟုတ် ၆ လ နေမှ သွေးစစ်ရတာပါ။ ၃ လမပြည့်ပဲ သွေးစစ်ရင် အဖြေမှန် မပေါ်နိုင်ပါဘူး။
မိတ်ဆွေပြောပြပုံအရ အရေပြားမှာဖြစ်တဲ့ အနာတွေက HIV နဲ့ မစပ်ဆက်ပါဘူး။ ရိုးရိုး အရေပြား ရောဂါပဲ ဖြစ်နိုင်ပါတယ်။ စိတ်သိပ်မပူပါနဲ့။ တစ်ခါတစ်လေမှာ ခြင်ကိုက်ခံရရင်လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင် ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေပြား ဆရာဝန်နဲ့သာ ပြစေချင်ပါတယ်။

(လမင်းကို)

No comments: