Thursday, March 10, 2022

သက်တန့် ဒိုင်ယာရီ

 သက်တန့် ဒိုင်ယာရီ - မှိုင်းညှို့မိုးစက်(ကပူချီနို)




တဖွဲဖွဲကျနေတဲ့ မိုးစက်တစ်ချို့က လေ၏ ဆော့ကစား ပုတ်ခတ်မှုကြောင့်

သူ့မျက်နှာပေါ် လွင့်စင်ရိုက်ခတ် လာပါသည်။ ဘယ်အရာနှင့်မှ

ကာရံထားခြင်းမရှိသော ဝရန်တာတွင် သူရပ်နေသည့်အတွက် မိုးပက်ခြင်း ကိုတော့

ခံရပါသည်။ သူမျှော်လင့်ကြီးစွာဖြင့် ဝရန်တာ အပြင် ဘက်သို့

ခေါင်းအနည်းငယ်ထုတ်ကာ လမ်းထိပ်ဘက်ကိုမျှော်ကြည့်လိုက်ပါသည်။ ဆရာ……

မလာသေးပေ….။


ဆရာ ဒီနေ့မှ နောက်ကျနေသည်။ အရင်ကဆို အချိန်မှန်မှန်လာနေကျဆရာက ဒီနေ့မှ

နောက်ကျနေသဖြင့် သူဆရာ့ကို ဝရန်တာဘက်ထွက်မျှော်နေခြင်းဖြစ်ပါသည်။

ဒီကျူရှင်ဝိုင်းတွင် သင်သမျှ ဆရာတွေအကုန်လုံးထဲတွင် အင်္ဂလိပ်စာသင်သော

ဆရာ့ကို သူချစ်ကြောက်လေးစားမှု အရှိဆုံးဖြစ်ပါသည်။ ဆရာ့ကို

ငယ်ငယ်ရွယ်ရွယ်နှင့် အရာရာ ထူးချွန်ထက်မြက်သူတစ်ယောက်အဖြစ် သူ

စံထားခဲ့ပါသည်။ သူတင်မက ကျောင်းသားကျောင်းသူ တော်တော်များများလည်း

ဆရာ့ကို စံထားရလောက်သည်အထိ ဆရာက ဘက်စုံ ထူးချွန်သူတစ်ဦးဖြစ်သည်။

အသက်အရွယ်ကြီးလာတဲ့ တစ်နေ့ ဆရာ့လိုဖြစ်အောင် ကြိုးစားမည်ဟု

သူဆုံးဖြတ်ချက်ချထားခဲ့ပါသည်။


သူစောင့်နေခဲ့သော်လည်း အဲဒီ့နေ့က ဆရာ.. မလာခဲ့ပါ။ နောက်ဘယ်တော့မှလည်း

ဆရာ ကျူရှင်ကို မလာတော့ပါချေ။ ဆရာ ကျူရှင်က

ထုတ်ပယ်ခံရသည်ဟုကြားရတာကလွဲရင် တခြားဘာမှ သေချာမသိရခဲ့ပေ။ နောက်တစ်နေ့

ဘိုင်အိုဆရာနှင့် မြန်မာစာ ဆရာမ တို့ တီးတိုး ပြောသံကို

သူနားစွင့်လိုက်မှ ဆရာ၏ အိမ်စာပေးမည့်စာရွက်ထဲတွင် The Advantages of a

Homo ဆိုတဲ့ Essay ခေါင်းစဉ် ကိုတွေ့လို့ ကျူရှင်ဝိုင်းမှ

ထုတ်ပယ်လိုက်ရသည် ဟု သူကြားလိုက်ရပါသည်။


ဟိုမို ဆိုသော စကားလုံးကို သူအဲဒီ့မှာ စကြားဖူးတာဖြစ်ပါသည်။ ဆရာ့ကိုကား

ဘယ်တော့မှ မတွေ့ရတော့ပေ………….။


x x x x


ဆယ်တန်းအောင်ပြီးနောက်ပိုင်း သူပိုပြီး ရင့်ကျက်လာသလို

သူ့ကိုယ်သူထင်မိပါသည်။ အရာရာကို သူခွဲခြား ဆင်ခြင်လာနိုင် ပါသည်။

ကျောင်းပြီးပြီးချင်း စိတ်မလေနေစေရန် အမေက သူ့ကို အလုပ်တစ်ခုပေးသည်။ အမေက

Giffarine အလှကုန်မှာ member ဝင်တစ်ဦးဖြစ်သည့်အတွက် Giffarine product

များကို အသိမိတ်ဆွေများထံ လိုက်ပြီးပြသ ရောင်းချသည်။ အစပိုင်းက

အမေ့နောက်က ပစ္စည်းများ ဝိုင်းဝန်းသယ်ယူပေးရုံ လိုက်ပေးရခြင်း

ဖြစ်သော်လည်း နောက်ပိုင်း အမေက သူ့ကို ပစ္စည်းများ၏ အာနိသင်နှင့်

ဈေးနှုန်းများ ကို ပြောပြကာ သွားနေကျ အသိများဆီ ဝင်ထွက်ရောင်းချစေလေသည်။

မပင်ပန်း မခက်ခဲသော နီးစပ်ရာ အလုပ်တစ်ခုကို အမေကရွေး

ချယ်ပေးခဲ့ခြင်းဖြစ်သည်။


တစ်ရက်.. Giffarine အလှကုန်များထည့်ထားသော အိတ်ကိုကိုင်ပြီး သူပြန်အလာ၊

လမ်းထဲဝင်ဝင်ချင်းပင် ခလုတ်တိုက်ပြီး အိတ်ထဲမှ အလှကုန်ပစ္စည်းတစ်ချို့

လမ်းမပေါ်သို့ ထွက်ကျကုန်သည်။ ပစ္စည်းများကို သူပြန်ကောက်နေဆဲ လမ်းထိပ်တွင်

ညနေစောင်း ဆို ထိုင်နေကျဖြစ်သော ရွယ်တူလူငယ်တစ်အုပ်၏

လှောင်ပြောင်ရယ်မောသံကို သူကြားလိုက်ရပါသည်။

'အခြောက်ကြီး' …. တဲ့။


ထိုအဖွဲ့ထဲမှ တစ်ယောက်က စူးစူးဝါးဝါးထအော်လိုက်ခြင်းဖြစ်သည်။

ထိုစကားလုံးကို စတင် အသုံးနှုန်းခံလိုက်ရခြင်းနှင့် အတူ သူ့ရင်ထဲတွင်

စူးရှသော အရှက်တရားကို ပထမဆုံးအကြိမ် ခံစားလိုက်ရပါသည်။ တစ်ကိုယ်လုံး

တဆတ်ဆတ်တုန်သည် အထိ ဒေါသ မှန်းမသိ၊ ရှက်တာမှန်းမသိ ဖြစ်သွားမိသည်။

သို့ရာတွင် အမေ့ဆုံးမစကားတွေကို အမြဲမှတ်မိနေသည့်အတွက် သူရန်ကိုရှောင်ကာ

ပြန် လာခဲ့ပါသည်။


…………………………………….


ထိုနေ့ညက တွေဝေစွာ ထိုင်တွေးနေရင်း သူအိပ်မပျော်ပါ။ သူ့မျက်စိထဲတွင်

ငယ်စဉ်က သူတို့ ဝိုင်းဝန်းရယ်မောခဲ့သည့် ရှောက်သီးဆေးပြားသည်

အခြောက်များကို မြင်နေမိပါသည်။ သူ့ကိုရော?... တခြားသူတွေက ထိုကဲ့သို့

မြင်နေသည်လား။ ဒါမှမဟုတ် ထိုရှောက်သီးဆေးပြားသည်များလို သူ.. အမြဲ

ရယ်မောလှောင်ပြောင်ခံရမည်လား။


အခြောက်များ အဘယ့်ကြောင့် တည်ရှိနေပါသနည်း။ ယောက်ျားတစ်ယောက်ကဲ့သို့

ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အတွက် အခြောက်အဖြစ်နေထိုင်နေကြခြင်းလား။

ထိုအတိုင်းသာဆိုရင် အခြောက်အဖြစ်နှင့်ဆိုလျှင် ဘဝကို ပိုမိုလွယ်ကူစွာ

နေထိုင်နိုင်ခြင်းလား။ အခြောက်ဆိုသည်မှာ သာမာန်ယောက်ျားတစ်ယောက်နှင့်

အဘယ်သို့ကွာခြားပါသနည်း....။


ယောက်ျားတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ 'အခြောက်'ဟု ခေါ်ခံလိုက်ရသည်နှင့်

ဘယ်လောက်ထိ ကွာခြားသွားသလည်း။ အခြောက်ဟု အခေါ်ခံရသူတစ်ယောက်မှာ

သာမာန်ယောက်ျားတစ်ယောက်ထက် နိမ့်ကျသွားသည်လား၊ စွမ်းရည်ဆုတ်ယုတ်သွားသည်

လား၊ အရေးအရာမဝင်တော့သည်လား။ သေချာတာကတော့ ပိုပြီး မြင့်တက်သွားသည်ဟု

မည်သူမျှ မခံယူကြခြင်းပင်….။

တွေးရင်း အတွေးတို့က ပိုမိုရှုပ်ထွေးလာပါသည်။ ထိုညက ထွက်ပေါ်လာခဲ့သော

မေးခွန်းများကို သူအဖြေရှာမရခဲ့ပါ။


သေချာတာက သူ.. ခါးသီးစွာပင် အခြောက်တစ်ယောက် မဖြစ်ချင်ခဲ့ပါ။


x x x x


တက္ကသိုလ်စတက်တော့ အဖေက သူ့ကို dictionary စာအုပ်တစ်အုပ်ဝယ်ပေးပါသည်။

စာမျက်နှာ နှစ်ထောင်ကျော်ရှိသဖြင့် အတော်အသင့်ထူသော စာအုပ်တစ်အုပ်ဟု

ပြော၍ရသည်။ စာအုပ်ရရခြင်း သူဘယ်စာလုံးကိုရှာဖွေရကောင်းမှန်း မသိသေးပါ။

စာအုပ် ကိုသာ လှန်လှောရင်း စိတ်ဝင်စားစရာ စာလုံးတွေကိုသာ ကျက်နေလိုက်သည်။


တစ်ရက် ကျောင်းရဲ့ အိမ်သာထဲမှာ ရေးထားသော `ဟိုမို တစ်ယောက်ရဲ့ဘဝကမလွယ်ပါဘူး။ ပိုပြီး သတ္တိရှိရပါတယ်။ ပိုပြီး ရင်ဆိုင်တတ်ရတယ်..' ဟုရေးထားသော စာလုံးများကိုတွေ့ရမှ ငယ်စဉ်က ဆရာ့၏ Essay ခေါင်းစဉ်မှ ဟိုမိုဆိုသောစကားလုံးကို ရှာဖွေ ကြည့်ရန် သူသတိရမိပါသည်။ H နှင့်စသောစာလုံးများကို ရှာဖွေရင်း တစ်နေရာမှာ homo ဆိုသော

စကားလုံးကိုတွေ့မြင်လိုက်ရပါသည်။

Homo /ဟိုမို/ n. (pl.-s) colloq. offens. - လိင်တူခြင်း စပ်ယှက်သော တဲ့…………..။

သူစာအုပ်ပင်လွတ်ကျသွားသည် အထိ အံ့အားသင့်မိသွားပါသည်။ ဆရာ…….။ ဆရာက

ဘာ့ကြောင့် လိင်တူဆက်ဆံသူများရဲ့ အကျိုးကျေးဇူးကို ရေးခိုင်းဖို့

စဉ်းစားခဲ့ပါသနည်း။ ဆရာက ဟိုမိုတစ်ယောက်လား။ ကျောင်း အိမ်သာထဲမှာ

စာရေးသွားသူကရော ? ကျောင်းသားတွေထဲမှာရော ဟိုမိုတွေရှိနေတာလား….။

လိင်တူခြင်းဆက်ဆံတယ်ဆိုတော့ ဟိုမိုတွေဟာ အခြောက်..၊ အခြောက်တွေ လား……..။


Homo ဆိုတာနဲ့ ပါတ်သတ်ပြီး သူ့ရင်ထဲတွင် မေးခွန်းများစွာတဖြည်းဖြည်းဖြစ်ပေါ်လာသည်။ အဖြေမရှိသော မေးခွန်းများစွာ ဖြင့် homo

ဆိုတာကိုသာ သူအထပ်ထပ်အခါခါရေရွတ်နေခဲ့မိသည်။ သူ Homo ဆိုတာကို အရမ်း စိတ်ဝင်တစားရှိလာခဲ့ပါသည်။


x x x x


သူ့မှာ ငယ်စဉ်ထဲက ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိသည်။မူလတန်းထဲက အတူသွား အတူစား ပေါင်းသင်းလာ ခဲ့တဲ့ သူငယ်ချင်းဖြစ်သဖြင့်သူတို့နှစ်ဦး အရမ်းကို ခင်တွယ်ကြပါသည်။ တက္ကသိုလ်ရောက်တော့မှကွဲသွားကြတာဖြစ်သော်လည်း သူငယ်ချင်းက သူ့ဆီကို အမြဲလာလည်လေ့ရှိသည်။လာလည်တိုင်းလည်း ရယ်စရာအမြဲပြောတတ်သော သူငယ်ချင်းကြောင့် သူအမြဲပျော်ရွှင်ခဲ့ရပါသည်။ ဖော်ရွေပြီး အမြဲ သူ့အပေါ်နားလည်ပေးတတ်တဲ့သူငယ်ချင်းဖြစ်သဖြင့် သူတို့နှစ်ဦးတွေ့ရင် ရန်ဖြစ်ရတယ်ဟူ၍ မရှိပေ။


တစ်နေ့ သူငယ်ချင်း အိမ်ရောက်လာပေမယ့် အရင်လို လန်းလန်းဆန်းဆန်း မရှိပေ။တစ်စုံတစ်ခုကို တွေဝေငေးမောနေပြီး စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်နေခဲ့ပါသည်။အမြဲရွှင်ရွှင်လန်းလန်းရှိနေတတ်တဲ့ သူငယ်ချင်း ထိုကဲ့သို့ဖြစ်နေတာကိုသူလုံးဝမနေတတ်ပါ။ သူငယ်ချင်းရဲ့ ပခုံးကို ခပ်ဖွဖွလေးဖက်ရင်းသူမေးလိုက်ပါသည်။

"သက်ပိုင်.. မင်းဘာဖြစ်နေတာလည်း….။"


သူဖက်ပြီးမေးလိုက်မှပဲ သူငယ်ချင်းက ငိုပါတော့သည်။ ယောက်ျားလေးတစ်ယောက်ငိုတာကို ပထမဆုံးမြင်ဖူးခြင်းနှင့် အတူ၊ အမြဲပျော်ရွှင်နေသော သူငယ်ချင်းကငိုတယ်ဆိုတာကို သူအရမ်း ထိတ်လန့်သွားမိပါသည်။ သူငယ်ချင်းကိုသူပွေ့ဖက်ထားရင်း နူးညံ့စွာ မေးလိုက်ပါသည်။

"သူငယ်ချင်းလေး ဘာဖြစ်တာလည်းပြောကွာ….။"

သက်ပိုင်က သူ့ကိုမှီကာ ခေါင်းကို ငုံ့ထားရင်း တိုးညှင်းသော အသံဖြင့်ပြောပါသည်။


"HM တစ်ယောက်ရဲ့ ဘဝက မဖြစ်သင့်တာတွေ ဖြစ်တယ် ဝေလင်းရာ….။"

"HM????"

သူမသိသော စကားလုံးတစ်လုံးဖြစ်သဖြင့် သူမေးခွန်းပြန်ထုတ်လိုက်ပါသည်။ပြန်မေးလိုက်သည့် ချက်ခြင်းပင် သူ့ခေါင်းထဲ စကားလုံးတစ်လုံးဝင်လာပါသည်။


"HM ဆိုတာ homo ကိုပြောတာလား သက်ပိုင်….။"သက်ပိုင်က သူ့ကို အလန့်တကြားမော့ကြည့်ပါသည်။

"မင်း.. ဘယ်လို..၊ ဘယ်လို သိနေတာလည်း။ ဝေလင်း……..။"


မှန်သွားခဲ့ပါပြီ။ သူစိတ်ထဲ တအားရှုပ်ထွေးသွားမိသည်။ သက်ပိုင်ကဟိုမိုတစ်ယောက်တဲ့..။သူနဲ့အနီးဆုံးနေရာမှာ သူအလွန် စိတ်ဝင်တစားရှိခဲ့သောဟိုမိုတစ်ယောက်ရှိနေတာ သူမသိခဲ့ပေ။ ဟိုမိုတစ်ယောက်ရဲ့ ဘဝတွင်သက်ပိုင်တစ်ယောက် ဘာများ ပြောင်းလဲ သွားလည်းဆိုတာ သူသေချာစွာပြန်ဆန်းစစ်ကြည့်သော်လည်း သက်ပိုင်က အရင်ကအတိုင်း မပြောင်းလဲပေ။

သက်ပိုင်ကိုယ်တိုင်ဖွင့် မပြောလျှင် သူဟာ ဟိုမိုတစ်ယောက်ပါလို့သူကိုယ်တိုင်ပင်မပြောနှင့် မည်သူမှ သိလိမ့်မည်မဟုတ်ပေ။

"ငါ ခန့်မှန်းပြောလိုက်တာပါ.. သက်ပိုင်ရာ…။"


သက်ပိုင်က ခေါင်းကို ငုံ့ထားပြီး ခပ်တိုးတိုးထပ်ပြောပါသည်။


"မင်း.. ငါ့ကို အထင်သေးမှာလားဟင်….။"


သူ သက်ပိုင်ရဲ့ အပြုအမူကိုကြည့်ပြီး အရမ်းသနားသွားမိပါသည်။လိင်တူဆက်ဆံသူတစ်ယောက် ဖြစ်တာနဲ့ အခင်ရဆုံး သူငယ်ချင်းအပေါ်အထင်အမြင်သေးရအောင်၊ နှိမ့်ချဆက်ဆံရအောင် သူ့စိတ်ဓာတ်တွေ မနောက်ကျိသေးဟုသူထင်မိပါသည်။


"မဆိုင်တာပဲ သူငယ်ချင်းလေးရယ်။ မင်းအဲဒီ့လိုပြောလိုက်လို့ ငါ့စိတ်ထဲဘာအရောင်မှ မပြောင်းလဲသွားပါဘူး။ မင်းဘာတွေဖြစ် လာတာလည်းဆိုတာပဲ ငါ့ကိုပြောပြပါလား…."

သက်ပိုင်က သူ့ကို ယုံကြည်ရန်ခက်ခဲသလိုလို၊ ကျေးဇူးတင်သလိုလိုဖြင့်ဝေခွဲမရစွာ ကြည့်ရင်း မျက်ရည်စများကို သုတ်ပြစ်ကာ စပြောပါသည်။


"ငါ ဟိုမိုတစ်ယောက် ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ ဝေလင်း….။"

…………………………………………………………………………..

…………………………………………………………………………..


x x x x


"ငါ့ကိုယ်ငါ ဟိုမိုလို့ ခံယူလိုက်ထဲက ငါ.. ယောက်ျားလေးတွေအပေါ်သာ အရင်ကထက်ပိုပြီး စိတ်ဝင်စားရဲလာခဲ့တယ်။ အထူး သဖြင့် ငါက အသားဖြူဖြူနဲ့ ချောတဲ့ကောင်လေးတွေကို ပိုသဘောကျခဲ့တယ်"


သက်ပိုင်က ပြောနေရင်း ရှက်သွားသလိုဖြစ်ကာ သူ့ကို တစ်ချက် အကဲခတ်ပြီးကြည့်လိုက်သည်။ သူက ဘာမှ မထူးခြားသလို နေမှန်း တွေ့ရမှ ဆက်ပြောပါသည်။


"ငါ့ ဟိုမိုသူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကောင်လေးတစ်ယောက်နဲ့ငါရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ကောင်လေးက ဖြူဖြူချောချောလေးဆိုတော့ငါတအားသဘောကျခဲ့တယ်ဆိုပါတော့။ ရင်းနှီးပြီးနောက်ပိုင်းမှာ သူကပြောတယ်။သူအိမ်ပေါ်က ဆင်း လာတာ နေစရာမရှိဘူးတဲ့။ အခုဆိုသုံးစရာပိုက်ဆံလည်းမရှိဘူးတဲ့။ ပြောရရင်ကွာ ငါက အဘိုးနဲ့နှစ်ယောက်ထဲနေတာဆိုတော့ သူ့ကို အိမ်ကိုခေါ်ထားခဲ့မိတယ်။ ငါသူ့ကိုခေါ်ထားခဲ့တယ်ဆိုတာငါသူ့အပေါ် သဘောကျရုံသပ်သပ်ခေါ်ထားခဲ့တာပါ။ သူအနားမှာ ရှိနေရင်၊မြင်နေရရင်ကိုပဲ ငါကျေနပ်နေခဲ့တာ………။"

သက်ပိုင်က စကားပြောရင်းရပ်နားကာ သူ့ကို တစ်ချက်တစ်ချက် အကဲခတ်သလိုကြည့်ပါသည်။


"ငါနားလည်ပေးနိုင်ပါတယ် သက်ပိုင်။ ဆက်ပြောပါ….။"


သူက နားလည်ပေးနိုင်သော အပြုံးနှင့် သက်ပိုင်၏လက်မောင်းကို ပုတ်ပြီးပြောမှသက်ပိုင်က ဆက်ပြောပါသည်။


"ငါသူ့ကို ယုံကြည်ခဲ့၊ ကောင်းမွန်ခဲ့ပေမယ့် သူ….. ငါ့အပေါ်မကောင်းခဲ့ဘူးကွာ။ ငါစုထားတဲ့ ပိုက်ဆံတွေရော ငါ့ရဲ့ laptop ကိုပါ

သူယူသွားခဲ့တယ်။ သူအစအနပျောက်သွားခဲ့တယ် ဝေလင်းရာ….။"ပြောရင်း သက်ပိုင် မျက်ရည်ထပ်ကျသည်။ သူသက်ပိုင်ကို ပွေ့ဖက်ထားရင်းနှစ်သိမ့်နေလိုက်ပါသည်။ သက်ပိုင်က တစ်ချက် ရှိုက်လိုက်ကာ ပြောပါသည်။

"ဟိုမိုတစ်ယောက်ရဲ့ ဘဝဟာ.. အဲလိုပဲလားမသိပါဘူးကွာ။ လူတွေရဲ့ အနိုင်ယူတာကို………။"

"သက်ပိုင်မှားနေပြီ………။"


သူစကားကို ဖြတ်ပြောလိုက်သည့်အတွက် သက်ပိုင်ပြောလက်စစကားများရပ်တန့်သွားကာ သူ့ကို မော့ကြည့်လေသည်။


"ဟိုမိုတစ်ယောက်မှ မဟုတ်ပါဘူး။ စိတ်ထားနူးညံ့တဲ့ ဘယ်သူ့ကိုမဆို လူတွေကနိုင်ကွက်ရှာပြီး အနိုင်ယူချင်ကြတာပဲ။ လွယ် ရင်သူကြွယ်တောင်မနေဘူးလို့ဆိုထားတယ်မဟုတ်လား။ သက်ပိုင်ရဲ့ ယုံကြည်လွယ်မှုကို သူကအခွင့်ကောင်းယူသွားတာပါ။ ဒါဟာ သက်ပိုင်မှ မဟုတ်ဘူး။ လူတစ်ဖက်သားအပေါ်ကိုယ်ချင်းစာတတ်တဲ့ အခြားတစ်ယောက်၊ ယုံလွယ်ခဲ့မယ်ဆိုရင်ဒါမျိုးဖြစ်မှာပဲ။ သက်ပိုင် ပြောတာကိုနားထောင်ပြီး သက်ပိုင်နေရာမှာငါ့ကိုယ်ငါ အစားထိုးတွေးကြည့်တယ်။ ငါသာဆိုလည်း ကူညီခဲ့မိမှာပဲသက်ပိုင်..။ ဒါ့ကြောင့် ကိုယ်ဟာ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့ အတွက် ဒီလိုအနိုင်ယူခံရတယ်ဆိုတာမျိုး စိတ်ထဲမတွေးပါနဲ့။ ဒါက လူ့လောကမှာ ဖြစ်နေကျ လူ

လူချင်း လှည့်စားအနိုင်ယူတဲ့ ကိစ္စတွေပဲလေ။ ငါ ဟိုမိုတစ်ယောက်ဖြစ်နေလို့ဒီလိုတွေဖြစ်နေရပါလားလို့တွေးမယ့် အစား ဒါကို ငါသင်ခန်းစာ ယူရမယ်လို့တွေးရမယ် သက်ပိုင်…။"


သူ့စကားများက သက်ပိုင်၏ အသွေးအသားထဲ အားအင်များအဖြစ်စီးဆင်းသွားသည်လားမသိ၊ သက်ပိုင်၏မျက်လုံးများထဲတွင် မှုန်မှိုင်းသောအရိပ်အယောင်များ ရုတ်ချည်း ကွယ်ပျောက်သွားခဲ့ပါသည်။သက်ပိုင်က တုန်ယင်သော အသံဖြင့်ပြောကာ သူ့အား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပါသည်။

"ကျေး.. ကျေး.. ဇူးတင်လိုက်တာ သူငယ်ချင်းရယ်…………..။ ငါတဒင်္ဂစိတ်ရှုပ်ထွေးသွားမိတယ်။ ငါ့ကို နားလည်ပေးတာ တအား……. ကျေးဇူး..တင်လိုက်.. တာ………."


သူကိုယ်တိုင်ပင် မျက်ရည်များဝဲလာသည်အထိ သက်ပိုင်၏ အသံများက သူ့ရင်ကိုလှုပ်ရှားသွားစေခဲ့ပါသည်။ သေချာတာက ဟိုမိုသူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ရသည့်အတွက် သူစိတ်ရှုပ်ထွေးလိမ့်မည်မဟုတ်ပါချေ…။


x x x x


အဲနေ့ညက သက်ပိုင်တော်တော်မိုးချုပ်မှ ပြန်သွားပါသည်။ သက်ပိုင်က မပြန်ခင်သူ့ကို ခင်သေးရဲ့လားလို့ မေးသွားခဲ့သေး သည်။ ဟိုမိုတစ်ယောက်ဖြစ်သဖြင့်မခင်တော့မှာကို သက်ပိုင်စိုးထိတ်နေသည်ထင်သည်။ သူ သက်ပိုင်ကို နားလည်စွာ ကြည့်ရင်း ခေါင်းငြိမ့်ပြခဲ့သည်။ သူတကယ်လည်း သက်ပိုင်ကိုခင်ပါသေးသည်။


သက်ပိုင်ပြန်သွားတော့ တော်ရုံနဲ့ သူအိပ်မပျော်သေးပေ။ ဆယ်တန်းတုန်းကဆရာ့အကြောင်းကို သူပြန်စဉ်းစားမိသွားပါသည်။ အထူးသဖြင့် ဆရာ့ရဲ့မေ့မရနိုင်လောက်အောင် အစစအရာရာတွင် ထက်မြက်နေခြင်းများကို သူသတိရမိသည်။


ဆရာက စာသင်တာ အရမ်းကောင်းပါသည်။ စာသင်သည့်အခါ နားဝင်အောင်သင်တတ်သည်။ဆရာ့အချိန်ဆိုလျင် အိပ်ငိုက်သည့်ကျောင်းသားဟူ၍ မရှိပေ။ စာသင်ရင်းစိတ်ဝင်စားစရာများ၊ ရယ်ရွှင်စရာလေးများကို ကြားညှပ်ပြောသွားတတ်သဖြင့်

ဆရာစာသင်သည်မှာ စာသင်သည်နှင့်မတူပဲ ပုံပြင်တစ်ပုဒ်ကိုနားထောင်နေရသည်နှင့်ပိုတူနေပါသည်။ သူငယ်ချင်းတစ်ယောက်ပြောပြ သောကြောင့် ဆရာကဘွဲ့သုံးခုရထားသည် ဟုပင် ကြားဖူးပါသည်။


ဆရာက ထက်မြက်ရုံတင်မက ဖြတ်ထိုးဉာဏ်လည်း တအားကောင်းသည်။ တစ်ခါက ကျောင်းမှာဝန်ကြီးလာမယ့်အချိန် မိန့် ခွန်းပြောမယ့် စင်ပေါ်မှာတင်စရာ အလှပန်းခြင်းမစီစဉ်မိတာနှင့့် ကြုံရသည်။ ကျောင်းဝန်းထဲမှာ ပေါက်နေတဲ့ပန်းများကလည်းစက္ကူပန်း များဖြစ်သဖြင့် ပန်းထိုးရန် အဆင်မပြေပေ။ အချိန်နီးမှ

သတိထားမိသည့်အတွက် အားလုံး ခေါင်းမီးတောက်နေသည့်အချိန်တွင် ဆရာကထိုအခက်အခဲကို အေးဆေးစွာ ကူညီနိုင်ခဲ့လေသည်။


ဆရာက ရွှံ့များကို ခပ်ကြီးကြီးလုံးကာ ရွံ့လုံး၏အောက်ပိုင်းကိုချထားလို့ရအောင် ပြားလိုက်သည်။ စိမ်းစိုသန့်ရှင်းသော မြက်ပင်

ရှည်ရှည်များကို ထိုရွံ့လုံးထဲ ခပ်စိပ်စိပ် စိုက်လိုက်သည်။မြက်များကြားတွင် သစ်ရွက်ဖယ်ပြီးသား စက္ကူပန်းအနီများကို ထိုးထိုး ထောင်

ထောင်ဖြစ်နေအောင် ထိုးပါသည်။ ထို့နောက် ရေစက်လေးများဖြင့်ခပ်ဝေးဝေးကလှမ်းတောက်လိုက်ပါသည်။ စိမ်းစိမ်းစိုစိုမြက်ခင်းလုံး

လေးကြားတွင် စက္ကူပန်းနီများ ခပ်ကျဲကျဲပေါ်နေသည်မှာ အလှပန်းခြင်းများထက်ပင်ပို၍ အမြင်ဆန်းကာ အလွန်ပင်ကြည့်ကောင်းနေ လေသည်။ထိုမြက်ခင်းလုံးများနှင့်ပင် ဆရာက မိန့်ခွန်းစင်ကို အလှဆင်နိုင်ခဲ့ပါသည်။


တစ်ခါကလည်း ကျောင်းက ဝတ်ရွတ်သည့် ကျောင်းသူအသင်း ပြိုင်ပွဲဝင်ဖို့ကျောင်းမှ ထွက်ခါနီးမှ ဆံပင်များကို တူညီထုံးဖွဲ့ရန် စဉ်းစားမိကြသည်။ကျောင်းမှဆရာ၊ ဆရာမများက ဆံထုံးလေးတွေတူညီထုံးနိုင်ရင် သိပ်ကောင်းမယ်လို့စဉ်းစားမိသော်လည်း ဆံပင်တို သည့် ကျောင်းသူများအတွက် အဆင်မပြေနိုင်သဖြင့်ထိုအစီအစဉ်ကို လက်လျော့ထားလိုက်ကြသည်။ ထိုအချိန်တွင် ဆရာက အနီး အနားမှပင်ပေါင်ဘောလုံးလေးများ သွားဝယ်လာကာ ဆံပင်တိုသည့်ကျောင်းသူများအတွက်ဆံပင်အထဲမှ ပင်ပေါင်ဘောလုံးများခံကာ ဆံထုံးထုံးရန် အကြံပြုခဲ့လေသည်။ဆရာ့အကြံကြောင့်လည်း ကျောင်းသူများဆင်တူဆံထုံးများထုံးနိုင်သွားကြပါသည်။ဆရာ့၏ ပင်ကိုယ် စွမ်းရည်များ၊ထက်မြက်မှုများ၊ ဖြတ်ထိုးဉာဏ်များသည် ကျောင်းသား၊ကျောင်းသူများပေါ်တွင်မကပဲ ကျောင်းအတွက်ပါ အကျိုးရှိခဲ့လေ သည်။


ရုတ်တရက် သူစဉ်းစားမိသည်က ဆရာ့လို တော်တဲ့သူတစ်ယောက်က ဘာ့ကြောင့်ဟိုမိုဖြစ်နေရပါသနည်း။ အဘယ့်ကြောင့် လိင်တူချင်း စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေရပါသနည်း။ ဆရာဟာ ယောက်ျားချင်းကိုမှ ဘာ့ကြောင့်သဘောကျတတ် သူဖြစ်နေရသနည်း။


ဒါပေမယ့် ဒါဟာ ဆရာ့မှာ အပြစ်ရှိသည်ဟုလည်းပြော၍မရ။ဟိုမိုတစ်ယောက်ဖြစ်ခြင်းဟာ အပြစ်ရှိတဲ့ ကိစ္စတစ်ခုမဟုတ်ဟု သူ

ထင်မြင်မိပါသည်။ အပြစ်ရှိသည်ဆိုလျှင် ဆရာသိမ်ငယ်နေရမှာ၊ အပြစ်အတွက်ကြောက်ရွံ့ထိတ်လန့်နေရမှာဖြစ်သည်။ အခုတော့ ထိုကဲ့ သို့ မဟုတ်ပေ။ ဆရာကအရာရာတွင် တော်လွန်းနေသည်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေခဲ့ပါသည်။သူ.. ငယ်စဉ်က အဖြေရှာမရခဲ့ သည့် မေးခွန်းတစ်ခု၏ အဖြေကို ဆရာ့ကိုကြည့်ရင်းသူဖြေလိုက်နိုင်ပါသည်။ ဟိုမိုတစ်ယောက်ဖြစ်တာနှင့် သာမာန်ယောက်ျား

တစ်ယောက်ထက် ပိုပြီး နိမ့်ကျမသွားပါ၊စွမ်းရည်ဆုတ်ယုတ်သွားခြင်းမရှိပါချေ။ ဟိုမိုဖြစ်တာနဲ့ပဲပင်ကိုယ်စွမ်းရည်က တိမ်မြုပ်ပျောက်ကွယ် သွားခြင်းရှိလိမ့်မည်မဟုတ်ကြောင်း သူ.. ယုံကြည်လိုက်မိပါသည်။


ထိုညက သူအိပ်မက်မက်ပါသည်။

ဆရာက သူ့ကို ကြိုးစတစ်စ ကမ်းပေးသည်။ အနီရောင် ကြိုးစလေးတစ်စဖြစ်သည်။ သူ..ဘာလုပ်ရမှန်းမသိပဲ ထိုကြိုးစလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။သူတစ်ခုခုကို မေးလိုက်မည်ဟု ကြံစည်လိုက်ချိန်တွင် ဆရာက သူ့ကို ကြည်လင်စွာ

ပြုံးပြလျှက် ပျောက်ကွယ်သွားပါသည်။ တဖြည်းဖြည်း ဝေ…… ဝါး…….စွာ………..။

…………………………………………………..


x x x x


ဟိုမိုဟု ဝန်ခံလိုက်ပြီး နောက်ပိုင်းတွင် သက်ပိုင်က သူ့ကိုဟိုမိုကိစ္စများနှင့်ပါတ်သတ်ပြီး ရင်ဖွင့်လာပါတော့သည်။ သူထင်ခဲ့သော

ဟိုမိုတစ်ယောက်ဟာ ဘဝကို သာမာန်ယောက်ျားတစ်ယောက်ကဲ့သို့နေထိုင်နိုင်ခြင်းမရှိသဖြင့် ဟိုမိုတစ်ယောက်ကဲ့သို့ တည်ရှိနေပါသည် ဆိုသောအတွေးသည် သက်ပိုင်၏ စကားများကိုနားထောင်ရင်း တဖြည်းဖြည်းလွင့်စင်ပျောက်ကွယ်သွားသည်။ သက်ပိုင်မှာ ယောက်ျား

ချင်းစိတ်ဝင်စားသူတစ်ယောက်ဖြစ်သော်လည်း ငယ်စဉ်က သူတွေ့ခဲ့ဖူးသည့်ရှောက်သီးဆေးပြားသည် အခြောက်များလို မိန်းမဆန်ခြင်း မျိုးမရှိပေ။ယောက်ျားဆန်သော ဟိုမိုတစ်ယောက်သာဖြစ်ပါသည်။သာမာန်ယောက်ျားတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ပါသည်။ သက်ပိုင်

ပြောပုံအရဆိုရင်တော့ ဟိုမိုစကားနှင့် 'အပုန်း' ဟုခေါ်ရမည်ဖြစ်သည်။


သက်ပိုင်ပြောပြသဖြင့် ဟိုမိုလူတန်းစားများသည် အလုပ်ကိုင်မျိုးစုံ၊နေရာမျိုးစုံနှင့် ရာထူးဂုဏ်ရှိန်မျိုးစုံတို့တွင် တည်ရှိနေကြောင်း

သိရသည်။ တစ်ခါတစ်ခါ သက်ပိုင်ပြောပြသူများထဲတွင် လုံးဝထင်ရက်စရာမရှိသောသူ့သူငယ်ချင်းမိတ်ဆွေတစ်ချို့ပင် ပါနေသေးပါ သည်။ သူ ထူးခြားစွာအံ့သြသွားခြင်းတော့ မရှိခဲ့ပေ။ ဆရာကိုယ်တိုင်ပင် ထက်မြက်သော ဟိုမိုတစ်ယောက်ဖြစ်နေခဲ့သည်မဟုတ်ပါလား။ သူတော်တော်များများကိုလက်ခံနိုင်လာခဲ့သည်။ သိလာခဲ့ပါသည်။


သက်ပိုင်ပြောသော ဟိုမိုများအကြောင်းကို နားထောင်ရသည်မှာများသောအားဖြင့် ရယ်စရာများက များနေသည်။ သက်ပိုင်က အစောကြီးထဲက ရယ်စရာတအားပြောတတ်သူဖြစ်သည့်အပြင် ဟိုမိုများ၏ ဟာသဉာဏ်ရွှင်မှုများကို အမူအရာနှင့်ပါ ပြန်လည်လုပ်ပြ တတ်သဖြင့် သူ.. အူလိမ့်နေအောင်ကိုရယ်ရပါသည်။ တဖြည်းဖြည်းဖြင့် သူသိလာသည်က ဟိုမိုများသည်သူတပါးစိတ်ချမ်းသာအောင် ပညာသားပါပါနှင့် ရယ်စရာပြောတတ်သည်၊ပျော်အောင်အမြဲနေတတ်သည်၊ စကားအရာတွင် ကျွမ်းကျင်လိမ္မာသည်။ ဝက္ကဝုတ္တိအလင်္ကာ၊ မြည်သံစွဲအလင်္ကာ၊ အတိဿယဝုတ္တိအလင်္ကာ စသည်များကို ပိုင်နိုင်စွာထည့်သွင်းအသုံးပြုကာ ဟာသမြောက်အောင် ပြောဆိုနိုင်သည် ဟူ၍ဖြစ်သည်။


သက်ပိုင်ပြောသလို ဟိုမိုတွေ တစ်ဖွဲ့ကြီးတွေ့ရသည်တော့ဘယ်လိုများနေလိမ့်မလည်းမသိပေ။ သက်ပိုင်တစ်ယောက်ထဲနဲ့တင် သူတော်တော်ကိုပျော်ရွှင်စွာရယ်မောနေနိုင်ရသည်။ သက်ပိုင်ကိုဟိုမိုသူငယ်ချင်းတစ်ယောက်အနေနဲ့ ပေါင်းသင်းရခြင်းကို သူပိုပြီးနှစ်

ခြိုက်လာပါသည်။


သူတစ်ခါက တွေးခဲ့ဖူးသော ဟိုမိုတစ်ယောက်… ခါးသီးစွာမဖြစ်ချင်ခဲ့ခြင်းကိုလည်း မေ့လျော့သွားပြီဖြစ်သည်။


x x x x


စာမေးပွဲနီးလာပြီဖြစ်သဖြင့် သူငယ်ချင်းများ စာစုကျက်ရန် စီစဉ်ရပါသည်။ အထက်တန်းတုန်းက အဘိုးနှင့် နှစ်ယောက်ထဲနေ သော သက်ပိုင်အိမ်တွင် ညအိပ်ကာစာကျက်ဖြစ်သော်လည်း ကျောင်းချင်းမတူသဖြင့် သက်ပိုင်ကို ဒုက္ခမပေးချင်ပေ။ပြီးတော့ သူနား မလည်သည့် အပိုင်းတွေကို ရှင်းပြဖို့သူငယ်ချင်းတစ်ယောက်လိုပါသည်။ စာစုကျက်ခြင်းကတစ်ဦးထဲကျက်ခြင်းထက်ပိုထိရောက်သည် ဟု ထင်မိသည်။ နောက်ဆုံးနှစ်မှာသူဂုဏ်ထူးထွက်ချင်ပါသည်။


သူထင်ထားခဲ့သလို စာစုကျက်တဲ့ အစီအစဉ်က အဆင်မပြေပါ။ သူ့သူငယ်ချင်းများကသူ့အိမ်ကိုညအိပ်လိုက်ပြီးစာကျက်ရန် မိဘများက ခွင့်မပြုသည့်အပြင်သူတို့ကိုယ်စီ၏အိမ်များသို့လည်း ခေါ်ဖို့ အဆင်မပြေဖြစ်နေကြသည်။ သူတစ်ယောက်ထဲစာကျက်လျှင် အဆင်မပြေနိုင်သောကြောင့် သူစိတ်ညစ်နေမိပါသည်။


သူစိတ်ညစ်ညစ်နှင့် အတန်းထောင့်က ထိုင်ခုံမှာထိုင်ပြီး ပြတင်းပေါက်မှအပြင်ကို ငေးနေမိဆဲတွင် စူးရှချိုမြိန်သော ရေမွှေးရနံ့ တစ်ခုကို

ဘေးနားမှရရှိလိုက်ပါသည်။ သူလှည့်ကြည့်လိုက်တော့ အတန်းထိပ်ဆုံးတွင်ထိုင်လေ့ရှိသော ကောင်လေးဖြစ်ပါသည်။ ထို ကောင်လေးကို သူအစကအနည်းငယ်တော့သတိထားမိပါသည်။ သူ့ကြည့်ရသည်မှာ မည်သူနှင့်မှသေချာစွာပေါင်းသင်းခြင်းမရှိပဲ သီးခြားဆန်နေသည်ဟု ထင်ရပါသည်။အရပ်ရှည်ရှည် မဖြူမညိုလေးနှင့် သူ့မျက်နှာက ချောတဲ့ဘက်ရောက်သဖြင့်မာနကြီးနေသည်ဟု သူထင်ခဲ့မိတာဖြစ်သည်။

ကောင်လေးက ချိုရှစွာ ပြုံးပြလျှက် သူ့ကိုစကားစပြောပါသည်။


"စာအတူကျက်မယ့်အဖော်ရှိလား သူငယ်ချင်း….။"သူခေါင်းခါပြလိုက်မိသည်။


"မရှိဘူးကွ.. မင်းရော…….?"ကောင်လေး၏မျက်နှာက ချက်ခြင်းပြုံးရွှင်သွားသည်။


"ဟာ ဟုတ်လား။ အေးကွာ ငါစာအတူကျက်ရမယ့်အဖော်မရှိတာနဲ့အတော်ပဲ။ မင်းငါနဲ့အတူစာလိုက်ကျက်လို့ရမလား။ ငါမပိုင် တဲ့ ဘာသာတွေရှိနေတယ်ကွ။ ပြီးတော့ငါဂုဏ်ထူးလိုချင်သေးတယ်။ အဲဒါကြောင့် ငါတစ်ယောက်ထဲအဆင်ပြေမှာ မဟုတ်ဘူး။

မင်း ငါ့အိမ်မှာစာလိုက်ကျက်နိုင်မလား။ သြော် by the way, ငါ့နံမည်ကကျော်ဇင်လတ်ပါ။ ကိုလတ်လို့ခေါ်ကြပါတယ်။"


"ငါနံမည်က ဝေလင်းပါ။ ငါလည်း စာကျက်ဖို့အဖော်ရှာနေတာနဲ့ အတော်ပဲကွ။ Ok လေ..ငါမင်းအိမ်မှာ စာလိုက်ကျက်ပါ့မယ်။"


သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်မိကြသည်။လက်ဆွဲနှုတ်ဆက်လိုက်ချိန်တွင် ထူးခြားစွာ ကျော်ဇင်လတ်၏ လက်များကနူးညံ့လွန်းနေ တာ သတိထားမိသွားပါသည်။ အရင်က တခြားသူများနှင့်လက်ဆွဲနှုတ်ဆက်သည့်အခါတိုင်း သူ ထိုကဲ့သို့သတိထားမိခဲ့ခြင်း မရှိခဲ့ပေ။ ကျော်ဇင်လတ်၏ လက်တွေကတော့ သတိထားမိရလောက်အောင် ထူးခြားစွာ နူးညံ့နေပါသည်။


သူ့ဘဝတွင် လိင်တူယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်အပေါ် ဦးစွာခံစားမိခြင်းနှင့် အတူ.. ကျော်ဇင်လတ်တစ်ယောက် သူ့ ဘဝထဲ သူမထင်မှတ်ခဲ့သောနေရာကနေဝင်လာလိမ့်မည်ဟုလည်း သူထိုစဉ်က မထင်ထားခဲ့မိပါ…………………………………………..။။။


x x x x


ကိုလတ်က နယ်ကကျောင်းလာတက်ရတာဖြစ်သဖြင့် တစ်ဦးထဲတိုက်ခန်းခပ်သေးသေးလေးတစ်လုံးကို ငှားနေတာဖြစ်သည်။

တစ်ယောက်ထဲနေသူဖြစ်သည့်အတွက် စာကျက်သည်ကိုနှောင့်ယှက်မည့်သူ မရှိပေ။ထို့ကြောင့် အစပိုင်း ညနေပိုင်းများမှသာ ကိုလတ် ဆီသူစာသွားကျက်ဖြစ်သော်လည်း ကျောင်းပိတ်သွားတာနဲ့ မနက်ပိုင်းရောညနေပိုင်းပါ ကိုလတ်ဆီ သူစာသွားကျက်ဖြစ်ပါသည်။


တစ်ရက်.. စာအတူကျက်နေရင်း အတော်လေးကိုမိုးချုပ်သွားသည်။ ကိုလတ်ကသူ့အခန်းမှာပဲ နေလိုက်ပါတော့ဟု ဆိုသဖြင့် သူအိမ်မပြန်ဖြစ်တော့ပါ။

ညပိုင်းစာကျက်တာပြီးတော့ နှစ်ယောက်သား TV ကြည့်ရင်းစကားစမြည်ပြောဖြစ်ကြသည်။ စကားပြောရင်း ကိုလတ်က တစ်ချက်တစ်ချက် သူ့ကိုငေးငိုင်စွာ ကြည့်လေသည်။ ထို့နောက် သူ့ကို ထူးဆန်းသောစကားတစ်ခုစပြောပါသည်။


"မင်း နမ်းဖူးလား ဝေလင်း" တဲ့…….။


သူခေါင်းကို ခါရမ်းလိုက်မိသည်။ ကိုလတ်က သူ့ပုံအတိုင်း ချိုရှစွာပြုံးရင်း 'ငါသင်ပေးမယ်' ဟုပြောကာ သူ့နှုတ်ခမ်းနှစ်လွှာကို ရုတ်တရက်

နမ်းရှိုက်လိုက်ပါသည်။


"……………………………………."


သူရုတ်တရက် မင်တက်မိသွားကာ ဘာပြန်တုံ့ပြန်ရမှန်းမသိဖြစ်သွားခဲ့ပါသည်။သို့ရာတွင် ကိုလတ်၏ နမ်းရှိုက်မှုကို သူမရုန်းမိ ပေ။ ငတ်မွတ်စွာနမ်းရှိုက်နေသော ကိုလတ်၏ ပြင်းထန်သော အနမ်းများထဲတွင် ငြင်သာစွာအလိုက်သင့်မြောပါရင်း ရင်ထဲကျေနပ်နေ သလိုလို……။


ဟာ… ငါ……. ငါ…………..။ ငါသာယာမိတယ်ဆိုတာ………………။


သူ ကိုလတ်ကို ရုတ်တရက် တွန်းဖယ်လိုက်မိပါသည်။ ထို့နောက်သေချာစွာစိုက်ကြည့်ကာ မေးလိုက်မိသည်။


"မင်း ဟိုမိုတစ်ယောက်လား ကိုလတ်။" ကိုလတ်က ခေါင်းကိုငုံ့ကာ ပြောပါသည်။


"အေး ဟုတ်တယ်.. ဝေလင်း….. ငါဟိုမိုတစ်ယောက်ပါ………..။ ငါမင်းကို သဘောကျတယ် ဝေလင်း။ မင်းကို နမ်းရှိုက်ရတာကိုလည်း ငါနှစ်သက်မိတယ်…။"


သူ့စိတ်ထဲနောက်ကျိသွားသည်။ သူကိုယ်တိုင်လည်းကိုလတ်အပေါ်နမ်းရှိုက်ရခြင်းကို နှစ်သက်မိသွားခဲ့သည်မဟုတ်လား..။ ဒါ..

ဒါဆို…… သူကိုယ်တိုင်ဟာလည်း ဟို.. မို……. တစ်.. ယောက်…..။


ရှုပ်ထွေးခြင်းများဖြင့် သူခေါင်းကို တွင်တွင်ခါယမ်းကာ ကိုလတ်၏တိုက်ခန်းထဲမှ ပြေးထွက်ခဲ့ပါသည်။ နှုတ်ဆက်စကားပင် မဆိုမိ..။ ထိုညကလမ်းမပေါ်တွင် တစ်ယောက်ထဲ ခြေဦးတည့်ရာ လျှောက်သွားရင်း သူ့ကိုယ်သူပြန်လည်ဆန်းစစ်ကြည့်မိပါသည်။


သူ…. ဟိုမိုတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေခဲ့ပြီလား။

လိင်တူယောက်ျားလေးတစ်ဦးကို သူ သဘောကျတတ်နေပြီလား။ သေချာ တာက ကိုလတ်နှင့်ထိတွေ့ခဲ့ရခြင်းကို သူနှစ်သက်ခဲ့တာတော့ အမှန်ပင်ဖြစ်ပါသည်။


ဟိုမိုတွေကို သူနားလည်ပေးနိုင်သော်လည်း သူ့ကိုယ်သူဟိုမိုတစ်ယောက်အနေနှင့်တော့ လက်ခံနိုင်ရန် ခဲယဉ်းနေပါသေးသည်။ သူ့ဘဝရဲ့ပထမဆုံးရည်းစားဦးဟာ ယောက်ျားတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှမတွေးကြည့်မိဖူးခဲ့ပေ။ သည့်အတွက် လူတွေရဲ့ ရှုံ့ချကဲ့ရဲ့မှုကို သူမခံယူချင်ပါ။


အတွေးများစွာဖြင့် သူ ကောင်းကင်ကိုမော့ကြည့်ရင်းကြယ်တွေကိုငေးမောနေလိုက်မိပါသည်။ ဓူဝံကြယ်၊ မောင်ရင်ဆိုင်းထမ်း ကြယ်၊

ခုနစ်စဉ်ကြယ် စသည်ဖြင့် နံမည်ရှိသော ကြယ်လေးများက သူ့နေရာနှင့်သူတောက်ပနေကြပါသည်။ နံမည်မရှိသော ကြယ်တွေ ထဲမှ ခပ်မှိန်မှိန်ကြယ်လေးတစ်လုံးကို ရွေးချယ်ကာ သူငေးမောနေလိုက်မိသည်။ ခဏကြာတော့ ထိုကြယ်လေးမှာ တဖြည်းဖြည်းမှိန်ကာ ပျောက်ကွယ်သွားပါသည်။


သူကိုယ်တိုင်လည်း ထိုကြယ်လေးကဲ့သို့ မှိန်ပြီး ပျောက်ကွယ်သွားခဲ့ချင်ပါသည်။


x x x x


ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်တန်းလေးက မျက်စိတည့်တည်ပေါ်ထိရောက်လာသဖြင့် သူနိုးလာရသည်။ သူနိုးနိုး ခြင်း ကုတင်ဘေးမှာ ထိုင်နေသောသက်ပိုင်ကိုတွေ့လိုက်ရသည်။ သက်ပိုင်က သူ့မိဘတွေနှင့် တအားရင်းနှီးသဖြင့်အိမ်ကို ထိုကဲ့သို့ တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်ခြင်းဖြစ်လေသည်။

သက်ပိုင်က မနက်အစောကြီး သူပြန်ရောက်ရောက်ခြင်း တွေ့ရာစာအုပ်တစ်အုပ်ထဲတွင် ဆွဲခြစ်ရေးထားသော 'ငါသည်

ဟိုမိုတစ်ယောက်ဖြစ်နေခဲ့ပြီ၊ ငါ့ကိုယ်ငါ မုန်းသည်' ဆိုသောဘယ်နှစ်ကြိမ်ရေးမိမှန်းမသိသည့် စာလုံးများ ကို ထိုင်ဖတ်နေခြင်းဖြစ်သည်။


သူနိုးလာတာကို မြင်တာနှင့် သက်ပိုင်က သူ့ကို နွေးထွေးစွာ ပွေ့ဖက်လိုက်ပါသည်။

"ဝေလင်းရယ်… မင်းကိုယ်မင်းမုန်းစရာမလိုပါဘူး။ မင်းဟာဟိုမိုတစ်ယောက်ဆိုတာ သေချာပြီဆိုရင် မင်းကိုယ်မင်း အတင်း အကျပ်

ချုပ်တည်းမထားသင့်ဘူး သူငယ်ချင်း။ မင်း အဲဒါကို လက်ခံနိုင်ရမယ်။ ဒါဟာအမှားအယွင်းတစ်ခုမှ မဟုတ်တာပဲ။ အခုခေတ်မှာ ဆိုရင် ကမ္ဘာတဝှမ်းလုံးကဟိုမိုဆိုတဲ့ လူတန်းစားကို လက်ခံနေကြပြီပဲလေ။ ဒါဟာ…. ကြောက်မက်ဖွယ်၊ထူးဆန်းထိတ်လန့်ဖွယ်အရာ တစ်ခု မဟုတ်တော့ပါဘူး……။"


သူ လှဲနေရာမှ ထထိုင်ရင်း သက်ပိုင်ကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်မိပါသည်။

"ငါ နားလည်ပါတယ် သက်ပိုင်ရယ်။ ဒါ….. အမှားတစ်ခုမဟုတ်မှန်း ငါသိပေမယ့်..ငါ.. ငါ…….. ငါ့ကိုယ်ငါလက်မခံချင်သေးဘူး။ ဟိုမိုတစ်ယောက်အနေနဲ့ ငါ့ကိုလူတွေက မြင်မယ့် အမြင်ကိုငါကြောက်တယ်။ ပါတ်ဝန်းကျင်က ငါ့ကိုလှောင်ပြောင်ကြမှာ ငါကြောက်မိ တယ်။ ငါ.. ငါ့ဘဝကို အဲလို မဖြစ်ချင်ဘူး

သက်ပိုင်ရာ….။"


"ဒီမှာ ဝေလင်း။ ဟိုမိုတစ်ယောက်အနေနဲ့ မင်း ငါ့အပေါ် ဘယ်လိုမြင်ခဲ့လည်း။ငါ့အပေါ် မပြောင်းလဲစွာ အရင်အတိုင်း သူငယ်ချင်းအနေနဲ့

ပေါင်းသင်းနိုင်ခဲ့တယ် မဟုတ်လား။ အကယ်၍ မင်းပြောင်းလဲခဲ့တယ်ဆိုရင်တောင်ကောင်းသော ပြောင်းလဲခြင်း ပဲဖြစ်ခဲ့တယ် မဟုတ်လား။ မင်းငါ့ကို ပိုနားလည်ဖို့ကြိုးစားလာခဲ့တယ်လေ။"


"ဒါ… ဒါပေမယ့် ငါက နားလည်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေတာကိုး။နားမလည်ပေးနိုင်တဲ့သူတွေ ဆိုရင်………….။"


သူ စကားကိုဆက်မပြောပဲ သက်ပိုင်၏ ပခုံးနှစ်ဖက်ကို ကိုင်ကာသက်ပိုင်ကိုကြည့်ပြီးပြောလိုက်သည်။ သက်ပိုင်က ကြည်လင် ပြီး

အားအင်ပြည့်ဝသော မျက်လုံး အစုံနှင့် သူ့ကို စူးစိုက်ကြည့်ရင်းပြန်ပြောပါသည်။


"ငါတို့ နားလည်ပေးနိုင်အောင် ကြိုးစားရမှာပေါ့ သူငယ်ချင်းရယ်။ ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်တဲ့။ ငါတို့ အရာရာကို တွေးကြောက်နေလို့မဖြစ်ဘူးလေ။ ငါကျောင်းနံရံတွေပေါ်မှာ ရေးခြစ်ခဲ့ဖူးတဲ့စာသားတွေလိုပေါ့။ ဟိုမို တစ်ယောက်ရဲ့ဘဝက မလွယ်ပါဘူး။ ပိုပြီးသတ္တိရှိရပါတယ်။ ပိုပြီးရင်ဆိုင်တတ်ရတယ်.. ဆိုတဲ့စာသားအတိုင်းပဲ။ ငါတို့……. ရင်ဆိုင်တတ်ရမယ်။ ရင်ဆိုင်ဖို့ကြိုးစားစမ်းပါ သူငယ်ချင်းရယ်။"


တစ်ခါက ကျောင်းအိမ်သာထဲတွင် တွေ့ခဲ့ဖူးသော စာသားတစ်ချို့ကို သူပြန်သတိရမိပါသည်။ ဒါဆို ဒါတွေက သက်ပိုင်ရေးခဲ့ တာတွေ့ပေါ့။ အရာရာဟာသတ်မှတ်ထားတဲ့အတိုင်း အချိတ်အဆက်မိစွာ အစီအစဉ်တကျ ဖြစ်နေခဲ့သလိုပင်။

သူဟိုမိုဖြစ်ဖို့ အစောကြီး ထဲက ကံပါလာခဲ့သည်ထင်ပါသည်။ "နော်… ဝေလင်း.. မင်းရင်ဆိုင်ဖို့ သတ္တိမွေးမယ်ဟုတ်လား။"


သူဘာမှ ပြန်မဖြေပဲ သက်ပိုင်ကို နောက်တစ်ကြိမ် ပြန်ဖက်ထားလိုက်မိပါသည်။ ဒီနေ့မှ ထူးထူးခြားခြား သက်ပိုင်၏ ရင်ငွေ့က ပိုပြီးနွေးထွေးနေသည်ဟု ထင်ရလေသည်။


ထိုညက သက်ပိုင်၏ လက်မောင်းပေါ်တွင် သူမှီရင်း အိပ်ပျော်သွားခဲ့ပါသည်။နှစ်သိမ့်သော အနေနှင့် ပွေ့ဖက်ပေးထားသော သက်ပိုင်၏ လက်များဆီမှထူးခြားသော နွေးထွေးမှုကို သူမေ့လို့ရတော့မှာ မဟုတ်တော့ပါ….။

သက်ပိုင်ကတော့ လက်တစ်ဖက်နှင့် သူ့ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးနေပါသည်။ သူအိပ်ပျော်သည်အထိ….။


သူ…….. အိပ်……….ပျော်………… သည်………. အထိ…………….။

…………………………………………………………………………………………..


x x x x


'လာ.. မင်းကို တစ်နေရာခေါ်သွားမယ်' ဆိုလို့သာ လိုက်လာရသည်။

သက်ပိုင်ခေါ်သွားမည့်နေရာကို သူမသိပေ။ ရှစ်မိုင်ကို ရောက်တော့ Top Centre ဆိုသော အဆောက်အဦးထဲ သူ့ကိုခေါ်သွားလေသည်။ အထဲကိုဝင်လိုက်သည်နှင့်ဟိုတစ်စု ဒီတစ်ခု ထိုင်ပြီး စကားပြောနေသော ကောင်လေးတော်တော်များများကို တွေ့လိုက်ရသည်။ ဖိနပ်ထားတဲ့ဘီဒိုတွေထဲ ဖိနပ်တွေထည့်ရင်း သက်ပိုင်က 'အဲဒါတွေ အကုန် ဟိုမိုတွေချည်းပဲ' ဟုပြောပြပါသည်။


သူ အံ့သြသွားမိပါသည်။ ထိုင်နေသော ကောင်လေးများမှာ များသော အားဖြင့်သူတို့အရွယ် လူငယ်လေးများသာဖြစ်ကြသည်။ သူ့ထက်အသက်ကြီးသူများငယ်သည့်သူများ စသည်ဖြင့်လည်းရှိပါသည်။ စဝင်လာချင်းတုန်းကယောက်ျားလေးတစ်အုပ်ဟု ထင်ခဲ့မိ သော်လည်း သေချာကြည့်မှသာ

ဟိုမိုမှန်းသိသာသူများ၊ မသိသာသူများ စသည်ဖြင့် တွေ့ရပါသည်။ ဘာပဲဖြစ်ဖြစ်သူတို့ကိုယ်သူတို့ ဟိုမိုပါဟု လက်ခံထားသူများ ဖြစ်သည်ကို သူ အနည်းငယ်တော့အံ့အားသင့်နေမိပါသည်။

သက်ပိုင်က သူ့ကို အားလုံးနှင့် မိတ်ဆက်ပေးပါသည်။ အားလုံးက သူ့ကိုနွေးထွေးစွာပင် စကားပြောကြပါသည်။ နောက်မှ ရောက်လာသူတစ်ယောက် အနေဖြင့်လိုအပ်သော အကူအညီရှိလျှင်ပြောဖို့လည်း ရင်းနှီးစွာ ပြောကြပါသည်။

လာမိတ်ဆက်ကြ သည်လည်းရှိသည်။ ဆေးကျောင်းသားလေးများ၊ ဆရာဝန်များ၊အင်ဂျင်နီယာများ စသည်ဖြင့် အားလုံးက သူ့အလုပ်အကိုင်နှင့်သူ သူ့ဘဝနှင့်သူမြင့်မားအောင် ကြိုးစားရုန်းကန်နေကြသူချည်းများပင်ဖြစ်ပါသည်။

လာမိတ်ဆက်သူများရှိသလို နံမည်မေးပြီး လာစနောက်တဲ့သူလည်းရှိသည်။သူတစ်ယောက်ထဲ ကြောင်တောင်တောင်ဖြစ်မနေ ပဲ အားလုံးပျော်ရွှင်နေသလိုသူပျော်ရွှင်နေခဲ့ရပါသည်။ ခဏတွင်းမှာပင် အားလုံးနှင့်သူငယ်ချင်းအရင်းများလို သူရင်းနှီးသွားပါသည်။ သူ သိခဲ့သလို ဟိုမိုများသည် သူတပါးအားရယ်မောအောင် ပညာသားပါပါနှင့် စကားပြောတတ်သည် ဆိုတာပိုပြီးသေချာသွားခဲ့သလို၊ ဟိုမို များက သူတပါးရင်ထဲထိ ထိုးထွင်းမြင်နိုင်ကာခင်မင်ရင်းနှီးလွယ်သည်ဟု မှတ်ချက်ချမိပါသည်။


ခဏကြာတော့ အားလုံးကို ဉာဏ်စမ်းမေးခွန်းများမေးကာ game ကစားကြပါသည်။ကိုယ်စီ အဖွဲ့များ ဖွဲ့ပေးကာ ဗဟုသုတ မေးခွန်းများ၊

ကျန်းမာရေးနှင့်ပါတ်သတ်သော မေးခွန်းများ၊ သမိုင်းနဲ့ပါတ်သတ်သောမေးခွန်းများ၊ ပြည်ပအနုပညာရပ်ဝန်းမှ မေးခွန်းများ စသည်ဖြင့်

မေးခွန်းမျိုးစုံဖြေရပါသည်။ အားလုံး အပြိုင်အဆိုင် အလုအယက်ဖြေကြပါသည်။ အဖွဲ့သားများအားလုံးတပျော်တပါးတိုင်ပင်၍ ဖြေကြရခြင်းဖြစ်သည်။ မေးခွန်းများထဲတွင် သူတစ်ခါမှ မသိခဲ့ဖူးသော မေးခွန်းများလည်းပါသလို ထိုမေးခွန်းများကို တစ်ယောက်မဟုတ် တစ်ယောက်က ဖြေနိုင်ကြသည်ချည်းပင်။


သူဒုတိယအကြိမ် အံ့အားသင့်မိသွားပါသည်။ ဟိုမိုများအနေဖြင့် ဘဝကိုပြစ်စလတ်ခတ်မထားကြပဲ ကြိုးစားနေကြသည်။ ပညာဗဟုသုတပြည့်ဝအောင်နေထိုင်ကြသည်ကို သူသိလိုက်ရပါသည်။ သူအတွေးများ မှားယွင်းခဲ့ပါသည်။

ဟိုမိုဖြစ်တာနှင့် ဘဝကို ထိခိုက်ခြင်းမရှိဟု သူသိလာရပါသည်။အားလုံးမှာရှိနေသော ယုံကြည်မှုများသည် သူ့ဆီကို

တဖြည်းဖြည်းစိမ့်ဝင်ပျံ့နှံ့လာသလိုပင်။ ဒီအချိန်မှစ၍ သူ့ကိုယ်သူဟိုမိုတစ်ယောက်အနေနှင့် လက်ခံရန် သူ ဆုံးဖြတ်လိုက်ပါသည်။

သူ မကြောက်ရွံ့တော့ပါ။


x x x x


"PSI လိုနေရာမျိုးရှိနေတာ ကောင်းတယ်နော်.. သက်ပိုင်။ကျန်းမာရေးအတွက်လိုအပ်တာတွေ ဆွေးနွေးနိုင်တဲ့အပြင်၊ ဗဟုသုတတွေလည်းရတယ်။အရွယ်ရောက်ခါစတွေ ၊ မသိနားမလည်သေးတဲ့သူတွေ အတွက်လည်း HIV, AIDSကာကွယ်တားဆီး ရေးနဲ့ တခြား ကျန်းမာရေးဗဟုသုတတွေကို ဆွေးနွေးပေးတာ၊အကြံပေးတာ၊ ပညာပေးတာ၊ လက်တွေ့လုပ်ပြတဲ့ အစီအစဉ်တွေရှိတာ တအားကောင်းတယ်ကွ။ဒါမျိုးတွေလုပ်ပေးနိုင်လို့ အားလုံးက စိတ်ချရသော နည်းလမ်းနဲ့လိင်ဆက်ဆံဖို့နည်းလမ်းကို သိရှိလာတယ် နော်။ HIV, AIDS နဲ့ပါတ်သတ်ပြီးမှားယွင်းစွာ ယူဆနေတာတွေလည်း သိရှိလာရတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း အရင်က ကြားဖူးနားဝထက် ပိုနားလည်လာတယ်။ ဥပမာကွာ ငါ့လို အခုမှဟိုမိုစဖြစ်တဲ့သူတွေအတွက်ဆိုရင် တော်တော်သိလာရတယ်။ ဒီနေ့ရှင်းပြခဲ့တဲ့ဖဲကြိုးနီ သင်္ကေတလေး အကြောင်းဆိုရင် တော်တော်ကို နားထောင်လို့ကောင်းခဲ့တာကွ……….။"


သူဘေးမှ တဖွဖွနှင့်ပြောလို့မပြီးတာကို သက်ပိုင်က ခပ်ပြုံးပြုံးနှင့်နားထောင်နေပါသည်။ တစ်နေရာရောက်တော့ သက်ပိုင်က

ခဏလိုက်ခဲ့ဦးဟုဆိုကာ Internet ဆိုင်တစ်ဆိုင်ထဲခေါ်သွားသည်။ ထို့နောက် Website နှစ်ခုတွင် သူ့နံမည်နှင့် Sign up လုပ်ပေးလေ သည်။ www.myanmarlgbt.org နှင့် www.mymgedu.com ဖြစ်သည်။


"အဲဒါဘာ Website တွေလည်းသက်ပိုင်ရ…."


"ဟိုမိုတွေပဲရှိတဲ့ Website တွေလေ ဝေလင်းရ။ မင်းသုံးကြည့်ရင်သိမှာပေါ့။သိပ်မသုံးတတ်ရင် ငါ့ကိုမေးလေ။ ဒါမှမဟုတ် ဒီ site ထဲကလူတွေကိုလည်းမေးကြည့်လို့ရတယ်။ သူတို့ပြောပြပါလိမ့်မယ်။"

သက်ပိုင်ပြောတဲ့အတိုင်း သူ ထိုနေ့က စသုံးကြည့်မိပါသည်။ အဆင်မပြေတာတွေကို သက်ပိုင်ကိုမေးလိုက်၊ လုပ်ကြည့်လိုက်နှင့် တော်တော်တော့သူသုံးတတ်သွားသည်။


နောက်ပိုင်း သူသုံးရင်း တစ်ချို့က သူ့ကို စကားလာပြောရင်းအပြင်မှာတွေ့ဖို့ချိန်းပါသည်။ သူ ဘာလုပ်ရမှန်းမသိပဲ သက်ပိုင်ဆီ

သွားမေးရသည်။


"မင်းတွေ့ချင်ရင်သွားတွေ့လေ။ Online ပေါ်ကနေ အပြင်မှာ တွေ့ဖို့ချိန်းတာကInternet ပေါ်မှာဖြစ်နေကျကိစ္စတွေပဲ။ မထူး ဆန်းပါဘူး။ ဒါပေမယ့်အဲဒါကြောင့်တော့ မင်းတစ်မျိုးထင်မသွားစေချင်ဘူး။ခင်လို့ချိန်းတာလည်းဖြစ်နိုင်တယ်။ ရည်းစားဖြစ်ချင်လို့ချိန်းတာ လည်းဖြစ်နိုင်တယ်။ ဒါပေမယ့် အားလုံးက ဒီထဲမှာ datingလုပ်ဖို့ရှိနေတာတော့ မဟုတ်ဘူးလေ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။

ငါမင်းကိုဘာမြင်စေချင်လည်းဆိုတာ မင်းသိလာပါလိမ့်မယ်။"


ဒီလိုနဲ့သက်ပိုင်ကြောင့် သူသုံးရတာပိုအဆင်ပြေလာပါသည်။ Forum ထဲကဆေးခန်းထဲတွင် ကျန်းမာရေးနှင့်ပါတ်သတ်တာတွေ မေးနိုင်သည်။ယောက်ျားလေးများဖြစ်တတ်သည့် ရောဂါများကအစ၊ အကုန်လုံးကို ထိုforum တွင်သေချာစွာ ပြန်လည်ဖြေကြားပေး သည်။ ထို forum ထဲတွင် မေးထားသည်နှင့်ဖြေကြားထားသည်များကို ကြည့်ပြီး တစ်ချို့ဆောင်ရန်ရှောင်ရန်များကိုပင် သူမှတ်ထားလိုက် သေးပါသည်။ အခက်အခဲရှိလျှင် မေးမြန်းဖို့လည်း forumများရှိသည်။ ရောက်တတ်ရာရာ ဟာသများပြောဖို့ရန်လည်းရှိသည်။ တဖြည်း

ဖြည်းသုံးရင်း အားလုံးက ညီညွတ်နေကာ မိသားစုဆန်သည်ဟု သူထင်လာမိပါသည်။တစ်ခါတစ်ခါ သူစိတ်ညစ်စရာရှိလို့ ဒီနေ့လို forum

မျိုးမှာရေးလိုက်ပြီဆိုရင် အားလုံးက ဝိုင်းပြီးနှစ်သိမ့်ပေးကြသည်။အကြံဝိုင်းပေးကြလေသည်။ သူ့စိတ်ထဲတွင် ညီအစ်ကိုမောင်နှမ တစ်သိုက်ကြီးရုတ်ချည်းပေါ်လာသလို တစ်ဦးပေါ်တစ်ဦးထားသော နွေးထွေးသည့် စေတနာကိုခံစားလာနိုင်ပါသည်။


နောက်ပိုင်း Site ထဲမှာ သူတို့ကျောင်းသားများ အဖွဲ့ဖွဲ့ထားသည့် groupတစ်ခုကို တွေ့သဖြင့် သူဝင်ရောက်လိုက်မိပါသည်။ စာမေးပွဲနီးတော့သူလိုအပ်သည်များကို group ထဲမှ သူများကို ဆက်သွယ်ပြီးသူမေးမြန်းခဲ့ပါသည်။ ဘယ်သူနဲ့မှ စာစုမလုပ်ပဲ site ထဲမှ လူများ၏အကူအညီဖြင့် စာမေးပွဲကို ကောင်းစွာ ဖြေနိုင်ခဲ့လေသည်။ Website ထဲမှဟိုမိုများအကြားတွင် သူ့ဘဝမှာ တစ်ခါမှ မရရှိဖူးခဲ့ သည့် ကြည်နူးမှုများ၊ပျော်ရွှင်မှုများရရှိလာခဲ့ပါသည်။


တစ်ရက်…. ညဘက်ကြီးမှ သက်ပိုင် သူ့ဆီလာလည်ပါသည်။ သူ့အခန်းထဲမှ ဝရန်တာတွင်နှစ်ဦးသားမတ်တပ်ရပ် စကားပြော ရင်း သက်ပိုင်က သူ့ကို `ငါမြင်စေချင်တာတွေမြင်ပြီလား' ဟုမေးပါသည်။ သူက ခေါင်းကို ငြင်သာစွာငြိမ့်လိုက်ရင်း ကောင်းကင်ကို မော့ကြည့်ကာပြောလိုက်ပါသည်။


"တစ်ခါက ငါကောင်းကင်ပေါ်က နံမည်မရှိတဲ့ မထင်မရှားကြယ်လေးတစ်ပွင့်လိုဘယ်သူမှ မသိလိုက်ပဲ မှုန်ဝါးပြီး ပျောက်ကွယ် သွားချင်ခဲ့တယ်ကွ။ ငါ….ဟိုမိုတစ်ယောက် မဖြစ်ချင်ခဲ့တုန်းကပေါ့။ အခုတော့ အဲဒီ့အတွေးကိုငါမေ့လိုက်နိုင်တယ်။"


"မင်းသိလား ဝေလင်း။ နံမည်မရှိတဲ့ ကြယ်လေးတွေကိုကြည့်ရင်းမင်းနံမည်ရှိတဲ့ ကြယ်လေးဖြစ်ဖို့ ဆုတောင်းမိချင် ဆုတောင်းမိ လိမ့်မယ်။

ဒါပေမယ့် အရာရာဟာ အကျိုးအကြောင်းမဲ့ဖြစ်တည်နေတာ မဟုတ်ဘူးဆိုတာမင်းသိလာတဲ့ တစ်နေ့မှာ မင်းဆုတောင်းကို မင်း ပြင်လိုက်မိမှာ သေချာတယ်။ မင်းစဉ်းစားကြည့်စမ်း။ ဒီနံမည်မရှိတဲ့ ကြယ်လေးတွေကြောင့်လည်း နံမည်ရှိတဲ့ကြယ်လေးတွေက ပိုပြီး ထင်ရှားလာရတာပေါ့။ ဒီကြယ်လေးတွေကြောင့်လည်း ကောင်းကင်ကြီးက စည်ကားပြည့်စုံစွာ လှပနေတာပေါ့။ ကြယ်စုံတဲ့ ညတစ်ည ဖြစ်ဖို့ရာ ဒီကြယ်မှုန်ကြယ်မွှားလေးတွေရဲ့ စွမ်းရည်တွေကပါဝင်နေတာ မင်းငြင်းလို့မရဘူး။"


ယုံကြည်ချက်ပြည့်ဝစွာ စကားပြောနေသော သက်ပိုင်ကို သူငေးမောနေမိသည်။သက်ပိုင်သည် ရဲရင့်သော ဟိုမိုတစ်ယောက် ဖြစ်ပါသည်။


"Homo ဆိုတဲ့ အသုံးအနှုန်းကို၊ gay ဆိုတဲ့ အသုံးအနှုန်းကို လူတွေကမခံယူချင်ကြဘူး။ ပြစ်တင်ချင်ကြတယ်။ ဒါပေမယ့် သူ တို့ တအားသဘောကျတဲ့အနုပညာရှင် မင်းသားမင်းသမီးတွေနောက်က မိတ်ကပ်ပညာရှင်အခြောက်တွေကသူတို့ရဲ့ အလှအပပေါ် မြင်နိုင်စွမ်းနဲ့ ပံ့ပိုးပေးနေရတယ်။ အားလုံးရဲ့မျက်စိထဲ perfect ဖြစ်သွားဖို့ အလှအပကိုဖော်ထုတ်ပေးနေရတယ်။ ကျရာဇာတ်ရုပ်မှာ လိုက်ဖက်တဲ့ ပုံစံမျိုးဖြစ်အောင် စီစဉ်ပေးနေတယ်ဆိုတာသူတို့မေ့လျော့နေတယ်။ မိတ်ကပ်ဆရာအခြောက်တစ်ယောက်ဟာ ယောက်ျား

တစ်ယောက်လိုလဲ မြင်နိုင်တယ်၊ မိန်းမတစ်ယောက်လိုလဲခံစားနိုင်တဲ့အတွက်သူပြင်ရမယ့် အနုပညာရှင်ကို ယောက်ျားတစ်ယောက်က လည်း ချီးမွမ်းအောင်၊မိန်းမချင်း လည်ပြန်ငေးရအောင် ပြင်ဆင်ပေးနိုင်တယ်။ ဒီလိုပင်ကိုယ်ပါရမီမျိုးကို လူတွေက လက်ခံနိုင်လို့ပဲ မိတ်ကပ် ဆရာတွေကိုအနုပညာရှင်တွေက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အမှီပြုနေရတာပေါ့။ ဒါကအများကြီးထဲကမှ ငါက ဥပမာတစ်ခုကိုပြောတာပါ။ လူ့ပါတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဟိုမိုတွေက သူတို့ရဲ့ ပင်ကိုယ်ပါရမီနဲ့တစ်ထောင့်တစ်နေရာက ပါဝင်ပါတ်သတ်နေတယ်ဆိုတာ မေ့ ထားလို့မရပါဘူး။


မကောင်းမြင်တတ်တဲ့ လူတွေကိုက အပြစ်တင် ပြောချင်ရင် စကားကို

ရှာကြံပြောလို့ရတာပဲလေ။ တကယ်တမ်း အဲလို လိုက်လံ ကဲ့ရဲ့နေတဲ့သူတစ်ယောက်ဟာ

အသက်အန္တရာယ် အရေးကြီးနေပြီဆိုရင် သူပြရမယ့်ဆရာဝန်ဟာ homoလား၊ straight

တစ်ယောက်လား ဆိုတာ သူစဉ်းစားနေပါတော့မလား။ ဘာပဲဖြြစ်ဖစ် ဟိုမိုတွေရဲ့

ပင်ကိုယ် အရည်အချင်းကို အားလုံးက လက်ခံအောင် ငါတို့ကြိုးစားရမယ်။

အခက်အခဲတွေကို ရင်ဆိုင်ရမယ်။ မင်း ရင်ဆိုင်မယ်မဟုတ်လား….. ဝေလင်း"

သက်ပိုင်စကားကို ထောက်ခံသည့်အနေနှင့် သူခေါင်းကိုငြိမ့်လိုက်မိပါသည်။

သက်ပိုင်က တက်ကြွစွာပြောနေရင်း မောသွား သဖြင့် သူ့ကို လှည့်ကြည့်ရင်း

ခပ်တိုးတိုးပြောပါသည်။


"ကဲ……. မင်းအခု မင်းကိုယ်မင်း.. မုန်းတီးသေးလား"


သူ စဉ်းစားနေစရာမလိုပဲ ခေါင်းကိုခါနိုင်ပြီဖြစ်သည်။ သက်ပိုင်က သူ့အနားကိုပိုမိုတိုးကပ်လာကာ ထပ်မေးပါသည်။


"မင်း……. ကိုလတ်ကိုရော သတိရသေးလား……..။"


ကိုလတ်ဆိုမှ ပြန်တွေးမိပါသည်။ ကျောင်းပိတ်သွားပြီဖြစ်၍ ကိုလတ်နှင့်မတွေ့ဖြစ်တော့ပေ။ နောက်ဆုံးတစ်ခါက် ကိုလတ်ဆီမှ

ထွက်လာခဲ့ပြီးသည့်နောက်ပိုင်း ကိုလတ်က သူ့ဆီဆက်သွယ်သော်လည်း သူကိုလတ်ကိုငြင်းဆန်ခဲ့ပါသည်။ တဒင်္ဂသာယာမိသော ကိုလတ်ထက် ရင်ထဲတွင် တစ်သက်တာချစ်ရမည့်သူကို သူစောင့်ဆိုင်းချင်သေးသည်။ ထိုသူသည် ကိုလတ်လည်း ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်….။


အနည်းငယ်တွေဝေပြီးမှ သူခေါင်းကို ခါနိုင်ပါသည်။ တစ်ခါတစ်ခါ ကိုလတ်အကြောင်းတွေးမိသော်လည်း သတိရခြင်းတော့ မဟုတ်မှန်း သူသိလေသည်။


သက်ပိုင်က သူ့ပခုံးကို ခပ်ဖွဖွ လာဖက်ကာ အကြာကြီးတိတ်ဆိတ်သွားလေသည်။ထို့နောက်မှ တိုးညှင်းသော စကားတစ်ခွန်း ကို ဆိုပါသည်…….။


"မင်း……. ငါ့ကိုရော…………။"


ထိုအချိန်တွင် ကြယ်တစ်စင်းကြွေသွားသဖြင့် သူ ပျော်ရွှင်စွာထအော်လိုက်ပါသည်။


"ဟာ….. ဟိုမှာ ကြယ်ကြွေသွားပြီ သက်ပိုင်။ ငါတို့ ဆုတောင်းကြစို့…………"


သူရော သက်ပိုင် မျက်လုံးများမှိတ်ကာ ဆုတောင်းလိုက်မိပါသည်။ တစ်ဦးနှင့်တစ်ဦး ဘာကိုဆုတောင်းလိုက်သည်ဟု၍ မသိ သော်လည်း သူတို့နှစ်ဦးသား၏ဆုတောင်းများမှာ သူတို့ရင်ထဲတွင် ကြည်နူးမှုကို စိမ့်ဝင်သွားစေကြောင်းကြည်လင်သွားကြသော မျက်နှာများက သက်သေပြနေပါသည်။


x x x x


ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ ဟိုမိုတစ်ယောက်ဟုခံယူခဲ့သော်လည်း သူအခုအချိန်ထိ ချစ်သူမထားခဲ့ရ သေး။ ဟိုမိုတွေရဲ့အကြောင်းကိုသာလေ့လာရင်း တစ်ဖက်တစ်လမ်းမှလည်း သူ့ဘဝကို သူကြိုးစားခဲ့သည်။

အခုဆိုလျှင် သူက နံမည်ကြီး Web Designer တစ်ဦးဖြစ်နေပြီ။ Web Designဆွဲရာတွင် အရောင်ရွေးချယ်မှု မှန်ကန်ခြင်း၊ layout တွေကို လှပစွာတည်ဆောက်နိုင် သော အမြင်ရှိခြင်းကြောင့် သူဆွဲသော Web Design တွေကိုလူကြိုက်များလာခဲ့ပါသည်။ ဟိုမိုတစ်ယောက်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သောအလှအပကို ဖော်ထုတ်နိုင်ခြင်း ဆိုသော အကျိုးကျေးဇူးကို သူကောင်းမွန်စွာ အသုံးချနိုင်သွားခဲ့သည်ဟု သူ့ကိုယ်သူ ထင်မိပါသည်။ ယခု အချိန်တွင် သူသည်သက်ပိုင်ကဲ့သို့ပင် ရဲရင့်သော၊ ယုံကြည်မှုများစွာဖြင့်

ရင်ဆိုင်နိုင်စွမ်းရှိသော ဟိုမိုတစ်ယောက်ဖြစ်နေပါပြီ။


တစ်ရက်… ဟိုမိုတစ်ယောက်ရဲ့ ပင်ကိုယ်ပါလာသောပါရမီများအကြောင်းစဉ်းစားရင်း ငယ်စဉ်က ဆရာရေးခိုင်းချင်ခဲ့သည် the

Advantages of a Homo ဆိုသော အကြောင်းအရာကို သူရေးရန်စဉ်းစားခဲ့ပါသည်။Internet ကိုအမြဲထိတွေ့နေရသူဖြစ်သဖြင့် အ ကြောင်းအရာများကို internetပေါ်မှာပင် ရှာယူကြည့်မိလေသည်။ တွေ့ရသော အရာများကသင်ဟိုမိုဖြစ်နေသည့်အတွက် မိန်းကလေး များနှင့် ပိုမိုရင်းနှီးစိတ်ချစွာပေါင်းသင်းနိုင်သည်၊ သင့်ဝတ်စားဆင်ယင်မှုကြောင့် လူကြားထဲပေါ်လွင်စေမည်စသော အရာများသာဖြစ်နေ လေသည်။ အဆင်ပြေလောက်သော အကျိုးကျေးဇူးများကိုသူရှာမတွေ့ခဲ့ပေ။


နောက်ဆုံး သူကိုယ်တိုင် နားလည်သလောက် ရေးကြည့်မည်ဟု ဆုံးဖြတ်ကာစာရွက်တစ်ရွက်ကိုယူပြီး ချရေးကြည့်ရန် သူဆုံးဖြတ်မိပါသည်။ အရင်ဆုံးဟိုမိုတို့၏ ပင်ကိုယ်စွမ်းရည်များကို ရေးကြည့်မိသည်။


Talents of a Homo


(၁) ဟိုမိုတစ်ယောက်ဟာ သာမာန်ယောက်ျားတစ်ယောက်ထက် အလှအပကိုပိုပြီးမက်မောခြင်း၊ သာမာန်မိန်းမတစ်ယောက်ထက် အလှအပတရားကိုပိုမိုမြင်တတ်ခြင်း


(၂) တိမ်မြုပ်နေသော အရာများ၊ လူအများသတိမထားမိသည့် အရာများကိုအလွယ်တကူမြင်နိုင်ခြင်း၊ ထိုအရာကို မည်ကဲ့သို့ အသုံးချရမည်ဆိုတာကိုအလွယ်တကူသိမြင်ခြင်း


(၃) လူတစ်ဖက်သား၏ စိတ်ခံစားချက်ကို ထိုးဖောက်မြင်ရောက်နိုင်ခြင်း


(၄) စကားပြောရာတွင် ရယ်မောစရာများကို ပညာသားပါပါနှင့် ပြောနိုင်ခြင်း၊ပျော်ရွှင်နေသူကို ပိုမိုပျော်ရွှင်အောင်လုပ်နိုင်သလို စိတ်ညစ် နေသူကိုစိတ်သက်ရာရစေနိုင်ခြင်း


(၅) အလင်းအမှောင်သဘောတရားကို ပင်ကိုယ်အရည်အချင်းဖြင့်ပင် ပိုမိုနားလည်သိမြင်ခြင်း၊ အရောင်တွေကို နိုင်နင်းစွာ အသုံးပြု နိုင်ခြင်း


(၆) မိန်းမတစ်ယောက်က အဆင်းပြည့်စုံရမည်၊ ယောက်ျားတစ်ယောက်ကအချင်းပြည့်စုံရမည်ဟုဆိုပါက ဟိုမိုတစ်ယောက်မှာ အဆင်း ရောအချင်းပါပြည့်စုံသူတစ်ယောက်ဟု ပြောနိုင်ခြင်း


(၇) မိသားစုထဲတွင် မိဘများနှင့် ပိုမိုနီးကပ်ရင်းနှီးသူတစ်ယောက်ဖြစ်နေတတ်ခြင်း၊ ဆွေမျိုးသားချင်းထဲတွင် အလေးထားရသူ

တစ်ယောက်အဖြစ်တည်ရှိနေတတ်ခြင်း


(၈) ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ဖြေရှင်းချက်ကို မြန်ဆန်စွာစဉ်းစားနိုင်ခြင်း၊ ထိုဖြေရှင်းချက်က တခြားသောသူများထက် ပိုမိုထိရောက်

သော ဖြေရှင်းချက်ဖြစ်နေတတ်ခြင်း


(၉) အခြေအနေနဲ့ အချိန်အခါကို အလိုလိုနားလည်ခြင်း၊ လုပ်သင့်သင့်အရာကိုအချိန်ကိုက်သိခြင်း


(၁၀) သာမာန်လူများထက် အနုပညာတွင် ပိုမိုစိတ်ဝင်တစားရှိတတ်ခြင်း၊ပိုမိုထူးချွန်ခြင်း၊ ပိုမိုကောင်းအောင်တိုးတက်အောင် ပြုလုပ် နိုင်ခြင်း


(၁၁) အချိန်ကို တခြားသူများထက် ပိုမို တန်ဖိုးထား အသုံးချတတ်ခြင်း


(၁၂) အမြဲတွေးတောနေတတ်ခြင်း၊ ထိုအတွေးများကို အကျိုးရှိအောင်အကောင်အထည်ဖော်တတ်ခြင်း


(၁၃) ကောင်းမွန်သော အရသာကိုရွေးချယ်နိုင်ခြင်း၊ ကောင်းသော အသံကိုရွေးချယ်နိုင်ခြင်း၊ ပစ္စည်းကောင်းကို ရွေးချယ်နိုင်ခြင်း


(၁၄) လိုက်ဖက်မည့်အရာဝတ္ထုများ၊ အရောင်များကို အလိုလို သိမြင်တွဲဖက်နိုင်ခြင်း


(၁၅) ဆန်းပြားရှုပ်ထွေးသော ကိစ္စရပ်များကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း


(၁၆) မသိသော ကိစ္စတစ်ခုကို သိဟန်ဆောင်နိုင်ခြင်း၊ ဟန်ကိုယ့်ဖို့ဆိုသည့်နေရာတွင် ပိုမိုပီပြင်ခြင်း


(၁၇) ကျော်ကြားသောအရာများ၊ ခေတ်စားနေသော အရာများ၊ လူစိတ်ဝင်စားနေသောကိစ္စများ၊ နံမည်ကြီးသော တံဆိပ်များကို အားလုံးထက်ဦးစွာ သိရှိတတ်ခြင်း၊သိရှိအောင် ကြိုးစားတတ်ခြင်း


(၁၈) ဖြတ်ထိုးဉာဏ်ကောင်းခြင်း


(၁၉) အကြောင်းအရာတစ်ခုခုကို နားလည်လွယ်ခြင်း၊ ကိုယ်နားလည်ထားသည်များကိုအလွယ်တကူ ပြန်လည် ဝေမျှပေးတတ်ခြင်း


(၂၀) မိမိကိုယ်မိမိ ဒုက္ခမရောက်အောင် မည်ကဲ့သို့နေထိုင်ရမည်ဆိုတာ သိခြင်း


(၂၁) ဝေဖန်နိုင်စွမ်း မြင့်မားခြင်း


(၂၂) မိတ်ဆွေအဖြစ်၊ သူငယ်ချင်းအဖြစ် လွယ်ကူစွာ ပေါင်းသင်းနိုင်ခြင်း၊သူငယ်ချင်းကောင်း အနေဖြင့် တည်ရှိတတ်ခြင်း


(၂၃) မိမိ၏ ပါတ်ဝန်းကျင်တွင် အခြားသူများထက် သိသာထင်ရှားနေတတ်ခြင်း


(၂၄) အခြားသော ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်တို့၏အချစ်ရေးတွင် အဆင်ပြေအောင် ပြုလုပ်ပေးနိုင်ခြင်း၊ ထိရောက်သောအကြံပေးနိုင်ခြင်း


(၂၅) အနစ်နာခံပြီး ထိရောက်အောင် ကူညီတတ်ခြင်း


(၂၆) ဟိုမိုအချင်းချင်း တအား စည်းလုံးညီညွတ်မှုရှိခြင်း

ရေးရင်း အချက်အလက်များက များပြားလာပါသည်။ သူဘာဆက်ရေးရမှန်းမသိဖြစ်နေချိန်တွင် ရုတ်တရက် သူ့ပါးပြင်သည် နူးညံ့သော အရာတစ်ခုကြောင့် သိမ်မွေ့စွာနွေးထွေးသွားပါသည်။ သူအလန့်တကြားလှည့်ကြည့်လိုက်တော့ သက်ပိုင်……။


သက်ပိုင်က စာထိုင်ရေးနေသော သူ့ကို အနောက်မှ သိုင်းဖက်ကာ သူ့ပါးပြင်ကိုနမ်းရှိုက်လိုက်ခြင်းဖြစ်ပါသည်။ စာရေးနေတာ ကို အာရုံစိုက်နေသဖြင့်သက်ပိုင်ရောက်နေသည်ကို သူမသိလိုက်ပါ။ ဘွဲ့ရပြီးသွားထဲက သက်ပိုင်ကလည်း ဆရာဖြစ်ရန်ကြိုးစားနေသဖြင့် တစ်ယောက်နှင့်တစ်ယောက် တွေ့တစ်ချက် မတွေ့တစ်ချက်နှင့် နောက်ပိုင်း မတွေ့ဖြစ်တာ အတော်ကိုကြာနေခဲ့ပြီဖြစ်လေသည်။ သူတစ် ခုခုပြောမည်ဟု ကြံလိုက်ချိန်တွင် သက်ပိုင်ကဘောပင်ကိုင်ထားသော သူ့လက်ကို အုပ်ကိုင်ကာ စာရွက်ပေါ်တွင် နောက်ထပ်စာ တစ်ကြောင်းရေးလိုက်လေသည်။


(၂၇) သာမာန်သူများထက် ပိုပြီး ချစ်တတ်ခြင်း၊ အချစ်ကြီးခြင်း၊ချစ်သူအပေါ်နားလည်ဖို့ကြိုးစားတတ်ခြင်း၊ ချစ်သူအား သူမတူသောအချစ်များနှင့် နှလုံးသားအတွင်းထဲထိ ဖောက်ထွင်း ချစ်တတ်ခြင်း…..ဟူ၍ဖြစ်သည်။ သူဘာမှ ဆက်မပြောနိုင်သေးခင်မှာပင် သက်ပိုင်က သူ့ပေါင်ပေါ်ကိုအရုပ်တစ်ရုပ် တင်လိုက်လေသည်။ အရုပ် ကိုမြင်တော့ သူတအားပျော်ရွှင်သွားကာတအားလည်း အံ့အားသင့်သွားလေသည်။ မနှစ်က သူ.. သက်ပိုင်နှင့် အတူဈေးဝယ်ထွက်ချိန် တွင် သူအရမ်းသဘောကျကာ လိုချင်ခဲ့သော

လူတစ်ဖက်စာထက်ကြီးသည့် ဖြူကောင် အရုပ်ကြီးဖြစ်ပါသည်။ အညိုရင့်ရောင် အမွှေးကြမ်းလေးများ တစ်ထောင်ထောင်နှင့် ဝတုတ်တုတ် အရုပ်ကြီးကို သူတအားသဘောကျကာလိုချင်ခဲ့သော်လည်း ဈေးတအားကြီးသဖြင့် သူရောသက်ပိုင်ပါမဝယ်နိုင်ခဲ့ကြပါ။ အခုဘယ်လိုနည်းနဲ့ ထိုအရုပ်ကိုသက်ပိုင်ရှာဝယ်လာခဲ့သည်မသိပေ။ သူအတော်ကို ပျော်ရွှင်ကျေနပ်ကာ အံ့အားသင့်နေမိလေသည်။


"ငါ ဒီအရုပ်ကို သိမ်းထားတာ တစ်နှစ်နီးပါးရှိပြီ ဝေလင်း၊မင်းအရမ်းလိုချင်နေမှန်းသိလို့ ငါ ပိုက်ဆံစုပြီး ဝယ်ထားခဲ့တာပါ။

မင်းမွေးနေ့မှာပေးဖို့ ငါဆုံးဖြတ်ထားခဲ့တာလေ။ ဒီနေ့မင်းမွေးနေ့မို့လို့ငါပေးတာ…….."


ဟုတ်သားပဲ။ သူ့မွေးနေ့ကို သူကိုယ်တိုင်ပင် မေ့လျှော့နေခဲ့မိသည်။ တလောကproject တွေတအားကျသဖြင့် အလုပ်တွေပိ ကာ သူအရာရာကို မေ့ထားခဲ့သည်မှာကိုယ့်မွေးနေ့ပါ ကိုယ်မေ့သွားသည့်အထိပင်။ သက်ပိုင်က သူပျော်ရွှင်နေသည်ကိုကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးကာ စကားကိုဆက်ပါသည်။


"ပြီးတော့ ငါလာနှုတ်ဆက်တာ ဝေလင်း….။ ငါဒီတစ်ခေါက် နယ်မှာ တာဝန်ကျတယ်။နယ်သွားရမယ်။ နောက်နှစ်နှစ်လောက် နေမှ ပြန်လာရမယ်ထင်တယ်။ အဲဒါ….. မင်းကိုလာနှုတ်ဆက်တာပါ။ နှုတ်ဆက်ပါတယ် ဝေလင်း။ ငါတို့ ပြန်ဆုံကြတာပေါ့…………"


သက်ပိုင်က ညှိုးနွမ်းသောမျက်နှာဖြင့် သူ့ပခုံးကို ပုတ်ပြီး နှုတ်ဆက်ကာ ထွက်ခွာသွားပါသည်။ သူတစ်ခုခုပြောတာကိုပင် မစောင့်ပဲ လေးလံသောခြေလှမ်းများဖြင့်…………


"မင်းသိလား သက်ပိုင်။ ဟိုတစ်ခါ ကြယ်ကြွေတုန်းက ဆုတောင်းခဲ့တာတွေ မင်းမှတ်မိသေးလား"

သူ့စကားကြောင့် အခန်းပေါက်ဝတွင် တံခါးကို ဖွင့်ပြီးထွက်ခါနီးမှ သက်ပိုင်ရပ်တန့်သွားကာ သူ့ကိုလှည့်ကြည့်ပါသည်။


"ဒီအရုပ်လေးကို ရဖို့ ဆုတောင်းခဲ့တာလို့ ငါထင်ခဲ့တာ ဝေလင်း။ အဲဒီ့တုန်းက မင်းဒီအရုပ်လေးကို အရမ်းလိုချင်နေခဲ့တာ မဟုတ်လား။"


သူဘာမှ ပြန်မဖြေမိပါ။ စိတ်ထဲမှာတစ်ခုခု လစ်ဟာသွားသလို တွေဝေစွာမတ်တတ်ရပ်နေမိသည်။ သက်ပိုင်လည်း သူ့မျက်နှာ ကို အကြာကြီးငေးကြည့်နေပြီးမှအခန်းတံခါးကို ဖွင့်ပြီး ထွက်ခွာသွားပါသည်။

အိမ်ရှေ့မှ တစ်လှမ်းခြင်း ထွက်ခွာသွားသည့် သက်ပိုင်ကို အပေါ်ထပ် သူ့အခန်းပြတင်းပေါက်မှ ငေးကြည့်ရင်း သူ့ရင်ဘတ်ထဲမှ တစ်ခုခုကို အရှိန်ပြင်းစွာဆွဲထုတ်ခံလိုက်ရသလို ဟာတာတာဖြစ်သွားပါသည်။ ပြတင်းပေါက်ဘောင်ကိုလက်ထောက်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းကို ထုတ်၍သူအော်ဟစ်လိုက်မိပါသည်။


"ငါဆုတောင်းခဲ့တာက…….။ ငါဆုတောင်းခဲ့တာက မင်းနဲ့ တစ်သက်လုံးမခွဲရဖို့ပဲ….. သက်ပိုင်………။"


ပြောပြီးတာနဲ့ သူဒူးထောက်ထိုင်ချလိုက်မိပါသည်။သက်ပိုင်ထွက်ခွာသွားသည်လား၊ ထိုနေရာတွင်ပဲ ရပ်တန့်နေလိမ့်မည်လား

သူမမြင်ရတော့ပါ။ ခဏကြာတော့မှ အခန်းတံခါးဖွင့်သံနှင့်အတူသူ့ကျောပြင်တစ်ခုလုံးရော ရင်ဘတ်တစ်ခုလုံးပါနွေးထွေးသွားပါသည်။ သက်ပိုင်ကသူ့ကို အနောက်မှ သိုင်းပြီး တင်းကျပ်စွာ ဖက်ထားခြင်းဖြစ်ပါသည်။


"ငါဆုတောင်းခဲ့တာရော မသိချင်ဘူးလား ဝေလင်း………။"


သူခေါင်းကိုခါလိုက်ပါသည်။ သူသိရန်မလိုတော့ပါ။ ဒူးထောက်ထိုင်ရင်းသူမျက်နှာကို အနောက်ဖက်သို့လှည့်ကာ သက်ပိုင်၏ မွှေးညှင်းနုလေးများရှိသောပါးပြင်လေးကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်မိပါသည်။


"ငါမင်းကို ချစ်တယ်…… သက်ပိုင်…………။"


သက်ပိုင်က သူ့ပါးကိုတစ်ချက်နမ်းကာ နှုတ်ခမ်းဖျားချင်းထိသည့်အနမ်းတစ်ရှိုက်ကို နူးညံ့စွာပေးလိုက်ပါသည်။ ထို့နောက်

သူ့ပခုံးပေါ်မေးတင်ထားကာ တိုးညှင်းငြင်သာလွန်းသော အသံဖြင့်ပြောပါသည်။


"ငါ့ဆုတောင်းကို ဖြည့်ဆည်းပေးတာ ကျေးဇူးတင်ပါတယ် ဝေလင်း။ ငါလည်း မင်းကိုတအားချစ်ပါတယ်"


သက်ပိုင်က သူသုံးနေကျဖြစ်တဲ့ 'တအား'ဆိုသော စာလုံးကိုအသုံးပြုပြီးပြောလိုက်သဖြင့် သူသဘောကျကာ ပြုံးမိပါသည်။ နှစ်ဦးသား

တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြည်နူးစွာ ပြုံးနေမိကြပါသည်။ထိုညကလည်း သက်ပိုင်အိမ်မပြန်ခဲ့ပေ။ သူ့လက်မောင်းပေါ် ခေါင်းတင်ကာ

သူနှင့်အတူ ငယ်စဉ်ကအကြောင်းများကို ပြောရင်း နှစ်ဦးသားရယ်မောနေခဲ့မိကြပါသည်။ မိုးချုပ်မှ သက်ပိုင်အရင် အိပ်ပျော်သွားတော့

သူသက်ပိုင်၏ နဖူးပြင်လေးကို ခပ်ဖွဖွနမ်းကာ goodnight kiss ပေးပြီးအိပ်ယာဝင်ခဲ့သည်။


ထိုညအိပ်မက်ထဲတွင် ဆရာက gay အလံဖြစ်သော သက်တန့်ရောင် အလံကိုခြုံလွှားလာကာ သူ့ဆီကိုလာပြီး အနီရောင် ဖဲကြိုးစလေး ကမ်းပေးပြန်ပါသည်။ဖဲကြိုးလေးကိုကိုင်ပြီး အရင်ကလို သူတွေဝေမနေတော့ပေ။ ဖဲကြိုးနီလေးကို အလယ်မှဝိုင်းလိုက်ပြီး အစနှစ်စကို အပြင်ဘက်ကိုထွက်သည့် ဖဲပြားပုံစံလေးလုပ်လိုက်ပါသည်။


"အနီရောင် ဖဲပြားသင်္ကေတလေးဟာ နိုင်ငံတကာ AIDS ရောဂါ အသိကြွယ်ဝစေဖို့စာနာစိတ်နဲ့ လူတိုင်းဝတ်ဆင်ကြတဲ့ အထိမ်းအမှတ်သင်္ကေတဖြစ်တယ်။အများပြည်သူတွေကို HIV ကို စိုးရိမ်စေဖို့ ပါဝင်ကူညီလာကြဖို့တိုက်တွန်းရာကျစေပါတယ်။ ဆရာဆိုလိုချင်တဲ့ ကျွန်တော်တို့ ဟိုမိုတွေ

ကိုယ်တိုင် ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း နားလည်သွားပါပြီဆရာ…..။ ကျွန်တော်ကြိုးစားပါ့မယ်။ ရင်ဆိုင်ပါ့မယ်ဆရာ……..။"


ဆရာက ဖဲကြိုးလေးကို ကိုင်ကာ သူ့နှလုံးသားရှိရာဆီသို့ တို့ထိနှစ်မြှုပ်လိုက်ပါသည်။ အနီရောင် ဖဲကြိုးစလေးမှာ သူ့ရင်ဘတ် ထဲ..၊

နှလုံးသားထဲ တမဟုတ်ချင်း စိမ့်ဝင်ပျံ့နှံ့သွားလေသည်။ ဆရာက ကျေနပ်သောအပြုံးတစ်ခုဖြင့် သူ့ခေါင်းကို ခပ်ဖွဖွလေး ပုတ်လျှက်

ဝေဝါးပျောက်ကွယ်သွားပြန်ပါတော့သည်။


………………………………………………..


x x x x




ဟိုမိုတွေဘက်တွင် ပညာပေးလုပ်ငန်းများကို သူတတပ်တအားပါဝင်ခဲ့သလို၊တစ်ဖက်မှလည်း အများတကာက ဟိုမိုတွေကို နားလည်လာနိုင်အောင်သူအားကြိုးမာန်တက်ကြိုးစားခဲ့ပါသည်။ သူရေးသားသော သက်တန့်ဒိုင်ယာရီ ဆိုသော ဟိုမိုလူတန်းစား စိတ်ဓာတ်မြင့်တင်ရေးနှင့် HIV, AIDS ပညာပေးစာအုပ်ကိုလည်း ဟိုမိုအသိုင်းအဝိုင်းမှ ဦးဆောင်နေသူ အချို့ကပုံနှိပ်ထုတ်ဝေပေး သည်။ ဟိုမိုတစ်ယောက်ဘဝကို အစပျိုးခဲ့သော သူ့ရဲ့သက်တန့်ရောင်လွှမ်းသော ဘဝနောက်ခံကို ဇာတ်လမ်းဖွဲ့ကာ ပညာပေးအကြောင်းအရာ များ အသေးစိတ်ထည့်သွင်းရေးသားထားသဖြင့် ထိုစာအုပ်ထူထူလေးမှာ ဟိုမိုများအကြားတွင်မကပဲ အများပြည်သူများအကြားတွင် ပါ ထိုစာအုပ်က..ပြောစမတ်ဖြစ်ရလောက်အောင် အရောင်းသွက်ခဲ့ပါသည်။


သက်တန့်ရောင် အဖုံးလေးနှင့် ထိုစာအုပ်လေး၏ အဆုံးစာမျက်နှာများတွင် Talents of a Homo ဆိုသော ဟိုမိုများ၏ ပင်ကိုယ် ပါရမီများကိုတစ်ချက်ခြင်း ဥပမာများနှင့်တကွ အကျယ်တဝင့်ရှင်းပြထားသည့်အပြင်၊ကျောဘက်အဖုံးမှာတော့ Advantages of a Homo ဆိုသော ခေါင်းစဉ်ကိုလည်းထည့်သွင်းထားသည်။ ထိုခေါင်းစဉ်လေး၏ အောက်တွင်တော့ စာပိုဒ်လေးတစ်ပိုဒ်ကိုသာ အရိုးရှင်း ဆုံးရေးသားထားလေသည်။


"ဟိုမိုဖြစ်ရခြင်း၏ အရေးသာမှုအများအပြားရှိသော်လည်း အနှစ်သာရကို ခြုံပြောရရင်ဖြင့် ဟိုမိုတစ်ယောက်မှာ ယောက်ျား တစ်ယောက်၏စွမ်းရည်ရော၊မိန်းမတစ်ဦးကဲ့သို့သော အမြင်ရောပြည့်ဝနေပါသည်။ ထိုစွမ်းရည်ဖြင့်ပင်လူ့လောကကြီးကို ရှုထောင့် အသစ်တစ်မျိုးကနေကြည့်ရှုနိုင်ပါသည်။

ထိုအစွမ်းဖြင့် ဆန်းသစ်မှုများကို တီထွင်လာနိုင်ကြပါသည်။ မည်သို့သော အကျိုးကျေးဇူးရှိ သည်ဖြစ်စေ ထိုအကျိုးကျေးဇူးကို သင့်တော်ရာတွင် အသုံးချတတ်ကာ မိမိတို့တွင်ရှိသော ပင်ကိုယ်အရည်အချင်းပါရမီတို့ကို အသုံးချတတ်ဖို့ အဓိကကျသည်ဟု ကျွနု်ပ်ယူဆပါသည်။


ဒီစာအုပ်လေးထွက်လာသည်ကပင် ဟိုမိုများတွင်ရှိသော တစ်ဦးနှင့်တစ်ဦးစည်းလုံးညီညွတ်ခြင်းအားကို သက်သေပြလိုက်ခြင်း ဖြစ်ပါသည်….။" ဟူ၍ဖြစ်သည်။ အခုဆိုလျှင် သူသည် ကြယ်စုံသော ညတစ်ညအတွက် ကြယ်လေးတစ်ပွင့်ဖြစ်နေခဲ့ပါသည်။ မှိန်ပြီးပျောက်ကွယ် သွားပါစေဦးတော့၊ သူသည် ညကို အားပြုခဲ့သည်ကိုတော့ မည်သူမျှ မငြင်းနိုင်ပါ။


"ဝေလင်း…….."


ရုတ်တရက်အနောက်မှခေါ်သံကြောင့် သူအတွေးစတို့ရပ်တန့်သွားသည်။

အတွေးစတို့ရပ်တန့်သွားသော်လည်း ရင်ခုန်သံများက ပိုမို ပြန်ဆန်လာသလိုပင်။

အိမ်ခန်းထဲက ဝရန်တာပြတင်းပေါက်မှ ငေးမောရင်းအတွေးတို့လွင့်ပျံနေခဲ့သဖြင့် ထုံးစံအတိုင်း သူ ပါတ်ဝန်းကျင်ကိုမေ့လျှော့စွာ သတိမထားမိခဲ့တာလေ..။ ဒါပေမယ့် သူ့အနောက်မှာ

ဘယ်သူရောက်နေလည်းဆိုတာ လှည့်ကြည့်စရာ မလိုပဲ နှလုံးသားဖြင့် သူမြင်နိုင်နေပါသည်။

နှစ်နှစ် ပြည့်ခဲ့ပြီဖြစ်သည်……..။


သူအပြင်ကို ကြည့်နေရာမှ ရင်ခုန်စွာ အနောက်ဘက်သို့ တဖြည်းဖြည်းလှည့်ကြည့်လိုက်မိပါသည်…….။ သူ၏ သက်တန့် ဒိုင်ယာရီလေးကိုလင်းလက်တောက်ပအောင် မွမ်းမံပေးခဲ့သူ………..၊ သူ့ဘဝကိုယုံကြည်မှုရှိစေခဲ့သူ……၊ သူ့အားနွေးထွေးစေ ခဲ့သူ………..၊ သူ့လက်ထဲ တန်ဖိုးရှိသော စကားလက်ဆောင်များ ကမ်းပေးခဲ့သူ၊ သူ့ရင်ထဲက တစ်ပွင့်ထဲသော ကြယ်မှုန်လေး တစ်မှုန်……………..ဖြစ်သူ၊


သူ့…………. ချစ်…………..သူ။


…………………………………………………..


x x x x


သက်ပိုင် စာသင်ခန်းထဲဝင်သွားတာကို အခန်းပေါက်ဝမှ သူရပ်ကြည့်နေမိသည်။

ကျောင်းသားတွေအကြား ယုံကြည်မှုရှိစွာ ဝင်ရောက်သွားသော သက်ပိုင်ကိုကြည့်ရင်း သူကြည်နူးစွာ ပြုံးမိလေသည်။ ကျောင်းသားများကလည်း သက်ပိုင်ကို အတော်လေးပင် လေးစားချစ်ပုံပေါ်ပါသည်။ သက်ပိုင်ဝင်သွားသည်နှင့် တစ်ယောက်ပြီး တစ်ယောက် စကားတွေလာပြောကြသည်၊ မေးမြန်ကြသည်၊မုန့်တွေလာကျွေးကြသည်၊ စာလာမေးကြပါသည်။ သက်ပိုင်ကိုကြည့်ပြီး သူဆရာ့ကိုပင် သတိရမိသွားပါသည်။


သက်ပိုင်လက်ထဲတွင် ကိုင်ထားသော စာရွက်တစ်ထပ်ကိုကြည့်ရင်းသူ့ဆုံးဖြတ်ချက်နှင့် ပြင်ဆင်ချက်ကို ဆရာနားလည်ပါလိမ့် မည်ဟု

သူထင်မိပါသည်။ ဆရာက Advantages of a Homo ဆိုသော Essayကိုရေးခိုင်းဖို့ကြိုးစားခဲ့သည်။ သူက Definition of a Red Ribbon ဆိုသောခေါင်းစဉ်ဖြင့် HIV/AIDS တားဆီးကာကွယ်ရေး Essay ပြိုင်ပွဲကျင်းပရန် သက်ပိုင်အား အကြံပေးခဲ့ပါသည်။ ပြိုင်ပွဲ အတွက် ကျောင်းသားကျောင်းသူများHIV/AIDS တားဆီးနှိမ်နင်းရေးအတွက် လေ့လာရင်း ဗဟုသုတများပြည့်စုံသွားလိမ့်မည်ဟု သူ ခိုင်မာစွာ ယုံကြည်သည်။ ငယ်စဉ်ထဲက သူတို့ရင်ထဲတွင် ထိုဗဟုသုတများရှိနေခြင်းသည် HIV/AIDS ကိုကြိုတင်ကာကွယ်ခြင်းနည်းလမ်း ထဲမှ ထိရောက်သောနည်းလမ်းတစ်ရပ်ပင်ဖြစ်ပါသည်။ ဆရာ၏ ဖြစ်စေချင်သော လမ်းကြောင်းအနည်းငယ်မှားယွင်းသွားမှုကို သူ ပြင်ဆင်ခဲ့ပါသည်။ ဆရာကိုယ်တိုင်လည်းပြင်ဆင်ချင်ခဲ့သည်ဟုထင်ပါသည်။ သူနှစ်ခြိုက်စွာ ပြုံးနေလိုက်ပါသည်။


ဆရာ ဘယ်ဆီရောက်နေမှန်းသူမသိရသော်လည်း ဒီတစ်ခေါက် အိပ်မက်ထဲကို ဆရာရောက်လာခဲ့လျှင်တော့ သူ့ကို ဖဲကြိုးအနီ လေးကမ်းပေးတော့မည်မဟုတ်ဘဲ သူ့အားချီးကျူးသော အပြုံးဖြင့် ခေါင်းကို ခပ်ဖွဖွပုတ်လိမ့်မည်ဟုထင်ပါသည်။ ဒါမှမဟုတ် နောက်ထပ် ဖြစ်စေချင်တာများကိုပြောပြလိမ့်မည်ထင်ပါသည်။


ထိုအရာများသည်လည်း သူ၏ နောက်ထပ်သော သက်တန့် ဒိုင်ယာရီများ ဖြစ်လာပါလိမ့်မည်။

……………..

အပြင်မှာတော့ မိုးတစ်ဖွဲဖွဲရွာနေသည်။ မိုးရွာပြီးလျှင် သက်တန့်တစ်စင်းကိုမြင်ရပါလိမ့်မည်။ အားလုံးကို လှပသော အသွင်ဖြင့် လွှမ်းခြုံထားမည်ဖြစ်သောသက်တန့် တစ်စင်းပင်…… ဖြစ်ပါတော့သည်……….။ ။


ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါသည်

မှိုင်းညို့မိုးစက် (cappuccino)

Tuesday, December 21, 2010


မှတ်ချက် ။ ။ ပေါင်ပေါင် ကမကထပြုတဲ့ ဟိုမိုအကျိုးပြု ဝတ္ထုတိုပြိုင်ပွဲမှ စာမူတစ်ခုဖြစ်ပါသည်။ သူ့ထဲတွေပါဝင်သော စကားလုံးဖွင့်

ဆိုချက်အချို့ကို သဘောကျသောကြောင့် ကျွန်တော့် ဘလော့ခ်တွင်ပြန်လည်တင်ပြလိုက်ခြင်းဖြစ်ပါသည်။


No comments: