Thursday, June 9, 2022

သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း

 သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း 




ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ်ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။


၁။ ဆီးကျိတ်ရောင်ခြင်း

ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ ဆီးလမ်းကြောင်း ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။


ဆီးကျိတ်ရောင်နိုင်ခြေ များစေတဲ့အကြောင်းအရာတွေကတော့


– ဆီးချို


– စအိုမှလိင်ဆက်ဆံခြင်း


– ဆီးပိုက်တပ်ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်။


၂။ ခွဲစိတ်ခြင်း

တချို့သော ခွဲစိတ်ခြင်းတွေဟာ သုက်ထွက်စဉ် နာကျင်ခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးများပါတယ်။ ဥပမာဆိုရရင် ဆီးကျိတ်နဲ့ပတ်ဝန်းကျင် တစ်ရှူးတွေကို ဖြတ်တောက်ခွဲစိတ်ရတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ များသောအားဖြင့် ဆီးကျိတ်ကင်ဆာကုသရာမှာ သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပန်းညှိုးခြင်း၊ လိင်တံနာကျင်ခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ အူကျခြင်းကို ခွဲစိတ်ကုသရင်လည်း သုက်လွှတ်စဉ် နာကျင်ခြင်း ဖြစ်တတ်ပါတယ်။


၃။ အရည်အိတ် (သို့) ကျောက်တည်ခြင်း

သုက်လွှတ်တဲ့ပြွန်တလျှောက်မှာ အရည်အိတ် ဒါမှမဟုတ် ကျောက်တည်နေရင် သုက်ထွက်ရာလမ်းကြောင်းကို ပိတ်ဆို့ရာရောက်ပါတယ်။ ဒါကြောင့် မြုံခြင်း၊ သုက်လွှတ်စဉ် နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။


၄။ စိတ်ကျကုသဆေးများ

စိတ်ကျရောဂါအတွက်ပေးတဲ့ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်ကိစ္စမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်ချိန်မှာ နာကျင်ခြင်းလည်း ပါဝင်ပါတယ်။ ဘေးထွက်ဆိုးကျိုး အများဆုံးဖြစ်စေတတ်တဲ့ ဆေးတွေကတော့


• SSRI ဆေးများ


• SNRI ဆေးများ


• Tricyclics ဆေးများ


• MAOI အုပ်စုဝင်ဆေးများ စတာတွေ ဖြစ်ပါတယ်။


၅။ အာရုံကြောနာကျင်ခြင်း

ဆီးခုံအောက်ပိုင်း စအိုဝန်းကျင်မှာရှိတဲ့ အာရုံကြောတွေ နာကျင်တဲ့ပြဿနာ ဖြစ်ပါတယ်။ လိင်အင်္ဂါရော စအိုနေရာပါ နာကျင်နေတတ်ပါတယ်။ ထိခိုက်မိခြင်း၊ ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။


၆။ ဆီးကျိတ်ကင်ဆာ

များသောအားဖြင့် ဆီးကျိတ်ကင်ဆာဟာ လက္ခဏာ မပြတတ်ပေမယ့် သုက်ထွက်ချိန်မှာတော့ နာကျင်စေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ဆီးသွားရခက်ခြင်း၊ ပန်းညှိုးခြင်း၊ ဆီးနဲ့ သုက်ရည်ထဲ သွေးပါခြင်း စတာတွေ ဖြစ်တတ်ပါတယ်။


၇။ ဓာတ်ရောင်ခြည်ကုထုံး

ဆီးခုံဝန်းကျင်ကို ဓာတ်ရောင်ခြည်ပေးကုသခြင်းဟာ ပန်းညှိုးခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးများဟာ ယာယီပဲ ဖြစ်ပါတယ်။


ဆရာဝန်ပြသဖို့ လိုသလား

အကယ်၍ ဒီ ပြဿနာဟာ ယာယီမဟုတ်ဘဲ ကြာနေမယ် ဆိုရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေပါလိမ့်မယ်။ လိုအပ်ရင် ဆီးလမ်းကြောင်း အထူးကုနဲ့ ပြသရနိုင် ပါတယ်။


No comments: