Wednesday, January 25, 2023

'အဝါရောင် ဇွန်း '

 


(လိင်မှုကိစ္စ ပွင့်လင်းသော အရေးအသားများ ပါရှိသည်၊ ၁၈ နှစ်အောက်များ ဖတ်ရှုရန် မသင့်ပါ) 


" ဘာနဲ့ လာတာလဲ " ဧ က မေးရင်း သူဝတ်ထားတဲ့ အဝါရောင် ဂါဝန်လေးကို ချွတ်ချလိုက်သည်။ အတွင်းခံမဝတ်ထားသောကြောင့် အကြမ်းပန်းကန်လုံးသာသာ ရင်သားများက ချက်ချင်း ထွက်ပေါ်လာသည်။ ချပ်ရပ်နေသော ဆီးခုံကို သူက တချက်သာ ငေးကြည့်ပြီး မွေ့ယာပါးလေးပေါ်ခင်းထားသော ပုဝါပေါ် လှဲချကာ ပုဆိုးကို ကန်ချွတ်လိုက်ပြီး မျက်နှာကြက်ကို ငေးနေသည်။


" ဘတ်စ်ကားနဲ့ပဲ " သူ့အသံက အရင်ခေါက်တွေကလိုပင် ပြတ်တောင်းတောင်း။ သူက ကြယ်သီးများကို ခပ်ဖြည်းဖြည်းချွတ်ရင်း လည်ပင်းနားတဝိုက်ကို သူ့လက်တဖက်ဖြင့် ယပ်ခတ်နေသည်။ အခန်းထဲတွင် စပီကာမှ လာနေသော စမ်းရေသံနှင့် ငှက်မြည်သံ ခပ်တိုးတိုးက ပျံ့နေသည်။ 


" နှိပ်ပေးရဦးမလား " ဧ ရဲ့ အမေးကို ခေါင်းခါပြပြီး ရှပ်အကျီကို ချွတ်လိုက်ကာ ဘေးမှာ ပုံရင်း ပေါင်ကို ကားလိုက်သည်။


ဧ လည်း အလိုက်တသိပင် ကျွမ်းကျင် အသားကျနေသော ခန္ဓာကိုယ်ဖြင့် ဝန်ဆောင်မှုပေးရင်း စမ်းရေစီးသံနှင့် ငှက်မြည်သံတွေကြားမှာ တချက်ချက် ထွက်ပေါ်လာသော သူ့ အသက်ရှုသံ ပြင်းပြင်းကို နားထောင်ရင်း ရင်ထဲ ပျော်သလိုလို ဝမ်းနည်းသလိုလို ဖြစ်လာသည်။


သူက ဧ ကို လှဲချပြီး အပေါ်တက်ခွလိုက်ကာ အနေအထားပြောင်းပြီး ဆက်ဆံသည်။ မျက်လုံးတွေ မှေးဆင်းထားသည့် ကြားမှ မရဲတရဲ ဖွင့်ကြည့်မိတော့ မျှော်လင့်ထားသည့်အတိုင်း ထိုအကြည့်တွေနဲ့ ရင်ဆိုင်ရပြန်သည်။


အကြည့်တွေက အသက်မပါသလို တချိန်ထဲမှာ စူးရှနေသည်။ အညိုရောင် မျက်လုံးများက ဧ ကို ကြည့်နေသလို တချိန်ထဲမှာ ဧ ကို မမြင်၊ သူမြင်နေတာ ဘာလဲ ဧ မသိပါ။ ဒါမှမဟုတ် သူမြင်ချင်နေတာ ဘာလဲ ဧ မသိပါ။ ဧ သူနဲ့အတူ ပထမဆုံး စဆုံတုန်းက ဒီလို အကြည့်တွေကြောင့် ဧ စိတ်ရှုပ်ထွေးခဲ့ဖူးတာ သတိရမိသည်။


ထိုနေ့က ညနေစောင်း၊ မိုးတွေက အရမ်းရွာသည်။ သူဝင်လာတော့ လက်ခေါက်ထားသော ရှပ်အကျီအဖြူ လက်ရှည်နှင့် ပုဆိုးနှင့်ပင် ဖြစ်သည်။ မိုးစက်တွေက သူ့ဆံပင်ဖြောင့်စင်းစင်းတွေပေါ် တွဲလဲခိုရင်း ဆိုင်ထဲထိ ပါလာသည်။

ဘွတ်ကင်တင်ထားသလား၊ ဘယ်သူနဲ့ နှိပ်ချင်သလဲဆိုသည့်  ကာစတန်မာ အသစ်တယောက်အား ဆက်ဆံနေကြ စကားများ ကြားရသည်။ သူဘာဖြေခဲ့လည်း ဧ မသိပါ။ ဧ ကို မမ လာခေါ်သဖြင့် သူ့ကို သွားကြိုကာ အခန်းထဲသို့ ခေါ်သွားခဲ့သည်။


အခန်းထဲ ရောက်တော့ သူက အခန်းကျဉ်းလေးကို တချက်ဝေ့ကြည့်တာ ဖုန်းနှင့် ပိုက်ဆံအိတ်ကို အနားရှိ စားပွဲခုံပုလေးပေါ် တင်ပြီး ရှပ်အကျီအဖြူကို ချွတ်ကာ စွပ်ကျယ် ပုဆိုးနှင့် အိပ်ယာပေါ် လှဲချလိုက်သည်။


အကို ခေါင်းတွေ စိုနေပါလား၊ ဧ သုတ်ပေးမယ်လေ ဟုပြောတော့ ပြန်ထသည်။ ခေါင်းရင်းတွင် ဧ က ဝင်ထိုင်ရင်း သူ့အား ရင်ထဲထည့်ကာ မျက်နှာသုတ်ပဝါ အသေးလေးဖြင့် သုတ်ပေးသည်။ သူက ခပ်လျှောလျှော ထိုင်ချရင်း ဧ ရဲ့ ရင်သားတွေအပေါ် မှီထားသော်လည်း သူ့လက်ကတော့ ငြိမ်နေခဲ့သည်။ ဧ ရဲ့ ရင်သားတွေက မကြီးလွန်း မသေးလွန်းသော်လည်း ပျော့အိမနေပဲ တင်းရင်းသည်။ ဒါကပင် ဧ တကိုယ်လုံးမှာ အကောင်းဆုံး အစိတ်အပိုင်း ဖြစ်နိုင်သည်။


" မိုးအတော်သည်းတယ်နော် အကို၊ ဘာနဲ့ လာတာလဲ " ဧ က မေးတော့ ဘတ်စ်ကားနဲ့ဟုသာ တိုတို တုတ်တုတ်ပြန်ဖြေသည်။ 

ဧ တို့လို အလယ်အလတ် မာဆတ်သို့ ဘတ်စ်ကားစီးလာတာ မဆန်းသော်လည်း ဘတ်စ်ကားနှင့်ဟု ဝန်ခံတတ်သူ ရှားလေသည်။

​" ဧယီရယ် ပါ၊ အတို ဧ လို့ခေါ်ပေါ့ " ဟု ပြောလိုက်တော့ ခေါင်းငြိမ့်ပြသည်။ 

" ရေသူမလေး နာမည်ပေါ့ " ဘာကြောင့်မှန်းမသိ သူ့ဘက်က စကားစပြောလာသဖြင့် ဧ ပျော်သွားမိသည်။


" ဟုတ်တယ်၊ ဧ အကြိုက်ဆုံး ဒစ်စနေး မင်းသမီးလေးလေ၊ ချစ်တဲ့သူအတွက်နဲ့ သမုဒ္ဓယာထဲကနေ ကုန်းပေါ်တက်လာတဲ့ သတ္တိရှိတဲ့ မင်းသမီးလေးမို့ ဧ က သူ့နာမည်ယူထားတာ " တမင်ချစ်စရာကောင်းအောင် လုပ်ယူထားသော အသံ၊ အမူအရာနှင့် ပြောသော်လည်း သူ့ဘက်က ခေါင်းငြိမ့်ပြရုံမှ လွဲ၍ ဘာမှဆက်မပြောခဲ့၊ နာမည် အရင်းက ဘာလဲဟုလည်း မမေးခဲ့။


ဧ က မျက်နှာသုတ်ပဝါ အသေးလေးဖြင့် သူ့ခြေထောက်တွေကို သုတ်ပေးပြီး စနှိပ်ပေးရန်ပြင်သော်လည်း သူက လက်ခါ ပြပြီး 

" ထိုင်လိုက် " ဟု ခပ်တိုးတိုးပြောသည်။


" ရှင် " ဧ က ရုတ်တရက် နားမရှင်းသဖြင့် ပြန်မေးတော့ ထိုင်လိုက် ဟု ခပ်တိုးတိုး ထပ်ပြောရင်း သူ့ပုဆိုးကို ဖယ်ချလိုက်ကာ ကန်ထုတ်လိုက်ပြိီး စွပ်ကျယ်ကို အပေါ်ကို သပ်တင်လိုက်သည်။


ရုတ်တရက်မို့ ကြောင်နေပြီးမှ ကွန်ဒုံးတခုကို ဖောက်ပြီး စွပ်ချလိုက်ရင်း ခပ်ဖြေးဖြေး ထိုင်ချရင်း စိတ်ထဲ ရှုပ်ထွေးလာသည်။


" အား အကို၊ အမလေး ဖြည်းဖြည်းနော် " လေ့ကျင့်ထားသလ်ို ဖြစ်နေသလား ဧ ကိုယ်တိုင်လည်း မသိသည့် ဖန်တရာတေနေသော  ဒိုင်ယာလော့တခုကို ရွတ်လိုက်တော့ သူ့မျက်နှာတွင် တခြားယောကျာ်းတွေလို ဂုဏ်ယူသည့်၊ ကျေနပ်အားကျသည့် အရိပ်အယောင်မျိုး ပေါ်မလာပဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်ကို မျက်လုံးတွေ မှေးဆင်းမသွားခင် မြင်လိုက်ရသည်။


မိန်းမအင်္ဂါကို တချို့စာများထဲတွင် ပန်းကလေးလို့ တင်စားကြသည်။ ဧ ရဲ့ ပန်းကလေးကရော လှပသော ပန်းကလေးဖြစ်နေသေးလားဆိုတာ ဧ မသေချာပါ၊ အလုပ်သက်တမ်း ရှစ်နှစ်အတွင်း ဧ ရဲ့ ပန်းကလေးကို အရောင်စုံ အရွယ်စုံ ပျားပိတုန်းများ နားခို စားသုံးပြီးပြီ။ တခါတလေတော့ ဘာကြောင့်မှန်းမသိ ရေချိုးရင်း ဧ ရဲ့ ပန်းကလေးကို မှန်ရှေ့၌ သေချာကြည့်မိသည်။ တကယ်သာပန်းကလေးဆို ဘာပန်းလေးများ ဖြစ်မလဲဟု တွေးမ်ိသည်။ အနီးစပ်ဆုံးတူတာတော့ ဘာပန်းနဲ့မှ မတူပဲ မာလာရှမ်းကောထဲမှ ကြွက်နားရွက်မှိုနှင့်သာ တူသည်ဟု တခါတွေးမိသေးသည်။


လုပ်သက်တလျှောက်လုံး ထူးဆန်းသော ပုံမှန်မဟုတ်သော ပျားပိတုန်းများကို မြင်ဖူးသည်၊ လျှာအားကိုးသူ၊ ပန်းကလေးကို ဒီတိုင်းထိုင်ကြည့်ချင်သူ၊ အဖြစ်မရှိသူ၊ သေးလွန်းသူ၊ ကြီးလွန်းသူ၊ဆေးအားကိုးဖြင့် ပုံပျက်နေသူ၊ ငြင်းဆန်ခွင့်မရှိသည့် ပန်းကလေးကတော့ လာသမျှ ပျားပိတုန်းများကို လက်ခံခဲ့သည်သာချည်း။


ခုတခေါက်လို စိတ်ရှုပ်ထွေးရခြင်းကတော့ ပထမဆုံးဖြစ်သည်။ ယောကျာ်းသားများသည် လိင်ဆက်ဆံရမှာခြင်းတူတူ ဖာခန်းမသွားပဲ မာဆတ်သွားသည်မှာ ကွာခြားမှု ရှိသည်။ မာဆတ်သို့ လာသော ယောကျာ်းများက ဖိုစွမ်းအားကို အပြည့်အဝ အသုံးချလိုသည်။ မိန်းကလေးတယောက်သည် သူ့အား ခြေဆုပ်လက်နယ်ပြုပေးနေရသည်ဆိုသော ခံစားချက်ကို သူလိုချင်သည်။ တချိန်ထဲမှာပဲ ထိုခစားနေရသော မိန်းကလေးကို သူလိုချင်ပါက အသုံးချနိုင်သည်ဆိုသော ခံစားချက်ကလည်း သူ့ကို ပိုပြီး ယောကျာ်းပိီသသည်  စွမ်းအားကြီးသည်ဟု ခံစားစေရကြောင်း ဧ တို့လောကက စီနီယာ မမတယောက်က လက်ချာရိုက်ဖူးသည်။


ခု သူကတော့ ဧ နှိပ်တာပင် မခံပဲ ဧ ကို အပျက်တယောက်လို ဆက်ဆံသည့်အတွက် စိတ်ထဲ မကျေနပ်သလို နားမလည်သလို ဖြစ်နေသည်။ သူ ကျေနပ်အောင် အလိုက်သင့် ငြီးတွားရင်း မျက်လုံးကို မှေးဆင်းထားရာမှ သူ့ကို တဖန်မြင်ချင်စိတ်ပေါ်လာတော့ မျက်လုံးကို အသာလေး ဖွင့်ကြည့်မိသည်။

သူက အသားညိုညို၊ မျက်ခုံးကောင်းကောင်း၊ နှုတ်ခမ်းပါးပါး၊ နှာခေါင်းခပ်ပြားပြား ဖြစ်သည်။ မပိန်မဝဆိုပေမဲ့ ဗိုက်ကတော့ ခပ်ပူပူ ဖြစ်သည်။ မုတ်ဆိတ်မွှေး ငုတ်စိနှင့် ချက်အပေါ် နှစ်လက်မလောက်ထိ အမွှေးရေးရေး ရှိသည်မှ လွဲ၍ အမွှေးအမျှင်သိပ်မရှိ။

သူက မျက်လုံးများကို မှိတ်ထားရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ ဧ ရဲ့ ရင်းသားတွေ ဆုပ်နယ်လာသည်မို့ အပေါ်မှ အုပ်ကိုင်တာ ဖျစ်ညှစ်ထားပေးရင်း ဧ ကိုယ်တိုင်ပါ သာယာသလို ဖြစ်လာသည်။  ဧ လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်မ်ို့ တခါတရံ ဝန်ဆောင်မှုပေးနေရင်း ကိုယ်တိုင် စိတ်ရောကိုယ်ပါ သာယာမိသည့် အခါတွေရှိသော်လည်း ရှားပါးသည်။ ခုတခါတော့ အတော်ပင် ကွာခြားလေသည်။


" ထ လှဲလိုက် " အမိန့်ပေးသံလည်း မဟုတ် တောင်းဆိုသံလည်း မဟုတ်သော အသံနွေးနွေးဖြင့် ဧကို တွန်းမရင်း အိပ်ယာပေါ်လှဲချရင်း အပေါ်က ခွလိုက်ကာ  အနေအထားပြောင်းလိုက်သည်။ သူ့ရင်အုပ်နှင့် မျက်နှာက ဧ အပေါ်မိုးနေသည်​​။ ထို အခါမှ သူ့မျက်လုံးတွေက အညိုရောင် ဖြစ်မှန်း သတ်ိထားမိသည်။ သူက မျက်လုံးကို မပိတ်ပဲ ဧ ကို စိုက်ကြည့်နေကာ အားနဲ့မာန်နဲ့ လှုပ်ရှားနေသည်။ စစချင်းတုန်းက စိုက်ကြည့်ခံနေရသဖြင့် ရှက်သလိုလို အနေခက်သလိုလို ဖြစ်နေသော်လည်း တဖြည်းဖြည်း အရဲစွန့်ကာ ပြန်ကြည့်မိသည်။


သူ့မျက်လုံးတွေက ညိုဖျော့ပြီး စူးရှသည်။ သို့သော် အသက်မပါ၊ ဧကို ကြည့်နေပြီး ဧကို မမြင်သလို ဖြစ်နေသည်။ ဘာကြောင့်မှန်းမသိ ခုနက သာယာမှူများ အားလုံး ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပြီး ရင်ထဲ ဝမ်းနည်းလာသလို တစ်ဆို့လာသည်။ သူသည်း ဧ နဲ့ ဆက်ဆံနေသော်လည်း ဧ နဲ့ ရှိမနေပါ၊ သူသည် တခြားတယောက်နဲ့ ဆက်ဆံနေသည်ဟု ခံစားရသည်။ သူ့ခန္ဓာကိုယ်သည် ဧ ရဲ့ ပန်းကလေးထဲ ဝင်ထွက်နေသော်လည်း စိတ်ဝိညာဉ်သည် တခြားတယောက်ဆီ ရှိနေသည်ဟု ​ ဧ ထင်သည်။


နာရီဝက်ကျော်ကြာတော့ သူက တဆတ်ဆတ်တုန်သွားကာ ဧ ပေါ်မှောက်ချလိုက်ပြီးမှ ပြန်ထကာ ဘေးမှာ လှဲနေလိုက်သည်။ ခပ်ပြင်းပြင်း အသက်ရှုရင်း ကွန်ဒုံးကို ဆွဲချွတ်လိုက်သည်ကို တွေ့ရသည်။ ဧ ရဲ့သာယာမှုအကြောင်း တခွန်းမှ မမေး၊ သူ့အတွက် ဧ သည် သက်ရှိတယောက်ပင် ဟုတ်ဟန်မတူ၊ ဧ က ကိုယ်ကို တစောင်းလှည့်လိုက်ပြီး သူ့ရင်ဘတ်ပေါ် လက်တင်ကာ သူ့နို့သီးခေါင်းလေးများကို ကစားရန် တို့လိုက်တော့ သူက ချောင်းဟန့်ပြီး တဖက်သို့ နည်းနည်းရွေ့သွားတော့ ဧ ပို၍ပင် ဝမ်းနည်းလာသည်။ မျက်ရည်တွေပင် ဝဲလာသလ်ို။


သူ့ဆီက ခပ်တိုးတိုး ရယ်သံထွက်လာသည်။ ပျော်၍ ရယ်သံလည်း မဟုတ်  ကျေနပ်သည့် ရယ်သံလည်း မဟုတ်။ 

" ဘာရယ်တာလဲ ကို " 

" လူ့စိတ်က ထူးဆန်းတာ ပြောပါတယ် "


" ဘယ်လိုထူးဆန်းတာလဲ " 

" ဒီလိုလေ လိုချင်နေတုန်းကတော့ အရမ်းအရသာရှိတဲ့ အစားအသောက်လိုပဲ၊ မြင်တာနဲ့ စားချင်တယ်၊ စားလို့လည်း အရမ်းကောင်းတယ်၊ ဒါပေမဲ့ ကိစ္စပြီးလို့ ဗိုက်ဝသွားတဲ့အခါကျတော့ စားကြွင်းစားကျန်တွေလိုပဲ။ ခုနက ကောင်းလိုက်တာဆိုပြီး စားနေခဲ့တာကြီးက ခုကျတော့လည်း ဟင်းအနှစ်တွေပေ၊ ထမင်းစေ့တွေ လူးနဲ့ ရွံစရာပြီး ဖြစ်သွားရော "


ဧ ဘဝတွင် ကိုယ်၊ နှုတ်၊ စိတ် သုံးမျိုးလုံးနှင့် စော်ကားမှု မျိုးစုံခံဖူးပါသည်။ ဒီတခါတော့ ကွာခြားသည်။ ခုနထဲက ဝမ်းနည်းသမျှသည် ကျိုးပေါက်သွားသော ရေကာတာတခုလို ပေါက်ကွဲကာ မျက်ရည်များ စီးကျလာသည်။ သူပြီးသွားတော့ ငါက ဟင်းအနှစ်တွေပေ ထမင်းစေ့တွေလူးနေတဲ့ ရွံစရာ ဟင်းတခွက် ဖြစ်နေပြီပေါ့ ဆိုကာ အော်အော်သာ ငိုပစ်ချင်စိတ် ပေါက်လာသည်။ 


ထိုနေ့က သူပြန်သွားတော့ ရေချိုးရင်း မှန်ရှေ့တွင် ဧ ရဲ့ ပန်းကလေးကို သေချာစိုက်ကြည့်နေခဲ့ မိသည်။ တမင်စော်ကားတာလား အပြောမတတ်တာလား မသိပေမဲ့ သူ့ကိုတော့ နောက်ရက်တွေမှာလည်း သတိရနေခဲ့မိသည်။ နောက်တပတ်နေတော့ သူရောက်လာပြန်သည်။ ဘာနဲ့လာတာလဲမေးတော့ ဘတ်စ်ကားနဲ့ဟု ဖြေသည်။ အဲ့တခေါက်တွင်လည်း မနှိပ်ခိုင်း တန်းထိုင်ခိုင်းသည်​။ ခဏနေတော့ ပထမတခေါက်က အတိုင်း သူ့ရဲ့ မျက်လုံးအညိုတွေနဲ့ ရင်ဆိုင်ရပြန်သည်။ အဲ့တခေါက်မှာတော့ ပြီးသွားချိန် ထမင်းကျန်များအကြောင်းလည်း မပြောတော့ပဲ ဧ ရဲ့ ရင်သားကို ပွတ်သပ်ရင်း စကားစမြည် ပြောခဲ့ကြသည်။


" ဒါနဲ့ဆို နှစ်ခေါက်ရှိပြီနော် ဧ တို့ ဆုံတာ "

" ဒီတခေါက်တော့ ဧယီရယ်လို့ကို မေးပြီး လာတာ " 

" ဪ " ဘာကြောင့်မှန်းမသိ ဧ  ရင်ခုန်သလိုလို ပျော်သလိုလို ဖြစ်သွားသည်။ ဧ ရင်ခုန်ခဲ့ဖူးပါသည်။ တချိန်က ရင်ခုန်သံတွေ ငြိမ်သက်သွားပြီးတော့ ထပ်မခုန်တော့တာ ကြာပြီ ဖြစ်သည်။ 


" အေး " သူက ဧ ရဲ့ ဗိုက်သားပေါ်တွင် သူ့လက်ညိုးဖြင့် သဝေထိုး အ ဝစ္စ နှလုံးပေါင်းဟု ရေးလိုက်သည်။


" မဟုတ်ဘူး အဲ့လို အေးတာ မဟုတ်ဘူး၊ အက္ခရာ​ ဧ "


ဧ က သူ့နို့သီးခေါင်းလေးကို ကွင်းပြီး အက္ခရာ ဧ ကို လက်ညိုးလေးနှင့် ပေါင်းပြတော့ သူက ယားသည့်ထင် ခွိ ခနဲ ထရယ်သည်။ သူရယ်လိုက်တော့ မျက်လုံးဘေးတွေ အစင်းကြောင်းလေး ပေါ်လာပြီး ပါးချိုင့်လေး တဖက်ပါပေါ်လာသည်။ သူသည် မချောသော်လည်း ဆွဲဆောင်မှုရှိသည့် ယောကျာ်း တယောက်ဖြစ်သည်။ 


" ကို့ နာမည် ဘယ်လိုခေါ်လဲ "

" ညီညီ " 


" နာမည်အရင်းလား "

" နာမည်အရင်းလို့ ဧ မယုံရင် နာမည်အရင်းပါလို့ ပြောလည်း ဧ ယုံမှာ မဟုတ်ဘူး၊ အဲ့တော့ ဘာများ ထူးခြားမှာ မို့လဲ "


သူစိတ်ဆိုးသွားတာလား ဧ မသိပါ၊ စကားလမ်းကြောင်းပြောင်းသည့် အနေဖြင့် သူ့ကို ဖုန်းနံပါတ်ပေးလိုက်သည်​။


" ကို နောက်ခါ ဖုန်းကြိုဆက်ထားလေ "

" ဆက်ထားရင် အဝါရောင် ဂါဝန်လေး ဝတ်ထားမလား၊ ဧ က အဝါရောင်နဲ့ လိုက်တယ် "

 ပျော်တာလား ဝမ်းနည်းတာလား မသိသော ခံစားချက်တချို့ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ တကယ် အဝါရောင်နဲ့ လှတယ်လို့ သူထင်နေတာ ဖြစ်နိုင်သလို သူမြင်ယောင်ချင် ဆက်ဆံချင်သော သူတယောက်နှင့် မတူတူအောင် ဧ ကို ပုံသွင်းနေတာလည်း ဖြစ်နိုင်သည်။


" ဧ အသက်ဘယ်လောက်လဲ "

" ၂၈ "

" တကယ်လား " 

" ကို့စိတ်ထဲ ဧ ကို မယုံရင် အသက်အမှန်ပါလို့ ပြောလည်း ကို ယုံမှာ မဟုတ်ဘူး၊ အဲ့တော့ ဘာများ ထူးခြားမှာ မို့လဲ "


သူက အသံထွက်အောင် တဟားဟားရယ်ရင်း ဧ ရဲ့ ဆီးခုံမွှေးများကို ပွတ်သပ်လိုက်သည်။


" အဲ့လိုဆို ဧ က ကျနော့်ထက် အသက်ကြီးမယ် ထင်တယ် "

သူပြောမှ သေချာကြည့်မိတော့ သူ့ပုံက လူကြီးပုံ ပေါက်သော်လည်း ရယ်လိုက်ရင်တော့ နု သေးမှန်း သတိထားမိသည်။ ဘဝသမားပဲမို့ ရင့်ကျက်နေတာ ဖြစ်နိုင်သည်။


" ဒါဆို မောင်မောင်လေး ပေါ့ " 


သူက တချက်ရယ်ရင်း ဧ ကို ငေးစိုက်ကြည့်ကာ ဧ ရဲ့ ပန်းကလေးကြား သူ့လက်ခလယ်ကို ထိုးထည့်ရင်း ဧ နှုတ်ခမ်းကို နမ်းလိုက်သည်မို့ ဧ တကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။ အနမ်းမခံဖူး၍ မဟုတ်သော်လည်း သူနမ်းသည်ကတော့ ပထမဆုံး ဖြစ်သည်။ ပုံမှန်တော့ ဧ တို့လို မိန်းမတွေရဲ့ နှုတ်ခမ်းကို ကြင်ကြင်နာနာ နမ်းကြသည်က ရှားပါသည်။ သူကတော့ ကြင်ကြင်နာနာ နမ်းလား ဧ မသိပေမဲ့ ဧ ရင်ထဲ ရယ်ချင်သလို ငိုချင်သလို လေထဲမြောက်သွားသလို ခံစားရတာတော့ အမှန်ပင်ဖြစ်သည်။


ခုတခေါက်ကတော့ သုံးခါမြောက်ဖြစ်သည်။ သူလာမယ် ဖုန်းဆက်ထားသဖြင့် မခြောက်ချင်သေးသော အဝါရောင် ဂါဝန်ကို ဒရိုင်ယာဖြင့် အတင်းမှုတ်ကာ လာကာနီး ပြေးဝတ်ရသည်။ ကောင်းကောင်း မခြောက်ချင်သေးသဖြင့် ရေစော်နံမှာလည်း စိုးရိမ်ရသေးသည်။ နောက်နေ့ အားရင်တော့ အဝါရောင် ဂါဝန်လေး သုံးထည်လောက် ဝယ်ဦးမှဟု တွေးမိသည်။


ဒီတခေါက်လည်း သူ့မျက်လုံးတွေကို ကြည့်ရင်း ဝမ်းနည်းလာသလို ရှက်လာသလို ဖြစ်လာပြနိသည်။ ဖြစ်နိုင်ရင် ထိုမျက်ဝန်းများကို ဧ မကြည့်ချင်ပါ၊ ထို အကြည့်များ​၏ အကြောင်းအရင်းကိုလည်း ဧ မသိချင်ပါ၊ သူနှင့် ဆက်ဆံတိုင်း ဧ ကိုယ်တိုင်လည်း သာယာရသည် မှန်သော်လည်း မြန်မြန်ပြီးစေချင်သည်။ အရင်တခေါက်ကလို သူနဲ့အတူ အိပ်ယာထဲလှဲပြီး စကားစမြည် ပြောချင်သည်။ သူ့အကြောင်းတွေ သိချင်သည်။ ဧ အကြောင်းတွေလည်း ပြောပြချင်သည်။


" ကျနော်က ကားမောင်းတာ " သူက ဘေးတွင် လှဲရင်း မမေးပဲ ဖြေသည်​။ သည်တခါတွင်တော့ သူ့လက်မောင်းတွေအပေါ် ဧ ကို ခေါင်းအုံးခိုင်းပြီး သူ့လက်တဖက်က ဧ နို့သီးခေါင်းတွေကို ဖျစ်ညှစ်ကြည့်နေသည်။ 

" ဝင်ငွေကတော့ အရမ်းမကောင်းဘူး၊ အရမ်းလည်း မနည်းဘူး၊ တယောက်ထဲသမားအတွက်တော့  အဆင်ပြေတာပေါ့ "


သူ့ရဲ့ တယောက်ထဲသမားဆိုသော စကားက ဧ ရဲ့ ခေါင်းထဲကို လေအေးများ ဝင်လာသလို အေးမြသွားစေသည်။


" ကောင်းတာပေါ့၊ ဧ ကတော့ မိသားစု ရှိသေးတော့ လောက်ငရုံပါပဲ၊ တခါတလေကျ ချေးရငှားရတာပေါ့၊ နောက် ပိုပိုလျှံလျှံလေးရတော့ ပြန်ဆပ်ပေါ့  ဒီလိုနဲ့ သံသရာလည် နေတာပါပဲ "


ဪ တလုံးသာ ပြော၍ ဘာမှဆက်မမေး၊ ဒီအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲဟူသော ယောကျာ်းသားများ၏ မေးနေကြ မေးခွန်းလည်း သူမမေး၊ အလုပ်ပြောင်းဖို့အကြောင်း တွေးဖူးလားဟု လည်း သူမပြော၊ တခါတရံတွင် အလုပ်ပြောင်းမလား ကူညီပါ့မယ် ဘာညာဆိုပြီး အချောင်နှိုက်ချင်သော ကြောင်ဖားများလိုလည်း သူမပြော။


" အပြင်ရော လိုက်လား၊ ညအိပ်ပေါ့ " 


သူ့ဆီက ကြားချင်သည်မှာ ဒီစကား မဟုတ်သော်လည်း သူမေးသည်ကို ပြန်ဖြေပေးလိုက်ပါသည်။ တကယ်တော့ ဧ က အရမ်းလှတဲ့ထဲ မပါသလို ပညာတတ်တဲ့ထဲလည်း မပါ၊ အရမ်းလည်း မရောတတ်၊ မချွဲတတ်တော့ မာဆတ်အဆင့်က မတတ်နိုင်ရှာ၊ လွတ်မြောက်ဖို့ဆိုတာ ဝေးသလို ဟိုတယ်လိုက်၊ ကိုယ်ပိုင် ချိတ်နဲ့ သွားနိုင်သော ဇယားအဆင့်လည်း မရောက်နိုင်ရှာ၊ လွတ်မြောက်ဖို့အတွက်လည်း မတွေးမိတာကြာပါပြီ၊ ခုတော့ ၃၀ နား ကပ်လာပြီမို့ ရှေ့ရေးကို တွေးရပြီ၊ အသက်ကြီးလာရင် လုပ်ကိုင်စားသောက်ဖို့ ပိုက်ဆံလေး ဖဲ့စုနေမိပြီ၊ 


" တရက် အပြင်မှာ အိပ်မယ်လေ၊ ည လိုက်ပေါ့  ရတယ်မလား "


" ရတယ်လေ ဖုန်းကြိုဆက်ပေါ့ " ဧ ရင်ထဲ တခုခု အက်ကွဲသွားသံ ကြားရသည်​။ သူဟာ ငါ့ကို ဖာသည်လိုပဲ မြင်တာပဲဟု တွေးရင်း စိတ်မကောင်းဖြစ်ရပြန်တော့ အေးလေ ဖာသည်ပဲဟာဆိုပြီး ဖြေရပြန်သည်။


ဒီလိုနဲ့ သူ ဧ ဆီ တလသုံးခေါက်မှ လေးခေါက်ထိ လာတတ်သည်။ လာတိုင်းလည်း ဧ က အဝါရောင် ဂါဝန်လေးဝတ်ပြီး ဘာနဲ့ လာတာလဲ မေးကာ ဆီးကြိုစမြဲ၊ သူကလည်း ဘတ်စ်ကားနဲ့ လာတာဟု ဖြေပြီး ဝင်လှဲကာ အဝတ်တွေချွတ်ပြီး တန်းထိုင်ခိုင်းတတ်သည်​။ ဧ အကြည်နူးရဆုံး အခိုက်အတန့်ကတော့ ကိစ္စပြီးသွားချိန် ဘေးချင်းယှဉ်လှဲပြီး စကားစမြည်ပြောရချိန် ဖြစ်သည်။


သူနဲ့ပတ်သတ်လို့ စိတ်က အမြဲဒွိဟ ဖြစ်နေသည်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ဆိုတဲ့ အတွေးနဲ့ စိတ်ကူးတွေ ယဉ်မိတာလည်း အခါခါ၊ စိတ်ကူးတော့ ယဉ်ခွင့်ရှိသည် မဟုတ်လားလေ။


တရက်တော့ သူ့ဆီက စာဝင်လာသည်၊ သူက အမြဲတမ်း လာခါနီးမှ နှစ်နာရီလောက် ကြိုပြီး ဖုန်းဆက်တတ်သူ ဖြစ်သည်။ စာပို့လေးမရှိပဲ ခုမှသာ စာပို့ခြင်းဖြစ်သည်။ 


" ဧ ဒီနေ့ ဘာလုပ်စရာရှိလဲ  ညအားရင် လိုက်လို့ရလား "


" ဟုဟုရတရ် ကို၊ ဘားမှလုပ်စရာမရှိပု၊ လာမလေ " 


ခဏနေတော့ သူ့ဆီမှ အချိန်နဲ့ နေရာကို စာပို့လာသည်။ ဟိုတယ်ကို ချ်ိန်းမည် ထင်ထားသော်လည်း ပန်းဆိုးတန်း ဆိပ်ကမ်းကိုသာ ချိန်းသည်။


တညလုံး ဧ အိပ်မရ၊ မိုးလင်းကတည်းက ကာစတမ်မာ လက်မခံပဲ အနီးမှ ကုန်တိုက်တခုကို အပြေးအလွှားသွားကာ အဝါရောင် ဂါဝန်တထည် အသည်းအသန်ရှာရသည်။ ရှိသည့် အဝါရောင်က ဈေးမတတ်နိုင်၊ ဈေးတတ်နိုင်သည့်ထဲကျ အဝါရောင်က မရှိလို့ နောက်ကုန်တိုက်တခုကို နှမြောသည့်ကြားမှ တက်စီငှားကာ ပြေးရပြန်သည်၊ လိုချင်သည့် အဝတ်ရတော့ အပြေးအလွှားပြန်ကာ အချိန်မှီ ရေမိုးချိုး ပြင်ရဆင်ရသည်။ 


ကမ်းနားတွင် နေက ဝင်လုလု၊ ဇင်ယော်ငှက်များက ခပ်ဝေးဝေးတွင် ဖယ်ရီသင်္ဘောနားတလျှောက် ပတ်ပျံရင်း အစာတောင်းနေသည်။ သူက ထူးထူးခြားခြား ပုဆိုးနဲ့ ရှပ်အကျီဖြူ မဝတ်ပဲ စပို့ရှပ် ခဲရောင်နှင့် ဘောင်းဘီတို အဖြူကို ဝတ်ထားသည်။ မြင်နေကျ မဟုတ်သည့် သူ့ပုံက အမြင်ဆန်းနေကာ တမျိုးချစ်ဖို့ကောင်းနေသည်။ 

ကိုယ့်ကိုယ်ကို ဘာလာလုပ်မှန်း မေ့သွားကာ ချစ်သူနဲ့ ချိန်းထားသည့် ကောင်မလေးလို ခံစားနေရသည်။


လေများက ဧ ဆံပင်နှင့် အဝါရောင် ဂါဝန်အနားကို တဖြတ်ဖြတ်တိုက်နေသည်။ ဧ က အသားခပ်ညိုည်ို၊ နှုတ်ခမ်းထော်ထော်၊ မျက်လုံးဝိုင်းဝိုင်းနဲ့ အနည်းငယ် ပိန်ရှည်ရှည်နိုင်သည်။ 


" မောင်မောင်လေး " ဧ က ရွှတ်နောက်နောက် လှမ်းခေါ်တော့ သူက ပြုံးပြပြီး လှည့်ကြည့်ကာ ဧ ဆီ လျှောက်လာသည်။


" ဘာနဲ့ လာတာလဲ " ဧ မေးလိုက်တော့ ထုံးစံအတိုင်း ဘတ်စ်ကားနဲ့ဟု ဖြေသည်။

ဆိပ်ခံတံတားတလျှောက် လျှောက်သွားတော့ ဧ စိတ်ထဲ ဒလသွားမှာလားဟု ထင်လိုက်သေးသည်။


ဘောတံတားပေါ်ရှိ သင်္ဘောချည်သည့် ငုတ်တိုင်ကြီး တခုစီပေါ်ထိုင်ရင်း သူ ဝယ်လာသည့် ရေခဲမုန့် အတူစားကြသည်။ သူက အရင်ကနဲ့ မတူ စကားအတော်ပြောသည်။ သူက စကားပြောရင် ခပ်တိုတိုသာ ပြောလေ့ရှိသော်လည်း ဒီနေ့တော့ ထူးထူးခြားခြား ရှည်ရှည်ဝေးဝေးတွေ ပြောကြသည်။

လေတိုးသံ၊ စင်ယော်သံ၊ သင်္ဘောသံ၊ လူသံသူသံတွေကြားမှာ သူ့ရယ်သံ စကားသံတွေကို နားထောင်ရင်း ဒီအခိုက်အတန့်တွေကို သိမ်းထားပလိုက်ချင်သည်။ ဘဝမယ် ပထမဆုံး အကြိမ်အနေဖြင့် ကိုယ့်ဘဝကိုယ် အရှက်ကြီးရှက်ကာ ဝမ်းနည်းစိတ်ဖြင့် မျက်ရည်တွေ ဝဲတက်လာလိုက်  ပြုံးရွှင်နေသော သူ့မျက်နှာကို ငေးရင်း ကြည်နူးလာလိုက်ဖြင့် လက်ဖျောက်တချက်တီးလိုက်တိုင်း ဧ စိတ်တွေ အမျိုးမျိုးပြောင်းလဲနေသည်။


နည်းနည်းမှောင်လာတော့ လမ်းလျှောက်နိုင်လား မေးပြီး တရုတ်တန်းဘက်ကို အတူလျှောက်ကြသည်။ ဘေးချင်းယှဉ် လမ်းလျှောက်ရင်း ဧ ပုခုံးစွန်းလေးနှင့် သူ့လက်မောင်းတို့ မသိမသာ ထိကပ်သွားတိုင်း ဧ ရင်တွေ ခုန်လာသည်။ ဖြစ်နိုင်ရင် ဧ လက်တွေကို ဆုပ်ကိုင်ထားစေချင်သည်။ ဒါမှမဟုတ် ပုခုံးပေါ် သူ့လက်တွေတင်ကာ သိုင်းဖက်ထားရင်း လမ်းအတူလျှောက်ချင်သည်။ ဧ ကတော့ သူ့ခါးလေးကို ဖက်ရင်း မှီနွဲ့ကာ အတူလျှောက်မည်ပေါ့လေ။

တရုတ်တန်းက ဆိုင်လေးတခုမှာ ညစာစားရင်း ပိုပြီး အာသွက်လျှာသွက် ဖြစ်လာကြသည်။


ဧ ၏ ကြည်နူးမှုတွေ အားလုံးက ဟိုတယ်တံခါးပိတ်လိုက်ပြီး အိပ်ယာပေါ် သူလှဲချလိုက်ကာ ဘောင်းဘီချွတ်ချလိုက်ချိန်တွင် ပျောက်ဆုံးသွားသည်။


အရမ်းလှသည့် အိပ်မက်မှ လှန့်နိုးခံလိုက်ရပြီး ခုမှလက်တွေ့ဘဝကို ပြန်ရောက်လာသူလို ဧ နိုးထလာသည်။ ဧ ရင်ထဲမှ ပူလောင်မှုကြီးက မီးလုံးတလုံးလို လှိုက်တက်လာပြီး ဧ သာ နှုတ်ခမ်းကို တင်းတင်းမစေ့ထားရင် ချော်ရည်ပူတွေ အန်ချတော့မိမလို ဖြစ်လာသည်။


" ခဏနော် သန့်ရှင်းရေး  လုပ်ဦးမယ်လေ " ဧ ခွင့်တောင်းတော့ သူက ခေါင်းငြိမ့်ပြရင်း ကွန်ဒုံးတထုပ်ကို လှည့်ဆော့နေသည်။


ရေချိုးခန်းထဲဝင်၊ ဘေစင်ထဲကို ရေတွေဖွင့်ချရင်း  အသံမထွက်အောင် ကြိတ်ကာ တအစ်အစ် ငိုချလိုက်မိသည်။

ဟုတ်ပါတယ် ငါက ဖာသည်ပါပဲ ဟု ထပ်တလဲလဲ အရူးလို ရေရွတ်ကာ မျက်လုံးတွေ ပေါက်ထွက်မတတ် ကြိတ်ငိုနေမိသည်။


ငိုနေမိတာ အတော်ကြာသွားသည်ထင်၊ တံခါးခေါက်သံ ပေါ်လာပြီး သူဝင်လာတော့ မျက်ရည် အမြန်သုတ်ရသည်။


​" ရေအတူ ချိုးကြမလား " သူက ပြောလည်းပြော ဝတ်ထားသော အကျီကိုလည်း ချွတ်ကာ တန်းပေါ်တင်ရင်း ရေပန်းကို ဖွင့်လိုက်သည်။ တကယ်တော့ သူနဲ့ အတူ အကြိမ်ပေါင်းများစွာ ကိုယ်လုံးတီး နေခဲ့ဖူးသော်လည်း ခုလို အလင်းရောင်ကောင်းကောင်းအောက်မှတော့ တခါမှ မနေဖူး၍ ခပ်ရွံ့ရွံ့ဖြစ်နေပြီးမှ အဝတ်တွေ ချွတ်ချရင်း ရေပန်းအောက် ဝင်လိုက်သည်။ 


သူက ဆပ်ပြာတုံးကို ဖောက်ပြီး ပွတ်ကာ ဧ ၏ နောက်ကျောဘက်ကို ဆပ်ပြာတိုက်ပေးနေချိန်တွင် ဧ မျက်ရည်များ မထိန်းနိုင်အောင် စီးကျလာသော်လည်း ရေပန်းအောက်မို့ သူကတော့ သိမည်မထင်ပါ။

သူနဲ့ ဆက်ဆံတိုင်း အမြဲသာယာခဲ့သော်လည်း ဒီတခါတွင်တော့ ငရဲခံရသလို ဖြစ်နေသည်။ မျက်လုံးတွေကို လုံးဝ မဖွင့်တမ်းပိတ်ထားပြီး သူပြီးကာ ဘေးတွင် ဝင်လှဲမည့်အချိန်ရောက်ဖို့သာ ဆုတောင်းနေမိသည်။ 


" ဧ ဘာလို့မှိုင်သွားတာလဲ၊ မတည့်တာ စားမိလို့လား " သူက ဘေးတွင် ဝင်လှဲကာ ဆေးလိပ်တလိပ်ကို မီးညှိလိုက်သည်။ သူဆေးလိပ်သောက်တတ်မှန်း ဧ မသိခဲ့။ တောင်းပန်ပါတယ်ရှင် ကျမကို ဂရုမစိုက်ပါနဲ့ မကြင်နာပါနဲ့၊ ဖာသည်မရေ ငါပြီးပြီ နင်ပြန်တော့လို့သာ နှင်လွှတ်လိုက်ပါတော့လို့ဟုသာ အော်ဟစ်တောင်းပန်လိုက်ချင်သည်။


ဧ သူ့အနားတွင် ဒီလိုပုံနဲ့ ထပ်မနေနိုင်၊ မနေချင်တော့၊ သူက ဧ ကို ကြေးစားတယောက်လို ဆက်ဆံနေသော်လည်း ဧ က သူ့ကို ဖောက်သည်တယောက်လို သဘောမထားနိုင်သည်မှာ ဧ ရဲ့ နာကျဉ်မှု ဖြစ်သည်။


" ကို ဧ တို့ဆီ ပထမဆုံး ရောက်လာတုန်းကလေ "


" အင်း ဘာဖြစ်လဲ "


" ဘယ်လိုရောက်လာတာလဲ ဘယ်သူညွှန်းလိုက်လို့လဲ "


သူက ဧ အမေးကို ချက်ချင်း မဖြေပဲ ဆေးလိပ်ကို အကျအန ထိုးချေပြီးမှ  ဒီလိုပါပဲ ဟု ဖြေသည်။


သူ့ဆီက ဧ သိချင်တာတွေ အများကြီးရှိသည်။ ဧ ဆီဘာလို့ ဆက်လာနေတာလဲ။ ဧ ကို ဆက်ဆံနေချိန် ဘာလို့ သူ့မျက်လုံးညိုကြီးတွေနဲ့ အဲ့လိုကြည့်တာလဲ၊ အဝါရောင်ဂါဝန်က ဘာလို့ ဝတ်ခိုင်းတာလဲ၊ ဧ နဲ့ တကယ်လှတာလား၊ ဒီနေ့ဘာလို့ ဟိုတယ် ခေါ်တာလဲ၊ ဧ နဲ့ တူတဲ့ ချစ်သူရှိခဲ့ဖူးတာလား။ 

တကယ်တမ်းကျ ဧ ပါးစပ်က ဘာမေးခွန်းမှ ထွက်မလာ၊ ဧ သည် ကျိုးကြေနေပြီ၊ ဧ သည် ကွဲအက်ပြီး အားအင်ကုန်ခမ်းနေပြီ။


" ဧယီရယ် ဇာတ်လမ်းကို ဘာလို့ ကြိုက်တာလဲ " 

" ရေသူမလေးက ချစ်တဲ့သူအတွက် ကုန်းပေါ်ထိ လိုက်သွားနိုင်လို့လေ၊ သတ္တိခဲလေးမို့ ချစ်တာ "


" နောက် ဘာဆက်ဖြစ်သွားလဲ ဧ သိလား 

" သိတယ်လေ မင်းသားလေးနဲ့ ညားသွားတာ "


" အဲ့တာ ဒစ္စနေး ဗားရှင်း ဧ ရဲ့၊ နဂို မူရင်း ပုံပြင်က အဲ့လို မဟုတ်ဘူး "

" ဘယ်လိုမျိုးလဲ " 


" ဇာတ်သိမ်းမှာ ရေသူမလေးက သေပြီး ပူစီဖောင်းလေးတွေ အဖြစ်နဲ့ ပျောက်သွားတာ၊ ရေသူမတွေ သေရင် လူတွေလို အလောင်းမကျန်ပဲ ပူစီဖောင်း ဖြစ်သွားတယ်တဲ့လေ " 

" ဪ " သူ့စကားကြောင့် ဧ အတော်စိတ်အနှောင့် အယှက်ဖြစ်သွားသည်။ သူပြောတဲ့ ဇာတ်လမ်းကို မသိခင်အထိ ဧယီရယ်ဆိုတဲ့ နာမည်လေးကို ကြည်နူးစရာ အဖြစ်နဲ့ပဲ မှတ်ထားတာ၊ ခုလို အကြောင်းအရာတွေ မသိချင်၊ သိဖို့လည်း မလိုအပ်ပါဘူးလို့ ဧ တွေးမိသည်။


" ကျနော် ရန်ကုန်က ထွက်သွားတော့မယ် ဧ "


သူ့ဆီက မမျှော်လင့်ထားသော စကားသံကြောင့် ဘာခံစားရမှန်းမသ်ိအောင် ကြောင်သွားသည်​။


" ဘာလို့လဲ၊ ဘယ်ကိုသွားမှာလဲ "


" အလုပ်ထွက်လိုက်ပြီ၊ တခြားမြို့အသေး တခုပြောင်းမယ်လေ၊ အဲ့မှာ စီးပွားရေး အသေးလေး တခုလောက် လုပ်မယ်၊ စုထားတာလေးတွေ ရှိတယ်၊ ဘယ်မြို့လဲတော့ စဉ်းစားတုန်းပဲ၊ တွေးထားတာတော့ ရှိပါတယ်၊ အသိကတော့ မရှိဘူး၊ အလုပ်ကတော့ ထွက်လိုက်ပြီ " သူက ရယ်ကျဲကျဲနဲ့ ဆက်ပြောသည်။ သူ့ပုံစံက လုပ်ချင်တာလုပ်ပြီးမှ လူမိသွားသော ကျောင်းသားတလေး တယောက်လို ဖြစ်နေသည်။


" ဘဝအသစ် စတော့မှာပေါ့ "

" ဟုတ်တယ် "


 ဧ စိတ်ထဲ သို့လော သို့လောနှင့် ပျော်တာလိုလို ရင်ခုန်တာလိုလို ဖြစ်လာပြန်သည်။


" အဲ့တာ မသွားခင် ဧ နဲ့ နောက်ဆုံးတခေါက်လောက် တွေ့ချင်လို့လေ "


" ဧ ကိုခေါ်သွားပါလား "


" ဗျာ " သူက အူလည်လည်နှင့် ပြန်မေးသည်။


" ဧ ကို ခေါ်သွားပါလားလို့လေ၊ ဧ လိုက်ခဲ့မယ်၊ ဧ ကိုနဲ့ အတူ ဘဝအသစ် စချင်တယ်၊ ဧ မှာလည်းစုထားတာ ရှိပါတယ်၊ ဧ တို့အတူ လုပ်ကိုင်စားသောက်ကြမယ်လေနော် " 

ဧ ကိုယ်တိုင်တောင် မသ်ိလိုက်ပဲ စကားတွေက ရေသွန်သလို ထွက်ကျလာသည်၊ ဒီလိုထုတ်ပြောဖို့ သတ္တိတွေ ဘယ်ကရှိလာလဲ ဧ မသိပါ။ နောက်ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့ အသိက ဧ ကို တွန်းအားပေးတာ ဖြစ်နိုင်သည်။


" ဧ မိသားစုရော "


" ရတယ် ထားခဲ့မယ်  ကို မကြိုက်ရင် အဆက်အသွယ်ဖြတ်ပြီး ကိုနဲ့အတူ သွားမယ်၊ ဘဝအသစ်စကြမယ်လေနော် နော် " ကလေးတယောက်လို ဧ ပူဆာနေမိသည်။ သူ့ဆီက စကားသံကို ကြားချင်လွန်း၍ ရင်ထဲမှာ ဗြောင်းဆန်နေပြီး အဝတ်မပါသော ခန္ဒာကိုယ်တခုလုံးတွင် ကြက်သီးမွေးညင်းများ ထနေသည်။


" တခါက ဇွန်းတချောင်း ရှိခဲ့ဖူးတယ် "


အဆက်အစပ်မရှိတဲ့ သူ့စကားကြောင့် ဧ ကြောင်သွားသည်။ 

"  ဇွန်းဟာ ကျနော်နဲ့အတူ မရှိတော့ဘူးဆိုတာ လက်ခံလိုက်ရချိန် ကျနော်ဟာ လမ်းပေါ်ရောက်နေပြီ၊ ဇွန်းက ကျနော်နဲ့မရှိတာ အတော်ကြာပြီ၊ တချိန်ချိန်မှာ ကျနော့်လက်ထဲ ပြန်ရောက်မယ်ပဲ ထင်နေခဲ့တာ၊ အဲ့ချိန်ကျတော့ ဇွန်းဟာ ကျနော်မဟုတ်တဲ့ တခြားလူဆီ ရောက်နေပြီဆိုတာ လက်ခံလိုက်ရတယ်၊ ဇွန်းဟာ ခေါက်ဆွဲပြုတ်ပန်းကန်ထဲ ရှိချင်ရှိနေမယ်၊ ဟင်းပန်းကန်ထဲလည်း ရှိနိုင်တယ်၊ မြေတွေကို တူးဆွဖို့တော့ မသုံးနိုင်လောက်ဘူးလို့ တွေးမိတယ်၊ ဘာလို့ဆို ဇွန်းက လှတယ်၊ ဇွန်းက ထိပ်က ဝိုင်းဝိုင်းလေးနဲ့ အရ်ိုးက သွယ်ပြီး အတော်ရှည်တယ်၊ ဒီမှာ မြင်လေ့မြင်ထ မရှိတဲ့ ဇွန်းပဲ။


ဇွန်းနဲ့ကျနော်နဲ့က သုံးနှစ်လောက်အထိ အတူရှိခဲ့တာ၊ အဲ့ကျမှ တွေးမိတာက အတူရှိနေတိုင်းလည်း အမှတ်တရမဖြစ်ဘူးဆိုတာပဲ၊ တနေ့နှစ်ကြိမ် ဇွန်းဟာ ကျနော့်လက်ထဲမှာ ရှိနေခဲ့တာ၊ ဒီလိုနဲ့ သုံးနှစ်လောက်ကြာတာတောင် အမှတ်တရ သိပ်အများကြီး မရှိဘူး။ ဇွန်းဟာ ဇွန်းအလုပ် လုပ်နေသရွေ့ မှတ်မှတ်ရရ ဖြစ်စရာ အမှတ်တရတွေ မဖြစ်လာဘူး ထင်ပ။ ဘာမှမထူးခြားတဲ့ ပုံသေကားချပ်တခုထဲကို စိမ့်ဝင်ပြီး ပုံမှန်အလုပ်တခုလို့ ဖြစ်သွားလို့လေ။


ဇွန်းပျောက်သွားပြီးမှ ခုချိန် ကျနော့်မှာ ဇွန်းရှိရင်ကောင်းမှာပဲလို့ တွေးမိတာ ဆယ်ကြိမ်မကရှိတယ်၊ ရှည်လျားပြီး သေးသွယ် ထူထဲတဲ့ ဇွန်းလက်ကိုင်အဖျားကို လက်ခလယ်ပေါ်တင်၊ လက်ညိုး၊ လက်မနဲ့ ဖိကိုင်ပြီး အစားအသောက်တွေထဲ နှစ်ခပ်လိုက်တာမျိုး မကြာမကြာ မြင်ယောင်မိတယ်၊ ကျနော့်လက်တံကရှည်တော့ ဇွန်းအရှည်နဲ့ ကျနော့်ပါးစပ်နဲ့က ကွက်တိပဲ၊ ပူပူလောင်လောင်တွေ စားရလို့ နှုတ်ခမ်းရှေ့ထားပြီး ဇွန်းကိုမှုတ်ရတဲ့ အခြေအနေမျိုးမှာဆို ဇွန်းဟာ ပြီးပြည့်စုံတဲ့ အလေးချိန်နဲ့ အလျားအနံရှိတာမို့ ကိုယ်ကြိုက်တာလည်း မဆန်းပါဘူး။ ဇွန်းဟာ ကျနော့်ဆီရှိမနေပေမဲ့ တချိန်ပြန်ရမယ် ထင်နေတုန်းပဲ၊ အဲ့တုန်းကပေါ့။


ခုတော့ ဇွန်းကို ပြန်မရတော့ဘူး၊ ထားခဲ့ရပြီ၊ ပိုဆိုးတာက ဇွန်းကို ဘယ်သူနဲ့ ထားခဲ့ရမှန်းမသိဘူး၊ တခါတလေကျ ဇွန်းဟာ ကျနော်နဲ့လည်း မဆိုင်၊ ကျနော်လည်းမပိုင်တော့ဘူး၊ သူ့ဟာသူ ဘယ်သူ့ကိုပဲ ခွံကျွေးကျွေး၊ ဖျော်ပေးပေး၊ နောက်ဆုံး မြေကြီးတွေကိုပဲ တူးဆွဆွ ကျနော့်အလုပ်မဟုတ်ပါဘူးလို့ ဖြေသိမ့်ချင်တယ်။ ဒါပေမဲ့ သံယောဇဉ်ကြောင့် ဇွန်းကို ကျနော်မပိုင်ရရင်တောင် ပိုင်တဲ့သူ ကောင်းကောင်းမွန်မွန် အသုံးပြုတာပဲ မြင်ချင်ကြားချင်တယ်။ တခါတခါ အိပ်မက်ထဲမှာ ဇွန်းဟာ ဗွက်အိုင်တွေထဲ လဲလျောင်းရင်း ကိုယ်ပေါ်ကျလာတဲ့ မိုးရေတွေကို မလှူပ်မယှက်ပဲတင်းခံနေရတယ်လို့ မက်တယ်။ နိုးလာတော့ ဇွန်းကို ဒီလိုအခြေအနေရောက်အောင် ငါစွန့်ပစ်ခဲ့မိလားဆိုပြီး ငိုမိပြန်ရော။


ဇွန်းကို ကျနော်စွန့်ပစ်ခဲ့လား၊ ဇွန်းဟာ ကျနော့်ဆီက ထွက်သွားသလား၊ ဘယ်သူမှလည်း မသိဘူး၊ ကျနော်လည်း မပြောတတ်ဘူး၊ သေချာတာတောင် တချိန်လုံး ဇွန်းကို လက်ထဲမှာ ရှိနေပါလျက်နဲ့ အမှတ်တရတွေ မဖြစ်ခဲ့သမျှဟာ ဇွန်းကျနော့်လက်ထဲ မရှိတော့မှ အမှတ်ရစရာတွေ ဖြစ်ကုန်တာပါပဲ။

ဇွန်းကရော ကျနော့်ထက်သာတဲ့သူကို အစာတွေခပ်ကျွေးရင်း ကျနော့်ကို မေ့နေမှာလား၊ ဒါမှမဟုတ် ကျနော့်ကိုပဲ တွေးနေမှာလားတော့ သိချင်မိသေးရဲ့ " 


သူက သက်ပြင်းချရင်း ဆေးလိပ် နောက်တလိပ်ကို မီးထပ်ညှိတယ်။


" အဲ့တာ ဘာအကြောင်း ပြောတာလဲ "  ဧ တကယ်ကို နားမလည်လို့ ပြန်မေးလိုက်တယ်။


" ဇွန်း အကြောင်းလေ "


" ဇွန်းက အဝါရောင် ဂါဝန်ဝတ်လား "


ဧ က ချက်ချင်းကောက်မေးလိုက်တော့ သူက ရယ်တယ်၊ နာနာကျဉ်ကျဉ် ရယ်သလိုကြီး။


" ဇွန်းအစစ်အကြောင်း ပြောတာဆိုလည်း ပျောက်ရင် ပြန်ဝယ်လိုက်ပေါ့ " ဧ စကားဆုံးတော့ သူက ဧ ကို ခပ်ပြုံးပြုံးကြည့်တယ်။ ငါ ဝယ်လိုက်တဲ့ ဇွန်းက မင်းလေ လို့ ပြောချင်နေတာများလားလို့ ဧ တွေးမိသေးတယ်။ 


" ဧ ကျနော်နဲ့ တကယ်လိုက်ချင်တာလား၊ ကျနော် ဘယ်သူမှန်း ဘယ်ကမှန်း၊ နောက်ဆုံး ဘယ်သွားပြီး ဘာလုပ်မယ်မှန်း မသိတာတောင် လိုက်ချင်တာလား "


" လိုက်ချင်တယ် " ဧ က အံကို တင်းတင်းကြိတ်ပြီး ဖြေချလိုက်သည်။ ဧ ဘက်က ဆုံးဖြတ်ချက်တွေက ခိုင်မာပြီးသားပါ သူ့ဘက်ကသာ။


" ရေသူမလေးလို ကုန်းပေါ်တက်လိုက်မ်ိတဲ့ထိ စွန့်စားပြီးကာမှ ပူစီဖောင်းလေးတွေ ဖြစ်ပြီး သေသွားရမယ်ဆိုရင်တောင်လား " 


" ကို့ဘက်က ဧ ကို ခေါ်နိုင်ဖို့ပဲ လိုတာပါ " 

ဧ အဲ့ ရေသူမလေးအကြောင်းကို ထပ်မကြားချင်တော့ဘူး။


" ကျနော် စဉ်းစားပါရစေ "


" ဘယ်လောက်ကြာမှာလဲ "


" နောက် လာမဲ့ သောကြာပေါ့၊ နောက် သုံးရက်နေရင်ပေါ့၊ အဲ့နေ့ကျ ကျနော် သွားဖို့ ဆုံးဖြတ်ထားတယ်။ တကယ်လို့ ဧ ကို ကျနော် ခေါ်နိုင်မယ်ဆို အဲ့နေ့ ညနေ လေးနာရီ လာခေါ်ပါ့မယ် "


" မခေါ်နိုင်ဘူးဆိုရင်ရော " 

ဧ ရဲ့ အမေးကို သူမဖြေပဲ ဆေးလိပ်ကိုပဲ ငေးနေသည်။


အဲ့ညမှာ သူနဲ့ ဧ ဒုတိယအကြိမ် ဆက်ဆံကြသည်။  အဲ့အတွက် ဧ က အပိုကြေးပေးစရာမလိုကြောင်း ပြောတော့ သူကလည်း သူသိပါတယ် တညလုံး ခေါ်ထားတာပဲမလားလို့ ရယ်ရယ်မောမော ပြန်ပြောသည်။ 

အဲ့တကြိမ်မှာ ဧ ဘဝမှာ အကောင်းဆုံး ခံစားရဖူးခြင်းပဲ၊


နောက်နေ့ မနက်ကျ သူ ပြန်သွားသည်။ စောင့်နေမယ်နော်လို့ ဧ ပြောတော့ သူက ပါးချိုင့်လေးနဲ့ မျက်လုံးဘေးက အစင်းလေးတွေ ပေါ်အောင် ပြုံးပြသည်။


သောကြာနေ့ ညနေ မရောက်ခင်အချိန်ထိ ကာလတွေဟာ ဧ အတွက် ရင်တုန် ခြောက်ချားရတဲ့ ကာလတွေဖြစ်သည်၊ ဘယ် ကာစတမ်မာမှလည်း လက်မခံနိုင်၍ မမကမောင်းချတော့မည် အထိ လုပ်သည်၊ ဧ ကလည်း သူလာခေါ်ရင် ပြီးပြီပဲဆိုကာ ပေပြီး တင်းခံသည်။ သူနဲ့ ပတ်သတ်၍ အကျိုးသင့် အကြောင်းသင့်လည်း ဧ မစဉ်းစားနိုင်၊ စဉ်းလည်း မစဉ်းစားတတ်၊ မစဉ်းစားချင်ပဲ ဖြစ်နိုင်ချေ ၅၀/၅၀ ပဲဟုသာ သဘောထားရင်း သူလာခေါ်ဖို့ပဲ အချိန်ပြည့် ဆုတောင်းရင်း စုထားသမျှ ငွေတွေနဲ့ မှတ်ပုံတင်၊ ဖုန်း၊ အဝတ်နှစ်စုံနဲ့အတူ အထုပ်အပိုးသေးလေး ပြင်ပြီး စောင့်နေမိသည်။


ညနေ ခြောက်နာရီထိ သူပေါ်မလာတော့ ဧ တကိုယ်လုံး ခွေကျပြီး ချုံးပွဲချ ငိုမိသည်။ ဘာတွေဖြစ်ကုန်တာလဲ ဘာကြောင့်လဲတွေလည်း ဧ နားမလည်။ ဧ ဘဝမှာ ကိုယ်အနားရှိချင်တဲ့ လူတယောက်ကို တွေ့ရပြီးမှ အဲ့လူက ကိုယ့်ကို အနားမှာ မရှိစေချင်ဘူးဆိုတာ သိရတဲ့ ခံစားချက်ရဲ့ နာကျဉ်မှုကို ဧ မခံစားနိုင်တော့။


ဘေးတိုက်တွင် ကြောင်တကောင်ရှိသည်။ ကြောင်က ဖြူဖြူဖွေဖွေး ဝဝဖီးဖီး၊ ဧ နဲ့ လှေကားအတက်အဆင်းမှာ ဆုံရင် သူ့ကို ပွတ်သပ်ပေးသည်။ စစချင်းတုန်းကတော့ သိပ်ကြိုက်ပုံ မပေါ်ပေမဲ့ နောက်ပိုင်းကျ ကိုယ်ကိုကိုင်းပြီး လက်လှမ်းလိုက်တာနဲ့ သူ့ခေါင်းကို စောင်းပြီး ဧ လက်ဖဝါးထဲကို ထည့်ပေးသည်။ ဧ က သူ့မေးအောက်နဲ့ ခေါင်းတဝိုက်ကို ပွတ်သပ်ချော့မြူပေးသည်။ 


တကယ်တော့ အောက်ထပ်က ကြောင်ကို ဧ စိတ်ထဲ မရှိပါ။ ဧ တနေရာရာ ရောက်နေချိန် အဲ့ကြောင်အကြောင်း မတွေး၊ ဧ ခုခုစားနေချိန်၊ တယောက်ယောက်နဲ့ တွေ့နေချိန်လည်း အဲ့ကြောင်အကြောင်းကို မပြော၊ မတွေးဘူး​၊ ဒါပေမဲ့လည်း အပြင်က ပြန်လာချိန်၊ အပြင်ထွက်ချိန်မှာ တွေ့ရင်တော့ အမြဲတမ်းလိုလို ပွတ်သပ်ပေးတတ်သည်။

တခါတခါကျ ဧ က အလျင်စလို ထွက်သွားတာတွေ ရှိတတ်သည်။ ကြောင်က ဧ ကိုမြင်တဲ့အခါတိုင်း ခေါင်းကိုစောင်းပြီး အောက်နှိမ့်ချတတ်သည်၊ ဧ ပွတ်ပေးမယ် အထင်နဲ့ပေါ့၊ မအားတဲ့အခါကျ ဧ က ဒီတိုင်းပဲ ပါးစပ်က နှုတ်ဆက်ပြီး အလျင်စလို ပြေးဆင်းသွားတတ်သည်၊ ဧ က ကြောင်ကို ခေါင်းထဲ မရှိပေမဲ့ ကြောင်ကရော ဧ ခေါင်းထဲ ရှိနေမလား၊ ဒါမှမဟုတ် သူရော ဧ လိုပဲ တွေ့တဲ့ခါ အပွတ်သပ်ခံလိုက်မယ်လို့ပဲ တွေးပြီး တခြားအချိန် စိတ်ထဲမရှိတာလည်း ဖြစ်နိုင်သည်။ 


တကယ်လို့များ၊ တကယ်လို့များပေါ့ ကြောင်သာ ဧ ကို စိတ်ထဲရှိပြီး ဧ သူကို မြင်ရဲ့သားနဲ့ မပွတ်သပ်သွားတဲ့အခါ၊ အကြာကြီး ဧ ကို မတွေ့ရ၊ အပွတ်သပ်မခံရတဲ့အခါ သူဘယ်လို ခံစားရမလဲလို့ တွေးမိသည်။ 


ခုတော့ ဧ ကိုယ်တိုင်လည်း အဲ့ကြောင်ဘဝမျိုး ရောက်နေပြီ၊ သူက ဘာရယ်မဟုတ် လမ်းကြုံလို့ ပွတ်သပ်ချော့မြူသွားတာကို ကိုယ့်ကို ဂရုစိုက်တယ်အထင်နဲ့ နောက်တကြိမ်တွေ့ရင် ခေါင်းလေးစောင်းပြီး သူ့လက်ဖဝါးပေါ် ခေါင်းတင်ပေးဖို့ အသင့်ဖြစ်နေတာမျိုး​၊ ကိုယ့်ကို စိတ်ထဲလည်း မရှိ၊ ဘဝထဲမှာလည်း နေရာမပေးထားတဲ့ လူတယောက်က ကိုယ့်ကို ဂရုစိုက်မယ် ကြင်နာမယ်ထင်ပြီး  မျှော်လင့်နေရတာမျိုးလေ။ 

တကယ်တော့လည်း  ဧ လည်း ကြောင်တကောင်သာ ဖြစ်သည်။  လမ်းကြုံလို့ ပွတ်သပ်ချော့မြူခံလိုက်ရရုံပါ၊ သူ့ စိတ်ထဲမှာလည်း နေရာမရ၊ ဘဝထဲမှာလည်း ပတ်သတ်ရဖို့ မရှိ၊ လမ်းမှာ ခဏလေး ဆုံရုံဆုံမိတဲ့ လေလွင့်ကြောင်တကောင်ပါပဲဟု ကိုယ့်ကိုယ်ကို မြင်မိသည်။


ခုညနေကလည်း သူနဲ့ စစဦးဆုံး တွေ့တုန်းကလိုပင် မ်ိုးတွေ ရွာနေသည် ၊ အဲ့တုန်းကလည်း သောကြာနေ့ပင် ဖြစ်သည်၊ စိတ်ထဲ စစချင်း တွေ့စကလိုပင် ဆံပင်တွေ မိုးစိုပြီး ဧ ဆီရောက်လာပြီး ဒီတခေါက်တွင်တော့ တခါထဲ ခေါ်သွားမည်ဟု ယုံကြည်နေတုန်း ဖြစ်သည်။ အတော်ကြာ ငိုနေမိပြီး ၇ နာရီကျော်မှ မမက ဧည့်သည်တယောက် ရောက်နေတယ်ပြောတော့ မျက်ရည်တွေ သုတ်ပြီး မအားကြောင်း၊ နေမကောင်းကြောင်း အကြောင်းပြပြီး ငြင်းလိုက်သည်။ မမက ရစရာမရှိအောင် ဆူဆဲပြီး အတင်းမရမက ဧည့်ခံခိုင်းတော့ အေ့လေ ငါက ဒါပဲ ဒီအလုပ်ပဲ လုပ်ရတာဟု သဘောပိုက်ကာ မိတ်ကပ်အမြန်ဖို့ပြီး ဧည့်သည်ကို ဧည့်ခံဖို့ လုပ်ရသည်။


ဧည့်သည်က အရပ်က ခြောက်ပေကျော်၊ နိုင်ငံခြားသား စပ်လားမသိ နီစပ်စပ် ထောင်ထောင်မောင်းမောင်းနှင့်၊ နှိပ်ပေးနေတုန်းလည်း သူ့လက်တွေက အငြိမ်မနေ၊ နောက်ဆုံး ဆက်ဆံကြတော့ သူကလည်း ပျားပိတုန်းပေမဲ့ အတော်ထွားတဲ့ ပျားပိတုန်းမို့ ဧ ရဲ့ ပန်းကလေး စုတ်ပြတ်သပ်ကုန်ပြီဟုပင် ခံစားရသည်။ ချွေးတွေရွှဲပြီး ရှူးရှုးရှဲရှဲ မာန်ဖီနေသော သားရိုင်းလို ကောင်ကြီးအောက်မှာ ပြုတိုင်းနုရင်း ဧ တယောက် ပန်းကလေးကိုလည်း စိတ်မပူနိုင်တော့၊ ဧည့်သည်က ကုန်းပြီး ဧ နှုတ်ခမ်းတွေကို နမ်းလိုက်တော့ ရင်တွေ ကွဲကြေသလို ခံစားရပြီး မျက်ရည်တွေ ထိန်းမရအောင် စီးကျလာသည်။


ဧည့်သည်က မမြင်တာလား၊ ဂရုမစိုက်တာလား မသိ၊ သူ့အလုပ်သူမပျက်၊ ဧ ကသာ ကွဲကြေနေတဲ့ရင်တွေအပေါ်က သူ ခဏခဏ ပွတ်သပ်ဖူးတဲ့ ဧ ရင်သားတွေ အကြောင်း၊ မနေတတ် မထိုင်တတ် ကုန်းပေါ်တက်ပြီး ချစ်တဲ့သူနောက်လိုက်မ်ိလို့ ပူစီဖောင်း ဖြစ်သွားတဲ့ ရေသူမလေး ဧယီရယ်အကြောင်း၊ သူ့ရဲ့ ပျောက်သွားတဲ့ ဇွန်းလေးအကြောင်း  တွေးရင်း မှန်တချပ်လို တစစီ ကျိုးကြေကွဲအက်လာသည်။


တချိန်ချိန်တွင်တော့ သူ့အတွက် ဧ က ဇွန်းလေး တချောင်းဖြစ်နေနိုင်သည်။ သူပြောသလို ဇွန်းက ဇွန်းအလုပ် လုပ်တဲ့အခါကျ သတိမထားမိပဲ တကယ်အနားမှာ မရှိတော့တဲ့အခါကျမှ သတိရ လွမ်းဆွတ်မိသလိုမျိုး ဧ ကို တနေ့ ဇွန်းတချောင်းလို လွမ်းဆွတ်ပြီး ပြန်လာနိုင်သည်မလားဟု မဖြစ်နိုင်သော်လည်း အားပေးမိသည်။ 

ဒီလိုနဲ့ တနေ့တနေ့ သူပြန်ရောက်လာရင်လည်း အဝါရောင်ဂါဝန်လေး ဝတ်ကြိုရင်း ဘာနဲ့ လာတာလဲ မေးရုံပဲပေါ့လို့ နာနာကျဉ်ကျဉ် တွေးရင်းနဲ့ပဲ အပေါ်က သားရိုင်းကြီးကို  အား အရမ်းနာတယ် ဖြည်းဖြည်းနော် သူတအားကြမ်းတယ်လို့ ပြောလိုက်ရသည်။  ခေါင်းအုံးတခုလုံးကတော့ မျက်ရည်တွေ ရွှဲလို့ပေါ့။


ရေးသားသူ - Teno

No comments: