Thursday, January 19, 2023

HIV ပိုးနဲ့ ပတ်သက်လာရင် သိထားသင့်တဲ့ ကာကွယ်နည်းတချို့

HIV ပိုးနဲ့ ပတ်သက်လာရင် သိထားသင့်တဲ့ ကာကွယ်နည်းတချို့




အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံရနှုန်းတွေ ပြန်များလာပြီဆိုတဲ့ သတင်းတွေ နည်းနည်းစိပ်လာတာကို သတိထားမိပါတယ်။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပြဿနာတွေ ကြားထဲမှာ ခြားသွားတာကြောင့် လူတွေ အနီးကပ်ထိတွေ့ဆက်ဆံမှုတွေ နည်းသွားတော့ အခုလိုအချိန်မျိုးမှာ မပျော်ခဲ့ရတဲ့အချိန်တွေအတွက် အတိုးချပျော်ရင်းကနေ မဖြစ်သင့်တာတွေ ဖြစ်ရတာပါပဲ။ ပိုဆိုးတာက ကျွန်တော်တို့နိုင်ငံမှာ Sex Education - လိင်ကျန်းမာရေးလည်း မသင်ကြသလို၊ ဗဟုသုတတွေ ဝေမျှပေးနေရင်လည်း ဝေဖန်သူက ပိုများနေတဲ့အခါ ထိရောက်မှုတွေ နည်းသွားတာပေါ့။


ဒီတော့ မုန်းလက်စနဲ့ အမုန်းခံပြီးတော့ပဲ ဒီဆောင်းပါးလေးကို ရေးလိုက်ပါရစေခင်ဗျာ။ HIV နဲ့ ပတ်သက်လို့ အရင်ကလည်း ခဏခဏရေးခဲ့ဖူးတာဖြစ်လို့ ဒီတစ်ခေါက်မှာ ဘယ်လိုကာကွယ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။


၁။ ကွန်ဒုံးသုံးပါ။


အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရတာ အရေးမကြီးပါဘူး။ အလွှာပါးမခံလို့ ပိုးကူးပြီး ရောဂါတွေ ရမှာ အသက်ပါခြားသွားမှာကို သတိရပါ။ ခုပြောပြမယ့် နည်းလမ်းတွေထဲမှာ ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းကသာ ၉၉% အထိ HIV အပြင် မလိုအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အားလုံးကို ကာကွယ်ပေးနိုင်ပါတယ်။


ကွန်ဒုံးဆိုတဲ့နေရာမှာ မိန်းမကိုယ်၊ စအိုကို ထိုးသွင်းဆက်ဆံမှုအပြင် တတ်နိုင်ရင်တော့ ပါးစပ်လေးနဲ့ အရသာခံပြီး ပြုစုရတဲ့ Blowjob လို Oral Sex မှာပါ သုံးနိုင်ရင် ပိုကောင်းပါတယ်။ Oral Sex ဟာ လိင်မှုကိစ္စတွေထဲမှာ ရောဂါပိုးကူးစက်မှုအနည်းဆုံးဆိုပေမယ့် တဏှာမွှန်ပြီး အရသာခံလို့ စားသုံးနေချိန်မှာ ပါးစပ်ထဲ အနာတွေဖြစ်နေလား၊ သွားတိုက်နေရင်း ထိခိုက်ပွန်းပဲ့မိတာတွေ ရှိခဲ့လား၊ ရောဂါတွေ ရှိနေလားဆိုတာ ဘယ်သူမှ တွေးမိမှာ မဟုတ်ပါဘူး။ ဒီတော့ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကွန်ဒုံးသုံးပါ။ ရိုးရိုးကွန်ဒုံးတွေ မကြိုက်ရင် Blowjob အတွက် သီးသန့်ထုတ်ထားတဲ့ အသီးအရသာ ကွန်ဒုံးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။




၂။ PEP ဆေးသောက်ပါ။


ဒါကတော့ အရေးပေါ် HIV ကာကွယ်ဆေးလို့ ပြောလို့ရပါတယ်။ PEP လို့ အလွယ်ခေါ်ပြီး အရှည်ကောက်ကတော့ Post-Exposure Prophylaxis လို့ အမည်ရပါတယ်။ ညီလေးတို့၊ ညီမလေးတို့ ကလပ်မှာ နည်းနည်းကောင်းသွားရင် အလန်းလေးနဲ့ ညဘက်အားရပါးရကဲခဲ့ပြီးတော့မှ မနက်မိုးလင်းလို့ ဘာဖြစ်ခဲ့မှန်း သေချာမသိ၊ ကဲခဲ့တဲ့ အလန်းလေးလည်း အနားမှာမရှိ၊ ကိုယ့်စိတ်ထဲ မသိုးမသန့်ဖြစ်နေရင်တော့ ဒီဆေးကို လိင်ဆက်ဆံပြီးချိန်ကနေ (၇၂) နာရီအတွင်း သောက်ပေးပါ။ စောသောက်ပေးရင်တော့ ပိုကောင်းတာပေါ့ဗျာ။


နောက်ထပ် ဘယ်သူတွေ သောက်ပေးသင့်လဲဆိုရင် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတဲ့အခါ HIV ပိုး မကူးခံရစေဖို့ သောက်ပေးနိုင်ပါတယ်။ ဒီလိုမျိုး အဓမ္မပြုကျင့်မှုတွေကတော့ အရင်ကတည်းက အခုထိ အမြဲရှိနေဆဲမို့ ဖြစ်လာတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ သက်ဆိုင်ရာကို စုံစမ်းတိုင်ကြားပြီး ကိုယ့်ဘက်က ဆက်လုပ်သင့်တာကို ဆက်လုပ်သွားဖို့နဲ့ မလိုအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို စောစောကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။




၃။ PrEP ဆေးကို ပုံမှန်သောက်ပေးပါ။


ဒီဆေးရဲ့ အတိုကောက်ကတော့ PrEP ဖြစ်ပြီး Pre-Exposure Prophylaxis လို့ အမည်ရပါတယ်။ အဓိကအာနိသင်ကတော့ HIV ပိုးကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ နေ့စဉ် အားဆေးသောက်သလို ပုံမှန်သောက်ပေးရတဲ့ ဆေးပါ။ ဆေးရပ်လိုက်ရင်လည်း ကာလတစ်ခုထိကြာအောင် ကာကွယ်နိုင်စွမ်း ရှိပေမယ့် တတ်နိုင်ရင်တော့ ဒီဆေးကို နေ့စဉ်ပုံမှန်မှီဝဲပေးမယ်ဆိုရင်တော့ လိင်အပျော်အပါးလိုက်စားတတ်သူတွေအတွက် HIV ပိုးမကူးခံရစေဖို့ အာမခံတစ်ခု ရတာပေါ့ဗျာ။


၄။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သေချာရွေးချယ်ပါ။


အကယ်လို့ ကိုယ်က လိင်အပျော်အပါးလိုက်စားရတာကိုမှ ကြိုက်နှစ်သက်တယ်၊ အနှောင်အဖွဲ့တွေ သိပ်ပြီးစိတ်မဝင်စားဘူးဆိုရင်တော့ အတည်တကျ Sex Partner တွေကို သဘောတူညီချက်နဲ့ ထားထားပါ။ ဒီလိုထားထားခြင်းက သူနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှတ်တမ်း၊ လိင်ဆက်ဆံခဲ့တဲ့ ရာဇဝင်တွေကို သိစေတဲ့အတွက် ဆက်ဆံရတာလည်း ပိုပြီး စိတ်ဖြောင့်ပါတယ်။


ဒီလိုမှမဟုတ်ဘူး။ ကိုယ်က မြင်ရာနေရာမှာ အလန်းလေးကို တွေ့လို့ စားဖို့ပဲ ဖန်မယ်ဆိုရင်တော့ အပြင်ပန်းဒီဇိုင်းလောက်ကိုပဲ ကြည့်ပြီး မီးနီမဖြတ်ဖို့ မှာချင်ပါတယ်။ တတ်နိုင်ရင်တော့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။


ရှောင်ရန်တွေအနေနဲ့ တစ်ယောက်ထက်ပိုပြီး အုပ်စုဖွဲ့လိင်ဆက်ဆံတာမျိုး၊ ဆေးထိုးအပ်တွေ မျှဝေသုံးတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုးတွေကိုတော့ လုံးဝရှောင်ပေးပါ။ (၃) လ တစ်ကြိမ် ပုံမှန်သွေးစစ်ဖို့ မမေ့ပါနဲ့။ အားလုံးပဲ ဘေးကင်းလုံခြုံရတဲ့ ဘဝမှာ လိင်မှုအနှစ်သာရတွေကို အပြည့်အဝ ခံစားနိုင်ကြပါစေခင်ဗျာ။




(ရဲမျိုးမြတ်)

No comments: