Thursday, January 5, 2023

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်



(Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel မှ ရေးသားသည်။)

#အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါ နဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ကျွန်တော်တို့ မြန်မာစကားမှာလည်း ယောက်ျားလေး လိင်အင်္ဂါကို နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြသလို အင်္ဂလိပ်စကားမှာလည်း todger, wang, willy, dangler စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။


လိင်အင်္ဂါတွေဟာ တစ်ခြား အင်္ဂါတွေလိုပုံမှန်မဟုတ်သလို ထင်ရပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်စု ရှင်သန်ရေးအတွက် အဓိကကျတဲ့ ခန္ဓါကိုယ်အစိတ်ပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတွေဟာ ဆင့်ကဲ့ဖြစ်စဉ်ထဲမှာ ကောင်းကောင်းပါဝင်ခဲ့တဲ့ အင်္ဂါတွေ ဖြစ်ပြီး လူသားမျိုးနွယ်အစကနေ ယခုလက်ရှိအချိန်ထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။

လူသားမျိုးနွယ်အစ ဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အစောဆုံး အထီး လိင်အင်္ဂါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၂၅ သန်းခန့် ကျောရိုးမဲ့ အခွံမာ ရေနေသတ္တဝါ တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမှာတွေ့ခဲ့ရတာ ဖြစ်ပြီး ဂရိလို Colymbosathon ecplecticos လို့ အမည်ရပါတယ်။ မြန်မာလို့ အဓိပ္ပါယ်အရတော့ ဝှေးစေ့ကြီးနဲ့ အံ့အားသင့်ဖွယ်ရာ ရေနေသတ္တဝါလို့ ဘာသာပြန်ရမှာပါ။

ဒါကတော့ အမျိုးသား မျိုးပွားအင်္ဂါနဲ့ပတ်သတ်ပြီး သိကောင်းစရာအချက်တစ်ချက်ဖြစ်ပြီး ဒီဆောင်းပါးမှာတော့ ဖိုလိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို Hellosayarwon စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက်တွေက ဘာတွေများလဲ။

၁။ အမျိုးသားတွေရဲ့ လိပ်အင်္ဂါဟာ မမွေးခင်ကတည်းက ထောင်မတ်နေတာပါ။
အမျိုးသား လိင်အင်္ဂါတွေဟာ မွေးကတည်းက အဆင်သင့် ဖြစ်နေကြတာပါ။ ယောက်ျားလေးတွေအနေနဲ့ မိခင်ဝမ်းမှာကတည်းက ထောင်မတ်နေတဲ့ ဖြစ်စဉ်မျိုးတွေဟာ ရှိတတ်ပါတယ်။ မမွေးခင်ကတည်းက တစ်ချို့သော ultrasound scan တွေမှာဆိုရင် သန္ဓေသားရဲ့ လိင်အင်္ဂါက ထောင်မတ်နေတာမျိုးကို တွေ့ရှိခဲ့ကြဖူးပါတယ်။

၁၉၉၁ ခုနှစ်က လေ့လာချက်အရတော့ သန္ဓေသားလိင်အင်္ဂါထောင်မတ်ခြင်းကို REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေမက်တဲ့ အိပ်စက်ချိန်တွေမှာ အတွေ့များကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် ဒီလို ထောင်မတ်ခြင်းဟာ တစ်နာရီအတွင်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် သန္ဓေသားဘဝမှာတောင် ထောင်မတ်နေရလဲဆိုတာ သေချာမသိရသေးပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်က ကိုယ်လက်အင်္ဂါတွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လားဆိုတာ စမ်းသပ်ကြည့်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

၂။ သင့်ရဲ့ လိင်အင်္ဂါဟာ သင်ထင်ထားတာထက် ၂ ဆရှည်လျားပါတယ်။

ယောက်ျားလေးတွေ အမြဲတမ်းခေါင်းစားရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ လိင်အင်္ဂါရဲ့ အရှည်နဲ့ပတ်သက်တဲ့ အချက်တစ်ချက်ပါ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ လိင်အင်္ဂါဟာ ထင်ထားတာထက် ၂ ဆ ပိုရှည်ပါတယ်။ လိင်အင်္ဂါအရှည်တစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ အထဲမှာ ရှိနေပါတယ်။

သင်ကတော့ ဒီကျန်တဲ့ အရှည်တစ်ဝက်ကို ခန္ဓါကိုယ်ထဲက ဆွဲထုတ်လိုက်ရင် ပိုကောင်းမှာပဲ လို့ထင်မိနိုင်ပေမယ့် ဒီအလျားတစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရှိနေတာ ဖြစ်ပါတယ်။ ထောင်မတ်ပေးနိုင်တဲ့ တစ်ရှုးတွေဟာ corpus cavernosum နဲ့ corpus spongiosum လို့ခေါ်တဲ့ ထောင်မတ်တစ်ရှုး ၂ မျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၃။ ခြေထောက်ဆိုဒ်နဲ့ လိင်အင်္ဂါအရွယ်အစားရဲ့ ဆက်နွယ်မှု။

BJU International ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လိင်အင်္ဂါအရွယ်အစားနဲ့ ခြေထောက်ဆိုဒ်တို့ ကြားဆက်နွယ်မှု တစ်ခုမှ မရှိကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

အရင်တုန်းက လေ့လာချက် အဟောင်းတစ်ခုဖြစ်တဲ့ ၁၉၉၃ ခုနှစ်က လေ့လာချက်တစ်ခုမှာ ကျွန်တော်တို့ရဲ့ လိင်တံအရွယ်အစားဟာ အရပ်နဲ့ ခြေထောက်အလျားဆိုဒ်တို့နဲ့ ဆယ်နွယ်နေကြောင်းတွေ့ရှိခဲ့တယ်ဆိုပေမဲ့ ဒီဆက်နွယ်မှုဟာ အတိအကျမဟုတ်တဲ့ ဆက်နွယ်မှုသာ ဖြစ်ပြီး လေ့လာသူတွေကလည်း ခြေထောက်ဆိုဒ်တွေ ကိုကြည့်ပြီး လိင်တံရဲ့အရွယ်အစားကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လေ့လာခဲ့တဲ့ International Journal of Impotence Research ရဲ့ လေ့လာချက်အရလည်း လိင်တံရဲ့အလျားနဲ့လုံးပတ်ဟာ အသက်အရွယ်၊ အရပ်နဲ့ လက်ညိုးတို့နဲ့ ဆက်နွယ်နေပြီး ခြေထောက်ဆိုဒ်နဲ့တော့ မဆက်နွယ်နေကြောင်းတွေ့ရှိခဲ့ပါတယ်။

၄။ ညဘက်အချိန်ထောင်မတ်ခြင်း။

ယောက်ျားလေးအများစုဟာ တစ်ညမှာ အနည်းဆုံး ၃ ကြိမ်ကနေ အများဆုံး ၅ ကြိမ်အထိ ထောင်မတ်နိုင်ပြီး REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေ မက်တဲ့ အိပ်စက်ချိန်တွေမှာ အဖြစ်များပါတယ်။ ဒီလို ညဘက်အချိန်ထောင်မတ်ခြင်းကို Morning wood လို့အများအားဖြင့်ခေါ်ကြပြီး ဆေးပညာအခေါ်အရ ညဘက်အချိန် လိင်အင်္ဂါထောင်မတ်ခြင်း (nocturnal penile tumescence (NPT)) လို့ခေါ်ဝေါ်ကြပါတယ်။ ဒီ NPT ဖြစ်ရခြင်းအကြောင်းရင်းကို အတိအကျမသိရပေမဲ့ ထောင်မတ်ခြင်းဟာ ဆီးသွားခြင်းကို တားမြစ်ပေးနိုင်တဲ့အတွက် ညဘက်အချိန် အိပ်ယာထဲမှာ ဆီးမသွားအောင် ကာကွယ်ပေးဖို့အတွက် ထောင်မတ်တာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ပြည့်နေတဲ့ ဆီးအိတ်တစ်ခုဟာ ထောင်မတ်ခြင်းကိုဖြစ်စေနိုင်တဲ့ အာရုံကြောတွေနဲ့ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေလည်း NCT လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါ ထကြွခြင်း (nocturnal clitoral tumescence) ဖြစ်တတ်တဲ့အတွက် အိပ်ယာထဲမှာ ဆီးပေါက်ချခြင်းကို ကာကွယ်ရန်တစ်ခုတည်းအတွက်တော့ ထောင်မတ်တာ မဟုတ်ပါဘူး။

ဒါအတွက် နောက်ထပ်ရှင်းလင်းချက်တစ်ခုကတော့ REM Sleep ဖြစ်နေချိန်မှာ သွေးဖိအားကို မြှင့်တတ်စေတဲ့ noradrenaline ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ ဦးနှောက်အောက်ဘက်ပိုင်းက ဆဲလ်တွေကို ပိတ်လိုက်ပါတယ်။ ဒီဆဲလ်တွေက လိင်တံထောင်မတ်ခြင်းကို တားမြစ်ပေးတဲ့ ဆဲလ်တွေပါ။ ဒါ့ကြောင့် လိင်တံထောင်မတ်ခြင်းကို တားမြစ်ထားတဲ့ ဆဲလ်တွေကို ပိတ်လိုက်တဲ့အခါမှာ လိင်တံက ထောင်မတ်လာတာ ဖြစ်ပါတယ်။

ညဘက်အချိန် လိင်တံထောင်မတ်ခြင်းနောက်ကွယ်က အကြောင်းရင်းတွေ ဘာတွေပဲဖြစ်နေဖြစ်နေ ဒီလိုထောင်မတ်ခြင်းတွေဟာ ရောဂါအမည်ဖော်ထုတ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ပုံမှန်အချိန်မှာ လိင်တံကထောင်မတ်ဖို့ခက်ခဲနေပြီး အိပ်နေတဲ့အချိန်မှာတော့ ထောင်မတ်တတ်တယ်ဆိုရင် ဒါဟာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ ပြဿနာထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်တာပါ။ သို့ပေမဲ့ အိပ်နေတဲ့အချိန်မှာလည်း ထောင်မတ်ခြင်းမရှိဘူးဆိုရင်တော့ ဒါဟာ ခန္ဓါကိုယ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာပါ။

၅။ လိင်တံဟာ သေတဲ့အချိန်မှာတောင် ထောင်မတ်နေနိုင်ပါတယ်။

အထက်မှာ ပြောထားခဲ့အချက်တွေအရ ယောက်ျားလေးတွေ အများစုဟာ မိခင်ဝမ်းထဲရှိနေစဉ်ကာလနဲ့ အိပ်နေချိန်မှာတောင် ထောင်မတ်နိုင်ကြောင်း သိရှိခဲ့ကြပါပြီ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ လိင်တံဟာ သေဆုံးတဲ့ အချိန်မှာတောင် ထောင်မတ်နိုင်တယ်ဆိုတာပါပဲ။ ဒီလို ထောင်မတ်ခြင်းဟာ သေဆုံးပြီး ခဏအကြာမှာ ဖြစ်ပွားနိုင်ပြီး အများစုကတော့ ဆွဲကြိုးချသတ်သေတဲ့ ယောက်ျားလေးတွေမှာ အဖြစ်များကြောင်း တွေ့ရှိရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ဆွဲကြိုးချရာမှာ အသုံးပြုတဲ့ကြိုးက cerebellum လို့ခေါ်တဲ့ ဦးနှောက် အနောက်အောက်ဘက်က အစိတ်အပိုင်းကို ဖိအားသက်ရောက်လိုက်တဲ့အတွက် ဖြစ်ရတာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ဒီလို နောက်ဆုံးအကြိမ်ထောင်မတ်ခြင်းဟာ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ လူနာတွေ၊ အဓိကသွေးကြောတွေ ပျက်ဆီးသွားတဲ့ လူနာတွေ၊ အဆိပ်ခတ်ခံရတဲ့ လူနာတွေမှာလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

၆။ လိင်တံဟာလည်း ကျိုးနိုင်ပါတယ်။

နို့တိုက်သတ္တဝါတွေရဲ့ လိင်တံတွေမှာ အရိုးမရှိတာကို သင်လည်း သိပြီးသား ဖြစ်မှာပါ။ အရိုးမရှိပေမဲ့လည်း သင့်ရဲ့ လိင်တံဟာ ကျိုးနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လိင်တံကျိုးတဲ့ ဖြစ်စဉ်တွေဟာ ပြင်းထန်အားပါတဲ့ လိင်ဆက်ဆံချိန်တွေမှာ ဖြစ်ပွားနိုင်ပြီး လိင်တံကျိုးခြင်း (Penile fracture) ဆိုတဲ့ ဖြစ်စဉ်တွေဟာ ထောင်မတ်ပေးနိုင်တဲ့ တစ်ရှုးတွေဖြစ်တဲ့ corpora cavernosa တစ်ရှုးတွေကို ဖုံးပေးထားတဲ့ ဖိုင်ဘာမျှင်တွေ အက်ကွဲခြင်းကို ပြောတာ ဖြစ်ပါတယ်။ ဒီတစ်ရှုးတွေဟာ သွေးတွေ ပြည့်လာတဲ့အခါမှာ ထောင်မတ်မာကျောလာတဲ့ တစ်ရှုးတွေလည်း ဖြစ်ပါတယ်။

လိင်တံကျိုးတဲ့ အချိန်မှာ ကျိုးအက်တဲ့ အသံတွေ၊ အပြင်းအထန်နာကျင်ခြင်း၊ ယောင်ကိုင်းခြင်းနဲ့ ပျော့တွဲသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ချက်ကတော့ ဒီလို လိင်တံကျိုးတဲ့ဖြစ်စဉ်တွေဟာ ဖြစ်ရိုးဖြစ်ထ သိပ်မရှိဘဲ အလျင်အမြန်ကုသနိုင်မယ်ဆိုရင် အရင်လို လုပ်ဆောင်ချက် အားလုံးကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော သင်လည်း လိင်တံကျိုးခဲ့မယ်ဆိုရင် ဆေးခန်းသွားရမှာ ရှက်ကြောက်နေစရာမလိုပါဘူး။ အလျင်အမြန်ဆေးရုံသွားမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေများပါတယ်။ လိင်တံကျိုးရခြင်းနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ လိင်တံကျိုးဖြစ်စဉ် ၄၂ ခုကို လေ့လာခဲ့ရာမှာတော့ အန္တရာယ်အများဆုံး လိင်ဆက်ဆံပုံဟာ အမျိုးသမီးက အပေါ်မှာ ရှိနေတဲ့ လိင်ဆက်ဆံပုံဖြစ်တယ်လို့ ဆိုပါတယ်။

၇။ ဦးနှောက်က ထိန်းချုပ်လို့မရပါဘူး။

ယောက်ကျားလေးအများစုဟာ သုတ်လွှတ်တဲ့အချိန်ကို မထိန်းချုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သုတ်လွှတ်တာကို ထိန်းချုပ်တာ ဦးနှောက်ကမဟုတ်လို့ပါ။ သုတ်လွှတ်အချက်ပြခြင်းကို လုပ်ဆောင်တာဟာ SEG [spinal ejaculation generator] လို့ခေါ်တဲ့ ကျောရိုးမှာရှိတဲ့ သုတ်လွှတ်ခြင်းကို ထိန်းချုပ်တဲ့ နာဗ်ကျောများဖြစ်ပါတယ်။

ကျောရိုးမှာရှိတဲ့ SEG အပိုင်းဟာ သုတ်လွှတ်ရာမှာ လိုအပ်တဲ့ လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်ပါတယ်။ သို့ပေမဲ့လည်း ကျွန်တော်တို့ ဦးနှောက် က သုတ်လွှတ်တဲ့ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိနိုင်ပါသေးတယ်။ ဥပမာပြောရမယ်ဆိုရင် သုတ်လွှတ်ခါနီး တစ်ခြားအကြောင်းအရာတစ်ခုကို တွေးလိုက်ခြင်းက သုတ်လွှတ်ခြင်းကို ကြာစေနိုင်တယ်ဆိုတာ လူတော်တော်များများလည်းသိကြပါတယ်။ ဒါပေမဲ့ အခြေခံလုပ်ဆောင်ချက်အားလုံးကိုတော့ ကျောရိုးနဗ်ကြောကပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။

၈။ ဘယ်လို ထောင့်ဒီဂရီထောင်မတ်ကြသလဲ။

ကျားလိင်တံဟာ ပုံမှန်အရပြောရမယ်ဆို ဒီဂရီထောင့်ပေါင်းစုံထောင်မတ်နိုင်ပါတယ်။ တည့်တည်ထောင်မတ်တာမျိုး၊ ဘယ်၊ ညာစောင်းပြီးထောင်မတ်တာမျိုး အပေါ်အောက်ထောင်မတ်တာမျိုး စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုထောင်မတ်ခြင်းကမှ အမှန်လို့ ယူဆလို့မရပါဘူး။ ပုံသေထောင်မတ်တဲ့ ပုံစံမျိုးလည်း မရှိပါဘူး။ အောက်က အချက်အလက်တွေဟာ လိင်တံထောင်မတ်တဲ့ အမျိုးသာ ၁၅၆၅ ယောက်ကို စစ်ဆေးခဲ့တဲ့လေ့လာချက်တစ်ခုမှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

ပုံထဲကလိုဆိုရင် လိင်တံက အပေါ်ကို ထောင်မတ်နေမယ်ဆိုရင် ၀ ဒီဂရီလို့ ခေါ်ဆိုပြီး ရေပြင်ညီအတိုင်း ဖြစ်နေမယ်ဆိုရင်တော့ ၉၀ ဒီဂရီလို့ခေါ်ဆိုရမှာပါ။ စစ်တမ်းအရတော့-

0–30 ဒီဂရီ – 4.9 ရာခိုင်နှုန်း
30–60 ဒီဂရီ – 29.6 ရာခိုင်နှုန်း
60–85 ဒီဂရီ – 30.9 ရာခိုင်နှုန်း
85–95 ဒီဂရီ – 9.9 ရာခိုင်နှုန်း
95–120 ဒီဂရီ – 19.8 ရာခိုင်နှုန်း
120–180 ဒီဂရီ – 4.9 ရာခိုင်နှုန်း ရှိကြောင်းတွေ့ခဲ့ရပါတယ်။
လိင်တံဟာ ရွဲ့စောင်းပြီး ထောင်မတ်နေမယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အနည်းငယ်သော လိင်တံများဟာသာဖြောင့်တန်းပြီး ကျန်လိင်တံတွေကတော့ ဘယ်ဘက်ကိုမဆို ရွဲ့နေနိုင်ပါတယ်။ ၃၀ ဒီဂရီလောက်အထိ ရွဲ့နေမယ်ဆိုရင်တောင် ပုံမှန်လို့ သတ်မှတ်လို့ရပါသေးတယ်။

၉။ ပိုပြီး ကြီးလာသလား။

အမျိုးသားပေါင်း ၂၇၄ ယောက်ကို လေ့လာခဲ့တဲ့ စစ်တမ်းအရ ပျော့ခွေနေတဲ့ လိင်တံအလျားနဲ့ ထောင်မတ်ချိန်အလျားနဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ တစ်ချို့ အမျိုးသားလိင်တံတွေက ပျော့ခွေနေတဲ့ အချိန်မှာ သေးနေပေမဲ့ ထောင်မတ်ချိန်မှာတော့ ပိုကြီးလာကြပါတယ်။ တစ်ချို့တွေကြတော့ ပျော့ခွေနေတဲ့အချိန်မှာ ကြီးမားနေပြီး ထောင်မတ်တဲ့အချိန်မှာလည်း အနည်းငယ်သာကြီးကြပါတယ်။ တစ်ချို့တွေကြတော့ ပျော့ခွေနေတဲ့ အချိန်ပဲဖြစ်ဖြစ် ထောင်မတ်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ် သေးနေပြီး တစ်ချို့ကတော့ ထောင်မတ်တဲ့အချိန်ရော ပျော့ခွေတဲ့ အချိန်ရောကြီးမားကြပါတယ်။ ဒါဟာ အမျိုးမျိုးရှိနိုင်ပါတယ်။

၁၀။ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက အာသာဖြေချင်စိတ်ကို တားဆီးပေးနိုင်ပါတယ်။

ပြောင်းဖူးများက ကျွန်တော်တို့နိုင်ငံမှာ သိပ်မစားကြတဲ့အတွက် ပါးစပ်ပြောစကားတွေ အများအပြားထွက်မလာပေမဲ့ အနောက်နိုင်ငံမှာတော့ ဒီလို ပါးစပ်ပြောစကားတွေရှိ ခဲ့ပါတယ်။ ဒီလို ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တဲ့ဆိုတဲ့အယူအဆဟာ ၁၈၅၂ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ အမေရိကန် ဆရာဝန်၊ အာဟာရဗေဒပညာရှင် ဂျွန် ဟာဗေး ကဲလောဂ် (John Harvey Kellogg) က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟာဗေးဟာ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေက လိင်စိတ်ကို တားဆီးပေးနိုင်တယ်ဆိုပြီး Corn Flakes ကို ၁၈၉၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ ဒီလို ပြောင်းဖူး ကထုတ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တယ်ဆိုပြီး ခေတ်စားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘာမှမဆိုင်ဘူးဆိုတာ သိလာကြတဲ့အတွက် ဒီလို အယူအဆတွေ မရှိကြတော့ပါဘူး။

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် တွေကို သိရှိလောက်ပြီ ထင်ပါတယ်။

Writer – Arkar Hein

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Ref : https://www.medicalnewstoday.com/articles/320748.php

https://www.medscape.com/viewarticle/873231

https://en.wikipedia.org/wiki/Corpus_cavernosum_penis

https://en.wikipedia.org/wiki/John_Harvey_Kellogg

No comments: