Saturday, July 20, 2024

အမျိုးသားကိုယ်လုပ်တော် တင်မြှောက်ခဲ့တဲ့ မင်းသမီး

 အဆင်လေးကို ကိုယ်လုပ်တော်တင်မြှောက်ခဲ့တဲ့ သမိုင်းထဲက မင်းသမီး


တရုတ်သမိုင်းထဲတွင် အမျိုးသားကိုယ်လုပ်တော်များကို တင်မြှောက်ခဲ့သော တော်ဝင်မင်းသမီးတစ်ပါး ရှိခဲ့ဖူးသည်။ သူမ၏ အမည်မှာ လျိုချူယွီ (劉楚玉) ဖြစ်ပြီး တောင်-မြောက်မင်းဆက်များခေတ်ကာလ၊ လျိုစုန့်တိုင်းပြည် (劉宋時代 420-479) မှ မင်းသမီးဖြစ်သည်။ သူမ၏ မင်းသမီးဘွဲ့အမည်မှာ စန်းယင်မင်းသမီး (山陰公主) ဖြစ်ပြီး နောက်ပိုင်းတွင် အဆင့်အတန်းပိုမြင့်သော ကွေ့ကျီးမင်းသမီး (會稽公主) အဖြစ် ချီးမြှင့်ခံရလေသည်။ 


လျိုချူ၏ ဘဝ


လျိုချူယွီသည် လျိုစုန့်ဧကရာဇ် ရှောက်ဝူ(劉宋孝武帝) နှင့် မိဖုရားခေါင်ကြီး ဝမ်ရှန့်ယွမ် 王憲嫄 တို့၏ သားသမီး ၆ ယောက်ထဲတွင် သမီးတော်ကြီး ဖြစ်သည်။ လျိုချူယွီ၏ မွေးနှစ်သက္ကရာဇ်ကို တရုတ်နန်းတွင်းထုံးစံအရ မှတ်တမ်းမတင်သောကြောင့် မသိရှိရပေ။ ရှောက်ဝူဧကရာဇ် လက်ထက်တော်၌ လျိုချူယွီကို စန်းယင်မင်းသမီးဘွဲ့ပေးကာ နန်းတွင်းအမတ်ကြီး ဟယ်ရန် 何偃 ၏ သားတော် ဟယ်ကျီ 何戢 နှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ 


၄၆၄ ခုနှစ်၌ လျိုချူယွီ၏ ဖခမည်းတော် ရှောက်ဝူဧကရာဇ် နတ်ရွာစံသွားခဲ့သောကြောင့် သူမ၏ မောင်ငယ်လေး လျိုကျစ့်ရဲ့ (劉子業) သည် ချမ်ဖေ့ဧကရာဇ် 劉宋前廢帝 အဖြစ် နန်းတက်လာခဲ့သည်။ သူမ၏ မောင်ငယ်သည် သူမကို ချစ်ခင်သောကြောင့် မောင်နှမများထဲတွင် သူမတစ်ဦးတည်းသာ နန်းတော်ပြင်ပမှ နန်းတွင်းထဲသို့ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်နိုင်လေသည်။ တစ်နေ့သောအခါ လျိုချူယွီက ချမ်ဖေ့ဧကရာဇ်ကို “ငါတို့ဟာ ခမည်းတော်တစ်ပါးတည်းမှ မွေးဖွားလာတဲ့သူများ ဖြစ်ပါလျက် အဘယ်ကြောင့် ငါတို့၏ (လိင်) ဖြစ်တည်မှုကြောင့် ရပိုင်ခွင့်များ ကွာခြားကုန်ရသနည်း။ မောင်ငယ် နင့် နန်းတော်ထံပါးမှာတော့ဖြင့် မောင်းမမိဿံ ၁၀၀၀၀ ကျော်ရှိပါလျက်နှင့် ငါ့ထံမှာတော့ လင်ကောင်တစ်ယောက်သာ ရှိပေမယ်။ ဒါကတော့ လုံးဝမမျှတပေ” ဟု ဆိုလေသည်။ 




ထိုအခါ ချမ်ဖေ့ဧကရာဇ်သည် ချက်ချင်းပင် ရုပ်ရည်ချောမောလှပသော အမျိုးသား ၃၀ ကို ကိုယ်လုပ်တော်အဖြစ် လျိုချူယွီထံသို့ ပေးအပ်ပြီး ထိုကိုယ်လုပ်တော်များကို မြန့်ရှို (面首 - အဆင်လေး/ လင်ငယ်လေး) ဟု ခေါ်တွင်စေသည်။ ထိုမှစ၍ တရုတ်သမိုင်းထဲမှ 面首 အသုံးအနှုန်းသည် အမျိုးသမီးတို့၏ ချစ်မြတ်နိုးသော အမျိုးသားအဆင်လေးများကို ခေါ်ဝေါ်သည့် အသုံးအနှုန်း ဖြစ်လာခဲ့သည်။ ချမ်းသာသောအမျိုးသမီးများ သူတို့၏ ဘေးတွင်း အဆင်လေးများကို ထားရှိပါက ထိုသူများကို 面首 ဟု ယဉ်ယဉ်ကျေးကျေး သုံးနှုန်းကြလေသည်။ မောင်ငယ် ချမ်ဖေ့ဧကရာဇ်သည် အစ်မတော် လျိုချူယွီ၏ ဂုဏ်သိက္ခာကို မထိပါးဝံ့စေရန် အဆင့်အတန်းကို မြှင့်တင်သည့်အနေဖြင့် ကွေ့ကျီးမင်းသမီး (會稽公主) အဖြစ် ချီးမြှောက်ပေးလေသည်။ 


လျိုချူယွီသည် ထိုမျှနှင့် မတင်းတိမ်သေးပဲ ချမ်ဖေ့ဧကရာဇ်ထံခစားနေသော ငယ်ရွယ်ချောမောလှသည့် အလယ်တန်းအရာရှိ ချူယွမ်ကို မြင်သောအခါ ဆွဲစားချင်လာပြန်သည်။ လျိုချူယွီက ဧကရာဇ်ထံသို့ ချူယွမ်ကို သူမ၏ ချစ်သူအဖြစ် ပေးအပ်ရန် တောင်းဆိုလေသည်။ ဧကရာဇ်လည်း ချက်ချင်းသဘောတူလိုက်ပြီး ချူယွမ်ကို အစ်မတော်၏ အိမ်တော်၌ ၁၀ ရက်နေရန် အမိန့်ပေးလိုက်သည်။ လျိုချူယွီသည် ထိုရက်အတွင်း အရာရှိလေးကို ဆွဲဆောင်နိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း ချူယွမ်က သူမနှင့် အတူအိပ်စက်ချစ်တင်းနှောရန် ငြင်းဆန်ခဲ့သောကြောင့် လျိုချူယွီလည်း အလျှော့ပေးလိုက်ရတော့သည်။ 




၄၆၆ ခုနှစ်တွင် ချမ်ဖေ့ဧကရာဇ်ကို သူ၏ ကိုယ်ရံတော် ရှို့ကျိကျစ်း 壽寂之 လုပ်ကြံသောကြောင့် နတ်ရွာစံသွားလေရာ ဦးရီးတော် ရှန်းတုန့်မင်းသား လျိုယွီသည် မင်ဧကရာဇ်အဖြစ် တက်လာခဲ့သည်။ ဦးရီးတော်သည် နန်းမတက်ခင် လျိုချူယွီ၏ ဖွားတော် မယ်တော်ကြီး လုဟွေ့နန်၏ အမည်နာမဖြင့် အမိန့်ထုတ်ပြန်ကာ လျိုချူယွီနှင့် မောင်ငယ်လေး ယွီ့ကျန်းမင်းသား လျိုကျစ့်ရှန်တို့ကို သေဒဏ်ပေးခဲ့သည်။ လျိုချူယွီနှင့် လျိုကျစ့်ရှန်တို့သည် အကျင့်စာရိတ္တပျက်ပြားမှု၊ အကြမ်းဖက်လိုမှုတို့ဖြင့် မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ကြရန် အမိန့်ပေးခဲ့လေသည်။ လျိုချူယွီသည် ၄၆၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အဆုံးစီရင်သွားလေသည်။ 


ကဲ အမျိုးသမီးတို့ အားကျတယ်ဆိုရင် အရင်ဆုံး ချမ်ဖေ့ဧကရာဇ်လို လိမ္မာတဲ့ မောင်လေးတစ်ယောက်ကိုသာ မိဘတွေကို ထပ်မွေးခိုင်းကြပေတော့ဗျာ။ 


#林圛朙「天下第一」

No comments: