Tuesday, July 23, 2024

သက်တံ့ရောင်စုံချစ်ကမ္ဘာက ဟန်ကျစ့်ကောင်း

သက်တံ့ရောင်စုံချစ်ကမ္ဘာက ဟန်ကျစ့်ကောင်း




(韩子高) #ဟန်ကျစ့်ကောင်း


ဟန်ကျစ့်ကောင်းဟာ နန်ပေချောင် တောင်မြောက်မင်းဆက်ခေတ်က ချန်နိုင်ငံရဲ့ ဘုရင် ဝိန့်သိရဲ့ စစ်သူကြီး ဖြစ်ပါတယ်။ ထို့အပြင် သူဟာ ချန်ဝိန့်သိရဲ့ ချစ်သူ အမျိုးသားမိဖုရားလဲ ဖြစ်ပါသေးတယ်တဲ့။ ချန်ဝိန့်သိ ဘုရင်မဖြစ်ခင် ဟန်ကျစ့်ကောင်းဟာ စစ်သားဘဝနဲ့ ချန်ဝိန့်သိထံမှာ စစ်မှုထမ်းခဲ့ပါတယ်။ တရုတ်သမိုင်းရာဇဝင်ထဲမှာတော့ သူတို့ ၂ ဦးရဲ့ လိင်တူချစ်သူဖြစ်တဲ့အကြောင်းကို ရေးသားထားခြင်း မရှိပါဘူး။ ပါးစပ်ရာဇဝင်အဖြစ်သာ တပိုင်းတစ တွေ့ရပါတယ်။ 


ဟန်ကျစ့်ကောင်းဟာ ဟွေချီတောင်ခြေမှာ နေထိုင်တဲ့ အညတရမိသားစုလေးက မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဟန်ကျစ့်ကောင်း ကျင်းတုမှာ နေထိုင်နေစဉ် ဟော့ယင်းပုန်ကန်မှု ဖြစ်ပွာခဲ့ပါတယ်။ ထိုအခါ နောင်တချိန် ချန်ဝိန့်သိဖြစ်လာမယ့် ဟော့ယင်းပုန်ကန်မှုကို နိမ်နင်းပြီး ဝူရှင်းမှာ တပ်စခန်းချထားပါတယ်။ အဲ့အချိန် ဟန်ကျစ့်ကောင်းဟာ အသက် ၁၆ နှစ်ပဲ ရှိသေးပါတယ်။ သူ့ဆံပင်လေးကို ကလေးတစ်ယောက်လို စည်းထားလေ့ရှိပါတယ်။ သူဟာ ချောမောလှပချက်ကတော့ မိန်းကလေး ချောတာထက်ကို ပိုပါတယ်တဲ့။ ချန်ဝိန့်သိဟာ ဟန်ကျစ့်ကောင်းကို ဟွိုင်မြစ်ကမ်းဘေးမှာ ရုတ်တရတ် တွေ့ခဲ့ပါတယ်။ မြင်မြင်ချင်း မိန်းကလေးလို့ ထင်သွားရလောက်အောင် ချောမောလှပတဲ့ ဟန်ကျစ့်ကောင်းကို သူနဲ့အတူ နန်းတွင်းကို ခေါ်သွားချင်ခဲ့တာပေါ့။ ချန်ဝိန့်သိက ဟန်ကျစ်ကောင်းကို "မင်းငါ့အတွက် အမှုတော် မထမ်းပေးချင်ဘူးလား" လို့ တွေ့ဆုံတဲ့အခါ မေးလိုက်ပါတယ်။ ထိုအခါ ဟန်ကျစ့်ကောင်းက သဘောတူပြီး သစ္စာခံယူပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။


ဟန်ကျစ့်ကောင်းရဲ့ မူလအမည်က မုန့်ကျစ့် ဖြစ်ပါတယ်။ ချန်ဝိန့်သိက သူရဲ့ နာမည်ကို ဟန်ကျစ့်ကောင်းလို့ ပြောင်းပေးခဲ့ပါတယ်။ ဟန်ကျစ့်ကောင်းဟာ သဘောထားကောင်းသူ ဖြစ်ပြီး လျှိုဝှက်တာမျိုးမရှိပဲ ဟန်ဆောင်ကင်းသူ တစ်ယောက်ပါ။ ဟန်ကျစ့်ကောင်းဟာ ချန်ဝိန့်သိ ဘေးမှာနေရသူဖြစ်ပြီး ဘုရင့်ရဲ့ ဓားကို ကိုင်ဆောင်ရပြီး ဘုရင့်အတွက် အစားအသောက် အဝတ်အထည်က အစ စီမံပေးရသူ ဖြစ်လာပါတယ်။ ဘုရင်ဟာ စိတ်မြန်လက်မြန်ရှိသူ ဖြစ်ပေမယ့် ဟန်ကျစ့်ကောင်းအပေါ်မှာတော့ နားလည်မှုရှိပေးပါတယ်တဲ့။ ဟန်ကျစ့်ကောင်း အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့ကို ဘုရင်က မြင်းစီး မြှားပစ် ဓားရေး လှံရေး စသည့် စစ်ပညာရပ်များကို သင်ကြားပေးခဲ့ပါတယ်။ 


ဟန်ကျစ့်ကောင်းဟာ ရဲစွမ်းသတ္တိရှိသူဖြစ်ပြီး အမိန့်ပေးရာမှာလဲ ဆုံးဖြတ်ချက် ပြတ်သားသူလဲ ဖြစ်ပါတယ်။ သူရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် ချန်စစ်တပ်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တုခန်းပုန်ကန်မှု အပြီး ငြိမ်းချမ်းတဲ့ ကာလတွေမှာတော့ ဟန်ကျစ့်ကောင်းဟာ စစ်တပ်ကို အဓိက အုပ်ချုပ်ရတဲ့ တပ်မှူးကောင်းတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဘုရင်ကလဲ ဟန်ကျစ့်ကောင်းကို အင်မတန်မှ နှစ်သက်သဘောကျတာမို့ သူ့ဘေးနားမှာ ဟန်ကျစ့်ကောင်းကို တချိန်လုံး နေစေပါတယ်။ တစ်နေ့ ဘုရင်ဟာ သူ့အိပ်မက်ထဲကလို တောင်ပေါ်လမ်းခရီးကို မြင်းနဲ့ ခရီးနှင်လိုသဖြင့် ဟန်ကျစ့်ကောင်းနဲ့အတူ တောင်ပေါ်သို့ တက်လာခဲ့ပါတယ်။ တောင်ပေါ်လမ်းခရီးဟာ အန္တရာယ်များလှပါတယ်။ ဟန်ကျစ့်ကောင်းဟာ ဘုရင့်ကို ကာကွယ်ပေးရင်း သူတို့ ၂ ဦးသားဟာ တောင်ပေါ်အထိ ရောက်အောင် တက်နိုင်ခဲ့ပါတယ်။ 


တစ်နေ့တော့ စစ်ဘုရင် ကျန်းပြောင်နဲ့ ချန်ဝိန့်သိတို့ စစ်မက်ဖြစ်ပွာကြပါတယ်။ ချန်နိုင်ငံရဲ့ မဟာမိတ် စန်းထိုက်ဟာ ကျန်းပြောင်ထံမှာ လက်နက်ချခဲ့တာကြောင် ချန်ဝိန့်သိဟာ ကျိူးမြို့စား ကျိုးဝိန်ယွီနဲ့ ကျိူးမြို့မှာ ခုခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကျိုးဝိန်ယွီကို မြို့ရိုး မြောက်ဘက်ရှိ ရှန်းယန်ဘုံကျောင်းမှာ စစ်စခန်းချပြီး ကြီးကြပ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ကျန်းပြောင်ဟာ ရှန့်စီရင်စုထဲကို ညအချိန် တိတ်တဆိတ်ဝင်လာပြီး ကျိူးမြို့ကို အလစ်အငိုက်ယူကာ ဝင်ရောက် ထိုးဖောက်ခဲ့ပါတယ်။ ထိုအခါ အငိုက်မိသွားတဲ့ ချန်တပ်ဖွဲ့များဟာ ပြန်မစုစည်းနိုင်လောက်အောင် တပ်ပျက်ပြီး  ထွက်ပြေးရပါတယ်။ ချန်ဝိန့်သိလဲ မြောက်ဘက်တံခါးကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရပါတယ်။ ညအမှောင်ထဲမှာ အလစ်အငိုက် မိသွားတဲ့ ချန်တပ်ဖွဲ့များဟာ အကျအဆုံးများခဲ့ပြီး ဘုရင် ချိန်ဝိန့်သိဟာ မြို့စား ကျိုးဝိန်ယွိရဲ့ သတင်းကို မကြားရတာကြောင့် စုံစမ်းဖို့ လူလွှတ်တဲ့အခါ ဟန်ကျစ့်ကောင်းက သူကိုယ်တိုင်သွားမည်ဟု ဘုရင်ကို လျှောက်တင်ပါတယ်။ ထိုအခါ ဘုရင်က ဟန်ကျစ့်ကောင်းကို ကျိူးဝိန်ယွိနဲ့ သူ့စစ်သည်တွေ ရှိနေတဲ့နေရာကို ရှာဖွေဖို့ စေလွှတ်ခဲ့ပါတယ်။ သိပ်မကြာခင် ဟန်ကျစ့်ကောင်းလဲ ပြန်ရောက်လာပြီး ကျိူးဝိန်ယွိနဲ့ အဆက်အသွယ် ရခဲ့ကြောင်း ကျိူးတပ်ဖွဲ့များဟာ အမှောင်ထဲမှာပဲ ပုန်းအောင်းနေကြောင်းနဲ့ ရန်သူဟာ ချက်ချင်း ခံစစ်စည်းကို မပြင်ဆင်သေးတာကြောင့် တပ်ကို ပြန်စုပြီး တိုက်သင့်ကြောင်း သူ့အား တပ်သားတချို့ပေးရန် တောင်းဆိုခဲ့ပါတယ်။ ထိုအခါ ဘုရင်က စစ်သားတွေကို ပြန်လည် လူစုစေပြီး ဟန်ကျစ့်ကောင်းကို ဦးဆောင်စေပါတယ်။ ဟန်ကျစ့်ကောင်းဟာ ကျိူးမြို့စား ပုန်းအောင်းရာ စခန်းကို သွားရောက်ပြီး အင်အားချင်း ပူးပေါင်းခဲ့ပါတယ်။ 


နောက်တစ်နေ့ ရောက်တဲ့အခါမှာ ပေါ့လျော့နေတဲ့ ကျန်းပြောင်ရဲ့ တပ်တွေက်ုိ ဟန်ကျစ့်ကောင်း ဦးဆောင်ပြီး ထိုးစစ်ဆင်ခဲ့ရာ ကျန်းပြောင်ရဲ့ တပ်မှူး စန်းကျင်း လက်နက်ချသဖြင့် ကျန်းပြောင်လဲ မခုခံရဲတော့ပဲ ထွက်ပြေးခဲ့ရပါတယ်။ အဲ့အချိန်ကစပြီး ဘုရင် ချန်ဝိန့်သိဟာ သူ့တပ်ဖွဲ့များကို ဟန်ကျစ့်ကောင်းထံ အပ်နှံထားခဲ့ပါတယ်။ ဟန်ကျစ့်ကောင်းကို ဆုလာဘ်များ ပေးသနားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲ၌ ဟန်ကျစ့်ကောင်း၏ စွမ်းရည်ကို သိရှိသွားကြပြီး ပြည်သူများကလဲ ချန်တပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကြပါတယ်။


ချန်ဝိန့်သိဟာ ဟန်ကျစ့်ကောင်းကို လက်ယာဝင်းမှူး စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့ပြီး အိမ်ခြေ ၃၀၀ ရှိတဲ့ ဝိန်ကျောက်စီရင်စုကို အပိုင်စားအဖြစ် ချီးမြင့်ခဲ့ပါတယ်။ ဝမ်လင်း ပုန်ကန်မှု ဖြစ်ပွားတဲ့အခါမှာလဲ ဟန်ကျစ့်ကောင်းဟာ သူကိုယ်တိုင် ဦးဆောင်ပြီး နှိမ်နင်းခဲ့ပါတယ်။ ချန်ဝိန့်သိနဲ့အတူ ဟန်ကျစ့်ကောင်းဟာ ချန်နိုင်ငံရဲ့ နယ်နမိတ်ကို ချဲ့ထွင်ရင်း ဘုရင်အပေါ် သစ္စာရှိစွာ အမှုထမ်းခဲ့ပါတယ်။ ဟန်ကျစ့်ကောင်းဟာ ရုပ်ရည်ချောမောပြီး အရည်အချင်း ပြည့်စုံသူ ဖြစ်တာကြောင့် သူ့ကို ကြိုက်တဲ့ မိန်းမပျိုတွေ ဝိုင်းဝိုင်းလည်နေပေမယ့် တစ်ယောက်ကိုမှ ပြန်မချစ်ခဲ့ပါဘူးတဲ့။ ပါးစပ်ရာဇဝင် အဆိုအရ ချန်ဝိန့်သိဟာ ဟန်ကျစ့်ကောင်းကို မိဖုရားမြှောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် အဲ့ခေတ်အခါက လိင်တူချင်း လက်ထပ်တာမျိုးကို ပြင်းထန်စွာ ရှုံ့ချလေ့ရှိတဲ့ ခေတ်ပဲ မဟုတ်ပါလား။ ဒါ့ကြောင့် ဟန်ကျစ့်ကောင်းနဲ့ ချန်ဝိန့်သိတို့ လိင်တူချစ်သူ ဖြစ်တဲ့ ကိစ္စဟာ ပါးစပ်ရာဇဝင် အနေနဲ့သာ ကျန်ခဲ့တာပါ။ 




၅၆၆ ခုနစ်မှာတော့ ချန်ဘုရင် ဝိန့်သိဟာ အပြင်းဖျားပြီး နတ်ရွာစံသွားခဲ့ပါတယ်။ ထိုအခါ သူ့သားတော်ဟာ ချန်ဖေးသိအဖြစ် နန်းတက်လာခဲ့ပါတယ်။ သူနန်းတက်လာတဲ့အခါ နန်းတွင်းအာဏာလုပွဲများ ဖြစ်ပွားခဲ့ပြီး ၃ နှစ်အကြာမှာ ချန်ဝိန့်သိရဲ့ ညီတော် ချန်ဖေးသိရဲ့ ဦးရီးတော်ဖြစ်သူ ချန်ရွှယ်ဟာ နောက်ဆုံးမှာ အနိုင်ရရှိခဲ့ပြီး ချန်ဘုရင်အသစ် ဖြစ်လာပါတယ်။ 


ထိုမတိုင်ခင်မှာပဲ ဟန်ကျစ့်ကောင်းကို ချန်ရွှယ်က ဖမ်းဆီးပြီး သတ်ပစ်ခဲ့ပါတယ်။ နန်းတွင်း အာဏာလုပွဲအတွင်း ချန်ရွှယ်ဟာ ဟန်ကျစ့်ကောင်းကို အကွက်ကျဖမ်းဆီးပြီး ယခင် ဘုရင်ဟောင်း ချန်ဝိန့်သိရဲ့ အုတ်ဂူရှေ့မှာပဲ မသေသေအောင် တုတ်ဖြင့် မတရားရိုက်နှက် သတ်ပစ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်မှာပဲ ဟန်ကျစ့်ကောင်းဟာ သေဆုံးခဲ့ရပါတယ်။ ဟန်ကျစ့်ကောင်းနဲ့ ချန်ဝိန့်သိတို့ကို အမှတ်တရ အနေဖြင့် ဟန်ကျစ့်ကောင်းသေဆုံးခဲ့တဲ့ ချန်ဝိန့်သိရဲ့ အုတ်ဂူရှေ့နားမှာပဲ ကျောက်ထွင်း ပန်းချီကားတချပ်ကို ထွင်းပြီး ရေးဆွဲထားပါတယ်တဲ့။ ထိုပန်းချီကားထဲမှာ ဘုရင်နဲ့ မိဖုရားတပါး လက်ချင်းချိတ်ထားတဲ့ ပုံစံကို ထွင်းထုထားပြီး ပန်းချီကားထဲက မိဖုရားဟာ မိန်းမမဟုတ်ပဲ ယောကျာ်းတစ်ယောက်သာ ဖြစ်ပါတယ်တဲ့။ အဲ့ဒီ ကောင်လေးဟာ ဘယ်သူလဲဆိုတာ ပြောပြဖို့ မလိုတော့ဖူး ထင်တယ်နော်။ 


ဟန်ကျစ့်ကောင်းရဲ့ ဒရမ်မာဇာတ်လမ်းတွဲကို ကြည့်ချင်ရင် The Male Queen ဆိုပြီး ရှာဝယ်ကြည့်လိုက်ပါနော်။ 




#SwamHtet(天下第一)

No comments: