Saturday, January 8, 2011

၂၀၁၀အတွင်း လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး နာမည်ကျော်ဖြစ်ရပ်များ

သက်တံ့အယ်ဒီတာအဖွဲ့။ ဒီဇင်ဘာ ၂၄၊ ၂၀၁၀ခုနှစ်

၂၀၁၀ ခုနှစ်အတွင်း အနုပညာရပ်ဝန်းမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး
လူပြောအများဆုံး ဖြစ်ခဲ့တဲ့ အကြောင်းအရာ ဖြစ်ရပ် ၁၀ခုကို advocate
သတင်းဌာနက ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နံပါတ် ၁ ကနေ နံပါတ် ၁၀ အထိ အဆင့်ဆင့် သတ်မှတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၁၀အဆင့်မှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ လူပြောအများဆုံး
အကြောင်းအရာကတော့ ၂၀၀၉ခုနှစ်မှာ ထုတ်ဝေဖြန့်ချီခဲ့တဲ့ I Love You Phillip
Morris လို့ခေါ်တဲ့ မင်းသားကြီး ဂျင်းမ် ခယ်ရီ ပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်လမ်းဟာ ရုပ်ရှင်မပြသခင်မှာ ဥပဒေရေးရာတွေနဲ့
ငြိစွန်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ပြသမယ့်ရက်ကို
၅ကြိမ်ထက်မနည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

နံပါတ် ၉ အဆင့်မှာတော့ နာမည်ကျော် ဟောလီးဝုဒ်ရဲ့ ဆယ်ကျော်သက်
ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော် လင်းဆေးလိုဟန်ပဲ ဖြစ်ပါတယ်။


လင်းဆေးလိုဟန်ဟာ တရားမ၀င် မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုတွေနဲ့ မကြာခဏ
တရားရုံး ရောက်ခဲ့ရသလို ပြန်လည်ပြုပြင် ထိန်းသိမ်းရေး စခန်းတွေအထိ
ဝင်ရောက်ထိန်းသိမ်း ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို ကြိုက်နှစ်သက်တဲ့ လင်းဆေးလိုဟန်ရဲ့
သတင်းဟာ ၂၀၁၀မှာ သတင်းစာ တော်တော်များများရဲ့ ခေါင်းစီးပိုင်းမှာ
နေရာယူခဲ့တာ ဖြစ်ပါတယ်။

လင်းဆေးလိုဟန်တယောက် များမကြာသေးမှီ ကျေးဇူးတော်ပွဲကာလအတွင်း
သူ့ရဲ့ချစ်သူဟောင်း အမျိုးသမီး DJ Samantha နဲ့ ပြန်လည်
ဇာတ်ပေါင်းထုတ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် နံပါတ် ၈ အဆင့်မှာ လူပြောအများဆုံး ဖြစ်ခဲ့တဲ့ အကြောင်းအရာကတော့
ဟာသရုပ်ရှင် သရုပ်ဆောင် Vince Vaughn တယောက် The Dilemma ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားမှာ လျှပ်စစ်နဲ့ မောင်းတဲ့ကားတွေဟာ ဂေးတွေပဲလို့
ပြောမိတဲ့ အသုံးအနှုန်းအပေါ်မှာ အငြင်းပွားပြောဆိုကြတဲ့ အဖြစ်အပျက်ပဲ
ဖြစ်ပါတယ်။

နံပါတ် ၇ လူပြောအများဆုံးကတော့ A Fire in the Belly လို့ခေါ်တဲ့
ရုပ်ရှင်ဇာတ်လမ်းတို အနုပညာ ဖန်တီးမှုနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်လမ်းတိုဟာ သခင်ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်မှာ
အသေခံနေတဲ့ပုံမှာ ပရွက်ဆိတ်တွေ အုံတက်နေတဲ့ ဇာတ်လမ်းတိုဖြစ်ပြီး
ဇာတ်လမ်းထဲမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို
ထင်ဟပ်ပြသနေတယ် ဆိုတဲ့အပေါ်မှာ ပြင်းပြင်းထန်ထန် ဆင်ဆာခွင့်ပြုမှု
မပြုမှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာ ဖြစ်ပါတယ်။

နောက်ထပ် နံပါတ် ၆ နဲ့ပတ်သက်ပြီး လူပြောအများဆုံးကတော့ အချစ်တော်ကြီး
လေဒီဂါးဂါးပဲ ဖြစ်ပါတယ်။

လေဒီဂါးဂါးဟာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွက် အရှေ့ဆုံးကနေ
မားမားမတ်မတ် ရပ်တည်ပေးခဲ့သူ ဖြစ်သလို ဂရမ်မီဆုတွေ အမြောက်အမြားကိုလည်း
ရရှိခဲ့တဲ့ သူတယောက် ဖြစ်ပါတယ်။

ဒီထက်ပိုပြီး လူပြောစရာ ဖြစ်စေခဲ့တာကတော့ ပြီးခဲ့တဲ့လက အမဲသား
ဖက်ရှင်ဝတ်စုံကို ၀တ်ဆင်ပြီး စင်ပေါ်တက်ခဲ့တာနဲ့ ပတ်သက်လို့
လူပြောအများဆုံး ဖြစ်စေခဲ့ပါတယ်။

နံပါတ် ၅ အဆင့်မှာ လူပြောအများဆုံး ဖြစ်စေခဲ့တာကတော့ The Kids Are All
Right လို့ခေါ်တဲ့ လိင်တူချစ်သူ အမျိုးသမီးနှစ်ယောက်ရဲ့ အကြောင်းကို
ရိုက်ကူးတင်ပြထားတဲ့ ရုပ်ရှင်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

လိင်တူချစ်သူ အမျိုးသမီးနှစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ ရုံပြည့်ရုံလျှံ
ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ တစ်ခုတည်းသော ဇာတ်လမ်းလို့ ဆိုနိုင်ပါတယ်။

အဲဒီဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး ဂျူလီယာမိုး ကိုယ်တိုင်
ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၄ အဆင့်မှာ လူပြောအများဆုံး ဖြစ်တာကတော့ Fox ရုပ်ရှင်ကုမ္ပဏီက
ထုတ်လုပ်တဲ့ Glee လို့ခေါ်တဲ့ ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Glee ဟာ ၂၀၁၀ကနေ စတင်ပြီးတော့ သူ့ရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ
အကောင်းဖက်ဆောင်တဲ့ လိင်တူချစ်သူ ဇာတ်ကောင်ကို ခိုင်ခိုင်မာမာ
စတင်ထည့်သွင်း တင်ဆက်လာခဲ့တာ ဖြစ်ပါတယ်။

Glee ဇာတ်လမ်းရဲ့ လုပ်ဆောင်မှုတွေကြောင့် တခြား ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့
HBO, NBC, ABC အစရှိတဲ့ နာမည်ကျော် ရုပ်သံကုမ္ပဏီတွေမှာလည်း Glee
ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဆင်တူတဲ့ ဇာတ်ကောင်တွေကို စတင်ထည့်သွင်း
လာခဲ့ကြတာ ဖြစ်ပါတယ်။

နံပါတ် ၃ အဆင့် လူပြောအများဆုံးဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ သူကတော့ MSNBC
ရုပ်သံဌာနမှာ သတင်းတင်ဆက်သူ Joy Behar ပဲ ဖြစ်ပါတယ်။

သူမဟာ ၂၀၁၀ခုနှစ်အတွင်း ရုပ်သံလိုင်းတွေမှာ လိင်တူချစ်သူတွေရဲ့
အခွင့်အရေးတွေနဲ့ ပတ်သက်လို့ လူပြောအများဆုံးဖြစ်အောင် စေ့စပ်လုပ်ဆောင်
ပေးနိုင်ခဲ့တဲ့သူလို့ ဆိုပါတယ်။

လိင်တူချင်း လက်ထပ်တဲ့ ကိစ္စတွေကစလို့ စစ်တပ်မှာ ဂေးတွေစစ်မှုထမ်းတဲ့
အကြောင်းအရာတွေအထိ လှုံ့ဆော်သွားနိုင်ခဲ့တဲ့သူလို့ ဆိုပါတယ်။

နံပါတ် ၂ နေရာမှာ လိင်တူချစ်သူတွေနဲ့ ပတ်သက်လို့
လူပြောအများဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သူကတော့ ရုပ်ချော
အသံကောင်း လက်တင်အဆိုတော် ရီကီမာတင်ပဲ ဖြစ်ခဲ့ပါတယ်။

ရီကီမာတင်ဟာ သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ ပတ်သက်လို့ နှစ်ပေါင်းအတော်ကြာအောင်
သို့လော သို့လောနဲ့ လူအထင်မှားစရာ ဖြစ်စေခဲ့တာကို ဒီနှစ်မှာ
ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့သလို သူကိုယ်တိုင်ကိုက "ကျနော်ဟာ အရမ်းကို
ကံထူးတဲ့ ကံကောင်းတဲ့ လိင်တူချစ်သူ တယောက်ပါ"လို့လည်း ၀န်ခံပြောဆိုခဲ့တဲ့
သူတယောက်ဖြစ်ပါတယ်။

အဲဒီအပြင် Me လို့အမည်ရတဲ့ ကိုယ်ရေးအတ္ထုတ္ပတ္တိ စာအုပ်တစ်အုပ်ကိုလည်း
ထုတ်ဝေဖြန့်ချီ နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

ရီကီမာတင်ဟာ ၂၀၁၀မှာ amfAR ကချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း
လက်ခံရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။

နံပါတ် ၁အဆင့် လူပြောအများဆုံး ဖြစ်စေခဲ့တဲ့ သူကတော့ အမေရိကမှာ
အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ The Broadway ပြဇာတ်မင်းသား Sean
Hayes ပဲ ဖြစ်ပါတယ်။

Sean Hayes ဟာ လိင်ကွဲချစ်သူ တယောက်အနေနဲ့ အနုပညာလောကမှာ
ဟန်ဆောင်လှုပ်ရှား သွားလာနေခဲ့တာ နှစ်အတော်ကြာ သွားခဲ့ပါတယ်။ လူ
အတော်များများကလည်း သူ့ကို လိင်တူချစ်သူတယောက် ဖြစ်လိမ့်မယ် ဆိုတာကို
မထင်မှတ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၀ မှာတော့ သူ့ကိုယ်သူ လိင်တူချစ်သူပါလို့
ဖွင့်ထုတ်ပြောလိုက်ယုံတင်မကပဲ advocate မဂ္ဂဇင်းရဲ့
မျက်နှာဖုံးမှာကိုယ်တိုင် ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ အဆင့်ထိ ရောက်ခဲ့ပါတယ်။

ပြီးတော့ တွေ့ဆုံမေးမြန်းခန်းတွေ အတော်များများမှာလည်း သူ့ရဲ့
လိင်စိတ်ခံယူမှုနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုတွေ
ပြုလုပ်ခဲ့တဲ့အတွက် လူတွေပိုမိုပြီးတော့ ပြောစရာ ဖြစ်စေခဲ့တယ်လို့
ဆိုပါတယ်။

ဒီစစ်တမ်းက အမေရိကမှာရှိတဲ့ အနုပညာသည်တွေကိုသာ အခြေခံပြီး
ကောက်ယူဖော်ပြထားတာ ဖြစ်ပါတယ်။

No comments: