Friday, May 4, 2012

ထိတ်လန့်ဘွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၂)

ကိုပြုံး AIDS ဘ၀အကြောင်း

ကိုပြုံးဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ၁၉၉၁ ခုနှစ် နောက်ပိုင်း စီးပွားရေး အရမ်းကောင်းနေစဉ်က ၀င်ငွေကောင်းလှတဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းများမှာ အလုပ်ရပါတယ်။ ထုံးစံ အတိုင်း ငွေပေးပြီးပျော်ပါးတဲ့ မိန်းမများမှ HIV ရောဂါရခဲ့ပါတယ်။ ထုံးစံအတိုင်း တခြားအင်ဂျင်နီယာများလို အလုပ်ရှိတဲ့ စင်ကာပူရောက်လာပြီး အပျော်အပါး ကိစ္စတွေ သိုသိပ်စွာ သွားလာတတ်ပါတယ်။

အိမ်ထောင်မရှိပါ။ ၁၉၉၆ မှာတော့ ကိုယ်ခံအား အလွန်မင်းကျဆင်းသွားပြီး၊ ဆေးရုံတက်၊ ဆေးစစ်တော့ AIDS နောက်ဆုံးအဆင့် ထိတ်လန့်စဖွယ် သိလိုက်ရပါတယ်။ ဆရာဝန်များနဲ့ ကြိတ်ကုသပါတယ်။ အဲဒီခေတ်က မြန်မာဆရာဝန် ဒေါက်တာမြင့်မြင့်စန်း ဆီကိုလည်း လာရောက်တိုင်ပင်ပါတယ်။ ဆရာဝန်များစွာနဲ့ တိုင်ပင်ပြီး နောက်ဆုံး အလုပ်နဲ့၊ မြန်မာများအကြား ဟိုးလေးတကျော်မဖြစ်ခင်၊ လှုပ်ရှားနိုင် တုန်းမှာ မြန်မာပြည် တိတ်ဆိတ်စွာပြန်ပြီး၊ အသေခံဖို့ အလုပ်က ထွက်လိုက်ပါတယ်။

စုဆောင်းငွေများကို ထုတ်ပြီး ဘယ်သူ့ကိုမှ မပြောပဲ လေယာဉ်လက်မှတ်ဝယ်၊ အတူနေတဲ့ အခန်းဖေါ်ကလည်း မရိပ်မိဘူး၊ ရိုးရိုးနေမကောင်းဖြစ်တယ်ပဲ ထင်မိတယ်။ အလုပ်ကထွက်ပြီးတာနဲ့ စိတ်ကျရောဂါကြောင့် စိတ်ထောင်း၊ ကိုယ်ကြေ .. ၁၀ရက်အတွင်း စုဆောင်းငွေများ အကုန်ထုတ်၊ လေယာဉ်ကွင်းမဆင်းခင်မှာ လမ်းတောင်မလျှောက်နိုင်ပဲ၊ တွန်းလှဲနဲ့သွားလာတဲ့အဆင့် ရောက်သွားပါတယ်။ လေဆိပ်ကို အခန်းဖေါ်က လိုက်ပို့ချိန်ကျမှ အခန်းဖေါ်ကို သူ့ရဲ့ AIDS ရောဂါအကြောင်း ရင်ဖွင့်ပါတယ်။ သူရဲ့အရင်းနှီးဆုံး မိတ်ဆွေတယောက်ကိုတော့ ဖွင့်ပြောခဲ့တယ်။ 

အဲဒီအရင်းနှီးဆုံးမိတ်ဆွေလည်း လေဆိပ်ကို လိုက်မပို့နိုင်ပါဘူး။ အခန်းဖေါ်ရဲ့ ပြောပြချက်အရ လေဆိပ်မှာ ဒေါက်တာမြင့်မြင့်စန်းနဲ့ ဓမ္မဆရာ (ယခု စင်ကာပူယုဒသန်အသင်းတော်) တို့က လေဆိပ်ထိလိုက်ပြီး သမ္မာကျမ်းစာနဲ့အားပေး၊ ဆုတောင်းပေးပါတယ်။ သူ့ဖာသာ တွန်းလှဲဘီးယက်ပြီး အမိမြန်မာပြည်ကိုပြန်သွားပါတယ်။ တလလောက်မှာ သေဆုံးသွားပါတယ်။

အာရပ်လူမျိုးတဦး

မစ္စတာ မာမက် ဆိုတဲ့ အာရပ်လူမျိုး မိတ်ဆွေတယောက်၊ ငွေချမ်းသာပေတော့ မိန်းမများနဲ့ ပျော်ပါးတတ်ပါတယ်။ ပညာတတ်ဆိုတော့ ကွန်ဒုံးကို သုံးပြီး၊ သတိနဲ့ကြီးစွာနဲ့ မသိကြွမ်းတဲ့ မိန်းမများနဲ့ ဆက်ဆံပါတယ်။ ကာမတဏှာလွန်ကျူးတဲ့နေရာမှာ AIDS ရောဂါမဖြစ်ရအောင်၊ မိန်းမကို သေချာကြည့်ပါတယ်။ HIV ရှိတဲ့မိန်းမဆိုတာ ဘယ်လို မျက်စိနဲ့ ဆုံးဖြတ်နိုင်မှာလဲ...။ တနေ့တော့ သူနဲ့ဆက်ဆံဖူးတဲ့ ချောချောလှလှ ဖိလစ်ပင်း မိန်းမလည်းတယောက်က သူ့ကိုအတင်းလာကပ်တယ်။ မိန်းမတယောက်ကို ၂ခါထက်ပိုမဆက်ဆံတဲ့ အာရပ်လူမျိုး၊ လူငယ်သူဌေးက အလွယ်တကူရှောင်ရှားနိုင်ပါတယ်။ 

သို့သော် အဲဒီမိန်းမရဲ့ တယ်လီဖုန်းကိုတော့ မရှောင်နိုင်ပါဘူး။ ကပ်လို့မရတော့ မိန်းမလည်းက ဖုန်းနဲ့ ငါ့မှာ AIDS ရှိတယ်။ မင်းနဲ့ဆက်ဆံချိန်မှာ ကွန်ဒုံးကို ခဏဖြုတ်လိုက်တာ မှတ်မိသလား၊ ငါကယောင်္ကျားတွေကို မုန်းလို့ ငါ့ရဲ့ရောဂါကို လိုက်ဖြန့်နေတယ် .. ပြောပြီး ဖုန်းချလိုက်တယ်။ သူအလွန်ကြောက်တဲ့ ရောဂါကြီး သူ့ဆီရောက်လာပါပကော..ဆိုပြီး အိပ်မရတော့ဘူး။ တတ်နိုင်တဲ့နည်းနဲ့ အဲဒီမိန်းမကို လိုက်စုံစမ်းတယ်။ ကိုယ့်ကို ကိုက်သွားတဲ့ခွေးကို ခွေးရူးရောဂါရှိမရှိ သိချင်သလို၊ အဲဒီမိန်းမမှာ တကယ် HIV ရှိမရှိ သိဖို့ကြိုးစားပေမဲ့၊ နှစ်သာကြာသွားတယ်။ အဲဒီမိန်းမ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ 

စင်ကာပူလိုနိုင်ငံမှာ နိုင်ငံခြားသူများစွာ ဘယ်လိုရှာနိုင်တော့မလဲ။ နောက်ဆုံးတော့ Depression ဖြစ်သွားပြီး၊ သူ့မှာ HIV ရောဂါရသွားပြီလို့ မအိပ်နိုင်၊ မစားနိုင် ပိန်ချုံးလာပါတယ်။ နီးစပ်တဲ့ မိဘ၊ မောင်နှမများက သိသွားတော့ .. တခါပဲဆက်ဆံတာနဲ့ လုံဝမဖြစ်နိုင်ဘူး။ ဆေးစစ်ကြည့်ပါ ပြောပေမဲ့ သူက တောင့်ခံပြီး ဆေးမစစ်ဘူး။ သူ့ဖာသာ ဘယ်သူမှမသိတဲ့ Private Clinic မှာ စစ်ကြည့်ပါ အကြံပေးလို့ တယောက်တည်း သွားစစ်ကြည့်တယ်။ 

အဖြေကတော့ Negative တဲ့၊ HIV ရောဂါမရှိပါ အဖြေရပေမဲ့ .. ငါသွားတဲ့နေရာကို ငါ့ဆွေမျိုးတွေ လိုက်စုံစမ်းပြီ၊ အဲဒီ ဆေးခန်းနဲ့ပေါင်း - HIV မရှိဆိုပြီး ၀ိုင်းလုပ်ပေးနေကြတယ်ပဲ ထင်မိတယ်။ လူလည်း တကယ်ပိန်ချုံးလာတယ်... ၃နှစ်လောက်ကြာသွားပြီးမှ၊ သူ့ဖာသာ အကြိမ်ကြိမ် HIV Test လုပ်တိုင်း၊ Negative ဖြစ်နေတော့မှ၊ ပုံမှန်ဘ၀ကို ပြန်ရောက်ပါတယ်။

အဲဒီ ၃နှစ်အတွင်း စိတ်ခြောက်ခြားရောဂါနဲ့ ဘ၀ဆုံးသွားနိုင်ပါတယ်။

စင်္ကာပူရောက် မြန်မာများ - ထိတ်လန့်ဘွယ်ရာ အေ့စ်ရောဂါနှင့် ကာမတဏှာ (၂)  

No comments: