Monday, July 23, 2012

ယောက်ျားလျာများနှင့် အန္တရာယ်ကင်းစွာလိင်ဆက်ဆံခြင်း


ဘာကြောင့်ယောက်ျားလျာတွေဟာ လုံခြုံစိတ်ချမှုရှိသော လိင်ဆက်ဆံခြင်းကို စဉ်းစားသင့်သလဲ

ယေဘုယျအားဖြင့် ယောက်ျားလျာတွေဟာ HIV ပိုးကူးစက်ခံရနိုင်ခြေနှင့် မလိုချင်ဘဲနဲ့ ကိုယ်ဝန်ဆောင်နိုင်ခြေ နည်းပါးကြပါတယ်။ သို့သော် လည်း မိန်းမအချင်းချင်း လိင်ဆက်ဆံခြင်းဟာ အမြဲတမ်းတော့ လုံခြုံစိတ်ချမှုရှိတယ်၊ အန္တရာယ်ကင်းတယ်လို့တော့ မဆိုနိုင် ပါဘူး။ ယောက်ျားလျာတွေဟာလည်း ယောက်ျားများနှင့် လိင်ဆက်ဆံသော အမျိုးသမီးများကဲ့သို့ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ ကူးစက်ခံရနိုင်ပါတယ်။
 
အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘာပါလဲ
HIV အပါအ၀င် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခြင်းမခံရဘဲ လိင်ဆက်ဆံခြင်းကို ဆိုလိုပါတယ်။ ယောက်ျားလျာတွေ ဟာလည်း ထိုရောဂါတွေ မကူးစက်ခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ ခန္ဓာကိုယ်မှထွက်သောအရည်များ ဥပမာ-သွေး၊ မိန်းမကိုယ်မှထွက်သောအရည်များကို လိင်ဆက်ဆံနေစဉ် မိမိရဲ့ခန္ဓာကိုယ်ထဲ ၀င်ရောက်မှုမရှိအောင် ကာကွယ်ရပါမယ်။ Sex toys လို့ခေါ်တဲ့ လိင်ဖျော်ဖြေရေးပစ္စည်းများကို ဝေမျှမသုံးစွဲသင့်ပါဘူး။ အကယ်၍ သုံးမယ်ဆိုရင်တော့ လိင်ဆက်ဆံဖော်ဟာ ကွန်ဒုံး အသစ် တစ်ခု သီးသန့်အသုံးပြုရပါမယ်။ ဖက်ခြင်း၊ ထိတွေ့ကိုယ်တွယ်ခြင်း၊ နှိပ်နယ်ခြင်း၊ မိမိဘာသာမိမိ လိင်ဆန္ဒဖြေဖျောက်ခြင်းတို့က တော့ ယောက်ျားလျာများအတွက်ရောဂါကူးစက်နိုင်ခြေနည်းပါးစေတဲ့ လိင်ဆက်ဆံမှုဆိုင်ရာအပြုအမူများ ဖြစ်ပါတယ်။ ရေယုန်စတဲ့ အချို့သော ရောဂါပိုးတွေဟာ အရေပြားချင်း ထိတွေ့မိရုံနဲ့ ကူးစက်နိုင်ပါသေးတယ်။ ဖြစ်နိုင်ရင်တော့ ရောဂါပိုးကူးစင်တဲ့သူနဲ့ လိင် ဆက်ဆံတာက တော့ စိတ်အချရဆုံးဖြစ်ပါတယ်။

ယောက်ျားလျာများ ကူးစက်ခံရနိုင်သည့် အခွင့်အလမ်းများဟာ ဘာပါလဲ

- Oral Sex
ကူးစက်ခံရနိုင်ခြေရာခိုင်နှုန်း နည်းပါးသော်လည်း ပါးစပ် သို့မဟုတ် ခံတွင်းတွင် အနာတစ်ခုခု၊ ဒဏ်ရာတစ်ခုခုရှိနေပါက HIV ကူးစက်ခံရ နိုင်ခြေရာခိုင်နှုန်းဟာ မြင့်တက်လာပါတယ်။ မိန်းမကိုယ်တွင် အနာတစ်ခုခု ခံစားနေရပါက သို့မဟုတ် ရာသီသွေးဆင်းနေစဉ် Oral Sex ပြုလုပ်ပါက ကူးစက်ခံရနိုင်ခြေရာခိုင်နှုန်း မြင့်မားနေပါတယ်။

- လိင်ဖျော်ဖြေရေးပစ္စည်းများကို ဝေမျှသုံးစွဲခြင်း
Vibrators ကဲ့သို့ ပစ္စည်းများမှာ များသောအားဖြင့် မိန်းမကိုယ်အရည်များ၊ သွေးများ ပေရေနေတတ်ပါတယ်။ ယောက်ျားလျာများဟာ ထိုအရာများကို မျှဝေသုံးစွဲခြင်းမပြုဘဲ တစ်ယောက်တစ်ခုစီ အသုံးပြုရန် ခွဲခြားသတ်မှတ်ထားသင့်ပါတယ်။ ထိုပစ္စည်းတွေကို အမြဲတမ်း သန့်ရှင်းရေးပြုလုပ်ပေးပြီး သန့်စင်အောင်ထားရှိရပါမယ်။

- ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း
ကြမ်းတမ်းစွာလိင်ဆက်ဆံခြင်းကြောင့် ဒဏ်ရာအနာတရရပြီး သွေးထွက်သံယိုဖြစ်လာနိုင်ပါတယ်။ ဒါဟာလည်း HIV ပိုးကူးစက်ခံရနိုင် ခြေများ စေတဲ့အချက်ဖြစ်ပါတယ်။

- လှူဒါန်းထားသောသုက်ပိုးကိုရယူခြင်း
ယောက်ျားလျာတွေဟာ ကလေးလိုချင်တဲ့အခါ အလှူရှင်ထံမှ သုက်ပိုးကိုရယူလေ့ရှိပါတယ်။ ထိုကဲ့သို့ရယူတဲ့အခါ အလှူရှင်ဟာ မူးယစ် ဆေးဝါးများ သုံးစွဲဖူးသလား၊ လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး ရာဇ၀င်များကို သိရှိထားပြီး HIV အပါအ၀င် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေမြင့်မားသူတွေဆိုရင်တော့ ထိုသူရဲ့သုက်ပိုးမှတစ်ဆင့် HIV ပိုးကူးစက်ခံရနိုင်လို့ဖြစ်ပါတယ်။

HIV ပိုးကူးစက်ခံရနိုင်ခြေများသော ယောက်ျားလျာများကတော့
အမျိုးသားနှင့်လိင်ဆက်ဆံမှုရှိသော ယောက်ျားလျာများ၊ မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသောယောက်ျားလျာများ၊ အန္တရာယ်များသော လိင်ဆက်ဆံသည့်နည်းများ အသုံးပြုသောယောက်ျားလျာများဖြစ်ပါတယ်။

Credit: Health Digest Journal – Vol. (9), No. (35) 18-7-2012

No comments: